ချေမှုန်းသော
Vol. 45 Ch. 620
ကားကိုမောင်းနှင်နေသည့် သူ၏ယုံကြည်စိတ်ချရသော နောက်လိုက်ဖြစ်သူကို ကြည့်လိုက်ပြီးနောက် ရှောင်မင်ကျန်းနှင့် တုယွင်လုံတို့ နှစ်ယောက်သာ ကြားနိုင်သည့်လေသံဖြင့် ပြောခဲ့သည်။
" ရွှမ်းချင်ပြည်နယ်က မြေအောက်အင်အားစုတွေကို ထိန်းချုပ်လိုရတဲ့အကြောင်းရင်းက ချန်းကျီကျုံးရဲ့ ဆရာသခင်နဲ့ ငါ ပိုပြီးနီးကပ်လာအောင်လို့လေ။ ဒါမှ သူ့လက်နဲ့ လှုပ်ရှားဖို့ မသင့်တော်တဲ့ အရာတစ်ခုခုနဲ့ သူကြုံတွေ့တိုင်း ငါ သူ့ကို နည်းနည်းကူညီနိုင်မှာ။"
ဘာ…
တုယွင်လုံ အံ့အားသင့်သွားသည်။ သူ၏ဆရာသခင်အား မယုံကြည်နိုင်စွာ ကြည့်မိရင်း ပြင်းထန်သော လှိုင်းလုံးများသည် သူ့နှလုံးသားအတွင်း၌ တလိမ့်လိမ့် လှုပ်ခတ်လာလေသည်။ ဆိုလိုသည်မှာ သူ၏ဆရာသခင်သည် အပြာရောင်မြို့၏ မြေအောက်အင်အားစုများကို ထိန်းချုပ်ရန် အတတ်နိုင်ဆုံး ကြိုးစားနေရခြင်း အကြောင်းရင်းမှာ အခြားသူအား နီးစပ်လိုခြင်းကြောင့် ဖြစ်သည်။
ဒါ … ဒါက ဘယ်လိုဖြစ်နိုင်မလဲ။
သူ့ဆရာသခင်၏ဂုဏ်ပုဒ်အား တုယွင်လုံ ကောင်းစွာ သိရှိထားပေသည်။ ပြည်နယ်အများအပြား၏ မြေအောက်အင်အားစုများကို ထိန်းချုပ်ထားခြင်းအပြင် စုစုပေါင်းပိုင်ဆိုင်မှု ယွမ် ၁၀ ဘီလီယံကျော်ရှိသည့် ကုမ္ပဏီကြီးနှစ်ခုကိုလည်း ချုပ်ကိုင်ထားပြီး လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူတစ်ယောက်ဟူသော သူ၏ဂုဏ်ပုဒ်မှာ အထင်ရှားဆုံး ဖြစ်သည်။
ဒါတောင် သူက မထင်မှတ်ပဲ တခြားတစ်ယောက်ကို ဆွဲဆောင်ဖို့ လိုအပ်နေသေးတာလား။
"မင်းရဲ့ ကျင့်ကြံမှုက အရမ်းနိမ့်ကျသေးတယ်။ ဒါကြောင့် မင်းရဲ့အမြင်က အရမ်းတိမ်နေသေးတာ။" ရှောင်မင်ကျန်းက သက်ပြင်းချရင်း ဆက်ပြောသည်။ “သူက ညွှန်ပြချက်အနည်းငယ်ကို ပေါ့ပေါ့တန်တန် ပေးရုံနဲ့ ငါ့ကို အကျိုးကျေးဇူးများစွာကို ပေးစွမ်းနိုင်တယ်။ ငါ့ထက် သန်မာတဲ့သူတွေနဲ့ အနာဂတ်မှာ မင်း တွေ့ဆုံနိုင်ပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် မင်း အခြေခံတည်ဆောက်ခြင်းအဆင့်ကို ဖြတ်ကျော်ပြီးပြီမို့ နောက်ရက်အနည်းငယ်ကြာရင် သူ့ကို တွေ့ဖို့ မင်းကို ခေါ်သွားပေးမယ်။”
ရှောင်မင်ကျန်းထံမှ ဤပြောပြချက်သည် တုယွင်လုံအား ထိတ်လန့်စေသည်။ ငါးနှစ်သားကတည်းက သူ့ဆရာသခင်အဖြစ် တရားဝင် အသိအမှတ်ပြုပြီးကတည်းက ဟိုက်ချင်းပြည်နယ်မှ မြောင်ဝမ်တန်သည် သူသိသည့် တစ်ယောက်တည်းသော ကျင့်ကြံသူဖြစ်သည်။ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်နေပြီ ဖြစ်သောကြောင့် မရေမတွက်နိုင်သော လူများက မျှော်ကြည့်နေရသည့် အနေအထားသို့ ရောက်နေပြီဟု သူ ထင်မြင်မိသည်။ ယခုမူ ဤကမ္ဘာပေါ်တွင် သူ့ဆရာသခင်ထက် စွမ်းအားကြီးသူ ပိုများလိမ့်မည်ဟု မည်သူက တွေးထင်နိုင်မည်နည်း။
"ကျေးဇူးတင်ပါတယ် ဆရာကြီး။" တုယွင်လုံက ကျေးဇူးတင်ကြောင်း ပြန်ပြောသည်။
သူသည် ရှောင်မင်ကျန်း၏သင်ပြမှုအောက်တွင် ကျင့်ကြံခဲ့ပြီး အသက်ငါးနှစ်မှ ၁၆ နှစ်အထိ သူနှင့်အတူ အချိန်အများစုကို ကုန်ဆုံးခဲ့သည်။ သူ့မျက်လုံးထဲတွင် ရှောင်မင်ကျန်းသည် သူ့မိဘအရင်းတွေထက် ပိုပြီး ရင်းနှီးပေသည်။
ကားနှစ်စီးသည် လျင်မြန်စွာဖြင့် ကြည်လင်ကန်ကလပ်သို့ မောင်းဝင်လာသည်။ ရှောင်မင်ကျန်းသည် 'ကလေးများ' အကြား ပဋိပက္ခ ဖြစ်သောကြောင့် သူ လုံးဝလုပ်ဆောင်ရန် မလိုအပ်သဖြင့် ကားပေါ်မှ ဆင်းမလာပေ။ သူ၏အကြည့်များသည် အဆောက်အဦးအတွင်းသို့ ဝင်သွားသော တုယွင်လုံအား ကြည့်လိုက်ပြီးနောက် ထန်ရှုအား ရင်သပ်ရှုမော ဖြစ်စေနိုင်မည့် သူ ပိုင်ဆိုင်သည့် အရာများအကြောင်း စဉ်းစားရန် မျက်လုံးများကို မှိတ်လိုက်သည်။
ပင်လယ်ကြည့်ခန်းမအတွင်း…
တုယွင်လုံသည် သူ့လူနှစ်ယောက်နှင့်အတူ အတွင်းသို့ လျှောက်လာစဉ်တွင် သူ မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။ ဆိုးဆိုးရွားရွားအရိုက်ခံထားရသော တုယွင်ကျဲအား တစ်ချက်မျှ မကြည့်ဘဲ သူ့ညီငယ်သည် ထိုကဲ့သို့ ရိုက်နှက်ခြင်းမျိုးနှင့် ထိုက်တန်သည်ဟုပင် ခံစားမိသည်။ နို့မဟုတ်ပါက ထိုအငယ်ကောင်သည် တစ်နေ့လုံး ပြသနာရှာကာ နောင်တွင် ကြီးကြီးမားမား မွှေပစ်မည်မှာ ကျိန်းသေသည်။ သူ့အာရုံအား ဖမ်းစားနိုင်သော မြင်ကွင်းမှာ ကြမ်းပြင်ထက်ရှိ အားချန်း၏ရုပ်အလောင်းနှင့် လူဒါဇင်ပေါင်းများစွာ၏ သနားစရာကောင်းသော အနေအထားဖြစ်သည်။
"ယွင်လုံ…" ဟောင်ရှုသည် တုယွင်လုံကို တွေ့သောအခါ ဆိုဖာပေါ်မှ ချက်ချင်းထပြီး နောက်ကျောဘက်ရှိ ထန်ရှုနှင့် လုံကျန့်ယုတို့အား မျက်လုံးဖြင့် ပြလိုက်သည်။
တုယွင်လုံသည် မျက်လုံးအစုံကို ကျဉ်းမြောင်းလိုက်ကာ ခေါင်းညိတ်ပြသည်။ ထို့နောက် သူက တုယွင်ကျဲကို ကြည့်လိုက်ပြီး အေးစက်စွာပြောသည်။
"ဒါနဲ့ဆို ဒီည ဒုတိယအကြိမ် ရှိပြီမဟုတ်လား။ အော်ဟစ်အကူအညီတောင်းဖို့ ဖိအားပေးခံရတာက မင်းအတွက် ကောင်းတယ်လို့ ခံစားရလား။"
တုယွင်ကျဲသည် သူ၏မိဘများကို မည်သည့်အခါကမှ မကြောက်ခဲ့သော်လည်း ကြောက်စရာကောင်းသော ခွန်အားကို ပိုင်ဆိုင်ထားသည့် သူ့အစ်ကိုကြီးကိုမူ ကြောက်ရွံ့ပေသည်။ တုယွင်လုံ၏မေးခွန်းကို ကြားသောအခါတွင် သူ၏နှုတ်ခမ်းများသည် အကြိမ်အနည်းငယ် တုန်ရီသွားပြီး ခေါင်းငုံ့ကာ ဖြေလိုက်သည်။
“ဒါ ငါ့အမှားပါ အစ်ကိုကြီး။”
အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီးနောက် တုယွင်လုံသည် ထန်ရှုနှင့် လုံကျန့်ယုတို့ဘက်သို့ လှည့်လိုက်ပြီး
"လူကြီးမင်းတို့နှစ်ယောက် … ငါ့ညီလေးရဲ့အကျင့်စရိုက်ကို ငါ ကောင်းကောင်း သိတယ်။ သူက မင်းတို့ကို ပထမဆုံး ရန်စတဲ့သူ ဖြစ်မှာပဲ စိုးရတယ်။ နှစ်ယောက်လုံးကို သူ့ကိုယ်စား ငါ တောင်းပန်ချင်ပါတယ်။ မင်းတို့မှာ သဘောထားကြီးကြီး ထားနိုင်မယ်လို့ ငါမျှော်လင့်ပြီး ဒီကောင်စုတ်လေးနဲ့ အဆင့်တူအောင် မနှိမ့်ချပါနဲ့။"
"တုမိသားစုမှာ အသိဉာဏ်ရှိတဲ့ လူတစ်ယောက် ရှိနေသေးတဲ့အတွက် ဘုရားရှင်ကို ကျေးဇူးတင်ပါတယ်။" လုံကျန့်ယုက ရုပ်တည်ကြီးဖြင့် ပြောလိုက်သည်။
"ပဋိပက္ခတွေကို ဖြေရှင်းရာမှာ တတိယလူဆိုတာ မလိုအပ်တာမို့ မင်းရဲ့တောင်းပန်မှုက မလိုအပ်ပါဘူး။ ဒါကြောင့် ငါတို့မှာ မင်းကို အပြစ်တင်စရာမရှိဘူး။"
"ငါ မင်းတို့ကို တောင်းပန်တယ်လို့ ပြောပြီးပြီဆိုတော့။" တုယွင်လုံက ခေါင်းညိတ်လိုက်ရင်း
“အခု တခြားအကြောင်း ပြောကြတာပေါ့။ အားချန်းကို ငါ့တို့မိသားစုက ကျောထောက်နောက်ခံပြုတယ်ဆိုတာ မင်းတို့ သိပြီးသားဖြစ်မှာ သေချာပါတယ်။ အခု သူ သေသွားပြီ … အဲဒါ မင်းတို့ လုပ်ခဲ့တာပဲ မဟုတ်လား။ နောက်ပြီး လူအချို့က ဒဏ်ရာပြင်းပြင်းထန်ထန် ရထားပြီး အချို့က မသန်စွမ်းတွေ ဖြစ်ကုန်ပြီ။ မင်းတို့နှစ်ယောက် ရက်စက်လွန်းအားကြီးတယ်။ အဲ့ဒါတော့ ငါ့ကို ရှင်းပြသင့်တယ်လို့ ငါ ထင်တယ်။”
"တကယ်လို့ ငါတို့မှာ အရည်အချင်းအချို့သာ မရှိခဲ့ရင် ဒီနေ့ဒီလိုကံဆိုးမှုမျိုးနဲ့ အဆုံးသတ်သွားရမှာ ငါတို့ပဲ။" လုံကျန့်ယုက သရော်လိုက်သည်။
“အဲ့လိုဖြစ်သွားရင် ငါတို့ကိုဘယ်သူရှင်းပြမှာလဲ အဟက်…"
တုယွင်လုံသည် တိတ်ဆိတ်သွားသော်လည်း သူ၏ စူးရှသော မျက်လုံးများက ထန်ရှုတို့နှစ်ယောက်အား အနုလုံပဋိလုံ ကြည့်နေသည်။
ဆိုဖာပေါ်တွင် နစ်မြုပ်သည့်အထိ ထိုင်နေသော ထန်ရှုက ပြုံးပြရင်း လက်ပိုက်ကာ မေးလိုက်သည်။
"ဒါဆို မင်းက ငါတို့ဆီက ဘယ်လို ဝန်ခံတာမျိုး လိုချင်တာလဲ။"
“ယောက်ျားတွေက သူတို့ရဲ့ အာဏာ၊ ငွေကြေး၊ အဆက်အသွယ်တွေနဲ့ ဖလှယ်ကြတယ်။ ဒါပေမယ့် မင်းတို့က တခြားသူရဲ့ သြဇာအာဏာကို သုံးပြီး အနိုင်ကျင့်တာ မဟုတ်ဘူးလို့ ငါ ပြောနိုင်တယ်။ ဒါကြောင့် ငါလည်း ဒီလို နည်းလမ်းတွေကို သုံးရတာ မကြိုက်ဘူး။ မင်းက အားချန်းကို သတ်နိုင်ပြီး သူ့လူတွေကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေနိုင်မှတော့ မင်းရဲ့ တစ်ဦးချင်း သိုင်းပညာစွမ်းရည်က ကြောက်မက်ဖွယ် ကောင်းတယ်လို့ ဆိုရမယ်။ ဒီတော့ မင်းကို အဖော်လုပ်ပြီး ငါ တိုက်ခိုက်ပေးမယ်။ မင်း အနိုင်ရရင် မင်းလုပ်စေချင်တာ ငါလုပ်ပေးမယ်။ ဒါပေမယ့် မင်းရှုံးသွားရင်တော့ မင်း ခေါင်းငုံ့တောင်းပန်ပြီး အားချန်းနဲ့ သူ့လူတွေကို နောက်ဆက်တွဲ အကျိုးအမြတ် ပေးရမယ်။"
ထန်ရှုက တခဏလောက် တွေးဆနေပြီးမှ အပြုံးဖြင့် "ဘယ်လို နောက်ဆက်တွဲအကျိုးအမြတ်ကို လိုချင်တာလဲ။ အတိအကျ ပြောပေး။"
"မင်းတို့နှစ်ယောက်က ပိုက်ဆံမရှိတဲ့လူတွေနဲ့ မတူပါဘူး။ ဆိုတော့ မင်းတို့ အားချန်းရဲ့ မိသားစုကို ယွမ် ၁၀မီလီယံ လျော်ကြေးပေးပြီး ကျန်တဲ့သူတွေအတွက် ဆေးဖိုးဝါးခ ယွမ်၂မီလီယံစီ ပေးပေးပါ။"
“မင်း မဆိုးဘူး။” ထန်ရှုက ပြုံးလိုက်သည်။
“ငါ့ထက် အများကြီး ပိုသဘောကောင်းတယ်။ ကောင်းပြီ … ငါ ဒါကို ငြင်းရင် ငါက လူမဟုတ်တော့ဘူး။”
ထိုစကားကို ပြောပြီးနောက် ထန်ရှု ဆိုဖာပေါ်မှ ထလိုက်သည်။
“ထန်ရှု … ဒါ…” ဟောင်ရှု မျက်နှာပျက်သွားပြီး အလျင်စလို ဝင်ပြောလာသည်။
“အဆင်ပြေပါတယ်။ ဒါ အပျော်သဘောသက်သက်ပါ။ စိတ်ချပါ … ငါ သူ့ကို မသတ်ဘူးလို့ ကတိပေးတယ်။" ထန်ရှု ပြုံးကာ ပြောလိုက်သည်။
ဟောင်ရှုက အားတင်းပြုံးလိုက်ပြီး
"ထန်ရှု ငါ စိုးရိမ်တာက ..."
ထန်ရှု ငေးကြည့်မိရင်း ရယ်ရခက် ငိုရခက် ဖြစ်သွားကာ ပြန်ဖြေသည်။
"ဆိုလိုတာက ... သူ ငါ့ကို သတ်မှာကို စိုးရိမ်နေတာလား။ သူက အရမ်း အစွမ်းထက်သလား။"
"အစွမ်းထက်တယ်။" ဟောင်ရှုက စဉ်းပင်မစဉ်းစားဘဲ ပြောလိုက်သည်။
“အပြာရောင်မြို့မှာ သူ့ရဲပြိုင်ဘက်ဖြစ်နိုင်တဲ့လူ ဘယ်သူ့ကိုမှ ငါ မမှတ်မိဘူး။ တစ်ခါတုန်းက လူအယောက် ၂၀ကနေ ၃၀လောက်ထိ သူ အလဲထိုးနိုင်ဖူးတယ်…”
သူ၏စကားသည် ထိုနေရာသို့အရောက်တွင် ရပ်သွားခဲ့သည်။ ထန်ရှု၏လှုပ်ရှားမှုအား မကြာသေးမီက သူ မြင်ထားပြီး ထန်ရှုသည်လည်း ခပ်ကြမ်းကြမ်း လူတစ်ဒါဇင်ကျော်ကို သူ့ဘာသာသူ ကိုင်တွယ်ဖြေရှင်းနိုင်သူတစ်ဦး ဖြစ်သောကြောင့် မည်သည့်စကားအား သူ ဆက်ပြောရမည်မသိ ဖြစ်ခဲ့သည်။
"စိတ်မပူပါနဲ့။ ငါ သူ့ကို မသတ်ပါဘူး။” တုယွင်လုံက မထူးခြားဟန်အမူအရာဖြင့် ပြောလိုက်သည်။
တုမိသားစု၏ညီအစ်ကိုများ ပြသော မောက်မာမှုက ဟောင်ရှုကို စိတ်အနှောက်အယှက်ဖြစ်စေကာ စိတ်ထဲတွင် ဒေါသ ထောင်းကနဲ ထွက်သွားရသဖြင့် အော်ပြောလိုက်သည်။
"တုယွင်လုံ … မင်းက ထန်ရှုထက် ပိုပြီး အစွမ်းထက်နေရင်တောင် မင်း ဒီနေ့ အရှုံးပေးရဦးမှာပဲ။ နို့မဟုတ်ရင် မင်းရဲ့တုမိသားစုက..."
"ဟောင်ရှု…" ထန်ရှုက အသံလေးလေးဖြင့် အော်လိုက်သည်။
ဟောင်ရှု၏ခန္ဓာကိုယ်သည် တုန်ရီသွားပြီး ထန်ရှုဘက် ခက်ခက်ခဲခဲ ခေါင်းလှည့်ကာ
"သူက ငါ့ကို အရင်က အကြိမ်အနည်းငယ် ကူညီခဲ့ဖူးပြီး ငါ့ရဲ့ ကျေးဇူးရှင်ပါ။ ညီအစ်ကိုထန် … ဒီတစ်ခါ ငါ့မျက်နှာကို ထောက်ထားပြီး သူ့ကို လွှတ်ပေးလိုက်လို့ရမလား။ နောင် မင်းကို ဘယ်တော့မှ ရန်မစမိစေဖို့ ငါ အာမခံပါတယ်။"
ထန်ရှု မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး စကားတစ်ခွန်းမှ မဆိုပေ။
အံ့သြထိတ်လန့်သွားသော တုယွင်လုံသည် ထန်ရှုအား အကဲခတ်ကြည့်နေသည်။ သူသည် လိမ္မာပါးနပ်ပြီး ဉာဏ်ကောင်းသူ ဖြစ်သောကြောင့် ထန်ရှုသည် သာမန်လူတစ်ယောက်မဟုတ်ကြောင်းအား ဟောင်ရှု၏စကားများမှ ပြောပြနိုင်ပြီး ထိုသူ၏မူလဇစ်မြစ်မှာ ဟောင်ရှုကိုပင် ထိတ်လန့်စေနိုင်သည့်အရာ ဖြစ်နိုင်သည်။ သို့သော် ဟောင်ရှုကို ဤကဲ့သို့ ခြောက်လှန့်ရန် မည်သို့သော နောက်ခံ ရှိနိုင်ပါသနည်း။ ထိုသူက မြို့တော်ကလူတစ်ယောက် မဖြစ်နိုင်...
သူ၏အတွေးများ ထိုနေရာသို့ အရောက်တွင် တုယွင်လုံက လေးနက်သော အမူအရာဖြင့်
"ဟောင်ရှု … မင်း တစ်ခုခုကို နားလည်မှုလွဲနေပြီလို့ ငါ ထင်တယ်။ ငါတို့က ငါတို့တွေရဲ့သိုင်းပညာကို နှိုင်းယှဉ်ချင်ရုံပါ။ သူနဲ့ငါ့ညီကြားက ပဋိပက္ခနဲ့ နစ်နာမှုတွေအတွက်က ငါတို့ ပြိုင်တဲ့ရလဒ် ဘယ်လိုပဲရှိရှိ ပယ်ဖျက်မှာပါကွ။ ငါ ရှုံးရင် သူတို့ ဖြစ်စေချင်သမျှ ငါလုပ်ပေးမယ်။ သူတို့ ရှုံးရင် ဆေးဖိုးတွေလောက်ပဲ လျော်ကြေးပေးရမယ်။ ဒီမှာရှိတဲ့လူတိုင်းက ယောက်ျားတွေလို့ ငါ ယုံတယ်။ ဒါကြောင့် ဒီအသေးအဖွဲကိစ္စလေးရဲ့ ရလဒ်ကို လက်ခံနိုင်မှာပါ။”
"တုယွင်လုံ ဟုတ်တယ်နော်။ မင်းက အကျင့်စာရိတ္တ ကောင်းတဲ့လူပဲ။" ထန်ရှုက လက်ခုပ်လက်ဝါးတီးကာ ပြုံးပြီး ခေါင်းညိတ်သည်။
"ဟောင်ရှု ပြန်လာတော့။ သူ ပြောတဲ့အတိုင်း ရလဒ်က ဘယ်လိုပဲဖြစ်နေနေ ဒီကိစ္စကို ငါ ထပ်ပြီး ငြင်းခုံနေမှာ မဟုတ်ဘူး။”
ဟောင်ရှု တိတ်တဆိတ် စိတ်သက်သာရာရပြီး ထန်ရှုအား ကျေးဇူးတင်စွာဖြင့် ကြည့်ကာ လျင်မြန်စွာ နောက်ပြန်ဆုတ်လာသည်။
တုယွင်လုံ၏မျက်နှာပေါ်တွင် ဝင့်ကြွားသော အမူအရာ ပေါ်လာပြီး လက်ဟန်ပြကာ
"မင်းကို ငါ စပြီးတိုက်ခိုက်ရင် အနိုင်ကျင့်သလို ဖြစ်လိမ့်မယ်။ ဒါကြောင့် မင်းကို ၃ကွက် ငါ အကျောပေးမယ်။ အဲ့ဒါပြီးရင် မင်း ငါ့ရဲ့ လှုပ်ရှားမှုတွေကို ခံယူနိုင်မယ်လို့ ငါ မျှော်လင့်တယ်။”
ထန်ရှု၏မျက်နှာထက်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာသည်။
ရုတ်တရက် ခြေလှမ်းကြဲတစ်ခုဖြင့် သူသည် ရှေ့သို့ လှမ်းလာပြီး တုယွင်လုံနှင့် နှစ်မီတာအကွာသို့ အရောက်တွင် သူ၏အမြန်နှုန်းသည် ချက်ချင်းပင် တဟုန်ထိုး တိုးတက်သွားကာ ပါးတစ်ချက် ရိုက်သည်။
ဖြန်း … “ပထမအကွက်…”
ထန်ရှု၏အသံထွက်ပေါ်လာပြီး များမကြာမီ ဒုတိယမြောက် ကျယ်လောင်သော ပါးရိုက်သံကို ကြားလိုက်ရသည်။
ဖြန်း … "ဒုတိယအကွက်…"
ဖြန်း … "တတိယအကွက်…"
သုံးကြိမ်ဆက်တိုက် ပါးရိုက်ပြီးနောက် ထန်ရှု ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားသည်။ သူ၏လက်နှစ်ဖက်ကို ပိုက်ရင်း တုယွင်လုံအား ပြုံးတုံ့တုံ့ကြည့်ကာ
"သုံးကွက် ပြီးပြီ။ တိုက်ချင်သေးလား။"
ထန်ရှုဆီက သုံးကြိမ်တိုင်တိုင် ပါးရိုက်ခံလိုက်ရသဖြင့် တုယွင်လုံ စိတ်ရှုပ်ထွေးသွားသည်။ လက်ရှိတွင် သူသည် အခြေခံတည်ဆောက်ရေး ကျင့်ကြံမှုအဆင့်အား ချိုးဖြတ်ပြီး ဖြစ်သည်။ ကျင့်ကြံမှုအဆင့် မရှိသည့် သိုင်းဆရာကြီးတစ်ဦးသည် သူ၏မျက်လုံးထဲတွင် ပုရွက်ဆိတ်တစ်ကောင်နှင့် အလားတူသည်၊ ဒါဇင်နှင့်ချီသောသူတို့သည် သူ တိုက်ခိုက်လိုသော ဆန္ဒရှိလျှင် သူ၏ပြိုင်ဘက် မဖြစ်နိုင်ကြချေ။
သို့သော် … တစ်ဖက်လူက မည်ကဲ့သို့ သည်လောက်တောင် မြန်ရပါသနည်း။ သူ လုံးဝ တုံ့ပြန်နိုင်ခြင်း မရှိဘဲ သုံးကြိမ်တိုင်တိုင် ပါးရိုက်ခံလိုက်ရသည်လေ။
သူ...သူ ဘယ်သူဖြစ်နိုင်မလဲ။
တုယွင်လုံ၏ရင်ထဲတွင် ထိတ်လန့်ကြောက်ရွံ့သော သတိပေးမှုတစ်ခု ဖြစ်ပေါ်လာသည်။ သို့သော် ထန်ရှု၏ မျက်နှာထက်က ပြုံးတုံ့တုံ့အမူအရာကို မြင်လိုက်ရသောအခါ ပြင်းထန်သော အရှက်ကွဲသည့် ခံစားချက်ကို ရင်ထဲမှ ခံစားမိသည်။ လက်သီးကို ကျစ်ကျစ်ပါအောင် သူ ဆုပ်လိုက်သည်။ ထို့နောက် ရှေ့သို့ ခြေလှမ်းတက်ကာ မီတာအနည်းငယ်အကွာမှ အပြေးလာပြီး ထန်ရှု၏မျက်နှာအား လျှပ်စီးတန်းအလား လက်သီးချက်များနှင့် ထိုးနှက်လိုက်သည်။
ဘန်း…
ရှုပ်ယှက်ခတ်သွားသော အသံတစ်ခုကို ကြားလိုက်ရသည်။ ထိုအသံသည် ထန်ရှု၏မျက်နှာကို ထိသွားသော တုယွင်လုံ၏ လက်သီးသံ မဟုတ်ဘဲ ထန်ရှုက တုယွင်လုံ၏ရင်ဘတ်အား လှမ်းကန်လိုက်သဖြင့် တုယွင်လုံ၏ခန္ဓာကိုယ်သည် ခုနစ်မီတာကျော်အကွာအထိ နောက်သို့ လွင့်သွားပြီး ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားခြင်းဖြစ်သည်။
အဟွတ်…
တုယွင်လုံ ပါးစပ်အပြည့်သွေးတစ်လုပ် အန်လိုက်ရသည်။ ကန်ချက်တစ်ချက်တည်းဖြင့် သူ၏ကိုယ်တွင်းအင်္ဂါများ ထိခိုက်ဒဏ်ရာရသွားခဲ့ချေပြီ။ သူ ကြမ်းပြင်ပေါ်သို့ လဲကျနေစဉ်အတွင်း ထန်ရှုသည် အရိပ်တစ်ခုအလား သူ၏ဘေးနားသို့ ရောက်လာပြီး လက်သီးချက်များသည် မိုးပေါက်များသဖွယ် တုယွင်လုံ၏ခန္ဓာကိုယ်ဆီသို့ ကျလာတော့သည်။ သူ့မျက်နှာအား အကြိမ်အနည်းငယ် ခိုက်မိရုံသာ ဖြစ်သော်လည်း နှာခေါင်းသွေးများထွက်ကာ မျက်နှာတစ်ခုလုံး ညိုမဲဖူးယောင်နေသည်။
နောက်ဆုံးတွင် တုယွင်လုံ၏ခန္ဓာကိုယ်သည် နံရံကို ထိမှန်ပြီးနောက် နံရံအောက်ခြေပေါ်သို့ လျှောကျသွားသည်။
ထန်ရှုက သူ၏လက်ကောက်ဝတ်ကို တမင်ဆွဲလိုက်ပြီး အပြုံးဖြင့်
“ငါ့ရဲ့ပြင်းထန်တဲ့ ရိုက်နှက်မှုကို လူနည်းစုလောက်ပဲ ခံနိုင်တယ်။ ငါ့ခွန်အားတွေ အများကြီး မသုံးထားပေမယ့် ဒီညတော့ ငါ့ရဲ့လေးလံနေတဲ့ ခံစားချက်က တော်တော် ပြေပျောက်သွားပြီ ထင်ပါတယ်။ ကောင်းပြီ … တုယွင်လုံ … မင်းမှာ ပြန်ပြီး မတ်တပ်ရပ်နိုင်သေးရင် ငါတို့ ဆက်တိုက်ကြမယ်။ ဒါပေမယ့် မင်း မထနိုင်ရင်တော့ မင်း ရှုံးပြီ။"
တုယွင်လုံ သွေးလုပ် အနည်းငယ်ခန့် အန်လိုက်ရသော်လည်း သူ့တစ်ကိုယ်လုံးက နာကျင်မှုကို ဖိနှိပ်ကာ ကြံ့ကြံ့ခံသည်။ သူ ကြမ်းပြင်ပေါ်မှ ခုန်ထလိုက်သော်လည်း တုန်လှုပ်ချောက်ချားမှုနှင့် ကြောက်ရွံ့မှုများ ဖြစ်ပေါ်နေသောကြောင့် ထပ်မံ မတိုက်ခိုက်တော့ပေ။ သူက ခေါင်းယမ်းပြီး
“ငါ ရှုံးနေပြီးသား။ မင်း ငါ့ကို သတ်ဖို့ဆိုရင် တစ်ချက်တည်းနဲ့သတ်နိုင်တယ်။ ငါ ရှုံးတယ် … ငါ လုံး၀ ဝန်ခံတယ်။”
***