← Chapters

အလွန်အကျူး ရိုက်နှက်ခြင်း

Vol. 45 Ch. 618

အလွန်အကျူး ရိုက်နှက်ခြင်း

Vol. 45 Ch. 618

ဟောင်ရှုသည် မျက်လုံးများမှိတ်ကာ အသက်တစ်ချက် ရှုထုတ်ပြီး ပြန်ဖွင့်လိုက်သည်။ သူက ထန်ရှုကို ကြည့်ကာ အားယူပြုံးပြလိုက်ရင်း

"ညီအစ်ကိုထန် … ဒီနေ့ မင်းအတွက် တကယ်ကို မတရားဘူး။ ငါ စိတ်မကောင်းပါဘူး။ ဒီလိုတွေ ဖြစ်ခဲ့ရလို့ ငါ့ရဲ့ဒီမျက်နှာက နာရလွန်းပါတယ်။ အဲ့ဒါကြောင့် မင်း လုပ်ချင်တာမှန်သမျှ လုပ်နိုင်တယ်။”

ထန်ရှုက ကိုင်ထားသော တူအစုံအား ချလိုက်သည်။ ထို့နောက် ဟောင်ရှုကို ပြုံးပြုံးရွှင်ရွှင် ကြည့်လိုက်ပြီး "ဒါက တကယ်ကောင်းတဲ့နေရာပါ။ ဒါပေမယ့် ဒီနေရာက မင်းရဲ့နယ်မြေလည်း ဖြစ်တယ်။ မင်း ဒီလို ပြောလာပြီဆိုမှတော့ ငါ့ကိုယ်ငါ မထိန်းချုပ်တော့ဘူးဆိုရင် မင်း စိတ်မဆိုးဘူး မဟုတ်လား။"

"အားလုံး မင်းသဘောပဲ။" ဟောင်ရှုက ရှက်ရွံ့စွာဖြင့် ခေါင်းညိတ်ပြသည်။

ထန်ရှု စားပွဲပေါ်မှ နတ်ဘုရားဝတ်ရည်ဝိုင်တစ်ပုလင်းကို လှမ်းယူလိုက်သည်။ လူတိုင်း၏စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် သူသည် တုယွင်ကျဲအနားသို့ ခြေလှမ်းအနည်းငယ်ဖြင့် ရောက်လာသည်။ တုယွင်ကျဲ ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားသည်ကို မြင်သည့်အခါ သူက ပြုံးပြီး ပြောလိုက်သည်။ "ဒီနေ့ဖြစ်တာက ပဋိပက္ခအသေးလေးကလွဲပြီး ဘာမှ မဟုတ်ဘူး။ ဒါပေမဲ့ ဒီနေရာက မင်းပိုင်နက်ဖြစ်နေတော့ မင်းက ငါတို့ကို မောက်မောက်မာမာနဲ့ အနိုင်ကျင့်ခဲ့တာ။ ဒါကြောင့် မင်းခေါ်တဲ့ လူတွေ မရောက်သေးခင် ဒီကိစ္စကို အမှတ်ရပြီး မင်းကို သတိပေးနေစေဖို့နဲ့ နောက်ဆို ထပ်ပြီး သောင်းကျန်းမနေအောင် သတိပေးချက် တစ်ခုအနေနဲ့ ငါ အရင်ဦးဆုံး လုပ်ရမယ်။"

သူ၏အသံ တိုးသွားသည်နှင့်အမျှ ထန်ရှုသည် ရိပ်ကနဲ တုယွင်ကျဲ၏အရှေ့တွင် ချက်ချင်း ပေါ်လာပြီး ဝိုင်ပုလင်းဖြင့် ခေါင်းကို ရိုက်ခွဲပစ်လိုက်သည်။ ဝိုင်များနှင့်သွေးများ တပြိုင်နက် ဖြာထွက်သွားကာ တုယွင်ကျဲသည် နောက်သို့ ယိမ်းယိုင်သွားပြီးနောက် စက္ကန့်အနည်းငယ်ကြာတွင် ကြမ်းပြင်ပေါ်သို့ လဲကျလုနီးပါးဖြစ်သွားသည်။ ထို့နောက် ထန်ရှုသည် တုယွင်ကျဲ၏ပါးအား ခပ်ပြင်းပြင်းတစ်ချက်ရိုက်ပြီး တံခါးဆီသို့ ဆွဲလွှင့်ပစ်လိုက်ရာ ထိုသူသည် ကြမ်းပြင်ထက်သို့ ပြင်းထန်စွာ ပြုတ်ကျသွားတော့သည်။

အားးးး ... တုယွင်ကျဲထံမှ ကျယ်လောင်သော အော်သံများ ထွက်ပေါ်လာသည်။

ထန်ရှုက ခေါင်းယမ်းကာ အပြုံးတစ်ခု ဖန်တီးယူလိုက်ရင်း

"ဒီလိုအရည်အချင်းမျိုးလေးနဲ့ နေရာတိုင်းကို ပြသနာရှာရဲနေတယ်ပေါ့။ မင်း တကယ်ကို ပျက်စီးပျက်စီးကြောင်း လမ်းတောင်းနေတာလား။"

ထိုအချိန်တွင် လုံကျန့်ယုသည် နောက်ဆုံးတွင် တူများကို ချလိုက်ပြီး ဆိုးဆိုးရွားရွား အရိုက်ခံရကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားသော တုယွင်ကျဲအား သာမန်ကာလျှံကာ လှမ်းကြည့်လိုက်သည်။ ထို့နောက် သူ့မျက်လုံးများသည် ဟောင်ရှုအား စိုက်ကြည့်ကာ မကျေမနပ် ပြောတော့သည်။

"ငါ မျှော်လင့်ထားတာနဲ့ ဆန့်ကျင်ဘက်ပဲ သခင်လေးဟောင်။ မင်းက ဒီကိစ္စထဲ ပါအောင် မင်းကိုယ်မင်း အမှန်တကယ် တွန်းပို့လိုက်တာပဲ။ နှင်းတွေထူထပ်တဲ့နေ့မှာတောင် အပြာရောင်မြို့ကို လာလည်ပြီး မင်းကို ထောက်ပံ့ဖို့ ထန်ရှုကို အပြောချိုချိုလေးတွေနဲ့ ငါ ပြောခဲ့ရတာ။ ဒါပေမယ့် အဆုံးမှာ ငါတို့ ဘာရလဲ။ ကံဆိုးတာကလွဲပြီး ဘာမှ ဖြစ်မလာဘူး။ ငါ့မျက်နှာကို ကြည့်။ ပါးရိုက်ခံလိုက်ရသလို အရမ်းကိုနစ်နာတယ်။ မင်း အခု တကယ် စွမ်းဆောင်နိုင်ပြီး မင်းရဲ့ကလပ် ဘယ်လောက် ကြီးမြတ်နေပြီ ဆိုတာကို ငါတို့ ဒီကို လာနေရင်း ထန်ရှုကို ငါ ကြွားခဲ့တာ။ အခုကျတော့…"

ဟောင်ရှုသည် အလွန်ရှက်နေသောကြောင့် တွင်းတူးကာ သူ့ကိုယ်သူ မြုပ်လိုက်ချင်တော့သည်။ ထို့နောက် သူက ခါးသီးသောအမူအရာဖြင့်

“သခင်လေးလုံ… ဒီနေ့က မင်းအတွက် တကယ့်ကို မတရားဘူး။ ငါ ဒီနေ့ မင်းအတွက် အဆင်သင့် မဖြစ်နိုင်ဘူးဆိုပေမယ့် ဒီကိစ္စ မပြီးမချင်း ငါ့ရဲ့စွမ်းဆောင်ရည်ကို စောင့်မျှော်ပေးပါ။ အဆင်ပြေတယ်မဟုတ်လား။"

လုံကျန့်ယုက သူ့ကို မျက်လုံးပြူးကာ တုံ့ပြန်ပြီး

“မင်းက တွေးခေါ်နိုင်တဲ့ ကောင်လေးလို့ ယူဆလို့ ရပါပြီ။ ဒါပေမယ့် နောက်တစ်ခု ရှိသေးတယ်။ မင့်ဖုန်းက ဘာဖြစ်သွားတာလဲ။ ငါ မင်းကို ဖုန်းခေါ်နေပေမယ့် ဆက်သွယ်လို့ မရဘူး။"

ဟောင်ရှုက ကူကယ်ရာမဲ့စွာ နှုတ်ခမ်းအနည်းငယ် တုန်ရီသွားကာ

“လွန်ခဲ့တဲ့ နှစ်နာရီက ဖြစ်ပျက်ခဲ့တဲ့ ဒီရှက်စရာကိစ္စကို ငါ ပြန်သတိရသွားပြီ။ အဲ့ဒါကလည်း ဒီငတုံးကောင် တုယွင်ကျဲကြောင့် ဖြစ်လာတာပဲ။ သူက ဒီကိုလာတဲ့ ရှန်ဟိုင်းက လူနှစ်ယောက်ကို သွားဆွတယ်လေ။ အဲ့ဒီနှစ်ဦးက အပြာရောင်မြို့ မှာ နက်ရှိုင်းတဲ့ နောက်ခံရှိနေတယ်လို့ ဘယ်သူက ထင်မလဲ။ ရလဒ်အနေနဲ့ ငါ့ရဲ့ မိုဘိုင်းလ်ဖုန်းက အဲ့ဒီလူတွေကြောင့် ပျက်စီးသွားပြီး ငါတောင် အဟားခံလိုက်ရတယ်။”

"ရှန်ဟိုင်းကလူတချို့လား…" လုံကျန့်ယု အံ့သြသွားသည်။

"ထန်ရှုက ရှန်ဟိုင်းမှာနေတာ နှစ်ဝက်လောက်ရှိပြီ မဟုတ်လား။ ငါ့ကို ပြောပါဦး … တစ်ဖက်လူရဲ့ဇာတ်မြစ်က ဘာတဲ့လဲ။"

“တစ်ယောက်က ရှန်ဟိုင်းရဲ့ ရှင်းယန်အုပ်စုပိုင်ရှင် ကျန်းယွဲ့မင်ရဲ့ အကြီးဆုံးသား ကျန်းရှောင်လေ့၊ ကျန်တဲ့တစ်ယောက်က တင်းရှန်းမီဒီယာပိုင်ရှင်ရဲ့သား ဂူထောင်။ ကျန်းရှောင်လေ့ရဲ့ဦးလေးက ရွှမ်းချင်ပြည်နယ်မှာ ဒုတိယအာဏာရပုဂ္ဂိုလ် ဖြစ်လို့ ဒီလူနှစ်ယောက်က အလွန်ကြောက်စရာကောင်းတဲ့ နောက်ခံ ရှိတယ်လို့ဆိုရမယ်။”

လုံကျန့်ယုက တုယွင်ကျဲအား လေးစားဟန်ဖြင့် ကြည့်ရင်း ထူးဆန်းသော အပြုံးကို ပြုံးလိုက်သည်။ ထို့နောက် လက်မထောင်ပြလိုက်ကာ သက်ပြင်းတစ်ချက် ချရင်း ချီးကျူးလိုက်ပြန်သည်။

“ဒီလူက တကယ့်ကောင်ပဲ။ သူ ပြစ်မှားလိုက်တဲ့ လူတိုင်းက တခြားလူတွေထက် ပိုပြီး အင်အားကြီးနေကြတယ်။ ကုမ္ပဏီကြီးနှစ်ခုက အမျိုးကောင်းသားနှစ်ယောက်ကိုတောင် ပြစ်မှားရဲတယ်ဟ။ တကယ်ကို စံပါပဲ။"

ထိုသို့ ပြောပြီးသည်နှင့် သူက ထန်ရှုကို ကြည့်ပြီး ပြုံးပြုံးရွှင်ရွှင် ပြောလိုက်သည်။

"ထန် ရှု … ငါ့ကို ပြောပါဦး။ မင်း ရှန်ဟိုင်းမှာနေတာ နှစ်ဝက်နီးနီး ရှိနေပြီဆိုတော့ အဲ့ဒီနှစ်ကောင်ကို မင်းရော သိလား။"

"ဟင့်အင်း … သူတို့နဲ့ ငါ မသိဘူး။" ထန်ရှုက ခေါင်းယမ်းလိုက်ရင်း

"ဒါပေမယ့် သူတို့အဖေတွေနဲ့တော့ ငါ နည်းနည်း ခင်တယ်။"

ဖွီး … “ဘာ…”

လက်ဖက်ရည်သောက်နေသော လုံကျန့်ယုခမျာ ဖွီးကနဲ လက်ဘက်ရည်များ ထွက်သွားသည်။ ဟောင်ရှုက အံ့သြတုန်လှုပ်နေသည့်အမူအရာဖြင့် ကြက်သေ သေနေပြီး ပါးစပ်အာစေးမိနေသည်။

"ဟုတ်တယ်။ ဝိုင်သောက်ရင်း သူတို့နဲ့ မတော်တဆ တွေ့ပြီး ခင်သွားကြတာ။" ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။

လုံကျန့်ယုက ခေါင်းခါရင်း မချိပြုံးဖြင့် သက်ပြင်းချကာ "ထန်ရှု … ငါတို့တွေကြားက ကွာဟမှုက ပိုပိုပြီး သိသာလာတယ်ကွာ။ ငါက အဲ့ဒီလို ပုဂ္ဂိုလ်ကြီးတွေနဲ့ တွေ့ရင် ကလေးတစ်ယောက်လိုပဲ ဖြစ်နေချိန်မှာ မင်းက သူတို့တွေနဲ့ ခင်မင်ပြီး မိတ်တောင် ဖွဲ့ပြီးပြီ။ နောက်အခွင့်အရေးရရင် ငါ့ကို အဲ့ဒီလူကြီးတွေနဲ့ မိတ်ဆက်ပေးပါဦး … ငါ့ရဲ့ ကောင်းတဲ့အချက်တွေကို မြှင့်တင်ပြီး သူတို့တွေနဲ့ ရင်းနှီးဖို့ အခွင့်အရေး ပေးတဲ့အနေနဲ့ပေါ့။”

ထန်ရှု အသံများထွက်အောင် ရယ်မောရင်း "ဒီလိုစကားမျိုးတွေ မပြောပါနဲ့ကွာ။ ဒါနဲ့ ငါ့ကို ပြောပါဦး။ ဒီည ဒီကစားပွဲကို ဘယ်လို ကစားချင်လဲ။"

ကြမ်းပြင်ကနေ ထလာသော တုယွင်ကျဲအား လုံကျန့်ယု လှမ်းကြည့်ကာ အပြုံးဖြင့်

"မင်းရဲ့ ထုံးစံအတိုင်းလုပ်ရင်ရော ဘယ်လိုလဲ။"

ထန်ရှုက ခေါင်းညိတ်ကာ ဟောင်ရှုကို ကြည့်ပြီး "သခင်လေးဟောင် … ဒီတုချာတိတ်မှာ ဒီ့ထက် ပိုအားကောင်းတဲ့ နောက်ခံရှိသင့်တယ် မဟုတ်လား။"

"တုမိသားစုက အပြာရောင်မြို့ရဲ့ ထိပ်တန်းမိသားစုငါးစုမှာ အဆင့်ဝင်ပါတယ်။"  ဟောင်ရှုက အားယူပြုံးကာ ပြန်ဖြေသည်။

"အိုခေ … ကျေးဇူးပြုပြီး ငါ့ကို တစ်ခုလောက် လုပ်ပေးပါဦး။" ထန်ရှု ခေါင်းညိတ်ရင်း

“တုမိသားစုမှာ ပြောရေးဆိုခွင့် ရှိတယ်လို့ ယူဆနိုင်တဲ့သူဆီ ဖုန်းဆက်ပြီး လူတချို့ခေါ်လာခဲ့ဖို့ ပြောပေးပါ။ တစ်နာရီအတွင်း မရောက်လာရင် ဒီကောင်လေးတုရဲ့ အလောင်းကိုပဲ လာကောက်ရမယ်ဆိုတာကို အလေးပေးပြောပါ။"

ဟောင်ရှု၏နှလုံးခုန်သံ မြန်လာပြီး ရုတ်ခြည်းပင် မတ်တတ်ရပ်သည်။ သူသည် တံခါးဆီသို့ အလျင်စလို လျှောက်သွားရင်း မူးဝေနေဆဲဖြစ်သော တုယွင်ကျဲအား နက်ရှိုင်းစွာ ကြည့်ကာ ခေါင်းယမ်းပြီး ကျော်ဖြတ်သွားတော့သည်။ ဟောင်ရှု အပြင်သို့ ထွက်လာပြီးနောက် တုယွင်ကျဲ၏အစ်ကိုကြီး တုယွင်လုံဆီ ဖုန်းဆက်လိုက်သည်။

"တစ်ခုခု ထပ်ဖြစ်ပြန်ပြီလား ဟောင်ရှု…" ဖုန်းထဲမှ အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။

ဟောင်ရှု၏ မျက်နှာပေါ်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာပြီး

"ဟုတ်တယ် … တစ်ခုခုတော့ ဖြစ်သွားပြီ … အကြီးကြီးပဲ။ မင်း … မင်းရဲ့အဖေ ဒါမှမဟုတ် တုမိသားစုက အကြီးဆုံး အာဏာရှိတဲ့ လူတစ်ယောက်ကို ဆက်သွယ်လိုက်တာ ပိုကောင်းမယ်။ မင့်ညီက ငါ့ကလပ်မှာ ပြဿနာ ရှာလိုက်ပြန်ပြီ။ ပြဿနာအကြီးကြီးပဲ။"

"အဲ့ဒီငိုးမကောင် … ဒီတစ်ခါ ဘယ်သူ့ကို ပြဿနာ ရှာလိုက်ပြန်ပြီလဲ။" တုယွင်လုံ ဆဲဆိုရင်း မေးလိုက်သည်။

"အဲ့ဒါ လုံမိသားစုက လုံကျန့်ယုနဲ့ ကြယ်တာရာက ထန်ရှုတို့ကိုပါ။" ဟောင်ရှုမှ ပြောပြသည်။

"ထန်ရှု ဟုတ်လား။" တုယွင်လုံက ခဏလောက် နှုတ်ဆိတ်နေပြီးမှ မေးလိုက်သည်။

"ဘယ်က ထန်ရှုလဲ။"

"မင်း သူ့နာမည်တော့ ကြားဖူးသင့်တယ် မဟုတ်လား။" ဟောင်ရှုက မချိပြုံး ပြုံးလိုက်ရင်း

"ဘယ်ထန်ရှုက ငါ့ကို မင်းဆီ ဆက်သွယ်ခိုင်းနိုင်တာလဲ။ မြန်မြန်သာ လာခဲ့ပါ။ တုမိသားစုရဲ့အခွင့်အာဏာရှိသူက တစ်နာရီအတွင်း ဒီကို မလာဘူးဆိုရင် မင်းညီရဲ့အလောင်းပဲ ပြန်ရလိမ့်မယ်။”

ထို့နောက်တွင် ဟောင်ရှုက ဖုန်းကို ချပြီး ပင်လယ်သေခန်းမဆီသို့ ပြန်သွားတော့မည့်ဆဲဆဲတွင် ဝမ်ကျိဒေါင်သည် အခန်းတွင်းမှ ထွက်လာပြီး နှုတ်ခမ်းများ တွန့်ချိုးနေသည်ကို တွေ့လိုက်ရသည်။ သူ စကားပြောချင်နေသော်လည်း ချီတုံချတုံဖြစ်နေသည်။

"မင်း တစ်ခုခု ပြောချင်လို့လား။" ဟောင်ရှုက အားတင်းပြုံးကာ မေးလိုက်သည်။

ဝမ်ကျိဒေါင်က တံခါးကို တစ်ချက်ကြည့်လိုက်ပြီး "ဟောင်ရှု … အရင်က ထန်ရှုဆိုတဲ့ နာမည်ကို ငါ ကြားဖူးတယ်။ ကြယ်တာရာတရုတ်တိုင်းရင်းဆေးရုံက နတ်ဆေးသမားတော်လေး မဟုတ်လား။ သူ့မှာ အရမ်း အင်အားကြီးတဲ့ နောက်ခံရှိလား။”

ဟောင်ရှုက စက္ကန့်အနည်းငယ်မျှ နှုတ်ဆိတ်သွားပြီး "ဒီညအစောပိုင်းက တုယွင်ကျဲ ပြသနာ ရှာခဲ့တဲ့ လူနှစ်ယောက်ကို မင်း ဘယ်လို ထင်လဲ။ သူတို့မှာ အားကောင်းတဲ့ နောက်ခံရှိတယ်မလား။"

"အကြီးကြီးတွေပဲ။" ဝမ်ကျိဒေါင်က သတိထားပြီး ခေါင်းညိတ်လိုက်သည်။

ဟောင်ရှုက လှောင်ပြောင်ချင်သံဖြင့် ပြန်ပြောသည်။

"အဲ့ဒီလူနှစ်ယောက်ရဲ့ နောက်ကွယ်က အင်အားတွေကို တစ်ဆယ်နဲ့မြှောက်လိုက်ရင်တောင် သူတို့က ညီအစ်ကို ထန်ရှုနဲ့ မယှဉ်နိုင်သေးဘူး။ သူ့အထက်မှာ … ကောင်းကင်ကြီးပဲ ရှိတော့မယ်။”

သူက ပြောနေရင်း လက်ညိုးအား အပေါ်သို့ ထိုးပြလိုက်သည်။

ဝမ်ကျိဒေါင် အံ့အားသင့်သွားသဖြင့် တုံ့ပြန်ရန် စက္ကန့် ဒါဇင်ချီအောင် ကြာခဲ့သော်လည်း သူ၏မျက်နှာတွင် ထိတ်လန့်တုန်လှုပ်နေသော အမူအရာတစ်ခု ရှိနေဆဲဖြစ်သည်။ သူသည် တိုင်းပြည်တွင် သြဇာအရှိဆုံး မိသားစု ဖြစ်နိုင်သည့် ထင်ရှားသော ထန်မိသားစုများကို တွေးတောထားပြီးဖြစ်သည်။

ဟောင်ရှုစကားအရဆိုရင် တစ်ခုပဲ ရှိတော့သည် … ပေကျင်း ထန်မိသားစု ဖြစ်မည်။

ပြီးခဲ့သည့် နှစ်လအတွင်း နိုင်ငံ၏အစိုးရအုပ်ချုပ်ရေး စနစ်ထဲတွင် ရာထူးနေရာ အပြောင်းအလဲ များစွာသည် လုပ်ပိုင်ခွင့်၊ အကျိုးခံစားခွင့်များ တိုးချဲ့ခြင်းနှင့်အတူ လှုပ်ခတ်သွားခဲ့သည်။ သည်လှုပ်ခတ်မှုကြီး၏ အရင်းခံအကြောင်းရင်းသည် ပေကျင်းမြို့ ထန်မိသားစု ကြောင့် ဖြစ်သည်။ သူတို့ဝမ်မိသားစုသည် ရွှမ်းချင်ပြည်နယ်တွင် အတော်လေး သြဇာ ရှိသောကြောင့် သူလည်း ထိုကိစ္စကို အာရုံစိုက်ခဲ့ပေရာ ယောင်မိသားစုကို ချေမှုန်းလိုက်နိုင်သော ထန်မိသားစု မည်မျှကြောက်လန့်စရာကောင်းသည်ကို သဘာဝကျစွာ သိခဲ့သည်။

တုယွင်ကျဲတော့ သွားပြီ။

ထို့နောက် ထန်ရှုနှင့် လုံကျန့်ယုတို့အား သူ ပေးခဲ့သော အကြံဉာဏ်ကို ပြန်သတိရပြီး ခါးသီးသောအပြုံးကိုသာ ပြုံးနိုင်တော့ပေသည်။ အဲ့ဒီအချိန်က သူတို့မျက်လုံးထဲတွင် သူသည် ရယ်စရာတစ်ခုကလွဲလို့ ဘာမှ မဟုတ်ဘူးမလား။

ပင်လယ်ကြည့်ခန်းမအတွင်း…

ထန်ရှုက စားပွဲထိုး လာချပေးသော လက်ဖက်ရည်ပူပူကို ကောက်ယူကာ နှစ်ကျိုက် သောက်လိုက်ပြီးနောက် "ဟောင်ရှု … ဒီကလပ်ကို တုမိသားစုက ဘယ်သူပဲလာလာ မတားနဲ့။ ဘယ်သူဘယ်ဝါ ဖြစ်ပါစေ၊ လူဘယ်လောက် ဝင်ရောက်လာပါစေ အားလုံးကို ဝင်ခွင့်ပြုပါ။ ကျန့်ယု စိတ်ထဲမှာ စိတ်အနှောင့်အယှက် ဖြစ်နေမှတော့ အဲ့ဒါကို ဖောက်ထုတ်ပစ်ရမယ်။"

ဟောင်ရှုက အောင့်သက်သက်သာ ပြုံးနိုင်ပြီး ခေါင်းညိတ်သည်။

မိနစ်အနည်းငယ်အကြာတွင် လီချမ်းလေ့မှ ဟောင်ရှုဆီ ဖုန်းဆက်ပြီး အားချန်းသည် လူတစ်ဒါဇင်ကျော်နှင့် ရောက်လာပြီး ပင်လယ်ကြည့်ခန်းမဆီသို့ ဦးတည်လာနေကြောင်း အကြောင်းကြားလာသည်။

ဘန်း …

ဦးခေါင်းပြောင်ပြောင်တွင် ဓားဒဏ်ရာများဖြင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် တံခါးကို တွန်းဖွင့်ကာ ဝင်လာသည်။ သူ့နောက်တွင် ဒါဇင်နှင့်ချီသော ရက်စက်ကြမ်းကြုတ်သော လူလတ်ပိုင်းအရွယ် အမျိုးသားများသည် အခန်းတွင်းသို့ အလျင်အမြန် ဝင်လာကြသည်။ ကံကောင်းထောက်မစွာဖြင့် ပင်လယ်ကြည့်ခန်းမသည် လုံလောက်စွာ ကျယ်ဝန်းသောကြောင့် ၎င်းတို့အားလုံး ဝင်လာသော်လည်း မကျပ်သွားပါပေ။

"သခင်လေးတု…"

အားချန်းသည် တုယွင်ကျဲ၏သွင်ပြင်ကို မြင်သောအခါ ထိတ်လန့်သွားသည်။ သူက အလျင်စလို ပြေးဝင်လာကာ ထူမပေးလိုက်သည်။

ထိုအချိန်တွင် တုယွင်ကျဲ၏နှလုံးသားအတွင်းမှ အလိုမကျသော ခံစားချက်သည် အကန့်အသတ်ထိ ရောက်ရှိနေပြီဖြစ်သည်။ ယနေ့ကိစ္စသည် ကောင်းမွန်သောပုံစံဖြင့် လုံးဝပြီးဆုံးမည် မဟုတ်ကြောင်း သူလည်း သိသည်။ ထို့ကြောင့် အားချန်း သူ့အနား ရောက်လာသောအခါ ထန်ရှုနှင့် လုံကျန့်ယုကို လက်ညှိုးထိုးပြပြီး

“သူတို့ကို ငါ့အတွက် ရိုက်ပေး။ ဘာပဲဖြစ်ဖြစ် ငါတာဝန်ယူမယ်။"

သည်စကားကို ကြားသည်နှင့် အားချန်းက မဆိုင်းမတွ သူ့လူများကို အမိန့်ပေးလိုက်သည်။ အပြာရောင်မြို့တွင် သူ၏ကျောထောက်နောက်ခံမှာ တုမိသားစု ဖြစ်သည်။ ဤအချိန်တွင် တုယွင်ကျဲ၏ဆန္ဒကို ဆန့်ကျင်ပါက သူ ဒုက္ခရောက်မည်ကို သိသည်။

"ရပ်စမ်း…" ဟောင်ရှု ဒေါသတကြီး အော်လိုက်သည်။

သို့သော် လူဒါဇင်ပေါင်းများစွာက သူ့ကို တစ်ချက်မျှပင် မကြည့်ဘဲ ထန်ရှုနှင့် လုံကျန့်ယုဆီသို့ ပြေးဝင်လာကြသည်။

ထန်ရှု စိတ်ထဲမှ တစ်ချက်လှောင်ပြောင်လိုက်ပြီး သူသည် ချက်ချင်းပင် ထိုလူများနှင့် ထိပ်တိုက်တွေ့လိုက်သည်။ ဤနေရာရှိ လူတို့အား ဆန်းကြယ်မန္တန်အတတ်အား မဖော်ပြလိုကြောင့်သာ မဟုတ်ပါက သူသည် ဤကြေးစားလူမိုက်များ၏ ဉာဏ်ရည်ကို မှုတ်ထုတ်ရန်အတွက် ၎င်းကို အသုံးပြုမိပေလိမ့်မည်။

ဘန်း…ဘန်း…ဘန်း...

သူ၏လက်သီးများသည် ၎င်းတို့၏အသားများနှင့် ထိတွေ့သွားသောအခါ အရိုးကွဲအက်သံများနှင့် အော်ဟစ်သံများသည် စက္ကန့်အနည်းငယ်အတွင်း ရိုးရှင်းသော အမှတ်အသားတစ်ခု ဖြစ်သွားခဲ့သည်။ လူတိုင်း၏စောင့်ကြည့်နေမှုအောက်တွင် ကွန်ဖူးပညာအခြေခံရှိသော လူတစ်ဒါဇင်ကျော်အား ထန်ရှုသည် သနားညှာတာမှုမရှိစွာ ထိုးကြိတ်ရိုက်နှက်ခဲ့သည်။ အားလုံးထဲတွင် အသိသာဆုံးအချက်ကတော့ ထန်ရှုသည် ထိုသူများ၏ခြေထောက်နှစ်ဖက်လုံးကို တစ်ခါတည်း ချိုးပစ်လိုက်သည့် အလွန်ရက်စက်သည့်လုပ်ရပ်ပင်။

"ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။"

အားချန်း၏မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားပြီး ထိတ်လန့်သွားဟန်ရသည်။ သူသည် ကွန်ဖူးပညာ ကောင်းမွန်စွာ တတ်မြောက်ထားပြီး သိုင်းဆရာကြီးအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည့်အပြင် သူ၏လူတစ်ဒါဇင်ကျော်သည် ငယ်စဉ်ကတည်းက ကွန်ဖူးလေ့ကျင့်ခဲ့သူများ ဖြစ်သည်။ ၎င်းတို့ထဲမှ အချို့သည် သူ၏လေ့ကျင့်ပေးခြင်းကို ခံရပြီး အလွန်များပြားသော တိုက်ပွဲအတွေ့အကြုံ ရှိကြသည်။ အခု … သူတို့အားလုံး ၁၂စက္ကန့်လောက်ဖြင့် ဘယ်လိုဖြစ်ပြီး အရိုက်ခံရကာ လဲကုန်ကြတာလဲ။

"မင်း ဘယ်သူလဲ။" အားချန်းက ဒေါသတကြီး မေးလိုက်သည်။

"ငါ ဘယ်သူလဲဆိုတာ သိဖို့ မင်းရဲ့အရည်အချင်းကို အားကိုးနေလား။ အိပ်မက်သာ မက်နေလိုက်။" ထန်ရှုက မထီတထီ ရယ်မောလိုက်သည်။

အားချန်းက တုယွင်ကျဲအား အသာလွှတ်ပေးကာ သူ့ခါးမှ ပစ္စေတိုတစ်လက်ကို ဆွဲထုတ်လိုက်ရင်း ထန်ရှုအား သေနတ်ဖြင့် ချိန်လိုက်ပြီး

"မင်းရဲ့ကွန်ဖူးက တကယ့်ကို ကြောက်စရာ ကောင်းလွန်းပေမယ့် ဒီလိုဆို ဘယ်ဟာက ပိုမြန်မလဲ မင်းလား … ကျည်ဆန်လား ငါ သိချင်စမ်းတယ်။”

***

All Chapters