← Chapters

နဂါးစွမ်းအင်စီးကြောင်း၌ ခန္ဓာကိုယ်ကို ပုံသွင်းခြင်း

Vol. 46 Ch. 631

နဂါးစွမ်းအင်စီးကြောင်း၌ ခန္ဓာကိုယ်ကို ပုံသွင်းခြင်း

Vol. 46 Ch. 631

စုရှန်ဖေး နှုတ်ဆိတ်နေခဲ့သည်။ ထန်ရှု၏အနောက်ကို မလိုက်ဘဲ၊ သူ့အတွက် အလုပ်မလုပ်ပေးဘဲ စုရှန်ဖေးက သူ့ဘာသာသူ အပြင်ထွက်ပြီး အလုပ်လုပ်ခဲ့သည်။ ပြင်ပလောကတွင် သူ့ကိုယ်တိုင် ခြေကုပ်ယူရန် ခက်ခဲနေသေးသော်လည်း သူ့ကိုယ်သူ ထောက်ပံ့ရန်နှင့် ငွေစုရန် အလုပ်တစ်ခု ရှာနိုင်သေးသည်။

ထန်ရှုနှင့်ပတ်သက်ပါက သူ့ရင်ထဲရှိ ခံစားချက်များသည် အတော်ရှုပ်ထွေးသည်ဟုဆိုရပေမည်။ ယခင်က ထန်ရှုကို သူတို့ မုန်းတီးပြီး ရန်လိုခဲ့သည်။ သူတို့မိသားစုတွင် ဆိုးရွားသော အပြောင်းအလဲများ ဖြစ်ပြီးနောက် ထန်ရှုအပေါ် ထား ရှိသော အမုန်းတရားသည် သူ၏အသွေးအသားထဲတွင် ပြည့်နှက်နေခဲ့သည်။ သို့ပါသော်လည်း ဆင်းရဲဒုက္ခများမှတဆင့် သူ၏အမှားများကို နားလည်လာခဲ့ကာ အလျင်အမြန် နောင်တကြီးစွာ ရလာခဲ့ပြီး ထန်ရှုအပေါ် ထားသည့် သူ၏ရန်လိုမုန်းတီးမှုများသည် ပျောက်ကွယ်သွားခဲ့လေတော့သည်။

သူ့အနေဖြင့် ထန်ရှုအား ဆွေမျိုးအဖြစ် သဘောထားကာ ဆက်ဆံလိုစိတ်ရှိသော်လည်း ထန်ရှုထံတွင် အလုပ်ဝင်ပြီး သူ့အသက်ကို ရောင်းစားလိုက်ရန်အတွက်မူ လက်ရှိတွင် သူ မလုပ်နိုင်သေးသည့် အရာပင်။ မည်သို့ပင်ဖြစ်စေ ထန်ရှုသည် သူ၏ဝမ်းကွဲ ဖြစ်သောကြောင့် ထန်ရှုအား အနိုင်ကျင့်လိုသော ဘေးလူများ ရှိပါက ထိုသူများနှင့် ရင်ဆိုင်ကာ ထန်ရှုအတွက် သူ ရပ်တည်ပေးရပေလိမ့်မည်။

ထန်ရှုက စုရှန်ဖေးအား စောင့်ကြည့်နေသည်။ စုရှန်ဖေးသည် ဤကဲ့သို့ ဖြစ်လိမ့်မည်ဟု ယခင်က သူ မှန်းဆထားပြီးဖြစ်သော်လည်း သူ စိတ်ပျက်နေဆဲ ဖြစ်သည်။ သို့သော် သူ့တွင် အခြားနည်းလမ်းတစ်ခု ရှိပါသေးသည်။

"ရှန်ဖေး … မင်း ဒါကို အခု မလုပ်ပေးနိုင်ဘူးဆိုတာ ငါ သိတယ်။ ငါ့အတွက်က အရေးမကြီးဘူး။ ဒါပေမယ့် မင်းကို ငါ ပေးနိုင်တာတစ်ခုရှိရင် မင်းဆုံးဖြတ်နိုင်ပါ့မလား။"

"အဲ့ဒါက ဘာလဲ။" စုရှန်ဖေး၏မျက်ခုံးများ အနည်းငယ် ပင့်တက်သွားသည်။

"မင်း ပိုက်ဆံလိုရင် ငါ မင်းကို ပိုက်ဆံပေးနိုင်တယ်။ မင်း အာဏာ လိုချင်ရင် ငါ မင်းကို အာဏာ ပေးနိုင်တယ်။ ပြီးတော့ မင်း မိန်းမတွေ လိုချင်ရင် မင်း သူတို့ကို ရှာတွေ့အောင် ကူညီပေးဖို့ ငါ့လက်ထဲမှာ ရှိသမျှ စွမ်းအားတွေနဲ့ ငါလုပ်နိုင်တယ်။ မင်း လိုချင်ရင် ငါက မင်းကို ခွန်အားလည်း ပေးနိုင်သလို မင်းကို ထာဝရအသက်တောင် ပေးနိုင်သေးတယ်။"

ထာဝရအသက်လား…

စုရှန်ဖေးသည် ထူးဆန်းသောအမူအရာဖြင့် ထန်ရှုကို စိုက်ကြည့်ကာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး "ထန်ရှု … ဒီလိုဟာသမျိုးတွေ မပြောပါနဲ့လား။"

ထန်ရှုက နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် စုရှန်ဖေး၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် သူ၏ခြေထောက်များသည် ဖြည်းညှင်းစွာ မြေပြင်ထက်မှ ကြွတက်လာသည်။ သူသည် မြေပြင်အထက် နှစ်မီတာကျော်တွင် ပျံဝဲနေရင်း သူ၏လက်များကို ဆန့်လိုက်သောအခါ ပေါင်ဒါဇင်နှင့်ချီလေးသော ချွန်ထက်သည့် ကျောက်တုံးများ ရာပေါင်းများစွာ မြောက်တက်လာပြီး စက္ကန့်အနည်းငယ်အတွင်း ထန်ရှု၏အနီးပတ်လည်တွင် မျောလွင့်နေကြသည်။

"ငါ ... ဘာတွေကို မြင်နေရတာလဲ။"

စုချွမ် နောက်ပြန်ဆုတ်သွားသည်။ သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းပြီးနောက် သူ့မျက်လုံးများကို ပြင်းပြင်းထန်ထန် ပွတ်သပ်လိုက်ရင်း ထိတ်လန့်တကြား အမူအရာဖြင့် တီးတိုးပြောလိုက်သည်။

တစ်ဖက်တွင် စုပမ်သည်လည်း မျက်လုံးများ ပန်းကန်ပြားလောက် ပြူးကျယ်လာသည်ဟု ထင်ရပြီး မယုံကြည်နိုင်စွာ ငေးစိုက်ကြည့်နေမိသည်။ သူ၏နှလုံးခုန်သံသည် အရိုင်းဆန်စွာ ပြင်းထန်လာကာ သူ၏သွေးများသည် အရှိန်ပြင်းပြင်း စီးဆင်းနေသည့်အလားပင်။ ဤထူးဆန်းသော မြင်ကွင်းကြောင့် သူ ဧကန်ပင် ထိတ်လန့်သွားရသည်။

စုရှန်ဖေးကိုယ်တိုင်လည်း ကျောက်ရုပ်ပမာ ဖြစ်သွားသည်။ ထန်ရှုကို စိုက်ကြည့်နေသော သူ၏အသွင်မှာ သရဲတစ္ဆေအား မြင်နေရသကဲ့သို့ပင်။ သူသည် ထန်ရှု၏ဘေးပတ်လည်တွင် လွင့်မျောနေသော ကျောက်တုံးများကို ကြည့်နေသည်။ ထိုမြင်ကွင်းသည် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် သူ စိတ်ကူးယဉ်ခဲ့သော မြင်ကွင်းတစ်ခုဖြစ်ပြီး သူ၏စိတ်ကူးတွင် သူသည် ပျံသန်းနိုင်၊ လှုပ်ရှားနိုင်ပြီး တောင်ကို မှောက်ကာ သမုဒ္ဒရာကို လှန်နိုင်သည့် လူစွမ်းကောင်းတစ်ယောက် ဖြစ်လာနိုင်သည်ဟု တွေးတောကြည့်ခဲ့ဖူးသည်။ ယခု သူ၏အရှေ့တွင် ထိုသို့သော မြင်ကွင်းကို မြင်လိုက်ရသောအခါ ထိုကဲ့သို့သော ဇာတ်ကောင်သည် သူကိုယ်တိုင် ဖြစ်လာလိမ့်မည်ဟုပင် စိတ်ကူးယဉ်မိလိုက်သည်။

သို့သော် ... စိတ်ကူးယဉ်မှုက လက်တွေ့ဖြစ်လာသောအခါ သက်ရောက်မှုက သူ့အတွက် ကြီးမားလွန်းပြီး ကြောက်ရွံ့မှုသာ ကျန်ခဲ့လေတော့သည်။

စုရှန်ဖေးအား အပေါ်စီးကနေ ငုံ့ကြည့်ရင်း ထန်ရှုက လေးနက်သည့် အသံဖြင့် စကားဆိုလာသည်။

" အခု ငါ မင်းကို ပြတဲ့ စွမ်းရည်က အသေးအမွှားလေးပဲ ရှိသေးတယ်။ မင်းကြောက်နေမှာစိုးလို့ ပြကွက်သေးသေးလေးတစ်ခုပဲ သုံးထားလိုက်တယ်။ မင်းသာ ငါ့အတွက် အသက်ပေးတဲ့အထိ လုပ်ပေးဖို့ ဆန္ဒရှိတယ်ဆိုရင် အနာဂတ်မှာ ငါ အယုံကြည်ရဆုံးလူတွေထဲက တစ်ယောက်ဖြစ်လာဖို့ မင်းကို ဒီ့ထက် အဆပေါင်းများစွာ ပိုမိုအစွမ်းထက်တဲ့ စွမ်းရည်ကို ငါ ပေးနိုင်တယ်။ အဲ့ဒီအချိန်ရောက်ရင် လေထဲမှာ ပျံဝဲပြီး ကျောက်တုံးတချို့ကို ထိန်းချုပ်ဖို့မပြောနဲ့ ကောင်းကင်ယံမှာ မင်း ရပ်ပြီး အကန့်အသတ်မဲ့ စကြဝဠာထဲက ဂြိုဟ်တစ်လုံးကိုတောင် ထိန်းချုပ်ဖို့ အလွယ်လေးပဲ။”

စုရှန်ဖေး ပါးစပ်ဟသွားသော်လည်း သူ့စကားများကို ပြန်မျိုချလိုက်သည်။

"ထန်ရှု … မင်းက ကောင်းကင်ဘုံအမျိုးအနွယ်လား။" စုချွမ်က ရုတ်တရက် အော်မေးလိုက်သည်။

"အင်မော်တယ်ဟုတ်လား…" ထန်ရှုက ထိုစကားကြားသည့်အခါ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “အနာဂတ်တစ်နေ့ကျရင် ကောင်းကင်ဘုံမှာရှိတဲ့ နတ်ဘုရားတွေနဲ့ ဘုရားငယ်တွေအားလုံးက ငါ့ရန်သူတောင် ဖြစ်ဖို့ မထိုက်တန်တော့ဘူး။ ဒါကြောင့် မင်း ငါ့ကို အဲ့ဒီလို ခေါ်တာ လုံးဝမမှားပါဘူး။"

(မြန်မာဘာသာပြန်သူ၏အမှာ - ထိုဘုရားငယ်များသည် ထေရဝါဒဗုဒ္ဓဘာသာမှ မြတ်စွာဘုရားရှင်နှင့် ပစ္စကဗုဒ္ဓါများကဲ့သို့ မဟုတ်ဘဲ ဝူခုန်းဇာတ်လမ်းတွဲမျိုးထဲတွင် ပါသော ဗုဒ္ဓဘုရားမျိုးသာ ဖြစ်ပေသည်။)

စုချွမ်၏မျက်နှာပေါ်ရှိအမူအရာသည် လျင်မြန်စွာ ပြောင်းလဲသွားကာ ကျေနပ်ပီတိဖြစ်စွာ ကြည့်လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ဒီစုချွမ်ရဲ့အသက်က မင်းအတွက်ပဲ … ထန်ရှု။ မင်း တတ်နိုင်ရင် ငါ့ကို မင်းလို ဖြစ်အောင် လုပ်ပေးပါ။"

စုပမ်က စကား လုံးဝမပြောသော်လည်း လက်သီးများကို ကျစ်ကျစ်ဆုပ်ထားကာ ခိုင်မာသောအမူအရာအား သူ၏မျက်လုံးများထဲတွင် တွေ့ရသည်။

နှလုံးခုန်သံပြင်းထန်နေသော စုရှန်ဖေးသည် တောင့်တသောအကြည့်ဖြင့် ကျယ်လောင်စွာ ပြောလာသည်။

"ထန်ရှု … ငါ့မိဘတွေနဲ့ နှစ်သစ်ကူးပွဲလေး ငါ ကျင်းပချင်တယ်။ မင်း အဲ့ဒါကို လုပ်ပေးနိုင်ရင် ငါ့အသက်ကို ပေးမယ်။ မင်း ခိုင်းသမျှလည်း ငါ လုပ်မယ်။"

"ပြဿနာမရှိပါဘူး။" ထန်ရှု ခေါင်းညိတ်လိုက်သည်။ "မင်းမိဘတွေ တစ်နှစ်လောက်ကြာရင် စုမိသားစုရွာကို ပြန်လာလိမ့်မယ်လို့ အရင်ကတည်းက ငါ ပြောဖူးပါတယ်။"

ထို့နောက် သူ၏လက်ကို ဝှေ့ယမ်းခဲ့ရာ ရာနှင့်ချီ ချွန်ထက်သော ကျောက်တုံးများသည် ကြေမွသွားပြီး မီတာ ၁၀၀ အကွာမှ ရေကန်ထဲသို့ ပြုတ်ကျလာသည်။ ကြေမွသွားသော ကျောက်တုံးများ၏ ရေထဲကျသွားသော အသံအား ဆူညံစွာ ကြားနေရစဉ်အတွင်း ထန်ရှုသည် လေထဲ ရပ်နေရာမှ ပြန်ဆင်းလာခဲ့သည်။

"ဒီညမှာ မင်းတို့ကို ကျင့်ကြံနည်းစနစ်အားလုံးကို သင်ပေးပြီး ကျင့်ကြံမှုလမ်းကြောင်းအပေါ် ခြေချနိုင်အောင် ကူညီပေးမယ်။”

ထို့နောက် ထန်ရှုတို့လေးယောက်သည် ကျောက်တုံးအစုအဝေး၏အစွန်းဘက်သို့ လာရောက်ခဲ့ကြပြီး ထန်ရှုက လေးနက်သော လေသံဖြင့်

“ဒီကျောက်တုံးအစုအဝေးက ပုံမှန်မဟုတ်ဘူးဆိုတာ စိတ်ထဲမှတ်ထားပေးပါ။ သာမန်လူတစ်ယောက် အထဲကို မထင်မှတ်ဘဲ ဝင်လာရင် အထဲမှာ လမ်းပျောက်သွားမှာ သေချာတယ်။ အမှန်ကတော့ ဒီအရာက သဘာဝက ဖွဲ့စည်းထားတဲ့ ကျောက်တုံးအစီအရင်တစ်ခု ဖြစ်တဲ့အပြင် ပုံရိပ်ယောင် ဂုဏ်သတ္တိတစ်ခုလည်း ရှိနေတယ်။ ငါ အခုလျှောက်ခဲ့တဲ့နေရာကို ရှင်းရှင်းလင်းလင်း ကြည့်ထားပြီး ငါ့နောက်ကနေ သတိနဲ့လိုက်ခဲ့။"

"ကျောက်တုံးအစီအရင်ဆိုတာ ဘာကြီးလဲ။" စုချွမ်က စိတ်ဝင်တစား မေးလိုက်သည်။

"ဒါက တီဗွီအစီအစဉ်က ယန်ရဲ့စွန့်စားခန်း ဇာတ်ကားစီးရီးတွေမှာ ယန်မိသားစုက ဖန်တီးထားတဲ့ ကောင်းကင်ဘုံတံခါးအစီအရင်နဲ့တူလား။"

ထန်ရှု ခဏလောက် စဉ်းစားပြီး “မင်း အဲ့ဒီလိုပဲ တွေးနိုင်တယ်။ တိုတိုပြောရရင် သာမန်လူတစ်ယောက် ဒီကျောက်တုံးအစီအရင်ထဲမှာ အပြေးအလွှား ဝင်သွားမယ်ဆိုရင် အတွင်းထဲမှာပဲ လမ်းပျောက်သွားလိမ့်မယ်။ ဝင်္ကပါထဲ ဖြတ်သွားသလိုမျိုးပေါ့။ ဒါပေမယ့် သူ့ဘဝတစ်လျှောက်လုံး အဲ့ဒီအစီအရင်ကနေ ပြန်ရုန်းမထွက်နိုင်တော့မှာစိုးရတယ်။"

စုချွမ် ထိတ်လန့်တုန်လှုပ်သွားပြီး

"မင်းမှာ အစီအရင်ဆိုင်ရာ ဗဟုသုတ ရှိလား ထန်ရှု…"

"ငါ အတော်အသင့်တော့ သိပါတယ်။" ထန်ရှုက ပြုံးပြီး ဖြေသည်။

ချက်ချင်းပင် စုချွမ်သာမက စုပမ်နှင့် စုရှန်ဖေးပါ ထန်ရှုအား လေးစားစွာ ကြည့်မိကြသည်။ ထန်ရှုသည် မည်သည့်အချိန်တွင် မည်ကဲ့သို့ အစွမ်းထက်လာသည်ကို သူတို့ မသိခဲ့ကြသော်လည်း အစောပိုင်းက သူ ပြသခဲ့သော နည်းလမ်းများက သူတို့အား စိတ်ချယုံကြည်စေခဲ့သည်။

မကြာခင်မှာပင် ကျောက်တုံးအစီအရင်အတွင်းမှ စိတ်ဝိညာဉ်စီးကြောင်း ရှိနေသောစမ်းချောင်းအနီးသို့ ရောက်လာကြသည်။

ထန်ရှုသည် စိတ်ဝိညာဉ်စမ်းချောင်း၏အစွန်းတွင် ထိုင်ချလိုက်ကာ အဖြူရောင် မြူခိုးများဝေနေသော စမ်းရေကို သူ၏လက်ချောင်းလေးများဖြင့် ညင်သာစွာ ထိတွေ့လိုက်သည်။ သူ၏ခန္ဓာကိုယ်ထဲသို့ စိတ်ဝိညာဉ်စွမ်းအားများ စီးဝင်လာသည်ကို ခံစားလိုက်ရသဖြင့် ခပ်ဖွဖွ ပြုံးလိုက်သည်။ ထို့နောက် သူက ထရပ်ပြီး စုချွမ်တို့သုံးယောက်ကို လှည့်ကြည့်ကာ "ခြင်ဆီတွေကို ဆေးကြောပြီး သွေးကြောတွေကို သန့်စင်စေခြင်းဆိုတဲ့အဓိပ္ပါယ်ကို မင်းတို့အားလုံး သိပြီးလောက်ပြီ ထင်ပါတယ် … အတိုချုပ်ပြောရရင် အဲ့ဒါက မင်းတို့ရဲ့ခန္ဓာကိုယ်ကို ပြန်ပြီးပုံသွင်းတယ်လို့ ပြောလို့ရတယ်။ ဒါကတော့ ကမ္ဘာမြေရဲ့ နဂါးစွမ်းအင်စီးကြောင်းလို့ လူသိများတဲ့ စိတ်ဝိညာဉ်စီးကြောင်းပဲ။ ကျင့်ကြံသူတွေသာ ဒီနေရာမှာ ကျင့်ကြံလိုက်မယ်ဆိုရင် အားထုတ်မှုတစ်ဝက်လေးနဲ့ကို အကျိုးကျေးဇူး နှစ်ဆရလိမ့်မယ်။ သာမန်လူတစ်ယောက် ဒီကိုရောက်လာမယ်ဆိုရင် သူ့ခန္ဓာကိုယ်အပေါ် သက်ရောက်မှု ကြီးကြီးမားမားရှိပြီး အနည်းဆုံးတော့ နှစ်အတော်ကြာ အအေးမိဖျားနာမှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီစိတ်ဝိညာဉ်စမ်းရေထဲ ဘာမှ  မပြင်ဆင်ဘဲ သူတို့ဝင်ချိုးလိုက်မယ်ဆိုရင်တော့ သူတို့တွေ သေသွားလိမ့်မယ်ဆိုတာ သံသယဖြစ်ဖွယ် မရှိဘူး။ မင်းတို့အားလုံး ဒီည ဒီစိတ်ဝိညာဉ်စီးကြောင်း ရှိတဲ့ စမ်းရေထဲမှာ စိမ်ရလိမ့်မယ်။ အဲ့ဒါက မင်းတို့ရဲ့ခြင်ဆီတွေကို ဆေးကြောမယ်၊ ခြင်ဆီအဆီအနှစ်ကို သန့်စင်ပြီး မင်းတို့ရဲ့ မရီဒျာန်တွေကို သန့်စင်စေမှာဖြစ်လို့ ကျင့်ကြံမှုအတွက် အခြေခံအုတ်မြစ်ကို စတင်တည်ဆောက်နိုင်လိမ့်မယ်။"

"ဒါပေမယ့် ထန်ရှု … ငါတို့မှာ ဘာကျင့်ကြံမှုမှ မရှိဘူးလေ။" စုချွမ်က အလန့်တကြား ထပြောလိုက်သည်။

"မင်းပဲပြောတယ်လေ သာမန်လူတွေက အဲ့ဒီအထဲကို ဝင်စိမ်ရင် သေလိမ့်မယ်ဆို။ ဒါတောင် မင်းက…”

ထန်ရှုက ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး "သေတဲ့သူတွေက ကျင့်ကြံနည်းစနစ် မရှိတဲ့သူတွေပဲလေ။ မင်းတို့ အဲ့ဒီထဲ မဆင်းခင် ကျင့်ကြံနည်းစနစ်ကို ငါ သင်ပေးမှာပါ။"

ထို့နောက် ထန်ရှုသည် လူ့ခန္ဓာကိုယ်ရှိမရီဒျာန်များ၏ ခန္ဓာဗေဒနှင့် သွေးကြောအမှတ်များကို နှစ်နာရီကျော်ကြာ ထိုသုံးယောက်အား ရှင်းပြခဲ့ပြီး သူတို့ကို ပြီးပြည့်စုံစွာ ရနေအောင် အလွတ်ကျက်ခိုင်းသည်။

ထို့နောက် ထန်ရှုသည် အင်မော်တယ်ကမ္ဘာမှ သာမာန်ကျင့်ကြံနည်းတစ်ခုအား စုပမ်တို့၃ယောက်ကို သင်ကြားပေးလိုက်သည်။

“ခြင်ဆီတွေကို ဆေးကြောသန့်စင်တဲ့ လုပ်ငန်းစဉ်က အစပိုင်းမှာ အရမ်း နာကျင်တာမို့လို့ ဇွဲလုံ့လမရှိတဲ့သူတွေဆို ခံနိုင်ရည်ရှိဖို့ ခက်လိမ့်မယ်။ ဒါပေမယ့် မင်းတို့အားလုံးက လူပေါ်လူဇော် ဖြစ်ချင်ကြတယ် … ကမ္ဘာမြေအထက်မှာ လွင့်မျောပြီး ပျံသန်းနိုင်တဲ့ စွမ်းရည်ကို ပိုင်ဆိုင်ချင်ကြတယ်ဆိုရင်တော့ ဘယ်လောက်ပဲ နာကျင်ပါစေ မင်းတို့ အဲ့ဒါကို ခံနိုင်ရည်ရှိရမယ်။” ထန်ရှုက လေးနက်သောအမူအရာဖြင့် ပြောပြရာ ထိုသုံးယောက်က ခေါင်းအထပ်ထပ် ညိတ်ကြသည်။

ထန်ရှုက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး “မင်းတို့ရဲ့အဝတ်အစားတွေကို အခုချွတ်ပြီး စိတ်ဝိညာဉ်စမ်းရေမှာ စိမ်လိုက်ပါ။ အဲ့ဒီလို စိမ်နေတဲ့အချိန် ငါ သင်ပေးလိုက်တဲ့ ကျင့်ကြံနည်းစနစ်အတိုင်း လိုက်နာကျင့်ကြံဖို့ မမေ့ပါနဲ့။ အဲ့ဒါကို ထိန်းချုပ်နိုင်အောင်ကြိုးစားပါ။ မင်းတို့ သည်းမခံနိုင်တော့တဲ့ ဘယ်အချိန်မဆို ငါ့ကို ချက်ချင်း ခေါ်လိုက်။"

စုပမ်သည် သူ၏အဝတ်အစားများကို ချွတ်ကာ စိတ်ဝိညာဉ်စမ်းချောင်းထဲသို့ ပထမဆုံးခုန်ချသွားသူ ဖြစ်သည်။ စုချွမ်နှင့် စုရှန်ဖေးတို့သည်လည်း စမ်းချောင်းထဲသို့ ခုန်ဆင်းခဲ့ကြသည်။ စိတ်ဝိညာဉ်စီးကြောင်း ရှိသော စမ်းချောင်းသည် အရမ်းမကြီးသောကြောင့် ထို၃ယောက် ခုန်ဆင်းပြီးနောက်တွင် စမ်းချောင်း၏သုံးပုံနှစ်ပုံအား နေရာယူသွားခဲ့သည်။

“ဒါက တကယ့်ကို အံ့သြစရာကောင်းတယ်။ မထင်မှတ်ပဲ ငါတို့ကို မျောလွင့်သွားစေသလိုပဲ။” စုချွမ်က အံ့သြတကြီး မှတ်ချက်ပေးလာသည်။

ထန်ရှုက ပေါ့ပေါ့ပါးပါးအပြုံးတစ်ခုသာ ပြုံးနေခဲ့သည်။ ကမ္ဘာမြေ၏စိတ်ဝိညာဉ်သွေးကြောများအတွင်းရှိ စိတ်ဝိညာဉ်စွမ်းအားသည် အရည်အခြေအနေတွင် ရှိနေသောကြောင့် ထိုအရည်အခြေအနေဖြင့် ထုတ်ပေးသော အလွန်အားကောင်းသည့် အထက်တွန်းအားကို ပိုင်ဆိုင်ထားပေရာ လူမဆိုထားဘိ ပေါင်ထောင်ချီလေးလံသော ကျောက်တုံးကြီးများပင် ရေပေါ် ပေါ်နေနိုင်ပေသည်။

“စိတ်ကို မပျံလွင့်စေဘဲ ကျင့်ကြံအားထုတ်မှု လမ်းကြောင်းအတိုင်း အားထုတ်ပါ။”

ထန်ရှု၏ညွှန်ကြားချက်အရ သူတို့သုံးယောက်သည် ၎င်းတို့၏မရီဒျာန်အတွင်း စီးဆင်းနေသည့် ချီအား တိတ်တဆိတ် အာရုံခံမိစပြုလာသည်။ စက္ကန့်အနည်းငယ်အတွင်းမှာ သူတို့သည် အလွန်အမင်း သက်တောင့်သက်သာ ရှိမှုကို ခံစားလာရပြီး သူတို့၏ ချွေးပေါက်များထဲက သန့်စင်သော အမွှေးအမျှင်များ ဆန့်ထွက်နေသည်ကိုပင် ခံစားနိုင်ခဲ့ကြသည့်နည်းတူ မရေမတွက်နိုင်သော ချီစီးကြောင်းများသည် သူတို့၏ခန္ဓာကိုယ်ထဲသို့ စီးဆင်းသွားသည့်အလား ဖြစ်သည်။ ထို့နောက်တွင်တော့ သူတို့၏ခန္ဓာကိုယ်၌ ပြင်းထန်သော ယားယံမှုများကို စတင် ခံစားလာရပါတော့သည်။ ထို့နောက် ညှင်းပန်းဖိနှိပ်မှုအနည်းငယ်နှင့် ဖျော့တော့သော နာကျင်မှုကို ဆက်လက်ခံစားလာရပြီးသောအခါတွင် ပြင်းထန်သည့် နာကျင်မှုသည် အစားထိုး ဝင်ရောက်လာပေတော့သည်။

ထိုနာကျင်မှုသည် ပြင်းထန်လွန်းသဖြင့် သူတို့အတွက် အသက်ရှူရန် ခက်ခဲနေခဲ့သည်။

တဖြည်းဖြည်းနှင့် သူတို့၏ခန္ဓာကိုယ်များသည် မရေမတွက်နိုင်သော အင်အားများကြောင့် စုတ်ပြဲသွားဟန်ရပြီး နာကျင်ကိုက်ခဲမှုများက သူတို့အား ဟစ်အော်စေလုမတတ်ပင်။

“အဲ့ဒါကို သည်းခံထားပါ။ ကျင့်ကြံမှုလမ်းကြောင်းအတိုင်း အားထုတ်ပါ။ ငါ့စကားတွေကို အမှတ်အသားလုပ်ပြီး စိတ်ထဲ မှတ်ထားပါ။ ဒါက မင်းတို့ရဲ့စိတ်စွမ်းအားကို စမ်းသပ်တဲ့ စမ်းသပ်မှု ဖြစ်တာမို့ နောက်ပိုင်းမှာ အဆုံးမဲ့ အကျိုးခံစားခွင့်တွေ ယူဆောင်လာပါလိမ့်မယ်။ အာရုံစိုက်မှုအပြည့်နဲ့ ဆက်ပြီး စူးစူးစိုက်စိုက်လုပ်ပါ။”

ဘေးတွင် ရပ်နေသော ထန်ရှုက လေးနက်သောအသံဖြင့် အော်လိုက်သည်။

အချိန်များ တဖြည်းဖြည်း ကုန်လွန်လာကာ ထိုသုံးယောက်၏ခန္ဓာကိုယ်များသည် ဝိညာဉ်စမ်းချောင်းအတွင်း၌ ဆက်လက်တုန်ရီစွာဖြင့် ရှိပြီး အော်ဟစ်သံများက ဆက်တိုက်ထွက်ပေါ်နေခဲ့သည်။ ၎င်းတို့၏ ခန္ဓာကိုယ်ပေါ် ရှိ သွေးကြောများအားလုံး ထင်းနေပြီး အရေပြားများ နီရဲလာကာ သွေးများထွက်လာခဲ့သည်။ သူတို့၏ခန္ဓာကိုယ်ထဲရှိ သွေးကြောများအားလုံးကို ရှင်းလင်းစွာ မြင်နိုင်သောကြောင့် မွေးကင်းစ ကြွက်ကလေးများအလားပင်။ သို့သော် သူတို့၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုသည်လည်း ပြင်းထန်စွာ နာကျင်နေရင်းဖြင့်ပင် လျင်မြန်စွာ အားကောင်းလာခဲ့ပေသည်။

"ငါ အဲ့ဒါကို ခံစားလို့ ရတယ်။" စုချွမ်သည် ရုတ်တရက် မျက်လုံးပွင့်လာပြီး ကျေနပ်ပီတိဖြစ်စွာ အော်လိုက်သည်။

"ပါးစပ်ပိတ်ထား … ဆက်အာရုံခံပြီး ထိန်းချုပ်ဖို့ ကြိုးစားစမ်း။”

ထန်ရှုက လေသံပြင်းပြင်းဖြင့် အော်ထည့်လိုက်သည်။

စုချွမ် ချက်ချင်းပင် လန့်ဖျပ်သွားပြီး သူ၏စိတ်ကို ပြန်လည် ထိန်းချုပ်လိုက်သည်။

တစ်ညတာကုန်ဆုံးသွားပြီးနောက် နေ့သစ်တစ်ခု ရောက်လာခဲ့ပြီဖြစ်သည်။ စုချွမ်တို့သုံးယောက်သည် စိတ်ဝိညာဉ်စမ်းချောင်းထဲတွင် စိမ်နေဆဲပင်။ ယခုမူ နာကျင်ကိုက်ခဲမှုများနှင့်သဟဇာတဖြစ်အောင် သူတို့ လုပ်နိုင်နေခဲ့ချေပြီ။ သူတို့သည် ထိုစမ်းချောင်းအတွင်းမှ အမှန်တကယ် ခုန်ထွက်ချင်သော်လည်း ထန်ရှု ပြောသည့်အတိုင်း စွမ်းအားကောင်းရန် ဆက်လက် ကြိုးပမ်းနေခဲ့ကြခြင်းဖြစ်သည်။

ဝှစ်…

ထန်ရှုသည် မူလဖရိုဖရဲစွမ်းအားစီးကြောင်းတစ်ခုကို လွှတ်လိုက်ကာ ထို၃ယောက်၏ခန္ဓာကိုယ်များအား ရစ်ပတ်ပြီး စမ်းချောင်းထဲမှ ဆွဲထုတ်လိုက်ပြီးနောက် ဂူထဲတွင် အိပ်ရန် အမိန့်ပေးခဲ့သည်။ နာကျင်မှုကို ကြံကြံခံရင်း တစ်ညလုံး စိတ်ဓာတ်ခွန်အားကို သုံးထားရသဖြင့် ၎င်းတို့၏အကန့်အသတ်သို့ ရောက်ရှိသွားပြီဖြစ်ပေရာ ၎င်းတို့၏စိတ်ဓာတ်ခွန်အား ပြန်လည်ပြည့်ဝစေရန် အနားယူရမည်ဖြစ်သောကြောင့် ထန်ရှုက အနားယူခိုင်းလိုက်ခြင်းဖြစ်တော့သည်။

မွန်းတည့်ချိန်ရောက်သည်နှင့် ထန်ရှုသည် ထိုသုံးယောက်ကို နှိုးပြီး စိတ်ဝိညာဉ်စမ်းချောင်းထဲသို့ ပစ်ချပြန်သည်။ ညမိုးချုပ်သောအခါ ပြန်ဆွဲထုတ်ကာ အနားယူရန် အမိန့်ပေးပြီးနောက် ခွန်အားပြည့်သည်နှင့် သူတို့ကို စိတ်ဝိညာဉ်စမ်းချောင်းထဲသို့ ထပ်မံ ပစ်ချခဲ့သည်။

အချိန်များ ကြာလာသည့်အခါ စုမိသားစုကျေးရွာတွင် ၎င်းတို့ ပျောက်ဆုံးနေခြင်းကြောင့် ပွက်လောရိုက်နေပြီဖြစ်ကြောင်း ထန်ရှုတို့လေးယောက်သည် မသိရှိခဲ့ကြပေ။ အချို့သောသူများသည် ပြည်သူ့လုံခြုံရေးဗျူရိုသို့ အပြေးအလွှားသွားကာ တောင်နက်ထဲသို့ စွန့်စားဝင်ရောက်ရန် လူတစ်စုကိုပင် ဖွဲ့စည်းနေခဲ့ပြီဖြစ်သည်။

သည်အချိန်သည် နှစ်ကုန်သောအချိန်ဖြစ်ပြီး နောက်ဆုံးလ၏ရက်၃၀မြောက်၏ညလည်း ဖြစ်သည်။

***

All Chapters