← Chapters

ဘဝအကြောင်း “စကားပြောရန်” စော်ကလေးတစ်ပွေ ရှာတွေ့ခြင်း

Vol. 45 Ch. 622

ဘဝအကြောင်း “စကားပြောရန်” စော်ကလေးတစ်ပွေ ရှာတွေ့ခြင်း

Vol. 45 Ch. 622

ကြည်လင်ကန်ကလပ်တွင် ပဋိပက္ခကြောင့် ထန်ရှု အပြာရောင်မြို့သို့ ရောက်ရှိလာသည်ဆိုသော သတင်းသည် ပျံ့နှံ့ခြင်းမရှိခဲ့ပေ။ ထို့အပြင် ထန်ရှုသည် လက်ရှိတွင် နာမည်ကြီးဖြစ်နေကြောင်း လုံကျန့်ယုမှတဆင့် ဟောင်ရှု သိလာသောကြောင့် ထန်ရှုကို မြင်ကြသော ဝန်ထမ်းများအားလုံးကို ပါးစပ်ပိတ်ထားရန် ချက်ချင်း အကြောင်းကြားလိုက်သည်။

ထို့ကြောင့် ထန်ရှုသည် အပြာရောင်မြို့တွင် နေထိုင်ခဲ့သော နောက်ထပ်ရက်အနည်းငယ်သည် လွန်စွာ လန်းဆန်းအေးချမ်းခဲ့သည်။ မီဒီယာများဆီမှ အနှောက်အယှက်များလည်း မရှိခဲ့ပေ။ သူသည် နေ့တိုင်း ဝိုင်အချို့ သောက်သည်။ အရသာ ရှိသော အစားအစာအချို့ကို စားကြည့်သည်။ အခန်းထဲတွင် ဆိတ်ငြိမ်စွာ စာဖတ်သည်။ ကျင့်ကြံပြီး သူ့အချိန်များကို ပြည့်စုံစွာ ကုန်ဆုံးစေသည်။

"နှင်းတွေကျပြန်ပြီ။"

ကြည်လင်ကန်ကလပ်၏အဆင့်မြင့်ဆုံးအခမ်းနားဆုံး အခန်းတွင် ထန်ရှုသည် ပြတင်းပေါက်နားတွင် ရပ်ပြီး လေထဲတွင် ဝေ့ဝိုက်လွင့်မျောနေသည့် နှင်းပွင့်များကို ကြည့်ကာ စိတ်တွင်းမှ သက်ပြင်းချလိုက်သည်။ အင်မော်တယ်ကမ္ဘာရှိ အနှစ် ၁၀,၀၀၀အား ထည့်ရေတွက်ခြင်း မပြုသည့်တိုင် နှင်းများကျသော နေ့ရက်တိုင်းသည် သူ၏အသက်၁၈နှစ်မတိုင်မီက သူနှင့်သူ့အမေအတွက် အခက်ခဲဆုံးအချိန်များ ဖြစ်သည်။ အထူးသဖြင့် အပူပေးသည့် ကိရိယာ မရှိသည့် ပြဿနာမှာ လွန်စွာ ပြင်းထန်သောကြောင့် ညှဉ်းပန်းနှိပ်စက်ခံရသလို ခံစားရသည်။

ဒေါက် … ဒေါက် …

ပေါ်ထွက်လာသော တံခါးခေါက်သံသည် ထန်ရှုအား အသိပြန်ဝင်လာစေသည်။ ထို့နောက် လက်ကို ဝှေ့ယမ်းကာ မူလဖရိုဖရဲစွမ်းအားစီးကြောင်းကို ထုတ်လွှတ်ပြီး တံခါးကို အသာဖွင့်ပေးလိုက်သည်။

"အထဲဝင်ခဲ့ပါ။"

တံခါးအပြင်ဘက်တွင် ရပ်နေသော လုံကျန့်ယုသည် တံခါးက အနည်းငယ် မတော်တဆပွင့်သွားသည်ကို တွေ့လိုက်ရသဖြင့် သူက တွန်းဖွင့်ကာ အထဲသို့ ဝင်လာသည်။ ပြတင်းပေါက်ရှေ့တွင် ထန်ရှု ရပ်နေသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားပြီး ချက်ချင်းပင် အခန်းပတ်လည်အား သံသယစိတ်ဖြင့် ကြည့်မိကာ အနည်းငယ် တုန်လှုပ်ချောက်ချားသွားသည်။

"ထန်ရှု … ငါ သွားတော့မယ်။"

"ဒါဆို အတူတူ ပြန်ကြမယ်လေ။ လေးရက် ရှိသွားပြီ။ ပြန်ဖို့ အချိန်ရောက်နေပြီ။"

"အာ … ငါက နဂါးကိုးကောင်ကျွန်းကို သွားလည်မလို့။" လုံကျန့်ယုသည် သူ့လက်ကို အမြန်ဝှေ့ယမ်းကာ ပြောလိုက်သည်။

"မင်းရဲ့တောင်းဆိုမှုကြောင့် ပြည်မကြီးက အလုပ်သမားတွေအားလုံး နေရပ်မပြန်နိုင်တော့ဘူးလေကွာ။ အဲ့ဒါကြောင့် ငါက သူတို့တွေ လိုအပ်တဲ့ လူမှုဖူလုံရေး လိုအပ်ချက်တွေကို ပို့ပေးဖို့ ရှိနေသေးတယ်။"

"ဘယ်တော့ ပြန်လာမလဲ။" ထန်ရှု မေးလိုက်သည်။

“အများဆုံး တစ်ပတ်ပါပဲ။” လုံကျန့်ယုက အပြုံးဖြင့် ပြန်ဖြေသည်။

"မင်းပြန်လာရင် အစ်မကြီးမုနဲ့ ရင်ရင့်ကို မင်းနဲ့အတူ ခေါ်ခဲ့ပေးပါလား။" ထန်ရှုက မှာသည်။

"မင်းက မင်းရဲ့အဖိုးတန်တပည့်အတွက် တကယ် ကောင်းတာပဲ။" လုံကျန့်ယုက ခပ်သဲ့သဲ့ပြုံးပြီး ပြောလိုက်သည်။

ကျင့်ကြံသူများအကြား ဆရာသခင်နှင့် တပည့်ဆက်ဆံရေး၏ ထူးခြားသော သဘောသဘာဝကို လုံကျန့်ယု နားလည်မည်မဟုတ်သောကြောင့် ထန်ရှု ထပ်စကားမဆိုတော့ပေ။ တစ်ရက်တာအတွက် ဆရာသခင်သည် တစ်သက်လုံးအတွက် ဖခင်ဖြစ်သည်။ အင်မော်တယ်ကမ္ဘာရှိ အကြီးအကဲများပင်လျှင် သူတို့၏မိဘအရင်းများထက် တစ်ခါတစ်ရံ ပိုအရေးကြီးပါသည်။ မိဘများသည် သူတို့နှင့်အတူ အချိန်အတော်ကြာအောင် နေနိုင်သော်လည်း တစ်သက်လုံး အဖော်လုပ်ပေးနိုင်မည် မဟုတ်ပါ။ ထို့ထက်မက အကြီးအကဲများနှင့် အင်မော်တယ်ကမ္ဘာရှိ ဆရာသခင်များသည် ကြီးကျယ်ခမ်းနားသော ကျင့်ကြံမှုကို ပိုင်ဆိုင်ကြပြီး နှစ်ပေါင်းများစွာ ကြာလာသည်နှင့်အမျှ ထောင်စုနှစ်များတစ်လျှောက် စုပြုံလာသော သံယောဇဉ်နှင့် စိတ်ခံစားမှုများသည် လွန်စွာ နက်ရှိုင်းကြပေသည်။

လုံကျန့်ယု ထွက်ခွာသွားပြီးနောက် ထန်ရှုသည် တဖွဲဖွဲ ကျဆင်းနေသော နှင်းများကို ပြန်လည်ကြည့်ရှုနေခဲ့သည်။ ယခု ကြယ်တာရာသို့ ပြန်သွားရန် သူ အနည်းငယ် ချီတုံချတုံ ဖြစ်နေသည်။ သူ၏မိဘများသည်က ပေကျင်းမြို့တော်တွင် ရှိနေကြတုန်းဖြစ်ပေရာ အဲ့ဒီမှာ သူ ဘာလုပ်ရမည်ကို မသေချာသေးပေ။ သူ အခု ကြယ်တာရာကို ပြန်သွားပါက အပြာရောင်မြို့တွင် နေရသည်နှင့်အများကြီး ကွာခြားမည် မဟုတ်ပေ။

“မေ့လိုက်တော့။ ငါ ဒီမှာ နောက်ထပ် ရက်နည်းနည်းလောက် နေဦးမယ်။ အနည်းဆုံးတော့ ငါ့ကို စားဖို့သောက်ဖို့ လုပ်ပေးမယ့်လူတွေ ဒီမှာ ရှိတယ်။” ထန်ရှုက သူ့ကိုယ်သူ ပြောလိုက်ပြီး ပြတင်းပေါက်ကို ပိတ်ရန် သူ့လက်ကို လှမ်းလိုက်သည်။

"အမ်…"

ရုတ်တရက် သူ၏အမူအရာ အနည်းငယ် လှုပ်ရှားသွားပြီး မီတာ၁၀၀အကွာမှ ကားရပ်နားရာ နေရာဆီသို့ ပြတင်းပေါက်မှတဆင့် အကြည့်များ ကျရောက်သွားသည်။ ထိုနေရာတွင် အသိမိတ်ဆွေတစ်ယောက်ကို တွေ့လိုက်ရသဖြင့် သူ အံ့အားသင့်သွားရပေသည်။

လီရှောင်ချန်းလား…

သူမသည် တော်ဝင်ဂီတအကယ်ဒမီကျောင်းသို့ သွားတက်ပုံရသည်။

ယခုကျောင်းပိတ်ရက်တွင် ကြယ်တာရာကို မပြန်ဘဲ ဘယ်လိုဖြစ်ပြီး ဒီနေရာတွင် ပေါ်လာပါသနည်း။ ပြီးတော့ သူ့ဘေးကလူများသည် အသက်အနည်းငယ် ပိုကြီးသဖြင့် သူ့အတန်းဖော်တွေ ဖြစ်ဟန်မတူချေ။ သူမ၏မိသားစုဝင်များ ဖြစ်ကောင်း ဖြစ်နိုင်ပေမည်။

ထန်ရှု တိတ်တဆိတ် ခေါင်းယမ်းရင်း သူနှင့် လီရှောင်ချန်းသည် အထက်တန်းကျောင်းပြီးကတည်းက အဆက်အသွယ်ပြတ်လုနီးပါးဖြစ်နေသည်ကို သတိရလာသည်။ ယခင်က ချန်းယန်နန်နှင့်ရှိစဉ်တုန်းက သူမ၏အကြောင်းအချို့ကို သိခဲ့သည်။ ထန်ရှုသည် ချန်းယန်နန်ကို သတိရသွားသဖြင့် အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရသည်။ သူသည် ယခင်က ကျင်းမန်ကျွန်းမှ ပေကျင်းသို့ တန်းထွက်လာခဲ့ချိန်တွင် သူမသည် ထာဝရခန်းမတွင် ဆက်လက်နေထိုင်ခဲ့ပြီး ထာဝရခန်းမ၏ကျွမ်းကျင်သူများနှင့်အတူ ယောက်သွားကျွန်းသို့ သွားခဲ့သည်။ သူမ ပြန်မလာသေးတာများ ဖြစ်နိုင်လား။

ထန်ရှုသည် သူမ၏ဖုန်းနံပါတ်ကို ခေါ်ခဲ့သော်လည်း မရခဲ့ပေ။ ချန်းယန်နန် ဖြတ်သန်းခဲ့ရသည့် ခါးသီးသော အတွေ့အကြုံကို သူ သတိရသွားသကဲ့သို့ အခုချိန်ထိ ပျောက်ဆုံးနေဆဲဖြစ်သော ချန်းရွှဲ့မေကိုပါ သတိရသွားကာ ထိုညီအစ်မနှစ်ယောက် ဖြတ်သန်းခဲ့ရသည့် စိတ်ပျက်စရာဘဝအား သူ စာနာသနားမိပေသည်။ ယခင်တုန်းကလည်း သူ့အမေနှင့်အတူ ဘဝအခက်အခဲတွေ ကြုံခဲ့ဖူးသည်။ ယခု သူသည် မှောင်မည်းအုံ့ဆိုင်းနေသော ကမ္ဘာမှ ထွက်လာခဲ့ပြီးပြီဖြစ်သော်လည်း သူတို့လေးတွေသည် ပိတ်မိနေဆဲဖြစ်သည်။

"အခွင့်အရေး ရတာနဲ့ သူတို့ ထွက်လာနိုင်အောင် ငါ ကူညီပေးရမယ်။"

ပြတင်းပေါက်ကို ပိတ်လိုက်ပြီး ထန်ရှုက ထကာ တံခါးဆီသို့ လျှောက်သွားသည်။ တစ်နေကုန် အခန်းထဲမှာ နေရသည်မှာ မပင်မပန်း ငြီးငွေ့စရာလည်း မရှိပေမယ့် သူ အပြင်ထွက်ချင်နေသေးသည်။ လီရှောင်ချန်းကို ရုတ်တရက် မြင်လိုက်ရသော်လည်း စိတ်အနှောင့်အယှက်ဖြစ်စရာဟု သူ မခံစားရပေ။ သူတို့၏အထက်တန်းကျောင်းသားနှစ်များ ကုန်ဆုံးသွားပြီဖြစ်သောကြောင့် လူတိုင်းတွင် ကိုယ့်ဘဝလမ်းကြောင်း ကိုယ်စီရှိကြပြီး အခုရော ဒီနေရာရော သူတို့ဘဝတွေထဲတွင် မပါဝင်ခဲ့ဘူးဆိုပါက အနာဂတ်၌လည်း အဆက်အသွယ်အများကြီး ရှိတော့မည် မဟုတ်ပါချေ။

နာရီဝက်အကြာတွင် ဘေးအခန်းတွင် ရှိနေသော ဝမ်ကျိဒေါင်သည် ဆိုဖာပေါ်တွင် ပျင်းရိငြီးငွေ့စွာ ထိုင်ရင်း သန်းဝေနေလေသည်။ သူ ကိုင်ထားသော ပလေးဘွိုင်းမဂ္ဂဇင်း၏မျက်နှာဖုံးပိုင်ရှင် အဝတ်ဗလာနှင့်မိန်းကလေးသည် သူ့ကို လုံးဝ လန်းဆန်းမှု မပေးနိုင်ပါချေ။ ဤရက်များတစ်လျှောက်လုံး သူသည် ထန်ရှုနှင့် အမှန်တကယ်ရင်းနှီးချင်ခဲ့ပြီး ခင်မင်ရင်းနှီးမှု တံတားတစ်ခု တည်ဆောက်လိုသော်လည်း ထန်ရှုသည် သူ၏အခန်းတွင် နေ့တိုင်းလိုလို အောင်းနေခဲ့ကာ ထမင်းစားချိန်များအတွင်းသာ တွေ့နိုင်ခဲ့သည်။

“အာ … မေ့လိုက်တော့။ ငါ့ဘဝလေး စိုပြည်ဖို့ စော်လေးတွေ ရှာဖို့ ငါ လိုတယ်။”

ဝမ်ကျိဒေါင်က ခုန်ထလိုက်ပြီး သူ၏ကုတ်အင်္ကျီကို ဆုပ်ကိုင်ကာ အခန်းထဲက ထွက်လာသည်။ သူ၏ နဂိုကမှုန်မှိုင်းကာ အသက်မဲ့နေသောမျက်လုံးများသည် ချစ်ခြင်းမေတ္တာကို ရူးသွပ်သောအမူအရာအဖြစ် အသွင်ပြောင်းလာပြီး အဆောက်အဦးထဲမှ ထွက်လာသောအချိန်တွင် သူ၏ချောမောသော မျက်နှာသည် ရုတ်ခြည်းပင် အလုံးစုံ ပြောင်းလဲသွားတော့သည်။

သူနှင့်တစ်ဒါဇင်ခန့်အကွာတွင် ခန့်ညားလှသည့်အသွင် ရှိသော ဟန်းမားဆာ့ဖ်ကား၏အရှေ့တွင် အနက်ရောင်သားရေဝတ်စုံ ဝတ်ဆင်ပြီး နေကာမျက်မှန် အနက်ရောင်ကို တပ်ထားသည့် မိန်းကလေးတစ်ဦးသည် ကားသော့ကိုကိုင်ပြီး ကားအား မှီရပ်နေသည်။ သူမ၏အသွင်အပြင်သည် ပြီးပြည့်စုံနေပြီး အရိုင်းဆန်ကာ အန္တရာယ်ရှိသော ခံစားချက်အား ပေးစွမ်းသော်လည်း ဆွဲဆောင်မှုရှိနေသည်။

သူမ၏ရင်သပ်ရှုမောဖွယ်အလှတရားသည် ဝမ်ကျိဒေါင်၏နှလုံးသားလေးအား တုန်လှုပ်သွားစေသည်။ ဝမ်ကျိဒေါင်သည် မရေမတွက်နိုင်သော အမျိုးသမီးများနှင့် ချိန်းတွေ့ဖူးသော်လည်း ဤကဲ့သို့သော အလှတရားသည် သူ ယခင်က မမြင်ဖူးသော ကိစ္စတစ်ခုဖြစ်သည်။ သူမသည် သူ့အား လွန်စွာ စိတ်လှုပ်ရှားစေခဲ့သည်။ စက္ကန့်အနည်းငယ်ကြာ ငေးမောနေပြီးမှ အသိဝင်လာပြီး ထိုမိန်းကလေးဆီသို့ အပြေးအလွှားသွားလိုက်သည်။

“မင်းကို နေ့လယ်စာ လိုက်ကျွေးရတာ ကိုယ့်အတွက် ဂုဏ်ယူစရာ ဖြစ်မှာပါ မိန်းမလှလေးရေ …။ အာ … ဟုတ်သားပဲ။ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ဖို့ လိုနေသေးတယ်။ ကိုယ်က ဒီကြည်လင်ကန်ကလပ်ရဲ့ ရှယ်ယာရှင်တစ်ယောက်ဖြစ်တဲ့ ဝမ်ကျိဒေါင်ပါ။"

အိုးရန်လူလူက နေကာမျက်မှန်ကို ဆွဲဖယ်ကာ ဝမ်ကျိဒေါင်ကို ကြည့်လိုက်ပြီး ပုံမှန်လေသံဖြင့်

"နင် ငါ့ထက် ပိုလှတဲ့ မိန်းကလေးတစ်ယောက်ကို သိလား။"

ဝမ်ကျိဒေါင် တခဏ တွေဝသွေားပြီးမှ ခေါင်းခါပြပြီး “ဟင့်အင်း … မတွေ့ဖူးဘူး။”

"နင့်မှာ ပိုင်ဆိုင်မှု ဘီလီယံ ဆယ်ဂဏန်း ဒါမှမဟုတ် ၁၀၀ ဘီလီယံနီးပါး ရှိလား။" အိုးရန်လူလူက တစ်ကြိမ် ထပ်မေးသည်။

“ဟင့်အင်း…” ဝမ်ကျိဒေါင် အနည်းငယ် အံသြသွားသော်လည်း ခေါင်းခါနေသေးသည်။

"ကျော်ကြားမှုရော။ အရမ်းကြီး နာမည်ကြီးနေဖို့ မလိုပါဘူး … ငါတို့နိုင်ငံမှာ နာမည်ကြီးရင် လုံလောက်ပြီ။" အိုးရန်လူလူက မထီတထီအကြည့်ဖြင့် ထပ်မေးသည်။

“ကိုယ်…” ဝမ်ကျိဒေါင်၏နှုတ်ခမ်းများ မဲ့ရွဲ့သွားရသည်။ အပြာရောင်မြို့တွင် သူ၏ကျော်ကြားမှုသည် ကြီးမြတ်သည်ဟု ခေါ်ဆိုနိုင်သော်လည်း သူသည် နိုင်ငံတွင်း၌ ကျော်ကြားရန် မည်သို့ဖြစ်နိုင်ပါမည်နည်း။ သူသည် ကံကောင်းခြင်းက ထောက်မပေးသော ကျော်ကြားသူ မဟုတ်ပါချေ။ သူက ခေါင်းယမ်းပြီး

“မကျော်ကြားပါဘူး။”

အိုးရန်လူလူသည် မျက်ဆံသာ လှန်လိုက်မိတော့သည်။ သူမ၏ပုံစံသည် စွဲမက်ဖွယ်ကောင်းနေသေးသော်လည်း ပြန်လည်တုံ့ပြန်လာသည့် စကားလုံးများသည် ကြားရ နားဝမသက်သာဆိုသလိုပင်။

“ဒါဆို နင့်မှာ ဘာမှလည်း မရှိဘဲနဲ့ ငါ့ကို ဘာလို့ ထမင်းကျွေးချင်တာလဲ။ အပြင်ပန်းပဲ ဆွဲဆောင်မှုရှိပြီး လူတစ်ယောက်က အရည်အချင်းမရှိရင် ငါ့အတွက် အသုံးမဝင်ဘူးရယ်။”

အပြင်ပန်းက ဆွဲဆောင်မှုရှိတယ်... ဒါပေမယ့် တန်ဖိုးမရှိတဲ့သူလား။

ဝမ်ကျိဒေါင်သည် သူကြားလိုက်ရသော စကားကြောင့် မယုံနိုင်လောက်အောင် ကြက်သေ သေသွားရသည်။

သူ့အရှေ့က ထူးချွန်ဟန်ရှိသော မိန်းမလှလေးက မထင်မှတ်ပဲ သူ့ကို ပန်းပွင့်ထိုးထားသော ခေါင်းအုံးသဖွယ် ဆွဲဆောင်မှုရှိသော်ငြား တန်ဖိုးမရှိသောသူဟု ခေါ်လိုက်တာလား။

ရုတ်တရက် အိုးရန်လူလူ တစ်ခုခုကို တွေးနေဟန် ရသည်။ သူမက ဝမ်ကျိဒေါင်ကို အကဲခတ်လိုက်ပြီး "အာ … ဒါကို မေ့လိုက်ပါ။ ငါ နင့်ကို အခွင့်အရေး မပေးနိုင်တာတော့ မဟုတ်ပါဘူး။ နင် ငါ့ကို နည်းနည်းလောက် ကူညီပေးရင် နေ့လယ်စာစားဖို့ နင့်ကို ငါ အဖော်လုပ်ပေးမယ်လေ။"

ငိုရမလို ရယ်ရမလို အမူအရာဖြင့် ဝမ်ကျိဒေါင်က

"ကိုယ် ဘာလုပ်ပေးရမှာလဲ။"

"ထန်ရှုကို နင် သိလား…" အိုးရန်လူလူက မေးသည်။ “ဒါပေမယ့် နင် မသိလည်း အရေးတော့မကြီးပါဘူး။ ဒါပေမဲ့ နင်က ဒီကလပ်ရဲ့ ရှယ်ယာရှင်တစ်ယောက် ဖြစ်တော့ သိတဲ့သူတစ်ယောက်ကို မေးပြီး သူ့ဆီ ခေါ်သွားပေးဖို့က နင့်အတွက် လွယ်မှာပါ။"

ဝမ်ကျိဒေါင်သည် အိုးရန်လူလူအား မင်သက်စွာ စိုက်ကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်နေသည်။ ရုတ်ခြည်းပင် သူ၏စိတ်ထဲတွင် ဆိုးရွားသည့် ကြိုတင်သတိပေးချက်တစ်ခု ပေါ်လာသည်။ ခဏအကြာတွင် သူက စူးစမ်းသော လေသံဖြင့်

"မင်းက ထန်ရှုကို ရှာနေတာလား။ ဒါဆိုရင် မင်းနဲ့သူက…”

"ဟုတ်တယ် … ငါ သူ့ကို ရှာဖို့လာခဲ့တာ။ သူက ငါ့လူလေ။” အိုးရန်လူလူက ပြုံးတုံ့တုံ့ဖြင့် ဆိုသည်။

ခရက်ရှ်...

ဝမ်ကျိဒေါင်တစ်ယောက် သူ၏နှလုံးသားလေး အက်ကွဲသံကို ကြားလိုက်ရသည်ဟုပင် ထင်လိုက်မိသည်။ သူ့အား လွန်စွာ ရင်ခုန်စိတ်လှုပ်ရှားစေနိုင်သည့် မိန်းကလေးတစ်ဦးကို ရှာတွေ့ရန် အရမ်းခက်ခဲလှပြီး ယခု ရှာတွေ့ခဲ့သော ထိုမိန်းကလေးသည် ထန်ရှု၏ကောင်မလေး ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားမိပေ။

သောက်ကျိုးနည်း … ဒါဘာကြီးလဲ။ ငါ ဘာတွေ လုပ်ခဲ့မိတာလဲ။

အကယ်၍ သူမသည် အခြားသူ၏မိန်းကလေးဖြစ်လျှင် ယုတ်စွအဆုံး ဟောင်ရှု၏ကောင်မလေးဖြစ်လျှင်ပင် သူသည် သူမအား လုယူဝံ့ပေသည်။ သို့သော် ထန်ရှု၏မိန်းကလေးဖြစ်ပါက သတ္တိအဆတစ်ရာ ရှိရင်တောင်မှ နည်းနည်းလေးမှ လုယူရန် သူ မည်သည့်အခါမှ တွေးဝံ့မည်မဟုတ်ပေ။

သူ့သဘောထားနှင့်အမူအကျင့်ကို ပွင့်လင်းစွာ တွေးတောပြီးနောက် ဝမ်ကျိဒေါင်သည် စိတ်အတွင်းတွင် သူ့ကိုယ်သူ သရော်ရယ်လိုက်ပြီး

"အာ … မင်းက မရီးပေါ့။ ထန်ရှုက သူ့အခန်းထဲမှာ ရှိလိမ့်မယ်။ လာ … ငါ သူ့ဆီ ခေါ်သွားပေးမယ်။"

မရီးတဲ့လား…

အိုးရန်လူလူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး သူမ၏အပြစ်ကင်းစင်လှသော မျက်နှာပေါ်တွင် ကျေနပ်သောအပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ အခေါ်အဝေါ်တစ်ခုမျှသာ ဖြစ်သော်လည်း ဝမ်ကျိဒေါင်အပေါ် နှစ်သက်မှုသည် များစွာ တိုးပွားလာခဲ့သည်။ ထို့နောက် ထန်ရှု ခေတ္တနေရာအခန်းသို့ သူတို့နှစ်ယောက် ရောက်လာသည်။ တံခါးခေါက်လိုက်သော်လည်း အချိန်ကြာသည့်ထိ မတုံ့ပြန်သောကြောင့် ဝမ်ကျိဒေါင်သည် ကလပ်ဝန်ထမ်းအား ဆက်သွယ်မေးမြန်းလိုက်ရာ ထန်ရှုသည် ရုပ်ရှင်နှင့် ဂီတခန်းမသို့ သွားကြောင်း သိလိုက်ရသည်။

ရုပ်ရှင်နှင့် ဂီတခန်းမ…

နွေးထွေးသော အဆင့်မြင့်ရုပ်ရှင်ရုံအတွင်း ထန်ရှုသည် နောက်ဆုံးအတန်းရှိ ကုလားထိုင်ပေါ်တွင် မြုပ်နေအောင် ထိုင်ပြီး သူ၏သင်းပျံ့သော လက်ဖက်ရည်ကို သောက်ကာ ရုပ်ရှင်ကြည့်နေခဲ့သည်။ အင်မော်တယ်ကမ္ဘာတွင် နှစ်များစွာ နေထိုင်လာခဲ့သော အတွေ့အကြုံအရ ရုပ်ရှင်၏ဇာတ်ဝင်ခန်းများကို စိတ်ဝင်စားမှုနည်းသော်လည်း အနောက်တိုင်း သိပ္ပံရုပ်ရှင်ကားများက သူ့အား စိတ်ကူးဉာဏ် ကွန့်မြူးမှုများစွာ ယူဆောင်လာဆဲ ဖြစ်သည်။

သိပ္ပံနည်းပညာ၏စွမ်းအား။ ပိုမိုအဆင့်မြင့်သော နည်းပညာများနှင့် ပြိုင်ဆိုင်မှုအချို့ကို သူ တွေ့မြင်ခဲ့ဖူးသောကြောင့် ကမ္ဘာ၏လက်ရှိသိပ္ပံနှင့် နည်းပညာသည် လွန်စွာ အားနည်းနေမှန်းသိပေသည်။ သူသည် အဓိပတိအဆင့်သို့ တက်လာပြီးနောက် ထိုနည်းပညာပြိုင်ပွဲများ၏ သိပ္ပံနှင့်နည်းပညာသည် သူ့အတွက် ဘာမှမဟုတ်ပေ။

သို့သော် ရုပ်ရှင်တွင် ပါဝင်သည့် ဂြိုလ်တိုက်ပွဲသည် သူ့အား ခံစားချက်တစ်ခု ဖြစ်ပေါ်စေသည်။ သူသာ နည်းပညာစွမ်းအားဖွံ့ဖြိုးတိုးတက်မှုကို အကန့်အသတ်အထိ တွန်းပို့လိုက်မည်ဆိုပါက အစွမ်းထက်အင်အားကြီးသော လက်နက်များ တီထွင်ထုတ်လုပ်ခြင်းသည်ပင် ကြယ်တာရာတွင် ကြောက်မက်ဖွယ်ကောင်းသော လက်နက်ကိုင်တပ်ဖွဲ့တစ်ခုကို ဖန်တီးနိုင်စေမည်ဟု ခံစားရစေသည်။ ဥပမာအားဖြင့် ဂြိုလ်တိုက်ပွဲစစ်သင်္ဘော။ အကယ်၍ သူသည် သန်းရာနှင့်ချီသော စွမ်းအားကြီးမားသော ဂြိုလ်တိုက်ပွဲစစ်သင်္ဘောများကို ထုတ်လုပ်နိုင်ခဲ့ပါက မရေမတွက်နိုင်သော ကြယ်တာရာနယ်မြေများကို သိမ်းပိုက်နိုင်မည်ဖြစ်သည်။

ထို့ပြင် အင်မော်တယ်ကမ္ဘာသည် အရှေ့တိုင်းရှန်းရှနှင့် အလားတူပြီး ဟုတ်လည်းဟုတ်သောကြောင့် ထိုနေရာက နည်းပညာပြိုင်ပွဲများ၏သွင်ပြင်သည် ယခုကြည့်နေသော သိပ္ပံဇာတ်ကားထဲက ရုပ်ရှင်များနှင့်တူပေသည်။

ကြောက်မက်ဖွယ်ကောင်းသော အင်အားရှိခြင်းသည် ထန်ရှု လုံးဝရှင်းရှင်းလင်းလင်း သိနေသော အကြောင်းတစ်စုံတစ်ခု ဖြစ်သည်။ အကယ်၍ သူသည် အခြားသူများ၏အားသာချက်များကို စု၊တု၊ပြု လုပ်ပြီး အခြားသူများ၏အားနည်းသောအချက်များကို ကျော်လွှားနိုင်ခဲ့မည်ဆိုပါက ထိုအရာအား သိပ္ပံနှင့် နည်းပညာဆိုင်ရာ စွမ်းအားများဖြင့် ပေါင်းစပ်ရန်အတွက် အချိန်တိုတိုအတွင်း ပိုမိုအားကောင်းသော လက်နက်ကိုင်တပ်ဖွဲ့များကို စုဆောင်းနိုင်ပေမည်လော။

"ကံမကောင်းချင်တော့ အဲဒီတုန်းက ငါတွေ့ခဲ့တဲ့ နည်းပညာပြိုင်ပွဲက လွတ်လပ်ခရုပတ်လိမ်ကြယ်တာရာ နယ်မြေမှာ လုပ်တာဖြစ်နေတယ်။ သူတို့ရဲ့ သိပ္ပံနဲ့ နည်းပညာတွေရဲ့ နည်းပညာတွေကို ငါ ဆုပ်ကိုင်မထားနိုင်ခဲ့ဘူး။ နို့မို့ဆိုရင် အနည်းဆုံး အာကာသသိပ္ပံနဲ့ နည်းပညာယဉ်ကျေးမှု အနိမ့်ဆုံးအဆင့်ကတောင် ကမ္ဘာမြေပေါ်က သိပ္ပံပညာတိုးတက်မှုအဆင့်ကို ခုန်ပျံကျော်လွှားပြီး သေချာပေါက် လုပ်နိုင်မှာ။

“ဒါပေမယ့် ကိရိယာအချို့နဲ့ အသုံးဝင်ပစ္စည်းအချို့ကို ငါ ဒီဇိုင်းဆွဲနိုင်ပါသေးတယ်။ အဲ့ဒါတွေက သေးငယ်တယ်ဆိုပေမယ့် ကမ္ဘာမြေပေါ်မှာ ပေါ်လာရင် ကြီးမားတဲ့ အာရုံစိုက်မှုကို ဖန်တီးနိုင်တုန်းပဲ မဟုတ်လား။”

***

All Chapters