အသစ်စတင်ခြင်း
Vol. 44 Ch. 613
ဒုက္ခတွေကို ပိုပြီးကြောက်လာလေ … သူတို့တွေက မင်းရဲ့တံခါးကို ပိုပြီးလာခေါက်လေပဲ။"
ဤဝါကျကို အသုံးပြုခြင်းထက် ပိုမိုသင့်လျော်သော စကားသည် ထန်ရှုအတွက် မရှိတော့ပါပေ။ ယနေ့ခေတ်တွင် သူအကြောက်ဆုံးအရာသည် မီဒီယာနှင့် နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရခြင်းသာ ဖြစ်ပေသည်။ ချန်းဟောင်၏ အံ့အားသင့်နေသော အမူအရာကို ငေးကြည့်ရင်း “အင်တာဗျူးမဖြေချင်ဘူးလို့ သူတို့ကို ပြောပေးပါ။ အကယ်၍ သူတို့က ဆန္ဒပြပြီး နောက်ပြန်မဆုတ်ချင်ရင်၊ ပါပါရာဇီတွေကို ငါ့ဆီ တွန်းပို့ဖို့ ဆန္ဒရှိနေရင် လူတွေကို စုဝေးစေတဲ့ သူတို့ရဲ့ မှားယွင်းတဲ့ လုပ်ရပ်တွေကို စီရင်ဖို့ ငါ့ရဲ့ ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်ကို ဥပဒေကြောင်းအရ ငါ ကာကွယ်သွားမှာပဲ။"
(မြန်မာဘာသာပြန်သူ၏အမှာ - ပါပါရာဇီဆိုသည်မှာ သတင်းကြီးသူများနောက်တကောက်ကောက်လိုက်နေသောသတင်းထောက်ကို ဆိုလိုပါသည်။)
ကျော်ကြားရန် အခွင့်ကောင်းတစ်ခု ဖြစ်သော်လည်း ထန်ရှုမှ ပစ်ပယ်ခဲ့သည်။ သည်အချင်းအရာက ချန်းဟောင်အတွက် အတော်လေး မမျှော်လင့်ထားသောအရာ ဖြစ်သည်။ ထို့အပြင် ထန်ရှု၏တုံ့ပြန်ချက်တွင် ခြိမ်းခြောက်မှုများပင် ပါလာခဲ့သည်။
သို့ဆိုပါက အဘယ်ကြောင့်ပါနည်း။
ချန်းဟောင်က အကြောင်းရင်းကို လုံး၀ မသိနိုင်ပေမယ့် ထန်ရှုကို မေးခွန်းထုတ်ဖို့အထိတော့ သူ့တွင် သတ္တိမရှိသေးပါချေ။ ကမ္ဘာပေါ်တွင် သူ အကြောက်ဆုံးလူက မည်သူနည်းဟု မေးလာပါက ထန်ရှုဟုသာ မဆိုင်းမတွဘဲ သူ ပြတ်ပြတ်သားသား ဖြေမိပါလိမ့်မည်။ ထန်ရှုသည် သူ၏ရန်သူများကို ချေမှုန်းရန် သွေးထွက်သံယိုတိုက်ခိုက်မှုအား စတင်ခဲ့သော နောက်ဆုံးအဖြစ်အပျက်၏ သက်သေများနှင့်အကျိုးခံစားခွင့်များထဲမှ တစ်ဦး ဖြစ်သည်။
သူသည် ထန်ရှုကို လေးစားသည့်အပြင် ကြောက်လည်း ကြောက်ပေသည်။
“မင်း ဘာလိုချင်လဲဆိုတာကို ငါ နားလည်ပါတယ် မစ္စတာထန်။ မီဒီယာတွေ မင်းကို ဘယ်တော့မှ အနှောက်အယှက်မဖြစ်စေရဘူးလို့ ငါ အာမခံပါတယ်။ မင်းမှာ တခြားညွှန်ကြားချက်တွေရှိရင် ငါ သိပါရစေ။” ချန်းဟောင်က တလေးတစား ပြောလိုက်သည်။
"အနှောင့်အယှက်ဖြစ်စေမိလို့ တောင်းပန်ပါတယ်။" ထန်ရှု ခေါင်းညိတ်လိုက်သည်။
ချန်းဟောင်က ယဉ်ကျေးသိမ်မွေ့သော စကားအနည်းငယ် ပြောခဲ့ပြီးမှ နှုတ်ဆက်ထွက်ခွာသွားခဲ့သည်။
ထို့နောက် ထန်ရှုသည် သူ၏အကြည့်အား ပဟေဠိဖြစ်နေပြီး ထူးဆန်းသော အမူအရာ ဖြစ်နေသည့် လုံကျန့်ယုထံ ပို့လိုက်သည်။ ထို့နောက် သူ၏လက်များကို ဖြန့်ကာ မချိပြုံး ပြုံးလိုက်ပြီး
“ဒီလိုဖြစ်သွားတာက ငါ တကယ် ဖြစ်စေချင်တဲ့အရာ မဟုတ်ဘူးနော်။ ပရဟိတလုပ်တဲ့ လေးစားဖွယ် လူတစ်ယောက်အနေနဲ့ တစ်ကြိမ်လောက် လုပ်ဆောင်ပြချင်ပေမယ့် မင်း မြင်နေရတဲ့ အခုလက်ရှိ အနေအထားထိ ရောက်သွားတယ်။ ဘာပဲဖြစ်ဖြစ် ငါတို့ သွားစားကြတော့မလား။ ဗိုက်ပြည့်သွားရင် ငါ အိမ်ပြန်တော့မယ်။ နောက်ရက်အနည်းငယ်ကြာတဲ့အထိ အပြင်မထွက်တော့ဘူး။"
"တကယ့်အကြောင်းက ဘာလဲ။" လုံကျန့်ယုက မေးသည်။
ထို့နောက် ထန်ရှုသည် လုံရွှဲ့ယောင်နှင့် ကြယ်ပြာလူမှုဖူလုံရေးဂေဟာသို့ လိုက်သွားသည့် အဖြစ်အပျက်ကို ပြောပြသည်။ ထို့နောက် "ငါ မျက်မမြင်လေးကို မွေးစားဖို့ ဆုံးဖြတ်ထားပြီးသား။ ဒါပေမယ့် ဒီအချိန်တိုအတွင်း အဲ့ဒီဂေဟာကို ငါ ထပ်ပြီးသွားလိုက်ရင် လူတွေက ငါ့ကို သတိထားမိလာမှာ သေချာတယ်။ ဒီလူတွေရဲ့ ၉၀%က မီဒီယာကနေ သေချာပေါက် လာတာပဲ။ အဲ့ဒါကြောင့် မျက်မမြင်လေးကို တောင်တံခါးအိမ်ရာဆီ ခေါ်လာဖို့ ငါ လုံရွှဲ့ယောင်ကိုပဲ အကူအညီ တောင်းနိုင်တော့တယ်။"
လုံကျန့်ယုက ပြုံးလိုက်ကာ ထန်ရှုကို လက်မထောင်ပြပြီး
"တစ်ခါတလေ မင်းက သနားညှာတာပြီး ရက်စက်ကြမ်းကြုတ်ပေမယ့် မကြာခဏဆိုသလို မင်းရဲ့ကြင်နာမှုကို ပြတ်ပြတ်သားသား ဖော်ပြနေတာပဲ။ ငါ မင်းကို လုံးဝနားမလည်ပေမယ့် မင်းရဲ့စိတ်နေသဘောထားကိုတော့ သဘောကျတယ်။ မင်းကို ဝူရှဝတ္ထုမှာ ထည့်ပြီး ပုံဖော်ရေးရင် ဖြောင့်မတ်ပြီး ဆိုးသွမ်းတဲ့ ဇာတ်ကောင်အမျိုးအစားနဲ့ လိုက်ဖက်တယ်။"
သူ၏မှတ်ချက်စကားကြောင့် ထန်ရှုက အားရပါးရရယ်လိုက်ပြီး
"ပေါက်ကရစကားတွေ ထားလိုက်တော့။ ဘာပဲဖြစ်ဖြစ် ငါတို့ ဒီမှာ အစားအသောက် မှာမလား ဒါမှမဟုတ် စားသောက်ခန်းထဲ သွားကြမလား။"
"ဒီမှာ စားကြတာပေါ့။" လုံကျန့်ယုက ပြုံးပြီး ပြောလိုက်သည်။ ရုတ်တရက် လုံကျန့်ယု၏အမူအရာ ပြောင်းသွားသည်။ သူက တစ်စုံတစ်ခုကို ခဏလောက် တွေးတောနေရင်း ပေါ့ပေါ့ပါးပါး ပြုံးလိုက်ကာ
“မင်း ကြယ်တာရာမှာ ရောက်နေပြီး ဒီလို လှုပ်လှုပ်ရှားရှား လုပ်မှတော့ တစ်တိုင်းပြည်လုံးက လူတိုင်း သိပြီးသားဖြစ်လောက်ပြီ။ ငါနဲ့အတူ အပြာရောင်မြို့ မှာ သွားပျော်ရင်ရော ဘယ်လိုလဲ။ ဟိုကောင်လေး ဟောင်ရှုက ဒီတလော ငါ့ကို အကြိမ်ကြိမ် ဖုန်းဆက်နေတာ။ သူနဲ့ သူ့သူငယ်ချင်းတချို့က အပြာရောင်မြို့မှာ ကလပ်တစ်ခုဖွင့်ထားတယ်လို့ ပြောပြီး ငါ့ကိုတောင် အပျော်သဘောပါဝင်ဖို့ ဖိတ်ခေါ်သေးတယ်။”
ထန်ရှုက တစ်ချက်တွေးလိုက်ပြီးနောက် ခေါင်းယမ်းကာ “မေ့လိုက်ပါ။ အဲ့ဒါကပြီးတော့ စိတ်အနှောက်အယှက် ဖြစ်စရာတွေ ကြုံလာရရင်…”
"အဲ့ဒါကပြီးတော့ ဆိုတဲ့စကား ရပ်လိုက်တော့။" လုံကျန့်ယုက သူ့ကို ကြားဖြတ်ပြီး အပြုံးဖြင့် ပြောလိုက်သည်။
"မင်း အသံက အဘိုးကြီးလေသံ ဖြစ်နေပြီ။ ကောင်းပြီ … ဒီလိုပဲ လုပ်လိုက်ပြီ။ မနက်ဖြန် ထွက်မယ်... မဟုတ်ဘူး … ဒီနေ့ညပဲ အပြာရောင်ကို သွားကြမယ်။ ငါ ဟောင်ရှုကို ဖုန်းဆက်ပြီး အစားအသောက်နဲ့ သောက်စရာတွေ ပြင်ခိုင်းထားလိုက်မယ်။ စိတ်မပူနဲ့ … ဒီည မင်းကို သွေးထွက်အောင် မလုပ်ဘူး။"
"တကယ်လား။" ထန်ရှု၏ မျက်လုံးများ လက်လာပြီး သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ချက်ချင်းပေါ်လာသည်။
ထန်ရှုကို ကြည့်ကာ လုံကျန့်ယု၏အမူအရာမှာ ထူးဆန်းသွားပြီး
"ဒီည မင်း မလှုပ်ရှားရတဲ့ အကြောင်းရင်းက ဟင်းပွဲတွေကြောင့် မဖြစ်နိုင်ဘူးမလား။ မန်ချူး - တရုတ်အရသာအပြည့်ရှိတဲ့ စားသောက်ပွဲတစ်ပွဲမှာ အထူးဟင်းပွဲမျိုးစုံဖြင့် ပါဝင်နေရင်တောင်မှ မင်းအတွက် ယွမ်သိန်းဂဏန်းအချို့လောက်လေးပဲ ကျမှာလေ။ မင်း … ဒီအကြောင်းကြောင့်ပဲ အဝေးကို မသွားတော့ဘူးပေါ့ ဟုတ်တယ်မလား။”
ယွမ်သိန်းဂဏန်းအချို့လောက်လေးပဲ ဟုတ်လား…
ထန်ရှုသည် လုံကျန့်ယုကို မျက်ဆန်သာ လှန်ပြလိုက်မိသည်။ ထမင်းတစ်နပ်လောက်ပဲကို ယွမ်သိန်းဂဏန်းအချို့လောက်နဲ့ စားရမလား။ ဒီအရာက အလွန်ကို ဝင့်ကြွားလွန်းသဖြင့် ဒေါသ အချောင်းချောင်း ထွက်စေနိုင်သည်။
ငွေချွေတာချင်စိတ် အပြည့်ဖြင့် ထန်ရှုက
"ကောင်းပြီ … မင်းရဲ့ကြင်နာတဲ့ကမ်းလှမ်းမှုကို ငါ ငြင်းလိုက်ရင် ယုတ္တိမတန်ပေဘူး မဟုတ်လား။ ကဲ သွားကြတာပေါ့။ အပြာရောင်မြို့ကို တစ်ခါမှ မရောက်ဖူးပေမယ့် အဲ့ဒီနေရာကို ကားမောင်းသွားရင် နှစ်နာရီလောက်ပဲ ကြာတယ်လို့ ကြားတယ်။”
လုံကျန့်ယုသည် ထန်ရှု၏စကားကို ပိုမိုနားထောင်လေ … ထန်ရှုသည် ပိုက်ဆံချွေတာစုရန် ကြိုးစားနေသည်မှာ ပိုသေချာလေလေဖြစ်သည်။ သည်ကောက်ချက်က သူ့အား မျက်ရည်များ ကျသည့်အထိ ရယ်မောစေခဲ့သည်။ ထန်ရှုသည် ယခုအချိန်တွင် အနည်းဆုံး ပိုင်ဆိုင်မှု ဘီလီယံနှင့်ချီ၍ ပိုင်ဆိုင်ထားသော်လည်း သူသည် ထမင်းစားရန် ငွေသိန်းပေါင်းများစွာကို ဂရုစိုက်နေဆဲဖြစ်သည်။ ဒါက တကယ်ကို လေးစားစရာပဲ…
မိနစ်အနည်းငယ်ကြာပြီးနောက် ထန်ရှုနှင့် လုံကျန့်ယုတို့သည် မြေအောက်ကားပါကင်သို့ တိတ်တဆိတ် ရောက်ရှိလာကြပြီး ဘီအမ်ဒဗလျူအိပ်ချ်၅ကားကို ထုတ်ကာ လုံကျန့်ယုက မောင်းနှင်လာခဲ့သည်။ သို့တိုင် မြေအောက်ကားပါကင်မှ ထန်ရှုတို့၏ကားထွက်သွားသည်ကို မြင်လိုက်ကြသောအခါတွင် အပြင်ဘက်တွင် စောင့်နေကြသည့် သတင်းထောက်များစွာသည် ကင်မရာများကို ယူရင်း အပြေးအလွှား လာကြသည်။
"အရှိန်တင်…" ထန်ရှုသည် သတင်းထောက်များနှင့် မဆက်ဆံချင်သောကြောင့် ချက်ချင်းပင် အော်ပြောလိုက်သည်။
လုံကျန့်ယု အသာ ခေါင်းညိတ်လိုက်သည်။ သတင်းထောက်များ ဝိုင်းရံခြင်း မပြုရသေးသည်ကို အခွင့်အရေးယူပြီး ကားကိုအရှိန်မြှင့်ကာ လမ်းမကြီးပေါ်သို့ အမြန်ဝင်လိုက်သဖြင့် အဝေးပြေးလမ်းမကြီးပေါ်ရှိ ယာဉ်ကြော ပိတ်ဆို့မှုများနှင့် ရောနှောသွားခဲ့သည်။
နှင်းပွင့်များသည် ကောင်းကင်မှ ကျဆင်းနေဆဲ ဖြစ်သဖြင့် လမ်းများ ပိုမိုကောင်းမွန်လာသည့်တိုင် ဆက်လက်မောင်းနှင်ရန် ခက်ခဲနေဆဲဖြစ်သည်။ သူတို့နှစ်ယောက် အဝေးပြေးလမ်းမကြီးကို ဝင်လိုက်သည်နှင့် လမ်းက အရမ်းချော်နေသောကြောင့် ကူကယ်ရာမဲ့ ဖြစ်သွားရသည်။ ကားတွင် လမ်းချော်ခြင်းမှ သက်သာစေသော နှင်းယက်ဘီးများ မတပ်ထားသောကြောင့် ဖြည်းညှင်းစွာသာ မောင်းနှင်နိုင်ခဲ့သည်။ သူတို့နှစ်ယောက် နောက်ဆုံးတော့ အပြာရောင်မြို့သို့ သုံးနာရီကြာ မောင်းနှင်ပြီးမှသာ ရောက်သွားတော့သည်။
"ထူးဆန်းလိုက်တာ။ အခု ဟောင်ရှု ဘာတွေ လုပ်နေတာလဲ။ ငါ့ဖုန်းကိုတောင် မကိုင်ဘူး။”
ဘီအမ်ဒဗလျူအိပ်ချ်၅သည် အပြာရောင်မြို့၏ လမ်းမီးများအလင်းရောင်အောက်တွင် ဆက်လက် ရွေ့လျားနေချိန်တွင် လုံကျန့်ယုသည် ဖုန်းကို ဘေးသို့ ပစ်ချလိုက်ပြီး မျက်မှောင်ကြုတ်ကာ အသံတိုးတိုးဖြင့် အော်လိုက်သည်။
"မင်း သူနဲ့အဆက်အသွယ်မရရင်လည်း စားဖို့ နေရာတစ်ခုရှာပြီး ညအိပ်ဖို့ ဟိုတယ်တစ်ခု ရှာရအောင်။ မနက်ဖြန်အထိ သူပြန်ဆက်သွယ်တာကို စောင့်ကြတာပေါ့။" ထန်ရှုက ပြောလိုက်သည်။
"မဟုတ်ဘူး။ သူ့ကလပ်ကို တန်းသွားရအောင်။" လုံကျန့်ယုက ခေါင်းယမ်းရင်း ပြောလိုက်သည်။ "ဒီကောင်က သူ့ကလပ်လိပ်စာကို အရင်က ငါ့ကို ပို့ထားဖူးတယ်။"
ထန်ရှုက နာရီကို တစ်ချက် ငုံ့ကြည့်လိုက်သည်။ အချိန်က ည ၉ နာရီနီးပါးဖြစ်ပြီး ကလပ်လိုနေရာမျိုးတွင် အစည်ကားဆုံးအချိန်မို့လို့ သူ ခေါင်းညိတ်ပြီး အတည်ပြုလိုက်သည်။
ကြည်လင်ကန်ကလပ်…
ထိုကလပ်ကို တည်ဆောက်ရာတွင် အပြာရောင်မြို့၌ အကြီးစားတည်ဆောက်မှုတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရပြီး သီးသန့်ကလပ်တစ်ခုအဖြစ် မပြုလုပ်ထားသည့်တိုင် ငွေကြေးအမြောက်အမြား ချမ်းသာသောသူများသာ လာရောက်လည်ပတ်နိုင်မည်ဖြစ်သည်။ လောလောဆယ်တွင် လူအချို့သည် ထိုနေရာတွင် ကစားရင်း ပေါ့ပေါ့ပါးပါး အချိန်ဖြုန်းနေကြပြီး တစ်ယောက်မှပင် အဆင်မပြေသည့်အမူအရာ မရှိကြချေ။ အရေးကြီးဆုံးအချက်သည် ကြည်လင်ကန်ကလပ် ဖွင့်ထားခဲ့သည်မှာ တစ်လမျှသာ ရှိသေးပြီး ဖွင့်ပွဲအား အပြာရောင်မြို့ ရှိ ကျော်ကြားသော ပုံရိပ်များဖြင့် ဖွင့်လှစ်ထားသောကြောင့် ခိုင်ခံ့သော အကာအကွယ်အမိုးအကာရှိပေသည်။ ထို့ကြောင့် သည်နေရာသို့ လာရောက်ပြီး အချိန်ဖြုန်းလိုသော ဧည့်သည်များသည် အဆုံးမရှိအောင် များပြားပေသည်။
ကြည်လင်ကန်ကလပ်၏ဝင်ပေါက်ကြီးသို့ ရောက်သောအခါတွင် သူတို့၏ကားကို လုံခြုံရေးများက တားခဲ့ပြီး စာရင်းသွင်းပြီးမှသာ ဝင်ရောက်ခွင့်ပြုခဲ့သည်။ အတွင်းဘက်ရှိ လမ်းညွှန်ဆိုင်းဘုတ်အတိုင်း မောင်းလာရင်း မီတာတစ်ရာကျော် မြင့်သော လခြမ်းပုံစံ ငါးထပ်အဆောက်အဦး၏အရှေ့သို့ လျင်မြန်စွာ ရောက်လာကြသည်။ ရေပန်းရှိသောရေကန်ကို ကျော်ဖြတ်ပြီး ဝင်ပေါက်မှာ ရပ်ပြီးနောက် လုံကျန့်ယုသည် ကားပေါ်မှဆင်းကာ ကြိုဆိုနေသော စားပွဲထိုးအား ကားသော့အား ပစ်ပေးလိုက်သည်။ ထို့နောက် သူက
“ဟောင်ရှု … အထဲမှာ ရှိလား။”
စားပွဲထိုးသည် ဟောင်ရှုအား ရှင်းလင်းစွာ သိပေသည်။ လုံကျန့်ယုနှင့် ထန်ရှုတို့အား သံသယအကြည့်ဖြင့် အကဲခတ်လိုက်ရင်း ၎င်းတို့နှစ်ဦးသည် မျက်နှာသစ်များ ဖြစ်ကြောင်း သိလိုက်သဖြင့် ချက်ချင်းပင် တောင်းပန်လိုက်သည်။
“တောင်းပန်ပါတယ် … ကျွန်တော် မသိပါဘူး။”
စားပွဲထိုးက မသိသည်ကို ကြားလိုက်သော လုံကျန့်ယုလည်း သည်အတိုင်း ပေါ့ပေါ့ပါးပါး မေးလိုက်သောကြောင့် ဒေါသ မထွက်တော့ပေ။ ထို့နောက် ထန်ရှုနှင့်အတူ အဆောက်အဦးထဲသို့ သူ ဝင်လာသည်။
တောက်ပပြီး ကြီးကျယ်ခမ်းနားသည်။
ထိုစကားသည် သည်နေရာအတွက် ထန်ရှု၏ ရင်ထဲတွင် ပထမဆုံး ဖြစ်ပေါ်လာသော ခံစားချက်ပင်။ နဂါးများ ပျံသန်းခြင်းနှင့် ဖီးနစ်အကကို သရုပ်ဖော်ထားသည့် နံရံပေါ်ရှိ စုတ်ချက်များ၊ မြက်ခင်းများနှင့် နံရံထက်ရှိ ပန်းချီကားများ၊ အရောင်စုံမီးရောင်မှိန်မှိန် ဖြာထွက်နေသော သလင်းမီးလုံးများနှင့်အတူ အရာအားလုံးသည် ဂန္ထဝင်ဆန်သောအသွင်အပြင်ကို ဖြစ်စေသည်။
“ကြိုဆိုပါတယ် လူကြီးမင်းတို့။ ဘယ်အစီအစဉ်ကို ပျော်ချင်လဲ မေးလို့ ရမလား။ ကျွန်မ ရှင်တို့ကို အဲ့ဒီကို ခေါ်သွားလိုက်မယ်။" အနက်ရောင်ဝတ်စုံပြည့် ဝတ်ဆင်ထားသော နားကြပ်တပ်ထားသည့် အမျိုးသမီးက အပြုံးဖြင့် ချဉ်းကပ်လာသည်။
“မင်းတို့ဆီက အကောင်းဆုံးအခန်းဆီ ငါတို့ကို ခေါ်သွားပါ။ တခြားတစ်ခုခု မလုပ်ခင် ငါတို့ အရင် ထမင်းစားမယ်။” လုံကျန့်ယုက ပြောသည်။
"ကောင်းပါပြီ။ ကျေးဇူးပြုပြီး ကျွန်မနောက်ကို လိုက်ခဲ့ပါ။"
အမျိုးသမီးက သူတို့နှစ်ယောက်ကို ဓာတ်လှေကားဖြင့် တတိယထပ်သို့ ခေါ်ဆောင်သွားခဲ့သည်။
စင်္ကြန်လမ်းနှစ်ခုကို ဖြတ်သွားပြီးနောက် နောက်ဆုံးတွင် သူတို့သည် အခန်းတစ်ခု၏တံခါးရှေ့တွင် ရပ်လိုက်သည်။ သူမသည် တံခါးကို တွန်းဖွင့်လိုက်ပြီး အထဲဝင်ရန် လက်ဟန်ပြကာ
"လူကြီးမင်းတို့နှစ်ယောက် … ဒါက ငါတို့ရဲ့ အကောင်းဆုံး အခန်းပါ။"
လုံကျန့်ယုသည် အခန်းတွင်းသို့ ဝင်လာပြီး ဘေးပတ်လည်ကို လှမ်းကြည့်လိုက်သည်။ ထို့နောက် ချက်ချင်းဆိုသလိုပင်
“ပြောပါဦး။ မင်းတို့က ဖောက်သည်တွေကို လှည့်စားချင်နေတာလား။ ဒါမှမဟုတ် ငါတို့ကို ဘာမှမသိတဲ့ တောသားတွေလို့ ထင်နေတာလား။ ဒီအခန်းက မင်းတို့ကြည်လင်ကန်ကလပ်မှာ အကောင်းဆုံး ထမင်းစားခန်းဆိုရင် ငါတို့ ချက်ချင်း ထွက်သွားမယ်။"
“ဒါ…”အမျိုးသမီးက ချီတုံချတုံဟန်ဖြင့် ဂရုတစိုက် တုံ့ပြန်လာသည်။
“လူကြီးမင်းနှစ်ယောက် … ဒီအခန်းက ငါတို့ရဲ့ အကောင်းဆုံး မဟုတ်ပါဘူး။ ဒါပေမယ့် ဒီမှာက ဈေး အရမ်းကောင်းပြီး အရသာရှိတဲ့ အချက်အပြုတ်ကို ခံစားဖို့ ယွမ်သောင်းချီသာ ကုန်ကျမှာပါ။ အကြီးကျယ်ဆုံး သီးသန့်ထမင်းစားခန်းရဲ့ ဈေးနှုန်းကတော့ …”
"ငါတို့က ပိုက်ဆံပြတ်နေတာမဟုတ်လို့ မင်းရဲ့အကောင်းဆုံးအခန်းကို ရွေးရဲတယ်။ ဆက်မပြောနဲ့တော့ … ငါတို့ကို အဲဒီနေရာကို ခေါ်သွားလိုက်။"
သူမ၏ရည်ရွယ်ချက်ကောင်းလေးသည် တစ်ဖက်သား၏ ရိုင်းစိုင်းသော ပြစ်တင်ရှုတ်ချခြင်းကြောင့် ပျက်စီးသွားရသဖြင့် အတန်ငယ် စိတ်ဆိုးသွားပြီး လုံကျန့်ယုနှင့် ထန်ရှုတို့အား အမြင်စောင်းသွားတော့သည်။ သူမ၏စိတ်ထဲတွင် 'စောင်တောသားတွေ' ‘တောသူဌေးတွေ’’စေတနာနှင့်မတန်’ဟု ဆဲဆိုလိုက်ရင်း ထိုနှစ်ယောက်အား စတုတ္ထထပ်သို့ ခေါ်သွားခဲ့သည်။
“လူကြီးမင်း … ဒီစတုတ္ထထပ်မှာ စုစုပေါင်း အခန်း(၁၈)ခန်း ရှိတယ်။ အမှတ်(၁) အဓိပတိခန်းမနဲ့ အမှတ်(၂) နဂါးခန်းမကို အများပြည်သူဆီ မဖွင့်ပေးဘူး။ နံပါတ် (၃)ကနေ (၆)အထိကတော့ အခြားဧည့်သည်တွေက နေရာယူထားတယ်။ ရှင်တို့ သဘောတူရင် အမှတ်(၇)ပင်လယ်ကြည့်ခန်းမဆီ ကျွန်မ ခေါ်သွားပေးမယ်။"
“ကောင်းပြီ…”
ဤတစ်ကြိမ်တွင် လုံကျန့်ယုသည် ထိုအမျိုးသမီးအား ခက်ခဲအောင် မပြုလုပ်တော့ဘဲ ပင်လယ်ကြည့်ခန်းမသို့ လိုက်သွားခဲ့သည်။ စတုရန်း ရာနှင့်ချီ ကျယ်ဝန်းသော အတွင်းပိုင်းနှင့် ဇိမ်ခံအလှဆင်မှုများကို ဝင်ရောက်ကြည့်ရှုပြီးနောက်တွင် ဤအခန်းသည် တတိယထပ်ရှိ အခန်းထက် အဆများစွာ ပိုကောင်းကြောင်း ထင်ရှားပေသည်။ လုံကျန့်ယုနှင့် ထန်ရှုတို့က ဆိုဖာပေါ်ထိုင်ပြီးနောက် လုံကျန့်ယုက "ငါတို့ နေ့လည်ကတည်းက ဘာမှ မစားရသေးဘူး။ ဒါကြောင့် စားဖိုမှူးကို မြန်မြန်ချက်ခိုင်းပြီး မင်းတို့ကလပ်ရဲ့ အထူးဟင်းလျာတွေကို ပြင်ဆင်ခိုင်းဖို့ ပြောလိုက်ပါ။ မင်း ဆန္ဒရှိသလောက် စားလို့ကောင်းမှာလေးတွေ ရွေးလိုက်။"
"ပြီးတော့ သောက်စရာကရော…"
ဝတ်စုံပြည့် ဝတ်ဆင်ထားသည့် အမျိုးသမီးက အသာ ခေါင်းညိတ်ပြပြီး သူ၏မျက်လုံးများထဲတွင် အလင်းရောင်တစ်ခု လင်းလက်သွားသည်။
"ဒီမှာ နတ်ဘုရားဝတ်ရည်ဝိုင် ရှိလား။" လုံကျန့်ယုက မေးလိုက်သည်။
ထိုအမျိုးသမီးက ခဏလောက် စိုက်ကြည့်ပြီးနောက် ခေါင်းခါပြရင်း
“တောင်းပန်ပါတယ်။ ငါတို့မှာ မရှိပါဘူး။”
အမှန်တကယ်တွင် ကြည်လင်ကန်ကလပ်သည် နတ်ဘုရားဝတ်ရည်ဝိုင်ကို ဆောင်ထားသော်လည်း ပုလင်းအနည်းငယ်သာရှိသောကြောင့် ၎င်းကို သူဌေးများမှ ပြောကြားခြင်းမရှိပါက ဧည့်သည်များထံ ရောင်းချရန် မဖြစ်နိုင်ပေ။ အမှတ်(၁) အဓိပတိခန်းမ (သို့မဟုတ်) အမှတ်(၂)နဂါးခန်းမတို့၌ ထိုင်နိုင်သူများအတွက်သာ ခြွင်းချက်အချို့ရှိပေသည်။
***