ကာရံထားသောဧရိယာကို ဆွဲထုတ်ခြင်း
Vol. 43 Ch. 597
ဝေ့ရှီးချင်က ကျောက်ယွင်တိကို မကြောက်သည့်အတွက် သေနတ်နှင့် အချိန်ခံထားရသော သူ၏ရင်ဘတ်အား တည့်မတ်စွာ ထားပြီး
“ကျောက်ယွင်တိ … မင်း ထိန်းမနိုင်သိမ်းမရ သောင်းကျန်းတတ်တာ ငါ သိထားပြီးသား။ မြို့တော်ရဲ့ နာမည်အကြီးဆုံး မျိုးဆက်သစ်သခင်လေးလို့တောင် ပြောလို့ရတယ်။ ဒါပေမယ့် တိုင်းပြည်ရဲ့ အရေးကြီးတဲ့ အဖွဲ့အစည်းကို ပွင့်ပွင့်လင်းလင်း တိုက်ခိုက်ရင် ဘယ်လိုကံကြမ္မာက စောင့်ကြိုနေတယ်ဆိုတာ မင်း ရှင်းရှင်းလင်းလင်း စဉ်းစားပါ။ ကျောက်မိသားစုက အလွန်အင်အားကြီးမားတယ်ဆိုပေမယ့် မင်းတစ်ယောက်တည်းအတွက်နဲ့ နိုင်ငံတော်က ဖိနှိပ်တာကို ခံနိုင်ကြမှာ မဟုတ်ဘူး။ မင်းသေနတ်ကို ချပြီး မင်းရဲ့လူတွေနဲ့ ထွက်သွားတော့။"
ကျောက်ယွင်တိသည် သေနတ်၏လုံခြုံရေးသော့ကို အမြန်ဖွင့်ပြီး မောင်းခလုတ်ကို ဖိလိုက်သည်။
ဒိုင်း…
သေနတ်ကို ပစ်ခတ်လိုက်သဖြင့် ကျည်ဆန်သည် အနက်ရောင်ပြောင်းထဲက ထွက်ပြီး ဝေ့ရှီးချင်၏နဖူးဆီ ဦးတည်နေခဲ့သည်။ ဘေးတွင် ရပ်နေသော ထန်ရှုက မျက်ခုံးတွန့်ချိုးလျက် သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ ကျည်ဆန်သည် သူ၏လက်ညိုးနှင့် လက်ခလယ်ကြားတွင် ညပ်နေခဲ့ပြီး ဝေ့ရှီးချင်အပေါ် ကျရောက်မည့် ဘေးဥပဒ်ကို တားဆီးခဲ့သည်။
ယင်းမတိုင်မီက ထန်ရှုသည် ကျောက်ယွင်တိ၏ ဟော့ဟော့ရမ်းရမ်း သခင်လေးသဘောထားကို မကြိုက်သော်လည်း ယခုတော့ သူ့ကို အမှန်တကယ် စက်ဆုပ်သွားခဲ့ပြီဖြစ်သည်။ ထန်ရှု အမှန်တကယ် အထင်သေးသော လုပ်ရပ်တစ်ခုသည် မိသားစု၏ စွမ်းအားကို အားကိုးပြီး လူသတ်မှုကို ကျူးလွန်ခြင်းဖြစ်သည်။ ကိုယ်ကိုယ်တိုင် အရမ်းစွမ်းဆောင်နိုင်သည်ဆိုပါက မိသားစု၏ အကာအကွယ်ကို အားမကိုးဘဲ သတ်ချင်ရင် သတ်ပစ်လိုက်နိုင်သည်။ သို့သော် ယခု ကျောက်ယွင်တိ၏ လုပ်ရပ်သည် သူ့အတွက် ဘေးဒုက္ခကို ရိုးရှင်းစွာ ရည်ညွှန်းသည့်အပြင် ကျောက်မိသားစုကိုပါ ဘေးဆိုးကျရောက်စေတော့မည်ဖြစ်သည်။
"ဘယ်လိုတောင် မိုက်မဲလိုက်လေလဲ။" ထန်ရှု၏နှုတ်မှ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။
ကျည်ဆန်က ပျောက်သွားပြီ။ ဒါက ကျောက်ယွင်တိ မမျှော်လင့်ထားသော အရာဖြစ်သည်။ ထို့နောက် ထန်ရှု၏လက်ချောင်းများကြားတွင် ညပ်နေသော ကျည်ဆန်ဆီသို့ အကြည့်များ ကျရောက်သွားသည့်နောက် မယုံကြည်နိုင်မှုများ ချက်ချင်း ဖြစ်ပေါ်လာသည်။ ရုပ်ရှင်ထဲတွင် ဇာတ်လိုက်က သူ၏လက်ချောင်းများဖြင့် ကျည်ဆန်ကို ဖမ်းမိလိုက်သည့်အတိုင်းပင်။ သို့သော် လက်တွေ့ဘဝတွင် တစ်ယောက်ယောက်က ဒါကို ဘယ်လိုများ လုပ်နိုင်နေတာလဲ။
…သူ... သူ အိပ်မက်များ မက်နေတာလား…
ဝေ့ရှီးချင်သည် ကျောက်ယွင်တိတစ်ယောက် အမှန်တကယ် ပစ်သတ်ရဲလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့သဖြင့် ဒူးများတုန်နေသည်။ ထန်ရှု၏လက်ချောင်းများကြားမှ ကျည်ဆန်ကို သူ ကြည့်ရင်း ခြောက်သွေ့သော လည်ချောင်းသည် အကြိမ်အနည်းငယ်မျှ တုန်ရီသွားစဉ်တွင် နံဘေးရှိ ကျန်းလေ့က သူ၏သေနတ်အား ကျောက်ယွင်တိဆီ ချိန်ရွယ်ထားပြီးဖြစ်သည်။ ကျောက်ယွင်တိကို ပိတ်ဆို့ရန် ထန်ရှုသာ မလှုပ်ရှားခဲ့ပါက ကျန်းလေ့သည် ကျောက်ယွင်တိကို ပစ်သတ်မိပြီးဖြစ်နိုင်သည်။
…ဘာတွေ ဖြစ်ခဲ့တာလဲ။ ဒါရိုက်တာကို ချိန်ပြီးပစ်လိုက်တဲ့ သေနတ်မှာ ကျည်ဆံမရှိတာလား။ ကျောက်ယွင်တိရဲ့သေနတ်က အတုဖြစ်နေတာလား။…
ကျန်းလဲ့သည် ရှေ့ နှစ်လှမ်းတက်ပြီး ကြည့်လိုက်ရာ ထန်ရှု၏လက်ချောင်းများကြားရှိ အရာဝတ္ထုကို မြင်လိုက်ရသဖြင့် အံ့သြထိတ်လန့်ကာ ရင်ခုန်သံများ တဒိုင်းဒိုင်း ဖြစ်လာခဲ့သည်။
…ကျည်ဆန်ကို လက်ဗလာနဲ့ ဖမ်းလိုက်တာလား။ သူ့မျက်လုံးတွေကို လှည့်စားမှုတစ်ခုကြောင့် ဖုံးသွားတာလား ဒါမှမဟုတ် အိပ်မက်မက်နေတာများလား။…
ထိုအချိန်တွင် သူတို့ဘေးရှိ အခြားသောလူများကလည်း ထန်ရှု၏လုပ်ရပ်ကြောင့် ထိတ်လန့်သွားကြသည်။ အချို့က ထင်ယောင်ထင်မှား ဖြစ်လေသလား ဟု မျက်လုံးများကိုပင် ပွတ်သပ်ကာ သေချာကြည့်ရင်း လူတိုင်း၏မျက်နှာများထက်တွင် မယုံကြည်နိုင်မှုများ ဖြစ်ပေါ်နေခဲ့သည်။ နောက်ဆုံးတွင် လူတိုင်း အသိပြန်ဝင်လာကြပြီး ထိုအရာသည် အမှန်တကယ်ပင် ဖြစ်သွားခဲ့သည်ကို နားလည်သွားခဲ့ကြချေပြီ။
တစ်ချက်ဆဲကာ ကျည်ဆန်ကို ဖမ်းပြီးနောက် ထန်ရှုသည် ကျောက်ယွင်သဲ့၏လက်ထဲရှိ ပစ္စေတိုအား အကဲခတ်လိုက်သည်။ သူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး
“မြို့တော်က မျိုးဆက်သစ်သခင်လေးတွေအားလုံးက မာန်ဝင့်ပြီး သတ္တိရှိသယောင် လုပ်ဆောင်ပြတတ်တဲ့ လူမိုက်လေးတွေကလွဲပြီး ဘာမှ မဟုတ်ဘူး။ မင်းရဲ့ ကျောက်မိသားစုက အချိန်တိုင်း ကာကွယ်ပေးထား မဟုတ်ရင် မင်းရဲ့ တော်လှန်ပုန်ကန်တဲ့ အပြုအမူကြောင့် မင်း ဘယ်နှစ်ခါ သေရမယ်ဆိုတာ ငါ မသိဘူး။ မင်း ကစားချင်ရင် တခြားသူတွေကို အနှောက်အယှက် မပေးပါနဲ့။ ငါ မင်းကို အဖော်လုပ်ပေးမယ်။ မင်းရဲ့ ကျောက်မိသားစုက ယောင်မိသားစုထက် အများကြီး ပိုသန်မာတယ်ဆိုတာ ငါ တကယ်ကို မယုံဘူး။"
ကျောက်ယွင်သဲ့ ကြက်သေ သေသွားသည်။ ထန်ရှုက သူ့ခေါင်းကို အမှန်တစ်ကယ် လှံဖြင့် ချိန်ရွယ်နေလိမ့်မည်ကို သူ ဘယ်တုန်းကမှ အိပ်မက်မမက်ခဲ့ပါချေ။ ထန်ရှု၏ပုံရိပ်ကို ယခုအချိန်အထိ မသိရသေးသော်လည်း သူ သည်နေရာသို့ ရောက်လာချိန်တွင် ကျန်းလေ့က ထန်ရှုအား သေနတ်နှင့်ချိန်ထားသည့် မြင်ကွင်းအား ပြန်သတိရသွားသောအခါ ချက်ချင်းပင် ဒေါသပေါက်ကွဲသွားခဲ့သည်။ ထန်ရှုတွင် ဗိုင်းရပ်စ်သုတေသနအဖွဲ့အစည်း၏ဒါရိုက်တာထံသို့ ဖုန်းခေါ်ဆိုနိုင်သည့် အဒေါ်ကောင်းတစ်ယောက်သာ ရှိသည်ဟု သူ ထင်လိုက်သည်။
"စောက်ရူး … မိုက်ရိုင်းလှချည်းလား … မင်း တောင်းနေတာ…”
…ဖြန်း…
ထန်ရှုက ကျောက်ယွင်တိ၏မျက်နှာကို ရိုက်ထည့်လိုက်သည်။ သူ၏လူအယောက်နှစ်ဆယ်က အရှိန်အဟုန်ဖြင့် ရှေ့သို့ တိုးလာချိန်တွင် ကျန်းလေ့က ၎င်း၏လုံခြုံရေးအဖွဲ့ကို ရှေ့သို့ ပို့ဆောင်လိုက်သဖြင့် အခြေအနေသည် မတိုးသာမဆုတ်သာ ဖြစ်နေခဲ့သည်။
“မင်းတို့အားလုံး … သူ …”
…ဖြန်း…
ထန်ရှုသည် ကျောက်ယွင်တိ၏မျက်နှာကို ထပ်ရိုက်လိုက်ပြန်သည်။
ကျောက်ယွင်တိက တစ်ခါ အော်ဟစ်လိုက်တိုင်း ထန်ရှုထံမှ ပါးရိုက်ခံရသော အရေအတွက် တိုးလာခဲ့သည်။
သူ အသည်းအသန် ပြန်တိုက်ခိုက်ချင်သော်လည်း ထန်ရှုက အဆက်မပြတ် ပါးရိုက်နေသည်။ တစ်ဒါဇင်ထက်မနည်း ပါးရိုက်ခံလိုက်ရသဖြင့် ကျောက်ယွင်တိတစ်ယောက် ဒေါသကြောင့် စိတ်ကြည်လင်မှု ပျောက်ဆုံးလုနီးပါး ဖြစ်ခဲ့ပြီး အားကုန်ထုတ်ကာ သူ့လူများကို တိုက်ခိုက်ရန် အမိန့်ပေးခဲ့သည်။ ကံမကောင်းစွာဖြင့် သူ့မျက်နှာထက်တွင် ပါးရိုက်ချက်များ ပိုမိုကျရောက်လာသဖြင့် အော်ရန် အချိန် မလုံလောက်ခဲ့ပေ။
…ဖြန်း...
ထန်ရှု၏ပါးရိုက်ချက်များသည် ပြင်းထန်လွန်းသဖြင့် ကျောက်ယွင်တိ ဖင်ထိုင်လဲကျသွားတော့သည်။ သူသည် စကားမပြောဝံ့တော့ဘဲ ထန်ရှု၏ အရွတ်များကို ဆွဲထုတ်၊ အရိုးများကို ခုတ်ထစ်ပြီး ပြာများကို ဖြန့်ကြဲပစ်လိုသော စိတ်ဆန္ဒများတဖွားဖွား ပေါ်ပေါက်နေရင်း ထန်ရှုအား သတ်လိုစိတ် ပြင်းထန်စွာဖြင့် တစ်ချက်ကြည့်လိုက်သည်။
ထန်ရှုက သူ၏လက်ကို ရည်ရွယ်ချက်ရှိရှိ မြှောက်လိုက်ပြီး
"မင်းလိုအမှိုက်ကို ရိုက်နှက်တာ ငါ တကယ်ကို ဘယ်လိုမှ မခံစားရဘူး။ ဒါပေမယ့် မင်းရဲ့ ကျောက်မိသားစုက ငါတို့ထန်မိသားစုနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်။ ဒါကြောင့် မင်းကို ဒီတစ်ကြိမ်တော့ ကယ်နိုင်မယ်။ ဒါပေမယ့် ဒုတိယအကြိမ် ဘယ်တော့မှ မရှိဘူးလို့ မထင်နဲ့။ မင်း ဘယ်လို သင့်လျော်စွာ ပြုမူရမယ်ဆိုတာ ကောင်းကောင်းမသိသေးရင်၊ ဘယ်အချိန်မှာ ရှေ့တိုးပြီး ဘယ်အချိန်မှာ နောက်ဆုတ်ရမယ်ဆိုတာ မသိသေးရင် ကျောက်မိသားစုအပေါ် ကျရောက်မယ့် ဘေးဒုက္ခကို ရှောင်နိုင်ဖို့ မင်းကို ငါကိုယ်တိုင် သတ်ပစ်လိုက်ဖို့ ဝန်မလေးဘူး။"
ထိုသို့ပြောပြီးနောက် သူက ဝေ့ရှီးချင်ကို ကြည့်ကာ "ဒါရိုက်တာဝေ့ … လူတွေကို ကယ်တင်တာက မီးကို ငြိမ်းသတ်တာနဲ့တူတယ်။ သူ့မိသားစုက ဖျက်ဆီးထားတဲ့ ကောင်ကလွဲပြီး သူက ဘာမှမဟုတ်တာမို့ ခင်ဗျားအဆင့်ကို နှိမ့်ချပြီးမနေဖို့ မျှော်လင့်ပါတယ်။ စာရင်းမရှင်းခင် ကိုယ့်လက်နက်ကို စဉ်းစားရုံပါပဲ။ ခင်ဗျား ဘယ်လို ထင်ပါသလဲ။"
ဝေ့ရှီးချင်သည် ထန်ရှုအား တိတ်ဆိတ်စွာ ကြည့်နေပြီးနောက် နောက်ဆုံးတွင် စိတ်အတွင်းက သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည်။
“မှန်မှန်ကန်ကန်ပြောရရင် သူက ငါ့ကို ပစ်တဲ့သူမို့ ဒီကိစ္စကို အဆုံးထိ လိုက်သင့်တာ။ ဒါပေမယ့် ဒီကိစ္စကို မင်းမျက်နှာကြောင့် လျော့ပေးလိုက်မယ်။ ဒါပေမဲ့ သူနောက်တစ်ခါ ထပ်ပြီး ဒုက္ခပေးဝံ့ရင် ငရဲဘုရင်ကို အတူသွားတွေ့ရအောင် သူ့ကိုပါ အတူဆွဲချသွားဖို့ အားလုံးအသင့်ပဲ။”
ထန်ရှုက ခေါင်းညိတ်တုံ့ပြန်လိုက်သည်။ ထို့နောက် သူက ကျောက်ယွင်တိကို ကန်လိုက်ပြီး လေသံမာမာဖြင့် အော်လိုက်သည်။
"မင်း ဒီကို ဘာတွေ ကို့ရို့ကိုးယားလာလုပ်နေတာလဲ။ ငကြောင်…”
ကျောက်ယွင်တိက ထန်ရှုကို နောက်တစ်ကြိမ် ထပ်ရိုက်မှာကို ကြောက်သော်လည်း သူ သည်နေရာကို လာရသည့် ရည်ရွယ်ချက်ကို ပြန်သတိရသွားပြီး အော်လိုက်သည်။
“ဟင့်အင်း … ငါ မသွားဘူး။ ငါ့ညီမက ပိုးကူးပြီး အထဲမှာ ရှိနေသေးတယ်။ သူ ဒီနေရာမှာ ကူကယ်ရာမဲ့စွာ သေတာကို ငါ မမြင်ရက်ဘူး။ မင်း သတ္တိရှိရင် ငါ့ကို သတ်လိုက်။"
ထန်ရှု တခဏလောက် နှုတ်ဆိတ်သွားပြီးနောက် ကျောက်ယွင်တိ ခေါ်ဆောင်လာသော လူများကို ရုတ်တရက် ကြည့်လိုက်ပြီး လေးနက်သောလေသံဖြင့်
"မင်းတို့အားလုံးက ကျောက်မိသားစုရဲ့ သီးသန့်တပ်ဖွဲ့တွေပဲ ဖြစ်ဖြစ် မင်းတို့ဘယ်သူတွေပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။ ကျောက်ယွင်တိနဲ့ အမှိုက်တွေအတွက် ပြဿနာ မဖြစ်စေလိုရင် မင်းတို့သေနတ်တွေကို ချထားလိုက်။ ဟမ့် ... ဒီကောင်က ကောင်စုတ်လေးပဲ။ ဒါပေမယ့် မင်းတို့အားလုံးကတော့ မဟုတ်ဘူး။ ဒီနေ့ လုပ်ရပ်အတွက် ဘယ်လောက် ကြီးမားတဲ့ အကျိုးဆက်တွေ ရင်ဆိုင်ရမယ်ဆိုတာကို သိထားသင့်တယ်။”
ကြံ့ခိုင်သော လူနှစ်ဆယ်သည် တုန်လှုပ်ချောက်ချားသော အကြည့်များ ဖလှယ်မိကြသည်။ အခြေအနေ၏ ဆွဲငင်အားကို သူတို့ မည်သို့မှ သဘောမပေါက်နိုင်ပါချေ။ သို့တိုင် သူတို့သည် ကျောက်ယွင်တိ၏အမိန့်ကို နာခံကြရမည်ဖြစ်ရာ ၎င်းတို့သည် မိမိတို့ကိုယ်မိမိ ထိန်းကျောင်းပြီး အလိုက်သင့်လုပ်ဆောင်သွားနိုင်သည်။ ချက်ချင်းဆိုသလိုပင် သူတို့အားလုံးသည် ကျောက်ယွင်တိကို ကြည့်လိုက်ကြပြီး သူ၏ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေသည်။
ကျောက်ယွင်တိ၏မျက်နှာထက်တွင် အုံ့ မှိုင်းနေပြီး ချီတုံချတုံဖြစ်နေသောဟန်ကို မြင်တွေ့နိုင်သည်။ သူက မြေကြီးပေါ်ကနေ ဖုတ်ဖက်ခါကာ ထလာပြီး အားလုံးကို ပြန်သွားခိုင်းလိုက်သည်။ လျင်မြန်စွာပင် ထိုလူနှစ်ဆယ် ပြန်သွားခဲ့သည်။
အဲ့ဒီနောက် ကျောက်ယွင်တိက ထန်ရှုကို တစ်ချက် ကြည့်လိုက်သည်။ သူ့မျက်နှာထက်တွင် ဒေါသများ ရှိနေသေးပေမယ့် သူ့ကိုယ်သူ တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားပြီး
“ငါ သူတို့ကို ထွက်သွားဖို့ အမိန့်ပေးထားပြီးသား၊ ဒါပေမယ့် ငါ့ညီမကို ဒီနေရာကနေ ခေါ်သွားရမှာဆိုတော့ ငါ အထဲကို ဝင်ရမယ်။ သူမပါဘဲ ဒီနေရာကနေ ဘယ်တော့မှ ထွက်သွားမှာ မဟုတ်ဘူး။”
ကျောက်ယွင်တိအား အာရုံစိုက်ရန် ပျင်းလွန်းနေသော ထန်ရှုက ဝေ့ရှီးချင်အား ကြည့်ကာ
"အထဲကို ဝင်ကြရအောင်။ လူတွေကို ကယ်တင်ဖို့က အရေးကြီးတယ်။”
ဝေ့ရှီးချင်သည် လျင်မြန်စွာ ခေါင်းညိတ်လိုက်ပြီး ထန်ရှုနှင့် ထိတ်လန့်စိုးရွံ့မှုများ ပြည့်နေသော ချန်းထုံတို့အား ခေါ်လိုက်သည်။ ၎င်းတို့သည် အတွင်းသို့ လျင်မြန်စွာ ရောက်လာခဲ့ကြရာ ခုနစ်မိနစ်ကြာပြီးနောက်တွင် သီးခြားခွဲထုတ်ထားသော ဧရိယာသို့ ရောက်ရှိခဲ့သည်။
"နတ်ဆေးသမားတော်ထန် … ထောက်လှမ်းရေးအေဂျင်စီရဲ့စုံစမ်းစစ်ဆေးမှုအရ ကူးစက်ခံရသူတွေနဲ့ အနီးကပ်ထိတွေ့ခဲ့တဲ့ လူစုစုပေါင်း ၃၂၉ ဦးရှိပြီး ၆၀ကျော်လောက်က အဖျားလက္ခဏာ ခံစားနေရတဲ့အတွက် ကူးစက်ခံထားရတယ်လို့ အတည်ပြုထားတယ်။ နိုင်ငံတစ်ဝှမ်းမှာလည်း ကျွမ်းကျင်သူတွေ အများကြီးကို တာဝန်ပေးထားပါတယ်။ ဒါပေမယ့် ဗိုင်းရပ်စ်ရဲ့ဇာစ်မြစ်ကို မဖော်ထုတ်နိုင်သေးတဲ့အပြင် ရောဂါပိုးကို ဘယ်လိုကုသရမလဲဆိုတာ အဖြေရှာလို့ မရသေးတဲ့အတွက် စိတ်မကောင်းတော့ ဖြစ်မိတယ်။” ဝေ့ရှီးချင်က အကျဉ်းချုံး ရှင်းပြခဲ့သည်။
ထန်ရှုက ချန်းထုံကို ကြည့်ပြီး
"မင်းရဲ့အတန်းဖော်နာမည် ဘယ်လိုခေါ်လဲ။"
"ကျောက်ထင်းထင်လို့ ခေါ်ပါတယ်။" ချန်းထုံက အမြန် ပြန်ဖြေသည်။
"ကျောက်ထင်းထင်လို့ခေါ်တဲ့ ကောင်မလေးဆီ ခေါ်သွားပေးပါ။ သူမက ပထမဆုံးပေါ်လာတဲ့ ဗိုင်းရပ်စ်ပိုး သယ်ဆောင်သူဆိုတော့ အဓိကအချက်က သူမနဲ့အတူ ရှိနိုင်တယ်။" ထန်ရှုက ဝေ့ရှီးချင်ကို ပြောလိုက်သည်။
"ငါလည်း လိုက်မယ်။" ကျောက်ယွင်တိက ချက်ချင်း အော်ပြောလိုက်သည်။
"မင်းက ဘာလိုက်လုပ်မလို့လဲ။" ထန်ရှုက မျက်ခုံးတွန့်ချိုးကာ အေးစက်စွာ ပြောလိုက်သည်။ "အပြင်မှာပဲ ခဏစောင့်။"
"ကျောက်ထင်းထင်က ငါ့ညီမလေးလေ။ သဘာဝအတိုင်း ငါ မင်းနဲ့အတူ လိုက်ရမှာပဲ။" ကျောက်ယွင်တိက ကျယ်လောင်စွာ ပြောလိုက်သည်။
ကျောက်ယွင်တိ၏စကားက ထန်ရှုအား တွေကနဲ ဖြစ်စေသကဲ့သို့ ချန်းထုံ၏မျက်နှာထက်တွင်လည်း မယုံနိုင်ကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။ သူနှင့် ကျောက်ထင်းထင်တို့သည် အတန်းဖော်များဖြစ်ကြပြီး နှစ်ယောက်စလုံး နိုင်ငံခြားမှ တက္ကသိုလ်တစ်ခုတည်းတွင် ပညာသင်ကြားခဲ့ကြသည်။ ထို့နောက် တစ်ယောက်ကိုတစ်ယောက် ချစ်မိသွားပြီး ချစ်သူများ ဖြစ်ခဲ့ကြသော်လည်း သူတို့၏ ဆက်ဆံရေးအား မိသားစုများထံ တရားဝင် မဖော်ပြရသေးပါချေ။ ချန်းထုံသည် ကျောက်ထင်းထင်နှင့်အတူ ယခုတစ်ခေါက် ပေကျင်းသို့ လိုက်လာရသည့် အကြောင်းရင်းမှာ သူမ၏ မိသားစုနှင့် တွေ့ဆုံရန် ဖြစ်သည်။
ကျောက်ထင်းထင်သည် သူမ၏မိသားစုအကြောင်းအား ပြောပြသည်မှာ ရှားပါးသဖြင့် သူမသည် ပုံမှန် ချမ်းသာသောမိသားစုမှ ကြီးပြင်းလာသည်ဟုသာ သူ ထင်မှတ်ခဲ့သည်။ သူမသည် ပေကျင်း ကျောက်မိသားစုမှ ဆင်းသက်လာသူဖြစ်မည်ဟု သူ စိုးစဉ်းမျှပင် မမျှော်လင့်ထားမိပေ။
"ကျောက်ထင်းထင် ဘယ်သူလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ အခုအချိန်မှာ သူမက ဗိုင်းရပ်စ်ပိုး စတင်သယ်ဆောင်သူ ဖြစ်နေတာမို့ ငါကလွဲပြီး ဘယ်သူမှ သူ့ကို တွေ့ခွင့်မရှိဘူး။ ဒါကြောင့် စကားနားထောင်ပြီး အပြင်မှာ စောင့်နေ။”
“မင်း…” ကျောက်ယွင်တိ ဒေါသတကြီး ဖြစ်သွားသည်။
ထန်ရှုက သူ့လက်ကို မြှောက်ပြီး ခြောက်လိုက်တော့မှ ခြေလှမ်းအနည်းငယ် ပြန်ဆုတ်သွားသည်။
နှစ်မိနစ်အကြာတွင် ထန်ရှုသည် သံတံခါးများစွာကို ဖြတ်လျှောက်ကာ ဇီဝအန္တရာယ်ကာကွယ်ရေးဝတ်စုံကို ဝတ်ဆင်ထားသည့် ဝန်ထမ်းတစ်ဦးနှင့်အတူ စင်္ကြန်လမ်းအတိုင်း လျှောက်လာခဲ့သည်။ အတွင်းသို့ ဖောက်ထွင်းမြင်ရသော ပြတင်းပေါက်များမှတစ်ဆင့် အခန်းတစ်ခန်းစီတွင် လူနှစ်ယောက်စီ ထည့်ကာ ထိန်းသိမ်းထားသည်ကို သူ မြင်လိုက်ရပြီး ထိုသူများသည် ဝမ်းနည်းအားငယ်နေဟန်ရသည်။
ကွာရန်တင်းဧရိယာ၏အတွင်းကျဆုံးနေရာတွင် လှပသော ကျောက်ထင်းထင်သည် ထောင့်စွန်းရှိ ကုတင်ထက်တွင် နံရံကို မှီလျက် ဒူးကိုကွေးကာ ဖက်ထားသည်။ သူမ၏အသားအရေသည် ပုံမှန်မဟုတ်သော အနီရောင်ဖြစ်နေပြီး နှုတ်ခမ်းများသည် ခရမ်းရောင်အနည်းငယ် သန်းနေသည်။ သူမသည် မျက်မှောင်ကြုတ်ကာ တွေဝမေိန်းမောနေဟန် ရှိသည်။
…တင်...
ထန်ရှု ဝင်လာသောကြောင့် သီးသန့်အခန်းတံခါး ပွင့်သွားပြီး ဇီဝအန္တရာယ်ကာကွယ်ရေးဝတ်စုံဝတ် ဝန်ထမ်းက အပြင်ဘက်မှ တံခါးကို ပိတ်လိုက်သည်။
“ရှင်…” ကျောက်ထင်းထင်က ဖြည်းညှင်းစွာ ခေါင်းမော့လာပြီး အံ့သြသွားဟန်ရသည်။
"မင်းက ချန်းထုံရဲ့ အတန်းဖော် ကျောက်ထင်းထင်လား။" ထန်ရှုက ပြုံးပြီး မေးသည်။
သူမက ခေါင်းညိတ်တုံ့ပြန်ရင်း တစ်ခုခုကို သတိရသွားသည့်အလား ကုတင်ပေါ်ကနေ ရုတ်ခြည်းပင် ထကာ ထောင့်တွင် ကပ်နေပြီး
“ကျွန်မ အနားကို မလာနဲ့ ။ ဘယ်သူက ရှင့်ကို အထဲမှာ ထားခဲ့တာလဲ။ ကျွန်မ … ဗိုင်းရပ်စ် ကူးစက်ခံထားရတယ်။ မြန်မြန် ထွက်သွားပါ။"
“ဘယ်လောက်ကောင်းလိုက်တဲ့ စိတ်ထားနဲ့ အကျင့်စရိုက်လေးလဲ။” ထန်ရှုက ချီးကျူးလိုက်သည်။ "မင်းရဲ့လုံခြုံရေးက အာမခံချက် မရှိသေးတာတောင် တခြားသူတွေအတွက် ဆက်ပြီး တွေးပေးနေတုန်းပဲ။ အဲ့ဒါက မင်းအတွက် သိပ်ကောင်းတယ်။ ငါ့မြေးတပည့်ရဲ့ဇနီးမယားဖြစ်ဖို့ အရည်အချင်း ပြည့်ဝပါပေတယ်။”
***