← Chapters

ဒုက္ခရှာကြခြင်း

Vol. 45 Ch. 617

ဒုက္ခရှာကြခြင်း

Vol. 45 Ch. 617

တုယွင်ကျဲကို စိတ်ထဲမထည့်ထားဘဲ ဝမ်ကျိဒေါင်သည် စိတ်ရှုပ်ထွေးနေသောအမူအရာဖြင့် လုံကျန့်ယုကို ကြည့်ကာ ခါးသီးသောအပြုံးဖြင့် စကားဆိုလိုက်သည်။ "အစောပိုင်းက ငါ့ရဲ့အဆီအငေါ်မတည့်တဲ့ သဘောထားနဲ့ အမူအကျင့်တွေကို လျစ်လျူရှုပေးနိုင်မယ်လို့ မျှော်လင့်ပါတယ် သခင်လေးလုံ။ မင်းတို့နှစ်ယောက်လုံး ငါတို့ရဲ့ကလပ်ကို အလည်လာစဉ်အတွင်း ကံခေတာတွေ မရှိဘူးလို့ ငါ ထင်ပြီး လုပ်ခဲ့မိတာ။"

"မင်းတို့ကလပ်ကို ငါ အဆိုးမြင်ပြီးသွားပြီ။ ကလပ်ကို လာတဲ့သူတွေဆိုတာ ဧည့်သည်တွေ ဖြစ်တာမို့လို့ မင်းတို့ဧည့်သည်တွေရဲ့ လုံခြုံရေးအတွက် မင်းတို့မှာ တာဝန်ရှိတယ်။ ဒါပေမယ့် ဒီမှာက ခြွင်းချက်တွေရှိပြီး မင်းတို့က တစ်ဖက်တည်းပဲ။ တခြားသူတွေ ပိုင်ဆိုင်တဲ့ စွမ်းအားကို ကြောက်ပြီး အပြာရောင်မြို့မှာ အဲ့ဒါကို ပြင်ဆင်ဖို့ ခွန်အားနည်းနည်းတောင် မရှိဘူး။”လုံကျန့်ယုက ခံစားချက်မဲ့စွာ ပြောလိုက်သည်။

“ဒါ…” ဝမ်ကျိဒေါင် အတန်ငယ် အနေရခက်သွားသည်။ လုံကျန့်ယု၏စကားများသည် နားဝင်ဆိုးသော်လည်း ပြောလိုက်သောစကားများသည် မှန်ကန်သည်ကို သူသိသည်။ တုယွင်ကျဲ၏ ဂုဏ်ပုဒ်ကြောင့် ဤနေရာတွင် သူ ကျရှုံးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူက မတ်တပ်ရပ်လိုက်ပြီး ချက်ချင်း ပြောလိုက်သည်။

“မှန်ပါတယ်။ သခင်လေးလုံပြောသလိုပဲ ဧည့်သည်တွေရဲ့ လုံခြုံရေးကို ကာကွယ်ဖို့ ငါတို့ရဲ့ကလပ်မှာ တာဝန်ရှိပါတယ်။ အရင်က အဲ့ဒါကို လျစ်လျူရှုထားမိတယ်။ အခုလျော်ကြေးငွေကို မပေးရပေမယ့် နောင်လည်း အလားတူဖြစ်ရပ်မျိုး ထပ်မဖြစ်စေရဘူးလို့ ငါ အာမခံပါတယ်။"

လုံကျန့်ယုက စိတ်မပြေသေးသောကြောင့် နောက်ထပ် ထပ်ထည့်ချင်သေးသော်လည်း ထန်ရှုက သူ့ကို ဟန့်တားလိုက်ကာ ရယ်သံဖြင့်

"သခင်လေးဝမ် ဟုတ်တယ်နော်။ ဒီဆိုးရွားတဲ့ ကိစ္စအကြောင်း ပြောမနေပါနဲ့တော့။ ပင်လယ်ကြည့်ခန်းမက အခုရှုပ်ပွသွားပြီဆိုတော့ မင်းရဲ့ဆုံးရှုံးမှုအတွက် ငါတို့ လျော်ကြေးပေးပါ့မယ်။ မင်း သူတို့ကို ဒီအခန်းထဲက အရင် ထုတ်သွားပေးလို့ရမလား။ ငါတို့ ထွက်သွားမှာကို စိတ်မပူပါနဲ့။ သူ့လူတွေ လာတာကို ငါတို့က စောင့်နေတာမို့ မင်း စိတ်ချနိုင်တယ်။ ဒါမှမဟုတ် မင်း ဒီမှာပဲ စောင့်နေပြီး ငါတို့စားတာကို စောင့်ကြည့်နေမလား။"

ဝမ်ကျိဒေါင်က ခေါင်းညိတ်တုံ့ပြန်ကာ သူ့အကြည့်အား တုယွင်ကျဲဆီ ပို့လိုက်သည်။

တုယွင်ကျဲ့သည် မာနထောင်လွှားသော လူများစွာကို မြင်ဖူးသော်လည်း ထိုကဲ့သို့ မာနထောင်လွှားခြင်းမျိုးအား တစ်ခါမှ မမြင်ဖူးချေ။ ရန်သူလာတာကို စောင့်ရင်း စားသောက်ရဲကြသေးသည်ပေါ့။ ထန်ရှုနှင့် လုံကျန့်ယုတို့သည် ထူးခြားသော အထောက်အထားတစ်ခု ပိုင်ဆိုင်ကြကြောင်း သူ ခန့်မှန်းထားသည်။ နို့မဟုတ်ပါက ထိုသူများသည် ဟောင်ရှု၏သူငယ်ချင်းများ ဖြစ်လာကြမည်မဟုတ်ချေ။ ထိုသူများ မည်သည့်နေရာမှ လာခဲ့ကြပါသနည်း။ သည်နေရာသည် အပြာရောင်မြို့ဖြစ်ပြီး သူသည် နယ်ခံလူဖြစ်သည်။ ထိုသူများသည် တခြားနေရာက နဂါးများ မြွေများ မည်သို့ပင် ဖြစ်နေပါစေဦး … သည်မြို့သည် သူ ကြီးစိုးခဲ့သော နယ်မြေတစ်ခု ဖြစ်ချေသည်။

"မင်းတို့ကို မျက်နှာသာပေးပြီးတော့ စိတ်ကြိုက် စားခွင့်ပြုလိုက်မယ်။ မင်းတို့ကောင်တွေ အရိုက်ခံရပြီးရင်တော့ မျိုထားသမျှတွေ ပြန်မထွက်လာပါစေနဲ့လို့ ငါမျှော်လင့်တယ်။" တုယွင်ကျဲက လှည့်မထွက်ခင် အေးစက်စက် ပြောလိုက်သည်။ သူ၏အပေါင်းအသင်းနှစ်ဦးမှာ ဆိုးဆိုးရွားရွား ရိုက်နှက်ခံခဲ့ရပြီး ကျန်နှစ်ဦးမှာ ကြမ်းပြင်ပေါ်တွင် မေ့လဲနေသဖြင့် ၎င်းတို့ကို သယ်ထုတ်ရန် လုံခြုံရေး အစောင့်များကို ခေါ်ခိုင်းခဲ့ရလေသည်။

စားပွဲထိုး သန့်ရှင်းရေး လုပ်ပြီးသည်နှင့် ရှုပ်ပွပြီး ဇောက်ထိုးမိုးမျှော်ဖြစ်နေသော အခန်းသည် ယာယီ သန့်ရှင်းသပ်ရပ်သွားပြီး အရာအားလုံး စနစ်တကျ ဖြစ်သွားသည်။ မှောက်ခုံဖြစ်နေသော လက်ဖက်ရည် စားပွဲအား ပြန်တည့်ထားသော်လည်း မျက်နှာပြင်တွင် မြင်နေရသော အက်ကွဲကြောင်းသည် လွန်ခဲ့သည့် အခိုက်အတန့်က ရန်ပွဲဖြစ်ထားကြောင်း သက်သေပင် ဖြစ်ပေတော့သည်။ သိပ်မကြာမီမှာပင် မွှေးကြိုင်သော ဟင်းပွဲများသည် နတ်ဘုရားဝတ်ရည်ဝိုင် နှစ်ပုလင်းနှင့်အတူ ရောက်ရှိလာသည်။

ထန်ရှုက နေ့လည်စာအား အချိန်နောက်ကျမှ စားထားသောကြောင့် အခုထိ ဗိုက်မဆာသေးသော်ငြား လုံကျန့်ယုသည် နေ့လယ်ခင်းမှ နိုးလာပြီး ထန်ရှုကို တွေ့ရန် ပန်းသီးတစ်လုံးသာ စားကာ လုံစားသောက်ခန်းမသို့ အပြေးလာခဲ့သည်။ မူလက လုံစားသောက်ခန်းမတွင် ညစာစားရန် စီစဉ်ထားသော်လည်း ထန်ရှုကြောင့် သူ၏ဦးနှောက် ပူလာကာ မူးနောက်နောက် ဖြစ်သွားသောကြောင့် အပြာရောင်မြို့သို့ လာရန် ဆုံးဖြတ်ခဲ့သည်။ ယခုအချိန်အထိ လုံကျန့်ယုတစ်ယောက် ဘာမှ ဟုတ်တိပတ်တိ မစားရသေးသဖြင့် လွန်စွာ ဆာလောင်နေပြီး အားပါးတရ စားတော့သည်။

ဘေးခန်းတွင် တုယွင်ကျဲသည် နီမြန်းသောမျက်နှာဖြင့် ဆိုဖာထက်တွင် ထိုင်ကာ ဆေးလိပ်သောက်နေစဉ် ဝမ်ကျိဒေါင်သည် လက်ပိုက်ကာ ထိုင်နေသည်။ တုယွင်ကျဲကို ကြည့်သော သူ၏အကြည့်များတွင် စာနာသောအရိပ်အယောင်များ ရှိနေပေသည်။ လွန်ခဲ့သည့်တစ်နာရီ သို့မဟုတ် နှစ်နာရီလောက်ကပင် တုယွင်ကျဲသည် ရှန်ဟိုင်းမှ လာသော သူဌေးသား သခင်လေးနှစ်ယောက်ကို ပြစ်မှားခဲ့ပြီး တစ်ယောက်၏ ဦးလေးအရင်းဖြစ်သူမှာ ရွှမ်းချင်ပြည်နယ်တွင် ဒုတိယသြဇာအာဏာကြီးသောသူဖြစ်သည်။ ထို့ကြောင့် တုယွင်ကျဲအတွက် သည်နေရာသည် သူ၏ကိုယ်ပိုင်နယ်မြေ ဖြစ်လင့်ကစား အရှက်ရခဲ့သည့်အပြင် သူ၏သူငယ်ချင်းအချို့မှာ အကြိမ်အနည်းငယ် အကန်ခံခဲ့ရပြီး အချို့မှာ ပါးရိုက်ခံခဲ့ရသည်။ အဆုံးသတ်ရလဒ်က မည်သို့ ဖြစ်သွားပါသနည်း။ ဟောင်ရှုကြောင့် ထိုထိခိုက်မှု သတင်းသည် မတော်တဆ ပျံ့နှံ့သွားသည်။ တစ်ဖက်လူက သူ့အား မျက်နှာသာမပေးဘဲ ကဲ့ရဲ့လှောင်ပြောင်ခံရရခြင်း အကြောင်းရင်းမှာ အပေါင်းအသင်းကို ကူညီရန် စကားတစ်ခွန်း နှစ်ခွန်း ပြောခဲ့ခြင်းကြောင့်ပေတည်း။

အခုအချိန်မှာပင် သူသည် ကြည်လင်ကန်ကလပ်တွင် ပြဿနာတစ်ခု ဖြစ်နေခဲ့ပြန်သေးသည်။ လုံကျန့်ယုဟုခေါ်သော ထိုလူငယ်ကို သူ မသိသော်လည်း ဟောင်ရှုသည် ထိုသူအား မျက်နှာချင်းဆိုင်ရန် လွန်စွာ စိတ်လှုပ်ရှားနေပုံရသောကြောင့် ထိုလူသည် သာမန်လူပြိန်းမဟုတ်သည်ကတော့ သေချာသည်။ သည်တစ်ခါတော့ တုယွင်ကျဲတစ်ယောက် ဒီညတွင် သံပြားကို ကန်ခဲ့တာဖြစ်နိုင်ပေတော့သည်။

"ကျိဒေါင် … ဟောင်ရှုက မင်းကို ဖုန်းထဲမှာ ဘာပြောတာလဲ။" တုယွင်ကျဲ စကားစလာသည်။ သူ့ကိုယ်သူ ထိန်းရန်ကြိုးစားသော်လည်း နောက်ဆုံးတွင် ငြိမ်မနေနိုင်တော့ပေ။

“ငါ မင်းကို အချက်နှစ်ချက် ပြောပြမယ်။” ဝမ်ကျိဒေါင်က ရုပ်တည်ဖြင့် ပြောလိုက်သည်။ "ပထမအချက်က သူတို့က သူ့ရဲ့သူငယ်ချင်းတွေ၊ ဒုတိယအချက်က အဲ့ဒီလူတွေဆီမှာ အလွန်နက်ရှိုင်းတဲ့ နောက်ခံတွေ ရှိတယ်။"

တုယွင်ကျဲ မျက်မှောင်ကြုတ်လိုက်ပြီး အေးစက်စွာ နှာခေါင်းတစ်ချက် ရှုံ့လိုက်ကာ

“ဟမ့် … သူတို့မှာ နက်နဲတဲ့ နောက်ခံရှိတယ်ဆိုရင်တောင် အပြာရောင်မြို့မှာ နာခံမှုရှိနေရမှာပဲ။ သူတို့ရဲ့ နောက်ခံတွေက သောက်ကျိုးနည်း ကျန်းမျိုးရိုးကောင်ထက် ပိုကြီးမယ်လို့ ငါ မယုံဘူး။”

"သူတို့ရဲ့ နောက်ခံတွေက ကျန်းမျိုးရိုးထက် နိမ့်ကျနေရင်တောင် မင်း သူတို့ကို ပြစ်မှားဖို့က လွယ်မှာ မဟုတ်ဘူး" ဝမ်ကျိဒေါင်က ခေါင်းယမ်းရင်း ငြင်းဆန်သည်။

“ငါ ဒီကိစ္စကို သေသေချာချာ စုံစမ်းကြည့်တော့ မင်းက ဒီကိစ္စကို လှုံ့ဆော်ပြီး တစ်ဖက်သားကို ပြစ်မှားခဲ့တာကလား။ ဒီကိစ္စက ပြေပြေလည်လည်နဲ့ ပြီးဆုံးဖို့ မလွယ်တော့တဲ့အတွက် မင်း စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားဖို့ပဲ ငါ မျှော်လင့်တယ်။”

"သူတို့ကို ငါ ကြောက်မယ်များထင်လား။" တုယွင်ကျဲက အသံလေးလေးကြီးဖြင့် မေးသည်။

ဝမ်ကျီဒေါင်က စိတ်တွင်းထဲမှ သက်ပြင်းချပြီးနောက် "မင်း ကြောက်လား မကြောက်လားက အသာထားဦး။ ဒါပေမယ့် ဒီမှာ ဖြစ်နေတဲ့ ဒီကိစ္စအတွက် ဖြစ်နိုင်လောက်တဲ့အရာတွေကို ကြိုတင်ပြင်ဆင်လို့ ရအောင် မင်းအစ်ကိုကို ဒီကိစ္စနဲ့ပတ်သက်ပြီး ပြောပြသင့်တယ်လို့ ငါ ထင်တယ်။”

"ဟမ့် … ငါ့အစ်ကိုကြီးကို ပြောပြဖို့ ငါ မျက်နှာ ပြရဲသေးတယ်လို့ မင်း ထင်တာလား။" တုယွင်ကျဲ့က ပေါက်ကွဲလာသည်။

“ကျန်းမျိုးရိုးကောင်က အပြာရောင်မြို့မှာ နောက်ခံ တကယ် ရှိနေတယ်။ ငါ့အစ်ကိုကြီးက အဲ့ဒါကို ဖြေရှင်းဖို့ ငါ့ကို ကူညီပြီးသား။ ငါ သူ့ကို ထပ်ခေါ်ရဦးမယ်ဆိုရင် တုယွင်ကျဲ့က အပြာရောင်မြို့မှာ ပေါင်းသင်းဆက်ဆံဖို့ မျက်နှာရှိပါဦးတော့မလားကွ။”

ဝမ်ကျီဒေါင် တိတ်ဆိတ်သွားသည်။ သူနှင့် တုယွင်ကျဲတို့သည် သူငယ်ချင်းဖြစ်ခဲ့သည်မှာ ကြာပြီဖြစ်သောကြောင့် အကြံဉာဏ် ပေးခဲ့သည်။ သို့သော် သည်ငမိုက်သားကိုယ်တိုင်က သူ ပြောသမျှကို နားမဝင်တော့သည့်အတွက် သည်ကိစ္စတွင် သူကိုယ်တိုင် မပါဝင်ချင်ပေ။ မည်သို့ပင်ဆိုစေကာမူ ဟောင်ရှုသည် ဤကိစ္စကို ဖုံးကွယ်ရန် စာနာစွာ ကူညီခဲ့ပြီး သူ့အား တစ်စုံတစ်ခုကို ပြောပြခဲ့သည်။ တစ်ဖက်လူ၏ဇာစ်မြစ်ကို ရှင်းရှင်းလင်းလင်း မသိရမီ ပြဿနာထဲသို့ အလွယ်တကူ ခုန်မဝင်ရန် သူ ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် ထိုအရာကို ရှောင်ရှားပြီး ဆိတ်ဆိတ်နေခြင်းသည်သာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

မကြာမီ ဟောင်ရှုသည် ကြည်လင်ကန်ကလပ်သို့ အလျင်အမြန် ပြန်လာခဲ့ပြီး လုံကျန့်ယုနှင့် ထန်ရှု မည်သည့်နေရာတွင်ရှိသနည်းဟု မေးပြီးနောက် အပြေးအလွှားသွားခဲ့သည်။ ထို့နောက် သူသည် စင်္ကြန်လမ်းတွင် လီချမ်းလေ့နှင့်ဆုံခဲ့ရာ ထိုကိစ္စ၏ အမှန်တရားကို မေးရန် ချောင်ကျသော ထောင့်တစ်ခုဆီသို့ လီချမ်းလေ့အား ဆွဲခေါ်မေးမြန်းပြီးနောက် သူ၏စိတ်ထဲတွင် ဒေါသများ တဖွားဖွား ဖြစ်ပေါ်လာခဲ့သည်။

…ဒီယီးလို တုယွင်ကျဲ့က ဒီအဖေကို အရှက်ခွဲနေတာပဲ…

ဟောင်ရှုက စိတ်ထဲက ဒေါသတကြီး ကျိန်ဆဲလိုက်သည်။ လုံကျန့်ယုအား တောင်းပန်ရန် ပင်လယ်ကြည့်ခန်းမသို့ သူ သွားတော့မည့်ဆဲဆဲတွင် လီချမ်းလေ့က သူ့အား တီးတိုးဆိုလိုက်သည်။

"သူဌေး … တုယွင်ကျဲနဲ့ သခင်လေးဝမ်က တခြားအခန်းထဲမှာ ရှိနေတယ်။ မင်း သူတို့ကို အရင်တွေ့ချင်လား။"

ဟောင်ရှု တစ်ချက်တွေဝသွေားပြီး ခဏလောက် စဉ်းစားလိုက်သည်။ တုယွင်ကျဲကို ဦးစွာ ပြစ်တင်ပြောဆိုပြီး လုံကျန့်ယုအား တောင်းပန်ရန် ပင်လယ်ကြည့်ခန်းမသို့ ခေါ်ဆောင်သွားသင့်သည်ဟု သူ ခံစားမိသည်။

ကျွီ...

ဘေးအခန်းတံခါးအား လီချမ်းလေ့က တွန်းဖွင့်လိုက်သည်။ ထို့နောက် ဟောင်ရှုသည် မျက်နှာထားတင်းတင်းဖြင့် အခန်းထဲသို့ ဝင်သွားသည်။ သူ့အကြည့်များသည် ဝမ်ကျိဒေါင်အပေါ် တစ်ချက်သာ ကြည့်ကာ တုယွင်ကျဲ၏ ဖြူရော်နေသော မျက်နှာကိုသာ ကြည့်နေရင်း

"ငါတို့က သူငယ်ချင်းတွေ ဖြစ်တာရယ်၊ တစ်ချိန်က မင်းအစ်ကို ငါ့ကို ကူညီခဲ့ဖူးတာကြောင့် ငါ မင်းကို အခွင့်အရေးပေးမယ်။ တောင်းပန်ဖို့ အခုပဲ ပင်လယ်ကြည့်ခန်းမဆီ ငါနဲ့အတူ လိုက်ခဲ့ပါ။ နို့မဟုတ်ရင်…”

ဟောင်ရှု၏စကားသည် တုယွင်ကျဲ၏ ဒေါသမီးတောက်များကို လှုံ့ဆော်ပေးလိုက်သည့်အလားပင်။ သူက စားပွဲခုံကို ရုတ်တရက် ဖြန်းကနဲ ရိုက်လိုက်ပြီး ထရပ်ကာ အော်လိုက်သည်။

"ဟောင်ရှု … မင်းက ဘယ်ဘက်မှာ ရပ်နေတာလဲ။ ကျေးလက်ကလာတဲ့ တောသားတွေကို ငါက တောင်းပန်ရမယ် ဟုတ်လား။ ငါတုယွင်ကျဲက နောင်ကျရင် ဒီအရှက်နဲ့ ဘယ်လို မျက်နှာပြရမလဲ။"

ဟောင်ရှုက သူ၏မျက်လုံးများကို မှေးစင်းလိုက်ပြီး အေးစက်စက် အလင်းရိပ်တစ်ခု မျက်လုံးများထဲတွင် ပေါ်လာသည်။ ထို့နောက် အေးစက်စက် လေသံဖြင့် “မင်းမျက်နှာက မင်းဘဝလောက် မကောင်းဘူးလို့ ငါ ထင်တယ်။ ဟုတ်တယ် … သူတို့က မင်းရဲ့အမြင်မှာ တောသားတွေ၊ လူမှုအဆင့်အတန်းနိမ့်ကျတဲ့ လူတွေ ဖြစ်နိုင်တယ်ဆိုတာ ငါ သိတယ်။ ဒါပေမယ့် မင်း သူတို့နဲ့ပတ်သက်ပြီး အရာအားလုံးကို အဆုံးရှုံးခံဖို့ စိတ်ပိုင်းဖြတ်ထားတယ်ဆိုရင် ငါ တစ်ခုလောက် မေးကြည့်ချင်ပါတယ်။ ကြယ်တာရာရဲ့လုံမိသားစုကို ဖျက်စီးဖို့ မင်းရဲ့တုမိသားစုက စွမ်းအား ဘယ်လောက် လိုမလဲ။ မင်းရဲ့လူ၈၀၀လောက် အသေခံပြီးမှ မင်း လူ၁,၀၀၀လောက်ပဲ သတ်လို့ရလိမ့်မယ်။ မင်းရဲ့ တုမိသားစုက ဒီလောက်ကြီးတဲ့ တန်ဖိုးကို တကယ် ပေးချင်နေတာလား။”

ကြယ်တာရာက လုံမိသားစုလား…

အခု လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေပြီး ကြယ်တာရာမှာ နံပါတ်တစ်အနေနဲ့ ထင်ရှားတဲ့ လုံမိသားစုကို ပြောနေတာလား။ ဒါဆို လုံကျန့်ယုဆိုတဲ့အဲ့ဒီလူက လုံမိသားစုကပေါ့။

"ငါ မင်းကို နောက်ထပ်တစ်ခု ပြောပြလို့ရတယ်။" ဟောင်ရှုက မထီတထီသံဖြင့် ပြောလိုက်သည်။

"လုံကျန့်ယုက လုံဟန်ဝမ်ရဲ့သားအကြီးဆုံး ဖြစ်သလို လုံမိသားစုအကြီးအကဲရဲ့အနာဂတ်အမွေဆက်ခံသူပဲ။ သူကိုယ်တိုင်က အလွန်အစွမ်းရှိတာမို့ လုံမိသားစုရဲ့ စီးပွားရေးလုပ်ငန်း၅၀%လောက်က အခုဆို သူ့နာမည်အောက်မှာ ရှိတယ်။ အဖေလုပ်တဲ့ လုံဟန်ဝမ်ကိုယ်တိုင်ကလည်း သူ့ကို အရမ်းလေးစားပြီး မျက်နှာသာပေးတယ်။ လုံနဲ့တုမိသားစုတွေသာ အမှန်တကယ် တိုက်ပွဲဖြစ်ကြရင် လုံဟန်ဝမ်က သူ့သားအတွက် လုံမိသားစု လုပ်ဆောင်နိုင်တဲ့ စွမ်းအားအားလုံးကို ဆုပ်ကိုင်ထားမှာမဟုတ်ဘူး။ ဒါဆို တုမိသားစုက မင်းကို ကူညီဖို့ ဘာတွေလုပ်ပေးမှာလဲ။”

တုယွင်ကျဲ၏အမူအရာသည် တိမ်ပြိုမိုးကဲ့သို့ အုံ့မှိုင်းလာပြီး ဆောက်တည်ရာမရ ဖြစ်လာသောကြောင့် ပင့်သက်တစ်ချက် ရှိုက်လိုက်ရသည်။ ဟောင်ရှု၏ချေပချက်တွင် အကြောင်းပြချက်ကို သူ နားလည်ခဲ့ချေပြီ။ လုံမိသားစုသည် ကြယ်တာရာတွင် အခြေစိုက်သော်လည်း ၎င်းတို့၏ခွန်အားသည် သေချာပေါက်ပင် ကြောက်စရာကောင်းပေသည်။ ဟောင်ရှု ပြောသည့်အတိုင်း သူနှင့် လုံကျန့်ယုတို့သည် အရာအားလုံးကို အဆုံးရှုံးခံကာ တိုက်ခိုက်ကြမည်ဆိုပါက သူ၏တုမိသားစုသည် ဤကိစ္စအတွက်ဖြင့် စစ်တိုက်လိုမည်မဟုတ်သည်မှာ သေချာလှပေသည်။ သို့သော်လည်း သူ့အနေဖြင့် ခေါင်းငုံ့ပြီး မတောင်းပန်ချင်ပေ။

တုယွင်ကျဲသည် တခဏ ငြိမ်သက်သွားပြီးနောက် တွန့်ဆုတ်စွာ ခေါင်းမော့လာကာ အေးစက်စက် ပြောလိုက်သည်။

"ဟောင်ရှု … မင်းကို မျက်နှာသာပေးတဲ့အနေနဲ့ ဒီကိစ္စကို ဒီမှာ ငါအဆုံးသတ်လိုက်မယ်။ ဒီကိစ္စကို ဖြေရှင်းဖို့ သူတို့ကို ဒီလာဖို့ ပြောလိုက်ပါ။”

၎င်းသည် တုယွင်ကျဲ၏နောက်ဆုံးအောက်ခြေလိုင်း ဖြစ်ကောင်း ဖြစ်နိုင်သည်ကို ဟောင်ရှု နားလည်သောကြောင့် စိတ်အတွင်း၌ အနည်းငယ် ကူကယ်ရာမဲ့စွာ ခံစားလိုက်ရသည်။ သို့သော်လည်း သူက ဆက်ပြောဆဲပင်။

“မင်း သူတို့နဲ့ ညှိနှိုင်းချင်ရင် ငါနဲ့ လိုက်ခဲ့ပါ။”

တုယွင်ကျဲ ဒေါသထွက်သွားသော်လည်း ထရပ်လိုက်ပြီး "ဒါဆိုလည်း သွားကြတာပေါ့။"

ပင်လယ်ကြည့်ခန်းမအတွင်း…

ဟောင်ရှု ဝင်လာသည်ကို တွေ့သောအချိန်တွင် ထန်ရှုနှင့် လုံကျန့်ယုတို့သည် စားသောက်နေဆဲဖြစ်သည်။ ဟောင်ရှုအား မော့ကြည့်လိုက်သော ထန်ရှု၏အေးစက်စက် မျက်နှာပေါ်တွင် ဆန့်ကျင်ဘက်ဖြစ်သော အပြုံးတစ်ခုဖြင့် နှုတ်ဆက်လိုက်သည်။

"ထ … ထန် ... ညီအစ်ကိုထန်ရှုလား။"

ဟောင်ရှု လုံးဝ အံ့အားသင့်သွားသည်။ လုံကျန့်ယုနှင့် အတူပါလာသောလူသည် ထန်ရှု ဖြစ်လိမ့်မည်ဟု သူ ဘယ်သောအခါကမှ မထင်ခဲ့ချေ။

ဒုက္ခတော့ ရောက်ချေပြီအရပ်ကတို့…

ထန်ရှု မည်မျှရက်စက်ပြီး မည်မျှ သနားညှာတာမှု မရှိသည်ကို သူ ကောင်းစွာ သတိပြုမိသကဲ့သို့ ထန်ရှု၏ဂုဏ်ပုဒ်သ်ည ခမ်းနားသော ထန် စီးပွားရေးလုပ်ငန်းစု၏ နောက်ကွယ်မှ ပိုင်ရှင်တစ်ခုတည်းသာ မဟုတ်ကြောင်း သူ ကြည်လင်ပြတ်သားစွာ သိမြင်ခဲ့သည်။ ထိုသူသည် ပေကျင်းမြို့၏…ဖြစ်သောကြောင့် သူ၏ဂုဏ်ပုဒ်သည် ရိုးရှင်းမည်မဟုတ်ပေ။

ဖြန်း…

ဟောင်ရှုသည် ရုတ်ခြည်းပင် လှည့်၍ တုယွင်ကျဲအား ပါးရိုက်ကာ အော်ဟစ်လိုက်သည်။

"မင်း ငါ့ကို သေအောင် သတ်နေတာပဲ ငိုးမသား။ ငါဟောင်ရှု ရှက်ဖို့ကောင်းတာတွေ အများကြီး လုပ်ခဲ့ပါတယ်ကွာ။ ဒါပေမယ့် ဒီနေ့... အခု... ငါ့ကိုယ်ငါ တွင်းလေးတစ်ခုသာ ရှာပြီး မြုပ်ပစ်လိုက်ချင်တော့တယ်။"

“ဘာ…”

ပါးရိုက်ခံလိုက်ရသောကြောင့် တုယွင်ကျဲ စိတ်ရှုပ်သွားပြီး ကြက်သေ သေသွားခဲ့သည်။ ဒါက သူတို့အရင်က သဘောတူထားတာ မဟုတ်ဘူးလေ။

ထန်ရှုက အနီးနားက ဆိုဖာကို လက်ညှိုးထိုးပြလိုက်ပြီး "ကျန့်ယုက ဒီနေ့ ဘာမှ မစားလာခဲ့ရဘူး။ ဒါကြောင့် သူထမင်းပြီးတဲ့အထိ စောင့်လိုက်တာ အကောင်းဆုံးပဲ။"

ဟောင်ရှုက အားယူပြုံးကာ ခေါင်းညိတ်ပြပြီး စိတ်ရှုပ်နေသော တုယွင်ကျဲကို အတင်းဆွဲကာ ထိုဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်သည်။

နောက်ဆုံးတွင် တုယွင်ကျဲတစ်ယောက် အသိပြန်ဝင်လာပြီ ဖြစ်သည်။ သူ့ရင်ထဲတွင် ဒေါသများပေါက်ကွဲလာသဖြင့် မသိစိတ်ကြောင့် အရိုက်ခံလိုက်ရသောနေရာအား ထိလိုက်မိသည်။ သူက နောက်ပြန်ဆုတ်သွားပြီး ဟောင်ရှုကို လက်ညိုးထိုးကာ ဒေါသတကြီး ဆဲဆိုတော့သည်။

"ယီးပဲ မင်းရူးနေတာလား ဟောင်ရှု။ ပြဿနာ ဖြစ်လာရင် ထွေးထုတ်ပစ်၊ ဖြေရှင်းပစ်လိုက်ပေါ့။ မင်း ငါ့ကို ဘာတွေ အပြစ်လာတင်နေတာလဲ။"

"ချီးတဲ့မှ … မင်းပါးစပ် ပိတ်ထားလို့မရဘူးလား။" ဟောင်ရှု ထောင်းကနဲ ဒေါသထွက်သွားသည်။

"မင်းရဲ့ဖင်ကို မပြီး ငါ့ဘေးမှာ လာထိုင်လိုက်။"

တုယွင်ကျဲ၏မျက်လုံးများတွင် ဒေါသမီး တလက်လက် တောက်လာပြီး

"ဟောင်ရှု … မင်းက သောက်ကျိုးနည်း တကယ့်ကို အမှိုက်ကောင်ပဲ။ မင်းတို့ကောင်တွေအားလုံးက ကိုယ့်လူဘေးမှာ နေရမယ့်အစား အပြင်လူဘက်ကို ကပ်နေကြတယ်။ ငါ တုယွင်ကျဲ မင်းကို နောက်ဆုံးတော့ သေချာသိလိုက်ရတယ်။ ဟမ့် … ငါ မင်းကို ကျိုးနွံကောင်း ကျိုးနွံနိုင်နေနိုင်ပေမယ့် မင်းကို တစ်ခါမှ မကြောက်ခဲ့ဘူးကွ။ မင်းက သူတို့နဲ့ ကပ်နေပြီး မင်းရဲ့ဒေါသတွေကို ငါ့အပေါ် ပုံချချင်တာလား။"

***

All Chapters