ရေပန်းစားလာပြန်သည်
Vol. 44 Ch. 611
နေ့လည် ၂ နာရီတွင် ထန်ရှု၊ လုံ ရွှဲ့ယောင်နှင့် ထျန်းရှောင်မန်တို့သည် ကြယ်ပြာလူမှုဖူလုံရေးဂေဟာမှ ထွက်ခွာလာကြသည်။ ထိုဂေဟာအတွက် ဒီနေ့ သူတို့ တတ်နိုင်သမျှ လုပ်ခဲ့ပေးသည်။ သို့သော်လည်း လူမည်မျှ အာရုံစိုက်ပြီး လူမှုဖူလုံရေးဂေဟာတွင် မည်သို့သော အပြောင်းအလဲများ ဖြစ်လာမည်ကိုတော့ သုံးယောက်သား ခန့်မှန်းနိုင်ခြင်းမရှိပါပေ။
ထန်ရှုကိုယ်တိုင် ကြယ်ပြာလူမှုဖူလုံရေးဂေဟာ၏ ဘဏ်အကောင့်ထဲသို့ ယွမ် ၂မီလီယံ လွှဲပေးခဲ့ပြီး ထျန်းရှောင်မန်သည်လည်း ယွမ် ၁၀၀,ဝဝဝ လှူမည်ဟု အာမဘန္တေခံခဲ့သည်။
“ကောင်းပြီ အမျိုးသမီးလေးတို့။ အခု မင်းတို့ကို ငါ တစ်ခုခု လိုက်ကျွေးမယ်။"
ထန်ရှုသည် လုံရွှဲ့ယောင်အား သည်တစ်ကြိမ်တွင် ကားမောင်းခိုင်းတော့ဘဲ ထိုမိန်းကလေး၂ယောက်အား သူကိုယ်တိုင်မောင်းကာ ခေါ်ဆောင်သွားခဲ့သည်။
"ထန်ရှု … ဒီနေ့ နေ့လည်စာ ငါ ကျွေးမယ်။" လုံရွှဲ့ယောင် ခေါင်းခါလိုက်သည်။
"နင် ငြင်းရင် ဒီနေ့ နေ့လည်စာ ငါ မစားတော့ဘူး။"
"အမ် … ဘာလို့တုန်း။" ထန်ရှု အံ့သြသွားသည်။
"အစကတော့ ပစ္စည်းတွေ ကူသယ်ပေးဖို့ နင့်ကို ငါ အကူအညီတောင်းခဲ့တာလေ။ ဒါပေမယ့် ရိုးရိုးသားသားပြောရရင် ဒီလိုအခြေအနေမျိုး ဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး။" လုံရွှဲ့ယောင်က လေးနက်စွာ ပြောလိုက်သည်။ “ဘာပဲဖြစ်ဖြစ် ငါ အရမ်းပျော်သလို စိတ်လည်းလှုပ်ရှားတယ်။ ကျေးဇူးလည်း တင်တယ်။ ငါ့လစာ ကောင်းတယ်ဆိုပေမယ့် လူမှုဖူလုံရေးဂေဟာတစ်ခုလုံးကို ငါတစ်ယောက်တည်း မထောက်ပံ့နိုင်ဘူး။ ဒီနေ့ နင် အများကြီး လုပ်ပေးခဲ့တယ်။ ဒါကြောင့် နင့်ကို ကျေးဇူးတင်တဲ့အနေနဲ့ ထမင်းတစ်နပ်စာ ကျွေးတဲ့ အခွင့်အရေးလေး ရရင်တောင်မှ တတ်နိုင်သလောက် လုပ်ချင်ပါတယ်။”
ထန်ရှု အံ့အားသင့်သွားပြီး ခဏလောက် ငြိမ်သက်သွားကာ ခေါင်းညိတ်ပြလျက်
"ကောင်းပြီလေ။ မင်း ကျွေးမယ်ဆိုတော့ ဒီနေ့ အဆင့်မြင့် စားသောက်ဆိုင်တစ်ဆိုင်ကို သွားကြတာပေါ့။ ပြီးတော့ ငါ ဂုဏ်ယူစွာနဲ့ နေရာရွေးလိုက်ရင် ကန့်ကွက်စရာ ရှိလား။"
လုံ ရွှဲ့ယောင်က အပြုံးဖြင့် တုန့်ပြန်ကာ ခေါင်းကို ညင်သာစွာ ယမ်းလိုက်သည်။
နောက်ထိုင်ခုံတွင် ထိုင်နေသော ထျန်းရှောင်မန်သည် သူမ၏တိုက်ရိုက်ထုတ်လွှင့်မှုချန်နယ်ကို မသိလိုက်ဘဲ ဖွင့်မိသွားသောကြောင့် ထန်ရှုနှင့် လုံ ရွှဲ့ယောင်အကြား စကားပြောဆိုမှုအား ထုတ်လွှင့်လိုက်သကဲ့သို့ ဖြစ်ခဲ့သည်။
တိုက်ရိုက်လွှင့်မှုချန်နယ်တွင် မူလထွက်ခွာသွားသော ကြည့်ရှုသူများသည် တစ်ဖန်ပြန်လည်ရောက်ရှိလာပြီး မည်သည့် အဆင့်အတန်းမြင့်စားသောက်ဆိုင်အား ထန်ရှု ရွေးချယ်မည်ကို လူအများက သိချင်နေကြသည်။ ထန်ရှု၏ယခင်က ပရဟိတလုပ်ငန်းများသည် ရှိုးပြရုံမှလွဲ၍ ဘာမှမဟုတ်ဟု ထင်မြင်ခဲ့သူများလည်း ရှိခဲ့သည်မှာ သေချာပါသည်။ နောက်ဆုံးတွင် သူသည် ခုနက လူမှုဖူလုံရေးဂေဟာတွင် တိုက်ရိုက်ထုတ်လွှင့်မှု ပြီးသွားသည့်အခါ ယခုထမင်းစားရန် ဈေးကြီးသော နေရာသို့ သွားနေခဲ့သည်။ ထိုအချင်းအရာသည် လုံးဝကို ဆန့်ကျင်ဘက်ဖြစ်နေခဲ့သည်။
ကိုးဖူ မာလာရှမ်းကော…
ထန်ရှုသည် ကားကို အပြင်မှာ ရပ်လိုက်ပြီးနောက် သူက ပြုံးလိုက်ရင်း
" ဒီဆိုင်က မိန်းကလေးတွေကြားမှာ အရမ်း ရေပန်းစားတယ်လို့ ငါ ကြားဖူးတယ်။ မင်းတို့ နှစ်ယောက် ပူပူစပ်စပ် စားနိုင်ကြတယ် မဟုတ်လား။”
လုံ ရွှဲ့ယောင်ကိုယ်တိုင်က အစားချေးများသူ မဟုတ်သောကြောင့် အဆင်ပြေကြောင်း ပြရင်း ပြုံးပြသည်။ ထျန်းရှောင်မန်သည် ကားပေါ်မှ ဆင်းလာပြီးနောက် သူမသည် ကိုးဖူ မာလာရှမ်းကော၏ ဆိုင်းဘုတ်အား သူမ၏လက်ကိုင်ဖုန်းကို ချိန်ရွယ်လိုက်ကာ သူမ၏နှုတ်ဖျားမှ တရွရွ ရွတ်ရင်း စာရိုက်ထည့်လိုက်သည်။
…ဤသည်မှာ ဒဏ္ဍာရီလာ ထိပ်တန်းအဆင့်၊ အဆင့်မြင့်၊ အဆင့်တန်းရှိ …
ချက်ချင်းဆိုသလိုပင် စာရင်းသွင်းသူနှင့် ကြည့်ရှုသူ ထောင်ပေါင်းများစွာသည် တိုက်ရိုက်ထုတ်လွှင့်သည့် ချန်နယ်ကို ကြည့်ပြီး ရယ်မောကြကာ နေရာတိုင်းမှ ရယ်မောပျော်ရွှင်ဖွယ် အီမိုဂျီရုပ်ပုံများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။ အဆိုးမြင်သော ကြည့်ရှုသူအချို့ကမူ ဤသို့မှတ်ချက်ပေးကြသည်- ကံကောင်းလို့ သူစားချင်တဲ့ လမ်းဘေးဆိုင်တွေက ပူစပ်ဟင်းချို မဟုတ်ဘူး။ နို့မဟုတ်ရင် နတ်ဘုရားမလေးက ဘဲပြုတ်အဖြစ် ပြောင်းလဲထုပ်ပိုးခံရပြီး တစ်စုံတစ်ဦးရဲ့အိမ်ကို ရောက်သွားတာ ငါတို့ အသေအချာ မြင်တွေ့ရမှာပဲ။
ထျန်းရှောင်မန်သည် လုံ ရွှဲ့ယောင်က သူမအား လက်ဝှေ့ယမ်းကာ ခေါ်နေသည်ကို တွေ့လိုက်သည်။ ထိုသို့ခေါ်ပြီးနောက် သူမနှင့် ထန်ရှုတို့ ဆိုင်ထဲသို့ ဝင်သွားသည်ကို ကြည့်ပြီး လေသံတိုးတိုးဖြင့် "လျှို့ဝှက်ချက်တစ်ခုကို ကျွန်မ ပြောပြမယ်။ နတ်ဆေးသမားတော်လေးထန်က အမှန်တကယ်တော့ သူဌေးကြီးတစ်ယောက်ပါ။ သူက အစ်မ လုံ ရွှဲ့ယောင်ကို ငွေအများကြီး မကုန်စေလိုတာ သေချာတယ်။ ကျွန်မ ရှင်တို့ကို အရင်က မပြောဖူးပေမယ့် သူ ဒီနေ့ ကြယ်ပြာလူမှုဖူလုံရေးဂေဟာကို ယွမ် ၂မီလီယံ လှူဒါန်းလိုက်သေးတယ်။ ကောင်းပြီ … ကျွန်မ လျှို့ဝှက်ချက်ကို ပြောပြလိုက်ရတော့ အခုမှပဲ တော်တော်လေးကို စိတ်ချမ်းသာသွားတော့တယ်။ ဒါနဲ့ မန်မန်လေးက ဆာနေပြီဆိုတော့ ဗိုက်ဖြည့်လိုက်ပါဦးမယ်ရှင်။"
ထိုသို့ဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုကို အဆုံးသတ်ခဲ့သည်။
ထျန်းရှောင်မန်သည် သူမ၏ဖုန်းကို သိမ်းလိုက်ပြီး လျင်မြန်စွာ အမီလိုက်သွားချိန်တွင် တိုက်ရိုက်ထုတ်လွှင့်သည့် ချန်နယ်မှ ရာထောင်ချီသော ပရိသတ်များသည် သူမ၏စကားကြောင့် အံ့သြတုန်လှုပ်သွားကြသည်။
…ယွမ် ၂မီလီယံတဲ့လား…
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုရန် အားလပ်ချိန် ရှိသော်လည်း၊ အများစုမှာ နေရေးထိုင်ရေး ကောင်းမွန်သည်ဟု ဆိုနိုင်သော်လည်း ယွမ်ငွေ ၂ မီလီယံဟူသော ပမာဏသည် ၎င်းတို့အတွက် အလွန်များပြားသော ငွေကြေးပမာဏ ဖြစ်နေဆဲ ဖြစ်သည်။ ပြီးတော့ နတ်ဆေးသမားတော်ထန် … သူက ဒီငွေပမာဏကို တကယ် လှူပစ်ခဲ့တာလား။
ခဏအကြာတွင် တိုက်ရိုက်ထုတ်လွှင့်သည့် ချန်နယ်တွင် ထန်ရှုကို ရည်ရွယ်သည့် ချီးကျူးစကားများ ဖုံးလွှမ်းသွားတော့သည်။
နေ့လယ်စာ ပြီးသည်နှင့် ထန်ရှုသည် လုံ ရွှဲ့ယောင်တို့နှင့် အတူမပြန်တော့သောကြောင့် လုံရွှဲ့ယောင်သည် ထျန်းရှောင်မန်ကို အိမ်ပြန်ပို့ပေးသည်။ နေ့လည်ပိုင်းအား အတူတူ အချိန်ကုန်ဆုံးခဲ့ပြီးနောက် ထန်ရှုသည် သူ့မိသားစု၏ စားသောက်ဆိုင်သို့ သွားရောက်ရန် ဆုံးဖြတ်ခဲ့သည်။ စားသောက်ချိန် မဟုတ်သေးသောကြောင့် ဆိုင်ထဲတွင် လာရောက်စားသုံးသူ များများစားစားမရှိသေးပါချေ။ ထန်ရှု ဆိုင်ထဲသို့ လှည့်ပတ်ကြည့်ပြီးနောက် သူ့အမေ သည်နေ့ မလာသည်ကို သိလိုက်ရသည်။ ထို့ကြောင့် ဖုန်းဆက်လိုက်ရာ သူ၏မိဘများသည် ပေကျင်းသို့ မနက်စောစော ရထားဖြင့် ရောက်သွားပြီဖြစ်သည်။
ထန်ရှုက မည်သည့်အတွက်ကြောင့် ပေကျင်းသို့ ရုတ်တရက် သွားရသည်ကို မေးသော်လည်း သူ့အမေစုလင်းယွမ်က အကြောင်းပြချက်အား ရေရေရာရာ မပြောဘဲ နေ့တစ်ဝက်စာခန့် အသံစာစာဖြင့် ရွှင်မြူးစွာ စကားများပြောနေခဲ့သည်။
"အား … ဒါဆိုလည်း ထားလိုက်တော့။ လုံကျန့်ယုကိုပဲ သွားတွေ့တော့မယ်။"
သူ စားသောက်ဆိုင်မှ ထွက်သွားပြီး လုံကျန့်ယုဆီ ဖုန်းခေါ်လိုက်ရာ လုံစားသောက်ခန်းမသို့ သွားနေကြောင်း သိလိုက်ရသည်။ ထို့နောက် ထန်ရှုသည် သူ့အား အမီလိုက်ရန် ခန်းမဆီသို့ တန်းသွားတော့သည်။
ယခုတစ်ကြိမ်တွင် လုံစားသောက်ခန်းမရှိ လုံခြုံရေးအစောင့်များသည် သူ့အား မှတ်မိနေပြီဖြစ်သောကြောင့် မတားကြတော့ဘဲ အချို့မှာ ထန်ရှုကို ကြည့်သောအခါတွင် ကြောက်လန့်သော အမူအရာများပင် ဖြစ်နေကြသည်။
သာယာနာပျော်ဖွယ် စန္ဒရားတီးသံသည် သူ၏နားထဲသို့ တိုးဝင်လာသည်။ ထန်ရှုသည် ဓာတ်လှေကားဆီသို့ လျှောက်သွားရင်း စန္ဒယားတီးခတ်နေသည့် နေရာသို့ အမြန်တစ်ချက်ကြည့်လိုက်သည်။ စန္ဒရားတီးနေသူသည် အင်ဒီဖြစ်နေကြောင်း တွေ့လိုက်ရသည့်အခါ အံ့အားသင့်သွားရင်း သူ၏ခြေလှမ်းအရှိန်သည် ချက်ချင်းရပ်တန့်သွားသည်။
"သူက ဘယ်လိုဖြစ်ပြီး ဒီနေရာ ရောက်လာတာလဲ။"
ခဏလောက်စဉ်းစားပြီးနောက် ထန်ရှုသည် သူ၏ ဦးတည်ရာကို ပြောင်းကာ အင်ဒီ ရှိရာဘက်သို့ လျှောက်သွားလိုက်သည်။ သို့သော် သူသည် သူမ၏စန္ဒရားတီးနေခြင်းကို အနှောင့်အယှက် မပေးဘဲ နံရံထောင့်ကို မှီကာ စန္ဒယားတီးခြင်းကို တိတ်တဆိတ် ကြည့်ရင်း နားထောင်နေသည်။ ငါးမိနစ်ကျော်ကြာပြီးနောက် တေးဂီတသည် ပျောက်ကွယ်သွားပြီးနောက်
"ကောင်းလိုက်တဲ့ တင်ဆက်မှုလေး…" ထန်ရှုက အပြုံးဖြင့် ချီးကျူးစကားဆိုလိုက်သည်။
အင်ဒီက အသံကြားရာဘက် လှည့်ကြည့်လိုက်ရာ ထန်ရှုကို တွေ့လိုက်ရသဖြင့် ထိုင်ခုံပေါ်ကနေ ရုတ်ခြည်းပင် ထရပ်ကာ အပြေးရောက်လာသည်။
သူမက ရွှင်မြူးသောအမူအရာဖြင့် နှုတ်ဆက်ပြီး
"သူဌေး … ဘယ်လိုဖြစ်ပြီး ဒီကို ရောက်နေတာလဲ။"
"ဒီမေးခွန်းက ငါလည်း မင်းကို မေးချင်နေတာပဲ။" ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။
"ဘယ်လိုဖြစ်ပြီး ဒီကို ရောက်လာတာလဲ။ စန္ဒယားတွေ ဘာတွေတောင် တီးလို့။"
“ကျွန်မတို့ကုမ္ပဏီရဲ့ဘဏ္ဍာရေးဌာနကလူတွေ ဒီည ဒီမှာထမင်းစားကြမှာမို့လို့ အခန်းကြိုတင်မှာဖို့ စောစောလာခဲ့တာ။” အင်ဒီက ရယ်လိုက်ရင်း “ဒါပေမယ့် ဒီမှာ စန္ဒယားကို တွေ့တော့ သီချင်းတစ်ပုဒ်လောက် တီးချင်သွားတယ်။ ဒါနဲ့ သူဌေးရော အခန်းကြိုတင်မှာဖို့ လာတာလား … ကျွန်မ လုပ်ပေးရမလား။"
"ဟင့်အင်း … ငါ သူငယ်ချင်းတစ်ယောက်ကို လာတွေ့တာ။" ထန်ရှုက ပြုံးပြီး ပြန်ပြောသည်။
သူမက ပျော်ရွှင်နေသော အပြုံးဖြင့်
"ဒီည ဒီမှာ ထမင်းစားမှာလား သူဌေး။ ကျွန်မတို့ကုမ္ပဏီရဲ့ ဘဏ္ဍာရေးဌာနကလူတွေနဲ့ ညစာစားပွဲတက်လို့ ရမလား။"
"ညနေထိ စောင့်ရမှာလား။" ထန်ရှုက တခဏလောက် စဉ်းစားပြီးမှ ပြန်ပြောလိုက်သည်။
“ဒီည အားလပ်ချိန်ရှိသေးရင် ငါ လာခဲ့ပါ့မယ်။ ဒါပေမယ့် ကိစ္စတစ်ခုခု ပေါ်လာခဲ့ရင်တော့ မေ့လိုက်ပါ။”
"ရှင်ရောက်လာရင်တော့ ကျွန်မ အရမ်းပျော်မိမှာပဲ သူဌေး။" အင်ဒီက အပြုံးဖြင့် ခေါင်းညိတ်သည်။ "ဒါနဲ့ ဒီနှစ်မှာ သူဌေး ပြန်ပြီး ရေပန်းစားနေပြန်ပြီနော်။ သူဌေးအကြောင်းသတင်းတွေက အင်တာနက်တစ်ခုလုံး ဟုန်းဟုန်းတောက်နေပြီ။"
ထပ်ပြီး ထူးထူးခြားခြား သတင်းတွေ ထွက်နေပြန်တာလား။
ထန်ရှုက အင်ဒီ့စကားကြောင့် တုန်လှုပ်သွားကာ ပဟေဠိဖြစ်နေသော အမူအရာဖြင့်
"ဒါက ဘယ်လိုဖြစ်တာလဲ။ ဘာကြောင့်ဖြစ်တာလဲ။"
"ဒါက ကြယ်ပြာလူမှုဖူလုံရေးဂေဟာမှာ သူဌေး လုပ်ခဲ့တာတွေကြောင့်ပဲ။" အင်ဒီက ခပ်ပြုံးပြုံးလေး ဖြေလာသည်။
"ရှင်က တကယ့်ကို ပရဟိတသမား .. စေတနာရှိတဲ့ နှလုံးသားရှိတဲ့ ကျောင်းတော်သားတစ်ယောက်လို့ အင်တာနက်တစ်ခုလုံးမှာ ပြောနေကြတယ်။ နတ်ဘုရားမ မန်မန်က ရှင့်ကို ကြယ်ပြာလူမှုဖူလုံရေး ဂေဟာမှာ ယွမ် ၂မီလီယံ လှူဒါန်းခဲ့တာ ပြောပြပြီး လူတိုင်းက မင်းကို ချီးမွှမ်းစေခဲ့တာတဲ့။”
အဟွတ် … အဟွတ် …
ထန်ရှု အကြိမ်အနည်းငယ်ခန့် ချောင်းဆိုးသွားရပြီး သူ၏ချောမောသော မျက်နှာထက်တွင် အားကိုးရာမဲ့သော အမူအရာတစ်ခု ပေါ်လာခဲ့သည်။ ကြယ်ပြာလူမှုဖူလုံရေးဂေဟာအနေဖြင့် ထိုကလေးများအား အနာဂတ်တွင် ပိုမိုကောင်းမွန်သော ဘဝရရှိစေရန် ကူညီပေးနိုင်ရန်အတွက် အများပြည်သူထံမှ သင့်လျော်သော အာရုံစိုက်မှု ရရှိစေရန်အတွက် သူ လုပ်ပေးချင်ရုံသာ ဖြစ်ပြီး ထိုကဲ့သို့သောနောက်ဆက်တွဲဆိုးကျိုးများကိုပင် ထိုအချိန်ကပင် မစဉ်းစားခဲ့မိပေ။ ထျန်းရှောင်မန်က ထန်ရှု ပိုက်ဆံလှူသောကိစ္စကို ထုတ်ဖော်လိမ့်မည်ဟု ဘယ်သူက ထင်ခဲ့မိမှာလဲ။
အခုခေတ်မှာ သူ ကြောက်တာ ဘာမှ မရှိသော်လည်း နာမည်ကြီးခြင်းသည် သူ ကြောက်သော အရာတစ်ခုပင် ဖြစ်တော့သည်။
ကမ္ဘာမြေနှင့် အင်မော်တယ်ကမ္ဘာသည် နေ့ နှင့်ညကဲ့သို့ ပြောင်းပြန် ဖြစ်သည်။ အင်မော်တယ်ကမ္ဘာတွင် နာမည်ကြီးကြီးမားမားရှိခြင်းသည် အခြားသူများကို အံ့သြထိတ်လန့်စေမည်ဖြစ်ပြီး သင့်အား မည်သူမှ ပြစ်မှားဝံ့မည်မဟုတ်ပေ။ သို့သော် ကမ္ဘာမြေကမူ ဆန့်ကျင်ဘက်ဖြစ်သည်။ သင် ဒီကမ္ဘာမြေပေါ်တွင် နာမည်ကြီးပြီဆိုသည်နှင့် သင့်ကို ဝန်းရံပေးမည့် ပရိသတ်များ ရှိရုံတင်မက သင်လုပ်သမျှကို လျှို့ဝှက်ဓာတ်ပုံရိုက်မည့် ပါပါရာဇီများပါ ရှိလာပေလိမ့်မည်။ နက်နဲသော နောက်ခံနှင့် အဆင့်အတန်းရှိသော လူအချို့ပင်လျှင် ၎င်းတို့၏ သီးခြားအမူအရာများဖြင့် သင့်အား ကြည့်နေကြသေးသည်ပင်။ ထို့ပြင် သည်နောက်ဆက်တွဲ ရလဒ်သည် သူ၏မူရင်းရည်ရွယ်ချက်နှင့် လုံးဝကို ကွဲပြားသွားပေသည်။
သူ တကယ်လိုချင်ခဲ့သည်မှာ စည်းစိမ်ဥစ္စာများ စုဆောင်းပြီး ကျင့်ကြံမှုအတွက် အရင်းအမြစ်များ အများကြီး ရရှိရန်၊ ကျင့်ကြံမှုလမ်းကြောင်းကို ပိုမိုမြန်ဆန်စွာ လျှောက်လှမ်းနိုင်စေရန်နှင့် ဘဝကို ဖြတ်သန်းရာတွင် မိဘတွေများနှင့် တစ်ချိန်တည်း အတူတူ ဖြတ်သန်းရင်း တည်ငြိမ်အေးချမ်းသာယာသော ဘဝတစ်ခုကို ပိုင်ဆိုင်ချင်ခဲ့ရုံပါ။ မိသားစုဝင်များနှင့်အတူ မိသားစု၏နွေးထွေးမှုကို ခံစားချင်ခဲ့ရုံပါ။
ပြီးခဲ့တာတွေက ပြီးခဲ့ပြီ။ ငါ ဒီတလော သိုသိုသိပ်သိပ် နေခဲ့ပြီး သက်ရောက်မှုခပ်ပြင်းပြင်းတွေကိုလည်း အချိန်နှင့်တပြေးညီ ခံနိုင်ရည်ရှိခဲ့ပြီးပါပြီ။ နောက်နှစ် ကျောင်းစဖွင့်ချိန်ကျရင် ဒီကိစ္စကို မှတ်မိနေမယ့်သူ အနည်းငယ်ပဲ ရှိမှာပါ။
ထန်ရှုက သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။
ထန်ရှုသည် သူ့သူငယ်ချင်းနှင့် ချိန်းထားသည်ကို သိသဖြင့် အင်ဒီက သူ့အား တပူပူ မပြောတော့ပေ။ ထန်ရှုကို တွေ့ပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် တာဝန်ခံအမျိုးသမီးဆီသွားပြီး အခန်းကြိုတင်စာရင်းသွင်းရန် စကားသွားပြောခဲ့သည်။
အဆင့်မြင့်အထူးအခန်းအတွင်း…
တံခါးကို တွန်းဖွင့်ပြီးနောက် ထန်ရှု အတွင်းသို့ ဝင်လာခဲ့ရာ မိန်းကလေးတစ်ဦးကို ကိုင်ကာ သူမနှင့် စကားစမြည်ပြောနေသည့် လုံကျန့်ယုကို တွေ့လိုက်ရသည်။ အခန်းအတွင်း၌ အမွှေးတိုင်များ လောင်ကျွမ်းသွားပြီး ဖြစ်သော်လည်း မီးခိုးများ ဖုံးလွှမ်းနေဆဲဖြစ်သည်။
လုံကျန့်ယုက မိန်းကလေး၏ပုခုံးကို အသာပုတ်ပြီး “မိန်းမချောလေး … ငါတို့တွေ ဒီတစ်ကြိမ်ပဲ တွေ့ဖူးသေးတယ်။ အခု သွားတော့။ ဘာကိစ္စမှ မဖြစ်ရင် ဒီည တွေ့ကြမယ်။"
“ကောင်းပါပြီရှင်…” မိန်းကလေးသည် ထန်ရှုကို လျင်မြန်စွာ ကြည့်လိုက်ပြီး သူမ၏လှပသော မျက်နှာသေးသေးလေးသည် စွဲမက်ဖွယ် နီရဲသွားရသည်။ ထန်ရှု၏ဘေးနားက ခေါင်းငုံ့ကာ ဖြတ်သွားရင်း အခန်းထဲက အမြန်ထွက်သွားသည်။
ထန်ရှုက ခေါင်းယမ်းကာ ပြုံးပြလိုက်ပြီး
"မင်းက ကာဆာနိုဗာတစ်ယောက်ဆိုတာကို ငါ အရင်တုန်းက ဘာလို့ မသိခဲ့ရတာပါလိမ့်။ အလေးအနက်ထားတဲ့ ချစ်သူရည်းစားနဲ့ မင်း ချိန်းတွေ့တဲ့အကြောင်း ငါလည်း ဘာမှ မကြားမိဘူး။ သူမတစ်ယောက်ပဲလား။"
(မြန်မာဘာသာပြန်သူ၏အမှာ - ကာဆာနိုဗာ (Casanova) အမျိုးသမီးများကို ဖြားယောင်းပြီး ချစ်သူအများကြီးရှိခဲ့သောကြောင့် နာမည်ကြီးခဲ့သော အီတလီအမျိုးသားအား တင်စားထားသည့် အသုံး။)
လုံကျန့်ယုသည် မျက်ဆန်လှန်ကာ တုံ့ပြန်လိုက်ပြီး ဆိုဖာထဲတွင် မြုပ်အောင် ထိုင်လိုက်ကာ
"ဘော်ဒါကြီးရေ … မင်းက တကယ်ပဲ ငါ့သူငယ်ချင်းလား။ တစ်စုံတစ်ယောက်ရဲ့ နာကျင်ရတဲ့နေရာကို ထိရတာကို မင်း တကယ်နှစ်သက်တယ်ပေါ့ ဟုတ်လား။ ငါ အဲ့ဒီတစ်ယောက်နဲ့ လမ်းခွဲလိုက်ပြီ။ အဲ့ဒီအမျိုးသမီးက စိတ်နှလုံးသား ကြီးမားပေမယ့် သူ့ရဲ့ ရည်မှန်းချက်က ပိုပြီးကြီးမားတယ်ကွ။ သူ့ကိုယ်ပိုင်လက်နှစ်ချောင်းနဲ့ အသက်မွေးဝမ်းကြောင်းအတွက် တိုက်ပွဲဝင်ဖို့ ကိုယ့်ကိုယ်ကို အားကိုးပြီး လွတ်လွတ်လပ်လပ် နေချင်တာကြောင့် နိုင်ငံခြားကို သွားချင်တယ်တဲ့လေ။”
ထန်ရှုက သူ့ဘေးကို လျှောက်လာပြီး ထိုင်လိုက်သည်။ ထို့နောက် သူက ထူးဆန်းသောအမူအရာဖြင့်
“သူ အဲ့ဒီလို တိုက်ပွဲဝင်မှာမို့ မင်းနဲ့ လမ်းခွဲခဲ့တာလား။”
လျှပ်တစ်ပြက် ရိုက်ချက်…
လုံကျန့်ယုသည် မီးခြစ်နှင့် စီးကရက်တစ်လိပ်ကို ယူလိုက်ပြီး မီးညှိကာ ဖွာရှိုက်လိုက်ရင်း ကူကယ်ရာမဲ့သော အမူအရာဖြင့်
"အကြောင်းအရာကို ပြောင်းလဲပြောကြမလား။ နို့မဟုတ်ရင် ငါ သွေးအန်မိမယ်။"
ထန်ရှုက အံ့အားသင့်သွားပြီး
“ငါ ခေါင်းစဉ်ကို ပြောင်းပြီးပြောချင်ပါတယ် မင်း သိတယ်ဟုတ်။ ဒါပေမယ့် မင်းရဲ့နောက်ဆုံးစကားက ငါ့ကို ပိုပြီး သိချင်သွားစေတယ်။ ငါတို့အားလုံးက အပေါင်းအသင်းတွေပဲ။ မင်း သူနဲ့ လမ်းခွဲပြီးတာကို ဘာလို့ ဖုံးကွယ်နေတာလဲ။"
"ဒါဆို ဒီည မင်း ငါ့ကို ဒကာခံရမယ်။" လုံကျန့်ယုက မီးခိုးများကို မှုတ်ထုတ်ရင်း ပြန်ပြောသည်။
"ပြဿနာ မရှိပါဘူး။ အဲ့ဒါကို ငါ့စာရင်းထဲ ထည့်လိုက်။” ထန်ရှုက မစဉ်းစားဘဲ ပြောလိုက်သည်။
“တကယ်တော့ ဒါက အမျိုးသမီးတစ်ယောက်ရဲ့ စွန့်ပစ်ခြင်းကို ခံရတဲ့ ငါ့ရဲ့ပထမဆုံး အကြိမ်ပဲ။”လုံကျန့်ယုက အောင့်သက်သက်အပြုံးဖြင့် ပြောပြသည်။
“ပြီးတော့ သူက ငါ့ဘဝတစ်လျှောက်လုံး ဒီလိုလုပ်ခဲ့တဲ့ ပထမဆုံးအမျိုးသမီးပဲ။ ငါနဲ့ လမ်းခွဲခဲ့တဲ့ အကြောင်းရင်းကို မင်း သိချင်လား။ 'အဝေးကရေသည် ရေငတ်ခြင်းကို မငြိမ်းစေနိုင်'ဘူးလို့ သူက ပြောလိုက်သေးတယ်။ ယီးလိုပဲ … ဒီအဖေက လုံး၀ 'ဆာတယ်' မဟုတ်ပေမယ့် သူက တကယ်တော့…”
***