← Chapters

မှားယွင်းမှုတစ်ခုကို အတည်ပြုခြင်း

Vol. 45 Ch. 624

မှားယွင်းမှုတစ်ခုကို အတည်ပြုခြင်း

Vol. 45 Ch. 624

သူမ၏ကျောင်းတွင်းအကြံပေးဆရာက သူမကို မကူညီရုံသာမက လဲကျသွားချိန်မှာတောင် ရိုက်ချလိမ့်မည်ဟု လီရှောင်ချန်းက နည်းနည်းလေးမှ မထင်ထားခဲ့မိပေ။

လူမှုအဖွဲ့အစည်းထဲ မဝင်ရသေးသော သူမအပေါ် ဒါရိုက်တာပိုင်တို့ သုံးယောက်အဖွဲ့က အခွင့်ကောင်းယူချင်နေသည်ကို ဘယ်လိုတောင် မမြင်နိုင်ခဲ့ရတာလဲ။ သူက သူမရဲ့ဆရာအဖြစ် အကာအကွယ် မပေးသင့်ဘူးလား။

ရုတ်ခြည်းပင် သူမ၏စိတ်ထဲတွင် နောင်တများ ဖြစ်ပေါ်လာသည်။ သည်နေ့ချိန်းထားသောနေရာကို ထန်းကျန်းနှင့်အတူလာရန် သဘောတူမိသည့်အတွက် သူမ တကယ်ပင် နောင်တရမိပါသည်။

လီရှောင်ချန်းက အတွင်းထဲမှ မူးဝေနေသော ခံစားချက်ကို ထိန်းထားရန် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ရင်း

"ဆရာ … ကျွန်မ တကယ် မသောက်နိုင်တော့ဘူး၊ နို့မဟုတ်ရင် ဒီနေ့ ပြန်နိုင်တော့မှာ မဟုတ်ဘူး။ ကျွန်မ သန့်စင်ခန်းထဲ အရင်သွားတုန်း ဆရာတို့ သောက်ကြပါ။"

လီရှောင်ချန်းသည် သည်တစ်ကြိမ်တွင် မမျှော်လင့်ဘဲ သူ့စကားကို မနာခံဝံ့သည်ကို မြင်လိုက်ရသဖြင့် ထန်းကျန်း ဒေါသထွက်သွားသည်။ သူ့မျက်နှာကိုပင် မထိန်းနိုင်တော့ဘဲ သူမ၏လက်မောင်းကို လှမ်းဆွဲကာ ဒေါသတကြီးအော်လိုက်သည်။

“ထိုင်စမ်း …"

ခွမ်း…

ထန်းကျန်း၏ပြင်းထန်စွာ ဆွဲလိုက်မှုကြောင့် လက်ရှိတွင် အနည်းငယ် မူးဝေနေသော လီရှောင်ချန်းတစ်ယောက် ယိမ်းယိုင်ကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားစဉ် သူမ၏အရှေ့မှ ဖန်ခွက်ကိုပါ တိုက်မိသွားသဖြင့် ဘေးသို့ပြုတ်ကျကာ ကွဲသွားတော့သည်။

ဒါရိုက်တာပိုင်၏မျက်လုံးများ အရောင်လက်ကနဲ ဖြစ်သွားသည်။ သူက အလျင်စလို ထကာ သူမ၏အနောက်ကနေ ပွေ့ဖက်ပေးလိုက်သည်။ သူ၏လက်များက လီရှောင်ချန်းအား ထိန်းပေးဟန်ဆောင်ပြီး သူမ၏ ဖွံ့ထွားသော ရင်သားများအား ဆုပ်ကိုင်နေသည်။ သူသည် အမူးသမားတစ်ယောက် မဟုတ်ဘဲ တခြားရည်ရွယ်ချက်များအတွက် လုပ်ဆောင်နေခြင်းဖြစ်သည်။ သည်ဟာသည် ယုတ်ညံ့သော လုပ်ရပ်တစ်ခုသာ ဖြစ်တော့သည်။

“ကျွန်မကို လွှတ်…”

ဒါရိုက်တာ ပိုင်သည် လူသားအယောင်ဆောင်ထားသော ဝံပုလွေတစ်ကောင် - အလုပ်အကိုင်ကောင်းရှိသည့် လူယုတ်မာတစ်ယောက်မှလွဲပြီး ဘာမှ မဟုတ်ကြောင်း နောက်ဆုံးတွင် လီရှောင်ချန်း သဘောပေါက်ခဲ့လေပြီ။ ထိုသူ၏လက်ကို တွန်းဖယ်ကာ ကြိုးစားရပ်လိုက်သည်။ သူမ မတ်တတ်ရပ်ပြီးသည်နှင့် ထိုသူအား ပါးရိုက်ပြီး ပျစ်ပျစ်နှစ်နှစ် ပြောလိုက်သည်။

“ရှင်က အရှက်မရှိတဲ့ ကြောင်သူတော်ကောင်ပဲ။”

ဒါရိုက်တာပိုင် ဒေါသထွက်သွားသဖြင့် လီရှောင်ချန်း၏ ဦးခေါင်းကို ဆုပ်ကိုင်ကာ သူမ၏မျက်နှာအား လက်သီးဖြင့် ပိတ်ထိုးပြီး အော်လိုက်သည်။

“ခွေးမ … မင်း ငါ့ကို ပါးရိုက်ရဲတယ်ပေါ့။"

ထိုလက်သီးချက်ကြောင့် လီရှောင်ချန်း၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသည်။

ထိုအချိန်တွင် ထန်းကျန်းသည်လည်း ဒေါသထွက်နေပြီ ဖြစ်သော်လည်း သူသည် သူမ၏ကျောင်းတွင်းအကြံပေးသူ ဖြစ်နေသောကြောင့်သာ ခံနိုင်ရည်ရှိခဲ့သည်။ သူက ဒါရိုက်တာအား ဖျစ်ညှစ်ပြုံးပြပြီး

"ဒါရိုက်တာပိုင် … ဒီနုံအတဲ့ မိန်းကလေးအဆင့်ထိ မနှိမ့်ချလိုက်ပါနဲ့။ သူမ သောက်တာများသွားလို့ပါ။ မင်းကို ရည်ရွယ်ချက်ရှိရှိ စော်ကားတာမဟုတ်ဘူး။ ဒီနေ့ မင်းနဲ့ အဖော်လုပ်ပြီး ဝိုင်နည်းနည်းလောက် သောက်ဖို့ သူမကို ငါ လုပ်ခိုင်းမယ်ဆိုတာ မင်း စိတ်ချပါ။"

ထွီ…

လီရှောင်ချန်း၏ရုန်းကန်မှုနှင့် ထန်းကျန်း၏ သွေးဆောင်မှုကြောင့် ဒါရိုက်တာပိုင်သည် သူ၏လက်ကို လွှတ်ကာ ကြမ်းပြင်ပေါ်သို့ တံတွေးနှင့်ထွေးလိုက်ပြီး "မင်း ဘယ်လောက်ပဲ မူးနေပါစေ ဒီအဖေနဲ့ မကစားရဲလို့ မရဘူး။ ငါ မမြင်ဖူးတဲ့ ခွေးမမျိုးတွေက ဘယ်လိုလဲ။ မင်းက ဒီဝိုင်စားပွဲကို လာပြီး ဖြူစင်တဲ့ မိန်းကလေးအဖြစ် ဟန်ဆောင်ချင်နေသေးတာလား။"

လီရှောင်ချန်းခမျာ မျက်ရည်များပင် ဝဲလာသည်။ ရင်တွင်းမှ အရှက်တရားကို ဖိနှိပ်ကာ သူမ၏လွယ်အိတ်ကို အမြန်ဆွဲယူပြီးကာ တံခါးဆီသို့ ပြေးလိုက်သည်။ ထိုလူများ မတုံ့ပြန်နိုင်သေးခင် သူမသည် တံခါးကိုဖွင့်ပြီး ဒုန်စိုင်းပြေးသွားတော့သည်။

"ငါ နင့်ကို သတိမပေးဘူးမပြောနဲ့ ခွေးမ…" ဒါရိုက်တာပိုင်က ဒေါသတကြီး အော်လိုက်သည်။

"မင်း အနာဂတ်မှာ ဒီရှိုးကို မဝင်ရမယ့်အပြင် ပဏာမအဆင့်ကိုတောင် ဘယ်တော့မှ ရောက်မှာ မဟုတ်ဘူး။ မင်းက ဒီအဖေအတွက် အသေးအမွှားလေးပဲ … ယီးလိုခွေးမ။”

ထန်းကျန်း၏နှလုံးသားအတွင်း၌ ဒေါသမီးများ တောက်လောင်နေသည်။ သည်ဟာက သူ၏ကျောင်းသူအား တခြားသူများကို ဖျော်ဖြေရန် ခေါ်ထုတ်လာပြီး ရှုပ်ရှုပ်ထွေးထွေး အဆုံးသတ်သွားသည့် ပထမဆုံးအကြိမ် ဖြစ်သည်။ သူသည် အပြင်သို့ အလျင်စလို ပြေးမလိုက်မီ ဒါရိုက်တာပိုင်အား နှစ်သိမ့်စကားအချို့ကို အမြန် ပြောခဲ့သည်။ အပြာရောင်မြို့၏ရုပ်သံလွှင့်ဌာနတွင် ဒါရိုက်တာပိုင် ပိုင်ဆိုင်ထားသည့် အာဏာကို သူ သိသကဲ့သို့ ဂီတအသိုင်းအဝိုင်းရှိ ဂုဏ်ထူးဆောင်ဧည့်သည်၏ အဆင့်အတန်းနှင့် ပုဂ္ဂလိကအဆက်အသွယ်များကို သူ သိသည်။ သူမကို ယနေ့ ဤကဲ့သို့ ထွက်ပြေးခွင့်ပြုပါက လီရှောင်ချန်း၏ အနာဂတ်သည် မှောင်မိုက်သွားတော့မည်ဖြစ်သည်။

တံခါးအပြင်ကို အပြေးအလွှား သူ ထွက်လာချိန်တွင် အရက်သောက်ထားတာ များသောကြောင့် သိပ်မပြေးနိုင်သော လီရှောင်ချန်းအား မီတာတစ်ဒါဇင်လောက်အကွာရှိ စင်္ကြန်လမ်းထက်တွင် တွေ့လိုက်ရသည်။ ထန်းကျန်း ထိုနေရာသို့ အပြေးအလွှားသွားပြီးနောက် သူမ၏လက်ကိုဆွဲကာ ဒေါသတကြီး ပြောလိုက်သည်။

“မင်း မွှေလို့ပြီးပြီလား။ အဲ့ဒီသုံးယောက်ကို စော်ကားပြီးရင် မင်း ဂီတလောကထဲကို ဝင်ရောက်ဖို့ အခွင့်အရေး ရှိသေးတယ်လို့ ထင်လား။ သူတို့ကို တောင်းပန်ဖို့ ငါနဲ့အတူ ပြန်လိုက်ခဲ့။”

“ကျွန်မ သူတို့ကို တောင်းပန်မှာမဟုတ်ဘူး။ သူတို့အားလုံးက ကြောင်သူတော်တွေပဲ။ သူတို့က ဘာမှ ကောင်းတဲ့လူတွေ မဟုတ်ဘူး။” လီရှောင်ချန်းက အော်လိုက်သည်။

" ရှင်က ကျွန်မရဲ့ဆရာပဲ။ ကျွန်မကို ဘယ်လိုဖြစ်ပြီး မီးတွင်းထဲ တွန်းပို့နိုင်ရတာလဲ။"

"ချီးတဲ့မှ … ဘယ်သူက မင်းကို မီးတွင်းထဲကို တွန်းပို့လို့လဲ။" ထန်းကျန်းက ဒေါသတကြီး ပြန်ပြောလိုက်သည်။

“မင်းအတွက်ကြောင့် ငါက ဒီနေရာကို ရောက်နေရတာ။ မင်းကို သူတို့နဲ့ မိတ်ဆက်ပေးဖို့အတွက်မှမဟုတ်ရင် သူတို့ကို ဧည့်ခံဖို့ ဘာလို့ ငါက မင်းကို ခေါ်လာရမှာလဲ။ မင်းက ဘာဖြစ်လို့ သူတို့ကို ပြီးပြည့်စုံအောင် ဧည့်မခံချင်တာလဲ။”

“အဲ့ဒီလူယုတ်မာတွေက ကျွန်မကို အနိုင်ကျင့်ခွင့်ပေးလိုက်တာထက်စာရင် အနာဂတ်မှာ ကျွန်မ ဂီတကို မသင်တော့ဘူး။ ကျွန်မကို လွှတ်…" လီရှောင်ချန်းက ပြန်အော်လိုက်သည်။

ဖြန်း…

သူ၏အမျိုးအနွယ်သည် သူ၏မျှော်လင့်ချက်အတိုင်း မရှင်သန်တော့သည့်အတိုင်း နောင်တရသော မျက်နှာဖြင့် ထန်းကျန်းက လီရှောင်ချန်းအား ပါးရိုက်လိုက်ရာ သူမကို ထိတ်လန့်သွားစေသည်။ ထို့နောက် သူက သူမကို လက်ညှိုးထိုးကာ ဒေါသတကြီး ဆဲဆိုလိုက်သည်။

"လီရှောင်ချန်း … မင်းက အလားအလာ ပိုကောင်းတယ်လို့ ငါ ထင်ခဲ့တယ်။ မင်းက တန်ဖိုးမရှိဘဲ သုံးစားမရတဲ့လူ ဖြစ်လိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ ဒီနေ့ မင်းထွက်သွားရင် ငါ့မျက်နှာ ဘယ်နားသွားထားရမလဲ။ သူတို့ကို တောင်းပန်ဖို့ ငါနဲ့အတူ အထဲကို ပြန်လိုက်ခဲ့။ အနာဂတ်မှာ မင်း ပြပွဲ မဝင်ချင်ဘူးဆိုရင်တောင် ဒီမြင်ကွင်းကို အပြီးသတ်ဖို့ မင်း လိုက်ခဲ့ရမှာပဲ။”

ကြမ်းပြင်ထက်မှ တွားသွားထလိုက်ရင်း လီရှောင်ချန်းသည် ထန်းကျန်းကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေသည်။ တော်ဝင်ဂီတအကယ်ဒမီကျောင်းမှ တွဲဖက်ပါမောက္ခသည် ပုံမှန်အားဖြင့် ကျော့ရှင်းပြီး သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယင်သော ဆရာတစ်ယောက် ဖြစ်သော်လည်း မကောင်းသော လူတစ်ယောက်ဖြစ်သည်ကို သူမ ရုတ်ခြည်းပင် သဘောပေါက်လာသည်။ ဆရာတစ်ယောက်တွင် ရှိသင့်သည့် အကျင့်စာရိတ္တနှင့် သိက္ခာသမာဓိသည် သူ့တွင် ဘာဆိုဘာမှ မရှိပါချေ။

သူမ ပြေးရမည်။ သည်လူညစ်ကောင်တွေရဲ့လက်ထဲမှာ သူမကိုယ်သူမ ဘယ်တော့မှ ပျက်စီးခွင့်မပြုနိုင်ပါချေ။

လီရှောင်ချန်းသည် သူမ၏ခေါင်းမူးဝေနေသည့် ခံစားချက်ကို ကြိုးစားထိန်းချုပ်လိုက်သည်။ သူမ၏ အိတ်ကို ကြမ်းပြင်ပေါ် မှ ကောက်ယူရန်အချိန်ပင် မရှိတော့ဘဲ လှေကားဆီသို့ လှည့်ပြေးသည်။ သူမသည် မီတာပေါင်းများစွာ ရောက်သည်ထိ အလွန်လျင်မြန်စွာ ပြေးသွားလိုက်သည်။ ထန်းကျန်းက သူမ၏အနောက်သို့ လိုက်နေတာကို တွေ့သဖြင့် လှေကားထစ်များမှ အပြေးအလွှားဆင်းရန် ဟန်ပြင်နေချိန်တွင် စင်္ကြန်လမ်း၏နေရာအများစုကို ပိတ်ဆို့ထားသော ပန်းကန်ပြားများဖြင့် စားပွဲထိုးနှစ်ယောက်သည် လှေကားနားတွင် ပေါ်လာခဲ့သည်။

စိတ်ပျက်အားငယ်သွားသော သူမသည် ဦးတည်ချက် မပြောင်းလိုဘဲ လှေကားဆီသို့သာ ဆက်ပြေးသွားခဲ့သည်။ သူမနှင့် ထန်းကျန်းတို့ကြားက အကွာအဝေးက ပိုနီးလာသည်ကို သူမ သိရှိနေပြီး သူမသည် မိန်းကလေးတစ်ယောက် ဖြစ်နေသည့်အပြင် ဝိုင်အများကြီးလည်း သောက်ထားသည်။ အကြောက်တရားတွေ ပြည့်နှက်နေသော်လည်း သူမ အကောင်းဆုံး ကြိုးစားပြေးနေဆဲဖြစ်သည်။

အွန့်...

ဒုတိယထပ်၏စင်္ကြန်လမ်းတွင် လီရှောင်ချန်းသည် နူးညံ့သော ရင်ခွင်တစ်ခုထဲသို့ ပြေးဝင်တိုက်မိသွားခဲ့သည်။ ထိတ်လန့်တုန်လှုပ်နေသော အခြေအနေတွင် သူမသည် နောက်ဆုံးတော့ အော်လိုက်မိတော့သည်။

“ကူညီကြပါ … လူယုတ်မာ …”

သန့်စင်ခန်းမှ ထွက်လာသော အိုးရန်လူလူသည် အရက်မူးနေသော မိန်းကလေးတစ်ယောက်၏ ဝင်တိုက်ခြင်းကို ခံရပြီးနောက် အအော်ပါ ခံလိုက်ရသဖြင့် သူမ ရယ်ရခက် ငိုရခက် ဖြစ်သွားခဲ့ရသည်။ ထိုမိန်းကလေးသည် သူမ၏ ရင်ခွင်ထဲသို့ ပြေးဝင်လာပြီး “လူယုတ်မာ”ဟု မမျှော်လင့်ဘဲ အော်ပြောလိုက်သေးသည်။ ဘုရားသခင်၏ကျေးဇူးတော်ကြောင့် သူမသည် ပုံမှန်လိင်စိတ်တိမ်းညွတ်မှုရှိသော မိန်းကလေးတစ်ဦးသာ ဖြစ်သည်။

သူမက လိင်တူမိန်းကလေးကို ဘယ်လို နှောင့်ယှက်နိုင်ပါ့မလဲ။

ခဏအကြာတွင် မီးခိုးရောင် ဆွယ်တာဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် လှေကားမှ အပြေးအလွှားဆင်းလာပြီး ခြေလှမ်းများစွာအတွင်း သူမဆီသို့ ပြေးလာသည်ကို တွေ့ရသည့်အခါ အိုးရန်လူလူ အံ့အားသင့်သွားသည်။

"မင်းက ပြေးဖို့ သတ္တိရှိနေတုန်းပဲလား လီရှောင်ချန်း။ ရလဒ်အနေနဲ့ ကောင်းကင်ကြီး မှောက်သွားရင်တောင် ဒီနေ့ မင်း လုပ်ချင်သည်ဖြစ်စေ မလုပ်ချင်သည်ဖြစ်စေ ငါနဲ့အတူ ပြန်လိုက်ရမယ်။ မင်းကြောင့် ငါ့မျက်နှာ ပျက်လုနီးပါးဖြစ်နေပြီ။" ထန်းကျန်း မီလာပြီးနောက် သူက ကြိမ်းမောင်းပြီး သူမ၏ပုခုံးကို ဆွဲကိုင်လိုက်သည်။

ဤအချိန်မှသာ အိုးရန်လူလူသည် သူမ၏ရင်ခွင်ထဲသို့ ရောက်နေသော မိန်းကလေးက သူမအား လူယုတ်မာဟု ခေါ်ခြင်းမဟုတ်ဘဲ ဤယောက်ျားကို ခေါ်ခြင်းဖြစ်ကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားခဲ့သည်။ ထန်းကျန်း ချဉ်းကပ်လာသောအခါ အိုးရန်လူလူသည် ချက်ချင်းပင် သူ့အား တစ်ချက်ကန်လိုက်ပြီး နောက်တစ်ချက် ထပ်မံကန်ထည့်လိုက်တော့သည်။

"မကြောက်နဲ့ ကောင်မလေး။ သူက အိုကြီးအိုမ လူယုတ်မာတစ်ယောက်ကလွဲပြီး ဘာမှမဟုတ်လို့ ငါ ဆုံးမနိုင်တယ်။" အိုးရန်လူလူက လီရှောင်ချန်း၏ ကျောကို ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။

နောက်ဆုံးတွင် လီရှောင်ချန်းသည် မြဲမြံစွာ ရပ်လိုက်ပြီး အိုးရန်လူလူ၏အနောက်တွင် ပုန်းကွယ်နေသည်။ သူမက ထန်းကျန်းကို ကြည့်ကာ ငိုသံများဖြင့် အော်ပြောလိုက်သည်။

"သူက အကျင့်ပျက် လူယုတ်မာ အရှက်ကင်းမဲ့တဲ့သူ။ သူက ကျွန်မရဲ့ဆရာ ဖြစ်ပေမယ့် ကျွန်မကို အဲ့ဒီ ယုတ်မာတဲ့သူတွေကို အဖော်လုပ်ပေးစေချင်နေတယ်။ အီးဟီးဟီး ... သောက်ကျင့်မကောင်းတဲ့ ယုတ်မာသူတွေက ကျွန်မကို အနိုင်ကျင့်တာကို ကြည့်ရုံပဲ ကြည့်နေတာ။ သူက ကျွန်မကို မကူညီရုံတင်မကဘူး သူတို့ကိုပါ အကူအညီပေးနေတာ။ အီးဟီးဟီး … သူက တကယ်ကို အရှက်မဲ့တဲ့သူ…”

လီရှောင်ချန်း၏ ရှိုက်ကြီးတငင် ပြောပြသည့် စကားများသည် အိုးရန်လူလူကို အံ့အားသင့်စေခဲ့ပြီး သူမ၏အရှေ့ မှ ဤလူလတ်ပိုင်းအရွယ် အမျိုးသားသည် လီရှောင်ချန်း၏ဆရာ ဖြစ်လိမ့်မည်ဟု သူမ ဘယ်သောအခါမှ မထင်ထားခဲ့ပေ။

…ဆရာတစ်ယောက် … သားရဲတစ်ကောင်ထက်တောင် ပိုဆိုးတဲ့ အလုပ်ကို ဆရာတစ်ယောက် ဘယ်လို လုပ်နေတာလဲ။

သူ ... သူက လူ မဟုတ်ဘူး…။

အိုးရန်လူလူ၏နှလုံးသားအတွင်း၌ ဒေါသများ ပေါက်ဖွားလာသည်။ လီရှောင်ချန်းကို လှည့်ကာ နှစ်သိမ့်ပေးပြီးနောက် သူမသည် ထန်းကျန်း၏နံဘေးသို့ ပြေးသွားပြီး တွားသွားထရန် ကြိုးစားနေသော ထိုသူအား အကြိမ်ကြိမ် ကန်ကျောက်တော့သည်။ သည်နေ့ နှင်းတွေ ကျနေပြီး သူမကလည်း ဒေါက်မြင့်ဖိနပ် မစီးလာဘဲ ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားသည့်အတွက် ဒင်း ကံကောင်းသွားခြင်း ဖြစ်သည်။ နို့မဟုတ်ပါက သူမ၏ ဖိနပ်ဒေါက်ထိပ်က ထန်းကျန်း၏ဘဝတစ်ဝက်ကို သိမ်းပိုက်ပြီးသား ဖြစ်သွားပါလိမ့်မည်။

“ထွက်သွား … ရှင် ထပ်ပြီး ဆိုးရွားတာ ထပ်လုပ်ဝံ့ရင် ဒီကြီးမြတ်တဲ့အန်တီက ရှင့်ကို သက်ရှိ ကုန်းကုန်း ဖြစ်အောင် လုပ်ပစ်လိုက်မယ်။"

အရိုက်ခံရသော ထန်းကျန်းတစ်ယောက် စိတ်ရှုပ်သွားသည်။ ချန်းယောင်ကျင်းကဲ့သို့ တစ်စုံတစ်ယောက် ပေါ်လာပြီး သူ့ကို နှောက်ယှက်လိမ့်မည်ဟု သူ အနည်းငယ်မျှပင် မမျှော်လင့်ထားသော်လည်း ဤအရာသည် ချန်းယောင်ကျင်း၏ အမျိုးသမီးဗားရှင်း ဖြစ်နေသည်။

(မြန်မာဘာသာပြန်သူ၏အမှာ - ချန်းရှောင်ကျင်းသည် ၅၈၉ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ထန်မင်းဆက်အစောပိုင်း ဘုရင်များထံတွင် အမှုတော် ထမ်းရွက်ခဲ့သည့် စစ်သူကြီးဖြစ်သည်။ ၆၆၅ခုနှစ် ဖေဖေါ်ဝါရီ ၂၆တွင် ကွယ်လွန်သည်။)

သူက ပြန်တိုက်ခိုက်ချင်သည့်တိုင် သူမအား လုံးဝ မယှဉ်ဘူးဆိုတာ ထင်ရှားပေသည်။ ထိုမိန်းကလေး နောက်ပြန်ဆုတ်သွားပြီးနောက် ထန်းကျန်း ကြမ်းပြင်ပေါ်မှ ခက်ခက်ခဲခဲ တွားထလိုက်ရင်း သူ့တစ်ကိုယ်လုံးက နာကျင်ကိုက်ခဲနေမှုကို ကြံ့ကြံ့ခံကာ အိုးရန်လူလူကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။

“အာ…” လှပသော အမျိုးသမီးများကို သူ မြင်ဖူးသော်လည်း ထန်းကျန်းသည် အိုးရန်လူလူ၏ ရင်သပ်ရှုမောဖွယ် အလှကို မြင်တွေ့ရသည့်အတွက် တုန်လှုပ်နေဆဲဖြစ်သည်။ သူ့ကို ရိုက်သော မိန်းကလေးသည် အင်မော်တယ်နတ်သမီးတစ်ပါးကဲ့သို့ လှပလိမ့်မည်ဟု မထင်ထားသောကြောင့် မယုံကြည်နိုင်သော အမူအရာသည် သူ၏မျက်နှာထက်တွင် ဖုံးလွှမ်းသွားသည်။

မျက်ခုံးလေးများ တွန့်ချိုးထားသော အိုးရန်လူလူ၏ စိတ်ထဲတွင် စူးစူးစိုက်စိုက်ကြည့်နေသော ထိုယောက်ျား၏စိတ်ဓာတ်အကြောင်းအား ရှိနေဆဲ ဖြစ်သည်။ သူမက လက်သီးဆုပ်ကို မြှောက်လိုက်ပြီး အော်လိုက်သည်။

“သောက်ကျိုးနည်း … ရှင် ဘာကြည့်နေတာလဲ။ တကယ်ပဲ ရှင်က မကောင်းတဲ့ကောင်ပဲ။ ရှင့်အန်တီက ရှင့်ကို မသတ်ဝံ့ဘူးလို့ ယုံနေတာလား။"

ထန်းကျန်း၏နှလုံးသားထဲတွင် အေးစိမ့်သွားကာ ချက်ချင်း ထွက်ပြေးသွားတော့သည်။ ထိုအမျိုးသမီးသည် တိုင်းပြည်ကိုပင် ပျက်စီးနိုင်သည့် ရင်သပ်ရှုမောဖွယ် အလှတရားဖြစ်သော်လည်း အရိုင်းဆန်လွန်းသည်မှာ သေချာပါသည်။ မိန်းမတစ်ယောက်ကြောင့် သူ့ကိုယ်သူ သက်ရှိကုန်းကုန်းအဖြစ် မည်သည့်အခါကမှ မဖြစ်လိုပေ။

အိုးရန်လူလူ အေးစက်စွာ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးနောက် မျက်ရည်များ သစ်တော်သီးလောက် စီးကျနေသော လီရှောင်ချန်းကို လှည့်ကြည့်လိုက်သည်။ သူမ၏ရင်တွင်းထဲတွင် သက်ပြင်းလေး ချလိုက်ပြီး “ထပ်ပြီးမငိုနဲ့တော့ ကောင်မလေးရေ။ ငါ အဲ့ဒီ ညစ်ပတ်တဲ့ အမှိုက်ကောင်ကို ရိုက်ပြီး မောင်းထုတ်လိုက်ပြီးပြီ။”

"ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်…” လီရှောင်ချန်းက သူမ၏မျက်ရည်များကို သုတ်ရင်း ကျေးဇူးတင်သော အမူအရာဖြင့် ပြောရင်း မျက်ရည်များ ပိုကျလာသည်။

"နင် ငါ့ကို ကျေးဇူးတင်နေဖို့ မလိုပါဘူး။" အိုးရန်လူလူ ခေါင်းယမ်းလိုက်သည်။

“အဲ့ဒီဘဲနာကြီးက အရိုက်ခံသင့်တယ်။ ငါတို့ သီးသန့်အခန်းကို သွားပြီး ဖြစ်ပျက်ခဲ့သမျှကို ပြောကြရအောင်။ ဒီကလပ်ပိုင်ရှင်ကို ငါ သိတယ်။ ငါ သူ့ကို ပြောပြီးတဲ့အထိ စောင့် … ပြီးမှ အဲ့ဒီဆိုးသွမ်းတဲ့ကောင်ကြီးတွေကို ဖမ်းဖို့ လုံခြုံရေးအစောင့်တွေကို သူ လွှတ်လိုက်လိမ့်မယ်။”

“မလုပ်နဲ့ … သူတို့ … သူတို့အားလုံးက အရမ်း အင်အားကြီးတဲ့သူတွေချည်းပဲ။ ကျွန်မ ကြောက်တယ်…” လီရှောင်ချန်းက သူမ၏စကားကြားသည့်အခါ ရုတ်တရက် ပြောလိုက်သည်။

“သူတို့မှာ သြဇာညောင်းတဲ့ ဂုဏ်ပုဒ်တွေ ရှိသလား။ သူတို့ရဲ့ဇစ်မြစ်အတိအကျက ဘာလဲ။" အိုးရန်လူလူ အံ့သြသွားသည်။

"အာ ဟုတ်သားပဲ … ငါ နင့်နာမည်ကို ငါ မသိသေးဘူး။ နင်က ဘာအလုပ် လုပ်တာလဲ ကောင်မလေး…"

"ကျွန်မက တော်ဝင်ဂီတအကယ်ဒမီကျောင်းက ပထမနှစ်ကျောင်းသူ လီရှောင်ချန်းပါ။" လီရှောင်ချန်းက ငိုရှိုက်ရင်း ပြောပြသည်။

“ကျွန်မကို လိုက်ဖမ်းတဲ့သူက ကျွန်မရဲ့ဆရာ ထန်းကျန်းပါ။ အပြာရောင်မြို့ ရုပ်သံလွှင့်ဌာနက တခြားသုံးယောက်နဲ့ မိတ်ဆွေဖြစ်ပြီး ဧည့်ခံဖို့ ကျွန်မကိုပါ ခေါ်လာတာ။ နှစ်ယောက်က ‘ငါက သီချင်းဆိုရတာ ရူးသွပ်တယ်’ အစီအစဉ်ရဲ့ ဒါရိုက်တာနဲ့ ထုတ်လုပ်သူဖြစ်ပြီး နောက်ဆုံးတစ်ယောက်က အစီအစဉ်ရဲ့ ဂုဏ်ထူးဆောင်ဧည့်သည်ပါ။ အဲ့ဒီပြိုင်ပွဲမှာ နေရာကောင်းတစ်ခု ရဖို့ အာမခံတယ်လို့ဆိုပြီး ကျွန်မကို အဲ့ဒီသူတွေနဲ့အတူ လိုက်သွားစေချင်တာလေ။ ကျွန်မ အဲ့ဒီလိုမျိုးတွေ မလုပ်ချင်ဘူး…"

“ဘယ်လိုတောင် ညစ်စုတ်လိုက်တဲ့ ဝက်ကြီးလဲ။” အိုးရန်လူလူသည် အံကြိတ်ကာ ကျိန်ဆဲလိုက်ပြီး လီရှောင်ချန်းအား အဓိပတိခန်းမဆီသို့ ဆွဲခေါ်လာသည်။

***

All Chapters