ခန္ဓာကိုယ်သန့်စင်ဆေး
Vol. 43 Ch. 602
ထန်ရှုသည် လူ့အဖွဲ့အစည်းတွင် လူမှုအဆင့်အတန်းများ ခွဲခြားထားသည်ကို တလျှောက်လုံး သိခဲ့သော်လည်း မြို့တော်၏မျိုးဆက်သစ်နယ်ပယ်များ၏ ထိပ်တန်း လူမှုအသိုင်းအဝိုင်းကို ထိတွေ့နိုင်လိမ့်မည်ဟု သူ အနည်းငယ်မျှပင် မမျှော်လင့်ခဲ့ပေ။ ဤလူမှုရေးအသိုင်းအဝိုင်းထဲသို့ ဝင်ရန် မျှော်မှန်းချက်မရှိသော်လည်း ၎င်းတို့နှင့် ပေါင်းစည်းခြင်းဖြင့် ရလာမည့် ထိုကဲ့သို့သော အရင်းအမြစ်များနှင့် အကျိုးကျေးဇူးများကို တွန်းလှန်ပစ်လိုခြင်းမရှိပေ။ တရုတ်နိုင်ငံသည် စိတ်ခံစားချက်များနှင့် ပုဂ္ဂိုလ်ရေးအရ မျက်နှာသာပေးမှုများ လွှမ်းမိုးထားသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး သူငယ်ချင်းမိတ်ဆွေများ ပိုမိုရှိထားခြင်းဖြင့် လူတစ်ဦးတစ်ယောက်တွင် လျှောက်လှမ်းရန် လမ်းကောင်းများ ပိုမိုရရှိလာမည်ဖြစ်သည်။ အဆက်အသွယ်များ စုဆောင်းရန် အခွင့်အလမ်းရှိခြင်းသည် သူ၏အနာဂတ်တွင် ငွေပိုရှာနိုင်စေမည့် အခွင့်အလမ်းကို တိုးမြင့်လာစေရန်အတွက် များစွာအထောက်အကူ ဖြစ်စေပေလိမ့်မည်။
ထန်ဝနှေင့် ချင်းရှောင်ယန်တို့ ထွက်ခွာသွားကြချိန်တွင် ညနေ ၅ နာရီပင် ထိုးနေပြီဖြစ်ပြီး ထန်ရှုနှင့် ချူယီတို့သည် ချူယီတို့အိမ်သို့ အတူလာခဲ့ကြသည်။ ချူယီ၏အိမ်သို့ သွားရာလမ်းတွင် ထန်ရှုသည် သူ့ဒေါ်လေးအတွက် တစ်ခုခု ယူဆောင်လာရန် စဉ်းစားနေခဲ့သည်။ သူသည် မြို့တော်ကို အကြိမ်များစွာ ရောက်သော်လည်း ထန်မင်းအား ထန်မိသားစု၏ဘိုးဘွားစံအိမ် သို့မဟုတ် သူ လမ်းလျှောက်ထွက်သောအချိန်တွင်သာ တွေ့ဆုံဖြစ်ခဲ့သည်။ ယခုမှ ထန်မင်း၏အိမ်သို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခြင်းဖြစ်သည်။
ထိုအကြောင်းကို စဉ်းစားပြီးနောက်တွင် သူသည် မည်သည့်အရာကိုမျှ ယူလာရန် မစဉ်းစားနိုင်တော့ပေ။ ထို့ပြင် သူ့ဒေါ်လေး၏အဆင့်အတန်းအရ သာမန်ပစ္စည်းများက ချို့တဲ့နေမည်မဟုတ်ချေ။ ကားသည် အဆင့်မြင့် လူနေရပ်ကွက်ထဲကို ဝင်တော့မည်ဆဲဆဲတွင် နောက်ဆုံး၌ သူ့စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့သည်။ မဆိုင်းမတွပင် သူ့လက်စွပ်ထဲမှ ကျောက်စိမ်းပုလင်းလွတ်နှစ်လုံးကို ထုတ်ပြီး နောက်ဆုံးကျန်နေသော ခန္ဓာကိုယ်သန့်စင်ဆေးရည်ကို ထုတ်ယူကာ ပုလင်းတစ်ပုလင်းစီထဲသို့ ဆယ်စက်စီ ထည့်လိုက်သည်။
"အိုး…" ထန်ရှု၏မျက်လုံးများသည် ရုတ်တရက် တောက်ပလာပြီး ထိုအရာများကို လျှပ်တပြက်အတွင်း လုပ်ပြီးနောက် ကျောက်စိမ်းပုလင်းများကို သူ့လက်စွပ်ထဲသို့ ပြန်ထည့်လိုက်သည်။
ခန္ဓာကိုယ်သန့်စင်ခြင်းအရည်အတွက် လိုအပ်သော ဆေးပင်များသည် အဖိုးများစွာမတန်သောကြောင့် ဖော်စပ်ရလွယ်ကူပါသည်။ သူသည် ထိုဆေးအား အလွယ်တကူ သန့်စင်နိုင်ပြီး ကီလိုဂရမ် အနည်းငယ်ကို သူ လိုချင်ပါက ရနိုင်သည်။ အကယ်၍ ဤခန္ဓာကိုယ် သန့်စင်ဆေးရည်ကို ရောင်းချမည်ဆိုပါက လူအများအပြားက ဝယ်ယူချင်ကြပေလိမ့်မည်။ ခန္ဓာကိုယ်သန့်စင်ဆေးရည်တစ်စက်ပင်လျှင် သာမန်လူတစ်ယောက်အတွက် လွန်စွာ အကျိုးရှိပြီး သူတို့၏ရုပ်ပိုင်းဆိုင်ရာကို အနည်းဆုံး မြှင့်တင်ပေးနိုင်သည်။
"ကြိုးစားရကျိုးနပ်တယ်။"
အကြံအစည် ပေါ်လာပြီးနောက်တွင် သူသည် ၎င်းကို ထိန်းမထားနိုင်တော့ပေ။ သူသည် လွန်ခဲ့သော နှစ်လနှင့် နှိုင်းယှဉ်ပါက အခုအချိန်တွင် ဆင်းရဲသား ဖြစ်နေခဲ့ချေပြီ။ အမြင့်ဆုံး အရင်းအနှီးငွေ ယွမ် ၇၀ဘီလီယံ လောက်ရခဲ့သော်လည်း ပြီးခဲ့သည့် နှစ်လအတွင်း အရင်းအနှီးငွေများအား ခွဲခြမ်းပေးခဲ့ရပေသည်။ ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစု ဖွံ့ဖြိုးတိုးတက်စေရန် ခန်းရှဆီသို့ ယွမ်ငွေ ၃၀ဘီလီယံ လွှဲပြောင်းပေးခဲ့သည်။ တစ်ဖက်တွင် လာမည့်နှစ်၌ ကြယ်တာရာမြို့သစ် ရောင်းချမှုအတွက် ပြင်ဆင်ထားရန် လိုအပ်သကဲ့သို့ အခြားတစ်ဖက်တွင်လည်း ရှန်ဟိုင်းတွင် မြေကွက် ဝယ်ယူရန်၊ ထိုမြေကွက်ပေါ်တွင် ကုမ္ပဏီအဆောက်အအုံများ၊ စက်ရုံများ၊ ထုတ်လုပ်မှုလုပ်ငန်းများ တည်ဆောက်ရန်၊ စက်ပစ္စည်းစသည်တို့အတွက် များပြားလှသော ငွေပမာဏလည်း လိုအပ်နေပေသည်။
ခန်းရှဆီသို့ လွှဲပြောင်းပေးသည့် ယွမ်ငွေ ၃၀ဘီလီယံအပြင် ဂူရှောင် ရွှဲ့ထံသို့လည်း ယွမ်ဘီလီယံ ၂၀ကိုလည်း ပေးခဲ့သည်။ သူသည် ယောက်သွားကျွန်းတွင် ဆေးပင်စိုက်ခင်းများ စိုက်ပျိုးမည်ဖြစ်ပြီးနှင့် နားခိုမြှုပ်နှံရာကျွန်းတွင် သားရဲများကို မွေးမြူမည်ဖြစ်သည်။ စီမံကိန်းနှစ်ခုစလုံးသည် အရင်းအနှီးများစွာ လိုအပ်သည်။ သူ ဆွဲထားသော ဒီဇိုင်းပုံစံအသေးစိတ်နှင့်အတူ ဂူရှောင်ရွှဲ့အား ယွမ်ငွေ ၂၀ဘီလီယံ ပေးလိုက်သည်။ အလားတူ နိုင်ငံတစ်ဝှမ်းမှ အိမ်ယာမဲ့ကလေးငယ်များကို စဉ်ဆက်မပြတ် မွေးစားခြင်း အပါအဝင် ပါရမီရှင်များအား ပျိုးထောင်ခြင်းအတွက် ငွေတစ်စိတ်တစ်ပိုင်းကို ခွဲဝေထားရန် လိုအပ်မည်ဖြစ်သည်။
ကျင်းရှင်းကွေ့နှင့် စီမံကိန်းပူးပေါင်းဆောင်ရွက်မှု သို့မဟုတ် ဆေးပင်များနှင့် အဖိုးတန်သတ္တုရိုင်းများ ဝယ်ယူခြင်းကဲ့သို့သော အသေးစား ရင်းနှီးမြှုပ်နှံမှုများလည်း ရှိခဲ့သည်။ အတိုချုပ် ပြောရမည်ဆိုပါက သူ့လက်ထဲတွင် ကျန်ရှိနေသော ရန်ပုံငွေသည် အခု၂၄ဘီလီယံသာ ကျန်တော့သော်လည်း ၅ဘီလီယံသည် နဂါးကိုးကောင်ကျွန်း၏ ပြန်လည်တည်ဆောက်ရေးနှင့် ရဟတ်ယာဉ်များ၊ ကိုယ်ပိုင်လေယာဉ်များ၊ ရွက်လှေများနှင့် အပျော်စီးသင်္ဘောများဝယ်ယူမှုတွေအတွက် နုတ်ယူသွားမည်ဖြစ်သည်။ သည်အရာများအားလုံးသည် အရေအတွက်လည်း တိုးလာနိုင်ပေသည်။
နှိုင်းစာ၍ ပြောရမည်ဆိုပါက ထန်ရှုသည် ငွေစာရင်းကို ချိန်ညှိရန် စဉ်းစားနိုင်ပေသည်။ သို့သော်လည်း နဂါးကိုးကျွန်း၊ ယောက်သွားကျွန်းနှင့် နားခိုမြှုပ်နှံရာ ကျွန်းတို့ကို ပြန်လည်တည်ဆောက်ရာတွင် ငွေအမြောက်အမြား အသုံးပြုထားသော်လည်း သူ မျက်တောင်တစ်ချက် မခတ်ခဲ့ပေ။
အားလုံးပြောဆိုပြီးသည့်အတိုင်း သူ၏ရည်ရွယ်ချက်သည် အရင်းအမြစ်အတွက် ငွေရှာရန် ဖြစ်ပြီး အရင်းအမြစ်ရပါက ကျင့်ကြံရန်အတွက်သာ ဖြစ်သည်။ ကျင့်ကြံရေးအတွက် အကျိုးရှိစေသော အသုံးစရိတ်အားလုံးသည် ထိုက်တန်သည်ဟု သူ ထင်ပေသည်။
"ဒီနေရာက ပတ်ဝန်းကျင်ကောင်းရှိတာပဲ။" မြေအောက်ကားပါကင်မှာ ကား ရပ်စဉ် ထန်ရှုက သူ့ဘေးအနီး ရောက်လာသော ချူယီကို ပြောလိုက်သည်။
“ဒီရပ်ကွက်က ဒုတိယအဝိုင်းလမ်းမကြီးရဲ့ အဆင့်အတန်းအမြင့်ဆုံး ရပ်ကွက်လေ။ ကောင်းမွန်တဲ့ ပတ်ဝန်းကျင် ရှိတာ သဘာဝပါပဲ။” ချူယီက ပြုံးပြီး ပြောသည်။
"ဒါပေမယ့် တောင်တံခါးဂိတ်အိမ်ရာနဲ့ယှဉ်ရင် သိပ်မကောင်းဘူး။"
ခဏအကြာတွင် နှစ်ယောက်သား ဓာတ်လှေကားဖြင့် သတ္တမထပ်သို့ တက်ခဲ့ကြသည်။ ဤ၁၂ထပ် အဆောက်အဦးငယ်အတွက် သတ္တမထပ်သည် အလယ်လောက်တွင် ရှိသည်။ ကြမ်းပြင်အကွာအဝေးက တော်တော် ကွာဝေးသောကြောင့် သည်နေရာ၏ အလင်းရောင်ရရှိမှုသည် အလွန်ကောင်းမွန်ပေသည်။
ထန်မင်းသည် အလုပ်မှ စောစောပြန်လာပြီး စူပါမားကတ်သို့ သွားကာ ချက်ပြုတ်ရန်လိုအပ်သည့် ပစ္စည်းများအား ဝယ်ယူခဲ့သည်။ အခု သူမသည် မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသည်။ ချူကျုံးကမ်းသည် ထန်ရှု ညစာလာစားမည်ဟု ဇနီးဖြစ်သူထံမှ ဖုန်းခေါ်ဆိုမှုကို ရပြီးနောက် စောစော ပြန်လာခဲ့သည်။ အခု မီးဖိုချောင်ထဲတွင် ကူပြီး လုပ်ကိုင်ပေးနေခဲ့သည်။ တံခါးခေါက်သံ ကြားရသဖြင့် လင်မယားနှစ်ယောက်လုံး ချက်ချင်းထွက်လာကြသည်။
"မင်းဦးလေးနဲ့တွေ့တာ ပထမဆုံးအကြိမ် မဟုတ်လား ရှုအာ…" ထန်မင်းသည် ချူကျုံးကမ်းအား လက်ညှိုးထိုးပြပြီး ပြုံးပြုံးရွှင်ရွှင် ပြောလိုက်သည်။
ထန်ရှုက ခေါင်းညိတ်ပြပြီး ချူကျုံးကမ်းအား ဦးလေးဟု ခေါ်ကာ နှုတ်ဆက်စကားဆိုသည်။
ချူကျုံးကမ်းသည် ထန်ရှုအား ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သော်လည်း ထန်ရှု၏အမည်သည် စိမ်းမနေချေ။ ထန်ရှုက သူ့ဘိုးဘွားများ၏ အသိအမှတ်ပြုခြင်းကို ခံယူရန် ထန်မိသားစုဆီ ပြန်မရောက်သေးခင်ကတည်းက သူ့နာမည်အား ကြားဖူးပြီး သိတောင် သိနေပြီဟု ဆိုနိုင်သည်။ တကယ်တမ်းတွင် သားဖြစ်သူက ကြယ်တာရာ၌ ငွေအမြောက်အမြား ရင်းနှီးမြှုပ်နှံနေသောကြောင့် ချူကျုံးကမ်း ဂရုမစိုက်ရန် အတော်ခက်ပါလိမ့်မည်။
"ထန်ရှု … မင်းအကြောင်း ငါ ကြားဖူးနေတာကြာပြီ။ ဒီနေ့ မင်းနဲ့တွေ့ရလိမ့်မယ်လို့ မထင်ခဲ့ဘူး။ အရင်တုန်းက မင်းအဖေရဲ့ပုံစံအတိုင်း ထက်မြက်ပြီး သန်စွမ်းတယ်။” ချူကျုံးကမ်းက ချီးကျူးလိုက်သည်။
"ကျွန်တော့်ကို ချီးကျုးလွန်းနေပါပြီ ဦးလေး။" ထန်ရှုက တုံ့ပြန်လိုက်သည်။
ထန်ရှုသည် သူ့ဘာသူ မထင်မရှားပုံစံဖြင့် လက်ကို အိတ်ကပ်ထဲသို့ ထည့်ကာ သူ၏လက်စွပ်ထဲမှ ကျောက်စိမ်းပုလင်းငယ်နှစ်လုံးကို လျှို့ဝှက်စွာ ထုတ်ယူလိုက်သည်။ ထို့နောက် သူက ချူကျုံးကမ်းထံ ကမ်းလိုက်ပြီး
"ဒီတစ်ခေါက်က ကျွန်တော် ပထမဆုံး လာလည်တဲ့အကြိမ်ပါ။ ဒါကြောင့် ဒီလက်ဆောင်လေးတွေကို ဦးလေးနဲ့ဒေါ်လေးကို ပေးချင်ပါတယ်။ ငယ်ရွယ်နုပျိုပြီး ပိုမိုဆွဲဆောင်မှု ရှိနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ။"
ချူကျုံးကမ်းက တွေတွေကြီး စိုက်ကြည့်နေစဉ်တွင် ထန်မင်းက အပြုံးဖြင့် ပြောလိုက်သည်။
“အာ … မိုက်လိုက်တဲ့ ကောင်လေး။ ငါတို့အိမ်ကို နင် ပထမဆုံးအကြိမ် အလည်လာတာကို ဘာလို့ လက်ဆောင်တွေ ပေးနေတာလဲ။ နင့်ဒေါ်လေးနဲ့ ဦးလေးကို အပြင်လူလို ထပ်တွေးနေရင် နင့်ကို ဒေါ်လေး စိတ်ဆိုးရလိမ့်မယ်နော်။"
ထန်ရှုက အပြုံးဖြင့် တုံ့ပြန်ပြီး ကျောက်စိမ်းပုလင်းနှစ်လုံးကို ထန်မင်း၏လက်ထဲသို့ အတင်းထည့်ပေးလိုက်သည်။
"ဒီအထဲမှာ ဘာတွေလဲ ရှုအာ။" ကျောက်စိမ်းပုလင်းနှစ်လုံးကို ကြည့်ရင်း ထန်မင်းက စူးစမ်းလိုစိတ်ဖြင့် မေးလာသည်။
"ဒါက ကျွန်တော် ဖော်စပ်ထားတဲ့ ခန္ဓာကိုယ် သန့်စင်ဆေးရည်ပါ။ ကျောက်စိမ်းပုလင်းတစ်လုံးစီမှာ အရည် ဆယ်စက်ရှိတယ်။”
"ခန္ဓာကိုယ်သန့်စင်ဆေးဟုတ်လား။ အဲ့ဒါက ဘာများလဲ။" ထန်မင်း အံ့အားသင့်စွာ မေးလိုက်သည်။
"ဒီခန္ဓာကိုယ်သန့်စင်တဲ့ဆေးရည်က ကာယကြံ့ခိုင်မှုကို မြှင့်တင်ရန်အတွက် အဆင့်နိမ့်ကျင့်ကြံသူတွေ အသုံးပြုကြတဲ့ဆေးရည်တစ်မျိုးပါ။ သာမန်လူတွေကတော့ ဒီဆေးရဲ့ အစွမ်းနဲ့ ထိရောက်မှုကို အပြည့်အဝ ခံနိုင်ရည်ရှိမှာ မဟုတ်ပါဘူး။ ကျင့်ကြံသူတွေရဲ့ လုပ်ပုံလုပ်နည်းအတိုင်းသုံးရင် သေတောင် သေသွားနိုင်တယ်ဆိုတော့ ကျောက်စိမ်းပုလင်းတစ်လုံးစီမှာ ဆယ်စက်စီလောက်ပဲ ထည့်ပေးထားတယ်။ အနည်းဆုံး သုံးရက်ခြားပြီးတိုင်း ရေချိုးကန်ထဲကို တစ်စက်လောက် လောင်းထည့်ပြီး စိမ်လိုက်ပါ။ ဒီခန္ဓာကိုယ်သန့်စင်တဲ့ ဆေးရည်က အသက် ၇၀ ဒါမှမဟုတ် အသက် ၈၀အရွယ်တွေကို ၎င်းတို့ရဲ့ အသက်၅၀-၆၀အရွယ်တုန်းကအတိုင်း ခန္ဓာကိုယ်ကြံ့ခိုင်မှုကို ပြန်လည်ရရှိစေနိုင်တယ်။ နောက်ပြီး ဒီဆေးက အသားအရေအတွက် အလွန်အကျိုးရှိတယ်။ ဒေါ်လေး … အကြိမ်အနည်းငယ် သုံးပြီးသွားရင် ဒေါ်လေးအသားအရေက လက်ရှိအခြေအနေထက် အများကြီး ပိုကောင်းပြီး နူးညံ့ချောမွေ့လာလိမ့်မယ်။”
ထန်မင်း၏မျက်လုံးများ အရောင်တလက်လက် ဖြစ်လာပြီး သူမ၏မျက်လုံးများထဲတွင် အံ့သြကျေနပ်မှုများ ပြည့်နှက်နေသည်။ သူ့တူလေးသည် ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို ပိုင်ဆိုင်ထားသော ကျင့်ကြံသူတစ်ယောက် ဖြစ်ပြီး အာမာကျားသည်ပင် သူ၏ပြိုင်ဘက်မဟုတ်ခဲ့ပေ။ သူကိုယ်တိုင် ဖော်စပ်ထားသော ဆေးရည်သည် လုံးဝကို ကြီးမားသော အကျိုးသက်ရောက်မှု ရှိပါလိမ့်မည်။
ဘေးမှ ချူကျုံးကမ်း၏မျက်လုံးများသည်လည်း တောက်ပလာပြီး စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားနေဟန်ရသည်။ ချူမိသားစု၏ အကြီးအကဲဖြစ်သော သူ၏ဖခင်သည် ယခု အသက်၈၀နှစ် ကျော်စပြုလာပြီဖြစ်ပြီး တစ်နှစ်ပြီး တစ်နှစ် အချိန်ကြာလာသည်နှင့်အမျှ ဖခင်ဖြစ်သူ၏ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုမှာလည်း ပိုဆိုးလာသည်။ ဖခင်ဖြစ်သူအား ပုံမှန်အားဖြင့် ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပေးခဲ့ပြီး သူနာပြုဝန်ဆောင်မှုကိုလည်း ကောင်းမွန်စွာ လုပ်ဆောင်ပေးခဲ့သော်လည်း အသက်အရွယ်အားဖြင့် ကျဆင်းနေသောကြောင့် အချိန်၏တိုက်စားမှုကို သည်းမခံနိုင်သေးပေ။ ထိုအခြေအနေမျိုးတွင် သည်ခန္ဓာကိုယ်သန့်စင်ပေးသည့် ဆေးရည်က တကယ်ကို ကောင်းမွန်သော အကျိုးသက်ရောက်မှုကို ယူဆောင်လာခဲ့သည်...
သူ၏လက်များကို ပွတ်သပ်ရင်း ချူကျုံးကမ်းက ထန်ရှုအား စိတ်အားထက်သန်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ သူ ကြိုးစား စမ်းသပ်ကြည့်ရမည်။ ထန်ရှု ပြောသည့်အတိုင်း အကျိုးသက်ရောက်မှုက တကယ်ကို ကြီးမားသည်ဆိုပါက သူ့ဆီကနေ သည့်ထက်ပိုပြီး ရအောင် ကြိုးစားရပေမည်။ ချူမိသားစုသည် ဤကာလတစ်လျှောက်လုံး သိုသိုသိပ်သိပ်နေရန် အဘယ်ကြောင့် အမြဲ ကြိုးစားနေခဲ့ရပါသနည်း။ အကြောင်းမူ သူ၏ဖခင်ဖြစ်သူသည် အမြဲတမ်း အားနည်းသော အခြေအနေနှင့် ဘဝ၏အဆုံးသတ်တွင် ရောက်နေသောကြောင့် ဖြစ်သည်။ အကယ်၍ သူသည် ဖခင်၏ကိုယ်ကာယကြံ့ခိုင်မှုကို ရုတ်တရက် ပိုမိုကြံ့ခိုင်လာစေပြီး လွန်ခဲ့သောဆယ်စုနှစ်တစ်ခုက အခြေအနေသို့ ပြန်ရောက်သွားစေနိုင်လျှင် ချူမိသားစုသည် ၎င်းတို့၏စွမ်းအင်အားလုံးကို ထုတ်လွှတ်နိုင်ပြီး ဆယ်နှစ်အတွင်း လျှင်မြန်စွာ ဆက်လက်ဖွံ့ဖြိုးလာမည်ဖြစ်သည်။
"ထန်ရှု … ဒီခန္ဓာကိုယ်သန့်စင်ဆေးရည်ကို ဖော်ရတာ အရမ်းခက်တာလား။" ချူကျုံးကမ်း ရုတ်တရက် မေးလိုက်သည်။
မဖြေခင်တခဏ ထန်ရှု တုံ့ဆိုင်းနေပြီး မှ "ထုတ်လုပ်ရတာ ခက်လားလို့ ပြောရင် တကယ် ခက်ခဲတယ်လို့ ဆိုနိုင်သလို အရမ်းလည်း မခက်ခဲဘူး။ ဒီခန္ဓာကိုယ်သန့်စင်ဆေးရည် ဖော်စပ်ဖို့က အထူးဆေးပင်အချို့ လိုတာလေ။ အဲ့ဒီဆေးပင်တွေကလည်း ကံကောင်းမှသာ ရနိုင်တာမျိုး ဖြစ်နေတာလေးတစ်ခုပဲ။"
သက်ပြင်းချလိုက်သော ချူကျုံးကမ်း၏မျက်နှာပေါ်တွင် ဝမ်းနည်းမှုအချို့ကို မြင်တွေ့နိုင်သည်။
"တကယ်ကို နှမြောစရာပဲ။ ဒီဆေးရည်ကို လွယ်လွယ်ကူကူ ဖော်စပ်နိုင်ရင် ဒီအရာက အံ့သြဖွယ်ကောင်းတဲ့ ရတနာတစ်ခု ဖြစ်လာမှာကို။ အဲ့ဒီဆေးရည်ကို ငွေကြေး၊ အာဏာ၊ ပုဂ္ဂိုလ်ရေးအဆက်အသွယ်တွေနဲ့ လူမှုကွန်ရက် ချဲ့ထွင်ဖို့ အလွန်လေးစားဖို့ကောင်းတဲ့ ကိရိယာတစ်ခုအနေနဲ့ လဲလှယ်နိုင်တယ်။"
…ငါ အဘိုးကို ဒီဆေးရည်ပေးလိုက်ရင်ရော...
ဤအကြံအစည်သည် ထန်ရှု၏စိတ်အတွင်း၌ ပေါ်ပေါက်လာပြီး ၎င်းကို အကောင်အထည်ဖော်ရန် စိတ်ထဲတွင် ချက်ချင်းဆုံးဖြတ်လိုက်သည်။
ချူကျုံးကမ်းနှင့်မတူစွာ ထန်မင်းတွင် ထိုသို့သော အတွေးမျိုးမရှိပေ။ သူ့တူလေးဆီက သည်ကဲ့သို့ ကောင်းမွန်သော လက်ဆောင်ရရှိခြင်းသည် နွေးထွေးချိုမြိန်လှသည်ဟု ခံစားမိကာ ဒီညသုံးကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူမသည် ချက်ပြုတ်ရန် မီးဖိုချောင်သို့ ချက်ချင်း ပြန်ဝင်သွားခဲ့ပြီး ချူကျုံးကမ်းသည် ဧည့်ခန်းတွင် နေခဲ့ကာ ထန်ရှုအား အဖော်လုပ်စကားပြောပေးနေလေသည်။ ခန္ဓာကိုယ်သန့်စင်ဆေးရည်ကြောင့် ထန်ရှုအပေါ်တွင် သူသည် ပိုမို နှစ်သက်သဘောကျလာခဲ့သည်။ ညစာစားချိန်၌ပင် သူ၏အပြုအမူသည် လွန်စွာ ကောင်းမွန်နေပေသောကြောင့် ချူယီပင် မနာလိုအားကျနေရတော့ပေသည်။
ကျေနပ်ပျော်ရွှင်ဖွယ်ညစာစားပွဲအပြီးတွင် ထန်ရှုသည် တစ်နာရီနီးပါးကြာအောင် စကားစမြည် ပြောဆိုပြီးမှ မတ်တတ်ရပ်ကာ နှုတ်ဆက်စကားဆိုလိုက်သည်။ ထန်မင်းသည် မူလက ထန်ရှုအား သူမ၏အိမ်တွင် တစ်ညတာ အနားယူစေလိုသည်။ ကွန်ဒိုတိုက်ခန်းသည် စတုရန်းမီတာ ၂၀၀ ကျော်ရှိပြီး အခန်းလွတ်များလည်း ရှိသော်ငြား ထန်ရှုက နေရန်ငြင်းဆိုခဲ့လိုက်သည်။
ညကိုးနာရီတွင် ထန်ရှုသည် ထန်မိသားစု၏ ဘိုးဘွားစံအိမ်သို့ ပြန်ရောက်သောအခါ သူသည် ထန်ကောရှန့်အား စာကြည့်ခန်းသို့ တစ်ခါတည်း ခေါ်ဆောင်လာသည်။ စာကြည့်ခန်းအတွင်း သူတို့ရောက်ပြီး ဆိုဖာပေါ်ထိုင်ပြီးနောက် ထန်ရှုက ခန္ဓာကိုယ်သန့်စင်ဆေးရည်ကို ထန်ကောရှန့်အား တန်းထုတ်ပေးလိုက်ကာ
"အဘိုး … ဒါက ခန္ဓာကိုယ်သန့်စင်တဲ့ဆေးရည်ပါ။ အတွင်းထဲမှာ စုစုပေါင်း ဆေးရည်စက် ရာဂဏန်းလောက် ရှိမယ်။ အစတုန်းကတော့ ပိုက်ဆံနဲ့ရောင်းဖို့ ရည်ရွယ်ထားပေမယ့် စဉ်းစားကြည့်လိုက်တော့ အဘိုးကို ပေးလိုက်တာက အကောင်းဆုံးဖြစ်မယ်ထင်လို့။”
"ဒီခန္ဓာကိုယ်သန့်စင်ဆေးက ဘယ်လို အကျိုးကျေးဇူး ရှိတာလဲ။" ထန်ကောရှန့်က ထူးဆန်းသော အမူအရာဖြင့် မေးသည်။
ထန်ရှုက ခန္ဓာကိုယ်ဆေးရည်၏ အကျိုးကျေးဇူးတွေကို ရှင်းပြရင်း အဆုံးသတ်သည်။
“ကျွန်တော်သိသလောက်တော့ ကျွန်တော်တို့နိုင်ငံရဲ့ ထိပ်ဆုံးရာထူးကလူတွေက အရမ်းအိုနေပြီ။ ဒီခန္ဓာကိုယ်သန့်စင်ဆေးရည်ကို သူတို့ခန္ဓာကိုယ်မှာ သုံးခိုင်းရင် ကျွန်တော်တို့မိသားစုက ဘယ်လောက် အကျိုးကျေးဇူးရနိုင်မယ်လို့ အဘိုး ထင်လဲ။”
ထန်ကောရှန့်၏ကိုယ်ခန္ဓာတစ်ခုလုံး တုန်လှုပ်သွားဟန်ရသည်။ အချိန်အတော်ကြာ ကျောက်ရုပ်ပမာ လျှာအာစေးမိနေပြီးနောက် ဆိုဖာပေါ်မှ ရုတ်တရက် ထလိုက်သည်။ သူ၏ကြံ့ခိုင်သန်စွမ်းသော ခန္ဓာကိုယ်သည် တုန်ရီနေပြီး ပျာယာခတ်နေသော အမူအရာဖြင့် မေးလာသည်။
"ရှုအာ … ဒီခန္ဓာကိုယ်သန့်စင်ဆေးရည်က မင်းပြောတဲ့အတိုင်း ကောင်းတာ သေချာရဲ့လား။"
ထန်ရှုလည်း မတ်တတ်ရပ်လိုက်ပြီး
"အဘိုး … ကျွန်တော် ပြောခဲ့တာတွေက အထင်ကြီးစရာ ဟုတ် မဟုတ် အဘိုးကိုယ်တိုင် စမ်းကြည့်တာ အကောင်းဆုံးပဲ။"
***