ပြိုင်ဖက်ကို သိရှိရန်သာ ပဋိပက္ခ ဖြစ်ခြင်း
Vol. 45 Ch. 621
တုယွင်ကျဲ၏တစ်ကိုယ်လုံး တုန်လှုပ်ခြောက်ခြားသွားသည်။ သူ၏အစွမ်းထက်သော အကိုကြီး သည်ကဲ့သို့ ရှုံးနိမ့်သွားလိမ့်မည်ဟု တစ်ခါမျှ အိပ်မက် မမက်ခဲ့ပေ။ ထို့ထက်ပိုသည်မှာ လုံးလုံးလျားလျား ပြန်လည်တိုက်ခိုက်နိုင်ခြင်းမရှိဘဲ ရှုံးနိမ့်သွားခဲ့ရခြင်း ဖြစ်သည်။
“အစ်ကိုကြီး…”
“တိတ်စမ်း…” တုယွင်လုံက ငေါက်လိုက်သည်။ “ဒီသောက်ကျိုးနည်း ဖြစ်ရပ်က ဒီမှာပဲ အဆုံးသတ်ပြီ။”
တုယွင်ကျဲသည် အထိတ်တလန့် ကြည့်လာပြီး ထန်ရှုကို ကြောက်ရွံ့စွာဖြင့် ခိုးကြည့်ကာ အစ်ကိုဖြစ်သူအား တိတ်ဆိတ်စွာ ခေါင်းညိတ်ပြလိုက်သည်။ သူ တကယ် မကျေနပ်သော်လည်း မသေချင်သေးသောကြောင့် ခေါင်းငုံ့ထားဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။ ယနေ့အဖြစ်အပျက်သည် အပြာရောင်မြို့ရှိ သြဇာကြီးသူများ၏လူမှုအသိုင်းအဝိုင်းတွင် ပျံ့နှံ့သွားမည်ဖြစ်ပြီး သူ့မိသားစုပင်လျှင် သူ့အား ပြင်းထန်စွာ အပြစ်ပေးတော့မည်ကို သူ နားလည်ခဲ့သည်။ သို့သော် သူ့စွမ်းရည်သည် အခြားသူများထက် များစွာ နိမ့်ကျကြောင်း ဝန်ခံရပေမည်။
တုယွင်ကျဲကို စိတ်ထဲထည့်မထားဘဲ ထန်ရှုက ဆိုဖာပေါ်တွင် ပြန်ထိုင်လိုက်ကာ
"မင်းရဲ့ဒဏ်ရာက အတော် ပြင်းတယ်။ ဒါပေမယ့် ဒါက မင်းရဲ့ညီလေးနေရာကို အစားထိုးဝင်ဖို့ မင်းကိုယ်တိုင်က စတင်လာတဲ့အတွက် ပြစ်ဒဏ်သေးလေးတစ်ခုပါ။ ပြန်တော့ … လအနည်းငယ်လောက် အနားယူလိုက်ရင် မင်း ပြန်ကောင်းလာလိမ့်မယ်။”
ထိုအခိုက်တွင် တုယွင်လုံသည် အသိပြန်ဝင်လာပြီး ထန်ရှုသည် ကျင့်ကြံသူတစ်ယောက်တစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်သည်ကို သဘောပေါက်သွားသောကြောင့် သူ့အပေါ် ဒေါသမထွက်ပေ။ တုယွင်လုံက လက်သီးဆုပ်ကာ ပြောလိုက်သည်။
“သူငယ်ချင်း … မင်းက အခုချိန်မှာ အရမ်းကြောက်ဖို့ ကောင်းတယ်ဆိုတာ ငါ ဝန်ခံပါတယ်။ ဒါပေမယ့် ငါ့ကို အချိန်တစ်ခုပေးပါ … ငါ လုံ့လစိုက်ထုတ်ပြီး ကျင့်ရင် တစ်နေ့ မင်းကို ကျော်ဖြတ်နိုင်မယ်လို့ ငါ ယုံကြည်တယ်။”
"ယုံကြည်မှုရှိတာက တကယ်ကို ကောင်းပါတယ်။ ဒါပေမယ့် မင်းရဲ့ညီ ထွက်လာပြီး နောက်တစ်ခါ ပြသနာ ထပ်မရှာစေနဲ့။" ထန်ရှု ပြုံးလိုက်ရင်း
"မင်းရဲ့ အကျင့်စရိုက်ကို ငါ သဘောကျတဲ့အတွက် ဒီတစ်ကြိမ်တော့ ငါ ထိန်းထိန်းသိမ်းသိမ်း လုပ်ထားတယ်။ နို့မဟုတ်ရင် မင်း ဒီည ပြန်သွားဖို့ ဆိုတာ မဖြစ်နိုင်ဘူး။"
တုယွင်လုံက လက်ခံသည့်အမူအရာဖြင့် ချက်ချင်း လက်သီးဆုပ်ပြီး ပြန်ဖြေသည်။
“စိတ်ချပါ။ ဒုတိယတစ်ကြိမ်တော့ မဖြစ်စေရပါဘူး။”
ထန်ရှုက တုယွင်လုံအား ပြင်းပြင်းထန်ထန် ရိုက်နှက်ပြီးနောက် ပဋိပက္ခ ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ တုညီအစ်ကိုတို့အဖွဲ့ ဒဏ်ရာဒဏ်ချက်များဖြင့် ထွက်ခွာသွားချိန်တွင် ဟောင်ရှုနှင့် ဝမ်ကျိဒေါင်တို့၏ ရိုကျိုးသော ဖိတ်ကြားမှုကြောင့် ထန်ရှုနှင့် လုံကျန့်ယုတို့သည် အဓိပတိခန်းမသို့ ရွှေ့ပြောင်းခဲ့သည်။ အားချန်း၏အလောင်းနှင့် အပြာရောင်မြို့မှ ပြင်းထန်စွာ ဒဏ်ရာရသွားသော လူမိုက်များ၏ နောက်ဆက်တွဲကိစ္စနှင့် ပတ်သက်၍ တုယွင်လုံက ကိုင်တွယ်ပေးမည်ဖြစ်သည်။
အဆောက်အဦးအပြင်ဘက်ရှိ မာစီးဒီးဘင့်ကားအတွင်းရှိ ရှောင်မင်ကျန်းသည် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ သူ၏အကြည့်များသည် ကားပြတင်းပေါက်ကတဆင့် အနားရောက်လာသော တုယွင်လုံအပေါ် ကျရောက်သွားချိန်တွင် အမူအရာ အနည်းငယ် ပြောင်းသွားသည်။ သူက ချက်ချင်း ကားတံခါးကို ဖွင့်လိုက်ပြီး
“မင်း ဒဏ်ရာ ရလာတာလား။”
တုယွင်လုံက သူ့လူများ တွဲလာသည်ကို ဖယ်လိုက်ပြီး ခါးသီးသော အမူအရာဖြင့်
"ကျွန်တော် ရှုံးခဲ့ပြီး ဒဏ်ရာအပြင်းအထန် ရခဲ့တယ်။ ပြန်ကောင်းလာဖို့ လအနည်းငယ်ကြာလိမ့်မယ်။"
"ကျန်တဲ့လူတွေ အကုန်ပြန်သွားတော့။" ရှောင်မင်ကျန်းသည် တခဏမျှ တိတ်ဆိတ်သွားပြီး ရုတ်တရက် ပြောလိုက်သည်။
တစ်မိနစ်အတွင်းမှာပင် တုယွင်ကျဲအပါအဝင် အားလုံး ထွက်သွားကြပြီး ဝင်ပေါက်တွင် ရှောင်မင်ကျန်းနှင့် တုယွင်လုံသာ ကျန်တော့သည်။ ထို့နောက် ရှောင်မင်ကျန်းက လေးလေးနက်နက် လေသံဖြင့် မေးသည်။
"အဲ့ဒီလူက ကျင့်ကြံသူပဲလား။ သူ့ဇစ်မြစ်က ဘာတဲ့လဲ။"
“သူက … သူ့ဇစ်မြစ်ကို ကျွန်တော်လည်း မသိဘူး။”တုယွင်လုံက ခါးသီးစွာ ပြောသည်။
“သူက အရမ်းသန်မာတယ်။ ကျွန်တော်တို့ကြားက တိုက်ပွဲက တစ်ယောက်ချင်းစီ ချတာဆိုပေမယ့် ကျွန်… ကျွန်တော် ... ပြန်တိုက်ဖို့ အခွင့်အရေးတောင် မရလိုက်ဘူး။"
ရှောင်မင်ကျန်း၏မျက်လုံးများသည် ရုတ်တရက် မှေးစင်းသွားကြသည်။ သူ တခဏကြာမှ တွေးတွေးဆဆဖြင့် ပြောလာခဲ့သည်။
“ဒီဖြစ်ရပ်မှာ တခြားကျင့်ကြံသူ ပါလာတဲ့အတွက် ငါ ဒီအတိုင်း မနေနိုင်တော့ဘူး။ သွားကြရအောင်။ ဒီလူကိုတွေ့ဖို့ ငါ့ကို ခေါ်သွားပေး။ ဒီလူက ဘယ်လောက်ထိ အရည်အချင်းရှိလဲ ဆိုတာ သိချင်မိတယ်။”
“ဆရာသခင် … ကျွန်တော့်ညီနဲ့ သူတို့ကြားက ပဋိပက္ခက ပြီးသွားပြီ။” တုယွင်လုံက အလျင်စလို ပြောလိုက်သည်။
“အဲ့ဒီတုန်းက အထဲမှာ ဟောင်ရှုက ကျွန်တော့်ကို အရိပ်အမြွက်တော့ ပြောတယ်။ ကျွန်တော့်အထင်မှန်ရင် အဲ့ဒီလူက ပေကျင်းက လာတာနေမယ်။”
မြို့တော်က တစ်စုံတစ်ယောက်လား။
ရှောင်မင်ကျန်းသည် တခဏမျှ နှုတ်ဆိတ်နေပြီး
“မင်း ပြောချင်တာ ငါ သိပါတယ်။ ငါ မင်းအတွက် လက်စားချေဖို့ မဟုတ်ဘူး။ ဒါပေမယ့် အဲ့ဒီကျင့်ကြံသူက အရမ်းသန်မာပြီး သည်းခံနိုင်စွမ်းရှိနေတယ်။ သူ့ရင်ထဲမှာ အခဲမကျေဖြစ်နေမှာကို ငါ ကြောက်တယ်။ ဒါကြောင့် သူ့ကိုတွေ့ပြီး ဒီအဖြစ်အပျက်ကို လုံးလုံးဖြေရှင်းဖို့ လိုလိမ့်မယ်။”
"ဒါဆို ကျွန်တော် ဆရာသခင်ကို အဲ့ဒီနေရာ ခေါ်သွားလိုက်မယ်။" တုယွင်လုံက ထိုစကားကို ကြားသော် ချက်ချင်းပင် ပြောလိုက်သည်။
အဓိပတိခန်းမအတွင်း…
စီးကရက်တစ်လိပ် ထိုင်သောက်နေသော ထန်ရှုသည် လက်ဖက်ရည်နှပ်နေသော ဟောင်ရှုကို ကြည့်နေသည်။ ယနေ့အဖြစ်အပျက်အတွက် သူသည် ဟောင်ရှုကို လုံးဝ အပြစ်မတင်ရုံသာမက သူ၏ချောမောသော မျက်နှာထက်တွင် အပြုံးသဲ့သဲ့ ရှိနေသည်။ သည်ငနဲက အပျော်အပါးလိုက်စားသည်ကလွဲလို့ အတော် ကောင်းသည်ဟုတောင် သူ ထင်ခဲ့သည်။ အထူးသဖြင့် ထိုငတိသည် ရှေ့တက်လာပြီး သူ၏အရှေ့တွင် မားမားမတ်မတ်ရပ်ကာ အားချန်းက သူ့အား ချိန်ထားသော သေနတ်ကို ကာကွယ်ပေးလိုက်ချိန်တွင် ထန်ရှုသည် သူ့အား အသိအမှတ်ပြုခဲ့ပြီးဖြစ်သည်။
ကျွီ …
အခန်းတံခါးအား အပြင်ကနေ တွန်းဖွင့်ကာ လူ၂ယောက် ဝင်လာသည်။
ထန်ရှုသည် တုယွင်လုံ ဝင်လာသည်ကိုမြင်သောအခါ မျက်မှောင်ကြုတ်သွားသည်။ သို့သော် သူ၏အနောက်မှ ရှောင်မင်ကျန်းကို မြင်ပြီးနောက်တွင် သူ၏မျက်ခုံးများ ပြေသွားကာ ထူးဆန်းသော အမူအရာဖြစ်ပေါ်လာသည်။
ရှောင်မင်ကျန်းသည် အခန်းထဲသို့ လှမ်းဝင်လာရင်း အခန်းတွင်းရှိလူများကို တွေ့ပြီးနောက် အနည်းငယ် အံ့အားသင့်သွားကာ သူ့အမူအရာသည် ငိုရခက် ရယ်ရခက် ဖြစ်သွားသည်။ သူက ထန်ရှုကို လက်ညှိုးထိုးပြပြီး တုယွင်လုံဘက် လှည့်မေးလိုက်သည်။
"မင်းကို ဒဏ်ရာရစေခဲ့တာ သူလား။"
“ဟုတ်တယ်။ သူပဲ ဆရာသခင်…” တုယွင်လုံက ဖြေလိုက်သည်။
ရှောင်မင်ကျန်းက သူ၏လက်ကို မြှောက်ကာ တုယွင်လုံ၏ခေါင်းကို အသာ ပုတ်လိုက်ပြီး
“မင်း တကယ်ကံကောင်းပြီး ကံကြမ္မာကောင်း ရှိတာပဲ မိုက်မဲတဲ့ ကောင်စုတ်လေး။ မင်း သူနဲ့ဆုံတာ အရမ်းကံကောင်းတယ်။ တခြားတစ်ယောက်ယောက်နဲ့ ဖြစ်ရင် မင်းရဲ့အလောင်းကို ငါ လိုက်ကောက်ရလိမ့်မယ်။"
တုယွင်လုံ အံသြသွားသည်။ ဆရာသခင်၏စကားများအရ သူနှင့် တစ်ဖက်လူ အချင်းချင်း သိနေသည်လား။
ရှောင်မင်ကျန်းက ခေါင်းယမ်းကာ မချိပြုံး ပြုံးလိုက်သည်။ ထို့နောက် သူက ထန်ရှုဆီသို့ လျှောက်လာပြီး
“ညီအစ်ကိုထန် … ဒီနေ့ အဖြစ်အပျက်က သူစိမ်းတစ်ယောက်နဲ့ ရန်ဖြစ်ကြတယ်ဆိုပြီး တစ်ကယ့်ကို ရင်းနှီးတဲ့သူတွေ ရန်ဖြစ်နေကြတာကို သိလိုက်ရတာပဲ။ ဘာပဲဖြစ်ဖြစ် မင်းလို သဘောထားကြီးတဲ့လူအတွက် ငါ့ရဲ့ မသိနားမလည်တဲ့ ဒုတိယတပည့်လေးကိုတော့ မှားယွင်းဆက်ဆံမှာ မဟုတ်ဘူးလေ။”
ထန်ရှုက ပြုံးကာ ထလျှောက်လာပြီး ရှောင်မင်ကျန်းကို ပွေ့ဖက်လိုက်သည်။
"သူက ခင်ဗျားရဲ့တပည့်မှန်း ကျွန်တော် မသိဘူး အစ်ကိုရှောင်။ အစ်ကိုရှောင်က ကြည့်တတ်သားပဲ … ဒီကလေးက အကျင့်စာရိတ္တကောင်းတယ် … တပည့်ရွေးတာ မဆိုးဘူးလို့ ကျွန်တော် ဝန်ခံပါတယ်။”
ထိုစကားကိုပြောပြီးနောက် သူ့လက်ကို အိတ်ကပ်ထဲသို့ ထည့်ကာ လက်စွပ်ထဲမှ ကြွေပုလင်းကို လျှို့ဝှက်စွာ ထုတ်လိုက်ပြီး တုယွင်လုံကို ပစ်ပေးလိုက်ရင်း
"မင်းက အစ်ကိုရှောင်ရဲ့တပည့်ဆိုမှတော့ ငါတို့တွေ ပထမဆုံးတွေ့ဆုံမှုအတွက် ငါ လက်ဆောင် ပေးသင့်တာပေါ့။ အရင်က နားလည်မှုလွဲတာလေးတွေ ရှိခဲ့တာမို့ ဒီအနာကျက်ဆေးပုလင်းကို လက်ခံလိုက်ပါ။ မင်းဒဏ်ရာတွေ အများဆုံး သုံးရက်အတွင်းဆို သက်သာပျောက်ကင်းသွားလိမ့်မယ်။”
ငါက သုံးရက်အတွင်း ပြန်ကောင်းသွားနိုင်တာလား။
တုယွင်လုံ ကြက်သေ သေသွားပြီးမှ ချက်ချင်းပင် စိတ်လှုပ်ရှားသွားသည်။
ထန်ရှု၏လုပ်ရပ်က ရှောင်မင်ကျန်းကို ကျေနပ်အားရစေပြီး အပြုံးဖြင့်
"ညီအစ်ကိုထန် … ယွင်လုံကို မထင်မှတ်ပဲ ဒဏ်ရာရစေခဲ့တဲ့လူကို ငါ အရမ်းသိချင်နေခဲ့တာ။ ဒါကြောင့် သူ့ကိုတွေ့ဖို့ ဒီကိုလိုက်လာခဲ့တာ။ ဒါပေမယ့် မင်းကို ဒီမှာ တွေ့မယ်လို့ မထင်ထားမိဘူး။ ဘာပဲပြောပြော ဒီတစ်ခါ အပြာရောင်မြို့မှာ ကိုယ့်ကိစ္စရပ်တွေ လုပ်ပြီးသွားရင် မင်းနဲ့အတူ နည်းနည်းသောက်ဖို့ ကြယ်တာရာကို လာလည်ဖို့လည်း စီစဉ်ထားသေးတယ်။"
ဘေးနားတွင် ရှိနေသော လုံကျန့်ယုပါ စကားပြောဝိုင်းတွင် ပါဝင်လာပြီး
"ဦးလေးရှောင် … ကျွန်တော်လည်း ဦးလေးကို အဖော်လုပ်ပြီး သောက်ပေးမယ်။"
“သေချာတာပေါ့။” ရှောင်မင်ကျန်း ပြုံးလိုက်သည်။ "ဒါနဲ့ မင်းအဖေ ကျန့်ယုရော ဘယ်လိုလဲ။ မင်းအဖေက ပိုက်ဆံရှာဖို့ အပြာရောင်မြို့မှာ စောင့်ကြည့်မှုတစ်ခု လုပ်နေတယ်လို့ ငါ ထင်ထားတာ။”
"သူက ကောင်းပါတယ်။" လုံကျန့်ယု ပြုံးလိုက်သည်။ “သူက ဦးလေးရှောင်နဲ့ ဦးလေးမြောင်တို့ကို ခဏခဏ တနေတာ။ ဦးလေးတို့နှစ်ယောက်လုံးနဲ့ အတူသောက်ခဲ့တဲ့ နေ့တွေကို လွမ်းနေတယ်လေ။"
“ဟား…ဟား…ဟား…။” ရှောင်မင်ကျန်း ရယ်လိုက်ရင်း
"စိတ်မပူနဲ့။ ငါ သူ့ကို မကြာခင် သွားရှာမှာပါ။"
ဘေးနားမှ ဟောင်ရှုနှင့် ဝမ်ကျိဒေါင်တို့၏မျက်လုံးများ ပြူးကျယ်သွားကြသည်။ ထန်ရှုသည် တုယွင်လုံ၏ ဆရာသခင်နှင့်သိကျွမ်းလိမ့်မည်ဟု တစ်ခါမျှ ထင်မထားမိသည့်အပြင် သူတို့၏ဆက်ဆံရေးသည် လွန်စွာ ရင်းနှီးပုံပေါက်သည်။ သို့သော် ထန်ရှုနှင့် ရှောင်မင်ကျန်းတို့က ညီအကိုများအဖြစ် ပြောဆိုနေကြစဉ်တွင် လုံကျန့်ယုက ရှောင်မင်ကျန်းအား ဦးလေးရှောင် ခေါ်သည်မှာ အဘယ်အကြောင်းကြောင့် ပါနည်း။
နှစ်ယောက်သား အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ထို့နောက် ဟောင်ရှုက မတ်တပ်ရပ်ကာ ပြုံးလျက်
"ညီအစ်ကို ထန်ရှု … ကျန့်ယု .. အားလုံးက အသိမိတ်ဆွေတွေဆိုတော့ စားပွဲထိုးတွေကို ဟင်းပွဲတွေနဲ့ သောက်စရာတွေ ဒီကို ယူလာပေးဖို့ ငါ ပြောလိုက်မယ်။ အချင်းချင်း မတော်တဆ တွေ့ဆုံကြတာကို ပြန်လည်ဆုံဆည်းတဲ့ အထိမ်းအမှတ်ပေါ့။ ဘာပဲဖြစ်ဖြစ် ငါက ပိုင်ရှင်ဖြစ်တဲ့အတွက် ဒီနေရာက အိမ်ရှင်အဖြစ် ငါ့ရဲ့ဧည့်ဝတ်ကျေပွန်မှုကို ပြသရမယ်။"
ချက်ချင်းပင် တုယွင်လုံက ဟောင်ရှုနှင့် ဝမ်ကျိဒေါင်ကို ရှောင်မင်ကျန်းနှင့် မိတ်ဆက်ပေးခဲ့သည်။ အားလုံးက မိတ်ဆက်ပြီးသည်နှင့် ဟင်းပွဲများကို အရသာရှိရှိ စားကြကာ ဝိုင်များသောက်ကြပြီး သဟဇာတဖြစ်နေသော ပတ်ဝန်းကျင်လေထုဖြင့် အကြောင်းအရာခေါင်းစဉ်အမျိုးမျိုးကို ပြောဆိုဆွေးနွေးကြတော့သည်။
ဝိုင်၃လှည့် သောက်ပြီးနောက် ရှောင်မင်ကျန်းနှင့် ထန်ရှုတို့သည် မနက်ဖြန်တွင် ထပ်မံတွေ့ဆုံရန် ချိန်းဆိုပြီးနောက် ရှောင်မင်ကျန်းသည် တုယွင်လုံနှင့် ထွက်ခွာသွားခဲ့သည်။ သို့သော် ဟောင်ရှုသည် ကလပ်တွင် အခန်းတွဲနှစ်ခုအား ကိုယ်တိုင် ကြိုတင်မှာယူပေးလိုက်ပြီး ထန်ရှုနှင့် လုံကျန့်ယုတို့ကို ထိုနေရာတွင် နေရန် ဖိတ်ကြားခဲ့သည်။
****
အသွားအလာမပြတ်သော လမ်းမထက်တွင် မာစီဒီးဘင့်ကားသည် လျင်မြန်စွာ ရွေ့လျားနေသည်။ ကားအတွင်းတွင် တုယွင်လုံ၏နီရဲရောင်ရမ်းနေသော မျက်နှာသည် အနည်းငယ် စိတ်ရှုပ်ထွေးနေသော အမူအရာ ရှိနေသည်။ သူ့အား ပဟေဠိဖြစ်စေသော ကိစ္စအား ရှင်းလင်းရန် ကြိမ်ဖန်များစွာ မေးချင်သော်လည်း အကြိမ်တိုင်း သူ ပြောလိုသမျှကို ပြန်မျိုချမိသည်။
"မင်း စိတ်ထဲမှာ ရှိတာမေးပါ။" ရှောင်မင်ကျန်းသည် ပြတင်းပေါက်မှတဆင့် အပြင်ဘက်သို့ ကြည့်နေရာမှ တုယွင်လုံအား စိုက်ကြည့်လာသည်။
နောက်ဆုံးတွင် တုယွင်လုံက အရဲစွန့်ကာ မေးလိုက်တော့သည်။
“ဆရာသခင် … ထန်ရှုရဲ့ဂုဏ်ပုဒ်က ဘာလဲ။ သူက ကျွန်တော်နဲ့ သက်တူရွယ်တူ ထင်ရပေမယ့် ဒီလောက် ကြောက်စရာကောင်းတဲ့ ခွန်အားကို ဘယ်လို ရရှိခဲ့တာလဲမသိဘူး။”
“သူ့ရဲ့ဂုဏ်ပုဒ်တွေက အတော်လေးကို ရောထွေးရှုပ်ထွေးပါတယ်။” ရှောင်မင်ကျန်းက သက်ပြင်းချပြီး ပြန်ဖြေလာသည်။
“အခုထိ ငါသိထားတဲ့အရာက ရေခဲတောင်ရဲ့ ထိပ်ဖျားလောက်သာ ဖြစ်နိုင်တယ်ဆိုပေမယ့် သူနဲ့ ရင်းနှီးဖို့ ငါ့ရဲ့စေတနာကို ပြသတဲ့ ရည်ရွယ်ချက်ရှိဖို့ လုံလောက်တယ်။ အပြာရောင်မြို့ကို ခရီးထွက်လာရတဲ့ အကြောင်းပြောပြတုန်းက ငါ့ရဲ့ရည်ရွယ်ချက်ကို မှတ်မိသေးလား။ ငါ ခင်မင်ရင်းနှီးချင်တဲ့သူကတော့ ထန်ရှုပဲ။”
တုယွင်လုံ၏မျက်လုံးများက ပြူးကျယ်စွာ စိုက်ကြည့်လျက် လွန်ကျူးသည်ဟု ဆိုသယောင်ဟန်ဖြင့်
"ဆရာသခင့်ကို အမှန်တကယ်ကို အဲ့လို လုပ်ပေးရအောင် ထိုက်တန်တဲ့ သူရဲ့ဂုဏ်ပုဒ်က ဘာများလဲ။"
"မင်း သိလား … ငါ သူ့ကို ပထမဆုံး စတွေ့တဲ့အချိန်က သူရဲ့ခွန်အားက မင်းလိုပဲ အခုလောက်တောင် အားမကောင်းသေးဘူး။" ရှောင်မင်ကျန်းက အားတင်းပြုံးပြီး ပြောလိုက်သည်။
“အခုဆို နှစ်ဝက်လောက်ပဲ ရှိသေးတယ်။ သူ့ရဲ့ ခွန်အားက ငါ့ထက် သာနေလောက်ပြီ။ သူရဲ့ဂုဏ်ပုဒ်တွေနဲ့ ပတ်သက်ပြီးတော့ အခု ငါ ပြောပြမယ်။ ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုကို မင်း သိတယ်မလား။ သူက အဲ့ဒီကုမ္ပဏီရဲ့ နောက်ကွယ်က လျှို့ဝှက်သူဌေးကြီးလေ။”
တုယွင်လုံ အံ့အားသင့်သွားသည်။
"ထန်ရှုက ပေကျင်း ထန်မိသားစုဝင် တစ်ယောက်ဆိုလည်း ဟုတ်တယ်။" ရှောင်မင်ကျန်းက ဆက်ပြောသည်။
"ငါ ရခဲ့တဲ့သတင်းအရဆိုရင် သုံပေဟူ—အာမာကျားက သူ သတ်တာ ခံလိုက်ရသလို အခုချိန် ကျဆင်းသွားပြီဖြစ်တဲ့ ပေကျင်းရဲ့ ယောင်မိသားစုကို အဓိက ဖျက်ဆီးခဲ့တဲ့ ဇာတ်လိုက်လည်း သူပဲ။"
ရှူး…
လေအေး တစ်ချက်ရှုရှိုက်ရင်း တုယွင်လုံသည် ယနေ့ ထန်ရှုကို သူ လုံးဝ ရန်မစမိလိုက်သည့်အတွက် စိတ်အတွင်း၌ ကံကောင်းသည်ဟု တိတ်တဆိတ် တွေးနေမိသည် သို့မဟုတ်ပါက သူ၏တုမိသားစုသည်လည်း ...
ရုတ်တရက်ပင် ရှောင်မင်ကျန်း၏အမူအရာသည် လေးနက်တည်ကြည်လာပြီး ဖြည်းဖြည်းချင်း ဆက်ပြောလာခဲ့သည်။
"ငါ အခု မင်းကိုပြောခဲ့တာတွေက ထန်ရှုရဲ့ သာမန်ဂုဏ်ပုဒ်တွေပဲ ရှိသေးတယ်။ နောက်ဂုဏ်ပုဒ်တစ်ခုက သူက ထာဝရခန်းမရဲ့သခင်ပဲ။ ထာဝရခန်းမတည်ရှိတာကို မင်းကို ငါ တစ်ခါမှ မပြောပြဖူးဘူး။ ဘာဖြစ်လို့လဲဆိုတော့ မင်းရဲ့ ကျင့်ကြံမှု လုပ်ဆောင်နေစဉ်မှာ လမ်းလွှဲပြီး ဆိုးရွားတဲ့ စိတ်ကူးတစ်ခု မွေးဖွားလာမှာကို ငါ စိုးထိတ်နေလို့ပဲ။ အဲ့ဒါကို အခု ပြောပြမယ်။ ထာဝရခန်းမဆိုတာ အလွန်ကြောက်မက်ဖွယ်ကောင်းတဲ့ အင်အားတစ်ခုပဲ။ ထာဝရခန်းမက တစ်ယောက်ယောက်နဲ့များ မင်း တွေ့ခဲ့ရင် သူတို့နဲ့ မိတ်ဆွေဖွဲ့ပြီး ရန်သူတွေ ဘယ်တော့မှ မဖြစ်စေနဲ့။"
“ဆရာသခင် … ဒီထာဝရခန်းမရဲ့ ကြောက်စရာကောင်းတဲ့ သွင်ပြင်က ဘာများလဲ။” တုယွင်လုံက အလျင်စလို မေးလိုက်သည်။
“ထာဝရခန်းမက ပိုင်ဆိုင်တဲ့ ခွန်အားကို အခုချိန်ထိ ဘယ်သူမှ ရှင်းရှင်းလင်းလင်း မသိနိုင်ကြသေးဘူး။” ရှောင်မင်ကျန်းက ထိတ်လန့်ဟန်ဖြင့် သက်ပြင်းချလိုက်ရင်း
“ထာဝရခန်းမမှာ ကျင့်ကြံသူတွေ ဘယ်လောက်ရှိလဲဆိုတာကိုလည်း ဘယ်သူမှ မသိကြဘူး။”
တုယွင်လုံ၏ခန္ဓာကိုယ်သည် တုန်ရီသွားကာ သူ၏နှလုံးသားအတွင်း၌ အေးစက်သွားသည့်အလား ခံစားလိုက်ရသည်။
သည်ကဲ့သို့ ကြောက်စရာကောင်းသည့် စွမ်းအားတွေနဲ့ အဲ့ဒါကို ယှဉ်နိုင်တဲ့ အခွင့်အရေးက မိသားစုတွေမှာ မရှိဘူး မဟုတ်ဘူးလား။ ကျင့်ကြံသူတွေဆိုတာက လုံးဝကြောက်မက်ဖွယ်ကောင်းပြီး ပုံမှန်မဟုတ်သော ခွန်အားကို ပိုင်ဆိုင်ထားကြပေရာ ထာဝရခန်းမတွင် ထိုကဲ့သို့ ကျင့်ကြံသူတွေများစွာသာ ရှိနေခဲ့ပါလျှင် ၎င်းသည်…
ထန်ရှုသည် ထာဝရခန်းမ၏ ပိုင်ရှင်နှင့် ဆရာသခင် ဖြစ်သည်ကို ချက်ချင်းပင် တုယွင်လုံ နားလည်သွားတော့သည်။
***