← Chapters

ရပ်တည်မှုနှင့် ဂုဏ်သိက္ခာအားလုံးကို ဆုံးရှုံးခြင်း

Vol. 45 Ch. 627

ရပ်တည်မှုနှင့် ဂုဏ်သိက္ခာအားလုံးကို ဆုံးရှုံးခြင်း

Vol. 45 Ch. 627

လူတိုင်းသည် တစ်ချိန်က မိမိတို့ စိုက်ပျိုးထားသည့်အတိုင်း ရိတ်သိမ်းရလိမ့်မည် ဖြစ်သည်။ ကောင်းကင်ဘုံတွင် ကောင်းသောအရာများ ရှိကောင်းရှိနိုင်သော်လည်း ဒီကမ္ဘာကြီးထဲက လက်တွေ့ဘဝတွင် လူတစ်ယောက်၏ခေါင်းပေါ်သို့ ပြုတ်ကျလာမည့်အခွင့်အရေးက နည်းပါးပေသည်။ အရက်၏ကျေးကျွန်အဖြစ် ကျဆင်းခြင်းသည် ကောင်းသောကိစ္စမဟုတ်ပေ။ လူတစ်ဦးသည် ဆင်ခြင်တုံတရားနှင့် သိက္ခာတရားများ ဆုံးရှုံးသွားမည်ဖြစ်သည်။ သည်ဟာသည်  ရိုးရှင်းသော ထောင်ချောက်တစ်ခုသာ ဖြစ်ပြီး ထန်းကျန်းတို့လေးယောက်အဖွဲ့သည် ပုံမှန်မဟုတ်သော စည်းမျဉ်းများ ရှိသည့်တိုင် တွင်းထဲသို့ အလွယ်တကူ ပြုတ်ကျသွားခဲ့ပေသည်။ ထိုသူတို့ကို စောင့်ကြိုနေသော အရာများသည် ကြေကွဲဝမ်းနည်းဖွယ် အဆုံးသတ်များ ဖြစ်ပေသည်။

ဝမ်ကျိဒေါင်အား မိုးမွှန်အောင် ဆဲဆိုရင်း ရဲများ ခေါ်ဆောင်သွားခြင်းကို ခံရသော ဒါရိုက်တာပိုင်တို့၄ဦးအား စောင့်ကြည့်ကာ ထန်ရှုက အိုးရန်လူလူ၏ဖုန်းနံပါတ်ကို ခေါ်ဆိုပြီး

"လီရှောင်ချန်းကို ခေါ်ပြီး ဒီလူယုတ်မာတွေကို တရားစွဲဖို့ ရဲစခန်းကို အဖော်လိုက်ပို့ပေးပါဦး။ 'မုဒိမ်းမှုကျူးလွန်ရန် ကြံစည်ခြင်း'လို့ အမည်တပ်ပြီး တရားစွဲပါ။”

"ကောင်းပြီ။ ငါတို့ မကြာခင် ထွက်လာခဲ့မယ်။" အိုးရန်လူလူက ပြုံးကာ ပြောရင်း ဖုန်းချလိုက်သည်။

ထန်ရှု အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်သည်။ ထို့နောက် သူက ဝမ်ကျိဒေါင်၏ပခုံးကို ပုတ်ကာ “မင်း အနစ်နာခံလိုက်ရပြီ။ ကြယ်တာရာကို လာလည်တဲ့အခါတိုင်း ငါ့ကို ဆက်သွယ်ဖို့ မမေ့ပါနဲ့။ လုံစားသောက်ခန်းမက အကောင်းဆုံး အခန်းမှာ ဧည့်ခံပါမယ်ကွာ။"

ဝမ်ကျိဒေါင်၏မျက်လုံးများ တောက်ပလာပြီး အပြုံးဖြင့် ချက်ချင်း ပြောလိုက်သည်။

"အားလပ်ချိန်ရရင် ငါ လာခဲ့ပါ့မယ်။"

ထန်ရှုက သူ့ကို လက်ခံလိုက်ပြီကို သိလိုက်ရသဖြင့် ဝမ်ကျိဒေါင်၏စိတ်ထဲမှာ အတော် စိတ်လှုပ်ရှားနေခဲ့သည်။ သူ့ကို သာမန်သူငယ်ချင်းအဖြစ်သာ မှတ်ယူထားသေးသော်လည်း အနည်းဆုံးတော့ သူငယ်ချင်း ဖြစ်နေဆဲပင်။ ရုတ်တရက်ဆိုသလို ထန်းကျန်းနှင့် ဒါရိုက်တာပိုင်ကိုပင် ကျေးဇူးတင်မိသွားခဲ့သည်။ ထိုသူတို့သာ ထန်ရှု၏အတန်းဖော် မိန်းကလေးကို ဆိုးဆိုးရွားရွား မဆက်ဆံပါက ထန်ရှု၏မျက်နှာသာပေးမှုကို ရရှိရန် ဤကဲ့သို့အခွင့်အရေးမျိုး မည်သို့ရနိုင်ပါမည်နည်း။

ထန်ရှုသည် နောက်ဆက်တွဲကိစ္စရပ်တွင် ပါဝင်ခြင်းမရှိသော်လည်း အဖြစ်အပျက်များသည် သူရေးဆွဲထားသော ဦးတည်ချက်အတိုင်း ဖြစ်လာခဲ့သည်။ လီရှောင်ချန်း၏တိုင်ကြားစာကြောင့် အမှုအား စေ့စေ့စပ်စပ် အသေးစိတ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဟောင်၊ ဖေးနှင့် ဝမ်မိသားစုများကပါ မီးလောင်ရာ လေပင့်ပေးလိုက်သဖြင့် ထို၄ယောက်အား ရာဇဝတ်မှုဖြင့် ဖမ်းဆီးနိုင်ခဲ့သည်။ ဝမ်ကျိဒေါင်သည် ကြည်လင်ကန်ကလပ်မှ ၎င်းတို့၏ အမိုက်စား ဗီဒီယိုအား ၎င်းတို့၏မိသားစုများထံ ပေးပို့ခဲ့ရာ ၎င်းတို့၏ဇနီးလေးဦးနှင့် အခြားမိသားစုဝင်များက ဒေါသများဖြင့် ထောင်တွင်း၌ လာရောက်ပေါက်ကွဲခဲ့ကြသည်။ နောက်ဆုံးတွင် ကွာရှင်းစာလေးစောင်သည် ထို၄ဦးဆီသို့ ရောက်လာခဲ့ပေတော့သည်။ အိမ်ထောင်ရေး ဖောက်ပြန်ကြသူများဖြစ်သောကြောင့် ကွာရှင်းပြတ်စဲပြီးနောက် ၎င်းတို့ရရှိမည့်ပစ္စည်းများကို ခွဲဝေခြင်းသည် အလွန်သနားစရာကောင်းပေလိမ့်မည်။

ရပ်တည်မှုနှင့် နာမည်ဂုဏ်သတင်းများ ဆုံးရှုံးခဲ့ရသည့်အပြင် ဂုဏ်အသရေတင့်တယ်ခြင်းမှ ပြုတ်ကျခြင်းတို့သည် ဒါရိုက်တာပိုင်တို့၄ယောက် ဖြစ်နေသည့် အခြေအနေကို စုံလင်စွာ ပြသနေပေသည်။

အခင်းဖြစ်ပွားပြီးနောက် ဒုတိယနေ့သည်လည်း ကုန်ဆုံးခဲ့ပြီး နှစ်သစ်ကူးနေ့ရောက်ရန် သုံးရက်သာ လိုတော့သည်။ အိုးရန်လူလူသည် စိတ်နှလုံးအပြည့်ဖြင့် ကျင်းမန်ကျွန်းသို့ ပြန်သွားပြီး လုံကျန့်ယုသည် မုချင်းဖျင်၊ ဂူရင်တို့နှင့်အတူ နဂါးကိုးကောင်ကျွန်းမှ ပြန်ရောက်လာသည်။

နှစ်ဝက်ကြာမြင့်သွားခဲ့ချေပြီ။ ဂူရင်က ယခုဆိုပါက ငါးစင်တီမီတာ ပိုမြင့်နေခဲ့ပြီး သူမ၏ သေးငယ်သောအရပ်သည် ဖြောင့်မတ်ကာ မြင့်မြတ်သောအသွင်ကို ဆောင်သည်။ ထန်ရှုကို မြင်သည့်အခါ သူမ အရမ်းစိတ်လှုပ်ရှားစွာ ဖက်တွယ်လိုက်ရင်း ခြေတစ်လှမ်းပင် မခွာချင်ခဲ့ပေ။

မုချင်းဖျင်ကမူ လက်ရှိအချိန်မှ နဂါးကိုးကောင်ကျွန်းရှိ အခြေအနေ အသေးစိတ်ကို အစီရင်ခံတင်ပြသည်။ သူမသည် ထိုနေရာတွင် အခြေအနေကို အပြည့်အ၀ ဆုပ်ကိုင်ထားသည်။ ထို့အပြင် ယခု သူမသည် ဆရာများ၏လေ့ကျင့်သင်ကြားမှုအား ခံယူကာ လေ့ကျင့်ရေးဆင်းပြီးနောက် အလွန်အရည်အချင်း ပြည့်မီသော အိမ်တော်ထိန်းတစ်ဦး ဖြစ်လာခဲ့သည်။ သူမသည် ကြိုးစားအားထုတ်မှုအချို့ပြုလုပ်ပြီးနောက် အရန်လူအများအပြားကိုပင် လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ပြီး နဂါးကိုးကောင်ကျွန်းရှိ သင်တန်းသားဦးရေသည် ယခုအခါ အယောက်၈၀သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

“လောလောဆယ် ငါတို့ ငွေပြတ်နေတယ်။”

နောက်ဆုံးတွင် မုချင်းဖျင်သည် ထိုနေရာ၏ အခြေအနေနှင့် ပတ်သက်၍ သူမ၏အစီရင်ခံစာအား ဤစကားလုံးများဖြင့် နိဂုံးချုပ်ခဲ့သည်။

ထန်ရှုသည် ပေါ့ပေါ့ပါးပါး ပြုံးကာ မိုဘိုင်းဘဏ်စနစ်မှတစ်ဆင့် မုချင်းဖျင်၏အကောင့်ထဲသို့ ယွမ်၂၀မီလီယံ လွှဲပေးခဲ့သည်။ ထို့နောက် သူက အပြုံးဖြင့်

“ပိုက်ဆံက ပြဿနာမဟုတ်ဘူး။ နောက် ငွေပြတ်ရင် ကျွန်တော့်ကို ကြိုအကြောင်းကြားပါ။"

ထန်ရှု ပြသသည့် ပွင့်လင်းသောကြင်နာမှုသည် မုချင်းဖျင်၏ကျေနပ်မှုပျော်ရွှင်မှုကို များစွာ ဖြစ်ပေါ်စေသည်။ ထန်ရှုနှင့်တွေ့ပြီးကတည်းက သူမ၏ဘဝတစ်ခုလုံးသည် အိပ်မက်တစ်ခုပမာ ခမ်းနားသွားခဲ့သည်ကို သူမ သိပေသည်။ သူမသည် ယခင်က တစ်နေရာမှ တစ်နေရာသို့ ရွေ့လျားလျက် သမီးဖြစ်သူအား ဆေးကုသရန် ခေါ်ဆောင်လာသည့် သနားစရာ ဝမ်းနည်းပူဆွေးနေရသော အမျိုးသမီးတစ်ဦး ဖြစ်ပြီး ယခုအခါ လူအများ၏အမြင်တွင် လေးစားဖွယ် အိမ်တော်ထိန်းအဖြစ် ပြောင်းလဲသွားခဲ့သည်။ ဇိမ်ခံရဲတိုက်တစ်ခုတွင် အလွန်ကြီးကျယ်ခမ်းနားသော ဘဝတွင် နေထိုင်ကာ ဝန်ထမ်း၈၀ကို တာဝန်ယူကြီးကြပ်သည့်အပြင် ထူးခြားသော လက်နက်ကိုင်တပ်ဖွဲ့များစွာကိုလည်း ထိန်းချုပ်ထားခဲ့သည်။

“စကားမစပ် … ဒီကိုမလာခင် မိုအားဝမ်က သူတို့ကို ဘယ်အချိန် တာဝန်ချပေးမလဲလို့ မေးခိုင်းတယ်။ ကျင်းမန်ကျွန်းဌာနချုပ်က ကျင့်ကြံဖို့အတွက် အရင်းအမြစ်တွေ ရောင်းချနေတာကို သူတို့ ကြားတယ်။ သူတို့မှာ ပိုက်ဆံအများကြီးရှိပေမယ့် ရုံးချုပ်က သူတို့အတွက် ပေးထားတဲ့ အရင်းအမြစ်တွေကိုပဲ လက်ခံရတယ်။ သူတို့ကိုယ်ပိုင်ပိုက်ဆံနဲ့ မဝယ်နိုင်ဘူးဖြစ်နေတယ်။”

ထန်ရှုက ခေါင်းညိတ်လိုက်ပြီး

“ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော် မှတ်ထားပြီး နောက်မှ စီစဉ်ပါ့မယ်။ အစ်မကြီးမု … နိုင်ငံခြားက ပြန်လာတာဆိုတော့ ခရီးပန်းလာမှာပေါ့။ ဒီမှာပဲ အရင်နေပါ။ မနက်ဖြန် ကြယ်တာရာကို အတူတူ ပြန်ကြမယ်။"

"နင့်မိဘတွေရော ဒီအတောအတွင်းမှာ နေကောင်းကြရဲ့လား။" မုချင်းဖျင်က ပြုံးပြီး မေးသည်။

“သူတို့က အခု မြို့တော်ကို ရောက်နေကြတယ်။ ကျွန်တော် မနေ့က ဖုန်းဆက်တော့ သဘက်ခါ ကြယ်တာရာကို ပြန်လာမယ်လို့ ပြောတယ်။” ထန်ရှုက ပြုံးကာ ပြောလိုက်သည်။

“ကျွန်တော်တို့ကတော့ နှစ်သစ်အတွက် ကောင်းမွန်တဲ့ အရာတွေကို ကြိုတင်ပြင်ဆင်ဖို့အတွက် တစ်ရက်ကြိုပြန်ကြမယ်။ ဘာပဲဖြစ်ဖြစ် အစ်မကြီးမု ကျွန်တော်တို့က မိသားစုဖြစ်နေပြီမို့ နောင်နှစ်တိုင်း ကျွန်တော်တို့နဲ့အတူ နှစ်သစ်ကို ဆင်နွှဲပါ။"

မုချင်းဖျင်၏ရင်တွင်းထဲမှ နွေးထွေးသွားရပြီး ခေါင်းညိတ်ပြကာ

"ငါတို့က မုဆိုးမမိခင်နဲ့ အဖမဲ့သမီး ဖြစ်ခဲ့တဲ့အတွက် နှစ်သစ်ကူးပွဲကျင်းပတာဟာ အရင်တုန်းက ငါတို့အတွက် သိပ်အဓိပ္ပာယ်မရှိပါဘူး။ ဒါပေမယ့် အခုက မတူဘူး … ငါတို့မှာ နင်နဲ့ နင့်မိဘတွေ ရှိလာပြီ။ အခု ရင်ရင်နဲ့ငါတို့ဆီမှာ ချစ်ရတဲ့ မိသားစုဝင်တွေ အများကြီးရှိနေပြီဆိုတာ ငါသိတယ်။"

ဂူရင်က ထန်ရှု၏လက်မောင်းတစ်ဖက်ကို ကိုင်ထားပြီး အပြုံးဖြင့်

"ရင်ရင်က အဘိုးနဲ့အဘွားကို လွမ်းနေတာ။ ဆရာသခင် အဘိုးနဲ့ အဘွားကရော ရင်ရင့်ကို လွမ်းနေရဲ့လား။”

"ဒါပေါ့ သူတို့လွမ်းနေကြတယ်။" ထန်ရှု ပြုံးလိုက်သည်။ "ရင်ရင်ကို လွမ်းတယ်လို့ မကြာခဏ ညည်းညူကြတယ်။ ဒီနှစ်ဝက်မပြည့်ခင်မှာ လုပ်စရာ နည်းနည်းပဲ ရှိခဲ့ရင် ရင်ရင်နဲ့တွေ့ဖို့ နဂါးကိုးကျွန်းကို သူတို့ လာကြလိမ့်မယ်။ အာ … ဟုတ်သားပဲ ပြောပါဦး ရင်ရင့်ရဲ့ ကျင့်ကြံမှုက ဘယ်လိုလဲ။"

ထိုစကားကို ကြားတော့ ဂူရင်က

"ဆရာသခင် … ရင်ရင်က ဉာဏ်မကောင်းတော့ဘူး။ ဒီနှစ်လအတွင်းမှာ ရွှေအမြုတေအဆင့်ကို မဖြတ်နိုင်ဘူး။"

ထန်ရှု ကြက်သေ သေသွားပြီးမှ အလျင်အမြန် မေးလိုက်သည်။

"ရင်ရင့်ရဲ့ကျင့်ကြံမှုက အထွတ်အထိပ်အခြေခံ တည်ဆောက်ခြင်းအဆင့်ကို ရောက်သွားပြီလား။"

"ဟုတ်ကဲ့။ ပြီးခဲ့တဲ့နှစ်လက အခြေခံတည်ထောင်ခြင်း အထွတ်အထိပ်အဆင့်ကို ရောက်ခဲ့တယ်။ ဆရာသခင်က ရင်ရင့်ကို အတော် ဉာဏ်ကောင်းတယ်လို့ ပြောခဲ့တယ်။ ဒါပေမယ့် ရင်ရင်ရဲ့ရွှေအမြုတေအဆင့်ကို ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဆရာသခင် ပြောတဲ့အတိုင်း ရင်ရင် စုစည်းလို့ မရသေးဘူး။ အာ ဟုတ်သားပဲ … ဦးလေးအားဝမ်နဲ့ ဦးလေးအားဝူက ရင်ရင့်ကို ဆေးနှစ်လုံး ပေးသေးတယ်။ ဒါပေမယ့် အလုပ်မဖြစ်ဘူး။”

ထန်ရှု တိတ်တခိုး စကားမပြောနိုင်ဘဲ ကျောက်ရုပ် ဖြစ်သွားခဲ့သည်။ လွန်ခဲ့သည့်ခြောက်လက ဂူရင်သည် ကျင့်ကြံခြင်းအကြောင်း ဘာမှမသိသော ကလေးတစ်ယောက်သာ ဖြစ်သည်။ ခြောက်လ ကြာပြီးသည်နှင့် သူမ၏ကျင့်ကြံမှုသည် ခုန်ပျံကျော်လွှားကာ အရှိန်အဟုန်ဖြင့် တိုးတက်ခဲ့ပြီး ယခုအခါ သူမသည် အခြေခံတည်ဆောက်ခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။ ထိုကဲ့သို့သော အရှိန်အဟုန်ကို “ကြောက်စရာကောင်းသည်” ဟူသော စကားလုံးတစ်လုံးတည်းဖြင့်သာ ဖော်ပြနိုင်သည်။ အင်မော်တယ်ကမ္ဘာတွင်ပင် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ခြောက်လအတွင်း ရောက်ရှိနိုင်ပါက ထိုကလေးများအား ထူးချွန်သည်ဟုဆိုကာ ပါရမီရှင်များအဖြစ် ချီးမြှောက်ခံရသည်။ ထို့အပြင် ၎င်းတို့အား ကျင့်ကြံမှု အရင်းအမြစ်များစွာဖြင့်လည်း ပံ့ပိုးကူညီကြသည်။

လူတစ်ယောက်၏ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သည် အမှန်ပင် မွေးရာပါ အရင်းအနှီး ဖြစ်သည်။

(ရင်ရင်၏ခန္ဓာကိုယ်သည် အမြွာသွေးခုန်နှုန်းပါဝင်သော ရေခဲဖီးနစ်၏ရှားပါးခန္ဓာကိုယ်အမျိုးအစား ဖြစ်သည်။ ယခင်စာစဉ်များတွင် ဖော်ပြခဲ့ပြီး။)

ထန်ရှု တိတ်တဆိတ် သက်ပြင်းချရင်း အပြုံးဖြင့် "ရင်ရင်က ကျင့်ကြံခြင်းထဲကို ဝင်တာ အချိန်တိုလေးပဲ ရှိသေးတာနော်။ အခြေခံတည်ဆောက်ခြင်း အထွတ်အထိပ်အဆင့်ကို ခြောက်လအတွင်း ချိုးဖြတ်နိုင်တာကိုက အရမ်း ထူးခြားနေပြီလေ။ ဆရာသခင်ရဲ့စကားကို နားထောင်ပါ။ အခု ပထမဆုံး လုပ်ဖို့လိုတာက မဝေးတော့တဲ့အနာဂတ်မှာ ရွှေအမြုတေအဆင့်ကို ချိုးဖြတ်ရမယ်ဆိုတဲ့ အတွေးနဲ့ ကိုယ့်ကိုကိုယ် မချုပ်နှောင်ထားနဲ့။ ရင်ရင် လုပ်ရမှာက ရင်ရင့်ရဲ့အခြေခံတည်ဆောက်ခြင်းအဆင့်ကို ကျစ်လျစ်ခိုင်မာအောင် လုပ်ဖို့ပဲ။ ချိုးဖြတ်ဖို့ ၉၀% သေချာတယ်လို့ ခံစားရတဲ့အခါမှ မင်းရဲ့ ရွှေအမြုတေကို စုစည်းသိပ်သည်းစေနိုင်ပြီး ရွှေအမြုတေအဆင့် ကျွမ်းကျင်သူ တစ်ယောက် ဖြစ်လာနိုင်လိမ့်မယ်။"

ဂူရင်က မြန်မြန် ခေါင်းညိတ်ပြပြီး ရယ်ရယ်မောမော ပြောလာသည်။

"ရင်ရင်က ဆရာသခင်ပြောသမျှကို နားထောင်မှာပါ။"

ဂူရင်သည် တစ်ချိန်လုံး ထန်ရှု၏နံဘေးတွင် တွယ်ကပ်နေချိန်တွင် မုချင်းဖျင်သည် သူမ၏အခန်းသို့ သွားကာ အနားယူသည်။ ထို့နောက် ဟောင်ရှု၊ ဖေးရှန်း နှင့် ဝမ်ကျိဒေါင်တို့ ကလပ်သို့ ရောက်လာကြသည်။ လုံကျန့်ယုဆီမှ သတင်းစကားအရ ထန်ရှု၏ တပည့်ငယ်လေးကို သူနှင့်အတူ ခေါ်ဆောင်လာကြောင်း သိရှိခဲ့သည်။ ချက်ချင်းဆိုသလိုပင် လက်ဆောင် အများကြီး ဝယ်ရန် သူတို့၏လူများကို တာဝန်ပေးလိုက်သည်။

နေဝင်ဖျိုးဖျအချိန်သို့ ရောက်ခဲ့ပြီဖြစ်သည်။ အဓိပတိခန်းမ၏အဆင်မြင့်အခန်းတွင်း၌ ဂူရင်သည် သူမ၏ချစ်ခင် နှစ်လိုဖွယ်ကောင်းသော မျက်နှာလေးဖြင့် ရင်ခုန်စိတ်လှုပ်ရှားစွာ သူမ၏အရှေ့ ရှိ သူမအရပ်ထက် ပိုမြင့်သော လက်ဆောင်ပုံအား လှမ်းကြည့်မိသည်။

"ရင်ရင် … ဒီလက်ဆောင်တွေက ဦးဦးတို့ဝယ်လာခဲ့တဲ့ လက်ဆောင်တွေပဲ။ အဲဒါတွေကို ဖြည်ပြီး ကြိုက်ရဲ့လားလို့ တစ်ချက်လောက် ကြည့်လိုက်ပါဦး။” ဟောင်ရှုက ပြုံးကာ ပြောသည်။

“ကျေးဇူးတင်ပါတယ် ဦးဦး။”

ဂူရင်က ကျေးဇူးတင်စကား ပြောပြီးနောက် ထုပ်ပိုးထားသော လက်ဆောင်ဘူးလှလှလေးများအား ဖွင့်ကြည့်လိုက်သည်။ အဝတ်အစားများ၊ ဖိနပ်များ၊ မင်းသမီးဦးထုပ်များ၊ ကောင်းမွန်သော လက်ပတ်နာရီများ၊ လက်ကိုင်ဖုန်းများ၊ တက်ဘလက်ဖုန်းများ...

ဟောင်ရှုတို့သူငယ်ချင်း၃ယောက်၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် ဂူရင်သည် လက်ဆောင်ဘူးတစ်ဘူးကို ဖွင့်လိုက်တိုင်း သူမ၏မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားနေသည့် အမူအရာသည် အနည်းငယ် မှိန်ဖျော့သွားသည်ကို မြင်တွေ့လိုက်ရသည်။ ဘူးတစ်ဒါဇင်ကျော်ကို ဖွင့်ကြည့်ပြီးချိန်တွင် သူမ၏မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားနေသည့် အမူအရာသည် လုံးဝမရှိတော့ပါချေ။

ဟောင်ရှု၊ ဖေးရှန်းနှင့် ဝမ်ကျိဒေါင်တို့သည် မယုံနိုင်သော အကြည့်များ ဖလှယ်ကြသည်။ ဂူရင် မည်သို့ဖြစ်သွားသည်ကို သူတို့ လုံး၀ မသိနိုင်ကြပါချေ။ သူတို့၏လက်ဆောင်တွေကို မြင်ပြီး သူမလေးက ဘယ်လိုမှ ပျော်ပုံမရဘူးလား။

ဟောင်ရှုက သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။ "ရင်ရင် … ဦးဦးတို့ရဲ့ဒီလက်ဆောင်တွေကို ရင်ရင် အကြိုက်မတွေ့ဘူးလား။"

“ရင်ရင့်မှာ ဒါတွေ အကုန်ရှိနေပြီသားမို့ပါ။” ရင်ရင်က စိတ်မပျော်စွာဖြင့် ပြန်ပြောသည်။

"ဘာရီး…" ဟောင်ရှုတို့သူငယ်ချင်း၃ယောက် ကြက်သေ သေသွားကာ တစ်ယောက်ကိုတစ်ယောက် မယုံကြည်နိုင်စွာ ကြည့်မိပြီး အချိန်အတော်ကြာသည်ထိ ဘာပြန်ပြောရမှန်း မသိဖြစ်နေကြသည်။ ဂူရင်သည် ထန်ရှု၏အဖိုးတန် တပည့်တစ်ဦးဖြစ်ကြောင်းကို သတိရကြပြီးနောက် ဆရာသခင်သည် သူ့တပည့်ငယ်၏ စွမ်းဆောင်မှုကို အမှန်တကယ် ချစ်မြတ်နိုးသောကြောင့် သူမအတွက် ဤအရာများကို ပေးဆောင်ထားပြီး ဖြစ်ပေချေမည်။

သို့ဆိုပါက ... သူတို့ ဘယ်လိုလက်ဆောင်မျိုးများ ပေးသင့်ပါသနည်း။

ဝမ်ကျိဒေါင်သည် တခဏ တွေးတောလိုက်ပြီး ကုတ်အင်္ကျီအိတ်ထဲမှ ငွေစာရင်းစာအုပ်ကို ရုတ်တရက် ယူကာ ယွမ်၂မီလီယံ ရေးပြီးမှ လှမ်းပေးသည်။

"ရင်ရင် … ဦးဦးက အိမ်ထောင်မပြုရသေးတော့ ကလေး မရှိဘူးလေ။ ကလေးတွေ ဘာကြိုက်တတ်လဲ ဦးဦး မသိဘူးရယ်။ ဒါကြောင့် ဦးဦးက ရင်ရင် ကြိုက်တာဝယ်လို့ရအောင် မုန့်ဖိုး ပေးမယ်။ ဒါလေးကို ဦးဦးတို့တွေ ပထမဆုံးတွေ့ဆုံမှုအတွက် လက်ဆောင်တစ်ခုလို့ သဘောထားပေးနော်။”

ဟောင်ရှုနှင့် ဖေးရှန်းတို့သည် ဝမ်ကျိဒေါင်အား လေးစားသွားဟန်ဖြင့် ကြည့်လိုက်ကြပြီး ၎င်းတို့သည်လည်း ကိုယ်ပိုင်ငွေစာရင်းစာအုပ်များတွင် ယွမ်၂မီလီယံစီ ရေးကာ ဂူရင်အား ပေးလိုက်ကြသည်။

ဂူရင်သည် သူမ၏ဘေးတွင် ထိုင်နေသော ထန်ရှုဆီ ခေါင်းလှည့်ကာ မေးလိုသောအကြည့်ဖြင့် ကြည့်လိုက်သည်။

“ရင်ရင် … ဒီဦးဦးတွေက သူဌေးတွေ။ သူတို့က မင်းကို မုန့်ဖိုးပေးတာဆိုတော့ လက်ခံလိုက်ရုံပဲ။ ဒါပေမယ့် မင်းအမေကို ပိုက်ဆံပေးလိုက်ပါ။ မင်း ဝယ်ချင်တာရှိရင် အမေ့ကို ရှာပြီး ဝယ်ဖို့ ပိုက်ဆံတောင်းလေ။"

ဂူရင်က ရုတ်တရက် စိတ်လှုပ်ရှားသွားပြီး "ဆရာသခင် … ရင်ရင် ယာဉ်မောင်းလိုင်စင်ရဖို့ စာမေးပွဲ ဖြေချင်တယ်။"

ထန်ရှုက ရယ်လိုက်မိပြီး

“မင်းက အရမ်းငယ်သေးတယ် ကောင်မလေး။ ဒီစာမေးပွဲကို မဖြေနိုင်သေးဘူး။”

"အခုလိုင်စင်ကတ် မရရင်တောင် အနည်းဆုံးတော့ ရင်ရင် သင်ယူလို့ရတယ်မဟုတ်လား။" ဂူရင်က အမြန် ပြောလိုက်သည်။

“ဦးလေးအားဝူက ရင်ရင့်ကို ရွက်လှေ လွှင့်ဖို့နဲ့ ရဟတ်ယာဉ်မောင်းဖို့ ခဏခဏ ခိုးခေါ်တတ်လို့ ရင်ရင်က အဲ့ဒါတွေအားလုံးကို မောင်းတတ်နေပြီးသား။ လေ့ကျင့်မှု သိပ်မလုပ်ရတာပဲ ရှိတာ။ အလေ့အကျင့်က ပြီးပြည့်စုံစေတယ်လို့ ဦးလေးအားဝူက ပြောတယ် … အာ့ကြောင့် ရင်ရင်က ရွက်လှေနဲ့ ရဟတ်ယာဉ်တစ်စင်းစီ ဝယ်ချင်တယ်လို့။”

အဟွတ်…ဟွတ်…

လက်ဖက်ရည်သောက်နေသော ထန်ရှုတစ်ယောက် ရုတ်တရက် သီးသွားခဲ့ရပြီး ဟောင်ရှု၊ ဖေးရှန်းနှင့် ဝမ်ကျိဒေါင်တို့သည် ဂြိုလ်သားတစ်ယောက်ကို ကြည့်နေသည့်အလား ဂူရင်အား ကြက်သေသေစွာဖြင့် မည်သည့်စကားမှမဆိုနိုင်ကြတော့ဘဲ ငေးကြည့်နေကြသည်။

ထန်ရှု သူ့ပါးစပ်ကို သုတ်လိုက်ပြီးနောက် အားယူပြုံးလိုက်ပြီး

“ဆရာသခင် ပြောထားသလိုပဲ ရင်ရင် အခု အရမ်းငယ်နေသေးတယ်။ ရဟတ်ယာဉ် မောင်းဖို့ဆိုတာ မသင့်တော်သေးဘူး။ ဒါပေမယ့် ရွက်လှေအချို့ ဝယ်ပေးဖို့တော့ ရင်ရင့်အမေကို ပြောလိုက်မယ်။ ဒါဆို ရင်ရင် ပင်လယ်ဘက်သွားချင်တဲ့အခါတိုင်း ရွက်လှေမောင်းသွားလို့ရပြီပေါ့။”

“အင်း … အင်း။ ကျေးဇူးအများကြီးတင်ပါတယ် ဆရာသခင်…။" ဂူရင်သည် စိတ်အားထက်သန်စွာဖြင့် ချက်ခြင်း အော်ဟစ်လိုက်သည်။

ဂလု…

ဟောင်ရှု၊ ဖေးရှန်းနှင့် ဝမ်ကျိဒေါင်တို့သည် ဆရာသခင်နှင့် တပည့် နှစ်ယောက်တို့၏ ဆုံးဖြတ်ချက်ကြောင့် တစ်ချိန်တည်းတွင် ၎င်းတို့၏ တံတွေးများကို မြိုချလိုက်မိသည်။ သူတို့၏ တုန်လှုပ်အံ့သြမှုက နောက်တစ်ကြိမ် ထပ်ပြေပျောက်ရန် ခက်တော့ပေသည်။

***

All Chapters