အလွန်စိတ်ထိခိုက်လှုပ်ရှားရသော အခိုက်အတန့်များ
Vol. 44 Ch. 610
ထျန်းရှောင်မန်၏ အထိတ်တလန့် ဖြစ်သွားသော အမူအရာလေးသည် ရိုးရိုးအအအနှင့် ချစ်စရာ ကောင်းနေဟန် ရှိပြီး သူမ၏ကြည့်ရှုသူများကို ချက်ချင်းပင် သဘောကျသွားစေသည်။ ကွန်မန့်နေရာတွင်ပင် သူမ၏ချစ်ခင်စရာကောင်းသော အမူအရာတွင် ကျဆုံးသွားသည်ဟု မှတ်ချက်ပေးသည့် မရေမတွက်နိုင်သော ကွန်မန့်များလည်း ပေါ်လာခဲ့သည်။
ထျန်းရှောင်မန်သည် သူမ၏မျက်လုံးများကို ပွတ်လိုက်ပြီး စကားပြောတော့မည့်ဆဲဆဲတွင် ကြည့်ရှုသူ ပရိသတ်အရေအတွက် ပြောင်းလဲသွားသည်ကို ရုတ်တရက် မြင်လိုက်ရသည်။ ပြီးခဲ့သော အခိုက်အတန့်က ၇၆၁,၀၀၀ ဝန်းကျင်ရှိခဲ့သော်လည်း ယခုအခါ ၇၇၀,၀၀၀ အထိ မထင်မှတ်စွာ မြင့်တက်သွားခဲ့သည်။
“ငါလေး … ရိုးရိုးသားသားပြောရရင် ဒီလိုကြီးကို သိပ်ကြောက်တာနော်…”
သူမသည် သူမကိုယ်သူမ စိတ်စုစည်းလိုက်ပြီး လှုပ်လှုပ်ရှားရှားအမူအရာဖြင့် ပြောလိုက်သည်။
ထို့နောက် ချက်ချင်းပင် သူမသည် ကြယ်ပြာလူမှုဖူလုံရေးဂေဟာ၏အဝင်ဝအား ကင်မရာတွင် ပြလိုက်ပြီး ဝင်ပေါက်ရှိ ဆိုင်းဘုတ်ကို စက္ကန့်အနည်းငယ်ကြာ ချိန်ရွယ်လိုက်သည်။ ထို့နောက် သူမသည် သူမကိုယ်သူမ ကင်မရာကို ချိန်ရွယ်ကာ “မန်မန်ရဲ့ပရိသတ်တွေနဲ့ ကြည့်ရှုသူတွေရှင့် … မန်မန်က ရှင်တို့ကို ဒီမှာ တိုက်ရိုက်ထုတ်လွှင့်မယ့် လိုက်ဖ်လေး ဖြစ်ပေါ်လာတာကို ပြောပြချင်ပါတယ်။ ဒီနေရာလေးက ကြယ်တာရာမြို့ရဲ့ ဆင်ခြေဖုံးအရပ်က လူမှုဖူလုံရေးဂေဟာလေးပါ။ နတ်ဆေးသမားတော် ထန်ရှုက ပြောပြလို့သာ ကျွန်မလည်း ဒီနေရာလေး အကြောင်းကို ကြားဖူးတာပါ။ နို့မဟုတ်ရင် ကြယ်တာရာမှာ ဒီလိုကလေးလေးတွေအတွက် လူမှုဖူလုံရေးဂေဟာလေး ရှိတာကို ကျွန်မလည်း သိမှာမဟုတ်ပါဘူး။ ရှင်တို့ ကြည့်ပါဦး … ဒါက အရမ်းကို အိုမင်းဟောင်းနွမ်းနေတာကို မြင်ရမှာပါရှင်။”
"ကဲ … အခုပဲ ထန်ရှုနဲ့ ဒီဂေဟာက ကလေးတွေကို ကြည့်ရအောင် မန်မန့်နောက်ကို လိုက်ခဲ့ကြပါဦး။"
ထိုသို့ပြောပြီးနောက် သူမသည် ခြေလှမ်းကို ရှေ့တိုးကာ အနီးနားပတ်ဝန်းကျင်အရာအားလုံးကို အတတ်နိုင်ဆုံး ဓာတ်ပုံရိုက်ယူရန် ကြိုးစားခဲ့သည်။ သူမသည် အဆောက်အဦးငယ်လေးရှေ့တွင် စက္ကန့်အနည်းငယ်ကြာ ရပ်လိုက်ပြီး အရှေ့ဖက် တံခါးဆီသို့ လျှောက်သွားသည်။ တံခါးကို တွန်းဖွင့်ပြီး အထဲမှ အခြေအနေကို မြင်လိုက်သည့်အခါ ချက်ချင်း ရပ်လိုက်သည်။
"အားလုံးပဲ မင်္ဂလာပါ … ငါက ထျန်းရှောင်မန်ပါ။"
သူမ၏အမြင်အာရုံတွင် ပထမဦးဆုံး ပေါ်လာသူမှာ ထန်ရှု ဖြစ်သည်။ သူမသည် သူ့အား လက်ဝှေ့ယမ်းပြပြီး အနားသို့ သွားကာ
"ဟယ်လို … နတ်ဆေးသမားတော် ထန်…"
ထိုအချိန်တွင် ထန်ရှုသည် ကလေးငယ်များအား ပူနွေးသော ပေါက်စီများ ပေးနေသည်။ သူမ၏အသံကို ကြားပြီးနောက် သူက ခပ်ဖျော့ဖျော့ပြုံးကာ ညင်သာစွာ ခေါင်းညိတ်တုံ့ပြန်သည်။ ထို့နောက် သူမ၏လက်ထဲက လက်ကိုင်ဖုန်းကို ကြည့်လိုက်ပြီး
“အခု လိုက်ဖ်လွှင့်နေတာလား။”
“အင်း … ဟုတ်တယ်။" ထျန်းရှောင်မန်က ညင်သာစွာ ခေါင်းညိတ်လိုက်သည်။
ထန်ရှုက ကင်မရာဘက်သို့ ပြုံးပြပြီး
"အားလုံးပဲ မင်္ဂလာပါဗျ။ ကျွန်တော် ထန်ရှုပါ။ အစပိုင်းကတော့ ကျွန်တော် ထျန်းရှောင်မန်ကို ဆက်သွယ်ဖို့ စိတ်ကူးမရခဲ့ဘူးဗျ။ ဒါပေမယ့် ပြီးခဲ့တဲ့ အကြိမ် တိုက်ရိုက်ထုတ်လွှင့်မှု အပြီးမှာ ကြယ်တာရာ တိုင်းရင်းဆေးရုံက ရရှိတဲ့ အကူအညီနဲ့ ပြောင်းလဲမှုတွေကြောင့် သူမကို ဖုန်းခေါ်ဖို့ အတွေးရခဲ့ပါတယ်။ ဒါကြောင့် ဒီကို လာပေးတဲ့အတွက် ထျန်းရှောင်မန်ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောလိုပါတယ်ဗျာ။”
“တကယ်တော့ ကျွန်တော် သူ့ကို ရည်ရွယ်ချက်တစ်ခုတည်းအတွက်ပဲ ဒီနေရာကို ဖိတ်ခေါ်ခဲ့တာပါ။ ဒီဂေဟာလေးကို လူတွေ ပိုမိုအာရုံစိုက်လာပြီး ဒီနေရာက ကလေးတွေကို ဂရုစိုက်မှုပြသပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်လေးပါပဲ။ ဒီလိုပဲ လူတိုင်းက ဒီဂေဟာလေးနဲ့အလားတူ နေရာတွေကိုပါ သနားဂရုဏာနဲ့ အာရုံစိုက်မှုကိုလည်း ပြသနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ တစ်နိုင်ငံလုံးမှာ အခြေအနေ ဆိုးနေတဲ့ လူမှုဖူလုံရေးဂေဟာတွေ အများကြီး ရှိပါသေးတယ်။ အကူအညီ လိုအပ်နေတဲ့ ပိုပြီး သနားစရာကောင်းတဲ့ ကလေးတွေလည်း ရှိနေပါတယ်။ ကျွန်တော်တို့တစ်ဦးချင်းအနေနဲ့ဆို စွမ်းဆောင်နိုင်မှုက အကန့်အသတ်ရှိပါတယ်။ ဒါကြောင့် သူတို့ကို ဂရုစိုက်ပြီး ကူညီပေးဖို့အတွက် လူကြီးမင်းတို့အားလုံးရဲ့ ဂရုဏာနဲ့ မေတ္တာတွေ သွန်းလောင်းပေးဖို့ မျှော်လင့်မိပါတယ်ဗျ။ ဒီကလေးတွေကိုယ်စား ကျွန်တော် အားလုံးကို ကျေးဇူးတင်ပါတယ်။”
ထိုစကားကိုပြောပြီးနောက် ထန်ရှုသည် ကင်မရာမြင်ကွင်းမှ ထွက်သွားပြီးနောက် ထျန်းရှောင်မန်အား ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ထန်ရှုသည် ကလေးငယ်များအား ပူနွေးသော ပေါက်စီများ ဆက်ပြီးဝေပေးနေခဲ့သည်။
ထျန်း ရှောင်မန်၏အကြည့်များသည် ထန်ရှု၏အနောက်သို့ ပါသွားပြီး ပျက်စီးယိုယွင်းနေသောအခန်းထဲတွင် သူတို့၏အစားအစာကို စတင်စားသောက်နေသော ကလေးငယ်များဆီသို့ ကူးပြောင်းရောက်ရှိသွားသည်။ သူတို့၏အစားအသောက်သည် ရိုးရှင်းစွာဖြင့် အိုးတစ်လုံးထဲတွင် ပြုတ်ထားသော ဂေါ်ဖီနှင့် ကြာဇံတို့အပြင် အသားဖက်ထုပ်အချို့သာ ပါဝင်ပေသည်။ ကလေးများ၏ပဲ့ရွဲ့နေသော ပန်းကန်လုံးများထဲတွင် ဆန်ပြုတ်မှလွဲ၍ အခြားဘာမှမရှိသော်လည်း ထန်ရှု ဝေပေးထားသော ပူပူနွေးနွေးပေါက်စီများအား ကလေးများသည် ကမ္ဘာပေါ်တွင် အရသာအရှိဆုံး အစားအစာအလား အားပါးတရ စားနေကြသည်။
ထျန်းရှောင်မန်၏အကြည့်များသည် ဘေးနားတွင် ရပ်နေသော လုံရှောင်ရွှဲ့ဆီ ရောက်သွားပြီး ဇဝဇေဝါဟန်ဖြင့်
"အစ်မကြီး … သူတို့မှာ ဒီဟင်းတစ်မျိုးပဲ ရှိတာလား။"
လုံ ရွှဲ့ယောင်သည် ထန်ရှု၏ရည်ရွယ်ချက်ကို ကောင်းစွာ သိရှိသောကြောင့် သူ့အား ကျေးဇူးများစွာ တင်နေသည်။ ထျန်းရှောင်၏ စုံစမ်းမေးမြန်းမှုကို သူမ ကြားသောအခါ ဖုန်းကင်မရာဘက်သို့ မျက်နှာမမူဘဲ တိတ်ဆိတ်စွာ ခေါင်းညိတ်ပြလိုက်ပြီး ခါးသီးသော အပြုံးဖြင့်
“ညီမ ဒီနေ့လာလိုက်တာ ကောင်းတယ်။ ဒီဟင်းက ခါတိုင်းစားနေကျထက် ပိုကောင်းတယ်လို့ ဆိုနိုင်ပါသေးတယ်။ အများအားဖြင့်တော့ ဒီကလေးတွေဟာ နှစ်ရက်သုံးရက်လောက်မှ တစ်ခါ အသားဟင်း စားနိုင်တာပါ။”
ထျန်းရှောင်မန် အံ့အားသင့်သွားသည်။ သူမ၏ မိသားစု၏အခြေအနေမှာ သာမန်ဖြစ်သော်လည်း တစ်နေ့လျှင် အနည်းဆုံး အစားအစာ သုံးနပ်စားနိုင်ပြီး တစ်နပ်တွင် အသားဟင်း ပါရှိပေသည်။ သို့သော် သည်ကလေးများသည် နှစ်ရက် သို့မဟုတ် သုံးရက်ကြာမှသာ အသားဖြင့် စားသောက်နိုင်သောကြောင့် သူတို့၏ကြီးထွားမှုနှုန်းသည်…
သူမ၏အကြည့်များသည် ပန်းကန်ပေါ်သို့ ကျရောက်သွားကာ အကြီးဆုံး ဝက်သားအပိုင်းအစအား ရှာတွေ့ရန် ကြိုးစားခဲ့သည်။ သူမ ရှာတွေ့နိုင်ခဲ့သည် အကြီးဆုံးအသားက ပါးလွှာပြီး လက်မနှစ်ချောင်းစာကျယ်သော အပိုင်းလေးတစ်ခုသာ ဖြစ်တာကြောင့် သူမ စိတ်ပျက်သွားခဲ့ရသည်။
တိုက်ရိုက်ထုတ်လွှင့်သည့် ချန်နယ်တွင် ကြည့်ရှုသူဦးရေသည် ယခုအခါ ၈၁၀,၀၀၀ ကျော်သွားပြီဖြစ်သည်။ ရေးသားနေကြသော ကွန်မန့်များသည် ယခုအချိန်တွင် ရပ်တန့်သွားခဲ့ပြီး မည်သူကမှ ကွန်မန့်မတင်သည်မှာ ကြာနေခဲ့ပြီဖြစ်သည်။ လူတိုင်း၏အကြည့်များသည် ထမင်းစားနေသော ကလေးများဆီတွင် ကော်နှင့်ကပ်ထားသည့်အလား စွဲမြဲနေသည်။ သူတို့၏အနောက်ကို လိုက်ကြည့်လေလေ သူတို့၏မျက်လုံးများထဲတွင် မျက်ရည်များ စီးကျလာကာ စိုးရိမ်မှုလည်း ပိုများလာလေဖြစ်သည်။ သနားခြင်းနှင့် နာကျင်ခြင်းခံစားမှုတို့သည် သူတို့၏ နှလုံးသားများ ပြည့်နှက်နေပြီး အထူးသဖြင့် ၎င်းတို့အား တစ်ခုခုကို ဆုံးရှုံးသွားရသကဲ့သို့ ခံစားရပြီး မည်သည့်စကားမှ မဆိုနိုင်အောင် တုန်လှုပ်သွားရအောင် စိတ်မသက်မသာ ဖြစ်စေသော၊ စိတ်ဓာတ်ကျစေသော ခံစားမှုတစ်ခုလည်း ရှိခဲ့သည်။
ကလေးများ၏အစားအသောက်တွေတင်မက ဝတ်ဆင်ထားသော ချည်ထည်အင်္ကျီများ စုတ်ပြတ်နေသည်ကို သူတို့ ရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။ အဝတ်အစားအများစုသည် ဖာတစ်ရာဖောက်စက် ဖြစ်နေပြီး သေးကွေးသော ယောကျ်ားလေး၏ပခုံးပေါ်၌ ထွက်နေသော ဂွမ်းစများကိုပင် မြင်နိုင်သည်။
သူတို့အတွက် မတည်မငြိမ်ဆုံး မြင်ကွင်းမှာ ထိုကလေးများအနက် အသက်အကြီးဆုံးသည် ဆယ်ကျော်သက်များဟု ထင်ရပြီး အငယ်ဆုံးသည် အနီးနားက တွန်းလှည်းငယ်လေးထဲတွင် ထည့်ထားပေသည်။ ထိုကလေး၏ပိန်ပါးပြီး သေးငယ်သောမျက်နှာထက်တွင် နှင်းကိုက်သော လက္ခဏာတစ်ခု တွေ့ရှိရပြီး အခြားကလေးငယ်အချို့သည် ၎င်းတို့၏လက်နောက်ဘက်တွင် သွေးစွန်းရာများနှင့်အတူ နှင်းကိုက်ဒဏ်ရာများ ရှိနေခဲ့သည်။
ထျန်းရှောင်မန်သည် အချိန်အတန်ကြာသည်ထိ တိတ်ဆိတ်နေခဲ့သည်။ ထန်ရှုက သူမဆီ ရောက်လာသောအခါမှသာ သူမသည် နောက်ဆုံးတွင် ကင်မရာကို မျက်နှာမူကာ ပြောလိုက်သည်။ "မန်မန်ရဲ့ကြည့်ရှုသူအားလုံးရှင့် … မန်မန် ဒီအချိန်မှာ တကယ်ကို ငိုချင်နေမိပါပြီ။ ဒါပေမယ့် သူတို့လေးတွေရဲ့အရှေ့မှာ အော်ငိုမိရင် ရှက်စရာကောင်းပြီး အဆင်မပြေဖြစ်မှာကို ကျွန်မ ကြောက်နေတယ်။ မန်မန် အရမ်းဝမ်းနည်းတယ် … ဒီလိုသနားစရာကောင်းတဲ့ ကလေးတွေကို တွေ့ရတာ တကယ်ကို စိတ်ထိခိုက်ရပါတယ်...”
စက္ကန့်အနည်းငယ်ကြာပြီးနောက် မရေမတွက်နိုင်သော လူများသည် ၎င်းတို့၏စိတ်အခြေအနေများ၊ စိတ်ခံစားချက်များနှင့် တစ်ခုခုလုပ်ရန် ပြင်းပြသော စိတ်ဆန္ဒတို့ကို ကွန်မန့်များရေးသားခဲ့ကြသောကြောင့် ပြုံပြီးတက်လာတော့သည်။ လိုက်ဖ်ချန်နယ်တွင် လက်ဆောင်မျိုးစုံနှင့် ဆုလာဘ်များပင်လျှင် စုပြုံလာရာ ကင်မရာမျက်နှာပြင်တွင် ထျန်းရှောင်မန်၏မျက်နှာအား ပိတ်ဆို့လုနီးပါးဖြစ်နေပြီဖြစ်သည်။
ထျန်းရှောင်မန်သည် ခေါင်းကို မော့လိုက်ပြီး သူမ၏ မျက်ဝန်းများဆီမှ မျက်ရည်များစဲသွားရန် စောင့်နေသည်။ ထို့နောက် သူမက ခေါင်းငုံ့ကာ အလေးအနက်အမူအရာဖြင့်
"ဒီနှစ်မကုန်ခင် ၃၀ရက်နေ့ မနက်၁၂နာရီအထိ မန်မန်ရဲ့ ကြည့်ရှုသူတွေ လက်ဆောင်ပေးမယ့် ဆုလက်ဆောင်တွေ အားလုံးကို ကြယ်ပြာလူမှုဖူလုံရေးဂေဟာမှာ လှူဒါန်းသွားပါမယ်။ မန်မန်ရဲ့ကိုယ်ပိုင်စုဆောင်းငွေထဲကနေ ယွမ်တစ်သိန်းကို လှူဒါန်းမှာဖြစ်လို့ ထိုကလေးတွေအတွက် အသားနဲ့အဝတ်အစားတွေ ထပ်မံဝယ်ယူနိုင်မယ်လို့ ထင်ပါတယ်။ သူတို့လေးတွေ နွေးထွေးပျော်ရွှင်တဲ့ နှစ်သစ်ကို ပိုင်ဆိုင်နိုင်ပါစေလို့ပဲ မန်မန်က မျှော်လင့်မိပါတယ်…”
****
ပေကျင်းမြို့ ကြယ်ငါးပွင့်မီဒီယာလုပ်ငန်းရုံးချုပ် တည်ရှိရာ ရုံးခန်းအဆောက်အအုံတစ်ခုတွင်…
ယခုအချိန်တွင် ဘုတ်အဖွဲ့ဥက္ကဋ္ဌ ဝေ့ချင်းသည် ထျန်းရှောင်မန်၏တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသည့် ပရိသတ်များထဲတွင် ပါဝင်ခဲ့သည်။ သူ၏မျက်နှာသည် အနည်းငယ် ဖြူဖျော့နေပြီး အနည်းငယ် ဝဖြိုးသော ခန္ဓာကိုယ်သည် တုန်ရီနေကာ သူ၏မျက်လုံးအိမ်များတွင် မျက်ရည်များ လဲ့နေခဲ့သည်။
သူ စီးကရက်တစ်လိပ်ကို မီးညှိကာ ခေါင်းမော့ဖွာရှိုက်ရင်း မျက်ရည်များ မကျအောင် ထိန်းထားသည်။ ကြယ်ပြာဂေဟာမှ ကလေးများသည် သူ၏အတိတ်အား ပြန်လည်အမှတ်ရစေခဲ့သည်။ သူသည် မိဘမဲ့တစ်ဦးဖြစ်သောကြောင့် အနောက်မြောက်တိုင်းဒေသကြီးရှိ မြို့ငယ်လေး၏ မိဘမဲ့ဂေဟာတစ်ခုတွင် အသက်ငါးနှစ်မှ ၁၂ နှစ်အထိ နေထိုင်ခဲ့သည်။
ထိုအချိန်တုန်းက နေရေးထိုင်ရေးနှင့်ဘဝကြီးသည် ခက်ခဲကြမ်းတမ်းလှသည်။ အတိတ်က ထမင်းစားရာတွင် အသားစားလိုသောစိတ်ကို သတိရပြီး မျက်လုံးများပင် နီရဲသွားခဲ့ရသည်။ မွေးစားမိဘများ၏ မွေးစားခြင်းအား ခံရပြီးနောက် အသက်၂၂နှစ်တွင် ကောလိပ်မှ ဘွဲ့ရသောအခါ ထိုမြို့ငယ်လေးသို့ တစ်ခါမျှ မပြန်ဖြစ်ခဲ့သည့်အပြင် ထိုမိဘမဲ့ဂေဟာသို့လည်း ထပ်အလည်မသွားခဲ့ပေ။
သို့သော် သူ၏အလုပ်မှ ပထမဆုံးလစာ ရရှိပြီး ငွေတစ်ဝက်ကို ထိုမိဘမဲ့ဂေဟာသို့ စာတိုက်မှ ပေးပို့ခဲ့ကြောင်းကို သူ မှတ်မိသည်။ သူသည် နှစ်အနည်းငယ်အတွင်း မိဘမဲ့ဂေဟာကို ငွေအနည်းငယ် ပို့ပေးသော်လည်း ဖျားနာမှုကြောင့် မိဘမဲ့ဂေဟာ၏ ဌာနမှူး ကွယ်လွန်သွားပြီးနောက် တစ်ကျပ်တစ်ပြားမျှပင် မပို့ဖြစ်ခဲ့တော့ပေ။
အကယ်၍ ဤတိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်မနေခဲ့မိပါက သူသည် တစ်ချိန်က သူနေထိုင်ခဲ့သည့် မိဘမဲ့ဂေဟာကို အမှန်တကယ် မေ့သွားမည်ဖြစ်ပြီး ထိုနေရာရှိ ခက်ခဲကြမ်းတမ်းသော နေထိုင်မှုအခြေအနေများကို မေ့လျော့သွားမည်ဖြစ်ကြောင်းကို သူ သိသည်။
"ငါ တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းကို သွားလိုက်မှပဲ။"
ဝေ့ချင်းသည် ရုတ်တရက် ထ၍ တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းဆီသို့ လျှောက်သွားသည်။ အခန်းထဲတွင် အလုပ်ရှုပ်နေသော ဝန်ထမ်းတစ်ဒါဇင်ကျော်ကို တွေ့ပြီးနောက် သူက ချက်ချင်းပင်
“ထျန်းရှောင်မန်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမျက်နှာပြင်ကို နှစ်ပိုင်း ခွဲလိုက်ပါ။ သူ့ကို လူကိုယ်တိုင် ဖုန်းဆက်ပြီး စကားပြောဖို့ လိုတယ်။”
ဝန်ထမ်းအနည်းငယ်သည် ပဟေဠိဆန်သော အကြည့်များ ဖလှယ်ကြသော်လည်း ဝေ့ချင်း၏အမိန့်ကို ဆက်လက်လုပ်ဆောင်ခဲ့သည်။
****
ကြယ်ပြာလူမှုဖူလုံရေးဂေဟာတွင်…
သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ဆက်လက်ထွက်ပေါ်လာသော ဆုလာဘ်များကို မြင်လိုက်ရသောအခါတွင် ထျန်းမန်မန်၏ ရင်ထဲ နွေးထွေးသွားသကဲ့သို့ ခံစားလိုက်ရသည်။ သည်လိုကောင်းမွန်သော ကုသိုလ်ပြုမှုမျိုးက သူမအား ဂုဏ်ယူဝင့်ကြွားစေသည်။ တစ်ချိန်တည်းမှာပင် သူမသည် ထန်ရှုအား ကျေးဇူးတင်နေမိပေသည်။ ယခုအချိန်တွင် စာရင်းသွင်းသူ ၁သန်းကျော်သွားသော သူမ၏စာရင်းသွင်းသူ ပရိသတ်အရေအတွက်ပဲဖြစ်ဖြစ် သို့မဟုတ် ကြည့်ရှုသူများပေးသောလက်ဆောင်များနှင့် ဆုလာဘ်များဖြစ်ဖြစ် ၎င်းသည် သူမအား ရင်ထဲ တကယ်ထိသွားစေသည်။
"အမ်…" သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှုစခရင်၏ မြင်ကွင်းကို နှစ်ပိုင်းခွဲကာ အနည်းငယ် ပြည့်ဖြိုးနေသော မျက်နှာကို မြင်လိုက်ရသဖြင့် ထျန်းရှောင်မန်၏ အမူအရာ ရုတ်တရက် လှုပ်ရှားသွားသည်။
"မန်မန် … မင်းရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ်။ ငါက ကြယ်၅ပွင့်မီဒီယာလုပ်ငန်းစုရဲ့ ဥက္ကဌ ဝေ့ချင်းပါ။" ဝေ့ချင်း၏သဘောထားသည် အလွန်ဖော်ရွေပြီး နားလည်ရန် ခက်သော ခံစားချက်များသည် သူ့မျက်နှာပေါ်တွင် ရှိနေဆဲဖြစ်သည်။
ထျန်းရှောင်မန် အံ့အားသင့်သွားသည်။ သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှုချန်နယ်သည် ကြယ်၅ပွင့်မီဒီယာလုပ်ငန်းစု၏လက်အောက်တွင် ရှိသည်။ ထို့ကြောင့် ရုတ်တရက် ပေါ်လာသည့် ဤလူလတ်ပိုင်း အမျိုးသားသည် သူမ၏သူဌေးကြီးဟု ဆိုပါက မှားနိုင်မည်မဟုတ်ပေ။
"ရှင်... ရှင်…ဟဲလို။" ထျန်းရှောင်မန်၏စကားများ အထစ်ထစ်အငေါ့ငေါ့ ဖြစ်ကုန်သည်။
"မင်းရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကို ငါကြည့်ရှုခဲ့ပြီးပါပြီ။ ရိုးရိုးသားသားပြောရရင် မင်းရဲ့တိုက်ရိုက်ထုတ်လွှင့်မှုက ကြယ်၅ပွင့်ထုတ်လွှင့်မှုလမ်းကြောင်းကို စတင်တည်ထောင်ပြီးကတည်းက ငါ့နှလုံးသားကို လေးလေးနက်နက်ထိမိစေတဲ့ တစ်ခုတည်းသော အရာပါ။ ငါ့ကိုယ်ငါ ပြန်သတိရစေခဲ့တဲ့အတွက် မင်းကို ငါ အရမ်းကျေးဇူးတင်ပါတယ်။ အချိန်တွေ ကုန်လွန်လာတာနဲ့အမျှ မေ့သွားခဲ့တဲ့အရာတွေ၊ မေ့ထားခဲ့မိတဲ့အရာတွေကို ပြန်သတိရစေပြီး နောက်ဆုံးမှာ ငါ့ကိုယ်ငါ အရင် ပြန်သိစေခဲ့တဲ့အတွက် ငါ မင်းကို အရမ်းကျေးဇူးတင်ပါတယ်။
“တကယ်တော့ ငါလည်း မိဘမဲ့တစ်ယောက်ပါ။ ငယ်ငယ်က မိဘမဲ့ဂေဟာမှာ ကြီးပြင်းခဲ့တယ်။ မှတ်မိသေးတယ်…”
ဝေ့ချင်းမှ ဖြည်းညင်းစွာ နောက်ကြောင်း ပြန်ပြောပြသော ဇာတ်လမ်းသည် လွန်စွာ ရှင်းလင်းသည်။ မိဘမဲ့ဂေဟာမှ သူ၏အတိတ်ကို ပြောပြပြီးနောက် နောက်ဆုံးမှာတော့ ခါးသီးသော အမူအရာဖြင့် နိဂုံးချုပ်လိုက်သည်။
“ငါ တကယ်နောင်တရမိတယ်။ မိဘမဲ့ဂေဟာကို ဒီတစ်နှစ်ပတ်လုံး တစ်ခေါက်လောက်တောင် ပြန်မသွားဖြစ်တော့တာ စိတ်မကောင်းဘူး။ ငါ့ကို ပြုစုခဲ့တဲ့ ဌာနမှူးက ရောဂါကြောင့် ဆုံးပါးသွားပေမယ့် အဲ့ဒီမှာရှိတဲ့ ဦးလေး နဲ့ အဒေါ်တွေကလည်း ငါ့ကို အရမ်းဂရုစိုက်ကြတယ်။ မိဘမဲ့ဂေဟာမှာ ငါနဲ့အတူ ကြီးပြင်းလာတဲ့ ညီအစ်ကို မောင်နှမတွေလည်း ပါတယ်။ ချမ်းသာလာပြီး သြဇာအာဏာကြီးလာပြီးနောက်မှာ သူတို့အကြောင်းတွေကို မေ့ပျောက်ဖို့ ငါ့မှာ ယုံကြည်ချက်တစ်စိတ်တစ်ပိုင်းတောင် မရှိတော့ဘူးဆိုတာကို ဒီနေ့ ရုတ်တရက် သိလိုက်ရတယ်။
“ဒါပေမယ့် ဒါက ငါလုပ်ခဲ့တာတွေအတွက် တောင်းပန်ချင်တာ မဟုတ်ဘူး။ ငါ လုပ်ချင်တာက အဲ့ဒါကို ပြင်ဖို့ပဲ။ မန်မန် … နတ်ဆေးသမားတော်ထန် ကျေးဇူးအထူးတင်တယ်။ မင်းနဲ့စကားပြောပြီးရင် ငါ အရင်ကနေထိုင်ခဲ့ဖူးတဲ့ မိဘမဲ့ဂေဟာကို သွားလည်ဖို့ ချက်ချင်း ပြန်တော့မယ်။ လက်ရှိအခြေအနေကို ငါ မသိသေးဘူး။ ငါ့အမှားတွေအတွက် ပြုပြင်ရမယ်။ ဒါကြောင့် တခြားကလေးတွေလည်း ဗိုက်မပြည့်ဘဲ သူတို့ခန္ဓာကိုယ်ကို နွေးဖို့အဝတ်မရှိတာမျိုး မဖြစ်စေချင်လို့ပါ။ အတိတ်က ငါ ဖြတ်သန်းခဲ့ဖူးသလို မဖြစ်စေချင်ဘူး။"
ထန်ရှုသည် ထျန်းရှောင်မန်၏ဘေးတွင် ငြိမ်သက်စွာ ရပ်နေရင်း လိုက်ဖ်မျက်နှာပြင်အား ၂ပိုင်းခွဲကာ ပေါ်လာသော ဥက္ကဌဝေ့ချင်း၏ လှိုက်လှိုက်လှဲလှဲ ပြောနေသည်ကို ကြည့်ပြီး နားထောင်နေသည်။ သည်အရာတွေအားလုံးသည် သူ၏နှလုံးသားထဲတွင် ရှင်းပြရန်ခက်ခဲသော ခံစားချက်များကို ဖန်တီးပေးခဲ့ပေသည်။
လွန်စွာ နွေးထွေးပြီး ထူးခြားသော ခံစားချက်တစ်ခုပါပေ။
***