ကျောက်သားအဖ
Vol. 43 Ch. 599
ပေကျင်းမြို့၏ကျောက်မိသားစုသည် နိုင်ငံတစ်ဝန်းတွင် လွန်စွာကျော်ကြားပြီး ၎င်းတို့ပိုင်ဆိုင်သော လက်နက်ကိုင်တပ်ဖွဲ့သည် အားနည်းသည်ဟု ဆိုနိုင်သော်လည်း မိသားစုဝင်များတွင် နိုင်ငံရေးသမား အများအပြား ရှိသည်။ ပြည်နယ်အသီးသီးရှိ ထိပ်တန်းအရာရှိများတွင် ကျောက်မိသားစုမှ အနည်းဆုံး မိသားစုဝင်နှစ်ဦးရှိသည်ဟုဆိုပါက ဒုတိယကွပ်ကဲမှုနှင့် တတိယအာဏာစက်တွင် ထိုအရေအတွက်ထက် နှစ်ဆဖြစ်နိုင်ပေသည်။ ထို့ကြောင့် ကျောက်မိသားစုသည် အမှန်တကယ်ပင် လုံလောက်သော အာဏာကို ပိုင်ဆိုင်ထားသည်။
ကျောက်ချင်းဖုန်းသည် လက်ရှိကျောက်မိသားစု အကြီးအကဲ၏ဒုတိယသားဖြစ်ပြီး ယခုအခါ မြို့တော်ရှိ အရေးကြီးဌာနတစ်ခုတွင် အရာရှိတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသည်။ အိမ်ရှိ ဖခင်ဖြစ်သူထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပြီးနောက် ကျောက်ချင်းဖုန်း အကြောသေသွားသည့်အလား ခံစားလိုက်ရသည်။ သူ၏အဖိုးတန်သားသည် အရှက်ကြောက်နည်းကာ ရဲရင့်သော်လည်း ပြသနာရှာခြင်းကို နှစ်သက်ကြောင်း သူ သိသည်။ သို့သော် အတိုင်းအဆမသိ လက်လွတ်စပယ် လုပ်လိမ့်မည်ဟု တစ်ခါမျှ မမက်ဖူးပေ။ တိုင်းပြည်အတွက် အလွန်အရေးပါသော အထူးအဖွဲ့အစည်းဖြစ်သည့် အမျိုးသားဗိုင်းရပ်သုတေသနအဖွဲ့အစည်းသည် မည်သည့်နေရာမျိုး ဖြစ်ပါသနည်း - စစ်တပ်တွင် လက်နက်သုတေသနစခန်းနှင့် တန်းတူ ဖြစ်သည်။
ဗိုင်းရပ်စ်သုတေသနအဖွဲ့အစည်းမှ ကီလိုမီတာအနည်းငယ် ကွာဝေးသော အဝေးပြေးလမ်းမကြီးတွင် အော်ဒီကားနှစ်စီးသည် အဆိုပါသုတေသနအဖွဲ့အစည်း ရှိရာသို့ အလျင်အမြန် ဦးတည်ကာ မောင်းလျက်ရှိသည်။ ဒုတိယကား၏နောက်ခန်းတွင် ကျောက်ချင်းဖုန်းသည် မီးဝင်းဝင်းတောက်နေသောမျက်လုံးများဖြင့် ဒေါသတကြီးဖြစ်ကာ ဖြူဖတ်ဖြူလျော် ဖြစ်နေဟန် ရှိသည်။
မဖြတ်တောက်ထားသော ကျောက်စိမ်းသည် အမှန်ပင် တန်ဖိုးမရှိပေ။
သူ့သားအပေါ်တွင်ထားသည့် သူ၏ပျော့ညံ့သော သဘောထားက သားဖြစ်သူအား ချိန်ကိုက်ဗုံးအဖြစ် ကြီးပြင်းလာစေသလားဟု သူ တွေးနေခဲ့မိသည်။ ယခုဖြစ်ရပ်အတွက် သတ်သတ်မှတ်မှတ်တန်ဖိုး တစ်ခုဖြင့် ဖြေရှင်းနိုင်သည့်တိုင်အောင် သူ့သားက အနာဂတ်တွင် နောက်ထပ်ပြသနာများ ထပ်လုပ် မလုပ်ဆိုသည်မှာ မသေချာလှချေ။
…ဖုန်းမြည်သံ…
သူ့လက်ကိုင်ဖုန်းက အသံမြည်လာသဖြင့် ကျောက်ချင်းဖုန်း လျင်မြန်စွာ ဖြေလိုက်သည်။ စကားပြောရင်း နားထောင်ရင်းဖြင့် သူ၏မျက်ဝန်းများထဲတွင် မယုံကြည်နိုင်ဟန်များ ပြည့်သိပ်လာခဲ့ပြီး သိသိသာသာ မျက်နှာပျက်သွားတော့သည်။
…သေနတ်နဲ့ ပစ်လိုက်တယ်။ အဲ့ဒီပစ်ချက်က ဗိုင်းရပ်စ် သုတေသနဌာနရဲ့ဒါရိုက်တာ ဝေ့ရှီးချင်ကို ချိန်ရွယ်ပြီး ပစ်ခဲ့တာ ဟုတ်လား။…
တခဏချင်းမှာပင် သူ့ရင်ထဲမှ စိတ်ပျက်လက်ပျက် ခံစားချက်တစ်ခု ထွက်ပေါ်လာတော့သည်။ ဝေ့ရှီးချင်ကို ပစ်ခတ်လိုက်သောကြောင့် ဖြစ်လာမည့် အကျိုးဆက်များအား သူ ကောင်းစွာ သိပေသည်။ ဤတစ်ကြိမ်တွင် သူ့သားအတွက် လွတ်မြောက်မှု မရှိဘဲ ဆုံးခန်းတိုင်တော့မည်ဖြစ်သည်။
“ငါ့အမိန့်ကို နာခံပါ။ ကျောက်ယွင်တိရဲ့လက်ထဲက သေနတ်ကို သိမ်းပြီး သူ့ကို ချက်ချင်း ပြန်ခေါ်သွား။” ကျောက်ချင်းဖုန်း အသက်ပြင်းပြင်းတစ်ချက် ရှူပြီးနောက် လေသံပြတ်ပြတ်ဖြင့် အော်လိုက်သည်။
"ကျွန်တော်တို့က သုတေသနဌာနနေရာကနေ ပြန်လာခဲ့ရပြီ။ ကျောက်ယွင်တိကတော့ ထန်ရှု၊ ဝေ့ရှီးချင်တို့နဲ့ အထဲကို ဝင်သွားတယ်။ ကျွန်တော်တို့က အထဲကို ဝင်လို့မရဘူးဆိုတော့ အခုပဲ ပြန်လာခဲ့ရတယ်။” ဖုန်းထဲမှတစ်ဖက်လူက ပြန်လည်ဖြေလာခဲ့သည်။
"သူက ဘာဖြစ်တယ်။"
ကျောက်ချင်းဖုန်းသည် တစ်ဖက်မှ အစီရင်ခံစာကြောင့် မယုံကြည်နိုင်ဟန် ဇဝဇေဝါဖြစ်ကာ အံ့သြတုန်လှုပ်သွားရပြန်သည်။
သူ့သားက ဝေ့ရှီးချင်ကို ပစ်သတ်လိုက်ကတည်းက ဝေ့ရှီးချင်က သေရင်သေ၊ မသေရင် အနည်းဆုံးတော့ ဒဏ်ရာ ရသွားမှာမလား။
အခုက ဘယ်လို…
မိနစ်အနည်းငယ်အကြာတွင် ကျောက်ချင်းဖုန်း၏စိတ်ကို မရိုးမရွဖြစ်စေသော ပဟေဠိသည် နောက်ဆုံးတော့ ပြေလည်သွားခဲ့သည်။ ထန်ရှုက သူ့သားအား ပြင်းပြင်းထန်ထန် ရိုက်နှက်ခြင်းသည် သူ့ကို ဒေါသမထွက်စေရုံသာမက ကျေးဇူးတင်စေမိသည့်အပြင် အပျော်ကြီး ပျော်ရသည်။
ထန်ရှုသည် ကျောက်ယွင်တိကို ရိုက်နှက်ပြီး အခြားသူများကို ကယ်တင်ခဲ့သည်။
ထန်ရှုက သားဖြစ်သူကို ပါးရိုက်ပြီး ဘေးဆိုးကြီး ဖြစ်လာမည့် တာဝန်အား ယူပေးလိုက်ခြင်းအပေါ် ကျောက်ချင်းဖုန်း ကျေးဇူးမတင်ဘဲ မနေနိုင်ပါချေ။
၎င်း၏အထူးအထောက်အထားဖြင့် ပြင်ပတွင် အစစ်ဆေးခံပြီးနောက် ဗိုင်းရပ်သုတေသနအဖွဲ့အစည်းအတွင်းသို့ ဝင်ရောက်ခွင့်ရခဲ့သည်။ ကားများသည် ကူးစက်ရောဂါသီးသန့်ခွဲထားရာ ဧရိယာ၏အပြင်ဘက် မြေကွက်လပ်ဆီသို့ မောင်းနှင်လာခဲ့ပြီး ကျောက်ချင်းဖုန်းသည် ကားတံခါးကို အမြန်ဖွင့်ကာ ကျောက်ယွင်တိဆီသို့ ပြေးသွားခဲ့သည်။ ကျောက်ယွင်တိ၏မျက်နှာသည် ထန်ရှု၏ ပါးရိုက်ချက်များကြောင့် နီရဲဖူးယောင်နေသော်လည်း ကျောက်ချင်းဖုန်းသည် သနားစိတ်ပူရမည့်အစား ပိုလို့ပင် ဒေါသထွက်လာခဲ့သည်။
ဖြန်း…ဖြန်း…ဖြန်း…
၁၂ချက်လောက် ပါးရိုက်ကာ သူ၏ဒေါသများကို ဖြေဖျောက်လိုက်ပြီးနောက် ကျောက်ချင်းဖုန်းတစ်ယောက် နောက်ဆုံးမှာတော့ ရပ်တန့်သွားခဲ့သည်။ သားဖြစ်သူအား တွန်းကာ ထိုင်ခိုင်းလိုက်ပြီး စိုက်ကြည့်ရင်း ဆူပူဆဲဆိုတော့သည်။
“မင်းလို အရှုပ်ထုပ် မွေးလာမယ်ဆိုတာ စောစောစီးစီး ငါသိခဲ့ရင် မင်းအမေဗိုက်ထဲကနေ ထွက်မလာအောင် လုပ်ခဲ့မိမှာ။ မင်းက ကျောက်မိသားစုကို လုံးဝ မျက်နှာပျက်အောင် လုပ်နေတဲ့ကောင်ပဲ။ ဒီအရှက်ကို ငါ ဘယ်လိုဖုံးကွယ်ရမလဲ။ ဟမ် သောက်ရူးကောင် … မင်းမှာ ဝက်ဦးနှောက် ဒါမှမဟုတ် သိုးဦးနှောက် ရှိနေတာလား။"
အံ့သြထိတ်လန့်ကာ ကြက်သေသေနေသော ကျောက်ယွင်တိခမျာ ဖခင်ဖြစ်သူသည် ဤနေရာသို့ အပြေးရောက်လာပြီးနောက် တစ်စက္ကန့်မျှပင် မဖြုန်းတီးဘဲ သူ့အား ဆူပူကြိမ်းမောင်းလိမ့်မည်ဟု တစ်ခါမှ အိပ်မက်မမက်ခဲ့ဖူးချေ။ ထန်ရှုက သူ၏ မျက်နှာကို ပြင်းပြင်းထန်ထန် ရိုက်လိုက်ပြီးနောက် သူသည် စိတ်ထဲတွင် ဒေါသကြီးစွာ ထွက်နေခဲ့သည်။ အခု ဖခင်ဖြစ်သူကပါ ရောက်လာပြီး ပါးထပ်ရိုက်လိုက်သောကြောင့် ဒေါသစိတ်ကို မထိန်းနိုင်တော့ဘဲ
“အဖေ … ကျွန်တော့်ကို ဘာအတွက် ရိုက်တာလဲ။ ဘယ်အရာက အဖေ့အတွက် ရိုက်ခွင့်ဖြစ်စေတာလဲ။ ကျွန်တော့်အဖေဖြစ်လို့ ရိုက်တာလား … ကျောက်မိသားစုကို မျက်နှာပျက်စေတယ်ဆိုပြီး ရိုက်တာလား။ ကျွန်တော့်ရဲ့မူလရည်ရွယ်ချက်ကို အဖေ မေးရဲ့လား … တွေးရဲ့လား။ ကျွန်တော် ဒီလိုတွေ လုပ်ခဲ့တာ ဘယ်သူ့အတွက်လို့ အဖေထင်လဲ။ ကျွန်တော့်ညီမ၊ အဖေ့သမီး၊ အဖေ့ရဲ့ သမီးအရင်းအတွက်ပဲ..."
ကျောက်ချင်းဖုန်းသည် လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ သူ့သား၏အသွင်အပြင်ကို ကြည့်ရင်း အတန်ပင် စိတ်မသက်မသာ ဖြစ်ရပြီး စိတ်ဆင်းရဲနေရသော်လည်း သူသည် စိတ်နှလုံးကို ကြံ့ကြံ့ခိုင်အောင်ထားဆဲဖြစ်ကာ ပြေးလာသော လုံခြုံရေးအစောင့်အများအပြားကို အော်ပြောလိုက်သည်။
“ရိုက်။ ဒီသင်ခန်းစာကို သူ မမေ့သွားအောင် ခပ်ပြင်းပြင်းလေးသာ ရိုက်။ သူ့အမှားကို သူသဘောပေါက်ဦးမယ်လို့ ငါမထင်ဘူး။ ဟေ့ … သောက်ကျိုးနည်း မင်းတို့ဘာတွေ ကိုရို့ကားယား ဖြစ်နေကြတာလဲ။ သူ့ကို ရိုက်…”
အစောင့်များသည် တုန်လှုပ်ခြောက်ခြားစွာ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ကျောက်ချင်းဖုန်းထံမှ အေးစက်သောအမိန့်ကို ကြားပြီးနောက် သူတို့သည် ကူကယ်ရာမဲ့နေဟန်များဖြင့် ကျောက်ယွင်တိထံသို့ လက်သီးချက်အမြောက်အမြား ဗုန်းကြဲတော့သည်။ ဒါပေါ့ … သူတို့အားလုံးသည် သိုင်းစွမ်းရည်ကောင်းသော လူများ ဖြစ်သောကြောင့် ကျောက်ယွင်တိ၏ ကြွက်သားများနှင့် အရိုးများကို မထိခိုက်စေရဘဲ တကိုယ်လုံးကိုသာ နာကျင်နေစေခဲ့သည်။
"အခု … ငါ့ကို ပြော။ မင်းအမှားကို မင်း သိပြီလား။" ကျောက်ချင်းဖုန်း ဒေါသတကြီး မေးလိုက်သည်။
ကျောက်ယွင်တိက လည်ပင်းကို လိမ်ပြီး စူးစူးဝါးဝါး အော်လိုက်သည်။
“ဟင့်အင်း … ကျွန်တော် လုံးဝမမှားဘူး။"
ဖုန်း...
ကျောက်ချင်းဖုန်းက သူ့ကို ကန်ထည့်လိုက်ပြီး ထပ်အော်လိုက်ပြန်သည်။
“ဆက်ရိုက်။ သူ သေရင်တောင် ငါ တာဝန်ယူမယ်။ သူ့လို ဆန်ကုန်မြေလေး ပြသနာကောင် ရှိနေတာက ကျောက်မိသားစုအပေါ် ဒုက္ခကြီးကြီးမားမားတွေနဲ့ ဘေးဆိုးကြီးတွေကိုပဲ အနှေးနဲ့အမြန်ဆိုသလို ရောက်လာလိမ့်မယ်။"
နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့သည်ကတော့ ပြင်းထန်သော လက်သီးအတွဲလိုက်တွေပါပင်။
"အခု ဘယ်လိုလဲ။ မင်းရဲ့အမှားကို မင်း သိသွားပြီလား။" ကျောက်ချင်းဖုန်း လေးပင်သော လေသံဖြင့် မေးလိုက်သည်။
“မသိဘူး။” ကျောက်ယွင်တိက နာကျင်မှုကို အံကြိတ်ခံကာ ပြန်အော်လိုက်သည်။
"မင်းက သတ္တိရှိသားပဲ။" ကျောက်ချင်းဖုန်းက သူ့ကို လက်မ ထောင်ပြပြီး သက်ပြင်းချလိုက်သည်။
"ဒါဆို ငါ့ရဲ့နောက်ထပ်လှုပ်ရှားမှုကို မင်း မြည်းစမ်းကြည့်လိုက်ဦး။ သူ့ကို မိသားစုစံအိမ်ကို ပြန်ခေါ်သွားလိုက်။ ကျောက်မိသားစုရဲ့ ပြစ်ဒဏ်စည်းမျဉ်းအရ သူ့ကို အရင်ဆုံး အပြစ်ပေးမယ်။ ပြီးရင် အမှောင်ခန်းထဲ ပစ်ထည့်လိုက်ပြီး အဲဒီ့မှာ သော့ခတ်ထားမယ်။ မင်းအမှားကို အခု ဝန်ခံတော့မလား။ မဝန်ခံဘူးဆိုရင် မင်း မသေမချင်း အမှောင်ခန်းထဲမှာ နေရမှာပဲ။"
ကျောက်ယွင်တိ၏မျက်လုံးများသည် ကြောက်ရွံ့ထိတ်လန့်သောကြောင့် ပြူးကျယ်လာရသည်။ ကျောက်မိသားစု၏ အမှောင်ခန်းသည် စစ်တပ်အတွင်းရှိ လျှို့ဝှက်အကျဉ်းခန်းအတိုင်း ဆောက်လုပ်ထားပြီး စစ်တပ်၏တိုက်ပိတ်အခန်းထက် ပိုသေးကာ နေရာ ပိုကျဉ်းသည်။ ကျောက်ယွင်တိ ငယ်စဉ်က ထိုအမှောင်ခန်းထဲတွင် အကြိမ်ပေါင်းများစွာ သော့ခတ်ခံခဲ့ရသော်လည်း တစ်ရက်တည်းသာ နေရခြင်းဖြစ်သည်။
သေချာသည်မှာ သူသည်လည်း ယခင်ကကဲ့သို့ အပြစ်ပေးခံရခြင်းကို လွန်စွာ စိတ်ပျက်အားလျော့နေခဲ့သည်။ သူ၏မျက်လုံးထဲတွင် ထိုမှောင်မိုက်နေသောအခန်းသည် မည်သူတစ်ဦးတစ်ယောက်အတွက်မျှ နေသင့်သော အရပ်မဟုတ်ပေ။ ထိုနေရာ၌ နာရီအနည်းငယ် ကြာအောင်ပင် အလွန်စိတ်တင်းကာ နေရသည်ဖြစ်ပြီး တစ်ရက်သည် သူ၏အကန့်အသတ်အား ကျိုးပြတ်လုနီးပါး ဖြစ်သည်။ သူသာ အဲ့ဒီနေရာတွင် ပိတ်လှောင်ခံထားရပါက သုံးရက်ကနေ ငါးရက်ခန့်ကြာပြီးနောက်တွင် သူ့ကိုယ်သူ သတ်သေမိမှာ သေချာပေသည်။
"မလုပ်နဲ့ … ဝန်ခံပါတယ်။ ကျွန်တော့်အမှားကို ဝန်ခံပါတယ်။ ကျွန်တော့်ရဲ့ လုပ်ရပ်တွေက တကယ့်ကို မဆင်မခြင်လုပ်မိတာကို ဝန်ခံပါတယ် … ဒါပေမယ့် ဒါတွေက အဖေက အဖေတစ်ယောက်လို လုံးဝ ဂရုမစိုက်တဲ့အတွက် ညီမလေး ကောင်းဖို့အတွက် ကျွန်တော် လုပ်ရတာပါ။ ကျွန်တော် သူ့ကို ဂရုမစိုက်ရင် ညီမလေး ဒီမှာ သေသွားလိမ့်မယ်။"
ကျောက်ချင်းဖုန်း စိတ်ထဲမှ သက်ပြင်းသာချမိသည်။ သူ၏သည်သားတော်မောင်ကြောင့် သူ စိတ်ပျက်လက်ပျက် ဖြစ်နေရချေပြီ။ ဘုရားသခင်၏အကျိုးကျေးဇူးကြောင့် သူ့စိတ်သဘောထားကို ရရှိထားသည့် သမီးလေးအား သူ မည်သို့ ဂရုမစိုက်ပဲ နေနိုင်ပါမည်နည်း။ တကယ်တမ်းတွင် သူသည် ဝေ့ရှီးချင်ကို ဖုန်းဆက်ထားပြီးဖြစ်ရာ သမီးဖြစ်သူအား တတ်နိုင်သမျှ ကြိုးစားကုသပေးမည်ဆိုသော အာမခံချက်ကိုလည်း ရရှိထားပြီးဖြစ်သည်။
ယခုမူကား သည်အတင့်ရဲပြီး ဘာမှ အသုံးမကျသော သားသည် စိတ်အနှောင့်အယှက်ဖြစ်စရာတစ်ခု အလားပင်။ ဝေ့ရှီးချင်၏တည်ရှိခြင်းကြောင့်သာ မဟုတ်ပါက သူသည် အရှက်တရားနှင့် အနေရခက်မှုတို့ကြောင့် တွင်းတစ်ခုတူးပြီး သူ့ကိုယ်သူ မြုပ်မိပေတော့မည်။ ဖခင်တိုင်းသည် မိမိတို့၏သားများအတွက် မျှော်လင့်ချက်ကြီးမားစွာ ထားရှိကြပြီး သူတို့၏ဘဝအောင်မြင်မှုကို တောင့်တကြသည်။ သို့သော် ယခုအချိန်တွင် သူသည် ထိုကဲ့သို့ မရနိုင်သော အရာကို တောင့်တသည့် အတွေးမျိုး မရှိတော့ဘဲ သူ့သားကို အင်းဆက်တစ်ကောင်လို မဖြစ်စေရန်အတွက်သာ ဆန္ဒရှိတော့သည်။
ထို့နောက် ကျောက်ချင်းဖုန်းက လုံခြုံရေးအစောင့်များကို လက်ပြလိုက်သည်။ ထို့နောက် သူ၏အကြည့်များသည် အနီးရှိ ချန်းထုံဆီသို့ ပြောင်းသွားကာ တစ်ခဏမျှ တုံ့ဆိုင်းသွားပြီး မှ မေးလိုက်သည်။
“လူရွယ်လေး … မင်းက…”
ထိုအချိန်တွင် ချန်းထုံသည် အတော်ပင် စိတ်လှုပ်ရှားနေခဲ့သည်။ ကျောက်ယွင်တိသည် ကျောက်ထင်းထင်၏အစ်ကိုအရင်း ဖြစ်သည်ကို သိသွားချိန်တွင် သူနှင့် ပိုမိုရင်းနှီးချင်ခဲ့သည်။ သို့သော် ယခုမူ ကျောက်ချင်းဖုန်းလည်း ရောက်လာသောကြောင့် သူ ပို၍ စိတ်လှုပ်ရှားပူပန်သွားမိသည်။ ယောက္ခမကို မြင်သော ရုပ်ဆိုးဆိုး ချွေးမတစ်ယောက်ပမာ သူ ခံစားနေခဲ့ရတော့သည်။
“ဟယ်လို ဦးလေး။ ကျွန်တော်က ချန်းထုံဖြစ်ပြီး ထန်ရှုက ကျွန်တော့်ရဲ့ဆရာအဘိုးပါ။"
သည်တုံ့ပြန်မှုကြောင့် ကျောက်ချင်းဖုန်း တွေကနဲ ဖြစ်သွားသည်။ ထန်ရှုတွင် မြေးတပည့်တစ်ယောက်ပင် ရှိလိမ့်မည်ဟု သူ တစ်ခါမှ မထင်ထားခဲ့မိပေ။ သူ ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် စူးစမ်းလိုက်သည်။
“ဒါဆို မင်းအဖေက…”
"ကျွန်တော့်အဖေက ချန်းကျီကျုံးပါ။ မိသားစုစီးပွားရေးဖြစ်တဲ့ အဆုံးမဲ့ဂုဏ်ရည် ဆေးဝါးလုပ်ငန်းရဲ့ ပိုင်ရှင်ပါ။"
ချန်းထုံက ရိုးသားစွာ ဖြေသည်။
ကျောက်ချင်းဖုန်း ရုတ်ခြည်းပင် နားလည်သွားရသည်။ သူသည် ထန်ရှုအကြောင်းအား များစွာသိရှိထားရာ ထန်ရှုတွင် တပည့်များစွာရှိပြီး အဆုံးမဲ့ဂုဏ်ရည် ဆေးပင်ဆေးဝါးလုပ်ငန်းမှ ချန်းကျီကျုံးလည်း တစ်ယောက်အပါအဝင် ဖြစ်သည်ကို သူ သိထားသည်။ သူက ခေါင်းညိတ်လိုက်ပြီးနောက် ချန်းထုံကို ဂရုတစိုက်ကြည့်ရင်း ထပ်မေးလိုက်သည်။
"မင်း ဒီကို ထန်ရှုနဲ့ လိုက်လာတာလား။"
"တကယ်တော့ ကျွန်တော်က ဆရာအဘိုးကို ဖိတ်ခေါ်ခဲ့တာပါ။" ချန်းထုံက ဆိုသည်။
“ကျွန်တော် … ကျွန်တော်က ဦးလေးရဲ့သမီးနဲ့ နိုင်ငံရပ်ခြားက အတန်းဖော်ကျောင်းသားတွေပါ … ပြီးတော့…”
…ပြီးတော့က ဘာတုန်း…
ကျောက်ချင်းဖုန်းက တွေဝစွော စိုက်ကြည့်လာရင်း အံ့သြတကြီး မေးလိုက်သည်။
"ပြီးတော့က ဘာလဲ။ မင်းနဲ့ ငါ့သမီးကြားက ဘယ်လိုလဲ။"
အတော်ပင် အနေရအထိုင်ရခက်နေဟန် ရှိသော်လည်း ချန်းထုံက ခေါင်းညိတ်ပြီး
"ဦးလေးကျောက် … ကျွန်တော် ကျောက်ထင်းထင်ကို တကယ် ကြိုက်ပါတယ်။ ဒီတစ်ကြိမ် နိုင်ငံခြားကနေ ပြန်လာရတာလည်း ဦးလေးကျောက်နဲ့ ဒေါ်ဒေါ့်ဆီ လာလည်ဖို့ ပြင်ဆင်နေတာကြောင့်ပါ။ ဒီလိုပြသနာ ကြုံရမယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားပါဘူး။”
ချက်ချင်းဆိုသလိုပင် ကျောက်ချင်းဖုန်း အရာအားလုံးကို ရှင်းသွားတော့သည်။ သမီးဖြစ်သူက နိုင်ငံခြားက ပြန်မလာခင်မှာ ကျေနပ်စရာကောင်းသည့် အံ့သြမှုကို ပေးမည်ဟု ပြောခဲ့သည်မှာ အံ့သြစရာမရှိတော့ပါပေ။ သူမ၏ချစ်သူကို အိမ်ခေါ်ပြတော့မည်ဟု ရည်ရွယ်ထားဟန် ရှိသည်။ သူသည် ချန်းထုံအား မနှစ်မြို့စရာမရှိသည့်အပြင် ကျေနပ်ပျော်ရွှင်နေသေးသည်။ ကျောက်မိသားစုသည် ထင်ရှားပြီး ပိုင်ဆိုင်မှုများစွာရှိသော်လည်း ချန်းကျီကျုံး၏ အဆုံးမဲ့ဂုဏ်ရည် ဆေးဝါးလုပ်ငန်းသည် တရုတ်နိုင်ငံတွင် ထင်ရှားသော ထိပ်တန်းဆေးဝါးကုမ္ပဏီတစ်ခု ဖြစ်သောကြောင့် ချန်းအိမ်တော်သည်လည်း မဆိုးပေ။ ထို့အပြင် ချန်းထုံသည် အန္တရာယ်ကြုံလာသောအခါတွင် သူ့သမီးနှင့် အတူနေရန် ရွေးချယ်ခဲ့ပြီး သူ၏ဆရာအဘိုးဖြစ်သူ ထန်ရှုအား ပေကျင်းသို့ လာရန်ပင် တောင်းဆိုပေးခဲ့သည်။ သည်အချက်တွေကပင် သူ့သမီးအား တကယ်ဂရုစိုက်ကြောင်း လုံလောက်သော သက်သေများပင်တည်း။
“ထင်းထင်သာ ဒီဒုက္ခကို ဘေးကင်းစွာ လွတ်မြောက်နိုင်ရင် မင်းကို ခေါ်ပြီး ငါတို့အိမ်ကို လာလည်ဖို့ သူ့ကို ငါ ပြောလိုက်မယ်။"
ကျောက်ချင်းဖုန်းသည် ခဏမျှ ငြိမ်သက်သွားပြီးနောက် ချန်းထုံ၏ပခုံးကို ပုတ်ကာ သက်ပြင်းချလိုက်သည်။
ချန်းထုံ၏မျက်နှာထက်တွင် အံ့သြကျေနပ်မှုများ ဖုံးလွှမ်းသွားသည်။ ဉာဏ်ရည်ထက်မြက်သူပီပီ ယောက္ခမဖြစ်သူက သူ့ကိုလက်ခံထားပြီးဖြစ်ကြောင်း ကျောက်ချင်းဖုန်း၏စကားများကနေတဆင့် သူ သိနိုင်ပေသည်။
"ကျေးဇူးတင်ပါတယ် ဦးလေးကျောက်။ ထင်းထင် နေကောင်းလာမယ်လို့ ကျွန်တော် အခိုင်အမာ ယုံကြည်ပါတယ်။”
ကျောက်ချင်းဖုန်း ခေါင်းညိတ်ကာ တုန့်ပြန်လိုက်သည်။ သူ အပြင်တွင် စောင့်နေရခြင်းမှာ ပထမဆုံးအနေဖြင့် သူ့သမီးလေး၏အခြေအနေကို သိရန်၊ ဒုတိယအနေဖြင့် ဝေ့ရှီးချင်ကို တောင်းပန်ပြီး ထန်ရှုကိုလည်း ကျေးဇူးတင်ကြောင်း ဖော်ပြရန်အတွက် ဖြစ်ပေသည်။
နှစ်နာရီအကြာတွင် ထန်ရှုသည် တလျှောက်လုံး အဖော်လိုက်ပါလာသောဝန်ထမ်းနှင့်အတူ ကူးစက်သူများ သီးသန့်ခွဲထားသည့်နေရာ၏တံခါးမှ ထွက်လာပြီး ဝေ့ရှီးချင်သည်လည်း တစ်ချိန်တည်းနီးပါး အနောက်ကနေ အလျင်အမြန် လိုက်လာသည်။
ကျောက်ချင်းဖုန်းက တောင်းပန်ပြီး ကျေးဇူးတင်စကား ပြောကြားခြင်းဖြင့် တာဝန်ယူတတ်သော၊ အလွန်ရိုးသားသော သဘောထားကို ပြသခဲ့သည်။ ဝေ့ရှီးချင်ဆီက ခွင့်လွှတ်သောစကားကို ရပြီးနောက် သူက ထန်ရှုအား
"ထန်ရှု … ငါ့သမီးလေး အခု ဘယ်လိုနေသေးလဲ။"
"စိတ်မပူပါနဲ့။" ထန်ရှုက ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။ "သူက နောက်ထပ် စောင့်ကြည့်လေ့လာဖို့အတွက် ဒီနေရာမှာ နှစ်ရက်လောက်နေဖို့ လိုသေးတယ်ဆိုပေမယ့် ဒီနှစ်ရက်အတွင်း သူ့ရဲ့ခန္ဓာကိုယ်မှာ မမျှော်လင့်ထားတဲ့ အပြောင်းအလဲတွေ မဖြစ်တော့ဘူးဆိုရင် သူ ထွက်သွားလို့ရပါပြီ။"
***