တိုက်ရိုက်ထုတ်လွှင့်မှုမတိုင်မီ
Vol. 44 Ch. 609
မသန်စွမ်းသူသည် အချို့သောကဏ္ဍများတွင် သာမန်လူတစ်ဦးထက် သာလွန်သော စိတ်စွမ်းအား ရှိသည်။ ထိုအရာကို ဖော်ပြရန် အသင့်လျော်ဆုံး စကားလုံးမှာ ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းသော်လည်း စိတ်ပိုင်းဆိုင်ရာ ခိုင်မာသည်ဟုပင်။ မျက်မမြင်လေးနှင့် ပြောဆိုထိတွေ့မှုမှတဆင့် သူ့အရှေ့ရှိ အမှောင်ထုသည် သူ၏စိတ်စွမ်းအားကို မပျောက်ကွယ်စေနိုင်သည်ကို ထန်ရှု ပြောပြနိုင်ပြီး ထိုအစား သူ့အား ထိုအမှောင်ထုနှင့် လိုက်လျောညီထွေဖြစ်သွားစေခဲ့သည်။ သူသည် နှင်းများကျနေသော ကမ္ဘာလောကကြီး၏ အေးမြသော ဆောင်းရာသီတွင် ဂုဏ်ယူဝံ့ကြွားစွာ ရပ်တည်နေသော ထင်းရှူးပင်ကဲ့သို့ပင် ဖြစ်တော့သည်။
"တီအန်းဝူ … ကျွန်တော် ဒီကလေးကို မွေးစားချင်ပါတယ်။" ထန်ရှုက သူမကို နှုတ်ခွန်းဆက်ပြီးနောက် ပွင့်လင်းစွာ ပြောလိုက်သည်။
တီအန်းဝူသည် အတန်ပင် တွေဝသွေားကာ သူမ၏မျက်လုံးများတွင် စိတ်ရှုပ်ထွေးသွားသော အကြည့်တစ်ခု ရှိနေသည်။ သူမသည် မျက်မမြင်လေး၏ မိခင်တစ်ပိုင်းဖြစ်လာခဲ့သည်မှာ ခုနစ်နှစ်ရှိခဲ့ပြီဖြစ်သည်။ ကမ္ဘာလောကကြီးက ထိုကလေးအား အရောင်များကို ဆုံးရှုံးသွားစေချိန်တွင် သူမက သူ့ကို ဂရုစိုက်ပြီး နာကျင်မှုကို ဖြတ်ကျော်နိုင်ရန် ကူညီပေးခဲ့သောသူလည်း ဖြစ်သည်။ ယာဉ်မတော်တဆမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသော သူ့မိဘများ၏ ဈာပနအခမ်းအနားကိုလည်း သူမ ကူညီပေးခဲ့သည်။ အရိုးသားဆုံး ပြောရမည်ဆိုပါက ထိုကလေးအား ထန်ရှု မွေးစားချင်သည့်အတွက် တကယ်ပင် ပျော်မိသော်လည်း သူမ၏ရင်ထဲမှ သံယောဇဉ်ကြောင့် ထိုအဖြစ်ကို မလိုလားသော စိတ်ဆန္ဒလည်း ရှိနေခဲ့သည်။
"အကြောင်းရင်းကို သိလို့ရမလား မစ္စတာထန်။ နောက်ဆုံးတော့ ဟန်ဟန်က…” တီအန်းဝူ တုံ့ဆိုင်းသွားသည်။
"အကြောင်းပြချက်နှစ်ခု ရှိပါတယ်။" ထန်ရှုက အလေးအနက်ထားကာ ပြောပြသည်။ “ပထမဆုံးအနေနဲ့ ကျွန်တော် သူ့ကို သဘောကျတယ်။ သူ့မှာ စိတ်ဓာတ်ကျတဲ့ လက္ခဏာကို လုံးဝ မမြင်နိုင်သလို အဲ့ဒီအစား စိတ်ပိုင်းဆိုင်ရာ အကောင်းမြင်သူလို့တောင် ကျွန်တော် ခံစားမိတယ်။ ဒုတိယအနေနဲ့ ကျွန်တော်က တရုတ်တိုင်းရင်းဆေး သမားတော်တစ်ယောက်ပါ။ ဒါကြောင့် သူ့ကို ကျွန်တော်နဲ့အတူ ခေါ်သွားပြီး သူ့မျက်လုံးကို ကုသဖို့ အစွမ်းရှိသလောက် ကြိုးစားချင်ပါတယ်။”
ရင်တွင်းရှိ ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုများနှင့်အတူ တီအန်းဝူ၏ မျက်လုံးများသည် ပြူးကျယ်နေသည်။ သူမ၏နှုတ်ခမ်းများ တဆတ်ဆတ် တုန်ရီနေပြီး အလျင်စလို မေးလာသည်။
“ဟန်ဟန်ရဲ့ မျက်လုံးတွေကို တကယ် ကုသပေးနိုင်တာလား မစ္စတာထန်။”
"ကျွန်တော် ၁၀% အာမခံချက် မပေးနိုင်ပေမယ့် ဒီမှာ နေနေတာထက်စာရင် ကျွန်တော့်နောက်ကို သူ လိုက်ခဲ့တာက အကောင်းဆုံးဖြစ်မယ်လို့ ကျွန်တော် ယုံကြည်တယ်။" ထန်ရှု ဖြေလိုက်သည်။
"ဒါပေါ့ … ဒီဟာကလည်း ခင်ဗျား သဘောတူညီမှပါ။"
“ငါ ဆန္ဒရှိပါတယ်။ ငါ သဘောတူတယ်။” တီအန်းဝူက မဆိုင်းမတွ ပြောလိုက်သည်။
"ဟန်ဟန်ကို မျက်စိပြန်မြင်အောင် လုပ်နိုင်ရင် ငါ့မျက်လုံးတွေကိုတောင် သူ့ကို ပေးနိုင်ပါတယ်။"
"ခင်ဗျား သဘောတူတယ်ဆိုမှတော့ စိတ်ချပါ တီအန်းဝူ။ ကျွန်တော် သူ့ကို ကျွန်တော့်ညီလေးတစ်ယောက်လို သဘောထားမှာပါ။ နောက်ပြီး လူမှုဖူလုံရေးဂေဟာရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး လုံရွှဲ့ယောင်ဆီက သိခဲ့ရတာတွေရှိတယ်။ ဒါကြောင့် ဒီမှာရှိတဲ့ ပြဿနာတချို့ကို ခင်ဗျား ဖြေရှင်းပေးနိုင်အောင်လို့ ကျွန်တော် ယွမ် ၂မီလီယံလှူဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်ပြီး နောက်နှစ် နွေဦးရာသီ ရောက်ရင် လူမှုဖူလုံရေးအိမ်ကို ပြုပြင်မွမ်းမံဖို့ ဆောက်လုပ်ရေးအဖွဲ့ကိုလည်း ရှာပေးမယ်။ ကလေးတွေကို အသိပညာနဲ့ ယဉ်ကျေးမှုကို သင်ပေးဖို့ ဆရာအချို့ကိုလည်း ကျွန်တော် ရှာပေးပါ့မယ်။"
ထန်ရှု၏ကတိစကားသည် တီအန်းဝူ၏ခန္ဓာကိုယ်ကို အေးခဲသွားစေပြီး သူမ ကြားလိုက်ရသည်ကို မယုံနိုင်လောက်အောင် ဖြစ်သွားခဲ့ရလေသည်။ သူဌေးသူတော်ကောင်းအချို့ သူမ၏ဂေဟာလေးသို့ လှူဒါန်းမည်ဟု ကြိမ်ဖန်များစွာ စိတ်ကူးယဉ်ခဲ့ဖူးသည်။ သို့သော် နောက်ဆုံးတွင် စိတ်ကူးယဉ်ခြင်းသည် စိတ်ကူးယဉ်ခြင်းသာ ဖြစ်ခဲ့ပေသည်။ နှစ်တွေကြာလာခဲ့သည့်တိုင် သူမ၏ဆန္ဒများသည် ဘယ်တော့မှ ပြည့်စုံမလာခဲ့ပါချေ။ ကံကောင်းထောက်မစွာဖြင့် လုံရွှဲ့ယောင်ကဲ့သို့သော စိတ်ကောင်းစေတနာကောင်းရှိသူအချို့သည် ငွေကြေး၊ အဝတ်အစားများနှင့် နေ့စဉ်သုံးပစ္စည်းများကို မကြာခဏ ပေးပို့ကာ ကူညီလိုစိတ်ရှိခဲ့ကြသည်။
ယွမ်၂မီလီယံ … ထိုကဲ့သို့များပြားသော ငွေကြေးပမာဏဖြင့် လူမှုဖူလုံရေးဂေဟာရှိ ကလေးများ၏နေရေးထိုင်ရေးသည် အလွန်ကောင်းမွန်လာမည်မှာ သေချာပေသည်။ အနည်းဆုံးတော့ သူတို့လေးတွေ ဖာတစ်ရာဖောက်စက် အဝတ်အစားတွေကို ဝတ်စရာမလိုတော့သကဲ့သို့ ရက်အနည်းငယ်ကြာမှ အသား စားရသည့်အဖြစ်မျိုးနှင့် အေးလွန်းသည့် ဆောင်းရာသီတွင် မီးသွေးမီးဖိုများ အသုံးပြုရသည့်မြင်ကွင်းမျိုး ထပ်ရှိတော့မည် မဟုတ်ပေ။
"ကျေးဇူးတင်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ် မစ္စတာထန်။"
တီအန်းဝူသည် သူမ၏မျက်လုံးထောင့်မှ မျက်ရည်များကို သုတ်လိုက်ပြီး လမ်းလျှောက်တုတ်ကို ကိုင်ကာ ခါးကို ကွေးညွတ်လိုက်သည်။
ထန်ရှုက သူမကို ချက်ချင်း ဆွဲထူပေးလိုက်ပြီး
"တီအန်းဝူ … ဟိုးအရင် အကြီးကျယ် ရေကြီးတုန်းက ကျွန်တော် လေးလေးနက်နက် မှတ်သားခဲ့တဲ့ စကားတစ်ခွန်းရှိတယ်-
'တစ်နေရာတည်းမှာ အခက်အခဲတွေ ကြုံလာရတဲ့အခါ နေရာတိုင်းက အကူအညီတွေ ရလာမှာပါ' တဲ့။ ကျွန်တော် လုပ်နိုင်သလောက် လုပ်နေရုံလေးပါ။ အဲ့ဒါက ကျွန်တော် ကလေးတွေကို ကူညီချင်တဲ့စိတ်ကြောင့်မို့ ကျွန်တော့်ကို ကျေးဇူးတင်နေဖို့ မလိုပါဘူးဗျာ။"
အေးမြသောဆောင်းရာသီတွင် နှင်းများ ကျဆင်းနေသော်လည်း တီအန်းဝူ၏နှလုံးသားထဲတွင် နွေးထွေးမှုအပြည့် ဖြစ်နေခဲ့သည်။ ထန်ရှု ပြောလိုက်သည့် စကားသည် သူမ၏ရင်ထဲသို့ ထိရှသွားခဲ့သည်။ ထန်ရှုနှင့် လုံ ရွှဲ့ယောင်တို့ကို ဂေဟာအတွင်းသို့ ဝင်ရန် ဖိတ်ခေါ်စဉ်တွင် ထန်ရှုသည် ထျန်းရှောင်မန်၏ဖုန်းနံပါတ်အား ပေးရန် ဆက်လာသော လီဟောင်ကျီထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။
" ရွှဲ့ယောင် … တီအန်းဝူနဲ့ အရင်ဝင်နှင့်ပါ။ ကျွန်တော် ဖုန်းတစ်ခု အရင် ဆက်လိုက်ဦးမယ်။"
****
ကြယ်တာရာ ကတ်စတီလန် အီလီဥယျာဉ်ရပ်ကွက်…
ထျန်းရှောင်မန်သည် ကာတွန်းရုပ်ပုံလေးများ ပါသော ညအိပ်ဝတ်စုံ ဝတ်ဆင်ပြီး ပျင်းရိငြီးငွေ့စွာဖြင့် သူ့အိမ်၏ဝရန်တာတွင် ထိုင်နေသည်။ ချိတ်ဆွဲထားသော ခြင်းတောင်းထိုင်ခုံလေးသည် တလှုပ်လှုပ် ယိမ်းနွဲ့နေချိန်တွင် သူမ၏အကြည့်များသည် မျှော်လင့်ချက်ယဲ့ယဲ့ဖြင့် အပြင်ဘက်တွင် ခပ်ပြေပြေ ကျဆင်းနေသော နှင်းပွင့်လေးများဆီ ကျရောက်နေပေသည်။ ထန်ရှုအကြောင်း တိုက်ရိုက်သတင်းတစ်ပုဒ်ကို သူမ ထုတ်လွှင့်ပြီးကတည်းက သူမသည် တိုက်ရိုက်ထုတ်လွှင့်မှုပလက်ဖောင်းပေါ်တွင် ရေပန်းစားသော တင်ဆက်သူဖြစ်လာခဲ့သည်။ သူမ၏ အမာခံပရိသတ်အရေအတွက်သည် ယခု ၁၀၀,၀၀၀ ကျော်သွားခဲ့ပြီး ရာထောင်ချီသော ကြည့်ရှုသူများစွာက သူမ၏တိုက်ရိုက်ထုတ်လွှင့်မှုချန်နယ်ကို နေ့စဉ် လာရောက်ကြည့်ရှုကြသည်။
ဆိုးသောအရာအချို့ရှိခဲ့သော်ငြားလည်း ထိုအချိန်မှစ၍ ကျော်ကြားမှုနှင့် ချမ်းသာမှုတို့သည် သူမထံ ရောက်လာသည်ဟု ဆိုနိုင်သည်။ ဥပမာအားဖြင့် သူမသည် ပြည်သူလူထုကြားတွင် ပေါ်လာပြီး လက်တွေ့ဘဝက သူမ၏ပရိသတ်များနှင့်လည်း မကြာခဏ တွေ့ဆုံလေ့ရှိသည်။ တစ်ချို့က သူမကို တွေ့ပြီး အမှတ်တရအဖြစ် ဓာတ်ပုံတွဲရိုက်ရန် တောင်းဆိုသလို လက်မှတ်ရေးထိုးရန် တောင်းဆိုသည်များလည်း ရှိပေသည်။
…အား…အောင်မြင်ကျော်ကြားသူတစ်ယောက် ဖြစ်လာတာ မလွယ်ပါလားဟ။ နှင်းတွေနဲ့ အပြင်ထွက်ကစားချင်တာတောင် အာရုံစိုက်ခံရမှာကို ကြောက်နေရတယ်။ ဒီရပ်ကွက်က အများစုက ငါ့ကို သိနေကြတာဆိုတော့ ဟိုနေ့က အဖေအမေတို့နဲ့ ဆွေးနွေးခဲ့တဲ့အတိုင်း တခြားနေရာကို သွားဝယ်ပြီး နေသင့်လား။…
ထျန်းရှောင်မန်တစ်ယောက် မေးစေ့ကိုင် စဉ်းစားရင်း အတွေးထဲတွင် နစ်မြုပ်သွားသည်။
“ငါလေးက ကြယ်တစ်ပွင့်ပဲ … ငါလေးက ကြယ်ပွင့်ကြီးတစ်ပွင့်ပဲ…”
ရုတ်တရက် သူမ၏ဖုန်းမြည်သံကြောင့် လန့်ဖျပ်ကာ ထခုန်လုမတတ် ဖြစ်သွားရသည်။ လက်ကိုင်ဖုန်းကို အလျင်စလို ကောက်ကိုင်လိုက်ပြီး နံပါတ်ကို ကြည့်လိုက်ရာ ဤမြို့မှ မသိသော နံပါတ်တစ်ခု ဖြစ်နေသည်။
"ဟယ်လို … ထျန်းရှောင်မန် ပြောနေပါတယ်။"
"ဟယ်လို … ငါ ထန်ရှုပါ။ ကျေးဇူးပြုပြီး ငါ့ကို မျက်နှာသာတစ်ခုလောက် ပေးပါလား။”
"ထန်ရှု ဟုတ်လား … ရှင်ဖုန်းမှားနေလား မသိဘူး... အာ ... တောင်းပန်ပါတယ်… ရှင့်နာမည်ကို ဘယ်လို ပြောလိုက်တာ။"
ထျန်းရှောင်မန်သည် ဖုန်းခေါ်ဆိုသူကို မသိကြောင်း ပြောတော့မည့်ဆဲဆဲတွင် ချောမောသော မျက်နှာတစ်ခုသည် ရုတ်တရက် သူမ၏အတွေးထဲတွင် ပေါ်လာပြီး ချက်ချင်းပင် ကျယ်လောင်စွာ ပြောလိုက်မိသည်။
"ထန်ရှုပါ။" တစ်ဖက်အသံက ပြန်ဖြေသည်။
ထျန်းရှောင်မန်သည် ချိတ်ဆွဲထားသော ခြင်းတောင်းထဲမှ ခုန်ဆင်းလိုက်ကာ အလျင်စလို မေးလိုက်သည်။
“ရှင်က ကြယ်တာရာတရုတ်တိုင်းရင်းဆေးရုံရဲ့ နတ်ဆေးသမားတော်လေးလား။” သူမ၏မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေသည်။
“မှန်ပါတယ် … ငါပါပဲ။” ထန်ရှုက အသံထွက်ရယ်မောပြီး တုံ့ပြန်လိုက်သည်။
ထျန်းရှောင်မန်က အလွန်စိတ်လှုပ်ရှားနေသောကြောင့် "ထန် … နတ်ဆေးသမားတော်လေး ထန် … ရှင် … အာ … ဟိုင်း … ကျွန်မက ရှင့်ရဲ့ သစ္စာရှိတဲ့ ပရိသတ်လေးပါ။ ကျွန်မကို ခေါ်လို့ရပါတယ် … မန်မန်လို့ပဲ ခေါ်ပါ။ အိုး … ကျွန်မ စိတ်တွေ အရမ်း လှုပ်ရှားနေတယ်။ အိပ်မက် မက်နေတာတော့ မဟုတ်ပါဘူးနော်။ ကျွန်မရဲ့ အကြီးကျယ်ဆုံး စံပြလူသားလေးဆီက ဖုန်းဆက်လာတာလား။"
"မနောက်လို့ရမလား ထျန်းရှောင်မန်ရေ…" ထန်ရှု ရယ်မောလိုက်သည်။ "မင်းရဲ့အကူအညီလိုနေတာ တစ်ခုရှိလို့။ အခု မင်းမှာ အားလပ်ချိန် ရှိလား။"
စိတ်တွင်းမှ စိတ်လှုပ်ရှားမှုကို မျိုသိပ်ထားရင်း ထျန်းရှောင်မန်က ချက်ချင်း အဖြေပေးလိုက်သည်။
"ကျွန်မရဲ့ စံပြလူသားလေးအတွက်ဆိုရင် အချိန်ရှိရမှာပေါ့။ ကျွန်မမှာ မရှိရင်တောင် အချိန်ရအောင် လုပ်ပေးမယ်။ ကျွန်မကို ဘာလုပ်စေချင်လဲ ပြောပါ… ကျေကျေနပ်နပ်ကြီးကို လုပ်ပါမယ်…”
"တကယ်တော့ ငါ အခု ကြယ်တာရာ လူမှုဖူလုံရေးဂေဟာတစ်ခုမှာ ရောက်နေတာ။" ထန်ရှုက ရှင်းပြသည်။
“အဲ့ဒီနေရာလေးကို လူ့အဖွဲ့အစည်းက အာရုံစိုက်မှု မရှိသလောက် နည်းပါးတဲ့အတွက် အခြေအနေလေးက တော်တော်လေး မကောင်းဘူးဖြစ်နေတယ်။ မင်းက အင်တာနက် တိုက်ရိုက်ထုတ်လွှင့်သူဖြစ်တာကို ငါ မှတ်မိနေတော့ မင်း ရောက်လာနိုင်ခဲ့ရင်ဆိုပြီး ငါ တွေးနေမိတာ။ လူတိုင်းရဲ့အာရုံစူးစိုက်မှုနဲ့ သူတို့ရဲ့ ကရုဏာအကူအညီကို ရနိုင်မယ်လို့ မျှော်လင့်ပြီး ဒီဂေဟာလေးရဲ့အခြေအနေတွေကို အများပြည်သူကို တင်ပြပို့ဖို့ ဒီဂေဟာမှာ တိုက်ရိုက်ထုတ်လွှင့်မှုလုပ်ရင် ကောင်းမလားလို့ တွေးမိလို့ပါ။”
လူမှုဖူလုံရေးဂေဟာမှာ တိုက်ရိုက်ထုတ်လွှင့်မယ်ပေါ့…
ထျန်းရှောင်မန်၏မျက်လုံးများ ပုတ်ခတ် ပုတ်ခတ် ဖြစ်လာကာ စိတ်အားတက်ကြွလာသည်။ ကြယ်တာရာ တရုတ်တိုင်းရင်းဆေးရုံတွင် ထန်ရှုအကြောင်း တိုက်ရိုက်ထုတ်လွှင့်ခဲ့သည့် နောက်ဆုံးအကြိမ်၌ သူမ၏ ပရိသတ်များနှင့် စာရင်းသွင်းသူများသည် အဆရာကျော် မြင့်တက်ခဲ့ပြီး သူမ၏ ကျော်ကြားမှုနှင့် ကြွယ်ဝမှုတို့ကို သယ်ဆောင်လာခဲ့သည်။ သို့သော်လည်း သူမ၏ ပရိသတ်အချို့နှင့် အချို့သောလူများက သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှုသည် ယခင်အခြေအနေသို့ ပြန်ရောက်သွားမည်ဟု ယုံကြည်ကြသည်။ တော်တော်များများက သူမသည် နတ်ဆေးသမားတော် ထန်ရှုအကြောင်း တစ်ဖန်ပြန်၍ လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ကာ တောင်းဆိုအော်ဟစ်နေကြပေသည်...
ဒါက သေချာပေါက် အခွင့်အရေးတစ်ခု … အနှစ်တစ်ထောင်မှာ တစ်ကြိမ်သာ ကြုံရသည့် ရွှေအခွင့်အရေးတစ်ခုပင်…
ထျန်းရှောင်မန်သည် သူမ၏ စိတ်နှင့် ခံစားချက်များကို တည်ငြိမ်စေရန် သက်ပြင်းတစ်ချက် ရှိုက်လိုက်ရင်း "ခဏစောင့်ပေးပါ စံပြလူသားလေး။ လိပ်စာရေးဖို့ မှတ်စုစာအုပ် သွားယူလိုက်ဦးမယ်။ ပြီးတာနဲ့ ကျွန်မ ချက်ချင်း ထွက်လာပြီး အဲ့ဒီနေရာကို တတ်နိုင်သမျှ မြန်မြန်ရောက်အောင် လာခဲ့မယ်။"
မိနစ်အနည်းငယ်ကြာပြီးနောက်တွင် သူမသည် ဖုန်းကို ချပြီး စာကြည့်ခန်းသို့ တန်းပြေးကာ သူမ၏လက်တော့ပ်ကို ဖွင့်လိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်သည့်ချန်နယ်ကို ဝင်ရောက်လိုက်သည်။
"အိုး … ထူးဆန်းလိုက်တာ … ကျောက်ဆူးလေးက အမှန်တကယ်ပဲ အွန်လိုင်းမှာ ရှိနေတာလား။ တိုက်ရိုက်ထုတ်လွှင့်မှုအတွက် စီစဉ်ထားတဲ့ အချိန် ပြောင်းလဲသွားတယ်လို့ မပြောနဲ့နော်။"
"နတ်ဘုရားမလေးမန်မန် အွန်လိုင်းတက်လာပြီ။ မန်မန်ပရိတ်သတ်တွေ။ မင်းတို့အားလုံး ဘယ်ရောက်နေကြတုန်း။”
“အခု အကြောင်းအရာအသစ်တစ်ခု ရှိလို့များလား။ နတ်ဘုရားမလေးမန်မန်က ပြီးခဲ့တဲ့ နောက်ဆုံးအကြိမ် တိုက်ရိုက်ထုတ်လွှင့်တုန်းက နတ်ဆေးသမားတော် ထန်ရှုအကြောင်း တိုက်ရိုက်ထုတ်လွှင့်ပေးခဲ့တာ…”
"အခုရော အရမ်းအံ့သြစရာတွေ ရှိနေလား။"
“…”
ထျန်းရှောင်မန်သည် မရေမတွက်နိုင်သော မက်ဆေ့ချ်များနှင့် သောင်းချီသော အွန်လိုင်းစာရင်းသွင်းသူများကို ကြည့်ရင်း အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။ ထို့နောက် သူမက
“မင်္ဂလာပါ ချစ်သော ပရိသတ်များနဲ့ စာရင်းသွင်းသူတို့ရေ။ မန်မန်ရဲ့ ပရိသတ်တော်တော်များများက ဒီနေ့ ထူးထူးခြားခြား အံ့သြစရာတွေ ရှိလာမလားလို့ မေးနေကြပါတယ်။ ဒီနေ့ ကျွန်မရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု ချန်နယ်မှာ မန်မန် အွန်လိုင်းပေါ် ရုတ်တရက် ရောက်လာတဲ့အတွက် ဒီနေ့လည်း သတင်းထူးထူးခြားခြား ရှိသေးလားလို့ မေးကြပါတယ်။ ဟုတ်ပါတယ်။ မန်မန် အားလုံးကို အခု ပြောပြပါမယ်။ အားလုံး မှန်းဆထားတာ မှန်ပါတယ်။ လွန်ခဲ့တဲ့ မိနစ်အနည်းငယ်ကပဲ ကြယ်တာရာ တရုတ်တိုင်းရင်းဆေးရုံရဲ့ နတ်ဆေးသမားတော် ထန်ရှုဆီက ဖုန်းလက်ခံ ရရှိခဲ့ပါတယ်။”
“နတ်ဆေးသမားတော် ထန်က ကျွန်မကို တောင်းဆိုတဲ့ကိစ္စအသေးစိတ်အတွက် … ကောင်းပြီ … ကျွန်မ ရှင်တို့လေးတွေရဲ့ အံ့သြနေတာလေးကို ဆက်ပြီး ထိန်းထားပါရစေဦး။ ဒါပေမယ့် မန်မန်ရဲ့ ပရိသတ်တွေအနေနဲ့ ကျွန်မ အဲ့ဒီကို ရောက်တဲ့အခါ တခြားသူတွေကို အွန်လိုင်းပေါ်လာဖို့ အချိန်မီ သတိပေးထားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ရှင်တို့လေးတွေ နတ်ဆေးသမားတော်ထန်ကို ပြန်တွေ့ရလိမ့်မယ်လို့ ကျွန်မ ယုံကြည်တယ်။ ဖြစ်နိုင်တာက ရှင်တို့အတွက် တခြား အံ့အားသင့်စရာတွေလည်း ရှိပါလိမ့်မယ်နော်။"
"ဘာပဲဖြစ်ဖြစ် ကျွန်မ အခု ထွက်တော့မယ်နော်။ နောက်မှတွေ့မယ် ဖိုက်တင်း…"
ထို့နောက် မရေမတွက်နိုင်သော စာရင်းသွင်းသူ ပရိသတ်များထံမှ တစ်ယောက်ပြီး တစ်ယောက် “စိတ်လှုပ်ရှားစွာ” နှင့် “စောင့်မျှော်နေပါတယ်”စသော မတ်ဆေ့ချ်များ၊ အီမိုဂျီများ ပို့လာသောကြောင့် ထျန်းရှောင်မန်၏စိတ်အတွင်းပိုင်းကို ကောင်းမွန်စေပြီး ကြီးကျယ်ခမ်းနားစေသည်။ သူမသည် လိုင်းအောက်ပြီးနောက် ချက်ချင်းပင် သူမ၏ ပစ္စည်းများကို ထုပ်ပိုးကာ အပြင်သို့ ပြေးသွားခဲ့သည်။
****
ကြယ်ပြာလူမှုဖူလုံရေးဂေဟာတွင်…
လိပ်စာနှင့် နာမည်အား ထျန်းရှောင်မန်ဆီသို့ ပေးပို့ပြီးနောက် ထန်ရှုသည် အဆောက်အဦးငယ်၏ ဒုတိယထပ်သို့ သွားကာ တီအန်းဝူ ရှိရာအခန်းဆီသို့ ဦးတည်သွားလိုက်သည်။ တီအန်းဝူ၏ရုံးခန်းအဖြစ် သတ်မှတ်ထားသော အခန်းအတိအကျ မရှိပေ။ အဆောက်အဦး၏အပြင်အဆင်သည် အခြေခံကျပြီး အခန်းအနည်းငယ်သာရှိသောကြောင့် ဖြစ်သည်။ ဂေဟာတစ်ခုလုံးတွင် ပစ္စည်းများစွာ ရှိသော်လည်း အားလုံးကို သပ်ရပ်စွာ ထားရှိထားသည်။
ထန်ရှုသည် ဂေဟာ၏အခြေအနေနှင့် ပတ်သက်၍ တိုက်ရိုက်အစီရင်ခံချက်တစ်ခု ထုတ်လွှင့်ရန် အင်တာနက်ထုတ်လွှင့်သူကို ဖိတ်ကြားခဲ့ကြောင်း ရှင်းပြသောအခါ တီအန်းဝူသည် တိုက်ရိုက်ထုတ်လွှင့်သည့် အကြောင်းကို များစွာ မသိထားသော်လည်း သူမ၏လူမှုဝန်ထမ်းဂေဟာကို လူသိရှင်ကြား ထုတ်ဖော်နိုင်စေရန်၊ လူ့အဖွဲ့အစည်းအတွင်းရှိ အုပ်စုများစွာက ၎င်းတို့အကြောင်း လေ့လာသိရှိနိုင်စေရန် ရည်ရွယ်ထားသည်ကို သိသောကြောင့် သူမသည် လွန်စွာ စိတ်လှုပ်ရှားနေဆဲ ဖြစ်သည်။
နေ့လည် ၁၂း၃၀…
ထန်ရှုနှင့် လုံ ရွှဲ့ယောင်တို့သည် တီအန်းဝူနှင့်အတူ ဟင်းပွဲများကို စားပွဲသို့ ယူဆောင်လာကြသည်။ အကျီအသစ် မလဲရသေးသော ကလေးအယောက် ၃၀ကျော်သည် အခန်းကျယ်ကြီးတစ်ခုတွင် စုရုံးကာ ပန်းကန်လုံးတစ်လုံးစီနှင့် တူတစ်စုံစီ ချပေးထားသော စားပွဲရှည်ကြီးရှေ့တွင် ဝင်ထိုင်လိုက်ကြသည်။ တီအန်းဝူ၊ ထန်ရှု၊ လုံရွှဲ့ယောင်နှင့်အခြားဝန်ထမ်းနှစ်ယောက်တို့ ပြင်ဆင်ထားသော အစားအသောက်များကို ကြည့်ပြီး သူတို့၏မျက်လုံးများသည် မျှော်လင့်ချက်များဖြင့် တောင့်တနေခဲ့ပေသည်။
ဖုန်းမြည်သံ…
ထန်ရှု၏လက်ကိုင်ဖုန်း မြည်လာသည်။ ထျန်းရှောင်မန်ထံမှ ဖုန်းခေါ်သည်ကို မြင်ပြီးနောက် ပထမထပ်ရှိ ခန်းမဆီသို့ တန်းသွားလိုက်သည်။
ကြယ်ပြာလူမှုဖူလုံရေးဂေဟာ၏ဝင်ပေါက်တွင် ထျန်းရှောင်မန်သည် ဖုန်းခေါ်ဆိုမှုကို အဆုံးသတ်ပြီး သူမ၏တိုက်ရိုက်ချန်နယ်သို့ ဖုန်းဖြင့် တစ်ခါတည်း အကောင့်ဝင်လိုက်သည်။ သူမ၏တိုက်ရိုက်ထုတ်လွှင့်မှု ချန်နယ် ပေါ်လာပြီး အဲ့ဒီမှာ ပြသထားသောကြည့်ရှုသူ အရေအတွက်ကို ကြည့်လိုက်တာနှင့်တင် သူမ၏ မျက်လုံးများသည် ပန်းကန်ပြားခန့် ပြူးကျယ်သွားရသည်။
၇၆၀,၀၀၀ … လူပေါင်း ၇၆၀,၀၀၀က သူမ၏ တိုက်ရိုက်ထုတ်လွှင့်သောချန်နယ်တွင် စောင့်မျှော်နေကြပြီး အရေအတွက်က တိုးလာနေဆဲ ဖြစ်သည်။ သို့သော် ထိုချန်နယ်တွင် ပရိသတ်များက ပေးသည့် လက်ဆောင်တွေကို တစ်ချက်ကြည့်လိုက်ချိန်တွင်မတော့ ထျန်းရှောင်မန်တစ်ယောက် ကြယ်တာရာ တရုတ်တိုင်းရင်းဆေးရုံတွင် ယခင်က တိုက်ရိုက်ထုတ်လွှင့်ခဲ့သော အတွေ့အကြုံ ရှိခဲ့သည့်တိုင် ကြောက်ရွံ့ထိတ်လန့်သွားမှုကြောင့် နှလုံးသားလေး တဆတ်ဆတ်ခုန်ကာ စိတ်ထဲတွင် အော်ဟစ်လုမိနီးပါး ဖြစ်သွားခဲ့ရလေတော့သည်။
"ငါ ... ငါလေး အိပ်မက်မက်နေတာတော့ မဟုတ်ပါဘူးနော်…"
***