ပြင်းထန်စွာ ခွန်အားတိုးလာခြင်း
Vol. 46 Ch. 632
ကျောက်တုံးအစုအဝေးအစီအရင်၏အလယ်ဗဟိုတွင် ထန်ရှုသည် စိတ်ဝိညာဉ်စမ်းချောင်း၏အစွန်းတွင် ထိုင်လျက် အတွင်း၌ရှိနေဆဲဖြစ်သော စုရှန်ဖေးအား စောင့်ကြည့်လျက် ရှိသည်။
စုပမ်နှင့် စုချွမ်တို့သည် ကျင့်ကြံမှုပြီးသွားသဖြင့် အဝတ်အစားများကို ပြန်ဝတ်ထားပြီး နံဘေးတွင် ရပ်နေလေသည်။ နှစ်ရက်ကြာ ပြင်းပြင်းထန်ထန် ခံစားရအောင် လုပ်သွားသည့် ကျင့်ကြံမှုကနေ သူတို့၏ ခန္ဓာကိုယ်အတွင်းက ချီကို ခံစားနိုင်ပြီး ထိန်းချုပ်နိုင်စွမ်း ရှိစေခဲ့သည်။
ဗွမ်း…
ရေများစင်သံနှင့်အတူ အဝတ်ဗလာဖြစ်နေသော စုရှန်ဖေးသည် စမ်းချောင်းထဲမှ ခုန်ထွက်လာသည်။ သူ၏မျက်လုံးများသည် စိတ်လှုပ်ရှားမှုများကြောင့် တောက်ပနေပြီး
"အခု ငါ့ခန္ဓာကိုယ်ထဲက ချီစီးဆင်းမှုကို ထိန်းချုပ်နိုင်သွားပြီ ထန်ရှု။ ကျင့်ကြံမှုနည်းစနစ်ရဲ့ လမ်းကြောင်းအတိုင်းလိုက်ပြီးတော့လည်း အဲ့ဒါကို ထိန်းချုပ်နိုင်တယ်။ ငါ့မရီဒျာန်တွေမှာ သုံးကြိမ်လောက် စီးဆင်းနေခဲ့တာ။"
"မင်းရဲ့ခန္ဓာကိုယ်ထဲက ချီစီးကြောင်းက ဘယ်လောက်ထူလဲ။" ထန်ရှုက မေးလိုက်သည်။
“အပ်တစ်ချောင်းရဲ့အရွယ်အစားလောက်…။” စုရှန်ဖေးက အနည်းငယ် စဉ်းစားပြီးနောက် ပြန်ဖြေသည်။
ထန်ရှုက စုပမ်နှင့်စုချွမ်ကို လှည့်ကြည့်ပြီး "မင်းတို့နှစ်ယောက်ကရော ဘယ်လိုလဲ။"
စုချွမ်က သူ့ကိုယ်သူ ကျေနပ်နေဟန်ဖြင့်
"ငါ ထိန်းချုပ်နိုင်တဲ့ ချီစီးကြောင်းက ရှန်ဖေးထက် ပိုသန်မာတယ်။ မီးခြစ်ဆံတစ်ချောင်းရဲ့ အရွယ်အစားလောက် ရှိတယ်။"
စုပမ်က သူ့လက်ကို မြှောက်ကာ ခေါင်းကုတ်လိုက်ပြီး သူ့လက်သန်းလေးကို ထောင်ပြရင်း
"ငါ့ချီစီးကြောင်းက ငါ့လက်သန်းရဲ့ တစ်ဝက် ဖြစ်နိုင်တယ်။ အဲ့ဒါက တူတစ်ချောင်းလောက် ကြီးပြီး တစ်ခါသုံးတူထက် နည်းနည်းပိုထူမယ်ထင်တယ်။ ဒါပေမယ့် အရှည်က တော်တော်တိုသေးတယ်ကွ … စင်တီမီတာ နည်းနည်းလောက်ပဲ ရှိတယ်။”
"ဘာရီး…"
အထူးသဖြင့် စုချွမ်နှင့် စုရှန်ဖေးတို့ အံ့အားသင့်သွားကြပြီး စုရှန်ဖေးဆိုလျှင် အကြိမ်အနည်းငယ်ခန့် မဲ့ရွဲ့သွားရကာ ရှက်ရွံ့သွားခဲ့ရသည်။ လူတစ်ယောက်၏ဖွဲ့စည်းပုံအား အဆင့်အတန်းအမျိုးမျိုးဖြင့် အဆင့်လိုက် ခွဲခြားထားသည်ဟု ထန်ရှုထံမှ ကြားသိရသည်။ ကြီးမြတ်သောဖွဲ့စည်းပုံရှိသောသူများသည် ကြံ့ခိုင်မှုညံ့ဖျင်းသောသူများနှင့် နှိုင်းယှဉ်ပါက ကျင့်ကြံမှု ပိုမြန်လိမ့်မည်ဖြစ်သည်။ ယခုကြည့်ရသည်မှာ သူသည် စုပမ်၊ စုချွမ်တို့နှင့် ကြီးမားသော ကွာဟချက်ရှိပုံရသည်။
"မဆိုးပါဘူး။" ထန်ရှုက ခေါင်းညိတ်ပြီး ပြုံးပြုံးရွှင်ရွှင် ပြောလိုက်သည်။
"မင်းတို့ရဲ့မရီဒျာန်ထဲမှာ ချီစီးဆင်းမှုကို အာရုံခံစားနိုင်တဲ့အပြင် ကျင့်ကြံမှုလမ်းကြောင်းအတိုင်း ထိန်းချုပ်နိုင်လိုက်တာနဲ့ ကျင့်ကြံမှုလမ်းကြောင်းကို မင်းတို့အားလုံး တရားဝင် စတင်လိုက်တာပဲ။ နောက်ပြီး ကျင့်ကြံပြီး နှစ်ရက်လောက်ကြာရင် မင်းတို့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက သိသိသာသာ တိုးတက်လာလိမ့်မယ်။ အရင်ကထက် အဆပေါင်းများစွာ ပိုသန်မာသွားတာလေ။ အခု မင်းတို့ရဲ့ ခွန်အားကို စမ်းသပ်ဖို့ ကျောက်တုံးတချို့ကို မကြည့်လိုက်စမ်းပါ။"
"ငါ အရင်ကြိုးစားကြည့်မယ်။" စုပမ်က ပြန်ဖြေသည်။
ချက်ချင်းဆိုသလိုပင် ပေါင်၁၀၀အလေးချိန်ရှိသည့် ကျောက်တုံးကြီးဆီသို့ သူ၏အကြည့်များ ရောက်သွားသည်။ ယခင်က ပေါင်၁၀၀အလေးချိန် ရှိသော ကျောက်တုံးအား သူ ခက်ခက်ခဲခဲ မခဲ့ရသည်။ သူ၏လက်များက ကျောက်တုံးတစ်ဝိုက်ကို လှည့်ပတ်ရင်း ရုတ်တရက် ခွန်အားများ ထုတ်လိုက်ကာ ကျောက်တုံးကို လွယ်လွယ်ကူကူ မလိုက်သည်။ ထိုသို့ မရာတွင် မြန်လွန်းသောကြောင့် လေထဲသို့ ပစ်လိုက်လုနီးနီးပင်။
"ဘယ်လောက်တောင် ပေါ့နေရတာလဲ။" စုပမ်က မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။
"အရင်က ပေါင်၁၀၀လေးတဲ့ ကျောက်တုံးကို ရွှေ့နိုင်ရင် အခု ပေါင် ၃၀၀-၄၀၀လေးတဲ့ ကျောက်တုံးတစ်တုံးကို ရှာပြီး ရွှေ့ဖို့ ကြိုးစားသင့်တယ်။" ထန်ရှုက ပြုံးကာ ပြောလိုက်သည်။
"ပေါင် ၃၀၀-၄၀၀ထိလား။ ငါ တကယ် ရွှေ့နိုင်ပါ့မလား။" စုပမ် အံ့အားသင့်စွာ မေးလိုက်သည်။
"မင်း မကြိုးစားကြည့်ဘဲ ဘယ်လိုလုပ်သိမှာလဲ။" ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။
စုပမ်က ခိုင်မာစွာ ခေါင်းညိတ်လိုက်ပြီး ခုနစ်မီတာအကွာအဝေးရှိ ပေါင် ၄၀၀ နီးပါးရှိသော ကျောက်တုံးကြီးအား စိုက်ကြည့်လိုက်သည်။ ထို့နောက် အဆိုပါနေရာသို့ လျှောက်သွားကာ ထိုကျောက်တုံးကြီးအား ပွေ့ဖက်လိုက်သည်။
“ကြွလိုက်စမ်း…”
ကျောက်တုံး မြှောက်တက်သွားသဖြင့် ပိုလေးသော ကျောက်တုံးကြီးကို ရွှေ့မနိုင်ပြီဟုတောင် သူ ဖျတ်ခနဲ ခံစားလိုက်ရလေသည်။
ပေါင် ၅၀၀…။ ပေါင်၅၀၀လေးသော ကျောက်တုံးကို သူ ရွှေ့နိုင်သည်ဟု ခန့်မှန်းသည်။ ခွန်အားအပြည့် အားထုတ်မည်ဆိုပါက အနည်းဆုံး ၁၀မီတာကျော်ထိပင် ရွှေ့မနိုင်လောက်ပေသည်။
စုပမ်၏လုပ်ဆောင်မှုအပြီးတွင် စုချွမ်နှင့် စုရှန်ဖေးတို့သည်လည်း ကြိုးစားကြသည်။ သူတို့သည် ပေါင် ၂၀၀-၃၀၀ လေးသော ကျောက်တုံးကို အလွယ်တကူ ရွှေ့မနိုင်သည်ကို အံ့သြစွာ သူတို့ တွေ့ရှိခဲ့သည်။ သူတို့၏ခွန်အားသည် စုပမ်လောက် မသန်မာသည့်တိုင် အရင်ကထက် အနည်းဆုံး အဆပေါင်းများစွာ ပိုသန်မာလာခဲ့သည်။
ထန်ရှု ကျေနပ်သောအမူအရာဖြင့် ခေါင်းညိတ်မိသည်။ ဤလူသုံးယောက်သည် အလွန်ကံကောင်းခဲ့ကြပေရာ မရေမတွက်နိုင်သော ကျင့်ကြံသူများအား မနာလို ဖြစ်စေပေလိမ့်မည်။ သူတို့ စတင်ကျင့်ကြံသည့် ပထမဆုံး အကြိမ်မှာပင် ကမ္ဘာမြေသွေးကြော၏ စိတ်ဝိညာဉ်စမ်းချောင်းမှ အထောက်အပံ့ကို ရခဲ့ပြီး သူတို့၏ကျင့်ကြံမှုအမြန်နှုန်းသည် ဒုံးပျံကို စီးနင်းသလိုမျိုး ကောင်းကင်ထိ မြင့်တက်သွားခဲ့သည်။ ခန်းရှနှင့် အင်ဒီတို့ ကျင့်ကြံမှုတို့ကို ပြန်ပြောင်းတွေးကြည့်မိသောအခါ အင်ဒီသည် ချီစီးဆင်းမှုကို ခံစားနိုင်ရန် အချိန်များစွာ ပေးခဲ့ရပြီး ထိန်းချုပ်ရန် ဖြည်းဖြည်းချင်း ကြိုးစားခဲ့ရသလို ခန်းရှသည်လည်း လအနည်းငယ်ကြာ အချိန်သုံးခဲ့ရပေသည်။
"ရှန်ဖေး … မင်းရဲ့အဝတ်အစားတွေကို မြန်မြန်ကောက်ပြီး ဝတ်ဦးမှာလား။"
ထန်ရှု ရယ်သွမ်းသွေးလိုက်သည်။
"ဒီနေရာမှာ မိန်းကလေးတွေ မရှိနိုင်ပေမယ့် ကိုယ်လုံးတီးနဲ့ ပြေးနေတဲ့ မင်းကို ကြည့်နေရတာ အဆင်တွေ ပြေမနေဘူးနော်။"
စုရှန်ဖေး ကြောင်တောင်တောင် ဖြစ်သွားပြီးမှ နီရဲနေသော မျက်နှာဖြင့် သူ၏အဝတ်အစားများဆီသို့ ရုတ်ခြည်းပင် အမြန်ပြေးသွားကာ မြေကြီးပေါ်မှ အမြန်ကောက်ယူပြီး ဝတ်လိုက်သည်။ သို့သော်လည်း ထန်ရှု၏စနောက်မှုသည် သူ့တွင် ရှိနေသည့် မကျေနပ်မှုအကြွင်းအကျန်များကို ပပျောက်သွားစေပြီး သန့်ရှင်းလတ်ဆတ်သောခံစားမှုကို ပေးလာခဲ့သည်။
ထန်ရှုက ကောင်းကင်ကို မော့ကြည့်ရင်း
"ငါတို့ ဒီမှာ နှစ်ရက်လောက် နေခဲ့တာ။ ငါထင်တာ မမှားရင် ဒီညက နှစ်သစ်ကူးအကြိုဖြစ်ရမယ်။ ငါတို့ ပျောက်သွားလို့ အပြင်မှာ ကြီးမားတဲ့ ဝဲဂယက်ကြီးတစ်ခုကို ဖန်တီးမိမှာစိုးရတယ်။ ကဲ ကိုယ့်လူတို့ … သွားကြစို့။ ဒီကျားသစ်ကို ဒီည ငါတို့ ရှာပြီး သုတ်သင်ရမယ်။”
"ပြဿနာမရှိပါဘူး။"
"ငါတို့ သေချာပေါက် သတ်နိုင်တယ်။"
"ကောင်းပြီ။"
စုပမ်တို့သုံးယောက်သည် လက်သီးများကို ပွတ်သပ်ရင်း လှုပ်ရှားတိုက်ခိုက်ရန် စိတ်အားထက်သန်နေပုံရသည်။ သူတို့၏ခွန်အားများ ရုတ်ချည်း တိုးလာခြင်းကြောင့် သတ္တိများလည်း ပိုရှိလာသဖြင့် သူတို့၏မျက်နှာများတွင် ကြောက်ရွံ့မှု မရှိတော့ပေ။ ထန်ရှုက သူတို့သုံးယောက်ကို ပေါ့ပေါ့တန်တန် မယူဆရန် သတိပေးချင်သော်လည်း လောလောဆယ်တွင် ထိုသူတို့၏စိတ်အားထက်သန်မှုကို မထိခိုက်စေချင်ပေ။ ထို့အပြင် ထိုကျားသစ်ကြီးသည် သူ့မျက်မှောက်တွင် စုပမ်တို့၃ယောက်ကို သတ်နိုင်မည်မဟုတ်ကြောင်း သူ ယုံကြည်ထားသည်။
"သူတို့ကို နည်းနည်းတော့ အခက်အခဲ ပေးမြည်းကြည့်ရတာပေါ့။"
ထန်ရှု ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။ ထိုသုံးယောက်သည် အတူတကွ ကျောက်တုံးအစီအရင်ထဲက ထွက်လာပြီး တောထူထပ်သော တောင်ဆီသို့ ၄ယောက်သား လျင်မြန်စွာ ဝင်လာသည်။ စုပမ်၊ စုချွမ်၊ စုရှန်ဖေးတို့သုံးယောက်သည် သူတို့၏ခွန်အားများ တိုးလာသဖြင့် ယခင်အခြေအနေထက် သူတို့၏ ခွန်အားနှင့်အရှိန်သည် အဆပေါင်းများစွာ မြန်လာပြီး ပတ်ဝန်းကျင်ကို အဆက်မပြတ် အကဲခတ်ကာ အလွန်လျင်မြန်စွာ လှုပ်ရှားနိုင်လာပြီဖြစ်သည်။ ထန်ရှုသည် သူ၏စိတ်ဝိညာဉ်အာရုံကို အပြည့်အဝ ထုတ်ဖော်ထားကာ မီတာ ၄၀၀ မှ ၅၀၀ အတွင်း ပတ်ပတ်လည်ကို စောင့်ကြည့်နေခဲ့သည်။
နာရီဝက်ကျော်ကြာပြီးနောက် ထန်ရှုသည် တောင်တက်လမ်းတစ်ဝက်တွင် ရုတ်တရက် ရပ်တန့်သွားသည်။ သူက အရှေ့တောင်ဘက်ကို ညွှန်ပြရင်း အပြုံးတစ်ခုဖြင့်
“ငါတို့ အတော်ကံကောင်းတာပဲ။ ဟိုဘက်နားမှာ ကျားသစ်ရဲ့ ဟိန်းသံကို ငါ ကြားနေရတယ်။ ငါတို့နေရာနဲ့ အရမ်းနီးပြီး မီတာရာဂဏန်းလောက် အကွာအဝေးမှာပဲ။ ငါ့နောက်ကနေ ထပ်ကြပ်မကွာ လိုက်ခဲ့တော့။ ငါတို့ အဲ့ဒီကောင်ကြီးကို သတ်ပစ်ပြီး နှစ်သစ်ကူးပွဲကျင်းပဖို့ အိမ်ပြန်ကြမယ်။”
****
စုမိသားစုကျေးရွာတွင်…
စုလင်းယွမ်တစ်ယောက် စိုးရိမ်စိတ်များဖြင့် ခြံဝင်းထဲတွင် ဆောက်တည်ရာမရဟန်ဖြင့် ရပ်နေသည်။ ဂူရင်၏ပခုံးများကို ပွေ့ဖက်ထားသော သူမ၏လက်များသည် တဆတ်ဆတ် တုန်ယင်နေသည်။ ထန်ယွင်သဲ့နှင့် မုချင်းဖျင်တို့သည်လည်း စိုးရိမ်ပူပန်နေကြသော်လည်း ၎င်းတို့၏မျက်နှာပေါ်တွင် မဖော်ပြခဲ့ပေ။
"ရွာသားတွေ ပြန်လာပြီလား"
ကျန်းရှီသည် စိုးရိမ်သောကမျက်နှာဖြင့် အိမ်ထဲမှ ထွက်လာသည်။ သူမ၏ဘေးတွင် စုရန်နင်းသည် တိတ်ဆိတ်စွာ ရှိနေသည်။
“ဟင့်အင်း … သူတို့ ပြန်မလာသေးဘူး။ ကျွန်တော် အပြင်ထွက်ပြီး အနီးဝန်းကျင် မေးပြီးပြီ။” ထန်ယွင်သဲ့က ခေါင်းယမ်းသည်။
"အမေ … အိမ်မှာ ညစာ အရင်သွားပြင်ဆင်ရင်ရော ဘယ်လိုလဲ။ ကျွန်တော်လည်း သူတို့ကိုရှာဖို့ တောင်အနောက်ကို သွားလိုက်ဦးမယ်။ အခုက နှစ်သစ်ကူးအကြိုဆိုတော့ ရှုအာကို ရှာတွေ့ပြီး ပြန်လာရင် ကျွန်တော်တို့တတွေ ပူပူနွေးနွေး အစားကောင်းကောင်း စားနိုင်ပါသေးတယ်။"
"နင်က အခုမှ ရောက်ရုံရှိသေးတာလေ ယွင်သဲ့။" ကျန်းရှီက သူမ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ “တစ်ခုခုမလုပ်ခင် အနားယူလိုက်ဦး။ နောက်ပြီး ငါတို့ရွာက လူတော်တော်များများက မြို့နယ်ရဲအရာရှိတွေ၊ ခရိုင်ရဲအရာရှိတွေနဲ့အတူ အဲ့ဒီကို သွားကြတယ်။ သူတို့တွေ ရှုအာကို ရှာတွေ့မှာ သေချာပါတယ်။"
ထိုအချိန်တွင် ဘေးအိမ်တွင်နေထိုင်သော ချန်ဟွေ့ရင်သည် အထဲသို့ ဝင်လာခဲ့သည်။ ထန်ယွင်သဲ့နှင့် စုလင်းယွမ်ကို တွေ့သော် သူမ အနည်းငယ် အံ့သြသွားဟန်ရပြီး ချက်ချင်း မေးလိုက်သည်။
“ဘယ်လိုတဲ့လဲ။ တစ်ယောက်ယောက်က သူတို့ကို ရှာတွေ့ခဲ့ပြီလား။"
“ဟင့်အင်း … သူတို့ကို မတွေ့သေးဘူး။ ခဏလောက် ထပ်စောင့်ရအောင်။" ကျန်းရှီ သက်ပြင်းချလိုက်မိသည်။
ချန်ဟွေ့ရင်က စိတ်ပူပန်သော အမူအရာဖြင့် "ဒီနတ်ဆိုးလေးတွေက တကယ်ကို ရူးသွပ်တာပဲ။ ဒီသားရဲကို သတ်ချင်ရင်တောင် ဒီအန္တရာယ်များတဲ့ စွန့်စားမှုကို ယူပြီး တောင်ဆီကို စွန့်စွန့်စားစား သွားရမယ်လို့ မဆိုလိုပါဘူး။ ပမ်အာ တစ်ခုခုဖြစ်သွားရင် ငါ... ငါအသက်မရှင်ချင်တော့ဘူး။"
"စိတ်မပူပါနဲ့ မရီး။" ထန်ယွင်သဲ့က သူမကို အမြန်နှစ်သိမ့်ပေးသည်။
" ရှုအာမှာ အစွမ်းအစ ရှိပါတယ်။ သာမန်သားရဲမပြောနဲ့ … အဲဒီအရာက မွန်းစတားဆိုရင်တောင် သူ ကြောက်မှာ မဟုတ်ဘူး။ သူတို့ တောင်အတွင်းဘက်ထိ သွားရှာတာ ဖြစ်နိုင်တယ်။ မတွေ့ရင် သူတို့တွေ ဒီည ပြန်လာမယ်လို့ ကျွန်တော် ယုံကြည်တယ်။”
****
စုကျေးရွာအနီးရှိ တောင်ထိပ်တွင်…
ရာနှင့်ချီသော ရွာသားများနှင့် ရဲအရာရှိများသည် လက်နှိပ်ဓာတ်မီးနှင့် လက်နက်များ ကိုင်ဆောင်ကာ နေရာအနှံ့ ရှာဖွေနေကြရာ အဆက်မပြတ် အော်ဟစ်သံများ ကြားနေရသည်။
ခရိုင်ပြည်သူ့လုံခြုံရေးဗျူရိုအကြီးအကဲ ကျောက်တုန်ဟဲသည် အသံချဲ့စက်ကို ကိုင်ဆောင်ပြီး ထန်ရှုတို့၄ယောက်၏အမည်များကို အော်နေခဲ့သည်။ မူလက သူသည် အိမ်သို့ ပြန်ရောက်နေပြီဖြစ်ပြီး ဇနီးနှင့် သားသမီးများနှင့်အတူ နှစ်သစ်ကူးဆောင်ပုဒ်များ ကပ်ရန် ပြင်ဆင်နေသည့်အပြင် နှစ်သစ်ကူးအတွက် ပစ္စည်းအချို့လည်း ဝယ်နေခဲ့သည်။ ထို့နောက် စုကျေးရွာမှ လူငယ်လေးဦးသည် ရွာသားများကို သတ်ခဲ့သည့် သားရဲကို ရှာဖွေရန် ယနေ့ တောင်ပေါ်သို့ တက်သွားကြောင်း ဖုန်းလက်ခံရရှိခဲ့သည်။ ထို့ကြောင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ရဲတပ်ဖွဲ့ဝင် ဒါဇင်ပေါင်းများစွာကို ဆင့်ခေါ်ကာ စုကျေးရွာသို့ ရောက်လာခဲ့ခြင်းဖြစ်တော့သည်။
စုမိသားစုကျေးရွာသို့ သွားရာလမ်းတွင် သူသည် ထိုသူတို့ကိုရှာရန်အတွက် လူတစ်ဦးကို ရှာရန် စီစဉ်ထားပြီး ရှာမတွေ့ပါက အများဆုံး တစ်ရက်သာ ရှာမည်ဟု တွေးထားသည်။ စုမိသားစုကျေးရွာသို့ ရောက်ပြီးနောက် ထိုလူငယ်လေးယောက်ထဲက တစ်ယောက်သည် ထန်ရှု ဖြစ်သည်ဟု မည်သူက ထင်ပါမည်နည်း။
သူ ချက်ချင်း စိတ်ပြောင်းသွားရကာ ထိုလေးယောက်အဖွဲ့ကို ရက်မည်မျှ ကြာကြာ မည်မျှ ကုန်ကုန်ရှာရမည်ဟု ညွှန်ကြားလိုက်တော့သည်။
ကျောက်တုန်ဟဲသည် ထန်ရှုကြောင့်သာ ခရိုင်ပြည်သူ့လုံခြုံရေးဗျူရို၏အကြီးအကဲထိုင်ခုံတွင် သူ ထိုင်ရသည်ကို ကောင်းစွာ သိရှိထားသည်။ ထိုအချိန်က ပြည်သူ့လုံခြုံရေးဗျူရို၏အကြီးအကဲရာထူးအတွက် သူနှင့်အတူ ယှဉ်ပြိုင်ခဲ့သူမှာ ခရိုင်တရားသူကြီးချုပ် ရဲမင်းကြီးတဖြစ်လဲ တရားသူကြီးဟောင်ဖြစ်သည်။ ထိုရာထူးသည် ထန်ရှုကြောင့် ရခဲ့သည်ဟု ဆိုရခြင်းမှာ အထက်ခေါင်းဆောင်များထံမှ တိုက်ရိုက်ညွှန်ကြားချက်ဖြင့် လာခြင်းဖြစ်သည်။ မြူနီစပယ် စည်းကမ်းစစ်ဆေးရေး ကော်မရှင်ကပင် ခရိုင်တရားသူကြီးချုပ်ဟောင်အား စုံစမ်းစစ်ဆေးရန် အဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့ရာ ရလဒ်အနေဖြင့် ထိုလူသည် ယခုချိန်ထိ ထောင်ထဲမှာပင် ရှိနေသေးသည်။
ထန်ရှု၏နောက်ကွယ်က လူများသည် မည်သူများ ဖြစ်သည်ကို သူ မသိသော်လည်း သူ အခိုင်အမာ ပြောနိုင်သည်မှာ တရားသူကြီးဟောင်ကို စုံစမ်းရန် ရောက်လာသော အဖွဲ့သည် ခရိုင်မြို့က မဟုတ်ဘဲ မြို့တော်က လူတစ်ယောက်က ဦးဆောင်လာခဲ့ခြင်း ဖြစ်သည်။
"အကြီးအကဲကျောက် … ကျွန်တော်တို့ နောက်ထပ် မစွန့်စားနိုင်တော့ဘူး။ အရမ်းအန္တရာယ်များတယ်။" ကျောက်တုန်ဟဲ၏ဘေးမှ လိုက်ပါနေသည့် မီးသတ်တပ်ဖွဲ့ခေါင်းဆောင်က မချိပြုံး ပြုံးပြပြီး စကားဆိုလာသည်။ ဤတောင်၏အနောက်ဘက်တွင် သားရဲတိရစ္ဆာန်များစွာဖြင့် ပြည့်နှက်နေပြီး မြေမျက်နှာသွင်ပြင်သည် မတ်စောက်သောကြောင့် သတိလက်လွတ်ဖြစ်ကာ အနည်းငယ် သတိမထားမိလိုက်ရုံဖြင့် အန္တရာယ် ကျရောက်နိုင်ကြောင်း စုကျေးရွာသားများထံမှ သူတို့ သိရှိထားသည်။
ကျောက်တုန်ဟဲသည် လက်သီးများအား တင်းတင်းဆုပ်ထားသည်။ တောင်ပေါ်၌ ဘေးတစ်ဖက်တစ်ချက်ဆီသို့ ရှာဖွေရေးဆင်းသည်မှာ တစ်နေ့တာ ကုန်ဆုံးနေပြီဖြစ်သောကြောင့် သူသည် အံကို ကြိတ်ကာ
“မဟုတ်ဘူး … ဘယ်လောက်အန္တရာယ်များနေပါစေ ဒီလူငယ်လေးယောက်ကို ငါတို့ တွေ့အောင် ရှာရမယ်။ ရွာသားတွေကတော့ ပင်ပန်းနေလောက်ပြီပေါ့။ သူတို့တွေ ဘယ်သူမဆို ဆက်မလိုက်နိုင်တော့ရင် ချက်ချင်း ပြန်သွားလို့ရတယ်လို့ ပြောလိုက်။ ငါကိုယ်တိုင် အဖွဲ့ကို ဦးဆောင်ပြီး ပိုနက်တဲ့နေရာထိ စွန့်စားရှာဖွေမယ်။”
မီးသတ်တပ်ဖွဲ့ခေါင်းဆောင်သည် ဇဝဇေဝါဖြစ်နေသည်။ ကျောက်တုန်ဟဲသည် အဘယ်ကြောင့် ဤမျှ ခေါင်းမာပြီး ဤရှာဖွေမှုတွင် ဇွဲမလျှော့နိုင်ရပါသနည်း။
သူတို့က လူငယ်လေးယောက်ပဲ မဟုတ်လား။ သစ်တောနက်သောတောင်တန်းတွင် ပျောက်ဆုံးသွားခြင်းသည် သာမန်ကိစ္စဖြစ်ပြီး အန္တရာယ်လည်း မကျနိုင်ဟုလည်း မပြောလိုပါ။ ထို့ထက်ပိုသည်က လူများစွာသည် ၎င်းတို့ကိုရှာဖွေရန် တောတောင်ထဲသို့ နက်ရှိုင်းစွာသွားခဲ့ကြပြီဖြစ်သည်။ ထို့အပြင် ညသည် မှောင်မည်းလာပြီဖြစ်သောကြောင့် ပိုမိုနက်သောနေရာသို့ စွန့်စားလိုက်သည်နှင့် လူအချို့ ထိခိုက်ဒဏ်ရာ ရရှိမည်မှာ မလွဲမသွေပင်ဖြစ်သည်။ ဤအကြောင်းပြချက်များအားလုံးဖြင့် ကြိုးစားအားထုတ်မှုသည် ထိုက်တန်ပါ၏လော။
"အကြီးအကဲကျောက် … ကျွန်တော့်မီးသတ်သမားတွေက သူတို့ကိုရှာဖို့ ပိုပြီးနက်တဲ့နေရာထိ စွန့်စားလိမ့်မယ်။ ဒါပေမယ့် အရပ်သားတွေက ပင်ပန်းနေပြီ။ သူတို့ကို အကြီးအကဲ ခေါ်သွားပြီး ပြန်သွားရင်တော့ အကောင်းဆုံး ဖြစ်မယ်ထင်တယ်။ ကျွန်တော်တို့နဲ့ လိုက်ဖို့ ရဲအရာရှိတချို့ကို တာဝန်ပေးလိုက်ပါ။” မီးသတ်တပ်ဖွဲ့ခေါင်းဆောင်က လေးနက်သော သဘောထားဖြင့် ပြောသည်။
“ငါ့ကို ဆွဲဆောင်ဖို့ မလိုဘူး။ ငါ ဒီမှာပဲ နေမယ်။"
***