မအီမလည် ခံစားချက်တို့ ထကြွလာ
Vol. 44 Ch. 614
အမှန်တော့ ထန်ရှု၏သိုလှောင်လက်စွပ်တွင် နတ်ဘုရားဝတ်ရည်ဝိုင် များစွာ ရှိသည်။ သို့သော် သူသည် ၎င်းလက်စွပ်၏တည်ရှိမှုကို ထုတ်ဖော်မပြချင်သောကြောင့် သူ့ကိုယ်သူ ချုပ်တည်းထားသည်။ သို့သော် လုံကျန့်ယုက မျက်ခုံးတွန့်သွားကာ
“မလိုပါဘူး။ ဒါပေမယ့် မင်း ငါ့အတွက် တစ်ခုခု လုပ်ပေးဖို့တော့ လိုတယ်။"
အမျိုးသမီး၏မျက်လုံးထဲတွင် စိတ်ပျက်လက်ပျက်နှင့် မကျေနပ်သည့်အမူအရာ ထင်ဟပ်လာသော်လည်း သူမက ကောင်းမွန်စွာ ပြန်ပြောဆဲဖြစ်သည်။
“ကျေးဇူးပြုပြီး ပြောပါ။”
"မင်းရဲ့မန်နေဂျာကို ခေါ်ပေးပါ။ ငါ သူ့ကို မေးစရာ ရှိလို့။"
လုံကျန့်ဟုက အမိန့်ပေးလိုက်သည်။
ဝတ်စုံပြည့် ဝတ်ထားသော အမျိုးသမီးသည် အံ့အားသင့်သွားကာ နားကြပ်ခလုတ်ကို နှိပ်လိုက်သည်။ “မန်နေဂျာလီ … ကျွန်မ ဟူဝမ်ဝမ်ပါ။ ပင်လယ်ကြည့်ခန်းမက ထူးခြားတဲ့ ဧည့်သည်တစ်ဦးက မန်နေဂျာကို တွေ့ပြီး မေးစရာရှိတယ်လို့ ပြောတယ်။"
"ငါ့ကို နှစ်မိနစ်လောက် အချိန်ပေးပါ။" နားကြပ်ထဲမှ အသံလေးလေးတိမ်တိမ်က ပြန်ဖြေသည်။
လျင်မြန်စွာပင် ပင်လယ်ကြည့်ခန်းမ၏တံခါးသည် တွန်းဖွင့်ခြင်း ခံလိုက်ရပြီး မန်နေဂျာလီသည် အပြုံးမျက်နှာဖြင့် ဝင်လာခဲ့သည်။ သူ၏အကြည့်သည် လုံကျန့်ယုနှင့် ထန်ရှုဆီသို့ ရောက်သွားခဲ့သည်။ ထန်ရှုအား သိသလိုလို ရှိသည်ဟု သူ ဖျတ်ခနဲ ခံစားလိုက်ရသော်လည်း ယခင်က သူ မည်သည့်နေရာတွင် မြင်ဖူးသည်ကို မမှတ်မိတော့ပေ။
"မင်္ဂလာပါ လူကြီးမင်းတို့နှစ်ယောက်။ ငါက ကြည်လင်ကန်ကလပ်ရဲ့ စားသောက်ဆိုင်မန်နေဂျာ လီချမ်းလေ့ပါ။ မင်းနှစ်ယောက် ငါ့ကို ဘာများမေးချင်လို့ပါလဲ။"
"ဒီလို ရာထူးအဆင့်ရှိတဲ့လူက ဟောင်ရှုကို ဆက်သွယ်လို့ရမှာပဲ။ သူ့ကို ဆက်သွယ်ပြီး ကြယ်တာရာက လုံမျိုးရိုး သူငယ်ချင်းတစ်ယောက် ဒီကို ရောက်နေတယ်ဆိုတာ ပြောပေးဖို့ မင်းကို ဒုက္ခပေးရတော့မယ်။” လုံကျန့်ယုက စကားစလိုက်သည်။
လီချမ်းလေ့ ချီတုံချတုံ ဖြစ်နေသော်လည်း သူက ခေါင်းညိတ်ပြီး
“ခဏစောင့်ပါ မစ္စတာလုံ။ ငါတို့ရဲ့သူဌေးကို ချက်ချင်း ဆက်သွယ်လိုက်ပါ့မယ်။"
ထိုစကားကိုပြောပြီးနောက် သူသည် သူဌေးကို ဆက်သွယ်ရန် တန်းထွက်သွားခဲ့သည်။ သို့သော် မိနစ်အနည်းငယ် ကြာပြီးနောက်တွင် မချိပြုံး ပြုံးကာ အခန်းထဲသို့ ပြန်ဝင်လာပြီး
“တကယ် တောင်းပန်ပါတယ် လူကြီးမင်း။ ငါတို့သူဌေးရဲ့ ဖုန်းနဲ့ ဆက်သွယ်လို့မရဘူး။ သူ ဒီကို လွန်ခဲ့တဲ့ နှစ်နာရီက ရောက်လာသေးတယ်။ ဒါပေမယ့် ငါ လိုက်ရှာပြီး မေးကြည့်တော့ သူ အလျင်စလို ထွက်သွားခဲ့ပြီတဲ့။”
"သူ ဒီမှာ မရှိမှတော့ ထားလိုက်ပါတော့။"
လုံကျန့်ယုက ပြောသည်။
“မင်း လုပ်စရာ ရှိတာ သွားလုပ်ရင်း မြန်မြန်ချက်ပြုတ်ဖို့ စားဖိုမှူးအကြီးအကဲကို ပြောပေးပါ။ ငါတို့ ဒီမှာ ဆာနေပြီ။"
"ကျေးဇူးပြုပြီး ခဏလေး အချိန်ပေးစောင့်ပါ လူကြီးမင်းတို့နှစ်ယောက်။" လီချမ်းလေ့က ပြုံးပြုံးရွှင်ရွှင် ပြောပြီး ဝတ်စုံပြည့်ဝတ်ထားသော ဟူဝမ်ဝမ်ကို ခေါ်သွားခဲ့သည်။
အခန်း၏အပြင်ဘက်တွင်…
ဟူဝမ်ဝမ်၏မျက်နှာထက်တွင် စိတ်ဆိုးနေသော အရိပ်အယောင်ကို မြင်တွေ့နိုင်သည်။ လီချမ်းလေ့၏အနားသို့ လျှောက်လာရင်း သူမက အသံတိုးတိုးဖြင့်
"မန်နေဂျာလီ … ဒီလုံမျိုးရိုးက မာနကြီးလိုက်တာ။ သူက ကျွန်မတို့သူဌေးကို သိတယ်ဆိုပြီး ဒီလိုအထက်စီးလေသံနဲ့တောင် ကျွန်မတို့ကို စကားပြောတယ်။ တကယ့်ကို စိတ်တိုဖို့ ကောင်းလိုက်တာ။”
လေးနက်သော အကြည့်များဖြင့် လီချမ်းလေ့က သူမကို ကြည့်လိုက်ပြီး
"ဟူလေး … မင်းက အတွေ့အကြုံ မရှိသေးတော့ ကမ္ဘာကြီးအကြောင်း သေချာ မမြင်ဖူးဘူး။ လုံမျိုးရိုး လူရွယ်လေးက ထူးထူးခြားခြား အဆင့်အတန်းရှိတာ မင်း မတွေ့ဘူးလား။ ဒီလိုလေသံမျိုးနဲ့ သဘောထားကြီးတဲ့သူက တခြားသူတွေကို အမိန့်ပေးလေ့ရှိတဲ့သူဆိုတာ သိသာတယ်။ နောက်ပြီး သူ့ရဲ့ ဝတ်စားဆင်ယင်မှုက မင်းတွေ့နေကျ တန်ဖိုးကြီး အမှတ်တံဆိပ် မဟုတ်ဘူး။ အဲ့ဒီအဝတ်အစားပေါ်က အမှတ်တံဆိပ်ကို ငါ တွေ့တယ်။ ဒါက ဂဏန်း၆လုံးအထက်ရှိတဲ့ ဗြိတိန်နိုင်ငံင သီးသန့်ချုပ် အဝတ်အစားမျိုး။ နောက်လူငယ်ကတော့…”
လီချမ်းလေ့၏ရှင်းပြချက်ကို ကြားပြီးနောက် ဟုဝမ်ဝမ်၏မျက်နှာထက်တွင် အံ့အားသင့်သော အရိပ်အယောင် ပေါ်လာခဲ့ပြီး သံသယရှိစွာ မေးလိုက်သည်။
“သူကော ဘယ်လိုလဲ။”
လီချမ်းလေ့က သူ့အသံကို နှိမ့်လိုက်ပြီး
“သူ့ရဲ့ အဆင့်အတန်းကလည်း ထူးထူးခြားခြား ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူ့ကို နည်းနည်း သိနေသလို ခံစားမိပေမယ့် အရင်က ဘယ်နေရာမှာ တွေ့ဖူးလဲဆိုတာ မမှတ်မိတော့ဘူး။ ဒါပေမယ့် လုံမျိုးရိုးလူငယ်က အဲ့ဒီလူငယ်ကို အတော် အလေးပေးတယ်နဲ့တူတယ်။ သူ စကားပြောတိုင်း အဲ့ဒီလူငယ်လေးကို အကြိမ်အနည်းငယ် စိုက်ကြည့်တယ်။ အဲ့ဒီလူငယ်ရဲ့ နာရီကိုလည်း ငါ သတိထားမိလိုက်သေးတယ်။ ဖီရန်အမှတ်တံဆိပ် နာရီလေ။ အဲ့ဒါက တန်ဖိုး မရှိတဲ့ပုံစံပေါ်ပေမယ့် အမှန်တကယ်တော့ ဆွစ်ဇာလန်ထုတ် အရမ်းဈေးကြီးတဲ့ အမှတ်တံဆိပ် နာရီ။ အကန့်အသတ်နဲ့ထုတ်ထားတာကြီး။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ဆို စုစုပေါင်း ၉၉လုံးပဲ ထုတ်ထားတယ်။ တစ်လုံးစီရဲ့ဈေးနှုန်းက ယွမ်၅သန်းကျော်တယ်။"
ရှူး…
ဟူဝမ်ဝမ်သည် လေအေးတစ်ချက် ရှူသွင်းကာ ထိတ်လန့်တကြား ကြည့်မိသည်။
လက်ပတ်နာရီတစ်လုံးရဲ့ဈေးနှုန်းလေးတင် ယွမ် ၅ သန်း ကျော်နေပြီ။
"ငါ လုံးဝ မမှားပါဘူး။" လီချမ်းလေ့ ခေါင်းညိတ်သည်။ “ငါတို့ ပင်လယ်ကြည့်ခန်းမမှာ ရှိနေတုန်းက သူ့ကို ခဏခဏ ကြည့်မိတယ်။ ဒါကြောင့် မာနကြီးတယ်လို့ ဘယ်တော့မှ မတွေးပါနဲ့။ ဒီကို လာနိုင်တဲ့သူတွေ အထူးသဖြင့် စတုတ္ထထပ်မှာ ထိုင်နိုင်တဲ့သူတွေအားလုံး ချမ်းသာတဲ့သူတွေပါ။ နောက်ပြီး ဒီနေရာမှာ မင်း သတိမမူမိတဲ့ ပြဿနာကြီးတစ်ခု ရှိတယ်။ အဲ့ဒါက သူတို့ကို မင်း မကျေမနပ် ဖြစ်လို့မရတဲ့ အကြောင်းရင်းပဲ။"
ချက်ချင်းဆိုသလိုပင် ဟူဝမ်ဝမ်က နှိမ့်ချသော အမူအရာဖြင့် "အဲ့ဒါက ဘာများလဲ မန်နေဂျာလီ။"
“အဲ့ဒါက ကြည်လင်ကန်ကလပ်ရဲ့ အဓိကရှယ်ယာရှင် သူဌေးဟောင်ရဲ့ ဂုဏ်ပုဒ်ပဲ။ မင်းလည်း သူ့အဆင့်အတန်းကို ရှင်းရှင်းလင်းလင်းသိပေမယ့် လုံမျိုးရိုးလူငယ်က သူ့နာမည်ကိုတောင် သတ္တိရှိရှိ ခေါ်ရဲ ပြောရဲတယ်။ ဒါဆို ဒါက ဘာကို ဆိုလိုတယ်ထင်လဲ။"
လီချမ်းလေ့က မေးလိုက်သည်။
ဟူဝမ်ဝမ် အံ့အားသင့်သွားပြီး လီချမ်းလေ့၏ စကားအဓိပ္ပါယ်ကို ချက်ချင်း နားလည်သွားသည်။ တစ်ယောက်ယောက်က သူတို့၏သူဌေးကို နာမည်တပ်ခေါ်ရဲပြီး သူ့သူငယ်ချင်းဟုပင် ပြောဝံ့ပါက ထိုသူ၏နောက်ခံသည်လည်း ထူးခြားပေလိမ့်မည်။ ထို့အပြင် ထိုအမျိုးသားက သူမ၏ သူဌေးကို ဤနေရာသို့ လာရန် ပြောလိုက်သည်မှာ ထင်ရှားလှသည်။ ဆိုလိုသည်မှာ သူသည် သူမ၏ သူဌေးကို လာစေချင်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။
“မန်နေဂျာလီ … ကျွန်မကို သင်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”
လီချမ်းလေ့က ကျေနပ်စွာ ခေါင်းညိတ်ပြပြီး သူမ၏ ပခုံးကို လက်ဖြင့် ပုတ်ကာ
"မှတ်ထားပါ။ ဧည့်သည်တွေဆိုတာ နတ်ဘုရားတွေပဲ။ သူတို့ရဲ့ပိုက်ဆံတွေကို ဒီနေရာမှာ သုံးချင်နေသရွေ့ သူတို့ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ အကောင်းဆုံး ကြိုးစားပါ။”
ဟူဝမ်ဝမ်က တိတ်ဆိတ်စွာ ခေါင်းညိတ်သည်။ ရုတ်တရက် သူမက
"မန်နေဂျာလီ … လုံလူကြီးမင်းက နတ်ဘုရားဝတ်ရည်ဝိုင်ကို လိုချင်တယ်လို့ ပြောတယ်။"
လီချမ်းလေ့ တစ်ခဏမျှ နှုတ်ဆိတ်နေခဲ့ပြီး မျက်ခုံးပင့်ကာ လေးနက်စွာ ပြန်ဖြေလိုက်သည်။ "သူ တောင်းဆိုရဲမှတော့ ငါတို့က သူ့ကို ကျေနပ်အောင် လုပ်ပေးရဲရမှာပေါ့။ နတ်ဘုရားဝတ်ရည်ဝိုင်ကို တစ်ပုလင်း ၁၈,၈၈၈ယွမ်နဲ့ ဝယ်ထားပြီး ငါတို့က ယွမ် ၃၀,၀၀၀ဖြင့် ရောင်းချတာပဲလေ။ ဘယ်နှစ်ပုလင်းလောက် လိုချင်လဲလို့ မေးပါ။”
“ဟုတ်ကဲ့ပါ။” ဟူဝမ်ဝမ်က အလျင်အမြန် ခေါင်းညိတ်လိုက်သည်။
ပင်လယ်ကြည့်ခန်းမအတွင်း…
ထန်ရှုသည် စီးကရက် သောက်နေရင်း ဆိုဖာပေါ်တွင် မြုပ်အောင် ထိုင်နေသော လုံကျန့်ယုကို ကြည့်လိုက်ပြီး “အရင်က သိခဲ့ဖူးတဲ့ မင်းရဲ့စိတ်နေစိတ်ထားကနေ အခု မင်းကို ဟိတ်ဟန်များတဲ့ သူဌေးသားသခင်လေးလို ငါ့ကို ခံစားစေခဲ့တာ မင်းသိလား။ အဲ့ဒီတစ်ယောက်က ဒီနေရာက ကြီးကြပ်ရေးမှူးလေး ဆိုပေမယ့် မင်းကို ဝန်ဆောင်မှုပေးဖို့ သူ့ကို မင်း လှမ်းခေါ်လိုက်တယ်လေ။”
"ဒါက ငါ့ရဲ့ဘောင်ခတ်ထားတဲ့ စိတ်နဲ့ မင်းရဲ့ ခြားနားချက်ပဲ။"
လုံကျန့်ယုက ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
"ငါ့မှာ ပိုက်ဆံ လုံး၀ မရှိဘူးလို့ သူမ တွေးနေတာက ငါ့ကို နည်းနည်းတော့ စိတ်ဆိုးသွားစေတယ်။"
“အခြားနည်းနဲ့ စဉ်းစားကြည့်ရင် အဲ့ဒီဝန်ထမ်းက ငါတို့ကို ပိုက်ဆံမရှိဘူးလို့ သံသယဖြစ်တာက ငါတို့ရဲ့ပိုက်ဆံတွေကို အကုန်အကျနည်းအောင် ချွေတာပေးခဲ့တာနဲ့ အတူတူပဲမဟုတ်လား။ ပြီးတော့ မင်းကို ငါ ရိုးရိုးသားသား ပြောရမယ်ဆိုရင် ဒီလိုနည်းနဲ့ စားသောက်တဲ့ပုံစံကို ဖြုန်းတီးတာ ရာဇဝတ်မှုတစ်ခုလို့ ငါ ခံစားရတယ်။”
ထန်ရှု၏တုံ့ပြန်ချက်ကြောင့် လုံကျန့်ယုက ရယ်ရမလို ငိုရမလို ဖြစ်ကာ
“မင်းရဲ့ ဒီအဆိုးမြင်တဲ့ စိတ်ကူးကို ရိုးရိုးသားသား ပြောရရင် ငါ တကယ် လက်မခံနိုင်ဘူးကွာ။ လူတွေက ဘာအတွက် အသက်ရှင်နေကြတာလဲ။ ပြီးတော့ လူတွေက ငွေရှာဖို့ကို ပထမနေရာမှာ ထားတာ ဘာအကျိုးအတွက်လဲ။ လူတွေ အသက်ရှင် နေထိုင်ဖို့အတွက် အစားအသောက်၊ အိမ်နဲ့ လမ်းပန်းဆက်သွယ်ရေးတွေ လိုအပ်ပြီး ငွေရှာတာက ဒီအခြေခံလိုအပ်ချက်တွေအတွက် ဝန်ဆောင်မှုတွေ ပေးဖို့ပဲ မဟုတ်ဘူးလား။ ဘဝကို ကပ်စေးနည်းနေထိုင်တာပဲဖြစ်ဖြစ် သက်တောင့်သက်သာနေထိုင်တာပဲဖြစ်ဖြစ် ဒါလေးက ဘဝတစ်ခုလေးပါပဲ။ ဒါဆို ငါ့စိတ်နှလုံးသားလေး ကျေနပ်အောင် နည်းနည်းလေး ပိုပြီး အသက်ရှင်ခွင့် မပေးဘူးလား။ ကိုယ့်မှာ ရှိတဲ့ စည်းစိမ်ဥစ္စာတွေနဲ့ ထိုက်တန်တာကိုတော့ စားသောက်ရမှာပေါ့ကွာ။ ငါတို့မွေးတုန်းက ငါတို့နဲ့အတူ ဘာမှ ပါမလာဘူး။ ငါတို့သေသွားရင်လည်း ငါတို့နဲ့အတူ ဘာမှ ယူသွားလို့ မရဘူး။ ဒါကြောင့် ငါတို့လည်း ဘဝရဲ့အရသာကို အပြည့်အဝ ခံစားရမယ်လေ။"
ကြိုးစားအားထုတ်ဖို့ မတူညီသော ပန်းတိုင်များ…
ထန်ရှုသည် စိတ်တွင်းထဲတွင် တိတ်တဆိတ် သက်ပြင်း ချလိုက်သော်လည်း သူ့စကားများကို မငြင်းဆန်ခဲ့ပေ။ လူတစ်ရာတွင် ဘဝနေထိုင်မှုပုံစံ တစ်ရာရှိပြီး လုံကျန့်ယုနှင့် အယူအဆတူညီသူအချို့လည်း ရှိပေမည်။
ဧည့်ကြိုခန်းတွင်…
တုယွင်ကျဲ၏မျက်နှာသည် အုံ့မှိုင်းနေပြီး သူ့မျက်လုံးထဲတွင် အေးစက်စက် အလင်းရိပ်တစ်ခု ရှိနေကာ သူ့အနီးရှိ လူငယ်များသည်လည်း မှုန်ကုပ်ကုပ်နှင့် ခေါင်းငုံ့ထားကြသည်။ သူတို့ထဲမှ တစ်ယောက်၏မျက်နှာတွင် နီရဲနေသော လက်ငါးချောင်းရာ ရှိနေသဖြင့် သူ ပါးရိုက်ထားသည်မှာ သေချာပေသည်။
"ဟယ်လို သခင်လေးတု…"
စားပွဲထိုးတစ်ယောက်က သူ့အား တလေးတစား နှုတ်ဆက်သည်။
တုယွင်ကျဲသည် စီးကရက်ကို ကြမ်းပြင်ပေါ်သို့ ပစ်ချကာ နင်းချေလိုက်ပြီးနောက် သူက
“ထုံးစံအတိုင်း နံပါတ်(၇) ပင်လယ်ကြည့်ခန်းမ။ ချန်းဟီကို ဖုန်းဆက်ပြီး ထုံးစံအတိုင်း ဝန်ဆောင်မှု ပေးဖို့ သူ့ကို ပြောပေး။ နတ်ဘုရားဝတ်ရည်ဝိုင်တွေလည်း လိုချင်တယ်။ အာ ဟုတ်သားပဲ … ငါ ကျူးဘားဆေးပြင်းလိပ်တွေကို ဒီမှာ အပ်ထားတယ်။ ငါ့ဆီကို အဲ့ဒါတွေပါ ပို့ပေး။"
စားပွဲထိုးက ကြက်သေသေသွားသော်လည်း လျင်မြန်စွာ တုံ့ပြန်လိုက်သည်။
"ဒါပေမယ့် သခင်လေးတု … အမှတ် (၇) ပင်လယ်ကြည့်ခန်းမကို ဧည့်သည်တစ်ယောက်က လောလောဆယ် အသုံးပြုနေပါတယ်။ အစောပိုင်းက သခင်လေး ထွက်သွားတော့ ပြန်သွားပြီထင်ပြီး ဝန်ထမ်းတွေက အမှတ် (၇)အခန်းထဲက ကျန်ခဲ့တဲ့ ပစ္စည်းတွေကိုတောင် သန့်ရှင်းရေးလုပ်ပြီးသွားပြီ။"
တုယွင်ကျဲက ဘေးဘီဝဲယာလှည့်ကြည့်ကာ ဒေါသတကြီး အော်လိုက်သည်။
"ငါ ပြန်သွားတယ်လို့ ဘယ်ကောင် ပြောတာလဲ။ ဒီအဖေက တစ်ခုခုလုပ်ဖို့ အပြင်ထွက်ရုံလေးလေ။ အခု ပြီးသွားလို့ ပြန်လာတဲ့အခါ ဒီမှာ ဆက်စားလို့ မရဘူးလို့ ပြောလိုက်တာလား။ ယီးပဲ မင်းအလုပ်ကို ဘယ်လို လုပ်နေတာလဲ။"
စားပွဲထိုးက အလျင်အမြန် ခေါင်းငုံ့လိုက်ပြီး
“တကယ် စိတ်မကောင်းပါဘူး သခင်လေးတု။ နံပါတ် (၁၂) တောင်ဇလပ်ပန်းခန်းမဆိုရင်ရော ဘယ်… ဘယ်လိုလဲ။ နတ်ဘုရားဝတ်ရည်ဝိုင်နဲ့ သခင်လေး လိုချင်တဲ့ ကျူးဘားဆေးပြင်းလိပ်ကိုလည်း ကျွန်တော် ချက်ချင်း လာပို့ပေးပါမယ်။”
ဒေါသကြောင့် နီရဲနေသော မျက်လုံးများဖြင့် တုယွင်ကျဲသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း သူ ဒီနေ့ သူတွေ့ကြုံခဲ့ရသည့် အရှက်ကွဲမှုကို ပြန်သတိရမိပြီး ပြင်းထန်သော အော်ရာများ ထွက်ပေါ်လာသည်။
"ဒီနေ့ ဒီအဖေက နံပါတ်(၇)ပင်လယ်ကြည့်ခန်းမကို ရွေးပြီးသွားပြီ။ သူတို့ကို အခန်းထဲကနေ ဆွဲထုတ်ပြီး သန့်ရှင်းရေးလုပ်ဖို့ ၁၀မိနစ် ပေးလိုက်မယ်။ ငါ မင်းကို ဆုံးမမှ ငါ့ကို လာအပြစ်မတင်နဲ့။"
ထိုစကားကြားသည့် စားပွဲထိုးက တုယွင်ကျဲ၏ တောင်းဆိုမှုနှင့် ခြိမ်းခြောက်မှုများကို သူ၏ ကြိုးမဲ့နားကြပ်ကနေ အထက်လူကြီးထံ အမြန် ပြောပြလိုက်သည်။ မိနစ်အနည်းငယ်အကြာတွင် လီချမ်းလေ့က သူ့အား ခယသော အပြုံးဖြင့် နှုတ်ဆက်ပြီး
"သခင်လေးတု … မင်း ပြန်သွားပြီလို့ ငါ ထင်လိုက်တာ။ ပြန်လာလိမ့်မယ်လို့ မထင်မိဘူး။ ငါ့ဝန်ထမ်းဆီကပဲ ခုပဲ ဒီအကြောင်းကို ကြားရတယ်။ နံပါတ်(၇)ပင်လယ်ကြည့်ခန်းမကို အခြားဧည့်သည်က အမှန်တကယ်ပဲ အသုံးပြုပြီးဖြစ်နေလို့ပါ။ နောက်တစ်ခုကို ရွေးလို့ရမလား။"
ဒေါသများ ပြည့်နှက်နေသော တုယွင်ကျဲက သွားကြားထဲမှ ထွက်လာသော အသံဖြင့် ပြောလိုက်သည်။
"ငါ့ကို ဒီလိုအဓိပ္ပာယ်မရှိတာတွေ မပြောနဲ့တော့။ ငါ ပင်လယ်ကြည့်ခန်းမကို ရွေးတယ်။ ဒါကြောင့် ဒီည ငါ့အပိုင်ပဲ ဖြစ်ရမယ်။ အဲ့ဒီလူတွေကို အခန်းထဲကနေ ဆွဲထုတ်ဖို့ မင်း ဘယ်လိုပဲလုပ်လုပ် ငါ သောက်ဂရုမစိုက်ဘူး။ နို့မဟုတ်ရင် မင်းရဲ့ကြည်လင်ကန်ကလပ်က မနက်ဖြန်မှာ နာမည်ပျက်မထွက်ရင် င့ါကို ကြိုက်သလို ပြော။”
လီချမ်းလေ့ တခဏလောက် တိတ်ဆိတ်သွားရသည်။ သူသည် သူ၏သူဌေးကြီးဟောင်ရှုကို ဖုန်းဆက်လိုက်သော်လည်း သူဌေးကြီး၏ဖုန်းက ပိတ်ထားပြီး သူ၏ဒုတိယသူဌေးချန်းရှန်ဆီကိုသာ ဖုန်းခေါ်ဆိုနိုင်ခဲ့ပေသည်။
“အမှတ်(၇) ပင်လယ်ကြည့်ခန်းမမှာ ရှိတဲ့ ဧည့်သည်နှစ်ယောက်ကို အခန်းပြောင်းဖို့ပဲ ပြောလိုက်ပါ။ တုယွင်ကျဲ ဒီနေ့ည စိတ်အခြေအနေ မကောင်းဘူး။ ငါတို့ သူ့ကို မနှောင့်ယှက်တာ ပိုကောင်းတယ်။”
"နားလည်ပြီ။"
ညွှန်ကြားချက်ရပြီးနောက် လီချမ်းလေ့သည် တုယွင်ကျဲနှင့် အခြားသူများကို ခဏစောင့်ခိုင်းပြီး စတုတ္ထထပ်သို့ ပြေးသွားခဲ့သည်။ နံပါတ်(၇) ပင်လယ်ကြည့်ခန်းမ၏တံခါးကို ခေါက်ပြီးနောက် သူသည် အထဲသို့ ဝင်သွားကာ လုံကျန့်ယုနှင့် ထန်ရှုကို ပြုံးပြလိုက်ပြီး
“လူကြီးမင်းနှစ်ယောက် … ကျွန်တော် တကယ်ကို စိတ်မကောင်းပါဘူး။ ကျွန်တော်တို့ရဲ့ဝန်ထမ်းတွေ အမှားတစ်ခုဖြစ်သွားလို့ ဒီကြိုတင်မှာကြားထားတဲ့ အခန်းကို ပေးလိုက်မိပါတယ်။ ငါတို့ကို ခွင့်လွှတ်ပေးပါလို့ ပြောရင်းနဲ့ လူကြီးမင်းတို့ အမှတ်(၁၂) တောင်ဇလပ်ပန်းခန်းမမှာ ထမင်းစားပေးနိုင်မလားဗျာ။ ဒီနေ့လူကြီးမင်းတို့နှစ်ယောက်ရဲ့အသုံးစရိတ်အတွက် ၅၀% လျှော့ပေးမယ်လို့ သူဌေးက ပြောပါတယ်။"
အခန်းတွေ ပြောင်းနေတာလား…
ထန်ရှုနှင့် လုံကျန့်ယုသည် အကြည့်ချင်းဖလှယ်မိပြီး လုံကျန့်ယုက ဆိုဖာပေါ်မှ ချက်ချင်းထကာ "မင်း ဘာကို ဆိုလိုတာလဲ။ မင်းရဲ့ဝန်ထမ်းတွေ အမှားလုပ်မိတဲ့ အကျိုးဆက်တွေကို ငါတို့ကို ခံစေချင်တာလား။ ပြီးတော့ ၅၀% လျှော့ဈေးပေးဦးမယ် ... တကယ်ကို အထင်ကြီးစရာပဲ ဟုတ်လား။ ဒီနေရာအတွက် သုံးဖို့ ငါတို့မှာ ပိုက်ဆံမရှိဘူးလို့ မင်း တကယ် ထင်နေတာပေါ့။"
"မဟုတ်ဘူး မဟုတ်ဘူး။ ငါတို့မှာ ဒီလိုမျိုး စိတ်ကူးတွေ ဘယ်လို ရှိရဲပါ့မလဲ။"
လီချမ်းလေ့က ကမန်းကတန်း ပြန်ပြောလိုက်သည်။ “ဒါက လူကြီးမင်းတို့အတွက် ငါတို့က တောင်းပန်တဲ့အနေနဲ့ လုပ်ပေးတာပါ။ ကျေးဇူးပြုပြီး ငါ့ကို အခက်မတွေ့ပါစေနဲ့လားဗျာ။”
ထိုသူ၏သွင်ပြင်ကို ကြည့်ပြီး ထန်ရှု စိတ်ထဲကသာ သက်ပြင်း ချနိုင်ခဲ့သည်။ သူက ထရပ်လိုက်ပြီး လုံကျန့်ယု၏ပုခုံးကို ပုတ်ကာ
“ထားလိုက်ပါ။ သူက သူတို့ရဲ့သဘောထားကို ထုတ်ဖော်ပြနေတာဆိုတော့ သူ့အခွင့်အာဏာထက် ကျော်လွန်တဲ့ အရာတွေကို လုပ်ဆောင်ဖို့ ပြင်းပြင်းထန်ထန် တွန်းအားမပေးပါနဲ့တော့။ ဒီအခန်းမှာ ထမင်းစားရတာကလည်း အတူတူပါပဲ။ အပြင်ထွက်ပြီး အခန်း ပြောင်းပေးလိုက်ရအောင်။"
***