တစ်ကိုယ်ကောင်းဆန်ပြီး ထောင်လွှားသော
Vol. 44 Ch. 612
အတွင်းကျကျ နားလည်ရန် ခက်ခဲနေသော်လည်း ထန်ရှုသည် ထိုအမျိုးသမီး၏ ကြောက်စရာကောင်းသော အကြောင်းပြချက်ကြောင့် အံသြသွားခဲ့သည်။ အဝေးကရေက အခုလက်ရှိ ရေငတ်တာကို မငြိမ်းနိုင်ဘူးဟုတ်လား။ ဒါကြီးက ပြစ်မှားပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ တရားမျှတမှုတစ်ခု မဟုတ်တော့ဘူးလေ။ သူ့မျက်နှာပေါ်တွင် စာနာသနားစိတ်တို့ ထင်ဟပ်လျက် ထန်ရှုသည် လုံကျန့်ယုကို ကြည့်ကာ ပြုံးလိုက်ရင်း
"ကျန့်ယု … မင်း ဘာသိလို့လဲ။ မင်းရဲ့ကံက တကယ်ကို ကောင်းတာပဲ။"
ငါ့ကံက ကောင်းတာလား။
လုံကျန့်ယုသည် တွေဝစွော စိုက်ကြည့်ပြီး ဇဝဇေဝါ ဖြစ်သွားဟန်ရသည်။
ထန်ရှုက အမူအရာပြောင်းလဲမှုမရှိဘဲ
“မှန်တယ်။ မင်း အရမ်းကံကောင်းတယ်လို့ ငါ ပြောခဲ့တယ်။ ဘာကြောင့်လဲဆိုတာ မင်းသိလား။ အဲ့ဒီအမျိုးသမီးက 'တစ်စုံတစ်ခု' ကို ဗရုတ်ကျရာမှာ ထူးချွန်တဲ့သူဆိုတာ ထင်ရှားတယ်။ ကျိုးကြောင်းသင့် ပြောရမယ်ဆိုရင် ဒီနေ့ခေတ် လမ်းပန်းဆက်သွယ်ရေးက အရမ်းအဆင်ပြေတယ်။ လေယာဉ်နဲ့သွားရင် တစ်ရက်ပဲ အချိန်ကုန်မယ်။ မင်း ဖုန်းတစ်ချက် ခေါ်ဖို့ပဲ လိုပြီး ပြန်လာရုံနဲ့ ချစ်ခြင်းမေတ္တာကို ပြေငြိမ်းဖို့ အရမ်း လွယ်တယ်လေ။ ဒါပေမယ့် သူမက အဲ့လို တွေးပုံမပေါ်ဘူး။ ငါ ထင်တာတော့ သူမက ညတိုင်း သတို့သမီးဖြစ်ချင်ပြီး မင်းက သူမကို စိတ်မကျေနပ်စေနိုင်လောက်ဘူး။ ကောင်းပြီ … မင်း သူမနဲ့လက်ထပ်ပြီးရင် မရေမတွက်နိုင်တဲ့ ဦးထုပ်စိမ်းတွေ အဆောင်းခံရပြီး ကိုယ့်ဒုက္ခကို ကိုယ်ရှာတာထက်စာရင် အခုလမ်းခွဲလိုက်တာ ပိုကောင်းမယ်ထင်တယ် မဟုတ်လား။ ပြောရရင် ဦးထုပ်က ဘာပဲဖြစ်နေဖြစ်နေ ဒီဆောင်းရာသီမှာ ကာလာမခွဲဘဲ နွေးထွေးမှုကို ပေးစွမ်းမှာပါ။"
(မြန်မာဘာသာပြန်သူ၏အမှာ -ဦးထုပ်စိမ်းအဆောင်းခံရသည်ဆိုသည်မှာ ကိုယ့်နောက်ကွယ်တွင် ဖောက်ပြန်နေသော လုပ်ရပ်ကို ခေါ်သည်။)
“ချီးတဲ့မှ…” ထန်ရှု၏စကားကြောင့် လုံကျန့်ယု မရယ်ဘဲ မနေနိုင်တော့ပေ။
ထန်ရှု စီးကရက်တစ်လိပ်ကို ထုတ်ကာ မီးညှိဖွာရှိုက်လိုက်ပြီးနောက်
“မင်း သိပါတယ် … မင်းက အတောင်၂၀ ဝတ် ယောကျာ်းတစ်ယောက် ဖြစ်ပြီး ကမ္ဘာပေါ်မှာ လှပတဲ့ အမျိုးသမီး သန်းပေါင်းများစွာ ရှိတယ်။ သစ်ပင်တစ်ပင်ကို ထိန်းထားဖို့ သစ်တောတစ်ခုလုံးကို ဘာလို့ စွန့်လွှတ်မလဲ။ မင်းအတွက် သင့်တော်တဲ့ ရှေးစကားတစ်ခွန်းကို သတိရမိတယ်။ အဟောင်း မသွားရင် အသစ်မလာဘူးတဲ့။ နောက်ပြီး အခု အခန်းထဲက ထွက်သွားတဲ့ ဒီမိန်းကလေးကလည်း တော်တော် ကောင်းတယ်ဆိုတာလည်း မင်း သိတယ်ဟုတ်။”
ထန်ရှုကို မထီတထီတစ်ချက် ကြည့်လိုက်ပြီး လုံကျန့်ယုက ကြုံးဝါးလိုက်သည်။
“စကားအလှဆင်ပြီး ပြောမနေနဲ့ ဟုတ်ပြီလား။ မင်းရဲ့ စကားလုံးတွေကြောင့် မြင့်မားထင်ရှားတဲ့ လူလို့ ထင်ရပေမယ့် မင်းရဲ့ ပြုမူပုံက လူပုလေးတစ်ယောက် ဖြစ်သွားတယ်လို့ ငါ ထင်တာပဲ။ မင်းနဲ့ မြို့တော်ရဲ့ နံပါတ်တစ်အလှလေး မုဝမ်ရင်တို့ရဲ့အချစ်ရေးကို လူသိရှင်ကြား ထုတ်ဖော်ခဲ့တာ မဟုတ်ဘူးလား။ အိုးရန်လူလူ၊ ခန်းရှနဲ့ ငါသိတဲ့ တခြားချောမောလှပတဲ့ မိန်းမတွေကိုရော မင်း ဘယ်လို လုပ်မှာလဲ။”
“…”
ထန်ရှု ထိုစကားများကြောင့် တုန်လှုပ်သွားသည်။ လုံကျန့်ယုသည် ပြောနေသော အကြောင်းအရာကို မမျှော်လင့်ဘဲ လမ်းချော်သွားခဲ့ပြီး သူ့စကားများက ထန်ရှုဆီ ပြန်လှည့်လာသည်။ အစောပိုင်းက သူပြောခဲ့သည်များကို ပြန်သတိရပြီး အမျိုးသမီးများနှင့် ပတ်သက်သည့် သူ့ပြဿနာတွေကို တွေးမိကာ ချက်ချင်းပင် ခေါင်းကိုက်သွားရသည်။
လုံကျန့်ယုသည် ထန်ရှု၏ကြံရာမရဖြစ်နေသော အမူအရာကိုမြင်ပြီးနောက် ရုတ်ခြည်းပင် ရယ်မောကာ ကျယ်လောင်စွာပြောတော့သည်။
"ကိုယ့်လူ … မင်းကို ကြည့်ပါဦး။ မင်းက ဆင်ဖမ်းမယ် ကျားဖမ်းမယ် ပြောနေပေမယ့် အဆင်မပြေပါဘူးလို့ ငါပြောထားပြီးသားပဲ မဟုတ်လား။"
"ပြောပါဦး ပိုင်ထောင်က ပါးစပ်ဖွာလိုက်တာလား။ ဒါမှမဟုတ် ချူယီက နှုတ်မစောင့်နိုင်တာလား။ ဟမ့်... ပြောပါဦး ဘယ်သူလဲ။ ဘယ်သူပဲဖြစ်ဖြစ် သူတို့ကို ငါ ဖမ်းပြီး ချုပ်ပစ်လိုက်မယ်။”
ဟား…ဟား…ဟား…
လုံကျန့်ယုက ပို၍ ရွှင်မြူးရယ်မောတော့သည်။ ခဏအကြာတွင် သူက အပြုံးဖြင့်ပြောသည်။
"မန်ချူးနဲ့တရုတ်ဟင်းပွဲတွေကို ပိုင်နိုင်တဲ့ စားဖိုမှူးတစ်ယောက် လုံစားသောက်ခန်းမကို ရောက်လာတယ်လို့ ငါ ကြားတယ်။ သူ့ရဲ့ လက်ရာက အရမ်းကောင်းတယ်လို့ ကောလဟာလတွေ ထွက်နေတယ်။ သူ့ကြောင့် ဒီကို လာလည်တဲ့သူတွေ တော်တော်များနေပြီ။ ဒါပေမယ့် ခမ်းနားကြီးကျယ်တဲ့ အဆင်မြင့်အခန်းက ဧည့်သည် မဟုတ်ရင် သူ့ဝန်ဆောင်မှုတွေကို သူ ပေးချင်စိတ်မရှိတော့ဘူး။ ဆိုတော့ ဒီည မင်းကျွေး…”
မင်းဖင်ကြီးကိုပဲ ကျွေး … အတ္တကြီးတဲ့ ခွေးကောင်…
ထန်ရှု စိတ်အတွင်းထဲတွင် ကျိန်ဆဲသော်လည်း စိတ်ပျက်စွာဖြင့် ခေါင်းညိတ်နေသေးသည်။
ထန်ရှုနှင့် လုံကျန့်ယုတို့သည် မစားရသေးသော်လည်း ၂ယောက်သား စကားတပြောပြောဖြင့် ခေါင်းစဉ်ပြောင်းလာရာ စီးပွားရေးအကြောင်းသို့ ရောက်လာသည်။ သူတို့၂ယောက်သည် စီးပွားရေးအား အတူတကွ ပူးပေါင်းလုပ်ဆောင်လာခဲ့သောကြောင့် ထန်ရှု စိတ်ဝင်စားသည့် တောင်နံရံရွာလေး၊ ကြယ်တာရာမြို့သစ်စီမံကိန်း၊ နဂါးကိုးကောင်ကျွန်း ပြန်လည်တည်ဆောက်ရေး စီမံကိန်းများလည်း အပါအဝင် ဖြစ်သည်။
တောင်နံရံရွာလေး၏ဆောက်လုပ်ရေးစီမံကိန်း အချိန်ဇယားသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် မတော်တဆဖြစ်ခဲ့မှုကြီးကြောင့် အချိန်အတော်ကြာ နှောင့်နှေးခဲ့ရပြီး လုံမိသားစုမှ ဆောက်လုပ်ရေးအဖွဲ့တွင် လူအင်အား ထပ်မံထည့်သွင်းထားသော်လည်း တိုးတက်မှုသည် ယခင်အချိန်ဇယားအတိုင်း ပြန်မရောက်လာသေးပေ။ ယနေ့တွင် နှင်းများ ရုတ်တရက် ကျဆင်းလာခြင်းကြောင့် လွန်ခဲ့သည့် တစ်နှစ်ခန့်က တည်ဆောက်ခဲ့သော ပထမအဆင့်သည် စီစဉ်ထားသည့်အတိုင်း ပြီးစီးနိုင်ပုံမပေါ်ပေ။
“တောင်နံရံရွာဖွံ့ဖြိုးတိုးတက်ရေးက လာမယ့်နှစ် ဇွန်လမတိုင်ခင် ပြီးစီးမယ်လို့ မူလက ခန့်မှန်းထားပေမယ့် အခုလို ဆိုးရွားတဲ့ ရာသီဥတုနဲ့ဆိုရင် ဇူလိုင်လ ဒါမှမဟုတ် သြဂုတ်လအထိ ရွှေ့ဆိုင်းသွားလိမ့်မယ်လို့ ထင်ရတယ်။ ပြီးသွားရင်တော့ မင်းရဲ့ကောင်းကင်ဘုံနန်းတော်အိမ်ကို ရနိုင်ပြီ။”
ထန်ရှု ခေါင်းညိတ်လိုက်သည်။ တောင်နံရံရွာရှိ ကောင်းကင်ဘုံနန်းတော်ဆောက်လုပ်မှုနှင့် ပတ်သက်၍ သူ တကယ်ပင် စိုးရိမ်ခဲ့သော်လည်း နဂါးကိုးကောင်ကျွန်း ပြန်လည်တည်ဆောက်ရေးနှင့် ပတ်သက်၍ သူ ပိုပြီး စိုးရိမ်ခဲ့သည်။ သို့သော်လည်း ဆွေးနွေးသည့်အကြောင်းအရာမှာ တောင်နံရံရွာအကြောင်း ဖြစ်သောကြောင့် အလွန် စိတ်ပူကြောင်း မပြချင်ပေ။ သူက ပြန်ပြောလိုက်သည်။
“အင်း … အခု ရှန်ဟိုင်းမှာ ကျောင်းတက်နေတဲ့အတွက် ကြယ်တာရာကို ပြန်ဖို့က ရှားပါတယ်။ ဒါကြောင့် အဲ့ဒီမှာ မင်းအလုပ်တွေကို ကြီးကြပ်ဖို့ တာဝန်ကို ချန်ထားလိုက်ပြီ။ လအနည်းငယ် နောက်ကျရင်တောင် အဆင်ပြေပါတယ်။”
"ဒါဆို မြို့သစ်စီမံကိန်းအကြောင်း ပြောကြရအောင်။" လုံကျန့်ယုက ပြုံးပြီး ခေါင်းညိတ်သည်။
“မြို့သစ်ရဲ့ လက်ရှိ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဆောက်လုပ်မှုတွေဟာ အရှိန်အဟုန်နဲ့ တိုးတက်နေပြီး ငါတို့ ငှားရမ်းထားတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီကြီးတွေက တတ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်နေတယ်။ ကြီးကြပ်ရေးဌာနကလည်း အသေးစိတ်အစီအစဉ်ကို အကောင်အထည်ဖော်မှု၊ ပစ္စည်းအရည်အသွေး ဒါမှမဟုတ် စီမံကိန်းရဲ့တိုးတက်မှုအရှိန်အဟုန်ကို အနီးကပ် စောင့်ကြည့်ပေးနေတယ်။ သူတို့အားလုံးမှာ ကိုင်တွယ်ဖြေရှင်းစရာ ကိစ္စမရှိပါဘူး။ ငါကိုယ်တိုင်က ဒီစီမံကိန်းကို မစီမံတော့ဘူးဆိုပေမယ့် ငါ့အဖေနဲ့ တခြားမိသားစုဝင်တွေက အဲ့ဒါကို တာဝန်ယူနေတာမို့လို့ မင်း စိတ်ချနိုင်ပါတယ်။
“လာမယ့်နှစ် ဇွန်လမှာ လူနေရပ်ကွက်တွေ၊ ဈေးဝယ်ကုန်တိုက်နှစ်ခုနဲ့ စီးပွားရေးလမ်းဘေးဆိုင်တွေ ဝန်းရံထားတဲ့ အဆင့်မြင့် အိမ်ရာဝင်းကို မြို့သစ်ရဲ့ ခရိုင်မှာ တရားဝင် ဖွင့်လှစ်ရောင်းချသွားမှာ ဖြစ်ပါတယ်။ ငါတို့တစ်ဦးစီအပါအဝင် အဲ့ဒီနေရာမှာ ရင်းနှီးမြုပ်နှံထားတဲ့ ရန်ပုံငွေပမာဏနဲ့ ဘဏ်ချေးငွေက ယွမ် ၁၀၀ဘီလီယံကျော်ရှိပြီး အဲ့ဒါတွေအားလုံး ဒီအေခရိုင်ပရောဂျက်ထဲမှာ ရင်းနှီးမြှုပ်နှံထားတယ်။ ဒါကြောင့် အခု ငါတို့လုပ်နိုင်တာက ဈေးကွက်ထဲကို မထည့်ခင် အဖွင့်အရောင်းကို စောင့်ရမယ်။
“ခန်းရှက သူ့ရဲ့ စီးပွားရေးပါရမီရှင်တစ်ယောက်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ကို ထိုက်တန်တာပဲ။ သူမရဲ့ အဆိုပြုချက်ပြီးနောက် နိုင်ငံအတွင်း အကြီးဆုံး အပန်းဖြေဥယျာဉ်ကို တည်ဆောက်ဖို့ ငါတို့တွေ ဆုံးဖြတ်လိုက်ကြတယ်။ အဲ့ဒါက ဒစ်စနီအပန်းဖြေဥယျာဉ်ထက် အနည်းငယ်ပဲ နိမ့်လိမ့်မယ်။ စီမံကိန်းအတွက် အတိုင်းအတာ၊ ဆောက်လုပ်ရေးနဲ့ ဖျော်ဖြေရေးဆိုင်ရာ အစိတ်အပိုင်းများစွာကို ပေါင်းထည့်သွားလိုက်မယ်။ ပြီးသွားရင်တော့ အဲ့ဒါက ကြယ်တာရာရဲ့ အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူတွေနဲ့ အိမ်ဝယ်သူတွေကို အကန့်အသတ်မရှိ ဆွဲဆောင်နိုင်လိမ့်မယ်လို့ ငါတို့ မျှော်လင့်ထားတယ်။ ဒါပေမယ့် နိုင်ငံတွင်းက မြို့တိုင်းရဲ့ ချမ်းသာတဲ့သူတွေကိုလည်း ရည်ရွယ်သွားမှာပါ။”
ထိုစကားကို ပြောပြီးနောက် လုံကျန့်ယု၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်များဖြင့် တောက်ပလာသည်။
သူ့စကားဆုံးသွားသည်နှင့် ထန်ရှုက
"ရောင်းအားက မျှော်လင့်ထားသလိုမဟုတ်ရင် ဘယ်လိုလုပ်မလဲ။"
“ရောင်းအားက မျှော်မှန်းထားသလို မဖြစ်ဘူး ဟုတ်လား။ မင်း လာနောက်နေတာလား။" လုံကျန့်ယု ရယ်လိုက်ပြီး
“မြို့သစ်တည်ဆောက်မှု စတင်ပြီးနောက် နိုင်ငံတစ်ဝှမ်းက ချမ်းသာကြွယ်ဝသူတွေနဲ့ ငွေကြေးဆိုင်ရာ ကုမ္ပဏီအချို့ကတောင် ဖုန်းခေါ်ဆိုမှုတွေ ငါတို့ ရခဲ့တယ်။ ငါတို့ တည်ဆောက်နေတဲ့ မြို့သစ်က အသေးစိတ်ပုံစံအတိုင်း တည်ဆောက်နိုင်ကြောင်း အာမခံချက် လိုချင်ကြတယ်။ အဲ့ဒီအတိုင်း လုပ်နိုင်သရွေ့တော့ သူတို့က မဆိုင်းမတွ ဝယ်ယူကြလိမ့်မယ်။ တရုတ်နိုင်ငံရှိ ဇိမ်ခံလက်ဝတ်ရတနာ အမှတ်တံဆိပ်များရဲ့ ကိုယ်စားလှယ်တွေနဲ့ တာဝန်ခံတွေအပါအဝင် လုပ်ငန်းကြီးများစွာက သူတို့ရဲ့စတိုးဆိုင်တွေ တည်ဆောက်ဖို့အတွက် ကောင်းမွန်ပြီး ဗျူဟာမြောက်သော တည်နေရာကို ရရှိဖို့ မျှော်လင့်ပြီး ငါတို့ဆီ ဆက်သွယ်ခဲ့ကြတာ။ အခု ငါ့စကားကို နားထောင်ကြည့်။ သူတို့က မငှားချင်ဘူး … ဝယ်ချင်ကြတာ။”
ထန်ရှုက သူ ရေးဆွဲထားသော ပုံကြမ်းကို တကယ်ပင် ယုံကြည်မှု ရှိပေသည်။ ဤမြို့သစ်ကို တည်ထောင်ပြီးသည်နှင့် တစ်ပြိုင်နက် ကမ္ဘာပေါ်တွင် တစ်ခုတည်းသော ရှေးဦးစွာ အထင်ကရ နေရာတစ်ခု ဖြစ်လာမည်ဟု သူ မျှော်လင့်ထားခဲ့သည်။ ထိုအချိန်ရောက်သောအခါ ကြယ်တာရာ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ဒုံးပျံလွှတ်တင်ခြင်းကဲ့သို့ အရှိန်အဟုန် မြင့်လာမည်ဖြစ်သည်။
“လုပ်ငန်းလည်ပတ်မှုစီမံခန့်ခွဲမှု၊ ဆောက်လုပ်ရေး၊ အရောင်းပိုင်းကို ငါ ဂရုမစိုက်ပါဘူး။ အဲ့ဒီကနေ ရမယ့် အမြတ်အစွန်းနဲ့ အကျိုးအမြတ်တွေကိုပဲ ငါ မြင်ဖို့လိုတယ်။ ခန်းရှက ဒီကဏ္ဍမှာ ကောင်းကောင်းလုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခုပဲ နဂါးကိုးကောင်ကျွန်းအကြောင်း ဆွေးနွေးကြရအောင်။” ထန်ရှုက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
“နဂါးကိုးကောင်ကျွန်းရဲ့ပြန်လည်တည်ဆောက်ရေး စီမံကိန်းက မျှော်လင့်ထားတာထက် အများကြီး တိုးတက်နေပါတယ်။ ငါတို့တွေ ဆောက်လုပ်ရေးအဖွဲ့ကို နေ့ရောညပါ အလုပ်အပြောင်းအရွှေ့တွေအပြင် လေကြောင်းနဲ့ ရေကြောင်းပို့ဆောင်ရေးတို့အပါ နှစ်ဖက်ချဉ်းကပ်မှုကို အသုံးပြုပြီး ပြန်လည်တည်ဆောက်မှုကို မရပ်မနား ဆက်လက်လုပ်ဆောင်နေတာလေ။ နဂါးကိုးကောင်ကျွန်းက အခုဆို အရမ်း ပြောင်းလဲသွားတာကို တွေ့ရလိမ့်မယ်။ စီမံကိန်းကို နောက်နှစ်စက်တင်ဘာမှာ အပြီးသတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ မူလက ငါ ထင်ခဲ့ပေမယ့် အခု သြဂုတ်လမှာတင် လုံးဝပြီးမြောက်နိုင်ပုံရတယ်။ မင်းကို ရိုးရိုးသားသား ပြောရမယ်ဆိုရင် နဂါးကိုးကောင်ကျွန်းကို ပြန်တည်ဆောက်ဖို့ မင်းဘာကြောင့် စိတ်စောနေလဲဆိုတာ ငါတကယ် နားမလည်ဘူး။ ပြန်လည်တည်ဆောက်မှုအဆင့်က ငွေကြေးကို မီးရှို့နေသလိုပဲ။”
ထန်ရှုသည် လုံကျန့်ယုအား အမှန်တရားကို မထုတ်ဖော်ချင်သေးပေ။ နဂါးကိုးကောင်ကျွန်းသည် သူ့အတွက် အရေးကြီးလွန်းပြီး ပြန်လည်တည်ဆောက်မှု လုံးဝပြီးမြောက်ခြင်းမပြီးမီ အနည်းငယ်မျှသော မတော်တဆမှုများ ဖြစ်ပေါ်မလာစေလိုပါ။ ထိုအတွေးဖြင့် သူသည် အကြောင်းပြချက်တစ်ခု ထုတ်ပြီး ဖြည်းညှင်းစွာ အသေးစိတ်ရှင်းပြသည်။
"ငါက ထန်မိသားစုထဲက တစ်ယောက်ဆိုတာ မင်း သိတယ်။ ထန်နဲ့ယောင်တို့ တိုက်ခိုက်ချိန် နဂါးကိုးကောင်ကျွန်းကို ထန်မိသားစုအတွက် ထွက်ပေါက်တစ်ခုအဖြစ် ငါကိုယ်တိုင် ရွေးချယ်ခဲ့တယ်။ ဒါကြောင့် ငါတို့တွေ အသက်ရှင်ကျန်ရစ်ဖို့ နေရာတစ်ခု ရှိနေမှရမယ်။
"ဒါပေမယ့် ယောင်မိသားစုက သူတို့ရဲ့ တိုက်ခိုက်မှုကို စောစောစီးစီး ဆင်နွှဲလိမ့်မယ်လို့ ငါ မထင်ထားခဲ့မိဘူး။ ဒါကြောင့် ငါတို့ထန်မိသားစုက အဲ့ဒီမမျှော်လင့်ထားတဲ့ အောင်ပွဲမတိုင်ခင်မှာ အစီအစဉ်အနည်းငယ်ကို အသုံးပြုခဲ့ရတယ်။ ဒါပေမယ့်လည်း နဂါးကိုးကောင်ကျွန်းစီမံကိန်းကို စတင်ပြီး ရံပုံငွေ အမြောက်အမြား ရင်းနှီးမြှုပ်နှံပြီဆိုကတည်းက အဲ့ဒါကို အပြီးသတ်ရဦးမယ်လေ။ နောက်ပြီး ထန်မိသားစုအတွက် ဆုတ်ခွာရာ လမ်းကြောင်းအဖြစ်လည်း အသုံးပြုနိုင်သေးတယ်။”
လုံကျန့်ယု သက်ပြင်းချရင်း နားလည်သွားသည်။
“ထန်မိသားစုရဲ့ဘိုးဘေးက အတော် တော်တာပဲ။ ဒီကိစ္စအတွက် သူ တကယ် တွေးခဲ့တာကို စဉ်းစားကြည့်ရင် … နဂါးကိုးကောင်ကျွန်းက တကယ့်ကို ကောင်းမွန်တဲ့ နေရာတစ်ခုပဲ။ လွတ်မြောက်ရေး လမ်းကြောင်းအဖြစ် သတ်မှတ်တာက ပိုမှန်ကန်ပြီး သင့်လျော်တဲ့ ရွေးချယ်မှုတစ်ခုလို့လည်း ဆိုကောင်းဆိုနိုင်ပါတယ်။”
"ဘာပဲဖြစ်ဖြစ် မတည်ငွေတွေကို မင်းဆီ လွှဲပေးလိုက်ပြီးပြီ။ ဒါကြောင့် ငါက သူတို့ကိုယ်စား တောင်းဆိုပေးနေတာပါ။" ထန်ရှုက ပြုံးပြီး ဆက်ပြောသည်။
"ထန်မိသားစုရဲ့ အနာဂတ်ပိုင်နက်နယ်မြေကို တည်ဆောက်ဖို့ မင်းကို ငါ အားကိုးနေမယ်။"
မိသားစုပိုင်နက်နယ်မြေလား…
"ထန်မိသားစုက အောင်ပွဲရနေပြီ မဟုတ်လား" လုံကျန့်ယုက ပဟေဠိအမူအရာဖြင့် မေးသည်။
"အဲဒီမှာ မင်းတို့မိသားစုအတွက် နယ်မြေတစ်ခုကို ဘာကြောင့် သတ်မှတ်ဖို့ လိုအပ်သေးတာလဲ။"
"ကြည်လင်နေတဲ့ ကောင်းကင်ယံကနေ မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာနိုင်သလို မမျှော်လင့်ထားတဲ့ အရာတွေက အချိန်မရွေး ဖြစ်ပေါ်လာနိုင်တယ်။ ဘေးဥပဒ်တွေနဲ့ ကောင်းချီးတွေက လူတစ်ဦးဆီကို နံနက်ခင်း ဒါမှမဟုတ် ညနေပိုင်းမရွေး ရောက်လာနိုင်တယ်" ထန်ရှုက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“တိုင်းပြည်မှာ ဘယ်လိုအခြေအနေမျိုး ဖြစ်လာမယ်ဆိုတာ ဘယ်သူက ရှင်းရှင်းလင်းလင်း ခန့်မှန်းနိုင်ပါ့မလဲ။ နောက်ပြီး ဒီကမ္ဘာပေါ်မှာ အဆက်မပြတ် အောင်ပွဲခံနိုင်သူ မရှိပါဘူး။ တစ်ကြိမ်ထပ်ပိုပြီး အောင်နိုင်ကြပေမယ့် အမြဲတမ်းအနိုင်ရတယ်ဆိုတာ မဖြစ်နိုင်ဘူးလေ။ ထန်မိသားစုက အနာဂတ်တွင် အကျပ်အတည်းတစ်ခု ကြုံလာရပြီဆိုရင် နဂါးကိုးကောင်ကျွန်းက မိသားစုနယ်မြေ ဖြစ်လာလိမ့်မယ်။ ထန်တွေ အမြဲ ကျရှုံးခဲ့မယ်ဆိုရင် မလိုအပ်ဘူးဆိုတဲ့ အကြောင်းပြချက်ဆိုတာ မရှိပါဘူး။”
"စီနီယာထန်ကို ငါ အမှန်တကယ် လေးစားသွားပြီကွာ။" လုံကျန့်ယုက လက်မမြှောက်ကာ ချီးကျူးလိုက်သည်။
ထန်ရှု ငုတ်တုပ်မေ့သွားသည့်အလား ဖြစ်သွားရသည်။ လုံကျန့်ယုကို ပြောပြသည့်အရာအားလုံးက သူ လုပ်ထားသည့် ဆင်ခြေများသာဖြစ်သည်။ နဂါးကိုးကောင်ကျွန်းသည် သူ စီစဉ်ထားသော လုံခြုံစိတ်ချရသည့်နေရာဖြစ်သည့်အပြင် သူ၏အခြေစိုက်စခန်းပါ ဖြစ်လာမည်ဖြစ်ပြီး ထန်ကောရှန့်သည် ထိုနေရာနှင့် မည်သို့မျှ ဆက်စပ်မှုမရှိပေ။ သို့သော် လုံကျန့်ယုက ထိုအရာကို နားလည်မှုလွဲသွားသောကြောင့် စကားများအား မျိုချပစ်လိုက်နိုင်သည်။
တင်းတောင်…
အခန်းတံခါးခေါင်းလောင်းသံ မြည်လာသည်။
ထန်ရှုနှင့် လုံကျန့်ယုတို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ထန်ရှုက
"ဒီည တခြားတစ်ယောက်ယောက်ကို ဖိတ်ခဲ့သေးလား။"
“မဖိတ်ထားဘူး။” လုံကျန့်ယုက ခေါင်းယမ်းလိုက်သည်။
ထန်ရှု ခေါင်းညိတ်ပြလိုက်ပြီး ထရပ်ကာ တံခါးဆီသို့ လျှောက်သွားသည်။ အခန်းတံခါး ဖွင့်လိုက်သောအခါ ကောင်းမွန်စွာ ဝတ်စားထားသော သက်လတ်ပိုင်း အမျိုးသားတစ်ဦးကို တွေ့ရပြီး ထိုအမျိုးသားသည် လုံစားသောက်ခန်းမ၏ဒုတိယမန်နေဂျာ ဖြစ်ပုံရသည်ကို သူ သတိရသွားသည်။
"ဟယ်လို မစ္စတာထန်။ ငါက လုံစားသောက်ခန်းမရဲ့ အထွေထွေမန်နေဂျာ ချန်းဟောင်ပါ။ ကိစ္စတစ်ခုပေါ်လာလို့ မင်းတို့ရဲ့ တွေ့ဆုံမှုကို ခဏ ရွှေ့ထားဖို့ လိုနေပါတယ်။” လူလတ်ပိုင်း အရွယ် အမျိုးသား က ပြုံးကာ ပြောလာသည်။
ထန်ရှုက အသာခေါင်းညိတ်ပြပြီး ထိုသူအား အခန်းထဲ ဝင်လာရန် လက်ဟန်ပြကာ မေးလိုက်သည်။ “ဘာဖြစ်လို့လဲ။”
"အင်း … ငါ မင်းကို တစ်ခု ပြောစရာ ရှိနေတယ်။ ဘယ်လိုက ဘယ်လိုပေါက်ကြားသွားလဲတော့ မသိဘူး။ ငါတို့ လုံစားသောက်ခန်းမမှာ မင်း ထမင်း လာစားတယ်ဆိုတဲ့ သတင်းက ပျံ့သွားတော့ အခု ဆိုင်အပြင်ဘက်မှာ သတင်းထောက်တွေနဲ့ ဂျာနယ်လစ်တွေ အများကြီး ရောက်နေတယ်။ သူတို့က မင်းရဲ့နာမည်ကို ပြောပြီး မင်းနဲ့အင်တာဗျူးလုပ်ဖို့ တောင်းဆိုနေကြတယ်။ ဒီကိစ္စကို မင်း ဘယ်လို သဘောရလဲ။”
"သူတို့က ငါ့ကို အင်တာဗျူးချင်နေတာလား။" ထန်ရှုက စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
"သူတို့က ငါ့ကို ဘာအတွက် အင်တာဗျူးချင်တာလဲ။"
"အာ…" ချန်းဟောင် အံ့သြသွားသည်။ "ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ မင်း ပါဝင်ခဲ့တာကို မေ့သွားပြီလား။ အင်တာနက်အသိုက်အဝန်းမှာ ကြီးမားတဲ့လှိုင်းလုံးကြီးကို လွှတ်ချလိုက်ရုံသာမကဘဲ လူ့အဖွဲ့အစည်းရဲ့ ကဏ္ဍပေါင်းစုံမှာ ကြီးမားတဲ့ အာရုံစိုက်မှုကို ဖြစ်ပေါ်လာစေခဲ့တယ်လေ။”
***