← Chapters

လက်သီးတစ်ချက် အသေသတ်

Vol. 45 Ch. 619

လက်သီးတစ်ချက် အသေသတ်

Vol. 45 Ch. 619

လူတော်တော်များများက ထန်ရှုကို တစ်ချိန်က သေနတ်ဖြင့် ချိန်ဖူးကြသော်လည်း ၉၉%သည် ကောင်းမွန်သော အဆုံးသတ် ဖြစ်မသွားကြချေ။ အားချန်းက သူ့ကို သေနတ်ဖြင့် ချိန်လာသည့်အခါ သူ၏မျက်လုံးထဲတွင် လူသေတစ်ယောက်ကို ကြည့်နေသည့်အလား ဖြစ်သည်။

"တကယ် နှိုင်းယှဉ်ချင်လား။" ထန်ရှုကို ဘာမှမထူးခြားဟန်ဖြင့် ခပ်ပြုံးပြုံး မေးလိုက်သည်။

အားချန်း၏မျက်လုံးများအတွင်း၌ သတ်ဖြတ်လိုစိတ် ဖြစ်ပေါ်လာသည်။ ထန်ရှုဆီမှ လျစ်လျူရှုမှုသည် သူ့အား ချီတုံချတုံနှင့် ကြောက်ရွံ့စေသော်လည်း သူကိုယ်တိုင်အပါအဝင် လူသားအားလုံးတွင် အသက်တစ်ခုသာရှိသည်ကို သူသိသောကြောင့် ပစ်သတ်ရန် ဘယ်သောအခါမျှ တုံ့ဆိုင်းမည်မဟုတ်ပေ။

…လူတစ်ယောက်သည် သူလုပ်ခဲ့သော အရာများအတွက် အနှေးနှင့်အမြန် ပေးဆပ်ရသောကြောင့် ဘဝတွင် သင် အသုံးပြုထားသော အရာများအတွက် ပြန်ပေးရန် ရယ်စရာ နည်းလမ်းတစ်ခု ရှိပေသည်။…

သည်စာကြောင်း၏အဓိပ္ပါယ်ကို သူ အလုံးစုံ သိရှိပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ထိုအတွက် သူ့ကိုယ်ပိုင် ပြင်ဆင်မှုများ ပြုလုပ်ထားသည်။ သို့သော် သူ့တွင် တုမိသားစုက ကျောထောက်နောက်ခံအဖြစ် ရှိနေဆဲဖြစ်ပြီး တုမိသားစုက သူ့အား ခိုလှုံခွင့်မပေးချင်တော့ဟုဆိုရင်တောင် ဘေးကင်းလုံခြုံစွာဖြင့် သူ ထွက်လာနိုင်လိမ့်မည်။  ထိုအခြေအနေမျိုးတွင် သူသည် ခရီးတစ်ခု စီစဉ်ကာ ထွက်ပြေးနိုင်ပါသေးသည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်ကပင် နည်းလမ်းတစ်ခုဖြင့် သူ့ကိုယ်သူ လွတ်မြောက်ရာ ရှာခဲ့နိုင်သေးရာ အဆိုးတကာ့အဆိုးဆုံး ဖြစ်လာပါက နိုင်ငံခြားသို့ သွားနိုင်သည်။

အားချန်း သူ၏ပစ္စေတိုသေနတ်ကို ဆွဲထုတ်လိုက်သည့်အခိုက်တွင် ဘေးတွင်ရှိနေသော ဟောင်ရှု၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားပြီး တခဏ တုံ့ဆိုင်းသွားသည်။ ထို့နောက်တွင် သူသည် ရှေ့သို့ လှမ်း၍ ထန်ရှု၏အရှေ့တွင် ရပ်ပြီး ကွယ်လိုက်ကာ

"မင်း ပစ်ရဲရင် ငါ့ကို အရင် ပစ်သတ်လိုက်။ မဟုတ်ရင် မင့်သေနတ်ကို ချထား။”

အားချန်း အံ့အားသင့်သွားသည်။ ဟောင်မိသားစု၏သခင်လေးဟောင်ရှုက ထန်ရှုအား အကာအကွယ်ပေးရန် အမှန်တကယ် ရောက်ချလာလိမ့်မည်ဟု သူ ဘယ်တုန်းကမှ အိပ်မက် မမက်ခဲ့ပေ။ တုမိသားစုတောင်မှ ဟောင်မိသားစုကို ရန်စလိုခြင်း မရှိသည့်အတွက် ရွှမ်းချင်ပြည်နယ်ရှိ ဟောင်မိသားစုသည် မည်မျှ အာဏာကြီးသည်ကို သူ ကောင်းစွာ သိသည်။ ထိုသူ့ကိုသာ ပစ်သတ်လိုက်ပါက တုမိသားစုက သူ၏အမိုးအကာအဖြစ် ရှိနိုင်တော့မည်မဟုတ်သည့်အပြင် အပြာရောင်မြို့တွင် သူ ဆက်လက်နေထိုင်မည်ဆိုပါက ဟောင်မိသားစု၏လူများက သူ့အား အပိုင်းပိုင်းအစစ လုပ်ခြင်းကို ခံရပေလိမ့်မည်။

ထန်ရှု၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာကာ ဟောင်ရှု၏ပုခုံးကို ပုတ်ပြီး

"ဟောင်ရှု … မင်းရဲ့ရည်ရွယ်ချက်ကောင်းတွေကို ငါ လက်ခံပါတယ်။ ဒါပေမယ့် ဒီကိစ္စကို ငါကိုယ်တိုင် ဖြေရှင်းပါရစေ။ သူက ဘာမှ မဟုတ်တဲ့အတွက် သူ့ကြောင့် မင်း ဒုက္ခရောက်စရာ မလိုဘူး။"

သူ၏အသံ ပျောက်ကွယ်သွားပြီး ဟောင်ရှု၏အနောက် ရှိနေသည့် ထန်ရှုသည် ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ သူ တစ်ဖန် ပြန်ပေါ်လာသောအခါ သူ၏လက်သည် အားချန်း၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားပြီး ဖြစ်နေပြီး သေနတ် လွှတ်ကျသွားသည့်အခိုက် ထန်ရှု၏ လက်သီးသည် အားချန်း၏နဖူးအား ထိုးနှက်လိုက်လေတော့သည်။ အားချန်း၏နှာခေါင်းမှာ ချိုင့်ဝင်သွားကာ မျက်နှာအရိုးများ ကွဲအက်သွားပြီး မျက်လုံးများမှ သွေးများ စီးကျလာသည်။ ထို့နောက် အားချန်းသည် ကြမ်းပြင်ပေါ်သို့ လဲကျသွားတော့သည်။

လက်သီးချက်တစ်ချက်တည်းဖြင့် ပြင်းထန်စွာ သေဆုံးခြင်း။

ထန်ရှုသည် အားချန်း၏အလောင်းကို သာမန်အတိုင်း ကန်ကာ နံရံထောင့်သို့ ပို့လိုက်သည်။ ထို့နောက် ဆိုဖာဆီသို့ ဖြည်းညှင်းစွာ ပြန်လာခဲ့သည်။ သူ ဝင်ထိုင်လိုက်ပြီးနောက် အပြုံးဖြင့်

"လူတစ်ယောက်ကို သတ်ရလိမ့်မယ်လို့ မမျှော်လင့်ထားပေမယ့် ငါ သူ့ကို သတ်ပြီးသွားပြီမို့လို့ ထားလိုက်တော့။ သခင်လေးတု ဟုတ်တယ်နော်။ အခု မင်းရဲ့လူတွေကို ဖုန်းနဲ့ ဆက်ခေါ်လို့ရသေးတယ်။ မင်း သူတို့ကို ဒီနေရာ မခေါ်လာနိုင်ရင် ငါတို့ အပြင်ထွက်လို့ ရတယ်။ ဒီကိစ္စကို ဆက်လက်လုပ်ဆောင်ဖို့ ကြည်လင်ကန်ကလပ်မှာ အခန်းကြိုတင် စာရင်းသွင်းရမယ်ဆိုလည်း ငါ စိတ်မဆိုးဘူး။ အပြင်မှာက တော်တော်ကျယ်တယ် … ငါတို့ ကစားဖို့ လုံလောက်တယ်။”

တုယွင်ကျဲ အကြီးအကျယ် တုန်လှုပ်ခြောက်ခြားနေပြီး သူ့နှလုံးသားတွင် သေခြင်းတရား၏အရိပ်အယောင်ကို ခံစားမိလာကာ ဤအခိုက်အတန့်တွင် ထွက်ပြေးချင်စိတ် ပေါက်လာသည်။ သူသည် တည့်တိုးဆန်ကာ ရိုင်းစိုင်းပြီး မာနကြီးသူလည်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း  ခက်ခဲကြမ်းတမ်းသော၊ ရက်စက်ကြမ်းကြုတ်သော၊ သနားညှာတာမှုကင်းသော လူများဆီသို့ မခုန်ဝင်ခဲ့ပေ။ သို့သော် ယခုအချိန်တွင် သူ၏အရှေ့ရှိ ထန်ရှုသည် စွမ်းအားကြီးလွန်းပြီး အပြာရောင်မြို့၏ မြေအောက်အဖွဲ့အစည်းမှ ရက်စက်ကြမ်းကြုတ်သော လူဆိုးတစ်ဒါဇင်ကျော်ကိုပင် ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းနိုင်သည်။ အထင်ရှားဆုံးအချက်မှာ ထိုသူသည် ပွင့်ပွင့်လင်းလင်းနှင့် ရိုးရိုးသားသား သတ်ဝံ့ခြင်းပင်ဖြစ်သည်။

“မင်း…”

သူသည် အားချန်း၏အလောင်းကို ကြည့်ကာ သိသိသာသာ ထိတ်လန့်နေခဲ့သည်။ ထွက်ပြေးခြင်းသည် သူ လုပ်ဝံ့သည့် အရာမဟုတ်ပေ။ သူ့အား အကူအညီပေးဖို့ လာရောက်ရန် ဆုတောင်းပြီး ဖုန်းခေါ်ဆိုသော်လည်း ကယ်တင်ရှင်သည် ယခုချိန်ထိ ရောက်မလာသေးပါချေ။ သူ့အစ်ကိုကြီး ရောက်မလာခင် ထန်ရှု စိတ်ပြောင်းသွားပြီး သူ့အား သတ်ပစ်မည်ကို စိုးထိတ်ကြောက်ရွံ့နေမိသည်။

ထန်ရှုက အားချန်းကို သတ်လိုက်သောကြောင့် ဒီနေ့ကိစ္စသည် အကြီးကြီး ဖြစ်လာတော့မည်ကို ဟောင်ရှု သိနေသည်။ သူသည် ဒေါသတကြီးဖြင့် အသိစိတ်လွတ်နေသော တုယွင်ကျဲကို စိုက်ကြည့်ပြီးနောက် လုံကျန့်ယုအား အသနားခံသော အကြည့်များဖြင့် ကြည့်လိုက်သည်။ လုံကျန့်ယုနှင့် ထန်ရှုကြားက ဆက်ဆံရေးကို သူ သိထားပြီး သည်အချိန်တွင် ထန်ရှုကို တည်ငြိမ်အောင် ထိန်းပေးနိုင်သူမှာ လုကျန့်ယုမှတပါး အခြားသူ မရှိတော့ပေ။

လုံကျန့်ယုက ခဏတာ တိတ်ဆိတ်သွားပြီးနောက် ခေါင်းယမ်းလိုက်ကာ အပြုံးဖြင့်

"ထန်ရှု … တုမိသားစုကနေ တစ်ယောက်ယောက် ရောက်လာတာကို စောင့်လိုက်ကြရအောင်။ တောင်းပန်ဖို့ သူတို့ ခေါင်းငုံ့လာရင် ဒီကိစ္စကို နိဂုံးချုပ်ပြီး မေ့လိုက်ပါတော့။ ဒါပေမယ့် သူတို့ မလုပ်ဘူးဆိုရင် နောက်ထပ် ပျော်ရွှင်စရာလေးတွေ ဖန်တီးကြတာပေါ့။"

"မင်း နူးညံ့သွားတာလား။" ထန်ရှုက ပြုံးပြီး မေးလိုက်သည်။

“ဟင့်အင်း … အဲ့ဒီလို မဟုတ်ဘူး။” လုံကျန့်ယုက ခေါင်းယမ်းလိုက်သည်။

“ငါတို့ရဲ့ မူလရည်ရွယ်ချက်က အပြာရောင်မြို့မှာ ပျော်စရာလေးတွေ လာလုပ်ရုံပဲလေ။ ဒုက္ခကို ငါတို့ကိုယ်တိုင် မကြောက်ဘူးဆိုပေမယ့် နောက်ထပ်ဒုက္ခတွေ ထပ်ဖန်တီးဖို့ မလိုအပ်ဘူး။ ။ ဒါပေမယ့် အဖြစ်အပျက် နည်းနည်းရှိတာက များများရှိတာထက် အများကြီး ပိုကောင်းပါတယ်။ တိုက်ခိုက်သတ်ဖြတ်ဖို့ အချိန်ဖြုန်းနေတာထက်စာရင် သူငယ်ချင်းတချို့နဲ့ စားသောက်နေတာက ပိုကောင်းပါတယ်ကွာ။”

"ငါ့ကို အဓိပ္ပါယ်ရှိစေတယ်။" ထန်ရှု ရယ်လိုက်သည်။

“အမှန်ပဲ။ အဲ့ဒါတော့ အမှန်ပဲ။” ဟောင်ရှုက အလျင်အမြန် သံယောင်လိုက်သည်။

“ဒီမှာက အရသာခံဖို့အတွက် ဝိုင်နဲ့ အသားကောင်းတွေကလွဲလို့ ဘာမှမရှိပါဘူး။ ဒါမှမဟုတ် မင်းအတွက် ငါ ဘယ်လိုကြိုတင်စီစဉ်ပေးရမလဲ။ တုမိသားစုကတစ်ယောက်ယောက် ဒီကိုလာပြီး ဒီကိစ္စကို ရှင်းရှင်းလင်းလင်း ဆွေးနွေးပြီးတဲ့အခါ အရာအားလုံး ပြီးစီးသွားပါလိမ့်မယ်။”

“အလျင်မလိုပါဘူး။ ဒီကိစ္စကို လွယ်လွယ်နဲ့ ပြီးနိုင်မယ် မထင်ဘူး။” ထန်ရှု အနည်းငယ်ပြုံးလိုက်သည်။ “တုမိသားစုက သူတို့ရဲ့မျက်နှာ မပျက်စေချင်သရွေ့ ဒီကိစ္စကို ဒီအတိုင်း ငါ ခွင့်မပြုပေးနိုင်ဘူး။ ငါတို့ ဒီမှာပဲ စောင့်နေမယ်။ မကြာခင် တစ်စုံတစ်ယောက် ရောက်လာနိုင်လောက်ပါတယ်။”

ချက်ချင်းပင် ပင်လယ်ကြည့်ခန်းမအတွင်းရှိ ပတ်ဝန်းကျင်လေထုသည် အေးခဲလာသည့်နှယ်ပင်။ ဆိုးဆိုးရွားရွား အရိုက်ခံရပြီး တုယွင်ကျဲအနီးတွင် လဲလျောင်းနေရသော မျက်နှာထားတင်းတင်း အမျိုးသားများမှလွဲ၍ ဟောင်ရှုနှင့် ဝမ်ကျိဒေါင်တို့သည် ထိုင်ရမလို ထရမလို ယောင်ချာချာဖြင့် အနေရခက်စွာ ပြုံးနေကြရသည်။

"ငါ ... အပြင်ထွက်ပြီး တစ်ချက်သွားကြည့်လိုက်ဦးမယ်။"

အချိန်အတော်ကြာ ထိတ်လန့်သွားပြီးနောက် ဝမ်ကျိဒေါင်သည် သူ့ကိုယ်သူ ရဲစိတ်တင်ကာ စကားဆိုလာသည်။

ထန်ရှုက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး "အပြင်ထွက်ပြီး သွားကြည့်တာ ကောင်းပါတယ်။ ဒါပေမယ့် စကားအများကြီး မပြောနဲ့။"

ဝမ်ကျိဒေါင်ကိုယ်တိုင်က ထန်ရှု၏ဂုဏ်ပုဒ်အကြောင်း တုယွင်လုံကို ပြောပြရန် အခုလေးတင် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ သို့သော် ထန်ရှု၏သတိပေးချက်ကို သူ ကြားလိုက်သောအခါ ထိုအတွေးအား ချက်ချင်း ဖယ်ပစ်လိုက်တော့သည်။ သူက တုမိသားစုကို မကြောက်ချေ။ သူကြောက်သည်က တုယွင်လုံကိုပင်။ သို့သော် ထန်ရှုနှင့် နှိုင်းစာပါက သူသည် ထန်ရှုကို ပိုကြောက်သည်မှာ သေချာပေါက်ပင်တည်း။

ဝမ်ကျိဒေါင်သည် ထွက်လာပြီးနောက် အပြင်ဘက်စင်္ကြန်တွင် လီချမ်းလေ့ စောင့်နေသည်ကို မြင်သောအခါ

"အဓိပတိခန်းမကို သန့်ရှင်းရေးလုပ်ခိုင်းပြီး ဝိုင်ကောင်းကောင်းနဲ့ ဟင်းပွဲတွေ ပြင်ဆင်ထားခိုင်းလိုက်။ နောက်ပြီး ငါ့အခန်းထဲက အကောင်းဆုံး လက်ဖက်ခြောက်ရွက်ကို အဓိပတိခန်းမကို ယူသွားပေးပါ။ အဲ့ဒါကို နောက်ကျရင် သုံးမယ်။”

လီချမ်းလေ့ စိတ်ထဲတွင် အံ့သြသွားသည်။ လုံကျန့်ယုနှင့် ထန်ရှုတို့တွင် ထူးခြားသောလက္ခဏာများရှိကြောင်း သူ အစောပိုင်းကတည်းက ခန့်မှန်းထားသော်လည်း ၎င်းတို့သည် ထိုကဲ့သို့သော အာရုံစိုက်မှုနှင့် ဂရုစိုက်မှုကို ရရှိလိမ့်မည်ဟု အနည်းငယ်မျှပင် မထင်ထားခဲ့ပေ။ တစ်ခုသိရမည်မှာ အပြာရောင်မြို့ရှိ အဓိပတိခန်းမကို အသုံးပြုနိုင်သည့် ဧည့်သည်များသည် သူ့လက်နှစ်ဘက်ရှိ လက်ချောင်းအရေအတွက်ထက် နည်းနိုင်ပေသည်။

"ငါ အခု စီစဉ်လိုက်မယ်။"

ဝမ်ကျိဒေါင်က သူ ထွက်သွားသည်ကို စောင့်ကြည့်နေသည်။ သူသည် ခဏတာ တိတ်ဆိတ်ငြိမ်သက်သွားပြီးမှ အံကိုတင်းတင်းကြိတ်လိုက်ကာ စာတိုတစ်စောင် ရိုက်ပြီး ပို့လိုက်သည်။

ကီလိုမီတာတစ်ဒါဇင်အကွာမှ လမ်းမကြီးပေါ်တွင် ကားနှစ်စီးသည် ကြည်လင်ကန်ကလပ်ဆီသို့ ဦးတည်နေသည်။ မာစီးဒီးဘင့်ကားအတွင်းမှ တုယွင်လုံ၏လက်ကိုင်ဖုန်းသည် တုန်ခါသွားသည်။ ဖုန်းကို ထုတ်ပြီး စာတိုဖတ်ပြီးနောက် သူ့မျက်နှာသည် အနည်းငယ် ပျက်သွားသည်။

"ဆရာသခင် … အားချန်း သေပြီ။" တုယွင်လုံက ခေါင်းလှည့်ပြီး သူ့ဘေးတွင် ထိုင်နေသည့် သက်လတ်ပိုင်း အမျိုးသားကို ကြည့်ကာ ပြောလိုက်သည်။

ရှောင်မင်ကျန်းသည် မျက်ခုံးကို အနည်းငယ် တွန့်ချိုးသွားသည်။

"ငါ မူလက အပြာရောင်မြို့ကို တိတ်တဆိတ်ဝင်ပြီး အားချန်းကို အနိုင်တိုက်ရင်း သူ့ကို ငါ့ရဲ့ကိုယ်စားလှယ်အဖြစ် သုံးချင်ခဲ့တာ။ သူ သေမယ်လို့ မမျှော်လင့်ထားဘူး။ မင်းတို့တုမိသားစုက သူ့ကို ခိုလှုံခွင့်ပေးထားတာ မဟုတ်ဘူးလား။ သူက ကြောက်စရာကောင်းတဲ့ ပုဂ္ဂိုလ်ကို ပြစ်မှားမိတယ်လို့ ငါ့ကို မပြောနဲ့နော်။”

“ကျွန်တော်လည်း မသိဘူး။”တုယွင်လုံ ခေါင်းယမ်းလိုက်ရင်း

"ဆရာသခင် လေဆိပ်မှာ ရှိနေတယ်ဆိုတဲ့ စာသားကို ကျွန်တော် မရခင်လေးမှာပဲ ကျွန်တော့်ညီက ကြည်လင်ကန်ကလပ်မှာ ပြဿနာရှာထားတယ်လို့ အကြောင်းကြားလာတယ်။ ဖုန်းဆက်တဲ့သူက အားချန်းလို့ ခေါ်တဲ့လူပဲ ဖြစ်မယ်...”

"မင်းတို့နှစ်ယောက်က တုမိသားစုက ညီအစ်ကိုအရင်းတွေ ဖြစ်ပေမယ့် မတူကွဲပြားတဲ့ စရိုက်တွေ ရှိတာပဲ။" ရှောင်မန်းကျန်းသည် မျက်လုံးများကို မှေးထားရင်း ဆက်ပြောသည်။

"မင်းမှာက ရည်ရွက်ချက်ကြီးကြီး၊ ရည်မှန်းချက်ကြီးကြီးနဲ့ တည်ငြိမ်ပြီး လုံခြုံရတဲ့ စိတ်ထား ရှိပြီး သိုသိုသိပ်သိပ်နေတတ်တယ်။ ဒါပေမယ့် တုယွင်ကျဲ့ကတော့ လူပေါ်ကြော့သူဌေးသားတွေရဲ့ အကျင့်ဆိုးကို တော်တော်ကြီး ပိုင်ဆိုင်ထားတယ်။ မင်းမိသားစုက သူ့ကို ကောင်းကောင်းမထိန်းနိုင်ရင် နောင်အနာဂတ်မှာ သူ ခြင်းကြားထဲ အထည့်ခံရပြီး ဓားနဲ့ထိုးခံရမှာစိုးရတယ်။”

"ကျွန်တော့်မိဘတွေက သူ့ကို သိပ်ချစ်ကြတော့ အလိုလိုက်ကြတယ်။" တုယွင်လုံက ကူကယ်ရာမဲ့စွာ ပြောသည်။

“သူ့ကို ထိန်းသိမ်းစစ်ဆေးဖို့ ကျွန်တော် ကြိုးစားခဲ့ပေမယ့် သူ့ရဲ့ ပြောင်ပြောင်တင်းတင်း၊ ထင်ရာစိုင်းတတ်တဲ့ သဘောထားကို လုံးဝ ပြောင်းလဲပစ်ဖို့ တခြားနည်းလမ်း မရှိပါဘူး။ ဆရာသခင် သူ့ကို ကောင်းကောင်း သင်ပေးဖို့ အချိန်ခဏလောက် ပေးနိုင်မလား။ ဆရာသခင်သာ သူ့ကို သင်ပေးမယ်ဆိုရင် သူ အများကြီး တိုးတက်လာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်။”

"ငါတို့ ဒီကိစ္စကို နောက်တစ်ခေါက်ကျ ဆွေးနွေးမယ်။" ရှောင်မင်ကျန်းက တီးတိုး ပြောလိုက်သည်။ “ငါ့မှာ ကိုင်တွယ်ဖြေရှင်းစရာတွေ အများကြီး ကျန်နေသေးတယ်။ ကြယ်တာရာက ကိစ္စရပ်တွေမှာ ကိုယ်တိုင်ပါဝင်ဖို့ မလိုအပ်ပေမယ့် အမှောင်ထဲမှာ ငါစီစဉ်ထားတဲ့ တိုးချဲ့မှုက အဟန့်အတား ဖြစ်နေတယ်။ အပြာရောင်မြို့ထဲကို ဖောက်ဝင်ဖို့ တခြားနည်းလမ်း မရှိဘူးဆိုရင် ရွှမ်းချင်ပြည်နယ်ထက် တခြားပြည်နယ်တွေမှာ ငါ့ရဲ့သြဇာကို ချဲ့ထွင်ဖို့က သာမလွယ်လောက်ဘူး။”

"ဒါပေမယ့် ဆရာသခင် … အပြာရောင်မြို့မှာ မိသားစုတွေ အများကြီးရှိတယ်။ သူတို့ထဲက တချို့က ပိုပြီးနက်ရှိုင်းတဲ့ အမွေအနှစ်တွေအပြင် ရှုပ်ထွေးနက်နဲတဲ့ ကွန်ရက်တွေတောင် ရှိသေးတယ်။" တုယွင်လုံက မဝံ့မရဲ ပြောလိုက်သည်။

"အပြာရောင်မြို့မှာ ရှိတဲ့ မြေအောက်အင်အားတွေကို ထိန်းချုပ်ချင်ရင် အစိုးရရဲ့ ကြီးမားတဲ့ ထိုးချက်တချို့ရဲ့ ပံ့ပိုးမှုမပါဘဲ အဲဒီမိသားစုတွေရဲ့ ခုခံမှုကို တန်ပြန်ဖို့ မလွယ်မှာကို ကျွန်တော် စိတ်ပူတယ်။"

“ဒီအချက်ကို ငါ သတိမထားမိဘူး။” ရှောင်မင်ကျန်းက ခေါင်းညိတ်လိုက်ပြီး

"မင်းမိသားစုက ရှာတွေ့ထားတဲ့သူတစ်ယောက်လို့ ပြောလို့ရတဲ့ အားချန်းကို ငါ ထိန်းချုပ်ချင်ခဲ့တယ်။ အပြာရောင်မြို့တစ်ခုလုံးမှာရှိတဲ့ ဒါဇင်နဲ့ချီတဲ့ အစွမ်းရှိလူများစွာကို ချုပ်ကိုင်ချင်ပေမယ့် အဲ့ဒါထက်ပိုတာက မိသားစုတွေရဲ့ဒေါသတွေ တိုးလာနိုင်ပြီး ဆန့်ကျင်ဘက်တွေနဲ့ ပေါင်းမိသွားရင် တိုက်ပွဲကို တာစူသွားနိုင်တယ်ဆိုတာ ငါ သိတယ်။ ဒါပေမယ့် ငါ့မှာ တခြားရွေးချယ်စရာတွေ ရှိမနေဘူး။ ငါ့လုပ်ရပ်ရဲ့ နောက်ကွယ်မှာ အကြောင်းပြချက်တွေ ရှိပါတယ်။”

တုယွင်လုံသည် လွန်စွာ စိတ်ရှုပ်ထွေးပြီး ပဟေဠိ ဖြစ်နေသည်။ သူ့ဆရာသခင်သည် အပြာရောင်မြို့ရှိ မြေအောက်အင်အားစုများကို မည်သည့်အတွက်ကြောင့် ထိန်းချုပ်လိုသည်ကို သူ မသိချေ။ သူသည် ရွှမ်းချင်ပြည်နယ်တစ်ခုလုံး၏မြေအောက်လောက

ခေါင်းဆောင် ဖြစ်ချင်ရင်တောင်မှ အပြာရောင်မြို့သည် သူစတင်နိုင်သည့်တစ်ခုတည်းသောနေရာဟု မဆိုလိုပေ။ သူ အမှန်တကယ် မေးလိုသော်လည်း သူ၏ဆရာသခင်က အကြိမ်တိုင်း ရှောင်လွှဲနေခဲ့သည့်အတွက် သူ့ရင်ထဲတွင်သာ စိတ်ရှုပ်ထွေးမှုကို မြှုပ်နှံထားရပေသည်။

"ဆရာသခင် … ကျွန်တော် အခြေခံတည်ဆောက်ခြင်း အဆင့်ကို လွန်ခဲ့တဲ့ ရက်အနည်းငယ်က ချိုးဖြတ်ခဲ့တယ်။" တုယွင်လုံသည် အကြောင်းအရာကို ပြောင်းလဲလိုက်ပြီး တီးတိုးအသံဖြင့် ပြောလိုက်သည်။

ရှောင်မင်ကျန်း၏မျက်လုံးများ တောက်ပလာပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ နယ်လှည့်ကျင့်ကြံသူတစ်ယောက် ဖြစ်သည့် အားလျော်စွာ သူ့တွင် တပည့် နှစ်ယောက် ရှိသည်။ သူ၏ပထမတပည့်သည် နိုင်ငံခြားတွင် နေထိုင်ပြီး နှစ်သစ်ကူးပွဲကျင်းပရန်သာ နှစ်စဉ်နှစ်တိုင်း တရုတ်နိုင်ငံသို့ ပြန်လာခဲ့ပြီး ဒုတိယတပည့်သည် နိုင်ငံတွင်း၌ အမြဲရှိနေခဲ့ကာ ကျင့်ကြံခြင်းအတွက် နှစ်စဉ် အနည်းဆုံး လအနည်းငယ်ကြာအောင် သူ့အနောက် လိုက်လေသည်။

မူလက သူ၏ဒုတိယတပည့်သည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရန် အနည်းဆုံး နှစ်အနည်းငယ် လိုအပ်ဦးမည်ဟု သူ ထင်ခဲ့သည်။ သူ၏အရည်အချင်းက သည်ကဲ့သို့ ကောင်းလာပြီး ယခုဆို ချိုးဖြတ်ပြီးဖြစ်လိမ့်မည်ဟု သူ နည်းနည်းလေးမှ မျှော်လင့်မထားမိပေ။

"ကောင်းတယ် … မင်း အရမ်းကောင်းတယ်။" ရှောင်မင်ကျန်းက ခေါင်းညိတ်ကာ ချီးကျူးသည်။ "မင်းရဲ့ ပညာသင်လက်အစ်ကိုကြီးကိုကျော်ပြီး သူ့ထက် စောပြီးတောင် ရွှေအမြုတေအဆင့်ကို ရောက်သွားနိုင်တယ်။"

“တကယ်တော့ ဒီတပည့်က အခွင့်ကောင်းတစ်ခု ရခဲ့တာ။” တုယွင်လုံက ပြုံးပြီး ပြောသည်။

“အပြာရောင်မြို့က အဆုံးမဲ့ဂုဏ်ရည်လုပ်ငန်းရဲ့ အခွင့်အာဏာရှိသူတစ်ဦးနဲ့ တွေ့ဆုံခဲ့ရတယ်။ ကျွန်တော် သူ့ဆီက အဖိုးတန် ဆေးပင် အများအပြားကို ဝယ်ပြီး အာဟာရဆေးဟင်းပွဲတွေကို အချိန်အတော်ကြာအောင် စားသုံးပြီး ကျင့်ကြံလိုက်လို့ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ချိုးဖြတ်သွားတာ။”

"မင်း ဆိုလိုတာက အပြာရောင်မြို့က အဆုံးမဲ့ဂုဏ်ရည်လုပ်ငန်းရဲ့ တာဝန်ခံတစ်ယောက်က မင်းကို တိတ်တဆိတ်ရောင်းလိုက်တာလား။" ရှောင်မင်ကျန်း အံ့သြသွားသည်။

"ဟုတ်တယ် ... သူက အဖိုးတန်ဆေးပင်တွေ သိမ်းထားတတ်တယ်။" တုယွင်လုံ ခေါင်းညိတ်သည်။ "ဆရာသခင် လိုအပ်ရင် သူ့ကို ဆက်သွယ်ပေးလို့ ရပါတယ်။"

"ငါ ဒါကို ထားခဲ့တာက ပိုကောင်းပါတယ်။" ရှောင်မင်ကျန်း ခေါင်းယမ်းလိုက်သည်။

"ချန်းကျီကျုံးက ဒါကို သိရင် ကိစ္စတွေ ကမောက်ကမဖြစ်သွားမှာကိုစိုးရတယ်။"

"ဒါပေမယ့် ဆရာသခင်ရဲ့ လက်ရှိစွမ်းရည်နဲ့ ချန်းကျီကျုံးကို ဘာလို့ အာရုံစိုက်နေသေးတာလဲ။" တုယွင်လုံ မျက်ခုံးပင့်သွားသည်။

ရှောင်မင်ကျန်းက အားတင်းပြုံးပြပြီး “ငါ ကြည့်နေတာ သူ့ကို မဟုတ်ပါဘူး … သူ့ဆရာကိုပါ။ ကောင်းပြီ … အဲ့ဒါကိုမေ့လိုက်ရအောင်။ ရွှမ်းချင်ပြည်နယ်တစ်ခုလုံးမှာရှိတဲ့ မြေအောက်အင်အားစုတွေကို ငါ ဘာကြောင့် ထိန်းချုပ်ချင်တာလဲဆိုတာ အထူးသဖြင့် အပြာရောင်မြို့ကိုပေါ့။ မင်း အမြဲသိချင်တဲ့အတွက် ဒီနေ့ မင်းကို ငါ ပြောပြမယ်။"

***

All Chapters