မီးယပ်ရောဂါ
Vol. 43 Ch. 598
ထန်ရှုသည် ကျောက်ထင်းထင်၏ အူကြောင်ကြောင် ဖြစ်သွားသော အမူအရာကို ကြည့်ကာ ထောင့်စွန်းမှ ကုတင်ဆီသို့ လျှောက်လာရင်း
"ဆောရီး … ကိုယ့်ကိုကိုယ် မိတ်ဆက်ဖို့ မေ့သွားတယ်။ ငါက ချန်းထုံရဲ့ ဆရာအဘိုးပါ။ ငါ့ရဲ့ ခန့်မှန်းချက် မှန်ရင် မင်းက သူ့ကောင်မလေးပဲ ဖြစ်ရမယ်။ နို့မဟုတ်ရင် သူ စွန့်စွန့်စားစားနဲ့ ပေကျင်းမှာ နေမှာ မဟုတ်သလို ငါ့ဆီ ဆက်သွယ်ပြီး အကူအညီ တောင်းမှာလည်း မဟုတ်ဘူး။”
ကျောက်ထင်းထင်၏မျက်လုံးများတွင် မယုံနိုင်ဟန်များ ပြည့်နေပြီး တီးတိုးပြောလာသည်။
“ချန်းထုံမှာ ဆရာအဘိုးတစ်ယောက် ရှိပြီး သူ့အဖေရဲ့ ဆရာသခင်ဆိုတာ ကျွန်မ သိပါတယ်။ ဒါပေမယ့် ရှင်က…”
" ရှင်က အရမ်းငယ်တယ်လို့ ပြောချင်နေတာ မဟုတ်လား။" ထန်ရှုက ရယ်မောကာ မှတ်ချက်ပေးသည်။
ကျောက်ထင်းထင်က မဆိုင်းမတွ ခေါင်းညိတ်သည်။
"ကျွမ်းကျင်မှုနယ်ပယ်များစွာ ရှိတဲ့အနက် နယ်ပယ်တစ်ခုမှာ ကျွမ်းကျင်အောင်မြင်ထားတဲ့ သူတစ်ယောက်က ဆရာကြီးဖြစ်လာနိုင်ပြီး အခြားသူတွေကို သွန်သင်ပေးနိုင်တယ်ဆိုတဲ့ ဆိုရိုးစကားရှိတယ်။ ငါက တချို့ကဏ္ဍတွေမှာ ကျွမ်းကျင်ပိုင်နိုင်တဲ့အတွက် ငါ့ထက် အသက်ကြီးတဲ့ တပည့်တွေကို လက်ခံထားတယ်။ အဲ့ဒီလို ရှင်းရှင်းလင်းလင်း ယူဆနိုင်ပါတယ်။” ထန်ရှုက ရှင်းပြသည်။
ကျောက်ထင်းထင်သည် အံ့သြတုန်လှုပ်သော အမူအရာဖြင့် ထန်ရှုကို စူးစမ်းလေ့လာလိုက်ပြီး
"နင်က ဘယ်နယ်ပယ်မှာ ကျွမ်းကျင်တာလဲ။ သိုင်းပညာလား။"
“တရုတ်တိုင်းရင်းဆေးဘက်ဆိုင်ရာနယ်ပယ်လိုမျိုး ကဏ္ဍတော်တော်များများမှာ ငါက အတော် အစွမ်းအစ ရှိတယ်လို့ ပြောနိုင်တယ်။ ဒီနေရာကို လာနိုင်ဖို့ဆိုရင် ဒီဆေးပညာလောကမှာ လူတော်တော်များများက ငါ့ရဲ့ ကျွမ်းကျင်မှုကို အသိအမှတ်ပြုပြီးသားဖြစ်ရမယ်။ ဘာပဲဖြစ်ဖြစ် မင်းဆီကနေ ကူးစက်မှာကို စိတ်ပူနေစရာ မလိုပါဘူး။ ငါ ယုံကြည်မှုမရှိရင် ဒီလိုဝတ်လာမှာ မဟုတ်ဘူး။”
ကျောက်ထင်းထင် ချီတုံချတုံ ဖြစ်နေပြီးမှ ကုတင်ပေါ်က ဆင်းလိုက်သည်။ သူမ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေသည် ယခုအခါ လွန်စွာ အားနည်းနေပြီး ကြမ်းပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်နေသည်။ ထန်ရှုက သူမကို အမြန်တွဲကာ ကုတင်ပေါ်ပြန်ထိုင်စေရင်း သွေးခုန်နှုန်းကို စစ်ဆေးလိုက်သည်။
"အိုး…"
သူ၏စိတ်ဝိညာဉ်အာရုံဖြင့် စစ်ဆေးခြင်းမှတဆင့် ထန်ရှုသည် ကျောက်ထင်းထင်၏ကျောက်ကပ်၌ မမျှော်လင့်ဘဲ စိမ်းရင့်ရောင်ငွေ့ရည်များစွာကို တွေ့ရှိခဲ့ပြီး အနီးဆုံးသွေးကြောများကို အလွန်နှေးကွေးသော အရှိန်ဖြင့် ဝင်ရောက်နေသည်ကို တွေ့ရှိခဲ့သည်။ ထိုငွေ့ရည်များသည် သွေးများနှင့်အတူ သူမ၏တစ်ကိုယ်လုံး ပျံ့နှံ့သွားပြီး ထူးထူးခြားခြား ရနံ့တစ်ခု သယ်ဆောင်သွားခဲ့သည်။ ထိုရနံ့အား သာမန်လူများက အနံ့ရရှိမည်မဟုတ်သော်လည်း ထန်ရှုသည် ၎င်း၏ကောင်းမွန်သော အနံ့ခံအာရုံဖြင့် ရှူရှိုက်နိုင်ခဲ့သည်။ ထို့အပြင် သူမ၏ သွေးခုန်နှုန်းသည် အနည်းငယ် မူမမှန်ဖြစ်နေပြီး အဖျားကြောင့် ဖြစ်လေ့ဖြစ်တတ်ခြင်းမျိုး မဟုတ်ပေ။ ထိုအရာသည် သာမန်လူတစ်ယောက်ထက် အဆအနည်းငယ် ပိုပြင်းထန်သည်။
"နာကျင်တာကို မင်း ခံနိုင်ရည်ရှိလား။ ကိုက်ခဲမှုက နာကျင်လာပြီး ခံနိုင်ရည်ရှိဖို့ ခက်လိမ့်မယ်။” ထန်ရှုသည် သူမ၏လက်ကိုလွှတ်ပြီးနောက် မေးလိုက်သည်။
"ကျွန်မ ငယ်ငယ်လေးကတည်းက နာကျင်မှုကို အမြဲကြောက်ခဲ့ပေမယ့် ဗိုင်းရပ်စ်ပိုးကို ကုသပေးနိုင်ရင် သည်းခံမှာပါ။" ကျောက်ထင်းထင် ခဏတုံ့ဆိုင်းနေပြီး လေသံခပ်တိုးတိုးဖြင့် ပြန်ပြောခဲ့သည်။
“ရိုးရိုးသားသားပြောရရင်တော့ အဆိပ်အတောက်တွေက မင်းရဲ့ခန္ဓာကိုယ်အနှံ့က သွေးကြောတွေထဲမှာ ရှိနေလို့ ၁၀၀%တော့ အာမခံချက်မရှိဘူး။ ဒါပေမယ့် မင်းရဲ့အသက်ကို ကယ်နိုင်မယ်လို့ ငါ အာမခံနိုင်တယ်။" ထန်ရှုက ပြောပြသည်။
ထိုစကားကို ကြားသည်နှင့် ကျောက်ထင်းထင်က ချက်ချင်း ခေါင်းညိတ်ပြပြီး
"ကျေးဇူးပြုပြီး ကယ်ပေးပါရှင်။"
ထန်ရှု သူ၏လက်ကို လှုပ်ရှားလိုက်သည်နှင့် ငွေအပ်တစ်ချောင်း ပေါ်လာပြီး ချက်ချင်းပင် သူမ၏ ရင်ညွှန့်အလယ်သို့ ထိုးစိုက်လိုက်သည်။ ထို့နောက် ချက်ချင်းပင် သူ၏လက်များက သူမ၏ လက်ကောက်ဝတ်များကို ဆုပ်ကိုင်ကာ သူ၏မူလဖရိုဖရဲစွမ်းအားကို ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေးလိုက်ပြီး ထန်ရှု၏လက်မများက သူမ၏ လက်နှစ်ဖက်ရှိ သွေးခုန်နှုန်းနေရာကို စမ်းသပ်နေသည်။
…အားးးး…
ကျောက်ထင်းထင်ထံမှ စူးစူးဝါးဝါးအော်သံတစ်ခု ထွက်လာခဲ့သည်။ ချွန်ထက်သောဓားနှစ်ချောင်းသည် သူမ၏လက်များကို ထိုးထွင်းကာ သူမ၏ပုခုံးဆီသို့ လျင်မြန်စွာ ရွေ့လျားလာသည့်အလား နာကျင်မှုကို မြန်ဆန်ပြင်းထန်စွာ ခံစားနေခဲ့ရသည်။ သူမ၏စိတ်ကို ကြိုတင် မပြင်ဆင်ထားခဲ့ပါက နာကျင်မှုကြောင့် သူမ မေ့လဲသွားနိုင်ပေသည်။
ထန်ရှုသည် ကျောက်ထင်းထင်အား လေးနက်စွာ တစ်ချက်ကြည့်လိုက်ပြီး သူမ၏ ကျောက်ကပ်ဆီသို့ အချိန်တိုလေးအတွင်း လမ်းကြောင်းဖောက်ဝင်ရောက်နိုင်ရန် မူလဖရိုဖရဲစွမ်းအားလမ်းကြောင်းနှစ်ခုကို အာရုံစိုက်ထိန်းချုပ်နေခဲ့သည်။ ထို့နောက် သူသည် မူလဖရိုဖရဲစွမ်းအား၏ ပြင်းထန်သော စွမ်းအားကို အသုံးပြု၍ အစိမ်းရင့်ရောင်ငွေ့ရည်ကို ရစ်ပတ်လိုက်သည်။
“ထွက်စမ်း…”
ကျောက်ထင်းထင်၏ရင်ညွှန့်အလယ်တည့်တည့်မှ ငွေရောင်အပ်သည် ပြန်ထွက်လာပြီး အတွင်းထဲမှ ညှော်နံ့တစ်ခုပါ ထွက်လာသည်။ မိနစ်ဝက်အတွင်းမှာပင် အောက်ခြေရှိ အစိမ်းရင့်ရောင်ငွေ့ရည်များအားလုံးကို ကုန်စင်အောင် ဖယ်ထုတ်ပစ်လိုက်သည်။
"သည်းခံပေးပါ။ အခုနေ မင်း မေ့မျောသွားရင် ပြန်မထလာနိုင်တော့မှာကိုစိုးရတယ်။"
သူမ၏နဖူးကို လက်ချောင်းများဖြင့် ဖိကာ ထန်ရှုသည် သူမ၏ခန္ဓာကိုယ်အတွင်းရှိ မူလဖရိုဖရဲစွမ်းအား လမ်းကြောင်းနှစ်ခုကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ပြီး သူမ၏ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားစေသည်။ ထိုအရာသည် ပြဒါးရည်အလား ကျောက်ထင်းထင်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဆယ်စက္ကန့်မပြည့်မီအတွင်း ပျံ့နှံ့သွားခဲ့သည်။
…အား…
နာကျင်မှုသည် သူမ၏စိတ်ဝိညာဉ်နက်ရှိုင်းသော နေရာမှ ဆင်းသက်လာသည့်အလား ခံစားနေရကာ ကျောက်ထင်းထင်သည် သေရသည်က ပိုကောင်းသည်ဟုပင် ခံစားနေရချေပြီ။ နာကျင်မှုသည် သူမတစ်သက်လုံး မခံစားဖူးသော အရာတစ်ခုဖြစ်သည်။ သူမသည် ပြင်းထန်သော အူအတက်ပေါက်ခြင်းကို တစ်ခါကြုံဖူးသော်လည်း ယခုခံစားရသော ဝေဒနာသည် ထိုအချိန်ကထက် အနည်းဆုံး ဆယ်ဆ ပိုမိုပြင်းထန်သည်။
ကျောက်ထင်းထင်၏ ခန္ဓာကိုယ်တုန်ယင်နေပြီး မျက်နှာသည် သွေးများပင် မရှိတော့သကဲ့သို့ ဖြူလျော်သွားသည်။ သူမ၏ လည်ချောင်းထဲမှ ညှစ်ထုတ်လိုက်သော အော်သံနှင့်အတူ မူလဖရိုဖရဲစွမ်းအားသည် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများကို သန့်စင်ပေးသည့် ပိုက်ကွန်တစ်ခုသဖွယ် ပျံ့နှံ့သွားကာ သူမ၏ သွေးအတွင်းမှ အစိမ်းရောင် အဆိပ်အတောက်များ အပါအဝင် ဆွဲငင်စုစည်းလိုက်ပေရာ နောက်ဆုံးတွင် မီးခိုးရင့်ရောင်အရာအဖြစ် ဖွဲ့တည်သွားသည်။
…အား…
ထန်ရှုက ကျောက်ထင်းထင်၏နောက်ကျောအား ရိုက်လိုက်သောအခါတွင် သူမသည် ရုတ်တရက် နာကျင်မှုကြောင့် မူးဝသွေားပြီး မီးခိုးရင့်ရောင် အရာကို အန်ထုတ်လိုက်သည်။
ထန်ရှု၏မျက်ဝန်းများထဲတွင် အလင်းတစ်ချက် လက်သွားသည်။ မူလဖရိုဖရဲစွမ်းအားဖြင့် ရစ်ပတ်ပြီး လျှို့ဝှက်ထုတ်လိုက်သော ထိုငွေ့ရည်သည် ယခုအခါ သူ့မျက်လုံးများရှေ့တွင် ငြိမ်သက်စွာ လွင့်မျောနေသည်။ မောကြီးပန်းကြီးဖြင့် ကုတင်ပေါ် လဲကျနေသော ကျောက်ထင်းထင်ဆီသို့ သူ မသွားနိုင်ဘဲ ထိုအရာ၏ရှေ့သို့ တိုးသွားကာ အနံ့ခံလိုက်သည်။ ထို့နောက် သူသည် နောက်ထပ် ငွေအပ်တစ်ချောင်းဖြင့် ထိုအရာကို ယူလိုက်ကာ လက်ချောင်းများဖြင့် အသာအယာ မွှေ့ယမ်းလိုက်ချိန်တွင် သူ၏မျက်နှာထက်၌ ဒေါသထွက်နေသော အကြည့်တစ်ခု ဖြစ်လာသည်။
သည်အဆိပ်သည် ကျောက်ထင်းထင်၏ခန္ဓာကိုယ်ထဲသို့ သေချာပေါက် ထိုးသွင်းလိုက်ခြင်းဖြစ်သည်။ ထို့အပြင် ၎င်းကို အခြားအရာများစွာနှင့်ရောစပ်ထားသေးသည်။ အများစုကို သူ မပြောနိုင်ပေသော်ငြား သေချာတာတစ်ခုသည် ၎င်းအထဲတွင် အဆိပ်ပြင်းသော မြွေသည်းခြေရည်များ ရှိနေခြင်းဖြစ်သည်။
“ခဏနားပြီး ငါ့ကို မေးခွန်းအချို့ကို ဖြေပေးပါဦး။”
ထို့နောက် ထန်ရှုသည် ကြွေပုလင်းနှစ်လုံးကို ထုတ်ယူကာ ကြွေပုလင်းများထဲသို့ ထိုငွေ့ရည်များ လောင်းထည့်ကာ အဖုံးပိတ်လိုက်ပြီး ကျောက်ထင်းထင်ကို ကြည့်လိုက်သည်။
တစ်မိနစ်အတွင်း ကျောက်ထင်းထင်သည် မရေမတွက်နိုင်သော ရာစုနှစ်ပေါင်းများစွာကြာအောင် ငရဲခံနေရသလို ခံစားခဲ့ရသည်။ သူမ ထိန်းမနိုင်သိမ်းမနိုင်ဖြစ်ကာ မေ့မျောလုနီးပါး ဖြစ်လာသောအချိန်တွင် ထိုစူးရှသော နာကျင်မှုသည် ပျောက်ကွယ်သွားသကဲ့သို့ ခံစားမိလိုက်သည်။ မိနစ်အနည်းငယ်ကြာတွင် နာကျင်မှုသည် ဒီရေလှိုင်းသဖွယ် ပြေလျော့သွားပြီး သူမ၏တစ်ကိုယ်လုံး သက်သာသွားဟန်ရကာ ခက်ခက်ခဲခဲ ထထိုင်လိုက်သည်။
"အနားယူတာ လုံလောက်သွားပြီလား။" ထန်ရှုက မေးလိုက်သည်။
ဖျော့တော့နေသောမျက်နှာဖြင့် ကျောက်ထင်းထင်၏ စိတ်ဝိညာဉ်သည် အနည်းငယ် အားနည်းနေဟန် ရှိသော်လည်း သူမ၏မျက်နှာထက်တွင် မယုံကြည်နိုင်ဟန် အမူအရာတစ်ခု ဖြစ်ပေါ်လာသည်။ "မယုံနိုင်ဘူး … တကယ့်ကို မယုံနိုင်ဘူး။ ကျွန်မရဲ့ခန္ဓာကိုယ်ကို ခံစားမိတယ် ... မဖျားခင်ကထက် အများကြီး ပိုကောင်းလာပုံရတယ်။ ကျွန်မတစ်ကိုယ်လုံး နွေးနွေးထွေးထွေးနဲ့ သက်တောင့်သက်သာရှိနေတယ်လို့ ခံစားရတယ်။”
"ရိုးရိုးသားသားပြောရရင် ဒါဟာ မင်းအတွက် အသွင်ပြောင်းလဲသွားတဲ့ ကောင်းချီးတစ်ခုပဲ။" ထန်ရှုက ရယ်ရယ်မောမော ပြောလိုက်သည်။ "မင်းရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆိပ်အတောက်တွေကို ငါ ဖယ်ရှားချိန်တုန်းက ခန္ဓာကိုယ်လည်ပတ်မှုကို ထိန်းညှိပေးခဲ့တယ်။ ဒီလိုလုပ်ပေးတာက အမှန်တကယ် အလွန်နာကျင်တယ်ဆိုပေမယ့် နောင်ဆို မင်းအတွက် အလွန်အကျိုးရှိလာလိမ့်မယ်။ ဒါပေမယ့် မင်းအခုချိန်ထိ အရမ်းအားနည်းနေသေးလို့ မင်းရဲ့စိတ်ကို တည်ငြိမ်အောင်ထားပြီး ပြန်လည်ထူထောင်ဖို့ လိုအပ်နေသေးတယ်။"
"ကျွန်မရဲ့ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပြီးသွားပြီလား။ ကျွန်မ အဆင်ပြေသွားပြီလား။" ကျောက်ထင်းထင် အံ့အားသင့်စွာ မေးလိုက်သည်။
"ဟုတ်တယ် အဆင်ပြေသွားပြီ။" ထန်ရှု ခေါင်းညိတ်သည်။ “ဒါပေမယ့်…”
ကျောက်ထင်းထင် နှလုံးခုန်သံမြန်သွားကာ အမြန် မေးလိုက်သည်။
"ဒါပေမယ့် ဘာဖြစ်လဲ။"
"မင်း မီးယပ်ရောဂါကို ကုသရဦးမယ်။" ထန်ရှုက ပြောလိုက်သည်။
“အာ…” ကျောက်ထင်းထင်ထံမှ အာမေဋိတ်သံ ထွက်လာပြီး သူမ၏ ဖြူဖျော့သော မျက်နှာသည် အနည်းငယ် နီရဲသွားသည်။ သူမသည် မီးယပ်ရောဂါ ခံစားနေရပြီး ထိုရောဂါအား မကြာသေးခင်က စစ်ဆေးမှုကနေ သိရှိခဲ့ခြင်းဖြစ်သည်။ ၎င်းသည် အမျိုးသမီးများ၏အပျိုဖော်ဝင်စ အရွယ်တွင် စတင်ဖြစ်ပွားလာတတ်သော လျှို့ဝှက်မီးယပ်ရောဂါတစ်မျိုး ဖြစ်သော်လည်း ၎င်းကို ထန်ရှုမှ ထုတ်ပြောလိုက်ခြင်းကြောင့် သူမအား ရှက်ရွံ့စေသည်။
“ဟေး … သိပ်အများကြီး တွေးမနေနဲ့။ နောက်ပြီး ဆရာဝန်တွေ၊ သမားတော်တွေဆိုတာ မိဘတွေလို စိတ်နှလုံးသားရှိကြတာပါ။”
ထန်ရှုက ရယ်ရယ်မောမော ပြောလိုက်သည်။
"ဒါနဲ့ ငါ မင်းကို အခုအရေးကြီးတာတွေ မေးဖို့ ရှိတယ်။ ငါ့ကို ရိုးရိုးသားသား ဖြေပေးပါ။ ဒါက မင်းရဲ့ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေ အများကြီး ရှိနေရတဲ့ အကြောင်းရင်းနဲ့ သက်ဆိုင်နေတယ်။”
ကျောက်ထင်းထင်သည် မျက်နှာအမူအရာ ပြောင်းလဲသွားကာ သူမ၏ရှက်ကိုးရှက်ကန်း အမူအရာအစား လေးနက်သော အမူအရာဖြင့်
“ကျေးဇူးပြုပြီး မေးပါ။”
"မင်း နိုင်ငံခြားက ပြန်မလာခင်မှာ ထူးခြားမှုတစ်ခုခု ကြုံခဲ့သလား ငါ သိချင်တယ်။ အဆိပ်အတောက်တွေက မင်းရဲ့ခန္ဓာကိုယ်ထဲကို ထိုးသွင်းထားပြီး တည်နေရာက မင်းရဲ့ကျောက်ကပ်ထဲမှာ ဖြစ်နေတာမို့ အရမ်း ထူးခြားနေတယ်။"
"ဆေးထိုးတာ ဟုတ်လား။" ကျောက်ထင်းထင် တွေဝသွေားပြီး ရုတ်တရက် ထအော်မိသည်။ "အာ ဟုတ်ပြီ။ ဒီမီးယပ်ရောဂါကြောင့် ဆေးရုံသွားပြတာ မှတ်မိသေးတယ်။ အဲ့ဒါကို ကုသဖို့ ဆေးထိုးပေးတယ်။ ဒါကြောင့်လို့ ကျွန်မကို မပြောနဲ့နော် … ကျွန်မရဲ့ခန္ဓာကိုယ်ထဲ အဆိပ်အတောက်တွေ ရှိနေရတဲ့အကြောင်းရင်းက …”
ထန်ရှုက မျက်မှောင်ကြုတ်လိုက်ပြီး
"မင်း ဆိုလိုတာက အဲ့ဒီဆေးရုံက အခုပြဿနာရဲ့ အကြောင်းရင်းပဲလား။ ဒါမှမဟုတ် အဲ့ဒီဆရာဝန်လား။"
"ကျွန်မ မသိဘူး။" ကျောက်ထင်းထင် ခေါင်းယမ်းသည်။
ထန်ရှု ခဏလောက် စဉ်းစားလိုက်ပြီး "မင်းရဲ့ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ငါ ဖယ်ရှားပြီးပြီဆိုပေမယ့် မင်း ဒီနေရာကနေ လောလောဆယ် ထွက်သွားလို့မရသေးဘူး။ ငါ တခြားလူနာတွေကို နောက်မှ သွားကုသမယ်။ မင်း ဒီမှာ နေပြီး စောင့်ပါဦး။ ဒါ့အပြင် မင်းရဲ့အခြေအနေက အရမ်းထူးခြားတဲ့အတွက် ဒါကို နိုင်ငံတော် အထူးဗျူရိုကို တင်ပြဖို့ လိုနေတယ်။ ဒီကိစ္စကို ရှင်းရှင်းလင်းလင်းစုံစမ်းဖို့ လူအချို့က မင်းကို နောက်ပိုင်း ဆက်သွယ်လာလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် သူတို့နဲ့ ကောင်းကောင်း ပူးပေါင်းဆောင်ရွက်ဖို့ အသေအချာ လုပ်ပေးပါ။”
"ကျွန်မ လုပ်ပေးပါမယ်။" ကျောက်ထင်းထင် လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။
ထို့နောက် ထန်ရှုက တံခါးကို လှမ်းခေါက်လိုက်ရာ အပြင်ဘက်မှ တံခါးကို ဖွင့်ပေးလာခဲ့သည်။ သည်တစ်ကြိမ်မှာတော့ အပြင်ကဝန်ထမ်းတွေသာမက ဝေ့ရှီးချင်လည်း ဇီဝအန္တရာယ်အကာအကွယ်ဝတ်စုံကို ဝတ်ဆင်ထားသည်။
“အခြေအနေ ဘယ်လိုလဲ နတ်ဆေးသမားတော်ထန်…" ဝေ့ရှီးချင်က ထန်ရှု ထွက်လာသည်ကို မြင်သောကြောင့် ချက်ချင်းမေးလိုက်သည်။
"ကျောက်ထင်းထင်ရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆိပ်အတောက်တွေကို ကျွန်တော် ဖယ်ရှားလိုက်ပါပြီ။ အဆိပ်တွေက အလွန်ထူးခြားပြီး ကူးစက်တတ်တဲ့သဘာဝကြောင့် ပြင်းထန်တဲ့ ကူးစက်နိုင်စွမ်း ရှိတယ်။ အဲ့ဒီအရာက သွေးထဲကို လွန်စွာ ပျံ့နှံ့သွားနိုင်တယ်။ တံတွေးကနေတစ်ဆင့် အခြားသူတွေကို ကူးစက်နိုင်သလို အသက်ရှူရာကနေ ကူးစက်မှု ဆက်တိုက်ဖြစ်လာတယ်။ ဒါပေမယ့် အလွန်အမင်း စိုးရိမ်စရာ မလိုပါဘူး။ အဆိပ်အတောက်ပမာဏက အလွန်နည်းတာမို့ ဆင့်ပွားကူးစက်ခံရသူကနေ အခြားလူတွေကို ထပ်ပြီး ကူးစက်နိုင်စရာ မရှိဘူး။ ဒါရိုက်တာဝေ့ … ဒီကြွေပုလင်းနှစ်လုံးမှာ အဆိပ်အတောက်နဲ့ ဓာတ်ငွေ့တွေ ပါနေတယ်။ ကျေးဇူးပြုပြီး အဲ့ဒါတွေကို ဌာနက သုတေသီတွေဆီ ပို့ပေးပါ။ အဲ့ဒါတွေကို အတူတကွ သုတေသနပြုဖို့ နောက်ထပ်ကျွမ်းကျင်သူတွေကို ရှာရင်တော့ အကောင်းဆုံးပဲ။ အခု ကျွန်တော် ကျန်တဲ့သူတွေကို ကုသပါမယ်။”
ထန်ရှု၏မှတ်ချက်စကားကြောင့် ဝေ့ရှီးချင် အံ့အားသင့်သွားသည်။ သုတေသနဌာနရှိ ကျွမ်းကျင်သူများ၊ ဗိုင်းရပ်စ်ဗေဒပညာရှင်များနှင့် ဆေးပညာဆိုင်ရာ ပါမောက္ခများစွာ ရောက်လာကြပြီး ရလဒ်တစ်စုံတစ်ရာမရှိဘဲ ဓါတ်ခွဲခန်းထဲတွင် နှစ်ရက်ကျော်ကြာ သုတေသနပြုနေကြသော်လည်း ယခုမှ ရောက်ရှိလာသော ထန်ရှုသည် ကူးစက်ရောဂါ၏ရင်းမြစ်ဖြစ်သော ဗိုင်းရပ်စ်ပိုးသယ်ဆောင်သူကို မမျှော်လင့်ဘဲ ပျောက်ကင်းအောင်ကုသနိုင်ခဲ့သည်လား။ ထို့အပြင် သူသည် အဆိပ်အတောက်နှင့် ငွေ့ရည်နမူနာများကိုပင် ရရှိခဲ့သေးသည်တဲ့လား။
“ကောင်းတယ်။ ဒါက သိပ်ကောင်းတယ်။ မင်းကို ပင်ပန်းစေမိပါပြီ နတ်ဆေးသမားတော်ထန်။ ဒီပုလင်းနှစ်ပုလင်းကို ဓာတ်ခွဲခန်းကို ချက်ချင်း ပို့ပေးလိုက်မယ်။” ဝေ့ရှီးချင်က ဝမ်းသာအားရ ပြန်ပြောသည်။
ထန်ရှုသည် ဝေ့ရှီးချင် ထွက်ခွာသွားသည်နှင့် အခြားကူးစက်ခံရသူများကို ကုသရန် အလျင်စလို မလုပ်သေးဘဲ အထူးဗျူရိုမှ လျိုချန်းရှီဆီသို့ ဖုန်းဆက်ခဲ့သည်။ သူက ဗိုင်းရပ်စ်သုတေသန အဖွဲ့အစည်းတွင် ကြုံတွေ့ရသော ပြဿနာကို ပြောပြခဲ့သည့်နည်းတူ သူ၏မှန်းဆချက်တွေကိုပါ ပြောပြခဲ့ပြီးနောက် ဆက်လက်စုံစမ်းရန်အတွက် ထိုပြဿနာအား လျိုချန်းရှီဆီ ထားရစ်ခဲ့လိုက်တော့သည်။
***