မြို့တော်တွင် ကျော်ကြားလာခြင်း
Vol. 43 Ch. 600
ကျောက်ချင်းဖုန်းတစ်ယောက် အံ့သြတုန်လှုပ်နေသော အမူအရာဖြင့် တွေတွေကြီး စိုက်ကြည့်နေသည်။ ဤကပ်ရောဂါဖြစ်ပွားမှုတွင် သူ၏သမီးဖြစ်သူသည် ပထမဆုံးလူနာ ဖြစ်နေသောကြောင့် ပေကျင်းမြို့ရှိ ဆေးရုံကြီးများမှ ဆေးပါမောက္ခများကို ကိုယ်တိုင်ကိုယ်ကျ ရှာဖွေတွေ့ဆုံကာ ဤနေရာသို့ အကူအညီပေးရန် အကြံပြုခဲ့သည်။ လွန်ခဲ့သည့် နာရီအနည်းငယ်ကပင် သူသည် ထိုပါမောက္ခများကို ဖုန်းဆက်ခဲ့ရာ ၎င်းတို့သည် တိုးတက်မှုများစွာမရှိခဲ့ဘဲ ဤကပ်ရောဂါနှင့်ပတ်သက်၍ ဘာမှ မလုပ်ဆောင်နိုင်ကြောင်း သိရှိခဲ့ရသည်။
ဘယ်လို … ရုတ်တရက်ကြီး ဘယ်လိုဖြစ်သွားနိုင်တာလဲ။
ဝေ့ရှီးချင်က ကျောက်ယွင်တိအား ခွင့်လွှတ်ပေးသည်ဟု ဆိုသော်ငြားလည်း လုံး၀ စိတ်ပြေသွားသည်တော့ မဟုတ်ချေ။ ကျောက်ချင်းဖုန်း၏ ထိတ်လန့်တုန်လှုပ်သော အမူအရာကိုမြင်ပြီးနောက် သူက အလေးအနက်ထားကာ မှတ်ချက်ပေးလိုက်သည်။ “မစ္စတာထန်က တရုတ်နိုင်ငံမှာ နတ်ဆေးသမားတော်တစ်ယောက်အဖြစ် ကျော်ကြားနေတာဆိုတော့ သူ့မှာ သဘာဝအလျောက် နတ်ဆေးသမားတော်ရဲ့အရည်အချင်းတွေ ရှိနေမှာပဲ။ သူ့အတွက် ခက်ခဲတဲ့အရာ မဟုတ်လောက်ဘူး။ သူ့လက်နဲ့ ထိလိုက်ရုံနဲ့ကို ရောဂါက အလွယ်တကူ ပျောက်ကင်းသွားမှာ။”
ကျောက်ချင်းဖုန်း၏နှလုံးသားထဲတွင် နက်ရှိုင်းသော လေးစားမှုတစ်ခု ချက်ချင်းဖြစ်ပေါ်လာသည်။ ထန်ရှုသည် ဆေးပညာရပ်၌ လွန်စွာကျွမ်းကျင် ထူးချွန်ကြောင်း သူ ကြားသိထားပြီး ယခုအကြိမ်တွင် ၎င်းကို သိမြင်ခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် ပါမောက္ခများအတွက် ကူကယ်ရာမဲ့ဖြစ်နေသော ကူးစက်ရောဂါအား ထန်ရှုမှ အလွယ်တကူ ဖြေရှင်းနိုင်ခဲ့သည်။ သူ၏စွမ်းရည်သည် ၎င်းတို့၏အထက် ကောင်းကင်မှ ဖြစ်သည်ဟု ဆိုနိုင်ပေသည်။
"ထန်ရှု … ဒီကျေးဇူးတရားအတွက် ငါ ကျေးဇူးတင်စကား မပြောတော့ဘူး။ ဒါပေမယ့် မင်း ငါ ကျွမ်းကျင်တဲ့နယ်ပယ်ထဲမှာ တစ်ခုခု လိုအပ်တာရှိရင် ဒီကျောက်ချင်းဖုန်းကို ဘာမှ နှောင့်နှေးမနေဘဲ ခေါ်လိုက်ပါ။"
မည်သူ့ကိုမှ လွယ်လွယ် ကတိမပေးတတ်သော ကျောက်ချင်းဖုန်းက သည်အချိန်တွင် အလေးအနက်ထားကာ ကတိပေးလာသည်။
“ကျွန်တော်က ဆရာဝန်တစ်ယောက်ဆိုတော့ ဆရာဝန်တစ်ယောက်ရဲ့တာဝန်နဲ့ ဝတ္တရားအရ ကျွန်တော့်အလုပ်ကို ကျွန်တော် လုပ်နေတာပါ။ နောက်ပြီး ကျွန်တော့်ရဲ့ မြေးတပည့်တစ်ဦးကလည်း မစ္စကျောက်နဲ့ အတော်ရင်းနှီးတဲ့ ဆက်ဆံရေးတစ်ခု ရှိတယ်လေ။ ကျွန်တော့်မှာ လုပ်နိုင်တဲ့စွမ်းရည်ရှိမှတော့ အစွမ်းကုန်လုပ်ပေးရမှာ သဘာဝပါပဲ။”
သူ၏ဘေးမှ အမှားအမှန် မသိလောက်အောင် ဆိုးသွမ်းနေသော သားဖြစ်သူကို ကြည့်ပြီး ကျောက်ချင်းဖုန်း၏ရင်တွင်း၌ ခါးသီးမှုကို ခံစားရသည်။ ထန်ရှုသည် သူ၏အသုံးမကျသောသားထက် နှစ်အနည်းငယ် ငယ်သော်လည်း ပါရမီရှင်ဖြစ်ပြီး ပေါင်းသင်းဆက်ဆံရေး ကောင်းသည်။ ထို့အပြင် လုပ်ငန်းကြီးလုပ်ရန်အတွက် အလွန်ခိုင်မာသော အရင်းအနှီးကိုလည်း ပိုင်ဆိုင်ထားပြီး ကျွမ်းကျင်အစွမ်းထက်သော ကိုယ်ပိုင်အရည်အချင်းများ ရှိသည်မှာလည်း ပြောစရာပင် မလိုပါချေ။ ထိုနှစ်ဦးကို နှိုင်းယှဉ်ကြည့်မည်ဆိုပါလျှင် ထန်ရှုသည် တိမ်များထက်သို့ ပျံတက်နေသော ရွှေနဂါးတစ်ကောင်နှင့်တူသော်လည်း သူ့သားမှာမူ ချိုင့်ခွက်ထဲက ရွှံ့နွံအဖြစ် မှတ်ယူရပေမည်။
တကယ်တော့ သူတို့သည် ကမ္ဘာမတူသည့်အလားပင်။ ကျောက်ချင်းဖုန်းက သက်ပြင်းတစ်ချက် ချလိုက်ပြီး "ထန်ရှု … ငါ လုပ်စရာတွေ ရှိသေးလို့ ဒီမှာ မနေတော့ဘူး။ ကျေးဇူးပြုပြီး တစ်ရက်လောက် သောက်ဖို့ ငါ့အိမ်ကို လာလည်ပါဦး။”
"အချိန်ရရင် ကျွန်တော် ဦးလေးကျောက်ဆီ လာလည်ပါ့မယ်။" ထန်ရှုက ပြုံးပြီး ခေါင်းညိတ်သည်။
ကျောက်ချင်းဖုန်း ထွက်သွားပြီး စိတ်ရှုပ်ထွေးနေဟန် ရှိသော ကျောက်ယွင်တိကို ပြန်ခေါ်သွားခဲ့သည်။ သူသည် ထန်ရှု၏ ဆိုးရွားစွာ ရိုက်နှက်မှုကို ခံခဲ့ရသော်လည်း ထန်ရှုက သူ၏ညီမကို ကယ်တင်နိုင်ခဲ့သည်။ ဒါက သူ ဘယ်တော့မှ မပြောင်းလဲနိုင်မည့် ကျေးဇူးတရားမျိုး ဖြစ်ပေတော့သည်။
ဝေ့ရှီးချင်သည် ထွက်ခွာသွားသော ကားနှစ်စီးအား ကြည့်နေရာမှ ထန်ရှုအား လေးလေးနက်နက် လှည့်ကြည့်ကာ
"နတ်ဆေးသမားတော်ထန် … ငါ အားလုံးကို စီစဉ်ပြီးသွားပြီ။ ဆေးပညာရှင်တွေနဲ့ ပါမောက္ခတွေကလည်း မင်းကို တွေ့ချင်နေကြတယ်။ မင်းလုပ်ခဲ့တာတွေအတွက် သူတို့တွေ ရိုးရိုးသားသား ချီးကျူးနေကြတယ်။"
"ကျွန်တော် မတွေ့တော့ပါဘူး။ သူတို့အားလုံးက အနောက်တိုင်းဆေးပညာနယ်ပယ်က ကျွမ်းကျင်သူတွေ ဖြစ်ပြီး ကျွန်တော်က တရုတ်တိုင်းရင်းဆေးနယ်ပယ်က ဖြစ်နေတယ်။" ထန်ရှုက ခေါင်းယမ်းလိုက်သည်။ “ဒီကိစ္စနဲ့ ပတ်သက်ပြီး တရုတ်နဲ့ အနောက်တိုင်း ဆေးပညာနယ်ပယ်ရဲ့ အရေးကြီးတဲ့ အဓိပ္ပါယ်က ပန်းသီးနဲ့ ကမာကောင်ကို ခိုင်းနှိုင်းထားသလို မတူညီတဲ့နယ်ပယ်နှစ်ခုကို ခိုင်းနှိုင်းတဲ့ အခြေအနေပါ။ ဘာပဲဖြစ်ဖြစ် ဒါရိုက်တာဝေ့ရေ … ကျွန်တော့်အဒေါ်က ကျွန်တော့်ကို တခြားတစ်ခု လုပ်ခိုင်းနေပြီမို့ အရင်ပြန်နှင့်တော့မယ်ဗျ။"
ဝေ့ရှီးချင်က ခေါင်းညိတ်ပြပြီး ရုတ်တရက် ပြောလိုက်သည်။
"နတ်ဆေးသမားတော် ထန် … ချန်းထုံကို နေခွင့်ပြုပေးပါလား။ သူက…"
ထန်ရှု တစ်စက္ကန့်မျှ တွေဝသွေားပြီး ချန်းထုံကို ကြည့်လိုက်သည်။
ချန်းထုံ တခဏ စဉ်းစားပြီးနောက် ခေါင်းညိတ်ပြကာ "ဆရာအဘိုး … ဒါရိုက်တာဝေ့က ငါ့အတွက် စိတ်သက်သာရာ မရသေးတဲ့အတွက် ဒီမှာပဲ နေခဲ့လိုက်မယ်။ ဒါပေမယ့် ငါ ထင်းထင်နဲ့ အတူနေချင်ပါတယ်။"
သူ့အတွေးများကို လွတ်လပ်စွာ ဖော်ပြခြင်းအပေါ် ဝေ့ရှီးချင် အံ့အားသင့်သွားရသော်လည်း ချန်းထုံ၏တောင်းဆိုချက်အား ခွင့်ပြုပေးလိုက်သည်။
"ကိစ္စမရှိဘူး။ ကျောက်ထင်းထင်က သူ့အခန်းထဲမှာ တစ်ယောက်တည်း နေတာဆိုတော့ မင်းကို သူနဲ့ တစ်ခန်းတည်းနေဖို့ ငါ စီစဉ်ပေးလိုက်မယ်။"
ချန်းထုံ ဆုံးဖြတ်ချက်ချပြီးပြီဆိုသည်ကို မြင်လိုက်ရသော ထန်ရှုက ဘာမှ ထပ်မပြောတော့ချေ။ ချန်းထုံ၏ကားအား မောင်းနှင်လာပြီးနောက် ထန်မိသားစု၏ဘိုးဘွားစံအိမ်သို့ တန်းသွားလိုက်သည်။
အပြင်သို့ ထွက်ခဲသော သူ့အဘိုး ထန်ကောရှန့်သည် သည်နေ့တွင် အပြင်ထွက်သွားခဲ့လေရာ သူ့အဘွားဖြစ်သူပင် အဘိုး မည်သည့်နေရာသို့ သွားလိုက်မှန်း မသိခဲ့ချေ။
ထို့နောက် ထန်ရှုသည် ဘိုးဘွားစံအိမ်တွင် အဘွားဖြစ်သူအား အဖော်လုပ်ပေးခဲ့သည်။ ထို့နောက် သူက ထန်ဝအေား ဖုန်းဆက်လိုက်ရာ ထန်ဝသေည် ပြင်ပတွင် သူ၏သူငယ်ချင်းများနှင့် ဆွေးနွေးပွဲလုပ်နေသည်ကို သိလိုက်ရသည်။ ထန်ရှုလည်း သူ့အား ထပ်မနှောင့်ယှက်တော့ဘဲ သူ့ဆန္ဒအတိုင်း အပြင်သို့ လျှောက်သွားရန် ထွက်ခဲ့သည်။
သည်နေ့ အဖြစ်အပျက်သည် အပြင်တွင် လျှင်မြန်စွာ ပျံ့နှံ့နေမှန်း သူ မသိခဲ့ပေ။ ထင်ရှားကျော်ကြားသော မိသားစုများမှ သက်ကြီးရွယ်အိုများ သို့မဟုတ် ပေကျင်းရှိ ချမ်းသာသော သခင်လေးများ အသိုင်းအဝိုင်းမှ လူတိုင်းသည် ယနေ့တွင် သူ့ကို လက်ခုပ်တီးကာ အားပေးနေကြသည်။
ကန်ဒီကလပ်…
၎င်းကလပ်သည် ပေကျင်း၏ ထိပ်တန်းကလပ်တစ်ခု ဖြစ်သည်။ သန်းကြွယ်သူဌေး အမျိုးကောင်းသားတွေပင် ၎င်းတံခါးများကို ဖြတ်ကျော်ရန် ခက်ခဲပေသည်။ ၎င်း၏အဖွဲ့ဝင်စုစုပေါင်းအရေအတွက်မှာ ၂၀၀ပင် မရှိသော်ငြား တစ်ယောက်ချင်းစီတွင် သိသိသာသာ သြဇာအာဏာ ရှိကြသည်။
ပြင်ပရေကူးကန်အတွင်းတွင် အဖြူရောင် မြူခိုးငွေ့များ ရစ်သိုင်းနေပြီး ထိုကန်ထဲတွင် ရေကူးဝတ်စုံ ဝတ်ထားသည့် လူငယ်နှစ်ဦးသည် လှပသောဘီကီနီဝတ်စုံဝတ် မိန်းကလေးများ ဝိုင်းရံလျက် ဝိုင်နီ သောက်ခြင်း၊ ဆေးပြင်းလိပ် သောက်ခြင်း၊ ဘီကီနီဝတ်စုံဝတ် မိန်းကလေးများ၏ နှိပ်နယ်ပေးခြင်းအား ခံယူခြင်းတို့အား လုပ်ဆောင်နေကြသည်။
"ထန်ဝေ … ကျေးဇူးပြုပြီး ငါ့အဆိုပြုချက်ကို သေချာ စဉ်းစားပါဦး။ ဒီလုပ်ငန်းက အရင်းအနှီးနည်းနည်းပဲ လိုပေမယ့် အမြတ်အစွန်းက အရမ်းများတယ်။ ဒါက နှစ်ခါမရနိုင်တဲ့ အခွင့်အရေးတစ်ခုပဲ။”မျက်လုံးများ မှေးစင်းကာ ဇိမ်ကျနေဟန်ရှိသော ချင်းရှောင်ယန်မှ စကားစလာသည်။
ထန်ဝေ၏အမူအရာမှာ အတန်ငယ် လေးနက်နေပြီး ဆွဲဆောင်မှုရှိသော မိန်းမပျိုများက ဝန်းရံထားသည့်တိုင် လွန်စွာ နှစ်သက်ဟန် မပြပေ။ ချင်းရှောင်ယန်က သူ့အား ပိုမိုနီးကပ်အောင် နေချင်သည်ဆိုပေမယ့် ပြတ်ပြတ်သားသား ပြောရမည်ဆိုပါက သူ့မိသားစု၏အရင်းအမြစ်များကို အသုံးချချင်ရုံပင်။
ယောင်မိသားစု ပြိုလဲသွားပြီး ထန်မိသားစုမှ ဖော်ပြခဲ့သော ခွန်အားကြောင့် ဤနှစ်များတစ်လျှောက်လုံး ထန်မိသားစု ဆုတ်ယုတ်ကျဆင်းလာခဲ့သော်လည်း နောက်ဆုံးတွင် ထန်မိသားစုသည် အမှန်တကယ် မည်မျှ အစွမ်းထက်သည်ကို မသိကြကြောင်း မိသားစုအားလုံးကို သိရှိစေခဲ့သည်။ ဤမိသားစုသည် ပြည်တွင်း ထင်ရှားသော မိသားစုများထဲတွင် ထိပ်တန်းငါးစုထဲ၌ ပါဝင်သည်ဟု ဆိုနိုင်လာခဲ့သည်။
ထို့ကြောင့် ထန်ဝေ၏အဆင့်အတန်းသည် မြို့တော်ရှိ အမျိုးကောင်းသား အသိုင်းအဝိုင်းများကြားတွင် မိသားစုအခြေအနေ မြင့်တက်လာမှုနှင့်အတူ မြင့်မားလာခဲ့သည်။ သည်လဝက်အတွင်းမှာပင် သူ့အား ဖော်ရွေသော မျက်နှာထား၊ လှိုက်လှဲသော စေတနာကောင်းများအား ပြသခဲ့ကြသော အမျိုးကောင်းသား ဆယ်ဦးထက်မနည်း ရှိခဲ့သည်။ ဤလူများသည် သူ့ထံတွင်ရှိသော အခွင့်အရေးတစ်ခုကို အသုံးချချင်နေကြသကဲ့သို့ သူနှင့် မနီးစပ်နိုင်သူများသည် လှုပ်ရှားမှုတစ်ခုပြုလုပ်ရန် စိတ်အားထက်သန်စွာ စောင့်မျှော်နေကြသည်။
သည်ချင်းရှောင်ယန်ကဲ့သို့ပင်။ သည်ကောင်က ချမ်းသာနေပြီးသားဖြစ်ပြီး သူ့မိသားစုက ပိုလို့ပင် ချမ်းသာကြွယ်ဝလှသည်။ ဖခင်ဖြစ်သူက အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွင် နှစ် ၂၀ကျော် လုပ်ကိုင်ခဲ့သည်။ ချင်း ရှောင်ယန်၏ခိုင်မာသော စီးပွားရေးအသိ၊ ဉာဏ်ရည်ထက်မြက်မှုနှင့် အစီအစဉ်များဖြင့် သူ့ကိုယ်သူ ကြွယ်ဝမှုအပြည့် ရှိအောင် လုပ်နိုင်ခဲ့သည်။ နိုင်ငံတွင်း ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းများစွာတွင် အဓိကရှယ်ယာရှင်ဖြစ်လာသည့် သူ့မိသားစု၏ ကြွယ်ဝချမ်းသာမှုနှင့် ပေါင်းထည့်လိုက်လျှင် ချင်းရှောင်ယန်မိသားစု၏ ပိုင်ဆိုင်မှုစုစုပေါင်းမှာ ၅၀ဘီလီယံထက် မကျော်ပါရင်တောင် ထိုပမာဏနှင့် ဝေးကွာမည်မဟုတ်ဟု အချို့သူများက တွက်ချက်ခဲ့ကြသည်။
ကံမကောင်းစွာဖြင့် ချင်းမိသားစုတွင် မိသားစုဝင် အနည်းငယ်သာ ရှိသည်။ ချင်းရှောင်ယန်ထံတွင် ဦးလေးတစ်ယောက် ရှိပြီး ထိုဦးလေးသည် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အပျော်အပါး၊ အသောက်အစား၊ လောင်းကစားများ အမြဲလိုလို ပြုလုပ်လေ့ ရှိပြီး မကြာခဏ ပြည့်တန်ဆာခန်းများတွင် ရှိနေတတ်ကာ အသုံးအဖြုန်းကြီးသော သိုးမည်းတစ်ကောင်ဖြစ်သကဲ့သို့ ပေါ့ပေါ့နေ ပေါ့ပေါ့စား လူပေါ့ကြော့တစ်ဦးလည်း ဖြစ်သည်။ အရေးကြီးဆုံးကတော့ သူသည် ယခုအချိန်အထိ အိမ်ထောင်မပြုသေးဘဲ လေးနက်သော ချစ်သူရည်းစားမျိုး မရှိသေးခြင်းပင်တည်း။
ချင်းရှောင်ယန်သည် ညီအစ်ကိုနှစ်ယောက်အနက် အငယ်ဆုံးဖြစ်သည်။ သူ၏အစ်ကိုကြီးဖြစ်သူသည် အတားအဆီးများကို တိတ်တဆိတ် ဖယ်ရှားပေးသော ဖခင်ဖြစ်သူကြောင့် ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနသို့ ဝင်သွားခဲ့သည်။ မျှော်လင့်ထားသည့်အရာနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ ယခုအခါတွင် သူသည် ထိုနေရာတွင် အဆင်ပြေအောင်မြင်နေပြီ ဖြစ်သော်လည်း သူ၏အနာဂတ် မည်သို့ဖြစ်မည်ကို မည်သူမျှ မသိနိုင်ပေ။ ချင်း ရှောင်ယန်သည်လည်း အလွန်ထက်မြက်ပြီး ငယ်စဉ်ကတည်းက မြို့တော်ရှိ ထူးချွန်သော ပညာရေးကို ရရှိခဲ့သည်။ သူသည် အထက်တန်းကျောင်းသားဘဝတွင် ပေကျင်းရှိ အမျိုးကောင်းသားများ၊ သခင်လေးများစွာ ပါဝင်သော အဖွဲ့တစ်ဖွဲ့ နှင့် ရင်းနှီးကျွမ်းဝင်ခဲ့သော်လည်း လူပေါ့ကြော့ သူဌေးသားလေးများ၏ စိတ်သဘောထား အနည်းငယ်သာ သူ့တွင် ရှိခဲ့သည်။ သူသည် လူမှုအဖွဲ့အစည်းသို့ ဝင်ရောက်သောအခါတွင် ဖခင်ဖြစ်သူ၏ပုံစံကို အတုယူကာ ပုဂ္ဂိုလ်ရေးအကျိုးစီးပွားအတွက် အခွင့်အာဏာရှိသူများနှင့် မျက်နှာသာရအောင် ဖန်တီးခြင်းဖြင့် ပုဂ္ဂိုလ်ရေးဆက်သွယ်မှုများ ရရှိခဲ့သည်။ ထိုကဏ္ဍတွင် သူသည် ပြီးပြည့်စုံသည်ဟု ဆိုနိုင်ပေ၏။
ထန်ဝအေား ယခုတစ်ကြိမ် သူ လာတွေ့ရခြင်း အကြောင်းအရင်းမှာ ထန်ဝနှေင့်ဆက်သွယ်မှု ထူထောင်ပြီး ထန်မိသားစုဆီသို့ ဆက်သွယ်ရေး တံတားတစ်စင်း တိုးချဲ့တည်ဆောက်နိုင်မည်ဟု မျှော်လင့်ထားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် အွန်လိုင်းစာပေကဏ္ဍ၊ ဂိမ်းဖွံ့ဖြိုးတိုးတက်မှု၊ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားထုတ်လုပ်မှုနှင့် ၎င်းတို့၏ ဈေးကွက်ချဲ့ထွင်မှုအပြင် ဝဘ်ထုတ်လွှင့်မှု ပလက်ဖောင်းနှင့် အခြားအမျိုးအစားများပါ ပေါင်းစပ်ထည့်သွင်းမည့် ဖျော်ဖြေရေးမီဒီယာ ကုမ္ပဏီကြီးတစ်ခု တည်ထောင်ရန် ဖျော်ဖြေရေးမီဒီယာ ကုမ္ပဏီဖက်စပ်လုပ်ငန်းတစ်ခုကို အဆိုပြုခဲ့သည်။
ထိုလုပ်ငန်းအတွက် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ယွမ် ၄ ဘီလီယံ ရှိသည်။ သူ၏ရှယ်ယာအဆိုပြုချက်အရ ထန်ဝသေည် ယွမ်မီလီယံ ၂၀၀ရင်းနှီးမြှုပ်နှံခြင်းဖြင့် ကုမ္ပဏီ၏ရှယ်ယာ ၃၀% ရရှိမည်ဖြစ်ပြီး သူကမူ ယွမ်၃.၇ဘီလီယံအား ရင်းနှီးမြှုပ်နှံကာ ကုမ္ပဏီ၏ရှယ်ယာ ၇၀%ကို ပိုင်ဆိုင်မည်ဖြစ်သည်။ ဤအဆိုပြုချက်သည် ငွေလွှဲပေးခြင်းနှင့် မခြားနားဟု ဆိုနိုင်သည်။
"မျှော်လင့်ထားတာနဲ့မတူအောင် … ရှောင်ယန် … မင်းရဲ့ ခက်ခက်ခဲခဲ ရှာထားရတဲ့ ပိုက်ဆံတွေကို စတေးဖို့ ဆန္ဒရှိတယ်ပေါ့။"
ထန်ဝေ တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး သူ၏လေးနက်သော အမူအရာ ပျောက်ကွယ်သွားကာ စနောက်လိုသော အပြုံးဖြင့် အစားထိုးလိုက်သည်။
“ငါ့မှာ တခြားနည်းလမ်းမရှိဘူးလေ။ ဆင်ဖြူတော်မှီပြီး ကြံစုတ်ချင်အောင် အရင်လုပ်တာ ဘယ်သူလဲ မင်းပြောပါဦး..." ချင်းရှောင်ယန်က ပုခုံးကို တွန့်ပြကာ ပြောလိုက်သည်။
ထန်ဝေက မအောင့်နိုင်တော့ဘဲ ရယ်မောလိုက်ပြီး "မင်းက တည့်တိုးပါပဲလား။"
"ငါက ဟန်ဆောင်ပြီး ကြောင်သူတော်လိုလုပ်နေရင် ငါ့မျက်လုံးတွေထဲကိုတောင် မင်း လိုက်ကြည့်နေမှာမလား။" ချင်းရှောင်ယန်က ပြုံးပြီး ပြန်ပြောသည်။
ထန်ဝကေ ခပ်ဖွဖွ ပြုံးကာ တုံ့ပြန်လိုက်ပြီး အနီးက လှပသော ဘီကီနီကောင်မလေးတစ်ယောက် ပေးလာသည့် ဝိုင်နီဖန်ခွက်ကို ယူလိုက်သည်။ ထို့နောက် ဝိုင်အား တစ်ငုံ သောက်လိုက်ပြီးနောက် သက်ပြင်းချရင်း “ကျိုးကြောင်းဆီလျော်စွာ ပြောရရင် မင်းရဲ့ အဆိုပြုချက်က အရမ်းကောင်းပြီး ငါ မငြင်းသင့်ပါဘူး။ ဒါပေမယ့် ငါ့ညီက ငါ့ကို နိုင်ငံရေးလောကထဲ ဝင်ပြီး အစိုးရတာဝန်ရှိသူ ဖြစ်ဖို့ မျှော်လင့်တယ်လို့ ပြောဖူးတယ်။ ငါ့စိတ်ထဲ အပြည့်အ၀ မဆုံးဖြတ်ရသေးပေမယ့် သဘောတူညီလုနီးပါး ဖြစ်နေပါပြီ။ ရှင်းရှင်းလင်းလင်း စဉ်းစားပြီးရင် အဘိုးနဲ့ စကားပြောမယ်။ သူက အရမ်းကို ထောက်ခံပြီး သဘောတူညီလိမ့်မယ်။”
…နိုင်ငံရေးလောကထဲဝင်ပြီး အစိုးရတာဝန် ထမ်းဆောင်မှာလား။…
ချင်းရှောင်ယန်က တခဏလောက် ကြောင်ကြည့်နေရင်း သူ၏မျက်ခုံးတို့ ချက်ချင်း မြင့်တက်သွားသည်။
နိုင်ငံရေးသမားများကို သီးသန့်စီးပွားရေး မလုပ်ရန် တားမြစ်ထားသည့် ဥပဒေအား သူ သိသည်။ ထန်ဝသော နိုင်ငံရေးနယ်ပယ်သို့ အမှန်တကယ် ဝင်ရောက်ခဲ့မည်ဆိုလျှင် သူ၏ပေါင်လုံးကို ဆုပ်ကိုင်ထားရန် အခွင့်အရေးသည် လွန်စွာ ကောင်းမွန်နေပေလိမ့်မည်။ ထန်မိသားစုမှ အခြားအဖွဲ့ဝင်များ ရှိကောင်းရှိနိုင်သော်လည်း ထန်ဝေ တစ်ဦးတည်းသော သင့်လျော်သည်။
ထန်ဝေ၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာပြီး "ရှောင်ယန်… နိုက်၁၅ကားက မင်းရဲ့ ကားဂိုဒေါင်ထဲကို ရောက်နေပြီထင်တယ်နော် ဟုတ်လား။ ငါကြားတာတော့ ငါ့ရဲ့ဒီညီလေးက ကားတွေကို အတော် သဘောကျလို့ ဒေါ်လေးထန်မင်းက မကြာသေးခင်ကတောင် သူ့ကို နောက်ထပ် အကန့်အသတ်နဲ့ထုတ်တဲ့ ဇိမ်ခံပြိုင်ကားတစ်စီး လက်ဆောင်ပေးခဲ့သေးတယ်တဲ့။”
…သူ့ညီလေး ဟုတ်လား…
ချင်းရှောင်ယန်၏အမူအရာ လှုပ်ရှားသွားကာ တစ်စုံတစ်ခုကို နားလည်သွားသည့်အလား မျက်ဝန်းများသည် ရုတ်ခြည်းပင် အရောင်လက်လာသည်။ သူက တုံ့ဆိုင်းခြင်း မရှိဘဲ ပြန်ပြောလိုက်သည်။
"မင်းရဲ့ညီလေး ကြိုက်ရင် ငါ ပို့ပေးလိုက်မယ်။ ဒါပေမယ့် ငါက သူ့ကို ဒီလိုအလကား ပေးတာကို သိရင် သူက ငြင်းမှာ သေချာတယ်။"
ထန်ဝကေ နားရွက်ချိတ်မတတ် ပြုံးလိုက်ပြီး
“ဒါဆို ငါ့ညီလေးကိုယ်စား မင်းကို ငါ ပထမဆုံး ကျေးဇူးတင်ပါတယ်။ သူ ခုနလေးကပဲ မြို့တော်ကို ရောက်နေတယ်ဆိုပြီး ဖုန်းဆက်တယ်။ ငါတို့ သူ့ကို သွားရှာကြမလား။"
ချင်းရှောင်ယန် ချက်ခြင်းထရပ်ပြီး အလေးအနက်ပြောလိုက်သည်။
“ဒါဆို ညီအစ်ကိုဝေကပဲ ငါ့ကို ထောက်ခံပေးပါဦးလို့ တောင်းဆိုချင်ပါတယ်။ ထန်ရှုက ငါ့ရဲ့စံပြလူသားပါ။"
"အင်း … ကြည့်ရတာ ငါ့ရဲ့ဒီညီလေးက အတော် နာမည်ကြီးနေပုံပဲ။"
ထန်ဝကေ ရယ်မောကာ မှတ်ချက်ပေးလိုက်သည်။
"သူကနာမည်ကြီးတာထက် ပိုတယ်။ သူ့နာမည်က နားအူသွားအောင် ဟိန်းတဲ့ မိုးခြိမ်းသံအတိုင်းပဲ။ ဒီနေ့ သူလုပ်ခဲ့တာတွေကို အခြေခံပြီး တစ်နိုင်ငံလုံးက သခင်လေးတွေ အကုန်လုံးက သူ့ကို စိန်ခေါ်ဖို့ မပြောနဲ့ စကားတောင် ဟဟပြောဝံ့မှာ မဟုတ်ဘူး။”
ထန်ဝေ အံ့အားသင့်သွားသည်။ ယနေ့မွန်းတည့်ချိန်အထိ သူ အိပ်ပျော်နေခဲ့ပြီး နိုးသောအခါ ချင်းရှောင်ယန်ထံမှ ဖုန်းခေါ်ဆိုမှုရရှိသဖြင့် သည်နေရာသို့ ကားမောင်းလာခဲ့ခြင်းဖြစ်သည်။ သည်နေ့ ဖြစ်ပျက်သမျှကို သူ သတိမပြုမိသေးချေ။ ထန်ဝေ တုံ့ဆိုင်းသွားပြီးနောက် ဇဝဇေဝါအမူအရာဖြင့်
"ထန်ရှု … ဒီနေ့ ဘာတွေ လုပ်ခဲ့လို့လဲ။"
ချင်းရှောင်ယန်၏မျက်နှာထက်တွင် ထူးဆန်းသော အမူအရာ ထင်ဟပ်နေပြီး
"ဒီနေ့ ထန် ရှုက ကျောက်ယွင်တိကို ရိုက်ပစ်ခဲ့တာ မင်း မသိသေးဘူးလား။ အရိုက်လည်းခံရပြီးရော ကျောက်ယွင်တိတစ်ယောက် ဝက်ခေါင်းလို ဖူးယောင်နေရောတဲ့။ သူ့အဖေက အဲ့ဒီကို လိုက်သွားတာတောင် ထန်ရှုကို အပြစ်မတင်ဘဲ ကျေးဇူးတောင် တင်နေပြီး ကျေးဇူးဆပ်ဖို့ အကြွေးတစ်ခုအဖြစ် ယူလိုက်တယ် ... ရှင်းရှင်းပြောရရင် ကျောင်ချင်းဖုန်းက ထန်ရှုကို သူ့သားရဲ့ အသက်သခင် ကျေးဇူးရှင်အဖြစ် မှတ်ယူခဲ့သတဲ့လေ။”
ထန်ဝေ တံတွေးမျိုချလိုက်ပြီး အားတင်းထားရသော အပြုံးဖြင့်
“တနိုင်ငံလုံးက အသက်၃၀နှစ်အောက်လူငယ်တွေ ကြားထဲမှာ ငါ့ညီတယောက်တည်းကပဲ ဒီလိုရိုင်းစိုင်းတဲ့ ကျောက်ယွင်တိကို အထက်စီးကနေ ပြတ်ပြတ်သားသား ရိုက်နှက်ရဲမှာကိုစိုးရတယ်။"
***