← Chapters

လူမှုဖူလုံရေးဂေဟာ

Vol. 44 Ch. 607

လူမှုဖူလုံရေးဂေဟာ

Vol. 44 Ch. 607

ထန်ရှုသည် မူလက ကြယ်တာရာသို့ မပြန်မီ ကူးစက်ရောဂါကို လုံးလုံးလျားလျား ဖြေရှင်းပြီးဖြစ်ကြောင်း ဗိုင်းရပ်စ်သုတေသနအဖွဲ့အစည်းမှ အတည်ပြုချက်ကို စောင့်ဆိုင်းရင်း မြို့တော်တွင် ရက်အနည်းငယ်ခန့် နေလိုခဲ့သည်။ သို့သော် သူသည် ၎င်း၏မိသားစုဝင်များ နားလည်မှုလွဲနေခြင်းကို မရှင်းပြလိုသောကြောင့် ယနေ့ညပင် ထွက်ခွာရန် ဆုံးဖြတ်ခဲ့သည်။

ဖုန်းအချို့ဆက်ပြီးနောက် ထန်ရှုသည် ကြယ်တာရာသို့ တစ်ညလုံး ကားမောင်းကာ ပြန်လာသည်။ တောင်တံခါးအိမ်ရာသို့ ပြန်ရောက်သွားသောအခါတွင် သူ၏မိဘများ အနားယူခြင်းမရှိသေးကြောင်း တွေ့ရလေသည်။ ညအိပ်ဝတ်စုံဝတ်ထားသော မိဘများသည် ဧည့်ခန်းထဲတွင် စကားစမြည် ပြောနေကြသည်။

"ဆန်နီ သား ချစ်မိသွားပြီလား။"

မနက်နှစ်နာရီရှိပြီ ဖြစ်သော်လည်း စုလင်းယွမ်သည် မအိပ်ချင်သေးဘဲ ရွှင်မြူးသောအမူအရာဖြင့် ကြိုဆိုပြီး မေးလာသည်။

"သတင်းက မြန်လိုက်တာဗျာ။" သူ၏ခေါင်းကို အသာကုတ်ရင်း ထန်ရှုက ကူကယ်ရာမဲ့သော အမူအရာဖြင့် ပြန်ဖြေလိုက်သည်။

“အမေ … မုဝမ်ရင်နဲ့ ကျွန်တော်က ဟန်ဆောင်ချစ်သူတွေပါ။ သူ့ကို လိုက်တဲ့ ကျောင်းသားတွေ အများကြီးရှိခဲ့သလို အမေ့သားကိုလည်း မိန်းကလေးတွေ အများကြီး လိုက်ခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့က အဲ့ဒီလူတွေကို ရှောင်ချင်လို့ စုံတွဲတစ်တွဲအဖြစ် ဟန်ဆောင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။”

ဟန်ဆောင်စုံတွဲလား…

ထိုဖော်ပြမှုသည် စုလင်းယွမ်နှင့် ထန်ယွင်သဲ့တို့ကို အံသြစေခဲ့သည်။

သူတို့ မအိပ်ရသေးသည့်အကြောင်းအရင်းမှာ သူတို့၏သားဖြစ်သူသည် ပေကျင်းကနေ ပြန်လာနေပြီဆိုသည်ကို သိနေသောကြောင့်ဖြစ်သည်။ တခြားသူများ ပြောပြသော သတင်းကြောင့် မျှော်လင့်ချက်အပြည့်ဖြင့် သူတို့ စောင့်ဆိုင်းနေခဲ့ကြသော်လည်း ဒီသတင်းက တကယ်တော့ သတင်းမှား ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားမိကြပေ။ လျှပ်တပြက်အတွင်း စုလင်းယွမ်သည် လေလျော့သွားသော ပူဖောင်းပမာ ဆိုဖာပေါ်ပြန်ထိုင်သွားပြီး စိတ်ပျက်လက်ပျက် ဖြစ်နေသည်။ ထို့နောက် သူမက သမ်းဝေရင်း ပြောလိုက်သည်။

“သား … မုဝမ်ရင်လို့ခေါ်တဲ့ အဲ့ဒီကောင်မလေးက တော်တော်ထူးချွန်တယ်လို့ ကြားတယ်။ ဟန်ဆောင်တယ်ဆိုပေမယ့် အစစ်အမှန်လည်း ဖြစ်လာနိုင်ပါတယ်။ အင်း … အမေ အခု အတော် အိပ်ချင်လာပြီ။ သွားအိပ်တော့မယ်။"

ထန်ယွင်သဲ့သည် ထန်ရှုကို တွေးဆဆအကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး ခေါင်းယမ်းကာ အခန်းဆီသို့ လျှောက်သွားသည်။

ဟန်ဆောင်ကာ ဆက်နေခြင်းဖြင့် အစစ်အမှန် ဖြစ်လာနိုင်ပါသလား။…

သူ့မိဘများ၏နောက်ကျောကို ကြည့်ရင်း ထန်ရှု စိတ်ဓာတ်ကျသွားသည်။ ထို့နောက် ဒုတိယထပ်သို့ သွားကာ ရေမိုးချိုးအဝတ်အစားလဲပြီး အိပ်ယာထက်တွင် အိပ်ပျော်သွားတော့သည်။ နာရီအနည်းငယ်ကြာပြီးနောက် သူ နိုးလာသောအချိန်တွင် သူ၏စိတ်ဝိညာဉ် ပြန်လည်အားပြည့်နေရုံသာမက ခွန်အားအပြည့် ဖြစ်နေချေလေပြီ။ ထို့နောက် သူသည် ကိုယ်လက်မျက်နှာ သန့်စင်ကာ ကျင့်ကြံမှုကို စတင်လိုက်သည်။  သူ၏လက်ရှိကျင့်ကြံမှုအဆင့်သည် ယခုအခါ ကိုယ်တွင်းအင်္ဂါပြောင်းလဲခြင်းအဆင့်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး သူ၏ကိုယ်တွင်းအင်္ဂါများသည် ကြံ့ခိုင်နေခဲ့ပြီဖြစ်သည်။ ယခုအခါ ၎င်းတို့သည် သာမန်လူ၏ ကိုယ်တွင်းအင်္ဂါများထက် အဆပေါင်း ထောင်နှင့်ချီ၍ အားကောင်းနေသည်။ ယခု သူသည် သွေးနှင့်ချီ လည်ပတ်မှုအဆင့်နှင့် အနည်းငယ်သာ ဝေးကွာပြီး ဤအဆင့်သို့ ရောက်မှသာလျှင် ပိုမိုလေးနက်သော မန္တန်များကို အလွယ်တကူ ပုံဖော်နိုင်မည်ဖြစ်သည်။

မည်သို့ပင်ဆိုစေ အလျင်လို အနှေးတွေ့ဟူသော စကားအား သူ သတိချပ်ထားသည်။ သူ့အတွက် လာမည့်နှစ်အနည်းငယ်အတွင်း ပိုမိုမြင့်မားသော အဆင့်သို့ ဖြတ်ကျော်ရန် အလွန်ခက်ခဲမည်ဖြစ်သည်။ လက်ရှိကျင့်ကြံမှုအဆင့်သို့ ရောက်လာနိုင်ခြင်းမှာလည်း ကံကြမ္မာကောင်းများစွာ ကြုံတွေ့ရခြင်းကြောင့် ဖြစ်သည်။ သို့သော် အထပ်မြင့် အဆောက်အအုံတိုင်းသည် အလျင်စလို လုပ်ရန် မလိုအပ်ဟု ခံစားရသောကြောင့် ၎င်း၏ အခြေခံအုတ်မြစ်ကို ဦးစွာ စတင်ခဲ့သည်။ သူ၏ကြယ်ပွင့်များဖြင့် ဖွဲ့စည်းသော ခန္ဓာကိုယ်ကျင့်ကြံမှု ပထမအဆင့်၏ နောက်ဆုံးအလွှာသည် သူ၏ချီကို အမြုတေကိုးခုပြောင်းလဲမှုအဖြစ် ပေါင်းစည်းရန်ဖြစ်ပြီး ၎င်းသည် ကောင်းကင်စကြာဝဠာကျင့်စဉ် ပညာရပ်အတွက် အခြေခံအဆင့်တစ်ခုသာ ဖြစ်သည်။ ခိုင်ခံ့သော အခြေခံအုတ်မြစ် ချမှသာလျှင် နောက်ပိုင်းအဆင့်များတွင် သူ၏ကျင့်ကြံမှုသည် ပိုမိုတည်ငြိမ်ခိုင်မာမည်ဖြစ်ပေသည်။

အင်မော်တယ်ကမ္ဘာမှ ပြန်လာသည်မှာ နှစ်ဝက်ကျော်သာ ရှိသေးသော်လည်း သူသည် လက်ရှိအခြေအနေထိ အောင်မြင်ခဲ့သည်။ သူ၏ ကျင့်ကြံမှုသည် အမှန်တကယ်ပင် ခုန်ပျံကျော်လွှားကာ တိုးတက်လာခဲ့သည်။ ထို့ကြောင့် ကြီးမားသော ကံကြမ္မာနှင့် တွေ့ကြုံမှုမျိုးမရှိဟု မှန်းဆ၍မရသော အခြေအနေအတွက် အဆင့်ချိုးဖြတ်နိုင်ချေရှိပြီး အောင်မြင်မှုရနိုင်လျှင်ပင် ကျင့်ကြံမှု ခိုင်မာစေရန် ဤတိုးတက်မှုနှုန်းကို ဖိနှိပ်ထားရန် လိုအပ်ပေသည်။

ဟူး...

လေပုပ်တစ်ခုကို မှုတ်ထုတ်ပြီးနောက် ထန်ရှုသည် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။ တောင်တံခါးအိမ်ရာသည် လှပသောပတ်ဝန်းကျင်တစ်ခု ရှိနိုင်သော်လည်း ၎င်းသည် မြို့ထဲတွင်တည်ရှိနေဆဲ ဖြစ်ပြီး ဤနေရာ၏စိတ်ဝိညာဉ်ချီသိပ်သည်းမှုသည် နဂါးကိုးကောင်ကျွန်းကို မဆိုထားနှင့် တောင်နံရံရွာလေးနှင့်ပင် မယှဉ်နိုင်ပါချေ။ ကြားခံအဖြစ် ကြွယ်ဝသော စိတ်ဝိညာဉ်ချီမရှိဘဲ ကြယ်များဆီမှ စွမ်းအင်စုပ်ယူမှုအဆင့်သည် အဆများစွာ အားနည်းသွားသည်။

ထန်ရှု ကုတင်ပေါ်မှ ထကာ လိုက်ကာစကို ဖွင့်လိုက်သည်။ အပြင်ဘက်တွင် နှင်းပွင့်ကြီးများ မထင်မှတ်စွာ ကျဆင်းနေသည်။ ကြယ်တာရာမြို့သည် တောင်ပိုင်းတွင်လည်း မတည်ရှိ၊ မြောက်ပိုင်းတွင်လည်း မတည်ရှိသောကြောင့် နှစ်သစ်ကူးပြီးတိုင်း နှင်းအနည်းငယ်သာ ကျခဲ့သည်။ နှစ်သစ်ကူးဖို့ ရက်အနည်းငယ်သာ လိုသေးသော်လည်း မထင်မှတ်စွာ နှင်းများ ကျလာသည်။ ထို့အပြင် ယနေ့ကဲ့သို့ ဆီးနှင်းများ ထူထပ်စွာကျနေခြင်းသည် ကြယ်တာရာတွင် မြင်ရခဲသော ရှားပါးသည့် မြင်ကွင်းတစ်ခုဖြစ်သည်။

ပြင်ပကမ္ဘာလောကကြီးတစ်ခုလုံးအား အဖြူရောင်ဖြင့် ဖုံးလွှမ်းထားသည်။ ဝင့်ကြွားစွာ ပွင့်နေသော ဇီးပန်းပွင့်များပင်လျှင် ဖြူဖွေးသော နှင်းပွင့်လေးများဖြင့် ဖုံးလွှမ်းနေပြီး လှပနေပေသည်။ ကျဆင်းနေသော နှင်းပွင့်များကြားတွင် အိမ်ရာဝင်းနေထိုင်သူများ သွားလာခြင်းသည် မရှိသလောက် နည်းပါးသော်လည်း အိမ်ခြံမြေ စီမံခန့်ခွဲရေးရုံးမှ လုံခြုံရေး အစောင့်များနှင့် ဝန်ထမ်းများစွာသည် အိမ်ရာဧရိယာရှိ ကွန်ကရစ်လမ်းပေါ် မှ နှင်းများကို လှည်းကျင်းနေသည်။

"လုံ ရွှဲ့ယောင်လား…"

ထန်ရှု၏အကြည့်သည် အရပ်မြင့်မြင့် မိန်းကလေးတစ်ယောက်ဆီသို့ ရောက်သွားသည်။ ယာဉ်မောင်းလိုင်စင်ရရှိရန် ကူညီပေးခဲ့သည့်အတွက် သူမကို ညစာလိုက်ကျွေးပေးမည်ဟု ကတိပေးခဲ့သည်ကို သူ ချက်ချင်း သတိရသွားသည်။ အချိန်အတော်ကြာခဲ့ပြီ ဖြစ်သော်လည်း သူသည် ဤကတိကို မဖြည့်ဆည်းနိုင်ခဲ့သေးပေ။

မိနစ်အနည်းငယ် ကြာပြီးနောက် ထန်ရှုသည် သပ်သပ်ရပ်ရပ် ဝတ်ဆင်ပြီးဖြစ်သည်။ အာရုံစူးစိုက်မှု မခံရစေရန်အတွက် သူ့အမေ မည်သည့်အချိန်က ဝယ်ပေးထားမှန်းမသိသည့် ကုတ်အင်္ကျီရှည်ကိုဝတ်ကာ အပြင်သို့ထွက်လာသည်။ အင်မော်တယ်ကမ္ဘာတွင် ရှိစဉ်တုန်းက ထန်ရှုသည် ရေခဲနှင့်နှင်းထုကမ္ဘာကို မြင်ဖူးသောကြောင့် ယခုအချိန်တွင် သူ စိတ်အနှောက်အယှက်မဖြစ်ခဲ့သလို ပြင်းထန်စွာ ကျဆင်းနေသော နှင်းများကိုလည်း သူ ဂရုမစိုက်ခဲ့ပေ။ သူ ကောင်းစွာ သိသော လုံခြုံရေးအစောင့်များကို နှုတ်ဆက်ပြီးနောက် ထန်ရှုသည် လုံ ရွှဲ့ယောင်၏အရှေ့သို့ ရောက်လာသည်။ နှင်းများကို သူမ ဂေါ်ပြားဖြင့် ရှင်းလင်းရေး လုပ်နေသည်ကို ကြည့်ပြီး အပြုံးဖြင့်

“ငါ မင်းကို ကူညီမယ်။”

လုံ ရွှဲ့ယောင် မတ်မတ်ရပ်လိုက်ပြီး ထန်ရှုကို တွေ့သောအခါ ချက်ချင်း ပြုံးပြလိုက်ရင်း

"နင်က အလုပ်များတဲ့လူတစ်ယောက်ပါ မစ္စတာထန်။ ငါ နင့်ကို မတွေ့တာကြာပြီ။ ကောလိပ်ကျောင်းပိတ်ရက် ပြန်လာတာလား။"

ထန်ရှုသည် သူမထံမှ သံဂေါ်ပြားကို ယူလိုက်ပြီး ခေါင်းညိတ်ပြကာ

“ဟုတ်တယ်။ ကျွန်တော် မနေ့ညက ကြယ်တာရာကို ပြန်ရောက်တယ်။ ဒီနေ့ နှင်းတွေ အရမ်းကျမယ်လို့ မထင်ထားဘူး။”

“မနေ့က ပြန်ရောက်တာ တော်သေးတယ်။ နှင်းတွေ ကျတာ ထူထပ်ပြီး လမ်းပိတ်သွားရင် နင်ပြန်လာဖို့ မလွယ်ဘူး။" လုံ ရွှဲ့ယောင်က ပြောလိုက်သည်။

"ဟုတ်တယ်။ မင်း နေ့လည် လုပ်စရာမရှိရင် ဒီနေ့လည်စာ အတူစားဖို့ ငါ မင်းကို ဖိတ်ချင်တယ် ဘယ်လိုသဘောရလဲ။" ထန်ရှုက အပြုံးဖြင့် ပြောသည်။

လုံ ရွှဲ့ယောင် တခဏ အံ့သြသွားပြီး ချက်ချင်း ပြုံးလိုက်ကာ

"ရုတ်တရက် ထမင်းလိုက်ကျွေးလိုက်တာ ဘယ်လိုဖြစ်လို့လဲ။"

နှင်းများကို ဂေါ်ပြားဖြင့် ကော်ကာ ရှင်းလင်းနေရင်း ထန်ရှုက

"ကျွန်တော် ယာဉ်မောင်းလိုင်စင် ရတုန်းက ထမင်းဖိတ်ကျွေးမယ်လို့ ပြောခဲ့ဖူးတယ်လေ။ ကြားထဲမှာ အဖြစ်အပျက်များစွာ ဖြစ်ပျက်ခဲ့တော့ ထမင်းကျွေးဖို့ကို နှောင့်နှေးစေခဲ့တယ်။ မနေ့က အပြန်လမ်းမှာ လုံကျန့်ယုက ကျွန်တော့်ဆီ ဖုန်းဆက်သေးတယ်။ ကျွန်တော် ပြန်လာပြီး ထမင်းစားဖို့ ဖိတ်တော့မယ်လို့ သူ သိလိုက်တယ်။ ဒါကြောင့်လည်း ရွှဲ့ယောင်ကိုလည်း ဖိတ်ချင်တာပါ။”

“ကားမောင်းလိုင်စင်ကိစ္စက ထားလိုက်ပါ။ အဲ့ဒါက အရေးမကြီးပါဘူး။” လုံ ရွှဲ့ယောင်က ခပ်ဖျော့ဖျော့ ပြုံးပြရင်း ခေါင်းယမ်းလိုက်သည်။

“အစကတည်းက ချောချောမွေ့မွေ့ ဖြစ်သွားတာ ငါ့ကြောင့် မဟုတ်ပါဘူး။ ယောက်ျားလေးတွေ စုဝေးတဲ့ပျော်ပွဲမှာ ငါလည်း မပါချင်ဘူး။ နောက်ပြီး ဒီနေ့ နေ့လယ်မှာ လုပ်စရာတွေရှိလို့ အပြင်မထွက်နိုင်တော့မှာ စိုးတယ်။"

"အာ … မင်းမှာ လုပ်စရာတွေရှိနေမှတော့ တခြားနေ့တွေရော ဘယ်လိုလဲ။" ထန်ရှု မေးလိုက်သည်။

လုံရွှဲ့ယောင်က ညင်သာစွာ ခေါင်းညိတ်တုန့်ပြန်သည်။ ရုတ်တရက် သူမ တစ်ခုခုကို သတိရသွားပုံရပြီး “နင်တို့တွေ စားသောက်ပြီးရင် ညဘက် လည်ကြဦးမှာလား။ ငါ မှတ်မိသလောက် မနေ့ညက လုံကျန့်ယု သူ့သူငယ်ချင်းတွေနဲ့ မာကျောက် ကစားခဲ့တယ်။ ဒီမွန်းတည့်ချိန်ထိ ထဖို့ အတော် ခက်လိမ့်မယ်။”

"သူ တစ်ညလုံး မာကျောက်ကစားတာ မင်း ဘယ်လို သိလဲ။" ထန်ရှု အံ့သြစွာ မေးလိုက်သည်။

"ငါတို့က အမျိုးတွေဆိုတာ နင် မေ့သွားပြီလား။" လုံရွှဲ့ယောင်က ပြုံးပြီး မေးသည်။

“မနေ့ညက ညစာ အတူတူ စားတုန်းက သူ ပြောပြတာ။”

ထန်ရှု နားလည်သွားသည်။ လုံကျန့်ယုနှင့် လုံရွှဲ့ယောင်တို့သည် ဝမ်းကွဲများဖြစ်သောကြောင့် တစ်မိသားစုတည်း ညစာအတူစားသည်မှာ အထူးအဆန်းမဟုတ်ပေ။ စဉ်းစားပြီးနောက် သူက “ဒါဆို ညနေကျတော့မှ သူ့ကို ရှာလိုက်မယ်။”

"အဲ့ဒါဆို နေ့လယ်ကျ ငါနဲ့ တစ်နေရာကို သွားကြမလား။" လုံရွှဲ့ယောင်က ပြုံးပြီး မေးသည်။

"ဘယ်နေရာလဲ။" ထန်ရှုက စူးစမ်းလိုသော အမူအရာဖြင့် မေးလိုက်သည်။

"နင် ငါနဲ့လိုက်လာရင် သိရမှာပေါ့။" လုံရွှဲ့ယောင်က ပြောသည်။

"ဘာပဲဖြစ်ဖြစ် ဒီဟာကို အရင်ပြီးအောင်လုပ်ကြစို့။"

ထန်ရှုက ပြုံးပြီးတုံ့ပြန်သည်။ သူမက သူ့ကို မှန်းဆခိုင်းပေမယ့် သူ အများကြီး မတွေးပေ။ ထို့အပြင် သူသည် ယခုမှ ပြန်ရောက်သောကြောင့် လုပ်ချင်သည့် အရာများစွာ မရှိသေးပေ။ ထို့ပြင် အိမ်တွင် ရှိနေပါက မိဘများထံမှ ယောက်ျားနှင့်မိန်းမအကြားက ဆက်ဆံရေးအကြောင်းအား အဆက်မပြတ် ပွားနေသည်ကို ကြားနေရပေဦးမည်။

တစ်နာရီ ကြာသွားပြီးနောက် နှင်းများအတော် လျော့နည်းသွားသဖြင့် ထန်ရှုသည် မနက်စာ စားရန် အိမ်သို့ ပြန်လာခဲ့သည်။ ထို့နောက် စာကြည့်ခန်းထဲတွင် စာအုပ်တစ်အုပ်ကို နှစ်နာရီကြာ ဖတ်ပြီးစဉ်တွင် လုံရွှဲ့ယောင်ထံမှ ဖုန်းဝင်လာခဲ့သည်။

အိမ်ရာအဆောက်အအုံဝင်းသည် လူသူရှင်းလင်းနေပြီး အေးစက်ခြောက်သွေ့သော နံနက်ခင်းမြင်ကွင်းနှင့် နှိုင်းယှဉ်ပါက ယခုအချိန်တွင် လူများစွာဖြင့် ပြည့်နှက်စည်ကားနေသည်။ ဆယ်ကျော်သက်များသာမက မိဘများကပင် နှင်းဘောလုံးများ ပစ်ပေါက်ခြင်းနှင့် နှင်းလူလုပ်ခြင်းတို့ကို အဖော်လုပ် ကစားပေးနေကြသည်။

“မနက်ဆယ်နာရီလောက်ပဲ ရှိသေးတယ်။ ဘာလို့ ဒီလောက် အစောကြီး သွားတာလဲ။"

ထန်ရှုသည် အိမ်ခြံမြေစီမံခန့်ခွဲမှုရုံး၏ အဆောက်အအုံရှေ့သို့ ရောက်လာသောအခါ ဆာ့ဖ်ကား၏အရှေ့တွင်ရပ်နေသော လုံရွှဲ့ယောင်ကို မေးလိုက်သည်။

“ငါ ဝယ်စရာတွေ ရှိသေးလို့။ အကုန်ဝယ်ပြီးသွားရင် နေ့လည်လောက် ဖြစ်သွားလိမ့်မယ်ထင်တယ်။"

လုံရွှဲ့ယောင်က ဖြေသည်။

"ဘာတွေ ဝယ်မှာမို့လဲ။" ထန်ရှု မေးလိုက်သည်။

"ဒီနေ့ ငါဝယ်သမျှကို နင်က အခွင့်ရှိရင် ပေးမှာမို့လား။" သူမက ပြုံးကာ မေးလာသည်။

ထန်ရှုက ရယ်ရယ်မောမောဖြင့်

"မင်းဝယ်ချင်တာက အစားအသောက်အတွက် အဆင်သင့်ဖြစ်တယ်ဆိုရင် ပြဿနာမရှိပါဘူး။"

“ဒါဆို ကတိနော်။” လုံရွှဲ့ယောင်က အတော်ပင် ကျေနပ်သွားသော အပြုံးဖြင့် ပြောသည်။

ထို့နောက် နှစ်ယောက်သား အနီးနားက ဈေးဝယ်စင်တာတွေဆီ မောင်းသွားကြသည်။ ထန်ရှုအတွက် ထူးဆန်းသည်ဟု ခံစားရစေသည်မှာ လုံရွှဲ့ယောင်သည် ဖိနပ်များ၊ ခြေအိတ်များနှင့်အတူ အကျီအစုံနှစ်ဆယ်မှ သုံးဆယ်အထိ ဝယ်ယူမည်ဖြစ်ကြောင်း စတိုးဆိုင်များရှိ ဝန်ထမ်းများကို ရှင်းရှင်းလင်းလင်း ကြိုတင် သတိပေးခြင်းဖြစ်သည်။ ထိုအရာများအားလုံးသည် အသက် ဆယ်နှစ်အောက် ကလေးများအတွက် ဖြစ်သည်။

"ရွှဲ့ယောင် … ကျွန်တော်တို့ လူမှုဖူလုံရေးဂေဟာကို သွားကြမလို့လား။" စတိုးဆိုင်ဝန်ထမ်းများ၏အကူအညီဖြင့်တွန်းလှည်းကိုတွန်းပြီး ၎င်းတို့နှစ်ဦးသည် နောက်ဆုံးတွင် အရာအားလုံးကို ရွှေ့ပြောင်းခဲ့ပြီးနောက် ထန်ရှုက မေးလိုက်သည်။

"နင့်ကို ဖုံးကွယ်လို့ မရဘူးဆိုတာ ငါသိတယ်။" လုံရွှဲ့ယောင်က ပြုံးပြုံးရွှင်ရွှင် ပြောလိုက်ရင်း “တကယ်တော့ ငါတို့တွေ လူမှုဖူလုံရေးဂေဟာကို သွားဖို့ပါ။ နောက်ပြီး အဲ့ဒီဂေဟာက ကြယ်တာရာမြို့တစ်ခုလုံးအနေနဲ့ဆိုရင် အဆိုးဆုံးအခြေအနေမှာ ရှိနေတာလေ။"

ထန်ရှုက စကားမပြောဘဲ ခေါင်းညိတ်လိုက်သည်။ တကယ်တော့ သူသည် လူမှုဖူလုံရေးဂေဟာများသို့ သွားရောက်လည်ပတ်ပြီး အလှူလုပ်ရာတွင်လည်း အလွန်ပံ့ပိုးကူညီခဲ့သည်။ ချစ်ခင်ရသောသူများကို ဆုံးရှုံးခဲ့ရသည့် ကလေးများသည် အစကတည်းက လွန်စွာ သနားစရာကောင်းပေသည်။ အဆိုပါ လူမှုဖူလုံရေးဂေဟာသည် အမှန်တကယ် ဆင်းရဲပါက ဆောင်းရာသီ၏အပြင်းဆုံးကာလတွင် ခက်ခဲသောအချိန်များကို ကြံ့ကြံ့ခံ ရင်ဆိုင်နေကြရပေလိမ့်မည်။

ကြယ်ပြာလူမှုဖူလုံရေးဂေဟာ…

၎င်းသည် ကြယ်တာရာ၏ဆင်ခြေဖုံးရပ်ကွက်တွင် တည်ရှိပြီး အဆင်းရဲဆုံးသော လူမှုဖူလုံရေးဂေဟာ ဖြစ်သည်။ ၎င်းအား စီမံခန့်ခွဲရန် ဝန်ထမ်းခြောက်ဦးသာ ရှိပြီး ထို၆ဦးထဲတွင် လွန်ခဲ့သည့်နှစ်အနည်းငယ်က ပြုတ်ကျမှုကြောင့် ခြေထောက် မသန်မစွမ်း ဖြစ်သွားခဲ့သော ၎င်းဂေဟာ၏ဌာနမှူးလည်း ပါဝင်ပေသည်။ ကျန်ငါးယောက်မှာ ကုန်ခြောက်ပစ္စည်းများ ဝယ်ယူခြင်း၊ ချက်ပြုတ်ခြင်းနှင့် ၎င်းတို့၏နေ့စဉ်လိုအပ်ချက်များအတွက် တာဝန်ရှိသည်။ လူမှုဖူလုံရေးဂေဟာမှ ကလေး ၃၂ ဦးကို မွေးစားခဲ့ပြီး လေးဦးသည် တစ်နှစ်အောက်သာ ရှိသေးကြောင်း သိရသည်။

နှင်းများ တဖွဲဖွဲကျနေသည့် လူမှုဖူလုံရေးဂေဟာ၏ တံခါးဝတွင် ဂေဟာ၏အကြီးအကဲဖြစ်သူ ဝူရှို့ဖန်းသည် ထီးစုတ်လေးတစ်လက်ကို ဆောင်းကာ ပျက်စီးနေသော ဆိုင်းဘုတ်အနီးတွင် စောင့်နေသည်။ သူမသည် မနေ့က လုံ ရွှဲ့ယောင်ထံမှ ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့သောကြောင့် ယနေ့နံနက်ကတည်းက ဂိတ်ပေါက်တွင် စောင့်နေခဲ့ခြင်းဖြစ်သည်။

ကျွီ...

ဆာ့ဖ်ကားသည် လူမှုဖူလုံရေးဂေဟာ၏ဂိတ်ပေါက်တွင် ရပ်လိုက်ပြီး လုံ ရွှဲ့ယောင်နှင့် ထန်ရှုတို့သည် ကားပေါ်မှ ဆင်းလာသည်။ လုံရွှဲ့ယောင်သည် ဝူရှို့ဖန်းဆီသို့ လျှောက်သွားပြီး အအေးဒဏ်ကြောင့် ခရမ်းရောင် အနည်းငယ်ပြောင်းသွားသော သူမ၏နှုတ်ခမ်းများကို ကြည့်ကာ စိုးရိမ်သောကဖြင့်

"တီအန်းဝူ … ဘာလို့ ထွက်လာတာလဲ။ ရာသီဥတုက အေးပြီး နှင်းတွေကျနေတာကို။”

"အဆင်ပြေပါတယ်။ ငါ အဝတ်ထူထူ ဝတ်ထားတယ်။" ဝူရှို့ဖန်းက ပြန်ပြောသည်။

သူမ ဝတ်ထားသော အဝတ်များက လွန်စွာ ထူထဲသောကြောင့် အနည်းငယ် ဖောင်းကားနေခဲ့သည်။ သို့သော် ဝတ်စုံအင်္ကျီ၏ပခုံးပေါ်တွင် ပြဲရာအချို့ကို မြင်တွေ့နေရသည်။ အပ်ချုပ်ရာများစွာ ရှိသော်လည်း မထိန်းထားနိုင်ဘဲ ပြဲနေခြင်းဖြစ်သည်။ ခြေထောက်တွင်လည်း စုတ်ပြဲနေသော အဝတ်ဖိနပ်ကိုသာ ဝတ်ဆင်နိုင်ပေသည်။

ဘေးတွင် ရပ်နေသော ထန်ရှုသည် စိတ်အတွင်းထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ လုံ ရွှဲ့ယောင်က ကြယ်ပြာလူမှုဖူလုံရေးဂေဟာ၏ အခြေအနေကို လာသည့်လမ်းတွင် သူ့ကို ပြောပြခဲ့သောကြောင့် သည်ဂေဟာလေးသည် လူနည်းစုက ထောက်ပံ့ပေးသော ရန်ပုံငွေဖြင့် ရပ်တည်နေခဲ့ရတာဖြစ်ပြီး အစိုးရ၏အကူအညီ ဘာမှ မရခဲ့ဟု သူ သိထားခဲ့သည်။

***

All Chapters