← Chapters

အံ့သြဖွယ်အကျိုးသက်ရောက်မှုများ

Vol. 44 Ch. 603

အံ့သြဖွယ်အကျိုးသက်ရောက်မှုများ

Vol. 44 Ch. 603

ထန်ကောရှန့်သည် ထန်ရှု၏ အကြံပြုချက်ကို လက်ခံကာ ရေချိုးခန်းသို့ စိတ်အားထက်သန်စွာ သွားသည်။ ရေချိုးကန်ထဲသို့ ရေနွေးနွေး ဖြည့်ပြီးနောက် ခန္ဓာကိုယ်သန့်စင်ဆေးရည်တစ်စက်ကို ထိုရေထဲသို့ ထည့်သည်။

ရေချိုးကန်ထဲတွင် အဝတ်ဗလာဖြင့် ဝင်စိမ်ချိန်တွင် သူ၏ခန္ဓာကိုယ်အတွင်း၌ မရေမတွက်နိုင်သော ပုရွက်ဆိတ်များ တွားသွားနေသကဲ့သို့ အလွန် ယားယံလာခဲ့သည်။ သူ့အား အံ့ဩသွားစေသော အရာမှာ ရေချိုးကန်ထဲမှ ကြည်လင်သော ရေနွေးများသည် တဖြည်းဖြည်း အရောင် ပြောင်းလဲလာပြီး သူ့ခန္ဓာကိုယ်အား ပိုစိမ်လေလေ ရွှံ့နွံရေအလား ပြောင်းလဲသွားလေလေ ဖြစ်သည်။ ၁၀မိနစ် ကြာသောအခါ မခံနိုင်လောက်အောင် ယားယံလာပြီး ဒီ့ထက်ပိုပြီး သည်းမခံနိုင်တော့ဟု သူ ခံစားမိလာသည်။ ထို့နောက် ရေနွေးသည် အညစ်အကြေးများ လောင်းထည့်ထားသည့်အလား နံစော်နေသော ရွှံ့နွံရေများသဖွယ် ဖြစ်လာသည်ကို ထန်ကောရှန့် တွေ့လေသည်။

"ဘယ်လောက်တောင် ဆိုးလိုက်တဲ့အနံ့လဲ…"

ထန်ကောရှန့် မခံမရပ်နိုင်အောင် ယားလွန်းလှသဖြင့် ရေချိုးကန်ထဲက တကယ်ကို ထွက်ချင်နေသော်လည်း မြေးဖြစ်သူ ထန်ရှုက တစ်နာရီကျော်ကြာအောင် စိမ်ရမည်ဟု မှာထားသော စကားများကို ပြန်သတိရသောအခါ ကြိုးစားထိန်းချုပ်ကာ သည်းခံနေရသည်။

ချွေးပေါက်များ သူ၏မျက်နှာပေါ်သို့ တလိမ့်လိမ့် ဆင်းလာသည်။ မျက်နှာပေါ်က ချွေးများကို သုတ်ရန် လက်အား အမှုမဲ့ အမှတ်မဲ့ မြှောက်လိုက်ရာ သူ့လက်များတွင် ခဲရင့်ရောင် အညစ်အကြေးများ စွန်းပေနေသည်ကို ရုတ်တရက် တွေ့လိုက်ရလေ၏။

…ဘာတွေ ဖြစ်နေတာလဲ…

ထန်ကောရှန့် တွေဝသွေားပြီး သူ၏မျက်နှာကို ပိုမိုအားစိုက်ထုတ်ကာ ပွတ်တိုက်လိုက်ချိန်တွင် သူ၏လက်များတွင်လည်း မီးခိုးရောင် အညစ်အကြေးများ ပို၍ပို၍ ထွက်ပေါ်လာကာ အပုပ်နံ့က ပိုမိုပြင်းထန်လာသည်။

အာ… ချီးပဲဟေ့…

နာရီဝက်နီးပါးကြာပြီးနောက် ထန်ကောရှန့်သည် သူ၏အဝတ်ဗလာခန္ဓာကိုယ်တွင် ဖြစ်ပေါ်နေသော ယားယံမှုအား မခံနိုင်တော့ဘဲ ရေချိုးကန်ထဲမှ ခုန်ထွက်လိုက်သည်။ သူ၏လှုပ်ရှားမှုသည် အလွန်လျင်မြန်ပြီး လူရွယ်တစ်ယောက်အလားပင်။ ခြေဗလာဖြင့် ရေချိုးခန်းကြမ်းပြင်ပေါ်တွင် ဖြည်းဖြည်းချင်း နင်းလျှောက်လာပြီး ရေချိုးကန်ထဲက ထွက်လာချိန်တွင် သူ ပထမဆုံး လုပ်ခဲ့သောအရာမှာ မှန်ကြည့်လိုက်ခြင်းပေတည်း။

"ငါ့မျက်နှာ…"

သူ့မျက်နှာပေါ်တွင် မီးခိုးရင့်ရောင် အညစ်အကြေးများ ကပ်ညိနေသည်ကို တွေ့လိုက်ရသောကြောင့် မှန်ကြည့်ရင်း ထန်ကောရှန့် အံ့ဩသွားသည်။ အစောပိုင်းက သူ အများကြီး ဖယ်ထားသည့်တိုင် များစွာ ကျန်ရှိနေသေးသည်။ ရေချိုးကန်ထဲက ရေနွေးများ ရွှံ့ရေသဖွယ် ဖြစ်သွားရသော အကြောင်းရင်းသည် သူ့ခန္ဓာကိုယ်ထဲက တစ်ခုခုကြောင့်ဟု ရုတ်ခြည်းပင် သူ သဘောပေါက်သွားသည်။

အပြင်ဘက်တွင် ထန်ရှုသည် ပက်လက်ကုလားထိုင်တစ်လုံးထက်တွင် သက်တောင့်သက်သာ ထိုင်ရင်း စီးကရက် သောက်နေသည်။ သူ၏ဘေးနားတွင် အဘွားဖြစ်သူ လုပ်ပေးထားသော လက်ဘက်ရည်သည် အငွေ့တထောင်းထောင်းထကာ သင်းပျံ့နေသည်။

"မင်းအဘိုး ဒီနေ့ အရမ်းထူးဆန်းနေတယ် ရှုအာ။ မနက်က သူ အပြင်မသွားခင် ရေချိုးပြီးပြီဆိုတာ အဘွား မှတ်မိတယ်။ သူ အလုပ်များတဲ့အချိန် ဒါမှမဟုတ် နွေရာသီရောက်တိုင်းတော့ ညနေဖက် နောက်တစ်ကြိမ် ပြန်ချိုးလေ့ရှိပေမယ့် ဒီလိုအေးတဲ့နေ့မှာ သူ နောက်တစ်ကြိမ် ရေချိုးတာ ဘာအကြောင်းကြောင့်လို့ ငါ့မြေး ထင်လဲ။" ချင်ချန်းယွဲ့က ကုလားထိုင်ကို ရွှေ့ကာ ထန်ရှုအနားတွင် ထိုင်ရင်း မေးလိုက်သည်။

ထန်ရှုက ခပ်ဖွဖွ ပြုံးကာ

“အဘိုးက တစ်ကိုယ်ရေ သန့်ရှင်းမှုနဲ့ ကျန်းမာရေးကို ဇီဇာကြောင်ရုံပါ အဘွားရ။ အဘွားလည်း နောက်ဆို ရေနွေးနဲ့ ရေချိုးသင့်တယ်လို့ ကျွန်တော် ထင်တယ်။ အဘွား အသက် ၁၀၀ပြည့်တဲ့ အထိ စောင့်ပါ။ အဘွားရဲ့ နှစ်၁၀၀မွေးနေ့ကို ဂုဏ်ပြုဖို့ ကျွန်တော် ပွဲကြီးတစ်ခု ကျိန်းသေလုပ်ပေးမှာ။"

"ကလေး … အပြောကတော့ တကယ်ချိုပါ့တော်။" ချင်ချန်းယွဲ့၏ အိုမင်းသော မျက်နှာပေါ်တွင် အပြုံးတစ်ခု ပွင့်လန်းလာသည်။ သူမသည် ထန်ရှု၏လက်ကို ချစ်ခင်စွာ ဆုပ်ကိုင်လိုက်ရင်း

"မြေး … အဘွား တစ်ခုလောက် မေးလို့ရမလား။"

“ပြောလေ အဘွား။” ထန်ရှု ခေါင်းညိတ်လိုက်သည်။

"မြေးက ကလေး မဟုတ်တော့ဘူးနော်။ ဒီအရွယ်မှာ သာမန်လူငယ်တွေလို အိမ်ထောင်ရေးအကြောင်း ပြောသင့်နေပြီ။ ဒါပေမယ့် မြေးမှာ လက်ရှိ သဘောကျနေတဲ့ မိန်းကလေး ရှိနေပြီလား။" ချင်ချန်းယွဲ့ စကားစလိုက်သည်။

အဘွားဖြစ်သူ၏မေးခွန်းကြောင့် ထန်ရှု ငိုရခက် ရယ်ရခက် ဖြစ်သွားကာ အပြုံးဖြင့်

"အဘွား … ကျွန်တော် အသက်၂၀ပဲ ရှိပါသေးတယ်ဗျ။ ၂၁နှစ်တောင် မပြည့်သေးတာ တရားဝင်လက်ထပ်ရမယ့် အသက်နဲ့ဆို နှစ်အနည်းငယ်လောက် လိုပါသေးတယ်။ နောက်ပြီး ကျွန်တော်က တက္ကသိုလ်မှာ ပညာသင်ကြားနေဆဲမို့ ကျောင်းစာကိုပဲ ဦးစားပေးပြီး အာရုံစိုက်ဖို့ လိုသေးတယ်။ အချစ်ရေးနဲ့ အချစ်အကြောင်း ပြောဖို့ ဆိုတာ ဘယ်မှာ ဒီလောက် အချိန်ရပါ့မလဲ။"

“အဲ့ဒီလို ပြောလို့မရဘူး မြေးရဲ့။ မြေးက ကျောင်းစာ လေ့လာမှုတွေကို အာရုံစိုက်ပြီး ဦးစားပေးရမယ်လို့ မြေးပဲ ပြောခဲ့တယ်။ ဒါဆို ရှုအာမှာ စီးပွားရေးလုပ်ဖို့ အချိန်ကျန်သေးတယ်လို့ အဘွား ဘယ်လို ကြားလာတာလဲ။ ရှုအာရဲ့လုပ်ငန်းက ကြီးပွားတိုးတက်နေပုံရတယ် မဟုတ်ဘူးလား။ မြေး သိတဲ့အတိုင်း  အဘွားတို့မိသားစုမှာ အိမ်ခြံမြေနဲ့ လုပ်ငန်းတွေ အများကြီးရှိတယ်။ ပိုက်ဆံ မရှိတာလည်း မဟုတ်ဘူး။ ဘာကြောင့် ရှုအာက ပိုက်ဆံကို အသည်းအသန် ရှာနေရတာတုန်း။ အဘွား မြေးကို တစ်ခု ပြောရဦးမယ်။ ငွေရှာဖို့ တစ်ခုတည်းအတွက် အချိန်ဖြုန်းတာက မကောင်းဘူးလေ။ လူငယ်တွေမှာ ရှိသင့်တဲ့ ချစ်ခြင်းမေတ္တာနဲ့ ငယ်ရွယ်နုပျိုတဲ့ စိတ်ဆန္ဒတွေအကြောင်း ပိုပြောသင့်တယ်။”

ထိုနေရာသို့ စကားရောက်အလာတွင် သူမသည် အနည်းငယ် တုံ့ဆိုင်းသွားကာ ပို၍ ပြတ်သားသော အသံဖြင့်

“အဘွားက အသက်ကြီးပြီလေ။ အခုဆို မြေကြီးထဲ သွားရဖို့အတွက် ခြေလှမ်းတွေဦးတည်နေတဲ့ သက်ကြီးရွယ်အိုတစ်ဦး ဖြစ်နေပါပြီ။ အဘွား ဘယ်နေ့သေသွားမလဲဆိုတာ ဘယ်သူမှ သိနိုင်တဲ့အရာ မဟုတ်ဘူး။ အခု အဘွား ကျန်းမာနေတုန်း ရှုအာက စောစော ရည်းစားရှာပြီး စောစော လက်ထပ်လိုက်ရင် အဘွား မသေခင် မြစ်လေး ချီလို့ရမယ်။ ဒါကြောင့် ငါ့မြေးမှာ အချိန်မရှိရင်တောင် အဘွားက ငါ့မြစ်လေးကို ပြုစုစောင့်ရှောက်လို့ ရတာပေါ့။”

…အဟွတ် … အဟွတ် …

ထန်ရှု သူ့အဘွား တိုက်တွန်းသော အကြောင်းအရာကို ကြားပြီးနောက် အကြိမ်အနည်းငယ်ခန့် ချောင်းဆိုးသွားရပြီး ကူကယ်ရာမဲ့ဟန်ဖြင့်

“အဘွား … ကျေးဇူးပြုပြီး အဲ့ဒီလို မပြောပါနဲ့။ သက်တမ်း ရာချီပြီး အသက်ရှည်နိုင်ပါသေးတယ်။”

"နောက်မနေနဲ့ ကောင်စုတ်လေး။" ချင်ချန်းယွဲ့က မကျေမနပ်ဟန်ဖြင့် ကြိမ်းမောင်းလိုက်ရင်း

"အဘွားက မြေးကို အလေးအနက် ပြောနေတာ။"

“ဟုတ်ကဲ့ … ဟုတ်ကဲ့ပါ။ အဘွား အလေးအနက် ပြောနေတာ ကျွန်တော် သိပါတယ်။” ထန်ရှုက ကူကယ်ရာမဲ့ဟန် ပြန်ပြောလိုက်သည်။

“အဲ့ဒါဆိုရင် အဘွား စိတ်သက်သာရာရအောင်လို့ ကျွန်တော် မိန်းကလေးအချို့ ရှာပြီး အဘွားဆီ ခေါ်လာပေးမယ်။ ပုံမှန်ဘောလုံးအသင်းတစ်သင်းရဲ့ အရေအတွက်အတိုင်း မြစ်ဆယ့်တစ်ယောက်ရအောင် နှစ်အနည်းငယ်အတွင်း ကြိုးကြိုးစားစား လုပ်သွားပါမယ်။ ဒါပေမယ့် အဲ့ဒါပြီးသွားရင်တောင် ကျွန်တော့်လက်နှစ်ဘက်မှာ ရှိတဲ့ ဒီလက်ဆယ်ချောင်းနဲ့ လုံလောက်မှာ မဟုတ်ဘူး။"

ဟာ…ဟာ…ဟ…

ချင်ချန်းယွဲ့ ဟက်ဟက်ပက်ပက် ရယ်မောမိတော့သည်။ သူမ စကားပြောခါနီးတွင် ရေချိုးခန်းမှထွက်လာသော ခင်ပွန်းဖြစ်သူ ထန်ကောရှန့်ကို တွေ့လိုက်ရပြီး သူမ ပြောမည့်စကားများကို တခဏချင်း မျိုချလိုက်မိကာ မျက်နှာပေါ်ရှိ အပြုံးများသည် ရုတ်တရက် အေးခဲသွားခဲ့သည်။ ညဉ့်နက်နေပြီဖြစ်သော်လည်း ခြံဝင်း၏ထွန်းလင်းနေသော မီးရောင်အောက်တွင် ထန်ကောရှန့်၏အသွင်အပြင်အား သူမ ကောင်းစွာ မြင်နိုင်ပါသေးသည်။

ထန်ရှုသည် သူ့အဘွား၏မျက်လုံးများ ဦးတည်ရာအတိုင်း လိုက်ကြည့်မိပြီး ကုလားထိုင်ပေါ်မှ ချက်ချင်း ခုန်ဆင်းကာ ထန်ကောရှန့်ဆီသို့ ပြေးသွားသည်။ ထန်ကောရှန့်အား ပတ်ပတ်လည်ကို အကြိမ်အနည်းငယ် လှည့်ပတ်ကြည့်ပြီးနောက် သက်ပြင်းချရင်း

“အကျိုးသက်ရောက်မှုက တကယ့်ကို မှတ်လောက်စရာပဲ။ အဘိုး…နောက်ရက်အနည်းငယ်အတွင်း အပြင်မထွက်နဲ့ဦး။ မဟုတ်ရင် အဘိုးကို လုံးဝမမှတ်မိတဲ့သူတွေ အများကြီး ရှိနေလိမ့်မယ်။"

ထန်ကောရှန့်သည် သူ၏ခန္ဓာကိုယ်ကို ဆေးကြောသန့်စင်ပြီးနောက် မှန်ထဲတွင် ကြည့်လိုက်စဉ်က အံ့သြတုန်လှုပ်သွားမိခဲ့သည်။ သူ၏မျက်နှာသည် ယခင်က အရေးအကြောင်းများ ပြည့်နှက်နေပြီး သက်ကြီးရွယ်အို အစက်အပြောက်အချို့ပင် ရှိသေးသည်။ သို့သော် မှန်ထဲတွင် မြင်နေရသောလူက အရေးအကြောင်းများ လျော့နည်းသွားကာ အသက်ကြီးရင် ဖြစ်တတ်သော အစက်အပြောက်များ ပျောက်သွားခဲ့သည်။ အရေးကြီးဆုံးမှာ သူ၏အသက်သည် ရုတ်တရက် ဆယ်နှစ်ကျော်လောက် ငယ်သွားသည့်အလားပင်။

ထို့အပြင် သူ့အား ဝမ်းသာမျက်ရည်ကျစေသော အခြားအရာတစ်ခုလည်း ရှိသေးသည်။ သူ၏အောက်ပိုင်း မှ "ညီလေး" သည် နှစ်ပေါင်းများစွာ "ရှင်သန်ခြင်း" အား မခံစားနိုင်ဘဲ ရှိနေရာမှ ယခု "အားပြန်ရှိခြင်း" လက္ခဏာများ ပြနေသည်။ သူ၏အခြေနေအား သိရှိပြီးနောက် ရင် တဆတ်ဆတ် တုန်သည်ထိ အံ့သြနေရလွန်းသဖြင့် မှန်ရှေ့တွင် စကားတစ်လုံးမဆိုဘဲ အကြာကြီးရပ်နေခဲ့မိသေးသည်။

ထန်ကောရှန့်၏မျက်နှာထက်တွင် အတန်ငယ် စိတ်လှုပ်ရှားသော အမူအရာများ ရှိရင်း ထန်ရှုကို ကြည့်ကာ

"ဒီခန္ဓာကိုယ်သန့်စင်ဆေးရည်က ရိုးရိုးရှင်းရှင်းနဲ့ အံ့သြဖွယ်ကောင်းပြီး ဘုရားပေးတဲ့ဆေးလိုပဲ။ ယားယံတာက ခံနိုင်ရည်ရှိဖို့ ခက်ပေမယ့် အကျိုးသက်ရောက်မှုက အရမ်းကောင်းတယ်။ ပိုမို သန်မာလာတယ်လို့ ခံစားရတယ်။ ငါ့လက်သီးချက်က နွားတစ်ကောင်ကို မသတ်နိုင်ရင်တောင် သိုးကလေးတစ်ကောင်ကို သတ်ဖို့က ပြဿနာမရှိတော့ဘူး။ ဟားဟားဟား…”

"နောင်တစ်ချိန်မှာ ကျွန်တော့်ရဲ့ခွန်အားတွေ ပိုမို အားကောင်းလာပြီး ကျင့်ကြံမှုအရင်းအမြစ်တွေ ပိုရလာတဲ့အခါ အဘိုးအတွက် ဆေးလုံးတစ်လုံးကို ကျွန်တော် ဖော်စပ်ပေးမှာပါ။" ထန်ရှုက ပြုံးရင်း ပြောသည်။

“ဆေးလုံးက အဘိုးကို ပိုပြီး ငယ်ရွယ်နုပျိုမှု မဖြစ်စေရင်တောင် အသက်ကို ၈နှစ်ကနေ ၁၀နှစ်အထိ ရှည်ဖို့ဆိုတာ ပြသနာ မဟုတ်ပါဘူး။

"အသက်ရှည်စေတဲ့ ဆေးဟုတ်လား။" ထန်ကောရှန့်သည် အံ့ဩသွားပြီး သူ့မျက်နှာသည် အကြီးအကျယ် ပြောင်းလဲသွားကာ ချက်ချင်း စိတ်လှုပ်ရှားစွာ မေးလာသည်။

"မှန်ပါတယ်။" ထန်ရှု ခေါင်းညိတ်လိုက်သည်။

"ဒါက အမှန်တကယ် သက်တမ်းတိုးစေတဲ့ ဆေးလုံးတစ်လုံးပါ။"

စိတ်လှုပ်ရှားနေသော အမူအရာဖြင့် ထန်ကောရှန့်က သူ၏လက်များကို ပွတ်နေရင်း

"ရှုအာ … သက်တမ်းတိုးဖို့အတွက် ဒီလိုဆေးကို သန့်စင်ပေးနိုင်တယ်ဆိုတာ ဘယ်သူ့ကိုမှ အလွယ်တကူ မပြောရဘူး။ နောက်ပြီး မင်းထုတ်လုပ်ပြီးရင် ငါ့မှာ ကောင်းမွန်တဲ့ အသုံးပြုစရာတွေ ရှိတယ်။"

"အဘိုး ဆိုလိုတာက ခန္ဓာကိုယ်သန့်စင်ဆေးရည်လိုပဲ အဘိုးမှာ သုံးစရာရှိနေလို့လား။" ထန်ရှု သေချာအောင် မေးလိုက်သည်။

“ငါတို့မှာ သက်တမ်းတိုးပေးနိုင်တဲ့ ဆေးလုံးတွေနဲ့ ခန္ဓာကိုယ်သန့်စင်ဆေးရည်သာ ရှိနေရင် လာမယ့် ဆယ်စုနှစ်နှစ်ခုအတွင်းမှာ ငါတို့မိသားစုက တရုတ်နိုင်ငံရဲ့ အထင်ရှားဆုံး မိသားစုဖြစ်လာမယ်ဆိုတာ လုံးဝသေချာတယ်။ ရှုအာ … မင်း မသိနိုင်သေးပေမယ့် လူတွေက အာဏာပိုကြီးလာလေ သေရမှာကို ပိုကြောက်လာလေပဲ။ ငါတို့နိုင်ငံရဲ့ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ အဲ့ဒီပုဂ္ဂိုလ်ကြီးတွေထဲမှာ အသက် ၆၀ ဒါမှမဟုတ် ၇၀ကျော် မဟုတ်တာ ဘယ်သူ ရှိသေးလို့တုန်း။ အဲ့ဒီကျရင် …ဟမ့်။”

"အဲ့ဒါဆိုရင် စီမံပေးပါ့မယ် အဘိုး။" ထန်ရှုက လက်ခုပ်တီးပြီး အပြုံးဖြင့် ပြောလိုက်ရင်း

“ဆေးလုံးနဲ့ ပတ်သက်ပြီး ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူးဆိုတာ သေချာတယ်။ ကျွန်တော် ထုတ်လုပ်ဖို့ ဖြစ်နိုင်ခြေနည်းပေမယ့် ဒီနှစ်ကုန်ရင် အဘိုးဆီ တစ်သုတ် ပို့ပေးလိုက်မယ်။"

ထန်ကောရှန့် ခေါင်းတဆတ်ဆတ် ညိတ်ရင်း ထန်ရှုအား ကမ္ဘာပေါ်မှ အဖိုးတန်ဆုံးရတနာအလား ကြည့်နေခဲ့သည်။

ချင်ချန်းယွဲ့၏မျက်လုံးများသည်လည်း အရောင်တလက်လက် တောက်ပနေသည်။ အသေးစိတ်အချက်အလက်များကိုမေးမြန်းပြီးနောက် သူမသည် ရေချိုးခန်းထဲသို့ ခန္ဓာကိုယ်သန့်စင်ဆေးရည်ကို ယူကာ အလျင်အမြန် ဝင်သွားတော့သည်။ သူမ ပြန်ထွက်လာချိန်တွင် အခြားသူတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားကဲ့သို့ ဆယ်နှစ်ကျော်ခန့် ငယ်သွားသည့်ဟန် ရှိပြီး သူမ၏ ဆံပင်ဖြူတို့သည်လည်း ပြန်လည် နက်မှောင်သွားခဲ့သည်။

ထန်ကောရှန့်နှင့် ချင်ချန်းယွဲ့တို့အတွက် ဤညသည် ပြန်လည်မွေးဖွားလာသော ညတစ်ခုအလားပင်။ သူတို့၏ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲသွား မှုကြောင့် ထန်ရှုအပေါ် ထားသည့် ခံစားချက်များသည် အကန့်အသတ်ထိသို့ ရောက်သွားခဲ့ပြီး လက်ရှိအချိန်တွင် သူတို့အတွက် ကမ္ဘာပေါ်တွင် အရေးအကြီးဆုံးပုဂ္ဂိုလ်မှာ သူတို့၏မြေး ထန်ရှုသာ ဖြစ်တော့သည်။

မနက်စောစော လေ့ကျင့်ခန်းလုပ်ရာမှ ပြန်လာခဲ့သော ထန်ရှုသည် အိမ်အကူများစွာ စုဝေးပြီး အချင်းချင်း တီးတိုးပြောနေသည်ကို မြင်လိုက်ရသည်။ သူ၏ ပြတ်သားသော အကြားအာရုံဖြင့် သူ့အဘိုးအဘွားများ၏အသွင်အပြင် အပြောင်းအလဲများအကြောင်းအား ထိုသူတို့ ပြောနေကြသည်ကို သူကြားနေရပေသည်။ ထိုအချင်းအရာက သူ့အား ပျော်ရွှင်စေကာ ကျန်ထန်မိသားစုဝင်များသည် သူ၏ အဘိုးအဘွားများကို မြင်သောအခါတွင် မည်မျှ အံ့သြသွားကြမည်ကိုလည်း သူ မြင်ချင်လာမိသည်။

မျှော်လင့်ထားသည့်အတိုင်း ထန်ကောရှန့်ထံမှ ဖုန်းခေါ်ဆိုမှုလက်ခံရရှိသည့် ထန်မိသားစုဖွဲ့ဝင်များ ရောက်လာကြသည်။ အဘိုးကြီးနှင့်အဘွားကြီး ပုံပန်းသွင်ပြင် ပြောင်းလဲသွားသည်ကို တွေ့လိုက်ရချိန်တွင် အောက်မေးရိုးများ ပြုတ်ကျလုနီးပါး အံ့သြသွားကြသည်။ တတိယအဘိုး ထန်ကောရှို့သည်ပင် သူ၏ဆန္ဒကို မထိန်းနိုင်တော့ဘဲ ခန္ဓာကိုယ်သန့်စင်ဆေးရည်နှစ်စက်ကို ယူကာ ရေချိုးကန်ထဲတွင် အမြန်စိမ်ရန် ရေချိုးခန်းထဲသို့ အမြန်ပြေးဝင်သွားလေတော့သည်။

မွန်းတည့်ချိန် ရောက်လာသောအခါ ထန်ရှုက ချူယီပေးခဲ့သော လိပ်စာအတိုင်း ကန်ဒီကလပ်ကို သွားခဲ့သည်။ သို့သော် ကလပ်အဝင်ဝတွင် လုံခြုံရေးအစောင့်ယူနီဖောင်းဝတ်ထားသည့် လူရှစ်ဦးက သူ့ကို တားထားသည်။

"စိတ်မကောင်းပါဘူး။ လူကြီးမင်းရဲ့အဖွဲ့ဝင်ကတ်ကို ငါတို့ကို မပြနိုင်ရင် အထဲဝင်ခွင့်မပြုနိုင်ပါဘူးခင်ဗျာ။"  ကြံ့ခိုင်ပြီး တောင့်တင်းသော သက်လတ်ပိုင်း လုံခြုံရေးအဖွဲ့ဝင်တစ်ဦးက လေးနက်သောမျက်နှာဖြင့် ပြောလာသည်။

"ငါ့နာမည် ထန်ရှုပါ။ ချူယီနဲ့ ဖုန်းဆက်စကားပြောပြီးပြီ။ ငါ ရောက်တဲ့အခါ တန်းဝင်ခွင့်ပြုဖို့ သူ မပြောထားဘူးလား။" ထန်ရှုက မေးလိုက်သည်။

…ထန်ရှုလား…

လူလတ်ပိုင်းအရွယ် အမျိုးသားသည် အံ့အားသင့်သွားကာ သူ၏အမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး သတိကြီးစွာ ထားသော အမူအရာဖြင့်

"လူကြီးမင်းက ထန်မိသားစုရဲ့ထန်ရှုများလား။"

“ဟုတ်ပါတယ်။” ထန်ရှု ခေါင်းညိတ်သည်။

သက်လတ်ပိုင်း အမျိုးသား၏ အမူအရာမှာ လေးစားသောဟန်ပြောင်းသွားကာ ရိုရိုသေသေ ပြောလာခဲ့သည်။

"သခင်လေးထန် … သခင်လေးချူက မင်းအကြောင်း ငါတို့ကို ကြိုမပြောထားပါဘူး။ ဒါပေမယ့် မင်း ရောက်လာတဲ့အခါ မင်းကို တန်းဝင်ခွင့်ပြုဖို့ ငါတို့ရဲ့ သူဌေးကိုယ်တိုင် ငါတို့ကို ညွှန်ကြားထားပါတယ်။ အခု သူက အပန်းဖြေခန်းမထဲမှာ မင်းကိုစောင့်နေတယ်။"

"အာ…" ထန်ရှု အံ့ဩသွားသည်။ "မင်းတို့ရဲ့ သူဌေးက ဘယ်သူများလဲ။"

***

All Chapters