← Chapters

လိုအပ်သည့်အချိန်၌ အခြားသူများ ပေးပို့သည့်အရာ

Vol. 45 Ch. 628

လိုအပ်သည့်အချိန်၌ အခြားသူများ ပေးပို့သည့်အရာ

Vol. 45 Ch. 628

ဟောင်ရှု၊ ဖေးရှန်းနှင့် ဝမ်ကျိဒေါင်တို့က ရင်ရင့်ကို လုံးဝနားမလည်နိုင်ကြပေမယ့် ထန်ရှုကတော့ သူမအကြောင်းကို ကောင်းကောင်း သိပေသည်။ ဤကလေးသည် ငယ်သေးသော်လည်း ရွယ်တူများထက် ပိုမိုရင့်ကျက်ပြီး အရွယ်ရောက်ပြီးသူများထက် ကျော်လွန်သော အရည်အချင်းများကို ပိုင်ဆိုင်ထားသည်။ ထန်ရှုသည် ရွက်လှေဝယ်ပေးလိုရသည့် အကြောင်းမှာ ဂူရင်အား ကစားရန် ၎င်းတို့အား ပေးချင်ရုံသာမကဘဲ နဂါးကိုးကောင်ကျွန်းသည် သမုဒ္ဒရာ၏အလယ်တွင် တည်ရှိသည့်အတွက် လိုအပ်သောကြောင့် ဖြစ်သည်။

"ဟောင်ရှု … ဟိုလေးယောက် ဘာဖြစ်သွားလဲ။" ထန်းကျန်းနှင့် ဒါရိုက်တာပိုင်တို့လေးယောက်အဖွဲ့ကို ပြန်သတိရသောအခါ ထန်ရှုသည် အပြာရောင်မြို့ မှ မထွက်ခွာမီ ၎င်းတို့၏အခြေအနေများကို သိမှရမည်ဟု ခံစားခဲ့မိသည်။

“ဝမ်းနည်းစရာကောင်းပြီး သနားစရာကောင်းတဲ့ အချိန်ကာလပဲ။” ဟောင်ရှုက ပြုံးတုံ့တုံ့ဖြင့် ပြောပြသည်။

“သူတို့ရဲ့ အလုပ်အကိုင်၊ မိသားစုနဲ့ လွတ်လပ်ခွင့်တွေ ဆုံးရှုံးသွားပြီ။ တော်ဝင်ဂီတအကယ်ဒမီအကြောင်းတော့ ပြောစရာ ဘာမှမရှိသလို လီရှောင်ချန်းကိုလည်း လုံးဝ မထိခိုက်ဘူး။ ကျောင်းအုပ်ကြီးနဲ့ ဒုကျောင်းအုပ်တောင်မှ လီရှောင်ချန်းကို နောင်ကျရင် အလားအလာရှိပြီး ကျိုးကြောင်းဆီလျော်တဲ့ အခြေအနေတွေအောက်မှာ ကူညီပေးမယ်လို့ ကတိပေးခဲ့ကြတယ်။”

ထန်ရှု ခေါင်းအသာညိတ်ကာ တုန့်ပြန်လိုက်သည်။ သူသည် လွန်ခဲ့သည့် ရက်အနည်းငယ်က လီရှောင်ချန်းနှင့် စကားပြောခဲ့သည်။ သူမသည် ဖျော်ဖြေရေးနယ်ပယ်ထဲကို ဝင်ရောက်ချင်သည့်အပြင် သူ၏ အတန်းဖော်ဟောင်းလည်း ဖြစ်သောကြောင့် သူမအား အကူအညီပေးခဲ့သည်။ မကြာသေးမီကပင် ချန်းရှောင်ယန်နှင့် ချူယီတို့သည် မီဒီယာနှင့် ဖျော်ဖြေရေးအခြေခံကုမ္ပဏီတစ်ခုတည်ဆောက်ရန် စီစဉ်နေသောကြောင့် ချင်းရှောင်ယန်ထံသို့ ဖုန်းခေါ်ဆိုပြီး လီရှောင်ချန်းအား ထောက်ခံပြောဆိုပေးလိုက်သဖြင့် သူမသည် ကျောင်းတက်နေစဉ်အတွင်း အခွင့်အရေး ရှိပါက သီချင်းဆိုနိုင်ပေလိမ့်မည်။ သူမသာ ဆန္ဒရှိပါက ရုပ်ရှင်နှင့် ရုပ်မြင်သံကြားကဏ္ဍသို့လည်း သွားနိုင်မည် ဖြစ်သည်။

နောက်တစ်နေ့တွင် ထန်ရှုသည် မုချင်းဖျင်၊ ဂုရင်တို့နှင့်အတူ အပြာရောင်မြို့ မှ ထွက်ခွာလာခဲ့သည်။ ကြယ်တာရာမြို့သို့ ရောက်ပြီးနောက် ခန်းရှနှင့် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကိုရေးဆွဲရန် ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုသို့ အကြိမ်များစွာ သွားရောက်ခဲ့သည့်နည်းတူ အပြာရောင်မြို့မှ အသိမိတ်ဆွေများစွာနှင့်လည်း တွေ့ဆုံပွဲ လုပ်ခဲ့သည်။

အချိန်များ ကုန်လွန်လာခဲ့ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်သစ်ကူးပွဲကျင်းပဖို့ နှစ်ရက်သာ လိုတော့ပေသည်။

ရာသီအလိုက် ဆီးနှင်းများကျဆင်းခြင်းသည် များသောအားဖြင့် လာမည့်နှစ်တွင် သီးနှံအထွက်များမည့်သဘောကို ပေးဆောင်ပေသည်။ ထန်ရှုက နှင်းများ ကျသောနေ့များတွင် အိမ်၌ စာဖတ်ရန် ရည်ရွယ်ခဲ့သော်လည်း ယွမ်ချူးလင်က သူ့ကို အပြင်ထွက်ရန် ခေါ်ခဲ့သည်။

ထန်ရှုသည် တောင်တံခါးအိမ်ရာဝင်ပေါက်မှ ထွက်လာပြီးနောက် ယွမ်ချူးလင်သည် လမ်းပေါ်တွင် ရပ်ထားသော ကားတစ်စီးအနီးတွင် ရပ်ပ်နေသည်ကို တွေ့လိုက်ရသည်။ ထန်ရှု ချက်ချင်းပင် သူ့ဆီ လှမ်းသွားပြီး အပြုံးဖြင့်

"မင်း ဖုန်းထဲက မပြောနိုင်ဘဲ ငါ့ကို ထွက်လာခိုင်းတာ တစ်ခုခု ရှိလို့လား။"

"မင်းကို ရှာနေတာ ငါ မဟုတ်ဘူး အစ်ကိုကြီး။ ငါ့အဘိုးကြီး။” ယွမ်ချူးလင်က ပြောသည်။

"မင်းအဖေ ဟုတ်လား။" ထန်ရှုက စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

"ဒီလို ဆိုင်းမဆင့်ဗုံမဆင့်နဲ့ သူက ငါ့ဆီက ဘာလိုချင်တာတဲ့လဲ။"

"ငါက ခန့်မှန်းနိုင်တာတော့ ရှိတယ်။"

ယွမ်ချူးလင်က အားတင်းပြုံးပြသည်။

“ငါ့အဖေရဲ့ကုမ္ပဏီက ပြီးခဲ့တဲ့ခြောက်လအတွင်း အသွင်စတင်ပြောင်းလဲတာ သိပ်မရှိခဲ့ဘူး။ ဒီတလော သူ ငွေအမြောက်အမြား ထုတ်ထားခဲ့ပေမယ့် သူ ရင်းနှီးမြှုပ်နှံမယ့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းကိုတောင် မဆုံးဖြတ်ရသေးတာမို့ မင်းမှာ အကြံဉာဏ်ကောင်းတွေ ရှိမရှိ ဆွေးနွေးချင်တာနေမယ်။ အချို့စီမံကိန်းတွေမှာ မင်းနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်ရင် အကောင်းဆုံးပဲလို့ အဖေက ပြောတယ်။”

“ဟား…ဟား…ဟား…။” ထန်ရှု အော်ရယ်လိုက်သည်။ “ငါက ထူးချွန်တဲ့ စီးပွားရေးအမြင်ရှိတဲ့လူလို့ မထင်ပါဘူး။ သူ ဘာလို့ ရင်းနှီးမြုပ်နှံမှုတွေနဲ့ စီးပွားရေးအကြောင်းကို ငါနဲ့ ဆွေးနွေးချင်တာလဲ။ ပြီးတော့ မင်းကို ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ငါ အခု ခေါင်းကိုက်နေတယ်။"

"ဟင်…" ယွမ်ချူးလင် အံ့ဩသွားသည်။ "ဘာအကြောင်းလဲ။"

ထန်ရှုက သူ့လက်ကို ဝှေ့ယမ်းပြီး ပြန်ပြောသည်။ "ငါ့စိတ်ထဲမှာ ရှိနေတဲ့ စီမံကိန်းနှစ်ခု ရှိတယ်။ ဒါပေမယ့် အဲ့ဒါတွေကို အကောင်အထည်ဖော်ဖို့ ငါ့မှာ နည်းလမ်းတွေ မရှိနိုင်သေးဘူး။ အာ … မေ့လိုက်ပါ။ အန်ကယ်ယွမ်က ငါ့ကို တွေ့ချင်တယ်ဆိုမှတော့ ငါလည်း သူ့ကို သွားတွေ့နိုင်ပါတယ်။ ဖြစ်နိုင်တာ…"

ရုတ်တရက် ထန်ရှု၏အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး ယခုအချိန်တွင် သူ၏ခေါင်းထဲသို့ အခြားအကြောင်းအရာတစ်ခု ရုတ်ခြည်း ပေါ်လာသဖြင့် သူ့မျက်လုံးများ တောက်ပလာသည်။ သူက အလျင်အမြန် မေးလိုက်သည်။

“အာ ဟုတ်သားပဲ။ ငါ့မှတ်ထားတာ မှန်ရင် ဦးလေးယွမ်ရဲ့ အရင်လုပ်ငန်းက စစ်တပ်နဲ့ ဆက်နွယ်ပြီး နယ်ပယ်များစွာမှာ ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ သူ့ဓာတ်ခွဲခန်းမှာ ထုတ်ကုန်တွေကို ဘယ်နည်းနဲ့ တီထွင်ခဲ့တာလဲ။”

“ငါ ဒီကိစ္စကို သိပ်မသိဘူး။ အဲ့ဒါက နည်းပညာ မြင့်တယ် … ဒါပဲ ငါသိတယ်။ ဒါတောင် အဲ့ဒါက လက်နက်တွေရဲ့ တိုးတက်ကောင်းမွန်မှုနဲ့ နက်နက်ရှိုင်းရှိုင်း ဆက်နွယ်နေတယ်။" ယွမ်ချူးလင်က ဖြေသည်။

ထန်ရှု မျက်တောင်ခတ်လိုက်သည်။ သူက ကားတံခါးကို ချက်ချင်း ဖွင့်ပြီး

“မင်းရဲ့အဘိုးကြီးကို သွားတွေ့ရအောင်။”

****

ယွမ်ချူးလင်၏နေအိမ်တွင်…

ယွမ်ကျန်းရွှမ်သည် အလုပ်ထုတ်ခံရသော ဝန်ထမ်းများ၏စာရင်းကို တိတ်တဆိတ် ဖတ်နေရင်း စိတ်ပူပန်သောကရောက်နေသောအကြည့်ဖြင့် စာသင်ခန်းထဲတွင် ထိုင်နေသည်။ သုတေသနအဖွဲ့အစည်း၏ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ရည်မှန်းထားသည့် သုတေသနအား အပြည့်အ၀ အောင်မြင်ပြီးစီးသွားပြီဖြစ်ရာ ထိုနေရာမှ ပညာရှင်များနှင့် ပါမောက္ခများကို ရာထူးမှ ထုတ်ပယ်လိုသောကြောင့် လွန်ခဲ့သည့် တစ်လကျော်ကတည်းက ထုတ်ပယ်မည့် ဝန်ထမ်းစာရင်းအကြမ်းကို ရေးဆွဲထားခဲ့သည်။ ယခုအချိန်အထိ သူသည် စာရင်းကို မထုတ်ပြန်ရသေးဘဲ ထိုသုတေသီများကလည်း အားလပ်ရက်တွင် အိမ်ပြန်ခဲ့ကြသည်။

“လေးဆယ့်ခြောက်ယောက်။ ငါ သူတို့ကို ဘယ်လို စီစဉ်ပေးရမလဲ။"

ယွမ်ကျန်း ရွှမ်သည် ဆေးလိပ်သိပ်မသောက်သော်လည်း ဤအချိန်တွင် သူသည် စီးကရက်တစ်လိပ်ကို မီးညှိကာ အားရပါးရ ဖွာရှိုက်လိုက်သည်။ ထို့နောက် ကျောက်ကျင်းသည် အခန်းတံခါးဝတွင် ပေါ်လာပြီး လက်ဖက်ရည်တစ်ခွက်နှင့် ဝင်လာသည်။ စိတ်ဆင်းရဲနေသော ယောကျာ်းဖြစ်သူ၏ အမူအရာကို မြင်သောအခါ သူမက ချစ်မြတ်နိုးသော အမူအရာဖြင့် "ယောက်ျား … အခု ရှင် မဆုံးဖြတ်နိုင်သေးရင် အရင် ချထားလိုက်ပါ။ အဆိုးဆုံးဖြစ်လာရင် ရင်းနှီးမြုပ်နှံမှုကို သူတို့တွေ တစ်ချို့အရာတွေကို သုတေသနလုပ်ခွင့်ပြုဖို့ သုံးလိုက်ရုံပဲ။ အတူတူပဲဆိုရင်တောင် သူတို့ကို ထိန်းထားတဲ့အနေနဲ့ပေါ့ …”

“သူတို့ကို အချိန်အတိုင်းအတာတစ်ခုအထိ ထိန်းပေးထားတာက ပြဿနာ မဟုတ်ပါဘူး။ ဒါပေမယ့် အဲ့ဒါကို တစ်သက်လုံးလုပ်ဖို့က မဖြစ်နိုင်လောက်ဘူး။” ယွမ်ကျန်းရွှမ် ခါးသီးစွာ ပြုံးလိုက်သည်။

"အဲ့ဒါက ဘာအခက်အခဲ ရှိလို့လဲ။" ကျောက်ကျင်းက မေးသည်။

“ကျွန်မတို့က ပိုက်ဆံသုံးဖို့ မရှိတာမှ မဟုတ်တာ။ ကျွန်မတို့တွေက ရင်းနှီးငွေအများအပြား ထုတ်ထားတာမို့ မှန်ကန်တဲ့ ရင်းနှီးမြုပ်နှံမှု စီမံကိန်းတွေကို ရွေးချယ်လိုက်ရင် ငွေအများအပြား ရရှိနိုင်မှာပဲ။ နောက်ပြီး အဲ့ဒီအင်ဂျင်နီယာတွေနဲ့ သိပ္ပံပညာရှင်တွေက ကျွန်မတို့နဲ့အတူ လက်တွဲလုပ်ကိုင်ခဲ့တာ ဆယ်စုနှစ်တစ်ခုကျော်ရှိခဲ့ပြီး ကျွန်မတို့အတွက် ငွေအမြောက်အမြား ရှာပေးခဲ့ကြတယ်။ အခုသူတို့ကို အလုပ်ထုတ်လိုက်ရင် တရားမျှတရာ မရောက်ဘူးလေ။”

"ဒါက နှလုံးသားမရှိရာကျတာကို ငါလည်း ကောင်းကောင်း သိပါတယ်။ ဒါကြောင့် ဒီအချိန်အတောအတွင်းမှာ ငါ မဆုံးဖြတ်နိုင်ဘူးဖြစ်နေတယ်။" ယွမ်ကျန်းရွှမ်က ကူကယ်ရာမဲ့စွာ အမူအရာဖြင့် ပြောခဲ့သည်။

“အခုအရေးကြီးဆုံးက ငါတို့ရဲ့လုပ်ငန်းတွေကို အသွင်ပြောင်းလဲဖို့ ပန်းတိုင်မရှိဘူး။ မူလက ထန်ယွင်သဲ့မှာ စီမံကိန်းတွေ များစွာရှိပေမယ့် သူက အရင်းအနှီးများစွာ ရှိတော့ စီးပွားဖက်ပါတနာ မလိုဘူး။"

"ရှင့်သားကို ထန်ရှုဆီ မသွားခိုင်းလိုက်ဘူးလား။ သူ့မှာ ကောင်းမွန်တဲ့ ရင်းနှီးမြုပ်နှံမှု စီမံကိန်းတစ်ခု ရှိကောင်းရှိနိုင်တယ်။ ဒီကလေးက တကယ်ကို အရည်အချင်းရှိပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ငန်းလည်ပတ်မှုတွေ အများကြီးရှိတဲ့ ကုမ္ပဏီတစ်ခုကို ထူထောင်ထားပြီးသား။ သူက အနာဂတ်မှာ နယ်ပယ်များစွာထဲ ပါဝင်လာမှာ သေချာတယ်။ ပြီးတော့ သူနဲ့ ငါတို့သားရဲ့ ဆက်ဆံရေးကြောင့် ငါတို့ ဒီပိုက်ဆံရှာတဲ့ အမြန်ရထားကို အမီလိုက်စီးပြီး ကျွန်မတို့အတွက် ကံကြမ္မာကောင်းတစ်ခု ပြုလုပ်နိုင်တယ်။”

ဟူး…။ ယွမ်ကျန်းရွှမ်က သက်ပြင်းခပ်ဖွဖွ ချလိုက်သည်။

"အစောပိုင်းနှစ်နှစ်လောက်က လုပ်ငန်းကို အသွင်ပြောင်းဖို့ စိတ်ဆန္ဒရှိခဲ့ရင် ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုကို စတည်ထောင်တုန်းက ရှယ်ယာတွေကို ငါ ဝယ်မိခဲ့မှာ။ အဲ့ဒါဆို အခု နေ့တိုင်း ထိုင်ပြီး ပျင်းနေရင်တောင် ပိုက်ဆံတွေ ဝင်လာမစဲ တသဲသဲဖြစ်နေမှာ။ ဒါဆို အခုလို အံ့အားသင့်နေရုံကလွဲပြီး နည်းလမ်းမရှိ ဖြစ်နေမှာ မဟုတ်ဘူး။”

"ထန်ရှု တည်ထောင်ထားတဲ့ ခမ်းနားသော ထန်စီးပွားရေး လုပ်ငန်းစု ဒီနေ့ ဒီလိုမျိုး ဖြစ်လာလိမ့်မယ်ဆိုတာ အဲ့ဒီတုန်းက ဘယ်သူသိမှာလဲ။" ကျောက်ကျင်း ခေါင်းညိတ်လိုက်သည်။

"ဘာပဲဖြစ်ဖြစ် လောလောဆယ်တော့ မေ့ထားလိုက်ရအောင်။ နှစ်သစ်ကူးပွဲတော်ရက်ဆိုတော့ ကြည်နူးပျော်ရွှင်စရာတွေပဲ လိုချင်တယ်။ ကျွန်မတို့တွေ နောက်မှ ဘာလုပ်ရမယ်ဆိုတဲ့အကြောင်းကို စဉ်းစားကြမယ်။ ချမ်းသာဖို့ဆိုတာ တခြားသူရဲ့လုပ်ငန်းအပေါ် တက်ဖို့ မှီခိုတာမဟုတ်ဘဲ ရင်းနှီးမြုပ်နှံမှုတစ်ခုအပေါ် အားကိုးတာလို့ ကျွန်မတော့ ယုံကြည်ပါတယ်။”

“အင်း … အဲ့ဒါကို အရင်ချထားလိုက်တော့မယ်။ ထန်ရှုလာမှ ပြန်ပြောကြတာပေါ့။" ယွမ်ကျန်းရွှမ်က တိတ်ဆိတ်စွာ ခေါင်းညိတ်သည်။

နာရီဝက်လောက် ကြာသောအခါ ထန်ရှုက ယွမ်ကျန်းရွှမ်၏အရှေ့တွင် ထိုင်နေပြီဖြစ်သည်။ သူ၏ စိတ်ဓာတ်ကျနေသော အမူအရာကို မြင်သော် ထန်ရှုက အပြုံးဖြင့်

"အန်ကယ်ယွမ် … စိတ်ထဲမှာ တစ်ခုခု ရှိတယ်ဆိုရင် အဲ့ဒါကို ထုတ်ပြောလိုက်ပါ။ ကျွန်တော်တို့က သူစိမ်းတွေမှ မဟုတ်တာ။"

"မင်းက အဲ့ဒီလို ပြောလာမှတော့ ငါ ကွေ့ဝိုက်ပြောမနေတော့ဘူး ထန်ရှု…။ ဒီတစ်ကြိမ် မင်းကို ရှာဖို့ လင်အာကို ငါ လွှတ်လိုက်ရတဲ့ အကြောင်းရင်းက မင်းဆီမှာ ရင်းနှီးမြုပ်နှံဖို့ကောင်းတဲ့ စီမံကိန်းရှိလားလို့ မေးမလို့ကွာ။ ပြည်ပက အင်အားစုတွေရဲ့ မျက်စိကျတာကို ရှောင်ဖို့ ငါ့လုပ်ငန်းကို အသွင်ပြောင်းချင်တယ်လို့ အရင်တုန်းက ငါ မင်းကို ပြောခဲ့ဖူးပါတယ်။”

"အခု အန်ကယ်ယွမ်ရဲ့လက်ထဲမှာ ရင်းနှီးဖို့ငွေ ဘယ်လောက်ရှိလဲ။" ထန်ရှုက မေးလိုက်သည်။

“စစ်တပ်က နောက်ဆုံးပစ္စည်းအတွက် နောက်ဆုံးအရစ်ကျငွေကို မပေးသေးဘူး။ သဘောတူညီစာချုပ်အရ လာမယ့်နှစ် ဧပြီလကျရင် ငါ့ရဲ့ဘဏ်အကောင့်ထဲ လွှဲပေးလိမ့်မယ်။ ထပ်ထည့်ရင် ငါ့မှာ ယွမ် ၅ ဘီလီယံကနေ ၆ ဘီလီယံလောက် ရှိတယ်။"

"အန်ကယ်ယွမ်ရဲ့ဓာတ်ခွဲခန်းက သုတေသီတွေဟာ နည်းပညာအင်ဂျင်နီယာပညာကို သုတေသနပြုတဲ့ ကျွမ်းကျင်သူတွေ ဖြစ်တယ်မဟုတ်လား။ ဒီနေရာမှာ ယုတ္တိဗေဒကျကျ စိတ်ထဲက ထုတ်ပြောမယ်။ ကျွန်တော့်မှာ ပစ္စည်းအမျိုးအစားတစ်ချို့ကို သုတေသနလုပ်ဖို့ စိတ်ကူးတွေ ရှိပြီး အဲ့ဒီပစ္စည်းတွေရဲ့အသေးစိတ်ကလည်း စိတ်ထဲမှာ ရှိတယ်ဆိုရင် ကျွန်တော့်ရဲ့စိတ်ကူးတွေအတိုင်း ပစ္စည်းတွေကို သူတို့ သုတေသန လုပ်နိုင်လား။”

"သုတေသနပြုလုပ်မယ့်အရာအတွက် တိကျတဲ့ဦးတည်ချက်က အရင် ရှင်းရှင်းလင်းလင်း ဖြစ်ရမယ် ဒါမှမဟုတ် သူတို့အတွက် ဥပမာတစ်ခု မင်း လုပ်လို့ရတယ်။" ယွမ်ကျန်းရွှမ်က ပြောလိုက်သည်။

"အဲ့ဒါက သံလိုက်ဓာတ်ပါတဲ့ ပျံသန်းရေးအဝိုင်းပြား တစ်ခုပါ။”

"အဲ့ဒါက ဘာပစ္စည်း။" ယွမ်ကျန်းရွှမ် အံ့အားသင့်စွာ မေးလိုက်သည်။

“အတိအကျ ပြောရမယ်ဆိုရင် ဒါက သယ်ယူပို့ဆောင်ရေးယာဉ်ပုံစံပါ။ ဥပမာ လူတစ်ဦးက ဒီသံလိုက်ပျံသန်းရေးအဝိုင်းပြားပေါ် ရပ်ပြီး ဒီဟာကို လွတ်လပ်စွာ ပျံသန်းဖို့ ထိန်းချုပ်နိုင်သလို ပျံသန်းနေစဉ်မှာလည်း ပြုတ်ကျတာ သို့မဟုတ် လွင့်စင်တာ မဖြစ်ကြောင်း အာမခံနိုင်ရမယ်။ အဲ့ဒီအကြောင်း ပြောရမယ်ဆိုရင် ကားတွေမှာ လျှပ်စစ်စွမ်းအားကနေ စက်မှုစွမ်းအား ပြောင်းပေးတဲ့ စနစ်လို ပုံစံမျိုးပဲ။ ကားက မြေပြင်ပေါ်မှာ မောင်းတယ်၊ သံလိုက်ဓာတ်ပါတဲ့ ပျံသန်းရေးအဝိုင်းပြားက ကောင်းကင်ယံမှာ ပျံသန်းတယ် အဲ့ဒါကလွဲပြီး အတန်ငယ် ဆင်တူတယ်။"

ယွမ်ကျန်းရွှမ် ကြောင်အအဖြစ်သွားပြီး ထန်ရှုကို ကြည့်လာသည်။ သူက ခေါင်းယမ်းကာ အားတင်းပြုံးပြရင်း

“မင်းရဲ့ စိတ်ကူးက မင်းကိုယ်မင်း စိတ်ကူးယဉ်နေသလိုပဲ။ တကယ်လို့သာ ဒီလိုအရာဝတ္ထုက ကမ္ဘာပေါ်တွင် တည်ရှိနေမယ်ဆိုရင် အဲ့ဒီပစ္စည်းက ကြီးမားတဲ့ အာရုံစိုက်မှုကို ဖန်တီးလိမ့်မယ်။ အထင်ရှားဆုံးအချက်က အဲ့ဒါကို သုတေသနလုပ်နိုင်သူတိုင်းကို ကမ္ဘာပေါ်ရှိ အင်အားစုတိုင်းက အရမ်းသဘောကျပြီးတော့ လုယက်ဖို့ နည်းလမ်းအားလုံးကို အသုံးချသွားမှာ အသေအချာပဲ။”

"အဲ့ဒါ ဘာဖြစ်လို့။" ထန်ရှု အံ့အားသင့်သွားသည်။

"သိပ္ပံနဲ့နည်းပညာကို ပိုင်ဆိုင်ထားတာက စွမ်းအားကို ဆုပ်ကိုင်ထားတာနဲ့ အတူတူပဲ။ စစ်တပ်က အဲ့ဒီလို သံလိုက်ဓာတ်ပါတဲ့ပျံသန်းရေးအဝိုင်းပြားကို တစ်စစီ ဖြုတ်ကြည့်ပြီးရင် အဲ့ဒီမှာပါတဲ့ ပင်မနည်းပညာကို အသုံးပြုဖို့နဲ့ တခြားလက်နက်တွေကိုပါ တိုးတက်အောင် တီထွင်ဖို့ အရမ်းလွယ်သွားလိမ့်မယ်။ အချိန်တန်ရင် အဲ့ဒါရဲ့ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်မှုရဲ့ ရလဒ်က အောင်မြင်ဖို့ အခွင့်အလမ်း ဘယ်လောက်ရှိမယ်လို့ မင်း ထင်လဲ။”

ထန်ရှု ငြိမ်ကျသွားသည်။ ဤသံလိုက်ဓာတ်ပါသော ပျံသန်းရေးအဝိုင်းပြားဖြင့် ငွေရှာရန်ကိုသာ သူ တွေးနေခဲ့သော်လည်း ထိုဖြစ်နိုင်ချေကို မျက်စိရှန်းခဲ့သည်ဟု သူက ဝန်ခံရပေသည်။ ယခု ယွမ်ကျန်းရွှမ် သတိပေးပြီးနောက် သူ သတိမထား၍မရတော့ပေ။

ယွမ်ကျန်းရွှမ်က သက်ပြင်းချရင်း

"နောက်ပြီး ဒီသံလိုက်မိုးပျံအဝိုင်းပြားကို အဆင့်မြင့်ထုတ်ကုန်တစ်ခုလို ကောင်းစွာ သုတေသနပြုပြီး ရောင်းချနိုင်ခဲ့ရင်တောင် ထုတ်ကုန်ရဲ့ ဘေးကင်းလုံခြုံရေးအချက်က ဘယ်မှာလဲ။ ဒီပစ္စည်းက လူတစ်ယောက်ကို ပျံသန်းခေါ်ဆောင်သွားနိုင်ဖို့ အာမခံ နိုင်ပေမယ့် လေထဲမှာ တိကျသေချာတဲ့ လမ်း ဒါမှမဟုတ် လမ်းကြောင်း မရှိတဲ့အချက်ကိုရော စဉ်းစားထားလား။ အဲ့ဒီအဝိုင်းပြားကို စီးကြတဲ့သူအချင်းချင်း တိုက်မိကုန်ကြရင် ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်မလဲ။”

ထန်ရှုက ခေါင်းယမ်းပြီး

"ကျွန်တော် ပြောသလိုပဲ လုံခြုံရေးအတိုင်းအတာတွေနဲ့ အဲ့ဒီပြသနာကို ဖြေရှင်းလို့ရနိုင်ပါတယ်။"

ယွမ်ကျန်းရွှမ် ခဏလောက် နှုတ်ဆိတ်နေပြီးမှ လေးနက်သော အမူအရာဖြင့်

“ဘေးကင်းလုံခြုံရေး အတိုင်းအတာ နှစ်ခုရှိတယ်။ ဒီနှစ်ခုကို အောင်မြင်အောင် မင်း လုပ်နိုင်သရွေ့ မင်း အဲ့ဒါကို သုတေသနလုပ်ပြီး ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားနိုင်တယ်။”

“ဘယ်လို လုံခြုံရေး အတိုင်းအတာတွေလဲ။” ထန်ရှုက လှုပ်လှုပ်ရှားရှား အမူအရာဖြင့် မေးလိုက်သည်။

"နည်းပညာကို ခိုးယူလုယက်ခံရတဲ့ ဖြစ်နိုင်ချေ … အဲ့ဒါနဲ့ဆက်စပ်နေတာက အဲ့ဒီပစ္စည်းကို ကာကွယ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ ရှိဖို့ကလည်း အရေးကြီးတယ်" ယွမ်ကျန်းရွှမ်က ဖြေသည်။

“ကျွန်တော်က ကမ္ဘာပေါ်က အဓိက အင်အားစုတွေနဲ့ ရန်သူတွေ ဖြစ်လာပြီဆိုတာနဲ့ နည်းပညာ ခိုးယူခံရနိုင်ချေကို တားဆီးနိုင်မယ်လို့ အာမခံရတာ ခက်ပါတယ်။ ဒါပေမယ့်…” ထန်ရှုကပြောသည်။

"ဒါပေမယ့် ဘာဖြစ်လဲ။" ယွမ်ကျန်းရွှမ်က မေးလိုက်သည်။

"ကျွန်တော့်ကို နှစ်နှစ်သုံးနှစ်လောက် အချိန်ပေးပါ။" ထန်ရှုက အလေးအနက်ထားပြီး ပြောလိုက်သည်။ "ဒီအချိန်အတွင်းမှာ အဲ့ဒီကဏ္ဍနှစ်ခုကို ကျွန်တော် အောင်မြင်အောင် လုပ်နိုင်မယ်ဆိုတာ သေချာတယ်။"

ယွမ်ကျန်းရွှမ်၏အမူအရာမှာ မွန်းစတားတစ်ကောင်ကို မြင်လိုက်ရသည့်အလားပင်။ သူက ခေါင်းယမ်းပြီး

“ငါ့ကို မနောက်စမ်းပါနဲ့ ထန်ရှုရာ။ မင်းက အမှန်တကယ် ကြီးကျယ်ခမ်းနားတဲ့ အရာများစွာကို အောင်မြင်ခဲ့ပြီး ဖြစ်ပေမယ့်လို့ ဒီကမ္ဘာပေါ်မှာ စွမ်းအားကြီးတွေကို ပိုင်ဆိုင်ထားတဲ့ ထိတ်လန့်ကြောက်ရွံ့စရာအရာတွေကို သတိမမူမိသေးဘူး။ ဒါကို မေ့ထားပြီး ဒီကိစ္စကို လောလောဆယ် ဖယ်ထားလိုက်ကြရအောင်။ ငါတို့ ဒီအကြောင်း နောက်အချိန်တွေကျ ပြောကြတာပေါ့။"

ထန်ရှုက ရုတ်တရက် မေးလိုက်သည်။

"အန်ကယ်ယွမ်ရဲ့လုပ်ငန်းကို ပြုပြင်ပြောင်းလဲတော့မှာဆိုတော့ သုတေသနဌာနက သုတေသီတွေကော ဘယ်လိုလဲ။ သူတို့ ဘာတွေ လုပ်ကြမှာလဲ။ အန်ကယ်ယွမ် သူတို့ကို အလုပ်ထုတ်မှာလား။"

"ဒါကြောင့် ငါ ခေါင်းကိုက်နေတာပဲ။" ယွမ်ကျန်းရွှမ် မချိပြုံး ပြုံးလိုက်သည်။

"ငါ သူတို့ကို အလုပ်ထုတ်ပစ်ချင်ပေမယ့် သူတို့တွေက ငါ့နောက်ကို လိုက်လာခဲ့တာ နှစ်ပေါင်း ဆယ်နှစ်ကျော် ရှိပြီမို့ ဒီကိစ္စကို ငါ မဆုံးဖြတ်နိုင်သေးဘူး ဖြစ်နေတယ်။ လောလောဆယ်တော့ ဘာမှ မဆောင်ရွက်ခင် သေချာစဉ်းစားနေပါတယ်။ ဒါကြောင့် ငါ သူတို့ကို အချိန်တစ်ခုလောက်ထိ ထိန်းထားပေးဦးမယ်။”

ထန်ရှု၏မျက်လုံးများ အရောင်လက်လာကာ အပြုံးဖြင့် "အန်ကယ်ယွမ် … ကျွန်တော်တို့  သဘောတူညီချက် တစ်ခု လုပ်ရင်ရော ဘယ်လိုလဲ။ ဒီသံလိုက်မိုးပျံအဝိုင်းပြားကို သုတေသနပြုရာမှာ ကူညီပေးနိုင်မယ့် အရည်အချင်းရှိတဲ့ သုတေသီတွေကို ကျွန်တော် ရှာချင်တယ်။ အန်ကယ်ယွမ့်ဆီမှာ ဝန်ထမ်းတွေ အဆင်သင့် ရှိနေတာမို့ ကျွန်တော် အန်ကယ့်ကို ပိုက်ဆံပမာဏတစ်ခု ပေးမယ်။ သူတို့တွေကို ကျွန်တော့်ဆီ လွှဲပေးရင်ရော…။"

"မင်း အဲ့ဒါကို တကယ်ကြိုးစားကြည့်ချင်တာလား။" ယွမ်ကျန်းရွှမ်က အံ့သြစွာ မေးလိုက်သည်။

"ဟုတ်ကဲ့။" ထန်ရှုက ပြုံးကာ ဖြေလိုက်သည်။

***

All Chapters