၅ မိနစ်
Vol. 43 Ch. 596
ထိုအချိန်တွင် ထန်မင်းသည် ထန်မိသားစု၏ ဘိုးဘွားစံအိမ်သို့ လာသောလမ်းတွင် ရှိနေသည်။ သူမနှင့် စကားပြောရန် လိုအပ်သည်ဟုဆိုကာ ဖခင်ဖြစ်သူဆီမှ ဖုန်းဝင်လာသောကြောင့် ဖြစ်သည်။ ဖခင်ဖြစ်သူက မည်သည့်ကိစ္စဟု မပြောသောငြား ယောင်မိသားစု၏ ပိုင်ဆိုင်မှုများကို စတင်ခွဲဝေပေးခဲ့သော ပေကျင်းရှိ အထင်ကရ မိသားစုများ၊ ယောင်မိသားစု ချန်ခဲ့သော ရာထူးနေရာများ ယှဉ်ပြိုင်မှုနှင့် ဆက်စပ်နေနိုင်ကြောင်း အနည်းငယ် ခန့်မှန်းနိုင်သည်။
ထိုအချိန်တွင် ထန်မိသားစုသည် ယောင်မိသားစုကို ဖျက်ဆီးရာတွင် ဦးဆောင်ခဲ့သူ ဖြစ်သောကြောင့် အကျိုးကျေးဇူးအများဆုံး ရသင့်သည်ဟု ဆိုနိုင်ပေသည်။ သို့သော် ထန်မင်းသည် သူမ၏တူဖြစ်သူ ထန်ရှုတစ်ယောက် မြို့တော်သို့ ရောက်ရှိလာရုံသာမက ဗိုင်းရပ်စ် သုတေသနအဖွဲ့အစည်းဆီသို့ပါ သွားရောက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ထိုအဖွဲ့အစည်း၏အကြီးအကဲဖြစ်သူ ဒါရိုက်တာဝေ့ရှီးချင်အား အခြားသူများမှ ဖိနှိပ်စဉ်အခါက အကူအညီပေးခဲ့ဖူးသောကြောင့် သူမ သိထားခဲ့သည်။ သို့မဟုတ်ပါက သူသည် ထိုဗိုင်းရပ်သုတေသနအဖွဲ့အစည်း၏ ဒါရိုက်တာ ဖြစ်လာနိုင်မည်မဟုတ်ပေ။
“ပြသနာ မရှိဘူး။ သုတေသနရဲ့ဒါရိုက်တာ ဝေ့ရှီးချင်ဆီ ချက်ချင်း ဖုန်းဆက်လိုက်မယ်။ ရှုအာ … ဘယ်တုန်းက မြို့တော်ကို ရောက်နေတာလဲ။ ဘာဖြစ်လို့ ဗိုင်းရပ်စ်သုတေသနဆီ အရင်ရောက်သွားတာလဲ။ မကြာသေးမီက အလွန်ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်ပိုး ဖြစ်ပွားခဲ့တာကို ရှုအာ သိနေတာလား။ အဲ့ဒီကိစ္စအတွက် လာခဲ့တာ မဟုတ်ဘူးမလား။"
ထန်မင်းသည် အစပိုင်းတွင် အလေးအနက် မထားသော်လည်း စကားပြောရင်း ပြောရင်း ကပ်ရောဂါနှင့်ဆက်နွယ်နေကြောင်း သူမ ပိုမိုသဘောပေါက်လာသည်။
"ဒေါ်လေး … ကျွန်တော် ဒီတစ်ကြိမ် ကပ်ရောဂါအတွက် တကယ် လာခဲ့တာ။ ကျွန်တော်တို့ နောက်ပိုင်းမှာ တွေ့တဲ့အခါ အသေးစိတ်ပြောပြမယ်။ အခုက ကျွန်တော် အလုပ်များနေလို့ပါ။”
“ရှုအာက ပြိုင်ဘက်ကင်း နတ်ဆေးသမားတော်တစ်ယောက်ဆိုတာ ဒေါ်လေး သိပေမယ့် ဒီကိစ္စကို ပေါ့ပေါ့တန်တန် သဘောမထားသင့်ဘူး။ ဒီဗိုင်းရပ်စ်ကိစ္စဆိုတာ ဟာသ မဟုတ်ဘူး။ ရှုအာသာ နည်းနည်းလောက် သတိလွတ်သွားရင် ဖြစ်နိုင်ချေ ရှိတဲ့အရာမျိုး ... ဖတ်...ဖတ်…ဖတ်... ငါ အခု မဟုတ်တာတွေ ပြောမိနေပြန်ပြီ။ ရှုအာ … အဲ့ဒီအကြောင်းကို ပြောကြရအောင်။ အဲ့ဒါကို လျစ်လျူရှုပြီး တခြားသူတွေနဲ့ ထားခဲ့လိုက်ပါ။ အခု ငါတို့မိသားစုက အကျိုးကျေးဇူးတွေ ရိတ်သိမ်းနေပြီဆိုတော့ ရှုအာသာ အကူအညီပေးလာမယ်ဆိုရင် အားသာချက်လေးတွေ ရနိုင်မယ်ဆိုတာ သေချာတယ်။” ထန်မင်းမှ ကမန်းကတန်း ပြောသည်။
"ဒီအားသာချက်လေးတွေက ဘာများလဲ။" ထန်ရှုက ပုံမှန်မဟုတ်သော လေသံဖြင့် မေးလိုက်သည်။
"ယောင်မိသားစုက လောလောဆယ် မြို့တော်ကနေ ဆုတ်ခွာနေပြီ။" ထန်မင်းက ပြောသည်။ "အထင်ကရ မိသားစုတော်တော်များများက ယောင်မိသားစုရဲ့ ပိုင်ဆိုင်မှု ဖြစ်ခဲ့တာတွေကို လျှို့ဝှက်သိမ်းယူပြီး သူတို့ရဲ့ ရာထူးနေရာလွတ်တွေအတွက်လည်း ပစ်မှတ်ထားပြီး တိုက်ခိုက်နေကြပြီ။"
ထန်ရှု ရုတ်ခြည်းပင် နားလည်သွားပြီး
"ဒေါ်လေး … ဒီကိစ္စတွေကို ဒေါ်လေး ဖြေရှင်းတာပဲ ကောင်းပါတယ်။ ကျွန်တော်က နိုင်ငံရေးကို လုံးလုံးနားမလည်တဲ့အတွက် တိုက်ပွဲတို့၊ သတ်ဖြတ်မှုတို့နဲ့ပတ်သက်လာရင်သာ အကူအညီပေးနိုင်တာ။”
ထန်ရှု၏အဖြေစကားထဲမှ အဓိပ္ပါယ်ကို ကြားသောအခါ ထန်မင်းက ချီတုံချတုံဖြင့် "တကယ် စိတ်မပြောင်းတော့ဘူးလား ရှုအာ…"
“ဟင့်အင်း … ကျွန်တော် စိတ်မပြောင်းတော့ဘူး။ ကျွန်တော် ကူညီလိုတဲ့ ကူးစက်ခံရသူတွေထဲမှာ လူတစ်ယောက် ရှိနေတယ်။” ထန်ရှုက ဖြေသည်။
"အဲ့ဒီလူက ဘယ်သူလဲ။" ထန်မင်းက အမြန် မေးလိုက်သည်။
"ဒါက ကျွန်တော့်မြေးတပည့်ရဲ့သူငယ်ချင်းပဲ။ ကျွန်တော်ထင်တာကတော့ သူ့ရည်းစားဖြစ်မယ် ထင်တယ်။ သူနဲ့တွေ့တာ ဒါ ပထမဆုံးအကြိမ်ဖြစ်ပြီး သူ အကူအညီတောင်းတာလည်း ပထမဆုံးအကြိမ်ပဲ။ ဒါကြောင့် ဒေါ်လေး ကျေးဇူးပြုပြီး ဒါရိုက်တာဝေ့ကို ဆက်သွယ်ပေးပါဦး။ ကျွန်တော် အချိန်တွေ နှောင့်နှေးသွားမစိုးလို့ပါ။”
"ကောင်းပြီ … သတင်းစောင့်နေ။" ထန်မင်းသည် ထိုစကားကိုပြောပြီးနောက် ချက်ချင်းပင် ဖုန်းချသွားသည်။
****
ထန်ရှုက သူ့အဒေါ်ဆီ ဖုန်းဆက်သည့်အခါ တူအရီး၂ယောက်၏စကားဝိုင်းအား ကျောက်ယွင်တိက တိတ်တဆိတ် ခိုးနားထောင်နေခဲ့သည်။ ပထမတွင် သူ အနည်းငယ် စိတ်ပျက်သွားသော်လည်း ထန်ရှု၏အဒေါ်သည် ဒါရိုက်တာဝေ့အား ဆက်သွယ်နိုင်သည်ဟု သိလိုက်ရချိန်တွင် တိတ်တဆိတ် လန့်သွားသည်။ အမျိုးသား ဗိုင်းရပ်စ် သုတေသန အဖွဲ့အစည်း၏ဒါရိုက်တာနေရာသည် အလွန်ထူးခြားသော ရာထူးဖြစ်ပြီး လုပ်ပိုင်ခွင့်နှင့် အာဏာ လုံလောက်စွာ မကြီးမားသော အစိုးရအရာရှိများသည် အဆိုပါပုဂ္ဂိုလ်ဆီ ဝင်ရောက်ရန် မဖြစ်နိုင်ပေ။ တိုင်းပြည်တွင် အစစ်အမှန် ထိန်းချုပ်မှုကို ကိုင်ထားသော ဌာနအချို့မှသာလျှင် ဝေ့ရှီးချင်ကို ဆက်သွယ်နိုင်မည်ဖြစ်သည်။ သူ၏ကျောက်မိသားစုသည်လည်း ဝေ့ရှီးချင်အား တိုက်ရိုက်ဆက်သွယ်နိုင်သော်လည်း သူ့ညီမသည် ဤသောက်ကျိုးနည်း ဗိုင်းရပ်သုတေသနေဌာနတွင် အထိန်းသိမ်းခံထားရသောကြောင့် သေသွားမည်စိုးသဖြင့် သူ မစောင့်နိုင်တော့ပေ။
"မင်းနာမည် ဘယ်လိုခေါ်လဲ သူငယ်ချင်း။" ထန်ရှု ပြန်လာသည်ကို မြင်သော ကျောက်ယွင်တိက မေးငေါ့ကာ မေးလိုက်သည်။
"ထန်ရှု…" ထန်ရှုက ပြုံးပြီး ပြန်ဖြေသည်။
"မင်းအဒေါ်ရဲ့အလုပ်က ဘာလဲ။ သူ့ရဲ့လုပ်ပိုင်ခွင့်က လုံလုံလောက်လောက် ကြီးမားရဲ့လား။" ကျောက်ယွင်တိ ခေါင်းတစ်ချက် ညိတ်လိုက်ရင်း
"မဟုတ်ရင် အတူတူ လက်တွဲပြီး ဖောက်ဝင်ကြရအောင်။ အဆိုးတကာ့ အဆိုးဆုံးဖြစ်ရင် မင်းကို ငါ့ညီတစ်ယောက်လိုပဲ မှတ်ယူပါမယ်။"
“ဟား…ဟား…ဟား…။” ထန်ရှုက အားရပါးရ ရယ်လိုက်ရင်း
“ငါဆန္ဒရှိရင် အထဲကို ရောက်ပြီးတာကြာပေါ့။ ဒီမစွမ်းနိုင်တဲ့ စစ်သားတွေကို သူတို့ အားကိုးနေပေမယ့် ငါ့ကို တားနိုင်မှာ မဟုတ်ဘူး။”
ကျောက်ယွင်တိက မျက်ဆံလှန်ကာ တုံ့ပြန်လိုက်သည်။ တခြားသူတစ်ယောက်သာ သူ့ကိုယ်သူ ဝါကြွားနေခဲ့မည်ဆိုပါက ထိုလူကို သူ ပါးရိုက်ပြီးသွားလောက်ပေပြီ။ သို့သော် ထန်ရှုကို သူ့ဘက်သို့ ခေါ်ချင်သောကြောင့် စိတ်အတွင်းထဲက ရှုတ်ချမှုကို ဖိနှိပ်ထားပြီး
“ဟေ့ဘော်ဒါ … ယောက်ျားစစ်တွေက မဝါကြွားကြဘူး။ မင်း သတ္တိရှိရင် မင်း လုပ်စရာရှိတာ လုပ်ရမယ်။ အထဲကို မြန်မြန်ပြေးဝင်ကြရအောင်။"
ကျောက်ယွင်တိ၏ကျူးကျော်လိုသော ချဉ်းကပ်မှုကို လျစ်လျူရှုကာ ထန်ရှုသည် မျက်နှာအေးစက်နေသော ကျန်းလဲ့ကို ကြည့်ပြီး ပေါ့ပါးသောလေသံဖြင့် မေးလိုက်သည်။
"ဒါရိုက်တာဝေ့ရဲ့ရုံးခန်းကနေ ဒီနေရာကို ရောက်ဖို့ ဘယ်လောက်ကြာမလဲ။”
ကျန်းလဲ့သည် ထန်ရှု၏မေးခွန်းကို မဖြေချင်သော်လည်း သူ့စကားထဲမှ ကွဲပြားခြားနားသည့်တစ်စုံတစ်ခုကို သူ ခံစားမိနိုင်သည်။ ထန်ရှု မည်သို့သောဟာသမျိုးများအား လုပ်လေမလဲဆိုသည်ကို ကြည့်ချင်စိတ်အား စိတ်ထဲတွင် သိမ်းထားရင်း ပေါ့ပျက်ပျက် တုံ့ပြန်လိုက်သည်။
"လမ်းလျှောက်ရင် ဆယ့်နှစ်မိနစ်၊ ကားနဲ့ဆို ရောက်ဖို့ လေးမိနစ်ခွဲကြာတယ်"
ထန်ရှုက ခေါင်းညိတ်ပြပြီး ကျောက်ယွင်တိကို ကြည့်ကာ
“ငါ့ကို ငါးမိနစ်လောက် အချိန်ပေးပါ။ တကယ်လို့ ဗိုင်းရပ်စ်သုတေသနဌာန ဒါရိုက်တာက ငါးမိနစ်အတွင်း ငါတို့အရှေ့ မှာ ပေါ်မလာခဲ့ဘူးဆိုရင် ငါ မင်းနဲ့အတူ အထဲကို ပြေးဝင်မယ်။ မင်း ဘယ်လိုသဘောရလဲ။"
ကျောက်ယွင်တိ အံ့အားသင့်သွားသည်။ စိတ်ထဲမှ မယုံသော်လည်း ကြံ့ကြံ့ရပ်ကာ ခေါင်းညိတ်ပြဆဲ ဖြစ်သည်။
ထိုအချိန်တွင် ဗိုင်းရပ်သုတေသနအဖွဲ့အစည်း၏ ဒါရိုက်တာရုံးခန်းအတွင်းမှ ဝေ့ရှီးချင်သည် ကျောင်ယွင်တိ ပြဿနာဖန်တီးရန် ရောက်ရှိလာကြောင်း အသိပေးရန် ကျောက်မိသားစု၏အကြီးအကဲဆီ ဖုန်းဆက်ခဲ့သည်။ ကျောက်မိသားစု၏အကြီးအကဲဆီမှ တောင်းပန်စကားနှင့် အာမခံချက်ကို ရရှိပြီးနောက် သူ၏စိတ်ထဲရှိ တင်းမာနေသောခံစားချက်များ ပြေလျော့သွားသည်။
သို့သော် သူ စိတ်သက်သာသွားရသဖြင့် သက်ပြင်းချမည့်ဟန်ပြင်စဉ် သူ၏လက်ကိုင်ဖုန်းက အသံမြည်လာသည်။
"အိုး … ဒီနံပါတ်က …”
ဝေ့ရှီးချင်က တစ်ခုခုကို သတိရသွားဟန်ဖြင့် ကမန်းကတန်း ဖုန်းကိုင်လိုက်သည်။
"ဝန်ကြီးထန် … ကျွန်တော့်ဆီက တစ်ခုခု လိုအပ်တာများ ရှိလား။"
"ဒါရိုက်တာဝေ့ … ကျွန်မ ရှင့်ကို ဒုက္ခပေးမိပြီ။ ကျွန်မရဲ့တူလေး ထန်ရှုက အခု ရှင်တို့သုတေသနဝင်းရဲ့ အပြင်ဘက်မှာ ရောက်နေတယ်။ သူက ကြယ်တာရာ တရုတ်တိုင်းရင်းဆေးရုံကြီးက တရုတ်တိုင်းရင်းဆေးဘက်ဆိုင်ရာ ဆရာဝန်တစ်ဦးပါ။ မျိုးဆက်သစ်ထဲမှာဆိုရင် နတ်ဆေးသမားတော်ဆိုပြီး ကျော်ကြားပါတယ်။ လူနာတွေနဲ့ သူတို့ရဲ့ရောဂါကို စမ်းသပ်ဖော်ထုတ်ရာမှာ ကူညီနိုင်ဖို့ အထဲကို ရှင် ဝင်ရောက်ခွင့်ပြုနိုင်လိမ့်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။ သူ့အစွမ်းအစနဲ့ဆိုရင် ဗိုင်းရပ်စ်အကြောင်း သူ ရှာတွေ့နိုင်ပြီး အခုအခြေအနေအတွက် အဖြေကိုပါ သူ ရှာတွေ့နိုင်လောက်ပါတယ်။”
ထန်ရှု၏နာမည်ကို တစ်ဖန် ရည်ညွှန်းသည်ကို ကြားလိုက်ရသောအခါ ဝေ့ရှီးချင်၏မျက်နှာသည် ရုတ်တရက် ပြောင်းလဲသွားသည်။ အစောပိုင်းက သည်နာမည်ကို ရင်းနှီးနေသည်ဟု ခံစားမိပေမယ့် အခုရောက်နေသော ထန်ရှုသည် ထန်မိသားစု၏ထန်ရှုဟု သူ နည်းနည်းမှ မျှော်လင့်ထားတာ မရှိပါချေ။ လက်ရှိယောင်မိသားစု၏ အခြေအနေအကြောင်း သူ အများကြီး သိခဲ့ရပြီး အဲ့ဒီအတွက် အများဆုံး လှုပ်ရှားရသူကတော့ ထန်ရှုပင် ဖြစ်သည်။
ထို့အပြင် ထန်ရှုသည် ကြယ်တာရာ တရုတ်တိုင်းရင်းဆေးရုံမှ နတ်ဆေးသမားတော်လေးအဖြစ် အသိအမှတ်ပြုခံထားရသည့်အချက်အား ကျန်းလဲ့ ဖုန်းဆက်စဉ်က သူ မမှတ်မိခဲ့ပေ။ ခဏအကြာတွင် သူက ထပ်ခါတလဲလဲ ခေါင်းညိတ်ပြပြီး
"ဝန်ကြီးထန် … မစ္စတာထန်ကို ဖိတ်ဖို့ ကျွန်တော် ကိုယ်တိုင် အပြေးသွားလိုက်ပါမယ် … စိတ်ချပါ။"
"ကျေးဇူးတင်ပါတယ်ရှင်။"ထန်မင်းက ပြောသည်။
ဖုန်းချပြီးနောက် ဝေ့ရှီးချင်က သူ၏ကုတ်အင်္ကျီကိုပင် မယူနိုင်တော့ဘဲ လက်ကိုင်ဖုန်းကိုသာ ယူကာ အပြင်ဘက်သို့ ပြေးသွားခဲ့သည်။ အမျိုးသား ဗိုင်းရပ်စ် သုတေသနအဖွဲ့အစည်း၏ဒါရိုက်တာအဖြစ် လက်ရှိရာထူးကို ရရှိနိုင်ခြင်းမှာ တစ်ဖက်တွင် ၎င်း၏ ပညာရေး အောင်မြင်မှုများကြောင့် ဖြစ်ပြီး အခြားတစ်ဖက်တွင် ထန်မင်းကြောင့် ဖြစ်သည်။
သူ၏ဇနီးသည် အထက်တန်းကျောင်းတွင် ထန်မင်း၏ ဂျူနီယာဖြစ်ခဲ့သည်။ သူ့အား သြဇာကြီးမားသော အစိုးရအရာရှိအချို့ မှ ဝိုင်းဝန်းနှိပ်ကွပ်နေချိန်တွင် ဇနီးသည်က ထန်မင်း၏အကူအညီကို တောင်းခဲ့သဖြင့် ထိုဒုက္ခကို ဖြတ်ကျော်နိုင်ရန် ကူညီပေးခဲ့သူဖြစ်သည်။ ထို့ကြောင့် သူမ၏အခွင့်အာဏာသည် သူ့ထက် များစွာ ကြီးမားသည်ကို မရည်ညွှန်းရင်တောင် ထန်မင်းသည် သူ၏ကျေးဇူးရှင်တစ်ယောက် ဖြစ်သည်။
ဗိုင်းရပ်သုတေသနအဖွဲ့အစည်း၏ အပြင်ဘက်အကျဆုံး ပိတ်ဆို့ရေးမျဉ်းတွင် ကျောက်ယွင်တိသည် နာရီကို လှမ်းကြည့်လိုက်သည်။ ထန်ရှုက ပြောခဲ့သည့် အချိန်ငါးမိနစ်သည် ယခုဆိုလျှင် လေးမိနစ်အထိ ရောက်ခဲ့ပြီဖြစ်သော်လည်း ယခုအချိန်အထိ ဝေ့ရှီချင်း၏အရိပ်အယောင်ကို မမြင်ရသေးသဖြင့် စိတ်ထဲတွင် သရောလိုစိတ်များ တိုးလာခဲ့သည်။
“ကိုယ့်လူ … အချိန်က ပြည့်ခါနီးပြီ။ တစ်မိနစ်ပဲ ကျန်တော့တယ်။ အချိန်ကျရင် မြန်မြန်ပြေးဖို့ ငါ မင်းကို ပြောထားရဦးမယ်။ နောက်ဆုံးအနေနဲ့ ရလဒ်က ဘာတွေပဲ ဖြစ်နေပါစေ ငါတို့တွေအတူတူ ဒီအထဲ ပါဝင်ခဲ့ကြတယ်။”
"ဆိုရိုးစကား ရှိတယ် … အလျင်လို အနှေးတွေ့တဲ့။" ထန်ရှုက အေးဆေးစွာ ပြောသည်။
“အချိန်က မပြည့်သေးဘူး။ ဒါရိုက်တာဝေ့ မထွက်လာရင် ငါ မင်းနဲ့ အမြန်လိုက်ခဲ့မှာပါ။"
"မျှော်လင့်ချက်မရှိတဲ့အချိန်ထိ မင်းက ဆက်သွားချင်နေတာလား။" ကျောက်ယွင်တိက အေးစက်စွာ အော်ဟစ်လိုက်သည်။
"မင်း စောင့်ချင်နေတယ်ဆိုမှတော့ အဲ့ဒီဝေ့မျိုးရိုးဆိုတဲ့လူ လာ … မလာ ငါ တကယ် ကြည့်ချင်..."
တောက်ပသော ဆာ့ဖ်ကားကြီး ရုတ်တရက်ပေါ်လာပြီး ဆယ်စက္ကန့်အကြာတွင် လူတိုင်း၏အရှေ့တွင် ရပ်သွားလေရာ သူ၏စကားများ ရုတ်ခြည်း ရပ်တန့်သွားသည်။ ထို့နောက် ဝေ့ရှီးချင်သည် ကားမောင်းသူနေရာမှ အမြန်ထွက်လာကာ ထိပ်တိုက်တွေ့နေသော လူအုပ်စုနှစ်စုကို တစ်ချက်ကြည့်လိုက်ပြီး ထန်ရှုအား စေ့စေ့ကြည့်လာခဲ့သည်။
ထန်ရှု၏မျက်နှာကို သူ မှတ်မိသည်။ ထန်မိသားစု၏ ဤမျိုးဆက်တွင် အရက်စက်ဆုံးနှင့် ဆက်ဆံရအခက်ဆုံး လူအဖြစ် ဖော်ပြခြင်းခံရသည်။ ထို့အပြင် ငယ်ငယ်ကတည်းက ထန်မိသားစုမှ ပျောက်ဆုံးသွားကာ အပြင်တွင် ဆယ်စုနှစ်နှစ်ခုနီးပါး နေထိုင်ခဲ့ရပြီးနောက် ၎င်းအား တွေ့ရှိခဲ့ကြောင်း ကောလာဟလများ ထွက်ပေါ်ခဲ့သည်။
"ငါ တကယ်တောင်းပန်ပါတယ် မစ္စတာထန်။ အစောပိုင်းက မင်းမှန်း ငါ မသိခဲ့တော့ စော်ကားလိုက်သလို ဖြစ်သွားတယ်။ ငါ့ရဲ့ မသိနားမလည်မှုတွေကြောင့် မင်း စိတ်အနှောက်အယှက် မဖြစ်ဖို့ ငါ မျှော်လင့်တယ်။"
ထင်ရှားကျော်ကြားသူ ဖြစ်သော်လည်း ဝေ့ရှီးချင်သည် တောင်းပန်လိုစိတ်အပြည့်ဖြင့် ဤအခိုက်အတန့်တွင် နှိမ့်ချစွာ ပြုမူခဲ့သည်။
“ဒါရိုက်တာဝေ့ ထုံးတမ်းစဉ်လာတွေ မလုပ်ပါနဲ့။” ထန်ရှု ခပ်ဖွဖွ ပြုံးလိုက်သည်။ "ကျွန်တော် ဒီကို လာရတဲ့ အကြောင်းရင်းက ကူးစက်တတ်တဲ့ရောဂါအကြောင်း ကြားသိရလို့ အကူအညီတစ်ခုခု ပေးနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ။"
"မင်းက ငယ်ရွယ်တဲ့ နတ်ဆေးသမားတော်တစ်ယောက် ဖြစ်ပြီး မင်းရဲ့ဂုဏ်ပုဒ်နဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုတွေကိုလည်း ငါ ကြားဖူးထားပါတယ်။" ဝေ့ရှီးချင်က အမြန်ပြောလိုက်သည်။
"ငါတို့ဌာနက ကျွမ်းကျင်သူတွေအားလုံးက ဗိုင်းရပ်စ်နဲ့ အဲ့ဒီဗိုင်းရပ်စ် ဘယ်လို ဖြစ်ပေါ်လာလဲဆိုတာကို လေ့လာနိုင်ခြင်းမရှိသေးတော့ လက်ရှိမှာ အတော် စိုးရိမ်နေကြတယ်။ ဒါပေမယ့် မင်းရဲ့အကူအညီနဲ့ဆို လူတော်တော်များများကို ငါတို့ ကယ်တင်နိုင်မယ်လို့ ငါ ယုံတယ်။”
ထန်ရှု၏ဖုန်းခေါ်ဆိုမှုသည် ဝေ့ရှီးချင်အား ငါးမိနစ်အတွင်း ရောက်စေနိုင်သည်ကို တွေ့မြင်ပြီးနောက် ကျောက်ယွင်တိ အံ့အားသင့်သွားသော်လည်း ထိုလူနှစ်ယောက်ကြားမှ စကားပြောသံကိုကြားပြီးနောက် ချက်ချင်းပင် မျက်ဆံ လှန်လိုက်တော့သည်။
“ဟေး ဝေ့မျိုးရိုး … မင်းလို ဒါရိုက်တာတစ်ယောက်က ဒီလိုမျိုး လူတွေရဲ့ ဖိနပ်ကို မထင်မှတ်ပဲ လျက်နိုင်လိမ့်မယ်လို့ ငါ နည်းနည်းလေးမှ မမျှော်လင့်ထားခဲ့မိဘူး။ ဒါပေမယ့် ဒီကောင်က အသက် ဘယ်လောက် ရှိသေးလို့လဲ။ ဘာတဲ့ နတ်ဆေးသမားတော်လေး ဟုတ်လား။ ဟာသပဲဟေ့။"
ထန်ရှုက ခပ်ဖွဖွအပြုံးမပျက်ဘဲ သူ့ကို ကြည့်နေသည်။
…ဒီကောင်က မျက်နှာကို ဖြတ်ရိုက်နေတာလား။…
မျှော်လင့်ထားသည့်အတိုင်း ဝေ့ရှီးချင်သည် ကျောက်ယွင်တိ၏စကားကို ကြားသောအခါ ဒေါသထွက်လာဟန်ရသည်။ ထိုသူ၏ဂုဏ်ပုဒ်ကို သူ အတန်ငယ် ကြောက်နေသည့်တိုင်
"ကျောက်ယွင်တိ … ငါ မင်းအဖိုးဆီ ဖုန်းဆက်ပြီးပြီ။ မင်းကို ဆွဲထုတ်ဖို့ လူတချို့ကို မကြာခင်မှာ သူ စေလွှတ်တော့မှာ သေချာတယ်။ ပြီးတော့ နတ်ဆေးသမားတော်ထန်ရဲ့အခြေအနေကို မင်း ဘယ်လို နားလည်နိုင်မှာလဲ။ မင်းရဲ့လူတွေကို ခေါ်ပြီး ဒီကနေ မြန်မြန်ထွက်သွား။ နို့မဟုတ်လို့ ဒီမှာ ပြသနာတွေ ကြီးသွားရင် ကျောက်မိသားစုက မင်းရဲ့ ဖင်ကို ကယ်နိုင်မှာ မဟုတ်ဘူး။”
ဒေါသကြီးသော ကျောက်ယွင်တိသည် သူ၏ပစ္စေတိုကို ထုတ်ကိုင်ကာ ဝေ့ရှီးချင်ကို ချိန်ရွယ်လိုက်ရင်း ဒေါသတကြီး အော်ဟစ်သည်။
“ဝေ့မျိုးရိုး … မင်း အရှက်မကွဲရစေနဲ့။ ငါ့ညီမကို ဒီနေ့ ပြန်ခေါ်သွားမယ်။ မဟုတ်ရင် မင်းရဲ့ ဗိုင်းရပ်သုတေသနအဖွဲ့အစည်းကို ငါ ဘယ်လိုဖြိုချမလဲဆိုတာ စောင့်ကြည့်ထားလိုက်။”
***