သားရဲရိုင်းများ၏တိုက်ခိုက်မှု
Vol. 45 Ch. 629
ယွမ်ကျန်းရွှမ်အတွက် သူ၏သုတေသနဌာနမှ သုတေသီများသည် အာလူးပူပူ ကိုင်ထားရသည်နှင့် တူသည်။ သူ၏အကောင်းအဆိုးကို ပိုင်းခြားတွေးတောတတ်သည့် စိတ်ဖြင့် ထိုသူများကို စွန့်လွှတ်ခြင်းနှင့် မစွန့်လွှတ်ခြင်းကြားတွင် သူသည် ဗျာများနေခဲ့သော်လည်း အနာဂတ်တွင် လုပ်ငန်းအသွင်ပြောင်းတော့မည်ဖြစ်ပေရာ ၎င်းတို့သည် အနည်းငယ်မျှပင် အသုံးမဝင်တော့ပေ။ ထန်ရှု၏ အဆိုပြုချက်သည် ထိုကဲ့သို့ အကျပ်အတည်းကြားက သူ့အား ကျေနပ်သွားစေသည်။ သူသည် ဈေးနှုန်းကို မဖွင့်ဘဲ ထိုအစား အခြေအနေတစ်ခုသာ ပြောခဲ့သည်။
"ကျေးဇူးပြုပြီး ပြောပါ အန်ကယ်ယွမ်…"
စိတ်ထဲတွင် သတိကြီးစွာထားကာ ထန်ရှုက သူ့ကို အကဲခတ်မိသည်။ ကမ္ဘာကြီးသည် နေ့လယ်စာ အလကား မပေးတတ်သည်ကို သူ သိသည်။ ယွမ်ကျန်းရွှမ်သည် သုတေသီအဖွဲ့အား ရောင်းချပြီး လွှဲပြောင်းလိုစိတ် မရှိသောကြောင့် သူ တင်ပြမည့် အခြေအနေသည် ပြီးမြောက်ရန် မလွယ်ကူဟု ဆိုလိုခြင်းဖြစ်နိုင်သည်။
မျှော်လင့်ထားသလိုပင် ယွမ်ကျန်းရွှမ်က အပြုံးဖြင့် "ထန်ရှု … မင်းဆီမှာ သာမန်လူတစ်ယောက်ထက် သာလွန်တဲ့ စွမ်းရည်၊ အမြင်နဲ့ မိုင်းဒပ်စ်ရဲ့လက်တစ်ဖက် ရှိတယ်။ ငါက စီမံကိန်းတွေ လိုတယ်။ အချို့နယ်ပယ်တွေမှာ မင်းနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ ငါ မျှော်လင့်တယ်။ ငါ့ပိုက်ဆံတွေကို မင်း ရင်းနှီးမြှုပ်နှံခွင့်ပေးသရွေ့ ငါ မင်းကို သုတေသီတွေနဲ့အတူ ငါ့ရဲ့သုတေသန အဖွဲ့အစည်းကို အခမဲ့ပေးနိုင်တယ်။"
(မြန်မာဘာသာပြန်သူ၏အမှာ - ဘီစီ၈ရာစုလောက်တွင် ဂရိဒဏ္ဍာရီထဲက မိုင်းဒပ်စ်ဘုရင်ကြီးသည် သူ့လက်နှင့်ထိသော အရာရာတိုင်းအား ရွှေ ဖြစ်သွားစေသည်။)
ထန်ရှု မျက်မှောင်အနည်းငယ် ကြုပ်သွားသည်။ သူ့တွင် စီမံကိန်းကောင်းတစ်ခုသာ ရှိနေပါက သူ့ပိုက်ဆံတွေကို ရင်းနှီး မြှုပ်နှံပြီးတာ ကြာချေလောက်ပေပြီ။ အခုချိန်ထိ သူ ဘာကြောင့် စောင့်နေပါဦးမလဲ။ ယွမ်ကျန်းရွှမ်၏ တောင်းဆိုချက်က သူ့အတွက် အတော်လေး ခက်ခဲခဲ့ပြီး ခဏကြာတော့ ဒါကို သူဘယ်လို ကိုင်တွယ်ရမယ်ဆိုတာ မသိခဲ့ပါပေ။
ထန်ရှု အနေရခက်နေသည်ကို မြင်သော ယွမ်ကျန်းရွှမ်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး
"လောလောဆယ်မှာ စီမံကိန်းတချို့ ပေးဖို့ မင်းကို တောင်းဆိုတာက လက်တွေ့မကျဘူးဆိုတာ ငါသိတယ်။ ငါ ဓာတ်ခွဲခန်းနဲ့ သုတေသီတွေကို မင်းဆီ လွှဲပေးနိုင်တယ် … အခုက မင်းရဲ့ ကတိပဲ ငါ လိုတာပါ။"
ထန်ရှုက အနည်းငယ် စဉ်းစားပြီးနောက်
"ကျွန်တော် ၁၀၀% အာမ မခံနိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော့်မှာ လုပ်ငန်းအစီအစဉ်ရှိပြီး နောက်ပိုင်းမှာ တခြားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တဲ့ စီမံကိန်းကောင်းတွေ တွေ့ခဲ့ရင်တော့ အန်ကယ်ယွမ်ကို အရင်ခေါ်ပါ့မယ်။”
ယွမ်ကျန်းရွှမ်က လက်ခုပ်လက်ဝါးတီးရင်း ကျေနပ်စွာ ပြုံးလိုက်သည်။
“ဒါက သဘောတူညီချက်တစ်ခုပါပဲ။ ဒီနည်းအားဖြင့် နှစ်သစ်ကူးပွဲကျင်းပဖို့ အိမ်ပြန်နေကြတဲ့ သုတေသီတွေကလည်း နောက်ပိုင်း သုတေသနဌာနမှာ အလုပ်ပြန်ဝင်ကြလိမ့်မယ်။ ရက်တစ်ရက် ချိန်းပြီး မင်းကို ငါကိုယ်တိုင် အဲ့ဒီနေရာ ခေါ်သွားပေးမယ်။"
“ကောင်းပါပြီ။” ထန်ရှု ပြုံးပြီး ခေါင်းညိတ်သည်။
တကယ်တော့ သူလည်း သံလိုက်မိုးပျံအဝိုင်းပြားကို သုတေသနပြုရာတွင် ယုံကြည်မှု နည်းနေခဲ့သည်။ နောက်ဆုံးတွင် သိပ္ပံနှင့်နည်းပညာ သုတေသန ဘာသာရပ်သည် သူ၏ကျွမ်းကျင်မှုအကန့်အသတ်ကို ကျော်လွန်နေသောအရာဖြစ်သည်။ သုတေသနကို စတင်ချင်သည့် အကြောင်းရင်းမှာ အရာဝတ္တုကို သူ မြင်ဖူးထားပြီးသားဖြစ်သောကြောင့်ပင်တည်း။ ထိုအရာဝတ္တုကို အပြည့်အဝ သုတေသနပြုပြီး တီထွင်လိုက်သည်နှင့် ၎င်းသည် အာရုံစိုက်ခံရမှု မည်မျှကြီးမားမည်ကို သိရှိပြီး အမြတ်အစွန်းသည် မည်မျှ အံ့ဩဖွယ်ကောင်းမည်ကို သူ သိပေသည်။
ဖုန်းမြည်သံ…
ထန်ရှု၏လက်ကိုင်ဖုန်း ရုတ်တရက် မြည်လာသည်။ ဖုန်းကို ကောက်ယူပြီး ဖုန်းမျက်နှာပြင်ပေါ်ရှိ နံပါတ်ကို ကြည့်ပြီးနောက် ထန်ရှုက ချက်ချင်းချိတ်ဆက်ကာ
"မင်း ကြယ်တာရာကို ပြန်ရောက်ပြီလား ရှောင်ဝမ်…"
"ဟုတ်တယ် … ငါရောက်နေပြီ" ချန်းရှောင်ဝမ်၏ ဖြေသံ ထွက်ပေါ်လာသည်။ "နင် အခု ဘယ်မှာလဲ။ လွတ်လွတ်လပ်လပ် အပြင်ထွက်တွေ့ဖို့ အချိန်ရှိလား။"
“အခုချိန်ထိ လုပ်စရာတွေ ရှိနေတုန်းပဲ။ ငါ မင်းကို နေ့လည်စာ လိုက်ကျွေးမယ်လေ။" ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။
“ကောင်းပြီလေ။” ချန်းရှောင်ဝမ်က ကျေကျေနပ်နပ် သဘောတူလိုက်သည်။
ဖုန်းခေါ်ဆိုမှုအဆုံးသတ်ပြီးနောက် ထန်ရှုသည် ယွမ်ကျန်းရွှမ်ကို ကြည့်ကာ
"အန်ကယ်ယွမ် … နှစ်သစ်ကူးပြီးလို့ သုတေသီတွေ အလုပ်ပြန်လုပ်တဲ့အခါ ကျွန်တော့်ဆီ ဖုန်းဆက်ဖို့ မမေ့ပါနဲ့ဦး။ ဇန်နဝါရီလ ၁၅ ရက်နေ့မတိုင်ခင်ထိ ကျွန်တော် ကြယ်တာရာမှာ ရှိနေမှာပါ။”
"နားလည်ပြီ။ ကိစ္စမရှိပါဘူး” ယွမ်ကျန်းရွှမ်က ပြုံးပြီး ပြောလိုက်သည်။
သိပ်မကြာခင်မှာပင် ထန်ရှုက ထပြီး နှုတ်ဆက်လိုက်သည်။ ယွမ်ကျန်းရွှမ်နှင့် ကျောက်ကျင်းတို့က သူ့အား နေ့လည်စာစားရန် ဖိတ်ချင်ကြသော်လည်း ချန်းရှောင်ဝမ်နှင့် ချိန်းထားပြီးသားဖြစ်သောကြောင့် ထန်ရှု ငြင်းဆန်ခဲ့သည်။ ယွမ်ချူးလင်သည် ရှန်ဟိုင်းမှ ပြန်လာပြီး မိဘများနှင့်အတူ အိမ်တွင်နေရန် စီစဉ်ထားသောကြောင့် သူနှင့်အတူ မလိုက်လာပေ။ မိဘများ၏ ပျော်ရွှင်မှုနှင့် ကျေနပ်မှုများစွာအပါအဝင် အရာများစွာကို တွေ့ကြုံခဲ့ရပြီးနောက် ယွမ်ချူးလင်သည် ယခင်ကထက် ပိုမိုရင့်ကျက်လာခဲ့သည်။
သို့သော် ချန်းရှောင်ဝမ်ကို သွားတွေ့သည့်လမ်းတွင် ထန်ရှုသည် စုပမ်ထံမှ ဖုန်းလက်ခံရရှိပြီး အဖြစ်အပျက်ကြီးတစ်ခု ဖြစ်ပွားခဲ့သည်ကို သိလိုက်ရသောကြောင့် ချန်းရှောင်ဝမ်အား ချက်ချင်း ဆက်သွယ်လိုက်ကာ အလွန်အရေးတကြီး ကိစ္စ ဖြစ်နေသောကြောင့် သူ့မွေးရပ်မြေသို့ ပြန်သွားရမည်ဟု ရှင်းပြလိုက်သည်။ ခေါ်ဆိုမှုအပြီးတွင် သူသည် ကားကို လှည့်ကာ သူ၏ဇာတိမြို့သို့ မိုင်ကုန်သုတ်တော့သည်။
မကြာသေးမီရက်များအတွင်း စုမိသားစုကျေးရွာနှင့် အနီးနားကျေးရွာများတွင် လူသတ်မှုများစွာ ဖြစ်ပွားခဲ့ကြောင်း စုပမ်က ဖုန်းဖြင့် ပြောသည်။ ဒေသတွင်း ပြည်သူ့လုံခြုံရေးဗျူရို၏ စုံစမ်းစစ်ဆေးမှုအရ လူသတ်သမားများသည် လူသားများ မဟုတ်ဘဲ အလွန်ကြောက်စရာ ကောင်းသော သားရဲများ ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
ထိုသို့သောအခြေအနေကြောင့် တစ်ချိန်က သူ့အား စုပမ် ပြောပြခဲ့သည့်စကားများကို ထန်ရှု မှတ်မိလာသည်။ စုမိသားစုကျေးရွာ၏ အနောက်ဘက်တွင် နွားထက်ကြီးသော ကျားသစ်တစ်ကောင်ရှိသည်။ ထိုအချိန်တုန်းက ထိုသားရဲသည် ရက်စက်ကြမ်းကြုတ်သော သားရဲ ဖြစ်ပြီး ၎င်းကို သူ အရင်က မကြုံဖူးသောကြောင့် မဖြေရှင်းနိုင်ခဲ့ပေ။
****
စုန့်လော်မြို့ စုမိသားစု ကျေးရွာ …
နှစ်သစ်ကူးခါနီးအချိန်ဖြစ်သောကြောင့် စုကျေးရွာတစ်ရွာလုံးတွင် နှစ်သစ်ကူးအား ကြိုဆိုထားသော မြင်ကွင်းအား ပြင်ဆင်ထားကြပေသည်။ သန့်ရှင်းသပ်ရပ်သော အဝတ်အစားများ ဝတ်ဆင်ထားသည့် ကလေးများသည် လှည့်ပတ်ပြေးလွှားနေကြပြီး မီးရှူးမီးပန်းများပစ်ခြင်း၊ မီးရှူးမီးပန်းများ ချိတ်ဆွဲခြင်း၊ ဆိုရိုးဆောင်ပုဒ်များ ကပ်ခြင်းနှင့် ဂိမ်းကစားခြင်းများ ပြုလုပ်နေကြစဉ်တွင် အရွယ်ရောက်ပြီးသော လူများသည် နှစ်သစ်ကူးပစ္စည်းများအတွက် ပြင်ဆင်ခြင်း သို့မဟုတ် သုံးလေးငါးယောက်စုပြီး အုပ်စုဖွဲ့ စကားပြောနေကြသည်။
ထန်ရှုသည် ရွာသို့ ကားမောင်းဝင်လာစဉ် သံပေါက်တူးနှင့် ကြိုးတပ်မှိန်းများကို လက်ထဲတွင် ကိုင်ဆောင်ထားသည့် လူအချို့သာ ပြန်ရောက်လာပြီး သူတို့၏မျက်နှာပေါ်တွင် လေးနက်သော အမူအရာများဖြင့် ရှိနေကြသည်။
ကျွီ...
ထန်ရှုက သူတို့ရှေ့တွင် ကားရပ်လိုက်ပြီး မေးလိုက်သည်။
“လက်ရှိအခြေအနေက ဘယ်လိုလဲ။ စုကျေးရွာက လူဘယ်နှစ်ယောက် အသတ်ခံခဲ့ရလဲ။”
အဆိုပါ အမျိုးသားများအနက် ယခင် ရိုက်နှက်မှု ဖြစ်ပွားခဲ့စဉ်က ထန် ရှုမှ ကူညီခဲ့ပြီး ကြယ်တာရာ တရုတ်တိုင်းရင်းဆေးရုံတွင် ကုသရန် စီစဉ်ပေးခံခဲ့ရသော စုရှန်းကျန်းလည်း ပါဝင်ပေသည်။ ထန်ရှု၏စုံစမ်းမေးမြန်းမှုကို ကြားရသည့်အခါ သူက ဝမ်းနည်းနေသောအပြုံးကို ပြုံးလိုက်ပြီး
"စုကျေးရွာက နှစ်ယောက်သေတယ်။ ကျန်းဝမ်နဲ့ ကန်းကျီတို့ကို အဲ့ဒီသားရဲက သတ်တဲ့နေ့မှာပဲ ရွာပေါင်းများစွာက လူရာပေါင်းများစွာက ငါတို့နဲ့ ပူးပေါင်းပြီး တောင်အနှံ့ အမြန်လိုက်ရှာခဲ့ကြပေမယ့် အဲ့ဒီသားရဲရဲ့အရိပ်ကိုတောင် မတွေ့ခဲ့ရဘူး။ ငါတို့ တကယ် သတ်ချင်နေကြတာ။"
“တခြားရွာက ရွာသား ဘယ်နှစ်ယောက် သားကောင် ဖြစ်သွားတာလဲ။” ထန်ရှု အမြန်မေးလိုက်သည်။
“ငါတို့ရွာက နှစ်ယောက်။ အခြားရွာတွေက စုစုပေါင်း လေးယောက်။ အခုဆို သေသွားတာ ခြောက်ယောက် ရှိသွားပြီ။ အခြားလူအများအပြားလည်း ဒဏ်ရာတွေ ရထားတယ်။ ဝမ်ရွာလေးက ဝမ်ဟိုက်ယန်ဆို ဒဏ်ရာအပြင်းအထန်ရထားလို့ ဒီနှစ်တောင် ကျော်နိုင်ပါ့မလားမသိဘူး။”
"သားရဲက သူတို့ကို ဘယ်နေရာမှာ တိုက်ခိုက်တာလဲ။" ထန်ရှုက တစ်ကြိမ်ထပ်မေးလိုက်သည်။
စုရှန်းကျန်းက မြောက်ဘက်သို့ ညွှန်ပြကာ ခါးသီးစွာ ပြောခဲ့သည်။
"ငါတို့ရွာက တချို့က တောင်ခြေက ဥယျာဉ်ခြံထဲမှာ တိုက်ခိုက်ခံရတယ်။ အဲ့ဒီတုန်းက သူတို့တွေ ပန်းသီးပင်တွေကို ချိုင်နေတုန်း အဲ့ဒီသောက်ကျိုးနည်း ကောင်ကြီးရဲ့တိုက်ခိုက်တာကို ခံခဲ့ရတာ။ အခြားကျေးရွာတွေက ဒဏ်ရာရတဲ့သူတွေကတော့ အနောက်တောင်တန်းအနီးမှာ တိုက်ခိုက်ခံခဲ့ရတာ။ အသက်ရှင်ကျန်ရစ်တဲ့သူ ပြောတာတော့ အဲ့ဒီကောင်ကြီး နွားသိုးအရွယ် ကျားသစ်တစ်ကောင်လို့ ပြောတယ်။”
ထန်ရှု ခေါင်းညိတ်ကာ တုန့်ပြန်လိုက်သည်။ အိတ်ကပ်ထဲက စီးကရက်များကို ထုတ်ပြီး သူတို့ကို ပေးလိုက်ကာ စကားခဏပြောပြီးနောက် သူ့အဘွားအိမ်သို့ မောင်းလာခဲ့သည်။
"ထန်ရှု…"
စုပမ်နှင့် စုချွမ်တို့သည် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ကြရာ အခုအချိန်တွင် သူ့ကိုကြိုဆိုရန် အပြေးအလွှား ထွက်လာသည်။
ထန်ရှု ကားပေါ်က ဆင်းပြီးနောက်
“ရွာထဲကို ခုနဝင်လာတုန်းက ဦးလေးတွေနဲ့တွေ့ပြီး သူတို့ဆီက အခြေအနေကို သိလိုက်ရတယ်။ အစ်ကိုပမ် … စုချွမ် … ဒီမှာ ခဏစောင့်နေပေးပါဦး။ အဘွားကို ဝင်နှုတ်ဆက်ပြီးရင် ငါတို့အားလုံး တောင်ပေါ်ကို သွားကြမယ်။”
"ငါတို့ အဲ့ဒီကို သွားလို့မရဘူး ထန်ရှု…" စုပမ်က အမြန် ပြောလိုက်သည်။
ထန်ရှုက သူ့ကို လေးလေးနက်နက် စိုက်ကြည့်ပြီး “အစ်ကိုပမ် … မင်း မသိသေးတာတွေ ရှိတယ်။ လတ်တလောနှစ်တွေအတွင်း ကျွန်တော် ကျွမ်းကျင်သူအချို့နဲ့ ကိုယ်ခံပညာကို လေ့ကျင့်ထားခဲ့လို့ ကျွန်တော့်ရဲ့အခြေခံတည်ထောင်ခြင်းက အရမ်းကို နက်ရှိုင်းနေပြီ။ လူဆယ်ယောက်ကျော်လောက်ကတော့ ကျွန်တော့်အတွက် အသာလေးရယ်။ နောက်ပြီး အစ်ကိုပင်းတို့အားလုံး ကျွန်တော့်နောက်က လိုက်ပြီး ကျားသစ်ကို ရှာနိုင်သရွေ့ ကျွန်တော်တို့ သတ်နိုင်တယ်။”
"ငါ့စကားကို နားထောင်ပါ ထန်ရှု။ ဒီကျားသစ်က သာမန်တောရိုင်းတိရစ္ဆာန်မျိုး မဟုတ်တော့ဘူး။” စုပမ်က ခေါင်းယမ်းပြီး ပြန်ဖြေသည်။ “အခုဆိုရင် ဒီကျားသစ်က နတ်ဆိုးက ပေါက်ဖွားလာတဲ့ အကောင်လို့တောင် ပြောနေကြတယ်။ ငါတို့ သုံးယောက်မပြောနဲ့ လက်နက်မပါဘဲ အဲ့ဒီကို သွားနေတဲ့ လူ ၃၀တောင် အသက်ပြန်ရှင်လာမှာ မဟုတ်ဘူး။”
ထန်ရှု ခဏလောက် နှုတ်ဆိတ်နေပြီးမှ စကားပြောလာသည်။
"ကျွန်တော့်ကို ဒီမှာ အရင်စောင့်ပါ။ နောက်မှ ပြောပြမယ်။"
ထိုသို့ပြောပြီးနောက် သူသည် ခြံဝင်းအဝင်ဝသို့ လှမ်းဝင်ရာ ခြံထဲတွင် လှံကို သွေးနေသော စုရှန်ဖေးကို တွေ့လိုက်ရသည်။ ထန်ရှုသည် သူ့ကို မြင်သောအခါ အနည်းငယ် မင်သက်သွားပြီး
"မင်း ဘယ်အချိန်က ပြန်ရောက်တာလဲ။"
စုရှန်ဖေးက ဖျစ်ညစ်ပြုံးလိုက်ပြီး
"ငါ ဒီကို ပြန်ရောက်တာ တစ်ပတ်ကျော်ပြီ။"
ထန်ရှုက ခေါင်းညိတ်ပြီး
"အဘွား … အထဲမှာလား။"
"နေ့လည်စာ စားပြီး တစ်ရေးတစ်မော အိမ်ထဲ ဝင်အိပ်နေတယ်။ အဘွားက ရွာသားတွေ ဆုံးပါးသွားလို့ စိတ်မကောင်းဖြစ်နေတာကလွဲလို့ ဒီတလော သူ ကျန်းမာရေး ကောင်းတယ်။ ဒီရက်ပိုင်းတွေတော့ စိတ်အခြေအနေ မကောင်းဘူး။”စုရှန်ဖေးက အကြောင်းစုံ ပြောပြသည်။
ထန်ရှုက ခေါင်းညိတ်လိုက်ပြီး
"သူ အိပ်နေပြီဆိုတော့ ငါ တစ်ခုခု သွားလုပ်လိုက်ဦးမယ်။"
"ငါလည်း မင်းနဲ့လိုက်ခဲ့မယ်။" စုရှန်ဖေးက အမြန် ပြောလိုက်သည်။ "မင်းတို့ အပြင်မှာ ပြောနေကြတာတွေ ငါ ကြားတယ်။"
"ငါ၊ အစ်ကိုပမ်နဲ့ စုချွမ်တို့ သုံးယောက်ဆို လုံလောက်ပါတယ်။ စိတ်မပူပါနဲ့ အဆင်ပြေသွားမှာပါ။"
ထန်ရှုက ခေါင်းယမ်းကာ ပြောလိုက်သည်။
"တစ်ယောက်ထပ်တိုးရင် အင်အား ပိုတိုးလာလိမ့်မယ်။ ထန်ရှု။ ငါ မင်းတို့အားလုံးနဲ့ လိုက်ရမယ်။" စုရှန်ဖေးက ပြောလိုက်သည်။
ထန်ရှု တုံ့ဆိုင်းသွားသည်။ စုရှန်ဖေး၏ စိတ်ပိုင်းဖြတ်ထားသော အမူအရာကို ကြည့်ပြီးနောက် ခေါင်းညိတ်ပြီး
"ကောင်းပြီ။ ဒါဆိုလည်း သွားကြရအောင်။"
အပြင် ထွက်လာကြချိန်တွင် ထန်ရှုက သူ့အိတ်ကပ်ထဲက ပစ္စေတိုတစ်လက်ကို ထုတ်ကာ အလင်းရောင်အောက်တွင် သူတို့ကို ပြပြီး အမြန် ပြန်သိမ်းလိုက်ရင်း
"ဒီသေနတ်က များသောအားဖြင့် ငါ့ကိုယ်ငါ ခုခံဖို့ပဲ။ ငါတို့ တောင်အနောက်ဘက်ကို ရောက်လို့ ကျားသစ်ကို ရှာတွေ့ခဲ့ရင် ကိုယ်ပိုင်ခွန်အားနဲ့မသတ်နိုင်တဲ့အခါကျ ပစ်သတ်ပစ်မယ်။"
"ထန်ရှု … မင်းမှာ သေနတ် ဘယ်လိုလုပ် ရှိနေတာလဲ။" စုချွမ် အံ့အားသင့်သွားကာ ချက်ချင်းမေးလိုက်သည်။
ယောင်မိသားစုအဖွဲ့ဝင်များကို သတ်ပြီးနောက် ထိုပစ္စေတိုကို ထန်ရှု ရရှိခဲ့ခြင်း ဖြစ်သည်။ သူ၏ လက်စွပ်အတွင်း၌ သေနတ်အများအပြားရှိပြီး စက်သေနတ်အချို့နှင့် စနိုက်ပါရိုင်ဖယ်အချို့ပင် ရှိနေသည်။ ဒါပေါ့ … သူ ထိုအကြောင်းကို သူတို့ကို မပြောနိုင်ခဲ့ခြင်းကြောင့် အကြောင်းပြချက်အချို့ကို ပေးလိုက်သည်။
“ငါက သန်းကြွယ်သူဌေးကြီးတစ်ယောက်လေ။ လူဆိုးတချို့က ငါ့ကို ငွေအတွက် တိုက်ခိုက်ချင်တဲ့အခါတိုင်း ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့ နည်းလမ်းမရှိရင် တော်တော် အန္တရာယ်များလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် စိတ်ချပါ … ငါ ဒီသေနတ်နဲ့ တရားမဝင်တာ ဘာမှ မလုပ်ပါဘူး။ ဒါက ကိုယ့်ကိုကိုယ် ကာကွယ်ရုံလေးပဲ။"
စုပမ်နှင့် စုချွမ်နှစ်ဦးစလုံးသည် ခမ်းနားသော ထန် စီးပွားရေးလုပ်ငန်းစု၏ဝန်ထမ်းများဖြစ်သောကြောင့် ချက်ချင်း နားလည်သွားကြသည်။ စုပမ်သည် ယခုအခါ ကုမ္ပဏီ၏ဝိုင်စက်ရုံရှိ လုံခြုံရေးအစောင့်အဖွဲ့၏ ဒုခေါင်းဆောင်တစ်ဦး ဖြစ်ပြီး ကုမ္ပဏီ၏ လုံခြုံရေးအဖွဲ့သည် ယခုအခါ အစိုးရမှ ခွင့်ပြုသော တရားဝင်လိုင်စင်ဖြင့် သေနတ်များ ကိုင်ဆောင်ထားသည်ကို သဘာဝကျစွာ သိထားသည်။ သို့သော် စုရှန်ဖေးသည် ထိုအကြောင်းကို မသိပေ။ သို့သော် ထန်ရှု၏လက်ရှိအခြေအနေကို သဘောပေါက်ပြီးနောက် သူ နားလည်သွားခဲ့ပေသည်။
ဆယ်မိနစ်ကြာပြီးနောက် ကားမောင်းလာသော ထန်ရှုသည် ကားကို အနောက်တောင်ကုန်းတွင် ရပ်ထားပြီးနောက် လူသုံးယောက်နှင့်အတူ အမြန်ဆင်းကာ တောင်ပေါ်တက်လမ်းအတိုင်း သတိနှင့် တက်လာခဲ့ကြသည်။ သေနတ်ယူလာသူ ထန်ရှုမှလွဲ၍ စုပမ်နှင့် စုချွမ်သည် ကြိုးတပ်မှိန်းတစ်ချောင်းနှင့် သံဂေါ်ပြားကို ယူဆောင်လာခဲ့ပြီး စုရှန်ဖေးသည် သူ၏လှံကို ကိုင်ဆောင်ထားသည်။
ကျင်းတောင်သို့ သူတို့ ဝင်ရောက်လာချိန်တွင် ထန်ရှုသည် သူ၏စိတ်ဝိညာဉ်အာရုံကို ထုတ်လွှတ်ထားပြီးဖြစ်သည်။ သူ၏လက်ရှိ ကျင့်ကြံမှု အဆင့်သည် အလွန်မြင့်မားသော်လည်း ထိုကျားသစ်၏ ခွန်အားအဆင့်ကို သူ ရှာမတွေ့ခဲ့ပေ။ ထို့အပြင် သူ့အနီးပတ်ဝန်းကျင်တွင် သူနှင့်အတူ လူ ၃ ယောက် ရှိနေသောကြောင့် သူတို့၏လုံခြုံရေးကိုလည်း အာမခံရန် လိုပေသည်။
“ငါ့ကို လမ်းကြောင်းအချို့ ပေးပါဦး။ ငယ်ငယ်တုန်းက ဒီကို မကြာခဏ ရောက်ဖူးပေမယ့် နေရာအများစုနဲ့ ပတ်သက်ပြီး ငါ့မှတ်ဉာဏ်တွေက ဝါးတားတားပဲ။” ထန်ရှုက ပြောသည်။ တကယ်တော့ ထိုလူတွေကို ခေါ်ဆောင်လာရခြင်း၏တကယ့်ရည်ရွယ်ချက်သည် လမ်းကြောင်းပြောရန်အတွက်ပင်။
"အရင်ဆုံး အနီးပတ်ဝန်းကျင်ကို အမြန် ရှာလိုက်ရအောင်။" စုပမ်က ပြောသည်။
“ရှာမတွေ့ရင် တောနက်ထဲ ဝင်ပြီး ရှာကြမယ်။ ဒီတောင်ပေါ်ရဲ့နေရာများစွာက အန္တရာယ်တွေ အပြည့်ပဲ … အထူးသဖြင့် ချိုင့်ဝှမ်းတွေပေါ့။ အဲ့ဒီနေရာတွေနဲ့ ငါ တော်တော် ရင်းနှီးတယ်။ ငါ့နောက်ကို လိုက်ခဲ့။"
***