← Chapters

စွမ်းဆောင်နိုင်သော လုပ်ဆောင်ချက်တစ်ခုကို ယူခြင်း

Vol. 44 Ch. 608

စွမ်းဆောင်နိုင်သော လုပ်ဆောင်ချက်တစ်ခုကို ယူခြင်း

Vol. 44 Ch. 608

လုံ ရွှဲ့ယောင်၏မိတ်ဆက်ပေး မှုကြောင့် ထန်ရှုသည် ဝူရှို့ဖန်းနှင့် အကြမ်းဖျင်း သိသွားခဲ့သည်။ ထို့နောက် သူသည် ကားမောင်းသူနေရာတွင် ပြန်ထိုင်ကာ လူမှုဖူလုံရေးဂေဟာထဲသို့ ထိုအမျိုးသမီးနှစ်ဦး ဝင်သွားသည်ကို စောင့်ကြည့်ပြီးမှ ကားကို ဖြည်းညှင်းစွာ စတင်မောင်းဝင်လာလိုက်သည်။

ကြယ်ပြာလူမှုဖူလုံရေးဂေဟာသည် အိုမင်းဟောင်းနွမ်းနေပြီး ၎င်း၏အဆောက်အအုံ အခြေအနေသည် မကောင်းတော့ပေ။ ခြံဝင်းထဲတွင် ဒါန်းများစွာရှိသော်လည်း ၎င်းတို့သည် ကလေးများအတွက်သာ အသုံးပြုနိုင်တော့သည်။ အဆောက်အဦးလေးသည် နှစ်ထပ်သာ မြင့်ပြီး ပြတင်းပေါက်အများအပြားကို သတင်းစာဖြင့် အစားထိုးထားကာ ပလတ်စတစ်အခင်းများဖြင့် အစားထိုးထားသော ပြတင်းပေါက်နှစ်ခုပင် ရှိခဲ့သည်။

"အို…"

ထန်ရှု၏အကြည့်များသည် တစ်နေရာဆီသို့ ရုတ်တရက် စူးစိုက်သွားခဲ့သည်။ အောက်ထပ်စင်္ကြန်လမ်းတွင် ရှိနေသော ကောင်လေးတစ်ယောက်ကို သူ တွေ့လိုက်ရသည်။ ထိုကောင်လေးသည် သစ်သားတုတ်လေးတစ်ချောင်းကို ကိုင်ပြီး ကွန်ကရစ်တိုင်ဘေးတွင် ငြိမ်သက်စွာ ရပ်နေလျက် ရှိသည်။ အပြင်ဘက်တွင် ကျဆင်းနေသော နှင်းပွင့်များစွာအား ကြည့်နေဟန် ရှိသော်လည်း သူ၏မျက်လုံးများထဲတွင် မည်သည့်အမူအရာမှ မပြချေ။ သူ့မျက်နှာပေါ်တွင် နှင်းကိုက်ခံထားရသည့် လက္ခဏာများနှင့် သွေးစအချို့ ရှိနေသည်။ သူသည် ကောင်းကင်မှ ကျဆင်းနေသော နှင်းများကို ဖမ်းဆုပ်ချင်သည့်ဟန်နှင့် သူ၏ဗလာဖြစ်နေသော အခြားလက်လေးအား အပြင်သို့ ဖြန့်လိုက်သည်။

ထန်ရှုသည် အဆောက်အဦးအရှေ့တွင် ဆာ့ဖ်ကားကို ရပ်လိုက်သည်။ သူက အထဲတွင် ပစ္စည်းများ ရွှေ့ရန်အတွက် လုံ ရွှဲ့ယောင်နှင့်ဝူရှို့ဖန်းတို့ဆီ ချက်ချင်း သွားမကူညီသေးဘဲ ထိုကောင်လေးဆီ လျှောက်သွားလိုက်သည်။

"ဘယ်သူလဲ။" ကောင်လေးက နောက်ပြန်လှည့်မကြည့်ဘဲ မေးလာသည်။

"မင်း ဘာမှ မမြင်ရဘူးလား။" ထန်ရှု၏မျက်ခုံးများ အနည်းငယ်တွန့်သွားကာ မေးလိုက်သည်။

ကောင်လေးက နှင်းကိုက်ခံထားရသော မျက်နှာထက်တွင် အပြုံးတစ်ခုကို ဖြစ်ပေါ်စေလိုက်ပြီး “ကျွန်တော် မမြင်ဘူးလို့ ဘယ်သူ ပြောတာလဲ။ အခု နှင်းတွေ ကျနေပြီဆိုတာ ကျွန်တော် သိသလို ခင်ဗျား ကျွန်တော့်ဆီ လာနေတယ်ဆိုတာလည်း သိနေတာပဲ။ ဟုတ်တယ် … အစောပိုင်းက ကားသံကြားတယ်။ အဲ့ဒီကားသံက အန်တီရွှဲ့ယောင် ဒီကို နောက်ဆုံးတစ်ခေါက်လာတုန်းက မောင်းတဲ့ကားသံနဲ့ ဆင်တူလို့ အန်တီရွှဲ့ယောင်ကားပဲ ဖြစ်မယ်။ ဒီကို အန်တီ ရွှဲ့ယောင်နဲ့ လာခဲ့တာလား။"

ထန်ရှုက ခေါင်းညိတ်ပြလိုက်ပြီးမှ ထိုကောင်လေး၏ အခြေအနေကို ရုတ်ခြည်းပင် သတိရသွားသဖြင့် “ဟုတ်တယ်။ မင်းရဲ့အန်တီနဲ့ ငါ လာခဲ့တာပါ။ မင်းတို့အတွက် အဝတ်အစားတွေရယ်၊ နေ့စဉ်သုံးပစ္စည်းတွေရယ်ကို ငါတို့ ယူဆောင်လာတာလေ။ ကောင်လေး … မင်း ဒီမှာ မအေးဘူးလား ဘာလို့ မပြန်တာလဲ။"

“ဒီနေရာက တော်တော်အေးတယ်ဆိုပေမယ့် ကျွန်တော်ကိုယ်ကျွန်တော် ပိုရှင်းအောင် လုပ်ချင်တယ်။” ကောင်လေးက ခေါင်းယမ်းရင်း ပြောလိုက်သည်။

"မင်း ဘာပြောလိုက်တာလဲ။" ကောင်လေး၏ အဖြေကြောင့် ထန်ရှု ဇဝဇေဝါ ဖြစ်သွားသည်။

ပိုပြီးတော့ ရှင်းလင်းချင်နေတယ်ဟုတ်လား … ဘာကိုဆိုလိုတာလဲ…

ထန်ရှု အံ့သြတကြီး မေးလိုက်သော်လည်း ကောင်လေးက ချက်ချင်းပြန်မဖြေဘဲ သူ၏သစ်သားတုတ်လေးကို ယူကာ နှင်းများ ထူထပ်စွာ ကျဆင်းနေသည့်ခြံဝင်းထဲကို သွားလိုက်သည်။ သူက လက်နှစ်ဖက်ကို ဆန့်ကာ ပါးစပ်ကိုဖွင့်ပြီး အသက်ပြင်းပြင်း တစ်ချက်ရှူရင်း

“ကျွန်တော့်အမေက ဒီအရာတွေကို မျက်လုံးနဲ့ကြည့်စရာ မလိုဘဲ နှလုံးသားနဲ့ ကြည့်နိုင်တယ်လို့ အရင်ကတည်းက ပြောခဲ့ဖူးတယ်။ ကျွန်တော့်နှလုံးသားတစ်ခုလုံး ငြိမ်သက်အေးချမ်းနေရင် အချိန်က မရွေ့လျားတော့ဘူး။ ကျွန်တော်က ကောင်းကင်၊ လူတွေနဲ့ တချို့အရာတွေကို အဲ့ဒီလို ငြိမ်သက်အေးချမ်းနေတဲ့ အခြေအနေမျိုးဆို မြင်နိုင်တယ်လေ။ တခြားသူတွေ မြင်နိုင်တာတွေကို ကျွန်တော် အခု မြင်နေရတာပေါ့။”

ပြောပြီးသည်နှင့် သူက သစ်သားတုတ်လေးကို ညင်သာစွာ မလိုက်သည်။ အေးလွန်းသည့် ရာသီဥတုကြောင့် သူ၏လက်ကလေးသည် အနည်းငယ် တုန်ရီနေသည့်တိုင် တုတ်ကို ကိုင်ထားသော လက်က မထင်မှတ်ပဲ ခိုင်မြဲနေသည်။

ဤယုတ္တိမတန်သော မြင်ကွင်းကြောင့် ထန်ရှု၏ မျက်ဝန်းများကို ကျဉ်းမြောင်းသွားစေသည်။ သည်ကောင်လေးက တုတ်၏ထိပ်ဖျားလေးကို သုံးကာ သူ၏အရှေ့က အကြီးဆုံး နှင်းပွင့်ကို အလွယ်တကူ ဖမ်းလိုက်သည်ကို ထန်ရှု ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

မှန်ပါတယ် … ဒါ အကြီးဆုံး နှင်းပွင့်ပါ။

သူ၏ထက်မြက်သော မျက်လုံးများဖြင့် ထန်ရှုသည် အကြည့်တစ်ချက်နှင့် ထိုအရာကို လျင်မြန်စွာ အကဲဖြတ်နိုင်သည်။

"မင်းနာမည် ဘယ်လိုခေါ်လဲ။"

"လူတိုင်းကခေါ်သလို ကျွန်တော့်ကို မျက်မမြင်လေးလို့ ခေါ်လို့ရပါတယ်။” ကောင်လေးက ပြန်ဖြေသည်။

ထန်ရှုက တခဏမျှ နှုတ်ဆိတ်နေခဲ့ပြီးမှ

"မင်းအသက် ဘယ်လောက် ရှိပြီလဲ။"

ပြန်မဖြေခင် ကောင်လေးက ခဏလောက်စဉ်းစားပြီး "ကျွန်တော်က ၁၅နှစ် ဖြစ်လိမ့်မယ်။ အင်း ဟုတ်လောက်တယ်။ ကျွန်တော် ရှစ်နှစ်သားအရွယ်မှာ မျက်မမြင် ဖြစ်ပြီး ဒီလူမှုရေးဂေဟာမှာ ခုနစ်နှစ်ကြာ နေထိုင်ခဲ့တာဆိုတော့ ကျွန်တော် အခုဆို ၁၅ နှစ် ရှိတော့မယ်။”

အသက် ၁၅နှစ်လား … သူ ငါ့ကို နောက်နေတာလား…

ထန်ရှုသည် သူ့အရှေ့မှ အသက်ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်ခန့်အရွယ်သာ ရှိဟန်တူသည့် ကောင်လေးကို ကြည့်လိုက်မိရင်း ကောင်လေး၏အသက် ၁၅နှစ် ရှိနေပြီဆိုသည်ကို ယုံရခက်နေသည်။ ခဏအကြာတွင် ထန်ရှုသည် မျက်တောင်တစ်ချက်ခတ်လိုက်ပြီး ကောင်လေး၏နားရွက်လှုပ်သွားသည့်အခိုက်တွင် သူ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။

သွေးရောသွေးခုန်နှုန်းနှင့် ချီရောအရိုးအဆစ်လား…

ထန်ရှု မယုံနိုင်လောက်သော အမူအရာဖြင့် ကောင်လေးကို ကြည့်ရင်း သူ၏နှလုံးခုန်နှုန်းတို့ မြန်လာသည်။ အတိတ်က သူသည် လူမျိုးပေါင်းစုံမှ အထူးဖွဲ့စည်းပုံများဖြင့် တည်ရှိမှုများစွာကို တွေ့ဆုံခဲ့ဖူးသော်လည်း ၎င်းတို့အနက်မှ ဤကဲ့သို့သော အခြေအနေမျိုးဖြင့် တစ်စုံတစ်ဦးကို မတွေ့ခဲ့ဖူးပေ။ မည်သို့ပင်ဆိုစေကာမူ … သူသည် တစ်ချိန်က ရှေးဟောင်းမှတ်တမ်းတစ်ခုကို ဖတ်ခဲ့ဖူးသည်။

သွေးရောသွေးခုန်နှုန်းသည် ဘယ်သောအခါမှ မရပ်တန့်သွားသကဲ့သို့ ချီရောအရိုးအဆစ်သည် ဘယ်သောအခါမှ မပျက်စီးချေ။ အအေးခန္ဓာကိုယ်သည် နှစ်သန်းပေါင်းများစွာအတွင်း တွေ့ကြုံရန် အလွန်ခက်ခဲသည်။

ဒါဆို ဒီကောင်လေးမှာ … အအေးခန္ဓာကိုယ် ရှိနေတာလား။

အအေးခန္ဓာကိုယ်သည် ထူးခြားသော မိန်းကလေးအချို့တွင်သာ ဖြစ်ပေါ်လေ့ ရှိကြောင်း တစ်ချိန်က သူဖတ်ဖူးသည့် မှတ်တမ်းတွင် မှတ်သားထားသော်လည်း ယခုခေတ်တွင် သက်ရှိယောက်ျားလေး၏ခန္ဓာကိုယ်တွင် မထင်မှတ်ဘဲ ပေါ်လာသည်။ သည်ထူးဆန်းသော အခြေအနေက သူ့အား တစ်ခုခုကို ဆုံးရှုံးသွားရသကဲ့သို့ ခံစားရစေသည်။

"အစ်ကိုကြီး မီးပုံပေါ်ရောက်နေတာလား ဘာလား။" ကောင်လေးက ရုတ်တရက် မေးလိုက်သည်။

ထန်ရှု၏နှုတ်ခမ်းများသည် အကြိမ်အနည်းငယ် ရှုံ့မဲ့သွားပြီး ပြန်မေးလိုက်သည်။

“ဘာဖြစ်လို့လဲ။”

"အရမ်းနွေးထွေးနေလို့ပါ။ ကျွန်တော် မီးပုံဘေးနား ရောက်နေသလိုပဲ။ နေရတာ အရမ်း သက်တောင့်သက်သာ ရှိတယ်။ နောက်ပြီး ကျွန်တော့်သွေးကြောတွေထဲ စီးဆင်းနေတဲ့ သွေးပမာဏက ပုံမှန်ထက် နည်းနည်းပိုများလာတယ်လို့ ခံစားရတယ်။”

ထန်ရှု အံ့သြထိတ်လန့်သွားပြီး

"မင်းရဲ့သွေးကြောထဲမှာ သွေးစီးဆင်းနေတဲ့အသံကို မင်း ကြားနေရတာလား။"

"ဟုတ်တယ်။" မျက်မမြင်လေးက ပြုံးပြီး ပြန်ဖြေသည်။ “ကျွန်တော့်ရဲ့ သွေးကြောတွေထဲမှာ စီးဆင်းနေတဲ့ သွေးတွေရဲ့အသံတင်မကဘူး အရိုးတွေရဲ့ ပွတ်တိုက်သံကိုလည်း ကြားရတယ်။ မှန်တယ် … ကျွန်တော် အရှင်းဆုံး ကြားရတာက ကျွန်တော့်နှလုံးသားရဲ့အသံပဲ။ အဲ့ဒါက ဒရမ်တီးသံအတိုင်းပဲ … တစ်ခါတလေ ကျယ်လောင်လွန်းလို့ အိပ်လို့တောင် မပျော်ဘူး။”

ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပုံရပြီး သူ့မျက်နှာပေါ်က အပြုံးဖျော့တော့သွားသည်။ ကောင်လေးက ခေါင်းယမ်းရင်း ဝမ်းနည်းသော အမူအရာဖြင့်

“ကျွန်တော့်ကို မယုံဘူးမလား။ ဘာလို့လဲဆိုတော့ သူတို့တွေက မယုံကြလို့ … ဂေဟာမှူး အဘွားဝူရောပဲ။”

မျက်မမြင်လေးကို ကြည့်ရင်း သူ့စိတ်ထဲတွင် မရေမတွက်နိုင်သော အတွေးများစွာ ပေါက်ဖွားလာသည့်အတွက် ထန်ရှု၏အမူအရာက ရှုပ်ထွေးနေခဲ့သည်။ အချိန်အတော်ကြာပြီးနောက် အဝေးရှိစင်္ကြန်လမ်းကနေ လုံ ရွှဲ့ယောင်၏ အော်ဟစ်သံကို ကြားလိုက်ရသဖြင့် မျက်မမြင်လေးကို ကြည့်ကာ

“ဒီလိုဖြစ်လာပြီဆိုမှတော့ … ပြောပါဦး … မင်းကို ငါ မွေးစားပြီး ဒီနေရာကနေ ခေါ်သွားချင်တယ်ဆိုရင် မင်း ငါ့နောက်ကို လိုက်ဖို့ ဆန္ဒရှိလား။"

"ဒါပေမယ့် ဘာလို့ ကျွန်တော့်ကို မွေးစားချင်တာလဲ။" မျက်မမြင်လေးက ပြန်မေးလာသည်။

“မင်းကို သနားလို့ မဟုတ်ဘူး။ ဒါ လုံးဝမဟုတ်ဘူးနော်။ ဘာလို့လဲဆိုတော့ ငါ မင်းကို ကောင်းကောင်း လေ့ကျင့်ပေးလိုက်ရင် အနာဂတ်မှာ မင်းက တော်တော်စွမ်းအားကြီးတဲ့ လူတစ်ယောက် ဖြစ်လာနိုင်လို့လေ။" မျက်မမြင်လေး၏စိတ်ဓာတ်ကို သိနေသည့် ထန်ရှုက ရှင်းပြလိုက်သည်။

မျက်မမြင်လေးက ခေါင်းယမ်းပြီး ပြုံးပြုံးရွှင်ရွှင်ဖြင့် “ကျွန်တော် ဒါကို ငြင်းမှာမဟုတ်ဘူး။ ကျွန်တော် ဒီမှာတစ်ရက်ပိုနေရင် အဘွားဝူအပြင် ဦးလေးနဲ့ အဒေါ်တွေကိုပါ ဝန်ထုပ်ဝန်ပိုး ဖြစ်စေလိမ့်မယ်။ ဒါပေမယ့် အနာဂတ်မှာ ကြီးမြတ်တဲ့လူတစ်ဦး ဖြစ်လာဖို့ဆိုတဲ့ စိတ်ကူးဆန္ဒကိုတော့ ကျွန်တော် ဆုပ်ကိုင်မထားဘူး။ ဒါပေမယ့်လည်း ကျွန်တော် အရာဝတ္ထုတွေကို ပိုပြီးမြင်ချင်တယ် … အဘွားဝူကို အထောက်အပံ့ပေးချင်တယ်…”

"မင်းရဲ့မျက်လုံးကို ငါ စစ်ဆေးကြည့်တော့ ငါ့ရဲ့ တရုတ်တိုင်းရင်းဆေးကျွမ်းကျင်မှုနဲ့ ကုသလို့ မရလောက်ဘူး။ အနောက်တိုင်းဆေး ဆရာဝန်တွေလည်း ကုသရခက်လိမ့်မယ်။ ဒါပေမယ့် မင်း ငါ့နောက်ကို တကယ်လိုက်ခဲ့မယ်ဆိုရင် အနာဂတ်မှာ အရာအားလုံးကို မျက်စိနဲ့မဟုတ်ဘဲ စိတ်နှလုံးသားနဲ့ မင်း မြင်နိုင်မယ်ဆိုတာ ငါအာမခံတယ်။ မင်းသိလား … ငါက မျက်စိမှိတ်ထားရင်တောင် အရာတော်တော်များများကို မြင်နိုင်တဲ့အတွက် ငါက မင်းနဲ့တူတယ်။"

"တကယ်လား။" မျက်မမြင်လေး အံ့အားသင့်သွားသည်။

“တကယ်ပေါ့။” ထန်ရှု ခေါင်းညိတ်လိုက်သည်။ “မျက်စေ့မှိတ်ထားရင် မီတာ ၃၀၀ ကနေ ၄၀၀ အတွင်း ပတ်ဝန်းကျင်ကို မြင်နိုင်သေးတဲ့အတွက် လက်ရှိမှာ ငါ့ရဲ့ စွမ်းရည်က အကန့်အသတ်ရှိသေးတယ်။ ငါ့ရဲ့ခံယူချက်နဲ့ဆိုရင်တော့ ဒါက အဝေးကြီး လိုသေးတယ်။ ဒါပေမယ့် ပိုသန်မာလာတဲ့အခါ ပိုပြီးမြင်နိုင်မယ်ဆိုတာကတော့ သေချာတယ်။ တစ်နေ့နေ့မှာတော့ ငါ့အတွေးတစ်ခုနဲ့တင် မိုင်ထောင်ချီ ဝေးတဲ့ အရာတစ်ခုကို မြင်နိုင်လာလိမ့်မယ်။”

"ကောင်းကင်မျက်လုံးတွေအကြောင်း ပြောနေတာလား အစ်ကိုကြီး…" မျက်မမြင်လေးက စူးစမ်းလိုက်သည်။

"ကောင်းကင်မျက်လုံးတွေအကြောင်း မင်း တစ်ခုခု သိထားတာ ရှိလို့လား။" ထန်ရှုက အံ့အားသင့်စွာ မေးလိုက်သည်။

“ဘုန်းကြီးတွေက ကောင်းကင်မျက်လုံးတွေကို ဖွင့်လို့ရတယ်လို့ အဘွားဝူက ပြောတယ်။” မျက်မမြင်လေးက အပြုံးဖြင့် ဆိုသည်။

“အာ … ဟုတ်သားပဲ။ အရင်တုန်းက တီဗွီမှာ အနောက်အရပ်သို့ ခရီးသွားခြင်း စီးရီးကို ကြည့်ဖူးတယ်။ အဲ့ဒီထဲမှာ အာလန်ရှန်းက သူရဲ့တတိယမျက်လုံးဖြစ်တဲ့ ကောင်းကင်မျက်လုံးကို ဖွင့်နိုင်တယ်လေ။"

ထန်ရှု အားရပါးရ ရယ်မိတော့သည်။ သူက ဘာမှ ထပ်ရှင်းပြမနေတော့ဘဲ ထိုကောင်လေးကို လက်ဆွဲကာ အထဲသို့ လျှောက်လာရင်း

“မင်းကို အနာဂတ်မှာ ကောင်းကင်မျက်လုံးတွေထက် အများကြီး ပိုကောင်းအောင်၊ ပိုမြင်နိုင်အောင် ငါ လုပ်ပေးနိုင်ပါတယ်။”

“ကျေးဇူးပြုပြီး ကျွန်တော့်ကို ကလေးတစ်ယောက်လို စကားမပြောပါနဲ့ အစ်ကိုကြီး။ ကျွန်တော်က ၁၅နှစ် ရှိနေပြီ။ အစ်ကိုကြီး ပြောခဲ့တဲ့ စကားတွေက ကလေးတစ်ယောက်ကို ချော့နေသလိုပဲဆိုတာ သိမှာပါ။ အိုး ... ကျွန်တော့်အရှေ့မှာ အန်တီရွှဲ့ယောင်ရဲ့ ကိုယ်သင်းရနံ့ကို ရနေတယ်။"

လုံ ရွှဲ့ယောင်သည် ထန်ရှုနှင့် မျက်မမြင်လေးတို့၏ အရှေ့တွင် အမှန်တကယ်ပင် ပေါ်လာခဲ့သည်။ သူမ၏အမူအရာသည် ဂရုဏာသက်ခြင်း၊ သနားခြင်း၊ စာနာခြင်းနှင့်စိုးရိမ်ပူပန်ခြင်းစသော ခံစားချက်တို့ဖြင့် အနည်းငယ် ရှုပ်ထွေးနေပုံရသည်။ သူမက မျပ်မမြင်လေး၏နဖူးကို ညင်သာစွာ ထိလိုက်ပြီး ပြောလိုက်သည်။

"ဟန်ဟန်လေး … မင်း ဘာလို့ ထပ်ပြီး စကားနားမထောင်တာလဲ။ အပြင်မှာ အရမ်းအေးနေပြီလေ။ လူတိုင်းက အထဲမှာ ရှိနေကြတာကို ဘာလို့ အပြင်ကို ပြေးနေတာလဲ။ နင့်မျက်နှာလေးကို ကြည့်စမ်း … နှင်းကိုက်ရာတွေချည်းပဲ။"

"အန်တီ ရွှဲ့ယောင်…ကျွန်တော် နှင်းကိုက်ခံရတာ ဖြစ်နိုင်ပေမယ့် မဖျားပါဘူး။ နှင်းထဲမှာ တစ်ညလောက် အိပ်ခဲ့ပေမယ့် နောက်တစ်နေ့ မဖျားခဲ့ဘူးဆိုတာ အန်တီ မေ့သွားပြီလား။” မျက်မမြင်လေးက အပြုံးဖြင့် ပြောလိုက်သည်။

လုံ ရွှဲ့ယောင်က ဆတ်ကနဲ ပြောလိုက်သည်။ "ကောင်စုတ်လေး … မင်းက ပိုပိုပြီး စကားနားမထောင်တော့ဘူးနော် အဲ့ဒါကို သိရဲ့လား။ နောက်တစ်ခါ အပြင်ကို ထပ်ပြေးဝံ့ရင် အန်တီ နင့်ကို ထပ်လာမတွေ့တော့ဘူး။”

မျက်မမြင်လေးက ထန်ရှုကို လက်ညှိုးထိုးပြပြီး

"အန်တီ … ဒီအစ်ကိုကြီးက ငါ့ကို မွေးစားချင်တယ်လို့ ပြောတယ်။"

လုံ ရွှဲ့ယောင်က တွေတွေကြီး စိုက်ကြည့်နေပြီးမှ ထန်ရှုဆီ အကြည့် အမြန်ပြောင်းလိုက်ပြီး မည်သို့ဖြစ်သည်ကို စူးစမ်းလာသည်။

“ဒီကောင်လေးနဲ့ကျွန်တော်က ရေစက် ရှိတာမို့ ကျွန်တော် သူ့ကို အရမ်း သဘောကျတယ်။ သူ ဒီမှာ ဆက်ရှိနေရင် တခြားလူတွေအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာမှာမို့ ကျွန်တော် သူ့ကို ခေါ်သွားမလို့။ နောက်ပြီး ဂေဟာအတွက် ယွမ် ၂ မီလီယံ လှူဒါန်းပြီး နွေဦးပေါက်ချိန်မှာ အဆောက်အဦးကို ပြုပြင်ဖို့ ဆောက်လုပ်ရေးအဖွဲ့ကိုလည်း ရှာပေးမယ်။ ပြီးတော့ နေ့စဉ်လိုအပ်တဲ့ အသုံးအဆောင်တွေ၊ စားပွဲခုံကုလားထိုင်တွေ၊ စာအုပ်တွေ ဝယ်ပြီး ကလေးတွေကို ဒီမှာ စာလာသင်ပေးမယ့် ဆရာတချို့ကို ဖိတ်ဖို့ ဒါမှမဟုတ် ငှားဖို့ နည်းလမ်းအချို့ကို ကျွန်တော် စဉ်းစားပါဦးမယ်။"

"တကယ်…" လုံရွှဲ့ယောင်က အံ့သြကျေနပ်သွားသော အမူအရာဖြင့် အော်ပြောလိုက်သည်။

"ဧကရာဇ်တစ်ပါးက ဒီကိစ္စနဲ့ပတ်သက်ပြီး ဟာသလုပ်မှာ မဟုတ်လို့ သူ့ရဲ့စကားတွေကို အလေးအနက် ထားသင့်တယ်နော်။" ထန်ရှုက ရုပ်တည်ကြီးဖြင့် နောက်လိုက်သည်။

ခွိ…

လုံရွှဲ့ယောင်က ရယ်မောလိုက်ပြီး ပြန်နောက်လိုက်သည်။

“နင် ဘယ်တုန်းက ဧကရာဇ် ဖြစ်သွားတာလဲ။ ဘာပဲဖြစ်ဖြစ် နင်ရဲ့စကားတွေကို ငါ သိမ်းထားမယ်။ နင် ကတိ မတည်ဘူးဆိုရင် နောင်တစ်ချိန်မှာ နင့်ကို ပြန်တွေ့တဲ့အခါတိုင်း နင့်မျက်နှာကို တံတွေးနဲ့ ထွေးမှာနော်။"

ထန်ရှုက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး သူ သည့်ထက်မက ပိုလုပ်သင့်သည်ဟု ခံစားမိသည်။ ထိုခံစားချက်ကြောင့် သူ့စိတ်ထဲတွင် အတွေးတစ်ခု ရုတ်တရက် ပေါ်လာပြီး တောက်ပစွာ ပြုံးလိုက်မိတော့သည်။

ထျန်းရှောင်မန်…

ထိုအတွေးကြောင့် မျက်မမြင်လေးကို ကိုင်ထားသောလက်အား ဖြုတ်ပေးလိုက်ပြီးနောက် ထန်ရှုသည် သူ၏လက်ကိုင်ဖုန်းကို ထုတ်ကာ ကြယ်တာရာတိုင်းရင်းဆေးရုံ၏ဥက္ကဌ လီဟွန်ဂျီ၏ ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်သည်။ ဖုန်းချိတ်ဆက်ပြီးနောက်မှာ သူက

“ဆေးရုံအုပ်လီ … ကျွန်တော် အမျိုးသားနေ့အားလပ်ရက် ပြန်လာပြီး ကြယ်တာရာတရုတ်တိုင်းရင်းဆေးရုံမှာ ဆေးကုသပေးတုန်းက ကျွန်တော့်ကို လျှို့ဝှက်ရိုက်ပြီး အင်တာနက်မှာ လွှင့်တင်လိုက်တဲ့ မိန်းကလေးတစ်ယောက် ရှိတယ်။ သူ့နာမည်က ထျန်းရှောင်မန်တဲ့။ သူက အင်တာနက်တိုက်ရိုက်ထုတ်လွှင့်မှုရဲ့ ထုတ်လွှင့်သူ ဖြစ်ပုံရတယ်။ ကျွန်တော့်ကို သူ့ဖုန်းနံပါတ်လေး ပေးလို့ရမလားဗျ။"

"ပြဿနာ မရှိပါဘူး။ ငါ့သတင်းကောင်းကို စောင့်ပါ” လီဟွန်ဂျီက ပြုံးပြီး ပြန်ပြောသည်။

"ဒါနဲ့ မင်း ကြယ်တာရာကို ပြန်မလာသေးဘူးလား။ ဘယ်တော့ ဆေးရုံကို ပြန်လာပြီး ဆေးကုသမှု လုပ်ပေးမှာလဲ။”

"ကျွန်တော် ရက်အနည်းငယ်ကြာမှ ရောက်မယ်။ ဒါပေမယ့် အမျိုးသားနေ့လို အခြေအနေမျိုး ထပ်မဖြစ်အောင် ဆေးကုသပေးမယ်ဆိုတဲ့ သတင်းကို ဒီတစ်ကြိမ်တော့ ထုတ်ဖော်မပြောသင့်ဘူး။" ထန်ရှုက ပြောသည်။

"သဘောပေါက်ပြီ။" လီဟွန်ဂျီက သိပ်များများစားစား မတွေးဘဲ သဘောတူလိုက်သည်။

ဖုန်းခေါ်ဆိုမှုအပြီးတွင် ထန်ရှုသည် တီအန်းဝူအား အတွင်းမှ ထော့နဲ့ထော့နဲ့ လမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။ ဘာလုပ်ရမည်ကို သူသိသည်။ သို့သော်လည်း သူ လုပ်နိုင်သောအရာက အများကြီးမဟုတ်သည့်တိုင် သူ့စွမ်းရည် အကန့်အသတ်များအတွင်း သူ့မှာ ရှိသော အရာအားလုံးကို ဖြည့်ဆည်းပေးရန် ဆန္ဒရှိပေသည်။

***

All Chapters