နှလုံးသားအတွင်း၌ရှိသောအရာကို ခိုင်ခံ့စေခြင်း
Vol. 44 Ch. 606
ထိုမေးခွန်းကို ရင်ဆိုင်ရသောအခါ မုဝမ်ရင် လန့်သွားသည်။ သူမသည် ထန်ရှုကို ကြိုက်သည်ဆိုသောစကားထက် အများကြီးပိုပြီး "ချစ်သည်" ဆိုသော စကားလုံးတစ်ခုတည်းဖြင့်ပင် ဖော်ပြလို့ မရချေ။ သူမသည် ထန်ရှု၏အဘွားအား စိတ်နှလုံးအတွင်းရှိ အရာများကို ထုတ်ပြချင်သော်လည်း သူမကိုယ်သူမ ချုပ်တည်းကာ အရှက်နှင့် မာနကို ဖုံးကွယ်ထားလိုက်သဖြင့် မျက်နှာနီမြန်းသွားခဲ့သည်။
“ကျွန်မ…” သူမ ပါးစပ်ဟလိုက်သော်လည်း ဘာစကားမှ မထွက်ပေ။
ချင်ချန်းယွဲ့က မုဝမ်ရင်၏အမူအရာကို အလေးအနက်ထား၍ သူမအားကြည့်ကာ
"ဝမ်ရင် … ထိန်းထိန်းသိမ်းသိမ်းပြုမူတယ်ဆိုတာက အားလုံးကောင်းပြီး လုပ်သင့်လုပ်ထိုက်တဲ့ အရာဆိုပေမယ့် ဒါက နင့်ရဲ့တစ်သက်တာ အရေးကြီးတဲ့ကိစ္စတွေကို နှောင့်နှေးစေမယ်ဆိုရင် အဲ့ဒါကြောင့် ဆုံးရှုံးရမယ့် အမြတ်က မတန်ဘူး။ နင် ငါတို့မိသားစုရဲ့ ရှုအာကို သဘောကျရင် အဘွားကို လေးလေးနက်နက် ပြောပြပါ၊ ရှုအာက နှလုံးသားမရှိတဲ့ ကလေးမဟုတ်ဘူးလို့ အဘွားက ယုံကြည်တယ်။"
မုဝမ်ရင်က ထန်ရှုတွင် အမျိုးသမီး သူငယ်ချင်းများစွာ ရှိသည်ကို ပြန်သတိရပြီး သူမတွင် အချစ်ပြိုင်ဘက် အများကြီးရှိနေသည်ကို နားလည်သဖြင့်
“ကျွန်မ သူ့ကို သဘောကျပါတယ်။”
ချင်ချန်းယွဲ့၏မျက်နှာပေါ်ရှိ လေးနက်သောအမူအရာမှာ အရည်ပျော်သွားပြီး အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထို့နောက် သူမသည် မုဝမ်ရင်၏လက်ကို ဆုပ်ကိုင်ထားပြီး ကျေနပ်သောအမူအရာဖြင့်
"နင် သူ့ကို သဘောကျတာ ကောင်းပါတယ်။ ဒါကြောင့် အဘွားက မင်းကို ကောင်းကောင်း ဆက်ဆံပေးမယ်။ နင့်ကို အနိုင်ကျင့်ဖို့ သတ္တိရှိရင် အဲ့ဒီကောင်စုတ်လေးကို ငါ ချမ်းသာပေးမှာ မဟုတ်ဘူး။"
စိတ်ထဲ ဘဝင်ခိုက်သွားသော်လည်း မုဝမ်ရင်က “ကျေးဇူးတင်ပါတယ် အဘွား။ ဒါပေမယ့် သူ့ကို အတင်းအကြပ် မလုပ်ပါနဲ့။ နောက်ပြီး သူက အခုမှ ပညာသင်ကြားခါစမို့ စောပါသေးတယ်။ ကျွန်မဘာသာ ဖြေးဖြေးချင်း အဆင်ပြေအောင် အရင်လုပ်ပါမယ်။ တိုက်ပွဲဝင်ဖို့ ကိုယ့်ကိုယ်ကို အားကိုးမယ်။ ကျေးဇူးပြုပြီး သူ့ကို ဖိအားမပေးပါနဲ့။"
ချင်ချန်းယွဲ့၏မျက်လုံးများ အရောင်လက်လာသည်။ သူမသည် မုဝမ်ရင်ကို တကယ်ပင် သဘောကျမိသည်။ ထို့နောက် သူမက ခေါင်းညိတ်ကာ
“စိတ်မပူပါနဲ့။ အဘွားက သူ့ကို ဖိအားမပေးပေမယ့် ဘာမှမလုပ်ဘဲ မနေနိုင်ပါဘူး။ နောက်ပြီး ဘာလုပ်ရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း စိတ်ကူးရှိတယ်။”
နေဝင်ရီတရောအချိန်တွင် ထန်ရှုသည် ထန်မိသားစု၏ ဘိုးဘွားစံအိမ်ကို ပြန်ရောက်လာသည်။ သူ မမျှော်လင့်ထားသည့်အရာမှာ ပေကျင်းရှိ ထန်မိသားစုဝင်အားလုံးနီးပါး ထိုနေရာတွင် ရှိနေခြင်းဖြစ်သည်။ မြို့တော်ကို ပြန်ရောက်ခါစ သူ့ဦးလေး ထန်ယွင်ဖန်းပင်လျှင် ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ထိုင်ကာ အားလုံးပြုံးနေကြသည်။
“မင်း…”
ထန်ရှု ကြည့်လိုက်သဖြင့် မုဝမ်ရင် ဆိုဖာပေါ်ကနေ ကမန်းကတန်း ထရပ်လိုက်သည်။ သူမသည် ဂနာမငြိမ်ဖြစ်ပြီး စိတ်မသက်မသာဖြစ်နေဟန် ရှိသည်။ ထန်ရှုသည် ပြုံးနေသော ကျန်မိသားစုဝင်များကို ကြည့်လိုက်ပြီး သူ၏နှလုံးသားထဲတွင် မကောင်းသော ခံစားချက်များ ရုတ်တရက် ဖြစ်ပေါ်လာရသည်။
ပြုံးနေသော ချင်ချန်းယွဲ့က ထန်ရှုအား
"ငါ့မြေး … အဘွားဆီ လာပါဦး။"
ထန်ရှုက
"ကျွန်တော်တို့မိသားစုမှာ မတော်တဆမှုတစ်ခု ဖြစ်ခဲ့လို့လား။ ဒီနေ့ လူစုံတက်စုံ ဘယ်လိုရောက်နေတာလဲ။"
"မြေး … မုဝမ်ရင်နဲ့ဆက်ဆံရေးက ဒီနေ့ ကလပ်မှာ ပေါ်လာတာဆို ဟုတ်လား။" ချင်ချန်းယွဲ့ မေးလိုက်သည်။
ဘာ…
ဤနေရာသို့ ရောက်လာသူတိုင်းသည် မုဝမ်ရင်နှင့် ပတ်သက်နေနိုင်သည်ဟု သူ ခန့်မှန်းနိုင်သော်လည်း ထိုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မထင်ပေ။ မုဝမ်ရင် သူ့ကို ခေါ်လိုက်သော အခေါ်အဝေါ်ကြောင့် လူတိုင်းက အထင်လွဲသွားသည်မှာ သိသာပေသည်။ သူ ရှင်းပြချင်သော်လည်း မုဝမ်ရင် အရှက်ကွဲမှာကိုစိုးသဖြင့် မချိပြုံး ပြုံးရုံသာပြုံးနိုင်ပြီး
“အဘွား … လူငယ်တွေရဲ့ကိစ္စတစ်ခုကြောင့် အားလုံးကို စုရုံးစရာ မလိုပါဘူး။”
“ကောင်စုတ်လေး … မိသားစုရဲ့ အကြီးအကဲတွေအနေနဲ့ ငါတို့မျိုးဆက်သစ်လူငယ်တွေရဲ့ ဆက်ဆံရေးကို အာရုံစိုက်ရမှာပေါ့။ နောင်တစ်ချိန် ရှုအာ လက်ထပ်မယ့် ဇနီးက ထန်မိသားစုတစ်ခုလုံးရဲ့မျက်နှာကို တိုက်ရိုက် အကျိုးသက်ရောက်စေလိမ့်မယ်။ ဒီကလေးမ ဝမ်ရင်က အရမ်းတော်ပြီး ထူးခြားပါတယ်။ အဘွားက သူ့ကို အရမ်းသဘောကျပြီး လူတိုင်းကလည်း သဘောကျတယ်။” ချင်ချန်းယွဲ့က ဆိုသည်။
ချီးပဲဟေ့ … နောက်ဆုံးတော့ ထန်ရှု စိတ်ထဲတွင် ပေါက်ကွဲသွားပြီဖြစ်သည်။
"ရှုအာ … မင်းတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို တခြားသူတွေ မသိကြသေးဘူးဆိုရင် လူတိုင်းကို အဘွား ဒီခေါ်ထားမှာမဟုတ်ဘူး။ ဒါပေမယ့် ခက်ခဲတဲ့အချက်ကတော့ ဝမ်ရင်က ရှုအာရဲ့ရည်းစားဆိုတဲ့ သတင်းကို မြို့တော်မှာရှိတဲ့ လူမှုအသိုင်းအဝိုင်းအားလုံးက သိဖို့ အချိန်ကြာမှာ မဟုတ်ဘူးဆိုတာ သေချာတယ်။ ကိုယ့်ကိုကိုယ် ဂရုမစိုက်ဘူးဆိုရင်တောင် အပြစ်ကင်းစင်တဲ့ မိန်းကလေးနဲ့ သူ့မိသားစုကို မစဉ်းစားသင့်ဘူးလား။” ချင်ချန်းယွဲ့က ဆက်ပြောသည်။
"အဘွားပြောတာက သိပ်ပြီးချဲ့ကားလွန်းရာ မကျဘူးလား။" ထန်ရှုက ဒေါသတကြီး ပြုံးပြလိုက်သည်။
“မိန်းကလေးတစ်ယောက်ရဲ့ အပြစ်ကင်းစင်မှုကို အဲ့ဒါက ဘယ်လိုများ သက်ရောက်မှာလဲ။”
ချင်ချန်းယွဲ့က အလေးအနက်ထားသော အမူအရာဖြင့် ပြောလိုက်သည်။
“အဘွားတို့မိသားစုရဲ့ နောက်ခံနဲ့ မိသားစုဝင်တွေအားလုံးက ချစ်သူတွေကြားက ခံစားချက်တွေကို အရေးကြီးတဲ့အရာတစ်ခုအဖြစ် သဘောထားကြတယ်။ မုအိမ်တော်က မင်းသမီးလေးက မင်းရဲ့ရည်းစားဖြစ်တယ်ဆိုတဲ့သတင်းကို အပြင်လူတွေ သိရင် သူမကို ထန်မိသားစုနဲ့ ချိတ်ဆက်ထားပြီးသား ထန်မိသားစုထဲက တစ်ယောက်ယောက်အဖြစ် ရှုမြင်ကြလိမ့်မယ်။ အခု ပြောပါဦး … သူ ရှုအာကို လက်မထပ်ရင် ဘယ်သူ့ကို လက်ထပ်ရမလဲ။ ရှုအာ သူ့ကို စွန့်ပစ်ခဲ့တယ်လို့ လူတိုင်းက မထင်ကြပေဘူးလား။ အဲ့ဒီအချိန်မှာ သူက တခြားသူတွေကို ရင်ဆိုင်နိုင်စွမ်းရှိမှာလား။”
“ကျွန်တော်…”
ထန်ရှု ကြက်သေ သေသွားသည်။ သည်ပြဿနာက သူ၏စဉ်းစားတွေးတောထားသည့်ဘောင်မှ လွတ်ထွက်နေပြီး သူ့အဘွားပြောတာ မှန်သည်ကို ရုတ်တရက် သဘောပေါက်သွားတော့သည်။
ဒါပေမယ့်… သူတို့နှစ်ယောက်ဟာ ဟန်ဆောင်ချစ်သူတွေပါ။ အကယ်၍ ဤအရာသည် သူတို့နှစ်ဦး အတူတကွရှိရန် အတင်းအကြပ် စီစဉ်ထားခြင်းဖြစ်ပြီး ထိုကိစ္စကို သူကိုယ်တိုင် မတွေးထားခဲ့ပါက မုဝမ်ရင်၏မိသားစုက ၎င်းကို မည်သို့လက်ခံနိုင်မည်နည်း။
ထန်ကောရှန့်က သူ၏လက်ကို ဝှေ့ယမ်းကာ ပျော်ရွှင်သောအမူအရာဖြင့် မတ်တတ်ရပ်လိုက်ပြီး "ထန်မိသားစုရဲ့ သားမြေးတွေထဲမှာ ဘယ်သူက ပျော့ညံ့ပြီး တာဝန်မဲ့တာ ရှိလို့လဲ။ ရှုအာနဲ့ဝမ်ရင်တို့က ချစ်သူတွေဆိုတော့ အနာဂတ်မှာလည်း ခွဲရမှာ မဟုတ်ဘူး။ နောက်ပြီး မျိုးဆက်သစ်လူငယ်တွေက ကိုယ့်ဘာသာ တတ်စွမ်းသမျှ လုပ်ဆောင်ကြလိမ့်မယ်။ ဖြည်းဖြည်းချင်း အရင်တိုးတက်ကြပါစေ။ အရာရာ အဆင်ပြေပြီးတော့မှ လက်ထပ်ခွင့်တောင်းပြီး မင်္ဂလာပွဲကျင်းပဖို့ မုမိသားစုထံ ဒီအဘိုးကြီးကိုယ်တိုင် သွားရောက်လိုက်ပါမယ်။ ကောင်းပြီ … ညစာပြင်ဆင်ပြီးပြီမို့ ငါတို့အားလုံး ထမင်းအရင်စားရအောင်။"
လက်ထပ်ဖို့ အဆိုပြုနေတာလား။ မင်္ဂလာပွဲကျင်းပမယ်ဟုတ်လား။
ထန်ရှု၏တစ်ကိုယ်လုံး ချွေးအေးများ စီးကျလာပြီး ခေါင်းငုံ့ထားသော မုဝမ်ရင်ကို ကြည့်မိသည်။ ယခုကဲ့သို့ အဆင်မပြေမှုနှင့် စိတ်ဆင်းရဲမှုများဖြင့် နစ်မြုပ်နေသောသူ့အနေဖြင့် မုဝမ်ရင်၏မျက်နှာကိုသာ မထောက်ထားဘူးဆိုပါက လူတိုင်းအား ကျယ်လောင်စွာ အော်ပြောလိုက်ချင်သည် - ကျွန်တော်တို့က ဟန်ဆောင်ချစ်သူတွေဗျ။
ညစာစားပွဲတွင် ဟင်းပွဲများသည် အရသာရှိသော်လည်း ထန်ရှုမှာ စားချင်စိတ်မရှိရုံသာမက စားပင်မစားနိုင်ချေ။ ဆန့်ကျင်ဘက်အနေဖြင့် မိသားစု၏အထူးဧည့်သည် ဖြစ်လာပြီး လိုအင်ပြည့်သွားသော မုဝမ်ရင်က လူတိုင်း၏ဂရုစိုက်ချစ်ခင်မှုကို ခံရပြီး အများကြီး စားနိုင်ခဲ့သည်။
ထန်ရှုသည် လျှာရှည်ပြီး လုပ်ခဲ့သော ထန်ရင်ကို စိတ်တိုနေရုံသာမက သူ၏ဒေါသများကို မျိုသိပ်ကာ ထမင်းကို ပြီးအောင် စားခဲ့သည်။ သူ့အဘွားက မုဝမ်ရင်အား စကားစမြည်ပြောရန် ဆွဲထားတော့မည်ကို မြင်သောအခါ မုဝမ်ရင်တွင် ယနေ့ညနေ လုပ်စရာများ ရှိနေသေးကြောင်း ထန်ရှု ပြောလိုက်ပြီး ထန်မိသားစု၏နေအိမ်မှ အမြန် ဆွဲခေါ်သွားခဲ့သည်။
ဟူး … ထန်ရှု သက်ပြင်းတစ်ချက်ချရင်း နေအိမ်အဝင်ဝမှ ထွက်လာခဲ့သည်။
"ငါ စိတ်မကောင်းပါဘူး။" မုဝမ်ရင်က ခေါင်းငုံ့ကာ ညင်သာစွာပြောလိုက်သည်။
ထန်ရှုသည် သူမ၏ မျက်နှာကို ကြည့်ပြီး စိတ်တွင်းမှ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ ဒီနေ့အဖြစ်အပျက်က မုဝမ်ရင်ချည်းပဲ လုံးဝ အပြစ်တင်လို့ မရပါချေ။ ထန်ရင်၏လက်ချက်လည်း ပါနေခဲ့သည်။
“နောက်ကျနေပြီ။ မင်းကို အိမ်ပြန်လိုက်ပို့ပေးမယ်။"
"ကောင်းပါပြီ။" မုဝမ်ရင်က ညင်သာစွာ ခေါင်းညိတ်သည်။
ပေကျင်းရှိ အဆင့်မြင့် လူနေအိမ်ရာ အဆောက်အအုံတစ်ခု ဖြစ်သော အရှေ့တိုင်းနှင်းဆီဥယျာဉ်…
မုဝမ်ရင်၏လမ်းညွှန်မှုအတိုင်း မောင်းလာပြီးနောက် ထန်ရှုသည် ကားကို မြေအောက်ကားရပ်နားရာတွင် ရပ်လိုက်သည်။ အလျင်စလို စကားပြောမည့်အစား ကားပြတင်းပေါက်ကိုဖွင့်ကာ စီးကရက်ကို မီးညှိကာ ဖွာရှိုက်လိုက်ပြီး
“ဝမ်ရင် … ငါ့အခြေအနေက တော်တော်ရှုပ်ထွေးတယ်၊ အတိတ်က ဒီလိုစိတ်ခံစားချက်တွေကြောင့် ဆိုးဆိုးရွားရွား ဒဏ်ရာတွေနဲ့ အမာရွတ်တွေ ရခဲ့ဖူးတယ်။ ဒီအမာရွတ် လုံးဝပျောက်မသွားတဲ့အထိ ဆက်ဆံရေးသစ်တစ်ခုစဖို့ ရည်ရွယ်ချက်လည်း မရှိဘူး လုပ်လည်း လုပ်မှာမဟုတ်ဘူး။ ငါတို့ကြားက ဖြစ်ပျက်ခဲ့တာတွေက ထူးဆန်းတဲ့ ပေါင်းစပ်မှုတစ်ခုကနေ ဖြစ်ပေါ်လာတဲ့ အခြေအနေတစ်ခုပဲ။ ဒီကိစ္စက မင်းရဲ့ဂုဏ်သိက္ခာကို ထိခိုက်ခဲ့ရင် ငါ တောင်းပန်တယ်။"
မုဝမ်ရင် ရင်ထဲတွင် တုန်လှုပ်သွားသည်။ ထန်ရှုသည် အတိတ်က စိတ်ကူးယဉ်ဆန်သော ပြဿနာများဖြင့် လုံးထွေးနေခဲ့ရသည်ဟု သံသယရှိခဲ့သော်လည်း သူသည် အမှန်တကယ်ပင် နာကျင်ခံစားနေခဲ့ရသည်။ သည်ကဲ့သို့ ထူးချွန်သော ယောက်ျားကို နာကျင်အောင်လုပ်သည့် မျက်မမြင်အမျိုးသမီးတွင် နှလုံးသားရော ရှိရဲ့လားဆိုသည်ကို သူမ တကယ်ပင် မသိတော့ပါချေ။
"ထန်ရှု … ငါ တောင်းပန်ပါတယ်လို့ ပြောပါရစေ။ ငါ့ကြောင့်မဟုတ်ရင် ဒီနေ့တော့ မဖြစ်..."
ထန်ရှုက သူ့လက်ကို ဝှေ့ယမ်းပြီး
"ရပါတယ်။ မင်း ပြန်ပြင်ပြောလည်း ဘာမှ ဖြစ်မလာတော့ဘူး။ ငါတို့က အယောင်ဆောင်ချစ်သူဆိုတာ ငါ နားလည်နိုင်တယ်။ သူတို့တွေ အထင်လွဲပြီး နားလည်မှုလွဲလည်း လွဲပါစေတော့။ ခံစားချက်တွေ၊ ချစ်ခင်မှုတွေ၊ စိတ်ခံစားချက်တွေထဲ နောက်နှစ်အနည်းငယ် ကြာတဲ့အထိ ငါကိုယ်တိုင် ပါဝင်ပတ်သက်ဖို့ မစဉ်းစားမိဘူး။ မင်းလည်း မချစ်ချင်သေးဘူးဆိုရင် ဒီနည်းကိုပဲ ဆက်ပြီး သုံးကြတာပေါ့။ သူများတွေရဲ့ နားလည်မှုလွဲမှားတာက ငါတို့ကို မနှောင့်ယှက်ပါစေနဲ့။"
မုဝမ်ရင်သည် တစ်ခုခုကို ဆုံးရှုံးသွားသည့်အလား ခံစားလိုက်ရပြီး ပြန်ဖြေခဲ့သည်။
"ကောင်းပါပြီ။"
ထန်ရှုက သူမ၏အမူအရာကို သတိမထားမိဘဲ "ဒီနေ့ဖြစ်ပျက်ခဲ့တာတွေ သတင်းပျံ့သွားရင် မင်းမိသားစုက ကြားလိမ့်မယ်။ သူတို့က မင်းကို မေးတဲ့အခါ ရှင်းပြချင်ရင် ရှင်းပြပါ။ မင်း မလုပ်ချင်ရင် ငါ့ကိုခေါ်ပါ။ ချစ်သူတွေဖြစ်တယ်ဆိုတဲ့သတင်းက မင်းရဲ့ဂုဏ်သိက္ခာကို မလွဲမသွေထိခိုက်စေမယ်ဆိုတာ ငါ သိတယ်။ နှစ်အနည်းငယ်ကြာတဲ့အထိ မင်းရဲ့အချစ်စစ်ကို ရှာမတွေ့ခဲ့ရင်၊ မင်းရောငါရော လူလွတ်ဖြစ်နေသေးရင် ငါတို့ လက်ထပ်ဖို့ ဆက်လုပ်ကြတာပေါ့။”
မုဝမ်ရင်က စကားမပြောဘဲ ထန်ရှုကို အချိန်အတော်ကြာ ငေးကြည့်ရင်း
"ဒါဆို နင် အဲ့ဒီအချိန် အိမ်ထောင်မပြုရသေးရင် နင့်ကို ငါ လက်ထပ်မယ်။"
"ဘာ…" ထန်ရှု အံ့အားသင့်သွားသည်။
“နင့်ကို ဘယ်သူက အရမ်းနာကျင်ခဲ့အောင် လုပ်မှန်း မသိပေမယ့် နင့်ရဲ့ နှလုံးသားထဲက ဒဏ်ရာတွေကို ငါ့အချစ်တွေနဲ့ ကုစားပေးဖို့ ဆန္ဒရှိတယ်။ ပြီးတော့ ငါလုပ်နိုင်မယ်လို့ ယုံကြည်တယ်။” မုဝမ်ရင်က တီးတိုးပြောလိုက်သည်။
“မင်း…” ထန်ရှု ပါးစပ်အာစေးမိသွားတော့သည်။
မုဝမ်ရင်က ခါးသီးစွာ ပြုံးလိုက်ပြီး
“နင့်ကို ချစ်နေပြီလို့ ငါ ခံစားမိကတည်းက ငါ ဘာမှ မလုပ်နိုင်ခဲ့ဘူး။ အစတုန်းကတော့ ထိန်းထိန်းသိမ်းသိမ်းနဲ့ အတတ်နိုင်ဆုံး ထိန်းထားချင်တယ်။ နင့်စိတ်ထဲမှာ ရှိတာကို အရင် ပြောခွင့်ပြုချင်ခဲ့တယ်။ ဒါပေမယ့် ငါ ကြောက်တယ်... ငါ ဘယ်တော့မှ မစောင့်နိုင်တော့မှာကို ငါကြောက်တယ်။ စောင့်နေတာက ရွေးချယ်စရာတစ်ခုပဲ မဟုတ်တော့ဘူးလေ။ နင်က ထူးချွန်လွန်းပြီး နင့်ပတ်ဝန်းကျင်မှာလည်း ထူးထူးခြားခြား မိန်းကလေးတွေ အများကြီးရှိပါတယ်။ အမှန်တော့ ငါတို့နှစ်ယောက်ဟာ အယောင်ဆောင် ဆက်ဆံရေးတစ်ခုက လွဲပြီး ဘာမှ မဟုတ်တာကို နင့်အဘွားကို ငါ ရှင်းပြပြီးပြီ။ ဒါပေမဲ့ သူမက…"
ထန်ရှု နှုတ်ဆိတ်နေသည်။
အကယ်၍ ရွှဲ့ချင်းချန်သာ မရှိခဲ့ပါက၊ သူသာ အင်မော်တယ်ကမ္ဘာတွင် အနှစ်တစ်သောင်း အသက်ရှည်ခဲ့သော အတွေ့အကြုံမရှိခဲ့ပါက ဆွဲဆောင်မှုရှိသော မုဝမ်ရင်ကိုပင် ချစ်မိသွားလောက်ပေမည်။ ယခုမူ သူ၏ နှလုံးသားဒဏ်ရာက သူ့ကို ကြောက်ရွံ့စေခဲ့ပြီး သူ့ခံစားချက်ကို အချိန်မတန်မီ မဖွင့်ဟချင်အောင် ချုပ်နှောင်ထားသည်။ အတိတ်တုန်းက ခံစားချက်နှင့် အချစ်ကို သည်ကဲ့သို့ လေးလေးနက်နက် မတွေးခဲ့မိသော်လည်း လက်ရှိအချိန်မှာတော့ သည်ဟာသည် မဖြစ်မနေ တွေးရမည်ဖြစ်သည်။
သို့သော် ထိုအကြောင်းကို စတင်တွေးတောလိုက်သည်နှင့် သူ အတော်ပင် စိတ်ဓာတ်ကျသွားရသည်။ ပထမဆုံးအနေဖြင့် ဟန်ကျင်းဝူ၊ အတိတ်ဘဝက ရွှဲ့ချင်းချန်နှင့် သူ့အနောက်ကို အသည်းအသန်လိုက်ဖို့ ကြိုးစားနေသော အိုးရန်လူလူတို့မပါဘဲ ပြောလို့မရချေ။ ထို့ပြင် သူနှင့် ကိုယ်လက်နှီးနှောထားသည့် ခန်းရှလည်း ရှိပေသည်။ သူ မတွေးတတ်လောက်အောင် ဖြစ်နေပြီး ယခု မုဝမ်ရင်ကိုပါ တွေးရမည့်စာရင်းထဲ ထည့်လိုက်ရပေသည်။ ခဏအကြာတွင် ထန်ရှု၏အတွေးများ ချာလပတ်လည်ကာ စိတ်ထဲတွင် အဆင်မပြေဖြစ်လာသည်။
"ငါ ပြန်တော့မယ် စောစောအနားယူဖို့ လိုတယ်။"
ဒုတိယစီးကရက်ကို မီးညှိပြီး မုဝမ်ရင်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။
မုဝမ်ရင်က ခဏလောက် တုံ့ဆိုင်းနေပြီး "အပေါ်တက်ပါဦးလား။ ငါ ဒီမှာ တစ်ယောက်တည်း နေနေတာ။"
“မတက်တော့ဘူး။” ထန်ရှု ခေါင်းခါလိုက်သည်။ "ခမ်းနားသောထန် လုပ်ငန်းစုမှာ လုပ်စရာတွေရှိလို့ ဒီည ကြယ်တာရာကို ပြန်တော့မယ်။"
"ကောင်းပါပြီ။ အဲ့ဒီလမ်းမှာ နင့်ရဲ့လုံခြုံရေးကို ဂရုစိုက်ပါ။" မုဝမ်ရင်သည် တိတ်တဆိတ် ခေါင်းညိတ်ပြသော်လည်း သူမ၏ မျက်နှာသည် မည်းမှောင်ကာ အုံ့မှိုင်းနေခဲ့ပေသည်။
***