← Chapters

ကိန်းကြီးခမ်းကြီးနိုင်သောသူ

Vol. 44 Ch. 616

ကိန်းကြီးခမ်းကြီးနိုင်သောသူ

Vol. 44 Ch. 616

ကြည်လင်ကန်ကလပ်တွင် အရည်အချင်းပြည့်ဝသော လုံခြုံရေးအစောင့်များစွာရှိသည်။ လီချမ်းလေ့သည် တုယွင်ကျဲ၏ဂုဏ်ပုဒ်များကို သိရှိထားပြီး လုံကျန့်ယုနှင့် ထန်ရှုတို့သည်လည်း သာမန်လူများမဟုတ်မှန်း သူ ခန့်မှန်းမိသည်။ ဤသို့သော မြင်ကွင်းနှင့် ရင်ဆိုင်နေရသည့်အချိန်တွင် သူ၏အမူအရာသည် အလွန်အလေးအနက်ဖြစ်နေပြီး

“လူကြီးမင်းတို့ခင်ဗျာ … ရာထူးတစ်နေရာမှာ ရှိနေတဲ့သူက သူ့ရာထူးနဲ့ သက်ဆိုင်တဲ့ ဘယ်ကိစ္စရပ်အတွက်မဆို ပူပန်တွေးတောရတယ်ဆိုတဲ့ သဘောတရားကို လူကြီးမင်းတို့လည်း သိတယ်လို့ ငါ ယုံကြည်ထားပါတယ်။ ပြောရမယ်ဆိုရင် ငါက ဒီကလပ်ရဲ့ မန်နေဂျာတစ်ယောက်မို့ ကလပ်လုံခြုံရေးအတွက် တာဝန်ရှိပါတယ်။ လူကြီးမင်းတို့ကြားက ပဋိပက္ခကို ငါတို့ရဲ့အစုရှယ်ယာရှင်တွေဆီ တင်ပြထားပြီးပါပြီဗျ။ သူတို့ထဲက တစ်ဦးက ဒီနေရာမှာ ရှိနေတာမို့ သူရောက်မလာခင်လေးမှာ လူကြီးမင်းတို့ရဲ့ စိတ်ခံစားချက်တွေကို ထိန်းထားနိုင်ပြီး အပြင်ကို မပေါက်ကွဲဖို့ ငါ မျှော်လင့်ပါတယ်ဗျာ။"

အထဲသို့ ဝင်လာသော ဝမ်ကျိဒေါင်သည် အံ့သြတကြီး ဖြစ်နေသည်။ တုယွင်ကျဲနှင့်အတူရှိနေသည့် လူငယ်လေးယောက်သည် သွေးထွက်သံယို ဒဏ်ရာများနှင့် ကြမ်းပြင်ပေါ်သို့ လဲကျနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူက လုံကျန့်ယုနှင့် ထန်ရှုကို တစ်ချက်ကြည့်လိုက်ပြီးနောက် တုယွင်ကျဲအား ခေါင်းညိတ်ပြကာ မေးလိုက်သည်။

"မင်း အဆင်ပြေရဲ့လား။"

"ဟမ့် … မင်းရဲ့ ကြည်လင်ကန်ကလပ်မှာ ဖြစ်ပျက်နေရင်တောင် ငါ မင်းကို ဒီကိစ္စမှာ ဝင်မစွက်ဖက်စေချင်ဘူး။" တုယွင်ကျဲက ခေါင်းယမ်းပြီး အေးစက်စွာ ပြောလိုက်သည်။

"ငါတို့ကြားက ကိစ္စက ငါတို့ဘာသာ ဖြေရှင်းပြီး ဒီခန်းမမှာ အဆုံးသတ်မယ်။"

ဝမ်ကျိဒေါင် မပြုံးနိုင်ဘဲ အောင့်သက်သက် ဖြစ်နေခဲ့သည်။ ထို့နောက် သူက လုံကျန့်ယုနှင့် ထန်ရှုကို ကြည့်ကာ

"မင်းတို့နှစ်ယောက်ကို ငါ ဘယ်လိုခေါ်လို့ရမလဲ။"

ထန်ရှုက စကားပြန်မပြောဘဲ ပြုံးရုံသာ ပြုံးပြသည်။ လုံကျန့်ယုက မျက်လုံးမှေးစင်းလိုက်ရင်း "ငါတို့ကို ဘယ်သူလဲလို့ မေးမယ့်အစား မင်းကိုယ်မင်း အရင်မိတ်ဆက်ပေးသင့်တာ မဟုတ်ဘူးလား။"

ဝမ်ကျိဒေါင်က အသံထွက်အောင်ရယ်လိုက်ရင်း "ကိုယ့်လူ … မင်း တခြားမြို့က လာတာ မဟုတ်လား။ အပြာရောင်မြို့မှာ ဝမ်ကျိဒေါင်ကို မသိတာ လူအနည်းငယ်လောက်ပဲ ရှိမယ်။”

"ငါတို့က တောသားတွေလေ။ မင်း အသိဉာဏ် ကျယ်ဖို့အတွက် ဘာတစ်ခုမှ ငါတို့မှာ ပြစရာ မရှိဘူး။ မင်းအတွက် ရယ်စရာဖြစ်နေမှာပဲ။"  လုံကျန့်ယုက ရွဲ့ပြောလိုက်သည်။

ဝမ်ကျိဒေါင်၏မျက်ခုံးအနည်းငယ်တွန့်ချိုးသွားပြီး သူ့မျက်နှာပေါ်ရှိ အပြုံးများ လျော့ပါးသွားကာ

"ငါ မင်းတို့နှစ်ယောက်ကို ယဉ်ယဉ်ကျေးကျေး အကြံပေးချင်တယ်။ နဂါးဆိုတာ ဘယ်လောက်ပဲ ကြောက်စရာကောင်းကောင်း ဒေသခံမြွေကို ဘယ်တုန်းကမှ မဖိနှိပ်နိုင်တာကို မင်းတို့လည်း သိမှာပါ။ ဒီနေရာက အပြာရောင်မြို့ပါ။ မင်းတို့တွေက အခြားနေရာတွေမှာ အလွန်တောင့်တင်းတဲ့ အရင်းအနှီးတွေ ရှိကောင်းရှိနိုင်ပေမယ့် ဒီနေရာမှာ ကိုယ့်ကိုယ်ကိုယ် ထိန်းထားတာ ပိုကောင်းတယ်။ ငါ့ကို မျက်နှာသာပေးပါ။ ဒီကိစ္စအတွက် ငါ မင်းတို့ကို ဖြေရှင်းချက်ကောင်းကောင်း ပေးနိုင်ပါတယ်။”

ထန်     ရှုက ရုတ်တရက် ပြုံးလိုက်ပြီး

"သခင်လေးဝမ် ဟုတ်တယ်နော်။ ကောင်းပြီ။ ဒါ မင်းရဲ့ နေရာဖြစ်လို့ ငါတို့ မင်းကို မျက်နှာသာပေးရမှာပေါ့။ ဒါပေမဲ့ ဒီကောင်လေးကို မင်း အရင်မေးရလိမ့်မယ်။ သူက မင်းကို မျက်နှာသာပေးချင်ရဲ့လား။"

တုယွင်ကျဲက ရုတ်တရက် ထရပ်လိုက်ပြီး

"ကျိဒေါင် … သူတို့က မာနကြီးလွန်းတယ်။ ငါ ဒီကိစ္စကို လုံးဝလက်မလွှတ်ဘူး။ မင်း ငါ့ကို မင်းရဲ့သူငယ်ချင်းလို့ မှတ်ယူနေသေးရင် ဒီကိစ္စထဲမှာ မင်း မပါဝင်ဖို့ ငါ မျှော်လင့်တယ်။"

ဝမ်ကျိဒေါင်၏မျက်နှာထက်တွင် မကျေမနပ်အမူအရာ ပေါ်လာပြီး

"သခင်လေးတု … မင်းက ငါ့ကို အခက်အခဲတွေ ဖြစ်အောင် ကြိုးစားနေတာလား။ ဒီနေ့ မင်းရဲ့ ဒေါသက တစ်စုံတစ်ယောက်ကြောင့် တောက်လောင်နေပြီး စိတ်ထဲတနုံ့နုံ့ဖြစ်နေတယ်ဆိုတာ ငါသိတယ်။ သူတို့ရဲ့အကောင်းဆုံး ကောင်မလေးနှစ်ယောက်ကိုရှာဖို့ တိမ်ဖြူနန်းတော်ကို ငါ သွားပေးရင်ရော ဘယ်လိုလဲ။ ဒီည မင်းရဲ့မီးကို ငြိမ်းသတ်ပြီး ဒီကိစ္စကို ဒီမှာပဲ အဆုံးသတ်လိုက်ပါ ဟုတ်ပြီလား။"

တုယွင်ကျဲက အသံလေးလေးကြီးဖြင့်

“ချန်းကျီက ငါတို့လူတွေနဲ့ ဒီနေရာကို မကြာခင် ရောက်လာတော့မယ်။ သူ့စရိုက်ကို မင်းလည်း ကောင်းကောင်းသိတာပဲ။ ဒါပေမယ့် ဒီကိစ္စကို ပြီးဆုံးစေချင်ရင် သူတို့တွေ ငါ့ညီလေးယောက်ကို ဒူးထောက်တောင်းပန်ပြီး ဆေးဖိုးဝါးခအတွက် ယွမ်ငွေ သန်းပေါင်းများစွာ ပေးရမယ်။”

ဝမ်ကျိဒေါင် တိတ်ဆိတ်သွားသည်။ ချန်းကျီက ဘယ်လိုလူစားဆိုတာ သူ ကောင်းစွာ သိသည်။ အပြာရောင်မြို့တွင် ထိုအမျိုးသားသည် ၎င်း၏ ရက်စက်မှု၊ အလွန်ကြောက်မက်ဖွယ်ကောင်းသော ကိုယ်ခံပညာတို့အပြင် သူ ပိုင်ဆိုင်ထားသော သူ့လက်အောက်မှ လူမိုက်ဂိုဏ်းများနှင့်အတူ ကျော်ကြားပေသည်။ အပြာရောင်မြို့တော်တွင် ရှိသော လူနည်းစုလောက်ကသာ သည်လူအား ဖက်ပြိုင်ဝံ့သည်။ တုမိသားစုအား တရားဝင်နောက်ခံအဖြစ်ထားရှိသော သခင်လေး တုယွင်ကျဲ့အား ၎င်း၏ကျောထောက်နောက်ခံအဖြစ် ပိုင်ဆိုင်ထားသောကြောင့် သူသည် သဘာဝကျစွာဖြင့် သူ့သခင်လေးအတွက် တိုက်ပွဲဝင်လိုစိတ်ရှိခဲ့သည်။

မိနစ်ဝက်အကြာတွင် ဝမ်ကျိဒေါင်က သက်ပြင်းတစ်ချက် ချကာ လုံကျန့်ယုကို ကြည့်လိုက်ပြီး

"မင်းတို့နှစ်ယောက်တည်း အပြာရောင်မြို့ကို လာတာလား။ တခြားဘယ်သူမှ မပါဘူးလား။"

"ဟုတ်တယ် ငါတို့တစ်တွေပဲ။" လုံကျန့်ယုက ဘာမှမထူးခြားဟန်ဖြင့် ပြောလိုက်သည်။

ဝမ်ကျိဒေါင်က ခေါင်းယမ်းလိုက်ပြီး

“ဒီလိုဆိုမှဖြင့် သူပြောတဲ့အတိုင်း လိုက်နာဖို့သာ ငါ မင်းတို့ကို အကြံပေးနိုင်တော့တယ်။ တောင်းပန်ပြီး လျော်ကြေးငွေ သန်းပေါင်းများစွာ ပေးပြီးရင် ဒီကိစ္စကို အဆုံးသတ်လိုက်ကြတာပေါ့။”

"စိတ်ဝင်စားစရာပဲ။ ဒါက တကယ်ကို ရယ်စရာ ကောင်းတယ်။" လုံကျန့်ယု ပြုံးလိုက်သည်။

"ဒါပေမယ့် ငါက ငြင်းရင်ရော။"

“အဲဒီ့အချိန်ကျရင် ခြေလက်အင်္ဂါအပြည့်အစုံနဲ့ ဒီကလပ်တံခါးကနေ ထွက်သွားဖို့ ခက်မယ်ထင်တယ်၊ ဒါကြောင့် ရည်ရွယ်ချက်ကောင်းတွေနဲ့ ငါ မင်းကို ကောင်းမွန်စွာ ပြောပြတာပါ။” ဝမ်ကျိဒေါင်က လေးနက်သောအမူအရာဖြင့် ပြောလိုက်သည်။

တုယွင်ကျဲ၏ မောက်မာမှု သို့မဟုတ် ဝမ်ကျိဒေါင်၏ သည်ကဲ့သို့ ကောင်းမွန်သော ရည်ရွယ်ချက်မျိုးကြောင့် ထန်ရှု စိတ်တွင်းထဲက အတန်ငယ် ဒေါသထွက်ပြီး စက်ဆုပ်သွားရသည်။ သည်ကဲ့သို့ နိုင့်ထက်စီးနင်းလုပ်တတ်သည့် လူပေါ်ကြော့ သူဌေးသား သခင်လေးများ၏စိတ်ထားမျိုးကို သူ ဘယ်တုန်းကမှ သဘောမကျပေ။ သူက စီးကရက်တစ်လိပ်ကို မီးညှိကာ အားပါးတရ ဖွာရှိုက်လိုက်ပြီး “ရည်ရွယ်ချက်ကောင်းအတွက် ကျေးဇူးတင်ပါတယ်။ ဒီမှာလုပ်စရာ ဘာမှမရှိဘူးဆိုရင် မင်းလုပ်စရာ ရှိတာ သွားလုပ်ပါ။"

ဝမ်ကျိဒေါင်၏မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး ထန်ရှုကို လေးလေးနက်နက် စိုက်ကြည့်ကာ

"လူကြီးမင်းတို့နှစ်ယောက် … မင်းတို့ ဒီလိုလုပ်ဖို့ တောင်းဆိုတာကို သတိမပေးဘူးလို့ နောက်မှ ငါ့ကို အပြစ်မတင်ပါနဲ့။ ဒီမှာ မင်းတို့ အမှားတစ်ခုခုဖြစ်ခဲ့ရင် ငါတို့တာဝန်ယူမှာမဟုတ်ဘူး။"

ထိုစကားကို ပြောပြီးနောက် ဝမ်ကျိဒေါင်သည် တံခါးမှ ထွက်လာခဲ့သည်။

လီချမ်းလေ့သည် ဝမ်ကျိဒေါင်၏အနောက်သို့ လိုက်သွားခဲ့ပြီး သူတို့စင်္ကြံသို့ အရောက်တွင်

"သခင်လေးဝမ် … မင်း ဖုန်းချသွားလို့ မပြောလိုက်ရတာ တစ်ခုရှိသေးတယ်။ တခြားမြို့ကလာတဲ့ ဒီဧည့်သည်နှစ်ယောက်က သခင်လေးဟောင်ရဲ့ သူငယ်ချင်းလို့ သူတို့ ပြောကြတယ်။”

ဝမ်ကျိဒေါင် တခဏလောက် တွေဝစွော စိုက်ကြည့်လာရင်း သူ့မျက်လုံးများကို မှေးစင်းလိုက်ကာ "ဘာဟောင်ရှုရဲ့သူငယ်ချင်းတွေလဲ။ သူ့မှာ သူငယ်ချင်းတွေ အများကြီးရှိတယ်။ သူတို့က သူ့သူငယ်ချင်းလို့သာ ပြောပေမယ့် သူတို့ ဘယ်ကလာမှန်း ဘယ်သူကသိမလဲ။” သူ ထိုသို့ ပြောလိုက်သည့်တိုင် ဆက်မေးလိုက်သည်။

“သူတို့အကြောင်း မင်း ဘာသိသေးလဲ။”

"သူတို့ထဲက တစ်ယောက်က မျိုးရိုးနာမည်လုံဆိုတာပဲ ငါ သိတယ်။" လီချမ်းလေ့က ခေါင်းယမ်းလိုက်ရင်း "ဒါပေမယ့် တခြားတစ်ယောက်အကြောင်းတော့ မသိဘူး။"

လုံမျိုးရိုးလား…

ဝမ်ကျိဒေါင် အံ့သြထိတ်လန့်သွားပြီး ဟောင်ရှုအား ဖုန်းဆက်လိုက်သည်။ သူ့ဖုန်းအား ဆက်သွယ်မရကြောင်း သိပြီးနောက် အခြားသူတစ်ယောက်၏နံပါတ်ကို ခေါ်ဆိုပြီး "ငါ ဖုန်းဆက်တယ်လို့ ဟောင်ရှုကို ပြောပေး။"

ခဏအကြာတွင် ဖုန်းထဲမှ ဟောင်ရှု၏အသံ ထွက်ပေါ်လာသည်။

"ငါပါ။ မင်း ဘာဖြစ်လို့လဲ။"

"မင်းမှာ လုံမျိုးရိုးနာမည်နဲ့ သူငယ်ချင်းရှိလား။" ဝမ်ကျိဒေါင်က ကမန်းကတန်း မေးလိုက်သည်။

ယခုအချိန်ထိ မာကျောက်ကစားရာအိမ်တွင် ရှိနေဆဲဖြစ်သော ဟောင်ရှုသည် မျက်ခုံးပင့်ကာ သူ့နောက်မှ လူငယ်အား လက်ဝှေ့ယမ်းပြီး သူ့နေရာတွင် အစားထိုးရန် အရိပ်အမြွက် ပြလိုက်သည်။ ထို့နောက် ဘေးသို့ လျှောက်လာပြီး

“သူက ငါ့ရဲ့ သူငယ်ချင်းကောင်းတစ်ယောက်ပဲ။ မင်း ဘာလို့ သူ့အကြောင်း မေးနေတာလဲ။"

"ကလပ်ထဲမှာ တုယင်ကျဲနဲ့ ပဋိပက္ခဖြစ်နေတဲ့ လူရွယ်နှစ်ယောက်ရှိတယ်။ ဒီနေရာကို သူခေါ်လာတဲ့ သူငယ်ချင်း လေးယောက်က ဆိုးဆိုးရွားရွား အရိုက်ခံရပြီး ရိုက်လိုက်တဲ့ လူရွယ်၂ယောက်က မင်းရဲ့သူငယ်ချင်းတွေလို့ လီချမ်းလေ့ဆီက ငါ ကြားတယ်။"

ဟောင်ရှုက ပြောင်းလဲသွားသည့် အမူအရာဖြင့် "ငါ သိပြီ။ ငါ အဲ့ဒီကို ချက်ချင်းလာခဲ့မယ်။ ငါ အဲ့ဒီကို မရောက်ခင် အခြေအနေကို သေချာ ထိန်းသိမ်းထားပေး။"

"နားလည်ပြီ။" ပြန်ဖြေလိုက်သော ဝမ်ကျိဒေါင်၏မျက်နှာပေါ်တွင် ပဟေဠိ အရိပ်အယောင်များ ရှိနေသည်။

ထိုအချိန်တွင် ဟောင်ရှု၏မျက်နှာသည် လွန်စွာ ရုပ်ဆိုးနေပေသည်။ အိတ်ကပ်ထဲက သူ့ဖုန်းကို ထုတ်လိုက်သော်လည်း အစောပိုင်းက ပြုတ်ကျပြီး ကွဲသွားသည်ကို ပြန်သတိရသွားခဲ့သည်။ ထို့နောက် တစ်စုံတစ်ယောက်၏လက်ကိုင်ဖုန်းကို ချက်ချင်းယူကာ ဖုန်းနံပါတ်တစ်ခုကို ခေါ်ဆိုလိုက်သည်။

ဝမ်ကျိဒေါင် ဖုန်းချလိုက်ပြီးနောက် ပင်လယ်ကြည့်ခန်းမသို့ ပြန်သွားခဲ့သည်။ သူ စကားပြောတော့မည့်ဆဲဆဲတွင် လုံကျန်ယု၏ဖုန်းမြည်သံကို ကြားလိုက်ရသည်။

လုံကျန့်ယုသည် ထိုအချိန်တွင် စီးကရက်တစ်လိပ်ကို မီးညှိပြီးရုံ ရှိသေးသည်။ သူ၏ဖုန်းကို ထုတ်ပြီး ခေါ်ဆိုသူကို ကြည့်ပြီးနောက် ၎င်းသည် မရင်းနှီးသော နံပါတ်တစ်ခုဖြစ်ကြောင်းကို သူ တွေ့လိုက်သော်လည်း ကိုင်လိုက်ပြီး ခပ်ပေါ့ပေါ့လေသံဖြင့်

“လုံကျန့်ယု ပြောနေပါတယ်။ ဘယ်သူ ဆက်တာပါလဲ။”

"ဟယ်လို သခင်လေးလုံ … အခု ဘယ်မှာလဲ။"

ဖုန်းထဲက ဟောင်ရှု၏အသံကို ကြားလိုက်ရသည်။

ခြေတစ်ဖက်ချိတ်ကာ ထိုင်လိုက်ပြီးနောက် လုံကျန့်ယုက သရော်တော်တော်လေသံဖြင့်

"သခင်လေးဟောင်က ဒီနေ့ တကယ်ကို သန့်စင်ပြီး အရမ်းကောင်းနေတာပဲ။ ငါ ဒီနေ့ရောက်နေတဲ့ နေရာကို ဂရုစိုက်လို့ပါလား။ ဘာဖြစ်လို့လဲ။ လုံ့ကျန့်ယုက အရမ်းအနိုင်ကျင့်ဖို့ လွယ်တယ်လို့ မင်း ခံစားမိလို့ အပြာရောင်မြို့ရဲ့ သူဌေးသားသခင်လေးတွေနဲ့ ပူးပေါင်းဖို့လား။"

ဟောင်ရှုသည် လက်ကိုင်ဖုန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး မချိပြုံး ပြုံးလိုက်သည်။ လုံကျန့်ယု၏ လေသံနှင့် စကားလုံးများမှတဆင့် တုယွင်ကျဲနှင့် ဆန့်ကျင်ဘက် ဖြစ်နေကြောင်း သူပြောနိုင်နေပြီ ဖြစ်သည်။

“သခင်လေးလုံ … ငါ မှားပါတယ်။ ငါ မင်းဆီကို ချက်ချင်းလာခဲ့မယ်။ ငါ ရောက်တဲ့အခါ တောင်းပန်ပြီး မင်းကို ရှင်းပေးပါမယ်။"

“လျော်ကြေးပေးဖို့ မလိုဘူး။ ဒါပေမယ့် ငါတို့ ဗိုက်ဆာနေပြီ။” လုံကျန့်ယုက ထူးမခြားနားဟန်ဖြင့် ပြန်ဖြေသည်။ "သခင်လေးတုရဲ့လူတွေ မလာခင် မင်းရဲ့လူတွေကို တွန့်ဆုတ်တွန့်ဆုတ်နဲ့ ဝန်ဆောင်မှု ပေးမနေနဲ့လို့ ပြောလိုက်စမ်းပါ။ ငါတို့က တခြားသူတွေ ရိုက်တာခံရလို့မပြိုလဲဘဲ ဗိုက်ဆာတာနဲ့ ပြိုလဲတော့မယ်။"

“သူတို့ကို ငါ ချက်ချင်း ပြောလိုက်မယ်။” ဟောင်ရှုက အနည်းငယ် တုံ့ဆိုင်းသွားကာ

"အာ … မင်းက 'ငါတို့' လို့ ပြောသွားခဲ့တာပဲ။ နောက်တစ်ယောက်က ဘယ်သူလဲ…”

"ဒီကိစ္စအတွက် မင်း စိတ်အေးလက်အေး ရှိနေတုန်းပဲလား။"

လုံကျန့်ယုက စိတ်ဆိုးမာန်ဆိုး အော်လိုက်သည်။

"ဒီနေ့ မင်းကိုယ့်ကိုယ်ကို အရှက်ခွဲလိုက်တာပဲ။ ငါ စောစောကသာ သိခဲ့ရင် မင်းရဲ့ဒီဆိုးရွားလှတဲ့နေရာကို ငါ လာမှာမဟုတ်ဘူး။”

ဟောင်ရှု လုံးဝကို အံသြသွားသည်။ လုံကျန့်ယုနှင့် သိခဲ့သည်မှာ အချိန်ကြာမြင့်ခဲ့ပြီဖြစ်ပေရာ သူ ဒေါသထွက်သည်ကို တစ်ခါမျှ မတွေ့ခဲ့ဖူးပေ။ ထို့ကြောင့် ဟောင်ရှု အလျင်အမြန် ပြေးထွက်လာခဲ့မိသဖြင့် မာကျောက်စားပွဲပေါ်ရှိ သူ့သူငယ်ချင်းအား ဖုန်းပြန်ပေးရန်ပင် မေ့သွားခဲ့သည်။

ပင်လယ်ကြည့်ခန်းမအတွင်းမှာ...

ဝမ်ကျိဒေါင်သည် ခန်းမထဲသို့ ပြန်လာစဉ် ဟောင်ရှုသည် တစ်ဖက်လူထံသို့ ဖုန်းဆက်မည်ဟု မထင်ထားခဲ့သဖြင့် အံ့အားသင့်သွားခဲ့သည်။ သူ့အား ထိတ်လန့်စေသည့် အရာမှာ လုံကျန့်ယုဟု ခေါ်သော လူငယ်သည် စိတ်ဆိုးမာန်ဆိုးဟန်ဖြင့် ဟောင်ရှုအား လုံးဝမျက်နှာသာမပေးဘဲ ပြောနေခြင်းဖြစ်သည်။

ချက်ချင်းလိုပင် တုယွင်ကျဲသည် သည်နေ့ ကံကြမ္မာဆိုးဖြင့် ဆုံတွေ့ရလိမ့်မည်ဟု ဝမ်ကျိဒေါင် ရုတ်တရက် ခံစားလိုက်ရသည်။

ထိုအချိန်တွင် တုယွင်ကျဲလည်း ထိတ်လန့်သွားသည်။ သူသည် များသောအားဖြင့် ထက်မြက်သူ ဖြစ်သော်လည်း ယနေ့တွင်မူ မည်သည့်နေရာသို့ ဖောက်ထုတ်ချင်မှန်း မသိအောင် ဒေါသများ ပေါက်ကွဲနေသည်။ ထို့နောက် သူက ထန်ရှုနှင့် လုံကျန့်ယုတို့ကို ပြင်းပြင်းထန်ထန် ပြောဆိုခဲ့သည်။ သို့သော် လုံကျန့်ယုပြောနေသော ဖုန်းစကားသံအရ တစ်ဖက်မှ ဆက်လာသောလူသည် ဟောင်ရှု ဖြစ်မည်ကို သူ သိသည်။

သူသည် ဟောင်ရှုကို မကြောက်သော်လည်း ဖြစ်ပေါ်လာမည့် ထူးထူးခြားခြား အကျိုးဆက်များကိုတော့ လွန်စွာ ကြောက်ပေသည်။

မိနစ်ဝက်မပြည့်ခင်မှာပင် ဝမ်ကျိဒေါင်၏ လက်ကိုင်ဖုန်း မြည်လာသည်။ သူ ဖုန်းပြန်ဖြေလိုက်သည်နှင့် ဟောင်ရှု၏အသံ ထွက်လာသည်။

"ကျိဒေါင် … ငါ့သူငယ်ချင်းတွေအတွက် စားသောက်ပွဲပြင်ပေးဖို့ မီးဖိုချောင်ထဲကလူတွေကို ချက်ခြင်းအမိန့်ပေးပြီး အမြန်ဆုံးလုပ်လိုက်ပါ။ ဒီလူတွေက အရမ်းထူးခြားတဲ့ ဂုဏ်ပုဒ်တွေ ရှိတယ်။ ဒါကြောင့် ငါ အဲ့ဒီကို မရောက်ခင် မင်း အခြေအနေကို ထိန်းထားရမယ်။”

“ငါ…”

ဝမ်ကျိဒေါင်က ပါးစပ်ဟလိုက်မိသော်လည်း ဘာပြောရမှန်းမသိ ဖြစ်နေသည်။ လုံကျန့်ယုနှင့် ထန်ရှုတို့အား သူ ပြောခဲ့သောစကားများကို ပြန်သတိရသွားသောအခါတွင် တံတွေးတစ်ချက် မျိုချလိုက်မိပြီး ခါးသီးသော အပြုံးဖြင့်

“ချီးပဲ မင်း ငါ့ကို ဘာလုပ်လိုက်တာလဲ။ မင်းရဲ့သူငယ်ချင်းတွေလို့ စောစောကသာ ငါသိခဲ့ရင် ငါ အဲ့ဒီကို အပြေးအလွှားသွားပြီး ကိုယ်တိုင် ပါဝင်လိုက်မှာပေါ့ကွ။ ဟူး … မေ့လိုက်တော့။ ငါ နားလည်ပြီ။"

ဖုန်းချပြီးနောက် သူက လီချမ်းလေ့ကို ချက်ချင်း ကြည့်ပြီး

"ဒီဧည့်သည်နှစ်ယောက်က ဘာမှ မစားရသေးဘူး။ စားဖိုဆောင်ကို သွားပြီး တတ်နိုင်သမျှ အမြန်ဆုံး ထမင်းဟင်း ချက်ပေးဖို့ ပြောလိုက်ပါ။”

"ဘာတွေ ဖြစ်နေတာလဲ။"

လီချမ်းလေ့က အူကြောင်ကြောင် ဖြစ်နေပြီး တုယွင်ကျဲကမူ အံသြသွားလေတော့သည်။

***

All Chapters