← Chapters

ပေကျင်း၌ ရန်သူ များလာရခြင်း

Vol. 44 Ch. 604

ပေကျင်း၌ ရန်သူ များလာရခြင်း

Vol. 44 Ch. 604

အနက်ရောင် ယူနီဖောင်းဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ထန်ရှုကို တလေးတစား မျက်နှာမူကာ "ငါတို့သူဌေးက ချင်းရှောင်ယန်ပါ။"

ချင်းရှောင်ယန်အား ဤကန်ဒီကလပ်ပိုင်ရှင် ဖြစ်မည်မှန်း မထင်ထားသောကြောင့် ထန်ရှု အံ့အားသင့်သွားသည်။ အဲ့သည့်လူက သည်အကြောင်းအား သူ့ကို မပြောပဲ မနေ့က အတော်ပင် နှိမ့်နှိမ့်ချချ နေခဲ့သည်။ ထန်ရှုသည် ဧရိယာအေရှိ အပန်းဖြေခန်းမ၏တည်နေရာကို မေးမြန်းပြီးနောက် သူ၏ကားကို မောင်းဝင်လာခဲ့သည်။

အဝေးက လမ်းအဆုံးတွင် သူ့ကား ပျောက်ကွယ်သွားပြီးနောက် လုံခြုံရေးအစောင့် ရှစ်ယောက်သည် ချက်ချင်းပင် စကားစမြည် ပြောဆိုကြတော့သည်။

"ထန်မိသားစုရဲ့ အထွန်းတောက်ဆုံး သခင်လေးထန်ရှုကို ဒီလောက်ငယ်လိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ သူက ဒီကလပ်ကို လာလည်တဲ့ ငါ အလေးစားရဆုံး သခင်လေးတွေထဲက တစ်ယောက်ဖြစ်ပြီး အဲ့ဒီထဲက တစ်ယောက်ကတော့ ငါတို့ရဲ့ သူဌေးပဲ။"

“ဒီအတွက်နဲ့ပတ်သက်ပြီး သံသယ မရှိပါဘူး။ သခင်လေးထန်က ဗြဟ္မာခေါင်းကျောက်ယွင်တိလို ငဆိုးလေးကိုတောင် သတ္တိကောင်းကောင်းနဲ့ ရိုက်ခဲ့သေးတာပဲ။ ငါလည်း မင်းလို စံပြထားထားတဲ့လူ နည်းနည်းပဲ ရှိတယ်။ သခင်လေးထန်ကတော့ သေချာပေါက် သူတို့ထဲက တစ်ယောက်ပေါ့။

"ဟုတ်တယ်။ ကျောက်ယွင်တိတစ်ယောက်တည်းတင် မဟုတ်ဘူး … ယောင်တွေ အထွတ်အထိပ်ရောက်တဲ့ အချိန်တုန်းက တောင်ပိုင်းဒေသမှာ ယောင်ရှင်းဟွာကိုတောင် အနိုင်ပိုင်းခဲ့တာလေ။ သူက ယောင်ရှင်းဟွာကို ကန်ကျောက်ပြီး ကျောက်ယွင်တိကိုတောင် လက်သီးနဲ့ထိုးနိုင်ခဲ့မှတော့ ပေကျင်းတစ်ခုလုံးမှာ သူနဲ့ ယှဉ်နိုင်တဲ့သူ ဘယ်သူမှ ရှိမှာမဟုတ်ဘူး။”

"ကံမကောင်းစွာပဲ ငါတို့မှာ အဆင့်အတန်းကောင်းတွေ မရှိဘူး။ နို့မဟုတ်ရင် သူလက်မှတ်ထိုးထားတဲ့ ဓာတ်ပုံကို တကယ် လိုချင်ပြီး အဲ့ဒါကို အိမ်သယ်လာမိလိမ့်မယ်။"

ဟား…ဟား…ဟား…

ဧရိယာအေရှိ အပန်းဖြေခန်းမသို့ ကားကို မောင်းနှင်လာသော ထန်ရှုသည် အဆောက်အဦးအရှေ့တွင် စောင့်ဆိုင်းနေသော ချင်းရှောင်ယန်အား တွေ့လိုက်ရသည်။ သူ့လူများက သူ့အား အကြောင်းကြားလိုက်သောကြောင့် သူသည် သူ့ကို ကြိုတင်ပြီး လာနှုတ်ဆက်ခြင်းဖြစ်သည်။

"မင်းကို ကြိုဆိုဖို့ ငါ ထွက်လာတာမို့ ထန်ရှု ကျေးဇူးပြုပြီး စိတ်မပျက်ပါနဲ့။" ချင်းရှောင်ယန်က ပြုံးပြီး စကားဆိုသည်။

"ရိုးသားစွာပြောရရင် မင်းကို ပေကျင်းမှာရှိတဲ့ ထိပ်တန်းအဆင့်မြင့် ကန်ဒီကလပ်ပိုင်ရှင် ဖြစ်လိမ့်မယ်လို့ ငါ တကယ် မမျှော်လင့်ထားဘူး။" ထန်ရှုက သူ့လက်ကို ဝှေ့ယမ်းပြီး ကြားဖြတ်ပြောလိုက်သည်။ “ဒီလိုအဆင့်မြင့်ကလပ်တစ်ခုကို ဖွင့်နိုင်ဖို့ လူတစ်ယောက်အတွက် မြင့်မားတဲ့ လူမှုအဆင့်အတန်း၊ ငွေကြေးအရင်းအမြစ်တွေနဲ့ ချိတ်ဆက်မှုတွေ လိုအပ်တယ်လို့ ငါ ပြောနိုင်တယ်။ ဒါကို မင်းတစ်ယောက်တည်းပဲ တတ်နိုင်မှာကို စိုးထိတ်ရတယ်။"

"မင်း ငါ့ကို နောက်နေတာလား ထန်ရှု"

ချင်းရှောင်ယန်က စိုးရွံ့စွာ ပြန်ဖြေရင်း

“ဒီကလပ်ကို ဖွင့်ခွင့်ရဖို့က လူတိုင်းက ငါ့ကို မျက်နှာသာပေးပြီး သူငယ်ချင်းတော်တော်များများက ကူညီပေးကြလို့ပါ ဒီလောက်ပါပဲ။ အထဲကို ဝင်ကြရအောင်။ ထန်ဝနေဲ့ ချူယီက ရောက်နေကြပြီ။ မင်း လာမယ်ဆိုတာကိုသိလို့ အထဲမှာ စောင့်နေကြတဲ့ တခြားသူငယ်ချင်းတွေလည်း ရှိသေးတယ်။

"ခုနက မင်းပြောခဲ့တဲ့ သူငယ်ချင်းတွေက ဘယ်သူတွေလဲ။" ထန်ရှုက အတူလမ်းလျှောက်လာရင်း မေးလိုက်သည်။

"ပိုင်မိသားစုက ပိုင်ထောင်ပါ။ မင်းတို့နှစ်ယောက်က သူငယ်ချင်းတွေလို့ ငါ ကြားတယ်။” ချင်းရှောင်ယန်က ပြုံးလိုက်ပြီး

“မုမိသားစုက အရမ်းထူးချွန်ပြီး ထက်မြက်တဲ့ မုဒုန်ချင်းလည်း ရှိတယ်။ ရှောင်မိသားစုရဲ့ အကြီးအကဲအဖြစ် ကြိုတင်သတ်မှတ်ခြင်း ခံထားရတဲ့ ရှောင်ချန်းလင်ရောပဲ။ မုဒုန်ချင်းနဲ့ ထန်ဝတေို့က အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်သလို ရှောင်ချန်းလင်နဲ့ ချူယီကလည်း ကြီးပြင်းလာကတည်းက တတွဲတွဲပဲ။ မင်း တခြားသူတွေကို မတွေ့ချင်မှာစိုးလို့ ငါ သတင်းမဖြန့်ထားဘူး။”

ထန်ရှုသည် ချင်းရှောင်ယန်၏ထက်မြက်မှုကို စိတ်တွင်းမှ ချီးကျူးရင်း အပြုံးဖြင့် ခေါင်းညိတ်သည်။ ထန်ရှုသည် အပန်းဖြေခန်းမထဲသို့ သူ့နောက်မှ လိုက်သွားရင်း ထန်ဝေ ၊ ချူယီနှင့် ပိုင်ထောင်တို့ကို နှုတ်ဆက်ပြီး ထိုသူတို့၏မိတ်ဆက်စကားအရ မုဒုန်ချင်းနှင့် ရှောင်ချန်းလင်တို့ကိုပါ နှုတ်ဆက်သည်။ မုဒုန်ချင်းသည် ပေကျင်းမြို့၏ ထင်ရှားကျော်ကြားသော မုမိသားစုမှ ဖြစ်ပြီး မုမိသားစုသည် ထိပ်တန်းဟု မပြောနိုင်သော်လည်း အလယ်အလတ်ပိုင်းတွင် ထင်ရှားသော မိသားစုတစ်ခုဖြစ်သည်။ ရှောင်မိသားစုမှာမူ လွန်စွာ ကွဲပြားသည်။ ၎င်းမိသားစုသည် ထန်မိသားစုထက်ပင် ပိုမိုအားကောင်းပြီး အထင်ရှားဆုံး မိသားစုများထဲတွင် အဆင့်ဝင်သည်။ သို့သော်လည်း ရှောင်ချင်းလင်ကိုယ်တိုင်က သိုသိုသိပ်သိပ် နှိမ့်နှိမ့်ချချနေပြီး ထန်ရှုအပေါ် စေတနာကောင်းကို တိုက်ရိုက်ပြသထားပေသည်။

လက်ရှိအချိန်မှသည် ရှေးဟောင်းနှောင်းဖြစ်များအထိ ပြောဆိုကြရင်း သူတို့၏စကားဝိုင်းသည် ပျော်ရွှင်မြူးစရာ ကောင်းသော်လည်း မနေ့က ချင်းရှောင်ယန်နှင့် ဆွေးနွေးခဲ့သည့် ပူးပေါင်းဆောင်ရွက်မှုကို လူတိုင်းရှေ့တွင် ဖော်ပြခဲ့ခြင်း မရှိပေ။

အားလုံး နေ့လယ်စာစားပြီးနောက် ချင်းရှောင်ယန်က "ဘိုးလင်းနေရာကို သွားပြီးတော့ တစ်ခုခုကစားရင်ရော ဘယ်လိုလဲ။ အာ ဟုတ်သားပဲ။ ဘိုးလင်းကစားတဲ့နေရာက ရေကူးကန်ဘေးမှာ ရှိတယ်ဆိုတော့ ဘိုးလင်းမကစားချင်ရင် ရေသွားကူးလို့လည်း ရတယ်။ ငါတို့ရဲ့ အကောင်းဆုံး အမျိုးသမီး ရေကူးနည်းပြ ကောထျန်းထျန်းလည်း ဒီနေ့ ဒီကို လာတယ်။"

ကောထျန်းထျန်းလား…

ပိုင်ထောင်၏မျက်လုံးများ ရုတ်ခြည်းပင် အရောင်လက်သွားသည်။ သိပ်မကြာမီမှာပင် အားလုံး ဘိုးလင်းကွင်းသို့ ရောက်လာကြသည်။ အဲ့ဒီနေရာတွင် ကစားသူ ခုနစ်ယောက် ရှစ်ယောက်သာ ရှိသော်လည်း လှပသော စားပွဲထိုးမိန်းကလေးများက ဝန်းရံကာ လက်ဖက်ရည် ထည့်ပေးပြီး သူမတို့လုပ်နိုင်သမျှ အကောင်းဆုံး ဆောင်ရွက်ပေးနေသည်။                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                          လွန်ကျူးမှုအရှိဆုံး မြင်ကွင်းမှာ နူးညံ့သည့် ဆိုဖာထက်တွင် လဲလျောင်းကာ ဆိုင်ဝန်ထမ်းနှစ်ယောက်၏နှိပ်နယ်ပေးမှုအား နှစ်ခြိုက်စွာ ခံယူနေသော မိန်းကလေးငယ်တစ်ဦး၏ နေရာဖြစ်သည်။

"အို…" ထန်ရှုအတွက် မမျှော်လင့်ထားဆုံးအရာမှာ ဤဘိုးလင်းနေရာတွင် အသိမိတ်ဆွေနှစ်ဦးဖြစ်သော ဝမ်းကွဲထန်ရင်နှင့် သူ၏ဟန်ဆောင်ချစ်သူဖြစ်သော မုဝမ်ရင်ကို တွေ့လိုက်ရခြင်းဖြစ်သည်။ ထိုအချိန်တွင် အတွင်းတွင် ကစားနေသည့် လူခုနစ်ယောက်သည် သူတို့ရောက်ရှိလာသည်ကို သတိထားမိသွားသည်။

"ဟယ်လို ဟန်နီ…"

ထန်ရင် ကစားနေသည်ကို ပြုံးကာကြည့်နေသည့် မုဝမ်ရင်သည် ရောက်ရှိလာသောအဖွဲ့ထဲမှ ထန်ရှုကို ရုတ်တရက် တွေ့လိုက်သောအခါ တစက္ကန့် မျှ ကြောင်သွားပြီးနောက် ချက်ချင်း အံ့သြကျေနပ်စွာ အပြေးရောက်လာသည်။

"ဘာ…"

ထန်ရှုမှတပါး ဘိုးလင်းနေရာရှိ လူတိုင်းသည် ထန်ရှုဆီသို့ ပြေးလာသော မုဝမ်ရင်၏မျက်နှာထက်ရှိ စိတ်လှုပ်ရှား အံ့အားသင့်နေသော အမူအရာကို မြင်ပြီး မယုံကြည်နိုင်လောက်အောင် အံ့သြကုန်ကြသည်။

ထန်ရှု မတတ်သာစွာ စိတ်ထဲမှ သက်ပြင်းချကာ ညည်းညူလိုက်မိသည်။ မုဝမ်ရင်၏အမူအရာနှင့် သူမ၏အခေါ်အဝေါ်သည် အခြားသူများကို နားလည်မှုလွဲမှားစေတော့မည်ဖြစ်သည်။ သို့သော်လည်း သူနှင့်မုဝမ်ရင်ကြားက ဆက်ဆံရေးကို လူအများကြားတွင် ရှင်းပြရန် မဖြစ်နိုင်သောကြောင့် မချိပြုံး ပြုံးကာ

"မင်းလည်း ဒီမှာ လာကစားတာလား ဝမ်ရင်…။"

သူမ၏နှာခေါင်းထိပ်ဖျားတွင် ချွေးအချို့ထွက်နေပြီး အပြစ်အနာအဆာကင်းသော သူမ၏မျက်နှာထက်ရှိ အပြုံးသည် အလွန်တောက်ပနေကာ ခေါင်းညိတ်ပြသည်။

"အစ်မထန်ရင်က ငါ့ကို အပြင်ထွက်ကစားဖို့ ခေါ်လာလို့ ငါတို့ ဒီကို ရောက်နေတာ။ ငါ နင့်ကို ဒီမှာ တွေ့မယ်လို့ မထင်မိဘူး။ တကယ်ကောင်းတယ်ရော်။”

"ဝမ်ရင် … မင်း ထန်ရှုကို ဘယ်လို ခေါ်လိုက်တာလဲ။" မုဒုန်ချင်းက မယုံကြည်နိုင်သော အမူအရာဖြင့် မေးလာခဲ့သည်။

မုဝမ်ရင်သည် တွေတွေကြီး စိုက်ကြည့်နေပြီးမှ သူမသည် ထန်ရှုကို ‘ဟန်နီ’ ဟုခေါ်မိသွားသည်ကို ရုတ်တရက် သတိရသွားပြီး ရှက်လာတော့သည်။ ရှန်ဟိုင်းတွင် သူ့ကို သဘောကျသည်ဟု သူမ ပြောထားပြီးဖြစ်ပြီး ယခု ရုတ်တရက် တွေ့ရသဖြင့် အံ့သြလွန်းသောကြောင့် မစဉ်းစားမိဘဲ အမှုမဲ့ အမှတ်မဲ့ အော်ခေါ်ခဲ့မိခြင်း ဖြစ်သည်။ ယခု ထိုစကားအား လူတိုင်းကြားသွားပြီဖြစ်သောကြောင့် မြစ်ဝါမြစ်ထဲ ခုန်ချရင်တောင်မှ ပြန်ပြင်လို့ မရတော့ပါချေ။

ဒါကို ရှင်းရှင်းလင်းလင်း မလုပ်နိုင်တာက သူမအတွက် အဆင်ပြေပေသည်။ သူမသည်လည်း နောင်တမရ၊ စိတ်အနှောင့်အယှက်မဖြစ်ခဲ့ဘဲ ထိုအစား စိတ်ထဲ၌ပင် သူမဘာသာ ကြိတ်ကာ တခိခိရယ်မောနေခဲ့သည်။ ထို့နောက် သူမက ထန်ရှုအား ချစ်စရာကောင်းသော ရှက်နေဟန်ဖြင့် တိတ်တခိုး စိုက်ကြည့်လိုက်သေးသည်။

ထိုမြင်ကွင်းကို လူတိုင်းက မြင်ပြီး အံ့သြကုန်ကြသည်။

…အဲ့ဒီအမူအရာ … ကောင်မလေးက သူမ သဘောကျတဲ့ ကောင်လေးကို မရည်ရွယ်ပါဘဲ လေးစားမြတ်နိုးခြင်းနဲ့ ရှက်ရွံ့ခြင်းကို ပြနေခဲ့တာ မဟုတ်ဘူးလား။ မုမိသားစုရဲ့ ဂုဏ်အယူရဆုံး မင်းသမီးလေး … ပေကျင်းမြို့ရဲ့ နံပါတ်တစ် မိန်းမလှလေးက ထန်ရှုကို တကယ်ပဲ ချစ်မိသွားပြီလား။ သူတို့ … သူတို့တွေ တစ်ယောက်နဲ့ တစ်ယောက် တကယ် ချစ်နေကြတာလား။…

မုဝမ်ရင်အကြောင်းကို စိတ်ကူးယဉ်နေသော နုပျိုသော လုလင်များအားလုံး ရင်တွင်း၌ ရုတ်ခြည်းပင် ညည်းတွားကြသည်။ အခြားတစ်ယောက် ဖြစ်ခဲ့ပါက တိုက်ပွဲဝင်ရန် ယုံကြည်မှုရှိနိုင်သော်လည်း ထိုလူသည် အခြားသူ မဟုတ်ဘဲ ထန်ရှု ဖြစ်နေခဲ့သည်။ သူတို့ မည်ကဲ့သို့ တိုက်ခိုက်ရဲပါမည်နည်း။

ထန်ရင်သည် သူမ၏ ချွေးများကို သုတ်ရန် အဖြူရောင် မျက်နှာသုတ်ပုဝါကို ယူပြီး ထူးဆန်းသော အမူအရာဖြင့် အဖွဲ့ရှေ့သို့ ရောက်လာသည်။ သူမသည် မုဝမ်ရင်အား ကြည့်လိုက်ပြီးနောက် ထန်ရှုအား ကြည့်လိုက်ပြီး ခေါင်းညိတ်ကာ ကျေနပ်စွာဖြင့်

“ကောင်းပြီ။ မိသားစုအတွင်း ကောင်းတာတွေနဲ့ ပတ်သက်ပြီး ပြောရတာ မဆိုးပါဘူး။ မောင်လေး … အဘွားက နင့်မှာ ရည်းစားရှိရမယ် … မြစ်တွေကို စောစောမွေးပေးရမယ်ဆိုပြီး နေ့တိုင်း တတွတ်တွတ် ပြောနေတာ။ ကြည့်ရတာ အဘွားရဲ့ မျှော်လင့်ချက်တွေ တကယ်ဖြစ်လာပုံရတယ်။ ဘာပဲဖြစ်ဖြစ် ဒီညနေမှာ နင် ငါတို့ဘိုးဘွားအိမ်ကို လိုက်ခဲ့ ဝမ်ရင်။ အဘွားကိုယ်တိုင် ချက်ထားတဲ့ ဝက်သား နှပ်က အရမ်းစားကောင်းပြီး အဆီလည်း မများဘူး … အရမ်း အရသာရှိတဲ့ ဟင်းတစ်ခွက်ပဲ။”

“အာ …”

မုဝမ်ရင် ကြက်သေ သေသွားရသည်။ ထန်ရင်က သည်ကဲ့သို့ ပြောလိမ့်မည်ဟု သူမ မထင်ထားခဲ့သောကြောင့် သူမ၏မျက်နှာပေါ်တွင် ရှက်ရွံ့သောအကြည့် ဖြစ်ပေါ်လာပြီး နားရွက်ကလေးများပင် နီရဲလာသည်။

ထန်ရှုသည်လည်း ထန်ရင်က ထိုသို့ ပြောလိမ့်မည်ဟု မမျှော်လင့်ထားသောကြောင့် ကြက်သေ သေသွားသည်။ ထန်ရင်က ဘုမသိဘမသိ မုဝမ်ရင်အား ဘိုးဘွားစံအိမ်ကို အလည်လာဖို့တောင် ဖိတ်ခေါ်နေသေးသည်။ သူမသာ တကယ် လာလည်ရင် သူ့အဘွားက သူ့မြေး၏ဇနီးဟု လွဲမှားစွာ မှတ်ယူသွားပေလိမ့်မည်...

“အစ်မရင် … ဦးလေးက ဒီမနက် အစ်မကို အကြိမ်အနည်းငယ်လောက် ဖုန်းဆက်တာ အစ်မဖုန်းက ဖုန်းပိတ်ထားတယ်တဲ့။ အခု သူ ဒေါသထွက်နေပြီလို့ ကျွန်တော် ပြောနိုင်တယ်။ ဘာလို့ ဦးလေးကို အရင် သွားမတွေ့တာလဲ။”

ထန်ရှု မျက်ဆံလှန်ပြလိုက်မိပြီး ချက်ချင်းပင် စကားစလိုက်သည်။

ထန်ရင် မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားကာ အော်မိသွားသည်။

“အိုး ဘုရားသခင် ကယ်တော်မူပါ … အဖေက စာရွက်စာတမ်းတွေ ယူခိုင်းထားတာ ငါ ခုအချိန်အထိ မပေးရသေးဘူး။ အိုး … ငါတော့ သေတော့မှာပဲ။ ဒီတစ်ခါတော့ တော်တော် ဆိုးဆိုးရွားရွား အဆူခံရမှာ သေချာတယ်။ ငါ...ငါ...သွားသင့်နေပြီ။"

ထိုသို့ပြောပြီး သူမ၏အိတ်ကို ယူရန် သွားလိုက်သည်။

ခြေလှမ်း ခုနစ်လှမ်းလောက် အပြေးသွားပြီးနောက် ရုတ်တရက် ရပ်တန့်သွားကာ ထူးဆန်းသော မျက်နှာဖြင့် လှည့်ကြည့်လိုက်သည်။ သူမသည် လူအုပ်ဆီသို့ ပြန်လာပြီး မုဝမ်ရင်၏လက်ကို ဆုပ်ကိုင်လိုက်ကာ ပြုံးပြုံးရွှင်ရွှင်ဖြင့်

“ဒါပေမယ့် အဖေ ငါ့ကို အပြစ်မတင်ဖို့ သေချာတဲ့ နည်းလမ်းတစ်ခု ရှိတယ်။ အပြစ်မတင်တဲ့အပြင် သူက ငါ့ကို ဆုတောင် ချလိုက်ဦးမယ်ဆိုတာ သေချာတယ်။”

ထန်ရှုက ထူးဆန်းသော အမူအရာဖြင့် "ဘယ်လိုနည်းနဲ့လဲ…"

ထန်ရင်သည် မုဝမ်ရင်၏အပြစ်ကင်းစင်သော မေးစေ့ကို ထိလိုက်ကာ အနည်းငယ် မရိုးဖြောင့်သော အမူအရာဖြင့်

"ကောင်းပြီ။ ငါ့အချစ်ဆုံး ချစ်စရာကောင်းတဲ့ ဝမ်းကွဲက ပေကျင်းမြို့ရဲ့ နံပါတ်တစ်မိန်းမလှလေးကို လိုက်တဲ့နေရာမှာ ငါက ကူညီပေးပြီး သူမရဲ့ချစ်သူဖြစ်အောင် လုပ်ပေးခဲ့တယ်ဆိုတာ အဖေ သိသွားရင် ငါ့ကို ပြောပါဦး … သူ ငါ့ကို အပြစ်တင်မှာလား … စိတ်ဆိုးဦးမှာလား။ ဟားဟားဟား ... ဒီအမျိုးသမီးလေးက တကယ်ကို ဉာဏ်ကောင်းတယ်လို့မထင်ဘူးလား။ ဝမ်ရင် သွားကြရအောင်။ အခု ငါနဲ့ အဖွားကို လိုက်တွေ့ချည်။"

“ငါ…” မုဝမ်ရင် ထိတ်လန့်တုန်လှုပ်သွားပြီး ထန်ရှုကို သူမ အလွန်ချစ်မြတ်နိုးသော်လည်း သူတို့သည် ဟန်ဆောင်စုံတွဲကလွဲပြီး ဘာမှမဟုတ်ကြောင်း မုဝမ်ရင် သတိပြုမိသွားခဲ့သည်။ သည်တစ်ကြိမ် ထန်ရင်၏အနောက်ကိုလိုက်ပြီး သူ့အဘွားကို ထန်မိသားစုတွင် တွေ့လိုက်ပြီးပါက ... ဤအရာသည် မထင်မှတ်ထားသော အဖြစ်အပျက်များကို ဖြစ်လာလိမ့်မည်မဟုတ်လော။

မုဝမ်ရင်သည် ထန်ရှုအား အသနားခံသည့် အမူအရာဖြင့် ကူညီပေးရန် ကြည့်လိုက်သည်။

“အစ်မရင် … မင်း…” ထန်ရှုက မချိပြုံး ပြုံးကာ ထန်ရင်အား ဟန့်တားလိုက်သည်။

"ငါက ဘာလဲ။ အဘွားနဲ့တွေ့ဖို့ ဝမ်ရင်ကို မခေါ်သွားစေချင်ဘူးလား။" ထန်ရင်က သူ့ကို အမြန် ကြားဖြတ်ပြောလိုက်သည်။

"သူက နင်နဲ့ အတူရှိဖို့ မထိုက်တန်ဘူးလို့ ထင်တာလား။ ဒါမှမဟုတ် နင်က သူ့ကို အိပ်ရာဝင်ဖို့အတွက်ပဲ ကြိုးစားပြီး လှည့်ကွက်တစ်ခု ဒါမှမဟုတ် နှစ်ခုနဲ့ နောက်မှ စွန့်ပစ်ဖို့ ကြိုးစားနေတာလား။”

“ကျွန်တော်…” ထန်ရှု ပါးစပ်ဟလိုက်သော်လည်း ဘာပြန်ပြောရမည်မှန်းပင် မသိတော့ချေ။

ဟမ့်…

ထန်ရင်က သူမ၏မေးစေ့ကို ထိရင်း “ငါ ပြောမယ် မောင်လေး။ အဖေ့ရဲ့ ဒေါသကိုလည်း နင်သိတယ် မဟုတ်လား။ နင့်ရဲ့အစ်မကြီး ငါ့မှာ ဒီတစ်ခါ အကြောင်းပြချက် ကောင်းကောင်းမရှိရင် ဆိုးဆိုးရွားရွား သေမှာ သေချာတယ်။ လောလောဆယ် ဝမ်ရင်နဲ့ဆက်ဆံရေးကို နင် မထုတ်ဖော်ချင်သေးတာ ငါ သိတယ်။ ဒါပေမယ့် နင့်အစ်မကြီးရဲ့ မျက်နှာလေးကို တစ်ချက်လောက်ကြည့်ပေးပါဦး။ ငါ့ကို သဘောတူပေးမယ် ဟုတ်တယ်မလား။ အဟ … ဒီတိုင်းပဲ ထားလိုက်မယ်နော်။ ဘာပဲဖြစ်ဖြစ် ဒီည နင်လည်း ညစာစားဖို့ အိမ်ပြန်လာရမယ်။”

ထိုသို့ပြောပြီးနောက် သူမသည် မုဝမ်ရင်၏လက်ကို ဆွဲကာ ထွက်ပြေးသွားခဲ့သည်။ ထန်ရှုက သူတို့၏အနောက်ကို ပြေးလိုက်ချင်သည့်တိုင် တခြားသူတွေရှေ့တွင် ပြောသွားသော ထန်ရင်၏စကားများကြောင့် သူ၏ခြေထောက်ကို ရွေ့ပင်မရွေ့နိုင်တော့ပါချေ။

…အာ မေ့လိုက်တော့။ နောက်မှ အဘွားကို သီးသန့် ရှင်းပြလိုက်တော့မယ်။…

ထန်ရှုက တိတ်တဆိတ်သာ သက်ပြင်းချမိရင်း ပတ်ဝန်းကျင်က တခြားသူများကို ကြည့်မိကာ ခေါင်းကိုက်လာသည်။ လူတိုင်းက သူ့အား မွန်းစတားတစ်ကောင်လို ဒါမှမဟုတ် တစ်စုံတစ်ခုလို ကြည့်နေကြသည်ကို သူ သိလာရသည်။

"မင်းတို့ကောင်တွေ…ငါ့ကို ဘာလို့ ဒီလို ကြည့်နေတာလဲ။"

"ညီအစ်ကိုထန်ရှု … မင်း ကြားဖို့လိုအပ်တဲ့ ကောင်းသတင်းရော မကောင်းသတင်းရော ရှိတယ်။" ပိုင်ထောင်က နားရွက်ချိတ်မတတ် ပြုံးလိုက်ရင်း

"ဘယ်ဟာ အရင်ကြားချင်လဲ။"

“ဟင့်အင်း … ဘယ်ဟာမှ ငါ မကြားချင်ဘူး။" ထန်ရှုက မျက်ဆံလှန်ကာ ပြောလိုက်သည်။

"မင်း အဲ့ဒီလို ပြောနေပေမယ့် ငါ ပြောတာကို မင်း စိတ်ထဲကနေ ဆိုးဆိုးရွားရွား နားဆင်ချင်နေတာ ငါ သေချာသိပါတယ်ကွာ။"

ပိုင်ထောင်က ပြုံးပြီး ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် ငါ မင်းကို သတင်းကောင်းလေး အရင် ပြောပြမယ်။ သတင်းကောင်းကတော့ ပေကျင်းမြို့ရဲ့ နံပါတ်တစ်မိန်းမလှလေးရဲ့ စိတ်လှုပ်ရှားနေတဲ့ အမူအရာကို ကြည့်ရတာ သူမက မင်းကို တကယ် ချစ်မိသွားပါပြီ။ သတင်းဆိုးကတော့ … မင်းက ပေကျင်းတစ်ခွင်မှာရှိတဲ့ လူငယ်အားလုံးရဲ့ အချစ်ပြိုင်ဖက် ဖြစ်သွားတာမို့ ရန်သူများလာခဲ့ပြီ ဟေ့ရောင်ရေ။ ညဘက် လမ်းလျှောက်ထွက်ရင် သတိကြီးကြီး ထားပေတော့။”

***

All Chapters