← Chapters

တောထူထပ်သော တောင်တန်းအား သွေးဖြင့် ချယ်မှုန်းသည်

Vol. 46 Ch. 633

တောထူထပ်သော တောင်တန်းအား သွေးဖြင့် ချယ်မှုန်းသည်

Vol. 46 Ch. 633

ညသည် ပိန်းပိတ်အောင် မည်းမှောင်နေ၏။ တောတောင်ပတ်လည်ရှိ တောရိုင်းတိရိစ္ဆာန်များ၏ ဟောက်သံများအပြင် ပတ်ဝန်းကျင်လေထုသည် အထူးပင် စိတ်မကြည်မသာဖြစ်စေလောက်အောင် အေးစက်အုံ့မှိုင်းနေခဲ့သည်။ နွားတစ်ကောင်အရွယ် ရှိသော ကျားသစ်သည် ၎င်း၏ အစိမ်းရောင်သန်းနေသော မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို အဆက်မပြတ် စောင့်ကြည့်ရင်း ၎င်း၏ တုတ်ခိုင်သန်စွမ်းသော ခြေလက်များကို လှုပ်ရှားကာ ဗိုက်ကို ပြည့်တင်းစေမည့် သားကောင်အား ရှာဖွေလျက် ရှိသည်။

"မင်းတို့အားလုံး ဒီမှာပဲ စောင့်နေ။ ငါ အဲ့ဒီကောင်ကို သွားသတ်လိုက်မယ်။"

မီတာများစွာအကွာအဝေးရှိ သစ်ကိုင်းတစ်ကိုင်းပေါ်မှ ထန်ရှု၏မျက်လုံးများထဲတွင် အေးစက်သော အရိပ်တစ်ခု လင်းလက်သွားပြီး တီးတိုးလေသံဖြင့် စကားဆိုလိုက်သည်။

စုပမ်က ထန်ရှုကို ပိတ်ဆို့လိုက်ပြီး စိတ်အားထက်သန်စွာ ပြောလာသည်။

"ထန်ရှု … ငါတို့သုံးယောက်ရဲ့ ခွန်အားနဲ့ အမြန်နှုန်းတွေ အဆပေါင်းများစွာ တိုးလာတယ်။ နောက်ပြီးတော့ ကျားသစ်က အရမ်းသန်မာနေရင်တောင် ငါတို့အားလုံးကို အနိုင်ယူဖို့ မဖြစ်နိုင်ဘူးဆိုတာ သေချာတယ်။ ငါတို့သုံးယောက်ကို ကြိုးစားခွင့်ပြုပါ။"

“ဒါက မင်းမြင်ဖူးနေကျ သာမာန်ကျားသစ် မဟုတ်ဘူး အစ်ကိုပမ်…။ ဒီကောင်ကြီးက ဉာဏ်ရည်ဉာဏ်သွေး မြင့်မားပြီး ရက်စက်တဲ့ သားရဲတစ်ကောင်ပဲ။ တောရိုင်းတိရိစ္ဆာန်တွေက ကျင့်ကြံသူတွေကို ခြိမ်းခြောက်မှုအများကြီး မလုပ်ဆောင်နိုင်ကြပေမယ့် သားရဲတိရစ္ဆာန်တွေဆိုရင်တော့ ဒါက လုံးဝခြားနားတဲ့ ဇာတ်လမ်းဖြစ်သွားပြီ။ အခုတောကောင်ကြီးက ကျွန်တော့်လေ့လာချက်အရဆိုရင် သာမန် တောကောင်ကြီးမဟုတ်တဲ့အပြင် အနည်းဆုံး အဆင့်နိမ့်တဲ့ အကောင်ကြီးတောင် မဟုတ်ပါဘူး။ အစ်ကိုတို့အားလုံး တိုက်ပွဲအတွေ့အကြုံ မရှိသေးတာမို့ သုံးယောက်သား အတူတွဲပြီး တိုက်ခိုက်ရင်တောင် မင်းတို့ သူ့ရဲ့ပြိုင်ဘက် ဖြစ်မှာ မဟုတ်ဘူး။ ကောင်းကောင်းမတိုက်ခိုက်နိုင်ရင် ဒီအကောင်ကြီးက မင်းတို့ကို သတ်ပစ်နိုင်တယ်။”ထန်ရှုက တုံ့ဆိုင်းစွာ ပြောလိုက်သည်။

"မင်း ငါတို့နဲ့ ရှိနေမယ်မဟုတ်လား။" စုပမ်က လေသံတိုးတိုးဖြင့် မေးလာသည်။

"ငါတို့ သုံးယောက် တကယ် အန္တရာယ်ကြုံတွေ့လာရင် ငါတို့ကို ကယ်တင်နိုင်ဖို့ မင်းမှာ ယုံကြည်မှုရှိလား။"

ချီတုံချတုံအမူအရာဖြင့် ထန်ရှုက ခေါင်းညိတ်ပြီး "အင်း … ငါ ယုံကြည်ချက်အချို့တော့ ရှိပါတယ်။"

“မင်းမှာ ယုံကြည်မှုရှိတယ်ဆိုကတည်းက ငါတို့ ဘာမှ မကြောက်တော့ဘူး။” စုပမ်က လေးနက်စွာ ပြောလိုက်သည်။

“အနာဂတ်မှာ မင်းရဲ့လမ်းကြောင်းအတိုင်း ငါတို့ လျှောက်သွားမှာမို့ ဒီတိုက်ပွဲကို ငါတို့ တိုက်ဖို့လိုတယ်။ တကယ့်အစစ်အမှန် တိုက်ပွဲကို ငါတို့ လိုတယ်။ ဒီနှစ်ရက်အတွင်း ကျင့်ကြံမှုလောကဆိုတာ ဘယ်လောက် ရက်စက်ကြမ်းကြုတ်ပြီး အန္တရာယ်ရှိတယ်ဆိုတာကို မင်းစကားတွေအရ ငါတို့ သိထားပြီ။ ငါတို့သုံးယောက်ကို လေ့ကျင့်ပေးတဲ့ မင်းရဲ့ကြိုးစားအားထုတ်မှု အလဟသ ဖြစ်သွားတာကို မင်း မလိုချင်ဘူးမလား။"

ထန်ရှုသည် စုချွမ်နှင့် စုရှန်ဖေးကို ကြည့်လိုက်သည်။ သူတို့၂ယောက်သည်လည်း တုံ့ဆိုင်းခြင်းမရှိဘဲ ခေါင်းညိတ်ပြပြီး သူတို့၏အမူအရာမှာ လေးလေးနက်နက် ဖြစ်နေသည်။ ထန်ရှု သက်ပြင်းတစ်ချက် ချကာ ခေါင်းညိတ်ပြလိုက်ပြီး “မင်းတို့အားလုံး ဆုံးဖြတ်ပြီးသားမို့ တိုက်ခိုက်ကြ။ ဒါပေမယ့် မင်းတို့ရဲ့သတိအာရုံကို ဘယ်တော့မှ မလွတ်စေရဘူး။ နည်းနည်းလေးမှ ဂရုမစိုက်လို့ မရဘူးဆိုတာ သတိရပါ။"

"နားလည်ပြီ။" ထိုသုံးယောက်က သူတို့၏လက်နက်များကို ဝင့်ကိုင်ကာ ခေါင်းညိတ်ပြသည်။

ကျားသစ်သားရဲကောင်နောက်သို့ တိတ်တဆိတ် ခြေဖော့နင်းကာ သွားနေကြသော သူတို့၏နောက်ကျောကို ငြိမ်သက်စွာ ကြည့်ရင်း ထန်ရှုသည် စက္ကန့်များစွာကြာအောင် တိတ်ဆိတ်နေခဲ့ပြီးမှ ပျောက်ကွယ်သွားတော့သည်။ သူ၏ခန္ဓာကိုယ်သည် မျောလွင့်သွားသော သစ်ရွက်ကြွေအလား ကျားသစ်သားရဲနှင့်နီးသော သစ်ပင်တစ်ပင်ပေါ်၌ ပြန်ပေါ်လာခဲ့သည်။

ဝေါင်း…

စုပမ်တို့၃ယောက် ကျားသစ်နှင့်ဆယ်မီတာအကွာသို့ ရောက်သောအခါ ကျားသစ်သားရဲကောင်သည် လူအချို့က ၎င်းအနီးသို့ ချဉ်းကပ်လာနေသည်ကို ကောင်းစွာ သိရှိထားပြီးဖြစ်သည်။ ထို့အပြင် ထိုလူသားသုံးဦးသည် လမ်းကြောင်းသုံးခုမှ သူ့ဆီ ချဉ်းကပ်လာနေခဲ့သည်။ ရုတ်ခြည်းပင် သတ်ဖြတ်လိုသောစိတ်သည် သူ၏မျက်လုံးများအတွင်း တောက်ပလာပြီး သူ၏ခန္ဓာကိုယ်ကို အားယူကာ စုပမ်ဆီသို့ ချက်ချင်းပင် ပြေးလွှားသွားတော့သည်။

“သားရဲကောင်…”

စုပမ်သည် သူ၏လက်ထဲမှ မှိန်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး လေဟုန်ခွင်းကာ ခုန်အုပ်လာသော ကျားသစ်သားရဲကြီးအား လွှဲရိုက်လိုက်သည်။ သို့သော် ကျားသစ်သားရဲ၏အရှိန်သည် မြန်ဆန်လွန်းသဖြင့် မျက်စိတစ်မှိတ်အတွင်း မှိန်း၏ရုတ်တရက်ရိုက်ချက်ကို ရှောင်လွှဲကာ စုပမ်၏ဦးခေါင်းကို ရိုက်ပုတ်ရန် အမြင့်သို့ ခုန်တက်သွားသည်။

စုပမ်၊ စုချွမ်နှင့် စုရှန်ဖေးတို့၏ တိုက်ခိုက်ရေး အတွေ့အကြုံကို နှိုင်းယှဉ်ကြည့်မည်ဆိုပါက စုပမ်၏ တိုက်ခိုက်ရေးအင်အားသည် ထို၃ယောက်ထဲတွင် အသန်မာဆုံးဖြစ်ပြီး တိုက်ခိုက်နိုင်သူလည်း ဖြစ်သည်။ အထူးသဖြင့် သူသည် ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုသို့ ဝင်ရောက်ပြီးနောက်တွင် အလွန်တင်းကျပ်သော လေ့ကျင့်မှုကို ခံယူခဲ့ရသည်။ အနီးကပ်တိုက်ပွဲအပြင် လက်နက်ဖြင့် တိုက်ခိုက်နည်းကိုလည်း လအနည်းငယ်ကြာ လေ့လာသင်ယူခဲ့ရသည်။ ထို့ကြောင့် ဤသို့သော အကျပ်အတည်းကို ရင်ဆိုင်ရသည့်အခါ သူသည် မထိတ်လန့်ခဲ့ပေ။ စုပမ်သည် ရုတ်တရက် ဘေးသို့ ပြေးသွားပြီး သူ၏ မှိန်းကို အသုံးပြုကာ တန်ပြန်တိုက်ခိုက်လိုက်ခြင်းကြောင့် နောက်ဆုံးတွင် ကျားသစ်၏ချွန်ထက်သော ခြေသည်းများ အန္တရာယ်မှ ရှောင်ရှားနိုင်ခဲ့သည်။

"ဘယ်လောက်တောင် မြန်လိုက်တဲ့ အကောင်ကြီးလဲ။"

သူ ပြန်ထရပ်လိုက်သောအခါ ကျားသစ်သားရဲကြီးသည် သူ့ဆီသို့ အလင်းတန်းအလား ရောက်လာနေပြီ ဖြစ်သည်။ သူသည် ယခုအချိန်တွင် အလွန်အားကောင်းလာပြီဟု ကိုယ့်ကိုယ်ကိုယ် ထင်နေမိသော်လည်း ကျားသစ်သားရဲကြီး၏ ပြင်းထန်ပြီး လျင်မြန်သော တိုက်ခိုက်မှုအား ကြောက်လန့်နေဆဲဖြစ်သည်။ သူသည် ထိုသားရဲကြီး၏ တိုက်ခိုက်မှုကို တုံ့ပြန်ရန် မကြိုးစားဘဲ မြေပြင်ထက်တွင် နောက်တစ်ကြိမ် လှည့်ပတ်ကာ ရှောင်ရှားပြီး ထိုအရှိန်ဖြင့် စုချွမ်ရှိနေရာဆီသို့ ပြေးသွားသည်။

“သတိထား…”

စုပမ်၏အနောက်သို့ ပြေးလိုက်နေသည့် ကျားသစ်သားရဲကြီးတစ်ကောင်ကို မြင်လိုက်ရသောအခါတွင် စုချွမ်၏နှလုံးသားလေးသည် ကြောက်ရွံ့မှုကြောင့် တဒုန်းဒုန်း ခုန်ပေါက်နေသည်။ ထိုခံစားချက်အား ဖွင့်ထုတ်ရန် ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး သံဂေါ်ပြားကို ဝှေ့ယမ်းလိုက်သည်။

ရွှ တ်…

စုပမ်၏နှလုံးသားသည် ကြမ်းကြမ်းတမ်းတမ်း တုန်လှုပ်လာကာ ဘေးသို့ ချက်ချင်း ရှောင်ထွက်သွားသော်လည်း သူ၏ဘယ်ဘက်လက်မောင်းသည် ကျားသစ်၏လက်သည်းချက်မိကာ စုတ်ပြဲသွားပြီး သွေးများထွက်လာသည်။ တစ်ချိန်တည်းမှာပင် စုချွမ် ရောက်လာပြီး ကျားသစ်သားရဲ၏ခါးလယ်အား သံဂေါ်ပြားဖြင့် ရိုက်ကာ နောက်ဆုတ်သွားစေသည်။

"အစ်ကိုပမ် … မင်း အဆင်ပြေလား။"

စုပမ်၏အရှေ့တွင် ကွယ်ရပ်ပြီး စုချွမ်က စိုးရိမ်ပူပန်စွာ မေးလိုက်သည်။

စုပမ် မြေပြင်ထက်မှ ခုန်ထလာပြီး စုချွမ်နှင့် ဘေးချင်းယှဉ်ကာ ကျားသစ်သားရဲကြီးအား လျင်မြန်စွာ ရင်ဆိုင်လိုက်သည်။ စုပမ်က တည်ငြိမ်စွာဖြင့်

“ငါ အဆင်ပြေတယ်။ ဒဏ်ရာတော့ ရသွားတယ်။ မင်းတို့နှစ်ယောက် တအားသတိထားကြ။ ဒီကောင်ကြီးက အရမ်းမြန်တယ်။ ငါတောင် တစ်ခါနှစ်ခါအပြင် မလွတ်နိုင်တော့ဘူး။ မင်းတို့နှစ်ယောက်လုံးရဲ့အရှိန်က ငါ့လောက် မမြန်ဘူးဆိုတော့ အရမ်းသတိထားရမယ်။"

"ကောင်းပြီ။ (နားလည်ပြီ။)"

စုချွမ်နှင့် စုရှန်ဖေးတို့သည် တစ်ပြိုင်နက်တည်း ပြန်ဖြေသည်။

ဝေါင်း…

ကျားသစ်သားရဲကြီးသည် လှောင်ပြောင်လိုသော အမူအရာဖြင့် သူတို့အား ကြည့်နေဟန်ရသည်။ ဟိန်းဟောက်သံနှင့်အတူ လက်နက်များ ကိုင်ဆောင်ထားပြီး ကြောက်ရွံ့မှု လုံးဝမရှိသော သူတို့သုံးယောက်ဆီသို့ တစ်ဟုန်ထိုး ပြေးလာသည်။ သည်တစ်ကြိမ်တွင် ၎င်း၏အရှိန်က ပိုမြန်လာပြီး လေးကနေ ပစ်လွှတ်လိုက်သည့် ချွန်ထက်သည့် မြှားတစ်စင်းလိုပင်။

ဘန်း…ဘန်း…ဘန်း…

စုပမ်၊ စုချွမ်နှင့် စုရှန်ဖေးတို့ ကိုင်ဆောင်ထားသော မှိန်း၊ သံဂေါ်ပြား၊ လှံနှင့် ကြိုးတပ်လှံတို့သည် ကျားသစ်၏ခန္ဓာကိုယ်ကို တပြိုင်နက်တည်း ထိမှန်သော်လည်း သားရဲကောင်က ဖြုံပင်မဖြုံချေ။ သို့သော် ၎င်း၏ချွန်ထက်သော လက်သည်းများက စုရှန်ဖေးနှင့် စုချွမ်တို့၏လက်မောင်းများပေါ်တွင် နက်ရှိုင်းသော ဒဏ်ရာအနည်းငယ် ကျန်ရစ်စေခဲ့သည်။

ဘန်း...

သူတို့သုံးယောက်၏စိတ်ကူးများထက် ကျော်လွန်စွာ ကျားသစ်သားရဲသည် စုရှန်ဖေးနှင့် စုချွမ်တို့၏လက်မောင်းများကို ကုတ်ခြစ်ပြီးနောက်တွင် မထင်မှတ်ပဲ လေထဲတွင် ကိုယ်ကို လှည့်လိုက်ပြီး စုပမ်၏နောက်ကျောအား ၎င်း၏ချွန်ထက်သော လက်သည်းနှစ်ဖက်ဖြင့် ပုတ်လိုက်သည်။ စုပမ်၏ကျောပြင်သည် စုတ်ပြဲသွားခြင်းကြောင့် ဒဏ်ရာများစွာမှ သွေးများ စီးကျလာကာ ခုနစ်မီတာကျော်ထိ လွင့်စဉ်သွားရပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားတော့သည်။

“အစ်ကို ပမ် … (စုပမ်…)"

စုချွမ်နှင့် စုရှန်ဖေး၏မျက်နှာများ သိသိသာသာ ပျက်သွားသည်။ သူတို့အားလုံး ကျားသစ်သားရဲအား သံဂေါ်ပြား၊ လှံတို့ဖြင့် ထိုးခုတ်ကာ ကျားသစ်ကို နောက်ဆုတ်သွားစေပြီး စုပမ်ဆီသို့ အပြေးသွားကြသည်။

ထန်ရှုသည် မီတာများစွာအကွာအဝေးရှိ သစ်ပင်အကိုင်းအခက်များပေါ်တွင် တည်ငြိမ်သော အမူအရာဖြင့် ရပ်နေရင်း သူ၏မျက်လုံးများထဲတွင် အလင်းတစ်ချက် လက်သွားသည်။ ယခုတိုက်ပွဲသည် သူ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။ ကျားသစ်ကြီးသည် ထိုသုံးယောက်အား ဒဏ်ရာရစေမည်မှာ အမှန်ပင်ဖြစ်သော်လည်း သူတို့ကိုသတ်ရန်မှာမူ ၎င်းအတွက် လွန်စွာ ခက်ခဲမည်ဖြစ်သဖြင့် တိုက်ပွဲတွင် သူကိုယ်တိုင် ပါဝင်ခြင်းမှ ရှောင်ကြဉ်ခဲ့သည်။

သို့သော် ကျားသစ်သားရဲအား ထို၃ယောက်သည်လည်း သတ်နိုင်မည်မဟုတ်ဟု သူ ခန့်မှန်းနိုင်သည်။ သားရဲသည် ကြောက်မက်ဖွယ်ကောင်းပြီး ထိခိုက်ဒဏ်ရာမရလုနီးပါး ဖြစ်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသောကြောင့် မှိန်း သို့မဟုတ် လှံသည် ၎င်းကို ထိုးဖောက်နိုင်ခြင်း ရှိ၊ မရှိ မသေချာပေ။ ထန်ရှု တစ်ခဏမျှ တွေးတောနေစဉ် ကျားသစ်သားရဲကြီးသည် ထိုသုံးယောက်ရှိရာသို့ အပြေးအလွှား ခုန်အုပ်လိုက်သည်ကို တွေ့လိုက်ရသဖြင့် သူသည် ထိုနေရာသို့ ချက်ချင်းပင် အလင်းတန်းသဖွယ် ရောက်သွားတော့သည်။

ဝှစ်…

သူ၏ပုံသဏ္ဍာန်သည် လေထဲမှ ပျံဆင်းသွားသည့်နောက်တွင် အရိပ်များစွာ ချန်ရစ်ထားခဲ့သည်။ သူ့လက်ထဲက သွေးသောက်ဓားမြှောင်သည် ကျားသစ်၏ကျောအား နီစွေးသော အလင်းတန်းတစ်ခုအလား ထိုးဖောက်ဝင်ရောက်သွားတော့သည်။

အူး…ဝေါင်း...

ပြင်းထန်သောနာကျင်မှုကြောင့် ကျားသစ်သားရဲသည် ထိတ်လန့်တုန်လှုပ်သွားကာ ၎င်း၏လှုပ်ရှားမှုများကို ရပ်တန့်ခဲ့သည်။ ရူးသွပ်လောက်သော နာကျင်မှုကြောင့် ၎င်းသည် တုန်လှုပ်ချောက်ချားစွာ လှည့်လာခဲ့ပြီး ထန်ရှုအား ကြည့်လာသည်။ သူ့အရှေ့ကလူသည် ကြီးမားသည့် ခြိမ်းခြောက်မှုကြီးကို ပေးစွမ်းနိုင်သဖြင့် တခြားလူသုံးယောက်ကို မသတ်ခင် ဒီလူကို အရင်ဆုံး ဖယ်ရှားရန် သူ ဆုံးဖြတ်လိုက်တော့သည်။

တောက်ပနေသော ဥက္ကာပျံ ကြွေကျလာသည့်အလား ကျားသစ်သားရဲကြီးသည် ထန်ရှု၏အရှေ့သို့ ဝုန်းကနဲ ရောက်လာပြီး ၎င်း၏ချွန်ထက်သော လက်သည်းများဖြင့် ထန်ရှု၏ဦးခေါင်းအား ဆွဲပုတ်လိုက်သည်။

"သေပေတော့…"

ထန်ရှု၏မျက်လုံးများထဲတွင် အေးစက်သော အရိပ်တစ်ခု လင်းလက်သွားသည်။ သွေးသောက်ဓားမြှောင်သည် အရှေ့မှ ချက်ချင်း ဖြတ်သန်းသွားကာ ကျားသစ်သားရဲကြီး၏ လက်သည်းများကို အလွယ်တကူ ဖြတ်တောက်လိုက်သည်။ တစ်ချိန်တည်းမှာပဲ ထန်ရှုက ၎င်း၏ဝမ်းဗိုက်ဆီသို့ ကန်ချက်ပြင်းပြင်းတစ်ချက် ကန်သွင်းလိုက်သည်။ သားရဲကောင်ကြီး၏ ကြီးမားသောခန္ဓာကိုယ်သည် ဦးစိုက်ဂျွမ်းပြန် လွင့်ထွက်သွားသည့်အခိုက်တွင် ထန်ရှုသည် ၎င်းဆီသို့ အရိပ်တစ်ခုပမာ ရောက်သွားခဲ့ပြီး သွေးသောက်ဓားမြှောင်သည် သားရဲကောင်ကြီး၏ လည်ပင်းအောက်ပိုင်းသို့ ထိုးဖောက်ဝင်ရောက်ကာ ရှည်လျားသော ဒဏ်ရာတစ်ခုအဖြစ် ဆွဲခွဲလိုက်တော့သည်။

သွေးများ ငေါက်ကနဲ ပန်းထွက်လာသည်။

ထိုမှသာလျှင် ကျားသစ်သားရဲသည် ကြောက်ရွံ့ခြင်းကို ခံစားလာခဲ့ရသည်။ သည်လောက်မြန်သည့်လူအား သူ တစ်ခါမှ မကြုံဖူးသလို သည်လောက်ပြင်းထန်သည့် ဒဏ်ရာကိုလည်း သူ တစ်ခါမှ မရခဲ့ဖူးပေ။ သူ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီး ရှေ့ခြေနှစ်ချောင်းကို ဆုံးရှုံးလိုက်ရသည့် ပြင်းထန်သော ဝေဒနာကို ကြံ့ကြံ့ခံကာ သစ်တောထူထပ်သောတောင်ပေါ်သို့ ပြေးသွားတော့သည်။

"မင်းတော့ သေပြီပဲ။"

ထန်ရှု၏လက်ထဲက သွေးသောက်ဓားမြှောင် ပျံထွက်လာပြီး အလင်းတန်းတစ်ခုအသွင် ပြောင်းသွားကာ ကျားသစ်သားရဲ၏ဝမ်းဗိုက်အား ဘေးဘက်ကနေ ထိုးဖောက်ဝင်ရောက်သွားလေသည်။ ထိုသို့ထိုးဖောက်ဝင်ရောက်မှုကြောင့် သားရဲကြီး၏ခန္ဓာကိုယ်သည် တုန်ရီလာခဲ့ပြီး ခုနစ်မီတာကျော်အကွာရှိ သစ်ပင်ကြီးတစ်ပင်၏ အောက်တွင် ဝုန်းကနဲ လဲကျသွားသည်။ ထိုဓားချက်သည် ၎င်း၏ဝမ်းဗိုက်ကို ထိုးဖောက်ကာ လည်ပင်းအထိ ပွင့်ဟသော ဒဏ်ရာတစ်ခု ဖြစ်သွားစေသည်။ ထိုပြင်းထန်စွာ ရရှိခဲ့သော ဒဏ်ရာ၂ခုသည် ကျားသစ်သားရဲကြီးအား စိတ်ပျက်အားငယ်မှုနှင့် စိုးရွံ့ကြောက်လန့်မှုအား ဖြစ်ပေါ်စေသည်။ ၎င်းသည် မြေပြင်မှ တွားသွားထရန် ကြိုးစားသော်လည်း ၎င်း၏ခန္ဓာကိုယ်မှ ထွက်လာသော သွေးများသည် စမ်းရေအလား တသွင်သွင် ဖြစ်နေသောကြောင့် သူ့အား သွေးအားနည်းကာ အားပျော့သွားစေသည်။ အထူးသဖြင့် ၎င်း၏ရှေ့ခြေဖဝါးနှစ်ဖက်သည် ဖြတ်တောက်ခံထားရသဖြင့် မြေပြင်ပေါ်သို့ တစ်ဝက်သာ ထနိုင်ပြီး ဝုန်းကနဲ ပြန်ပြိုလဲကျသွားသည်။

ဖုန်း…ဖုန်း…ဖုန်း…

ထန်ရှုသည် ကျားသစ်သားရဲကြီးဆီသို့ ရိပ်ကနဲ ရောက်သွားကာ လက်သီးတွဲများစွာဖြင့် ထိုးနှက်လိုက်သည်။ ထို့နောက်တွင် နောက်ဆုံးထွက်သက်ဝင်သက်ကို အသက်ငင်နေသော ကျားသစ်သားရဲကြီးကို ကြည့်ရင်း သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

ထို့နောက် သူ့အနား ရောက်လာသော စုပမ်တို့သုံးယောက်ကို လှည့်ကြည့်ကာ အပြုံးဖြင့် "အဆင်ပြေရဲ့လား အစ်ကိုပမ်…"

စုပမ်က ပါးစပ်ထောင့်ရှိ သွေးများကို လက်တစ်ဖက်ဖြင့် သုတ်ကာ ခေါင်းယမ်းပြရင်း

“ငါ့ကျောတွေ လောင်ကျွမ်းသလို ပူလောင်နေပေမယ့် အဆင်ပြေပါတယ်။ မင်းက တကယ်ကို အံ့သြစရာ ကောင်းတာပဲ ထန်ရှု။ ဒီကောင်နဲ့ ရင်ဆိုင်ဖို့ ငါတို့မှာ မပြောပြလောက်အောင် ခက်ခဲပေမယ့် မင်းက သိပ်မအားထုတ်လိုက်ရဘဲ ဒီကောင်ကြီးကို သုတ်သင်နိုင်လိုက်တယ်။"

“မင်းတို့ ကောင်းကောင်း ကျင့်ကြံပေးမယ်ဆိုရင် နောက်ပိုင်းမှာ မင်းတို့လည်း အလွယ်တကူ အောင်မြင်နိုင်လိမ့်မယ်။” ထန်ရှု ပြုံးလိုက်ရင်း "ကောင်းပြီ။ ငါတို့ ဒီကောင်ကြီးကို သတ်ပြီးပြီဆိုတော့ မင်းတို့ ဒီကောင်ကြီးကို ယူလို့ရပြီ။ ရွာသူရွာသားတွေ အားလုံး ဝိုင်းကြည့်ကြပါစေ … အားလုံး စိတ်သက်သာရာရသွားတာပေါ့။”

စုပမ်က ခေါင်းညိတ်ပြီး ကျားသစ်ကို သယ်ရန် သွားလိုက်သည်။

ထန်ရှုက သူ့ကို ဟန့်တားလိုက်ကာ သူ အမြဲဆောင်ထားသည့် ငွေအပ်များကို ထုတ်ယူလိုက်ပြီး ထိုသုံးယောက်၏သွေးထွက်ဒဏ်ရာများကို အပ်စိုက်ပေးကာ ရပ်တန့်စေသည်။ ထို့နောက် ဒဏ်ရာများကို ပတ်တီးစည်းပေးလိုက်သည်။ ထိုသို့ ကုသပေးမှုပြီးခါနီးတွင် သူက အပြုံးဖြင့်

"မင်းတို့သုံးယောက် ဒဏ်ရာရသွားပေမယ့် လေ့ကျင့်ဖို့ အခွင့်အရေးကောင်းတစ်ခု ရသွားတယ် မဟုတ်လား။ ဘာပဲဖြစ်ဖြစ် မင်းတို့ရဲ့ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုနဲ့ စွမ်းရည်တွေကို လေ့ကျင့်ဖို့အတွက် မင်းတို့သုံးယောက်က ဒီကျားသစ်အသေကို ပြန်သယ်သွားရလိမ့်မယ်။ ဒီနေရာက စုမိသားစုကျေးရွာနဲ့ဆိုရင် အရမ်းကွာဝေးတယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် မင်းတို့အားလုံးကို နှစ်နာရီအတွင်း ရောက်စေချင်တယ်။ မင်းတို့ လုပ်နိုင်ကြပါ့မလား။"

သုံးယောက်သား ထိတ်လန့်သွားသောအကြည့်များ ဖလှယ်ကြပြီး မချိပြုံးများ ပြုံးလိုက်ကြသည်။

နှစ်နာရီဟုတ်လား…

သူတို့ သည်နေရာကို ရောက်သောအခါ နေရာအနှံ့ လိုက်ရှာရသဖြင့် သူတို့၏အရှိန်က အရမ်းနှေးနေသည့်တိုင် ဒီကိုရောက်ရန် လေးငါးနာရီလောက် ကြာပြီး ၎င်းသည် နေ့ခင်းဘက် လာခဲ့ခြင်းဖြစ်သည်ဆိုတာကို သတိပြုရပေမည်။ သို့သော် ညအချိန်တောင်အောက်သို့ ပြန်ဆင်းရာတွင်မူ ခြားနားသော အခြေအနေတစ်ခု ဖြစ်သည်။ အလင်းရောင်ကောင်းစွာ မရသည့်အပြင် ခက်ခဲကြမ်းတမ်းပေသည်။ သူတို့ကို နှစ်နာရီအတွင်း အရောက်ပြန်စေချင်သည်ဆိုပါက အဲ့ဒါက အောင်မြင်နိုင်ပါမည်လား။

ထိုသုံးယောက်၏အမူအရာများကို ကြည့်ရင်း ထန်ရှု ထပ်ပြောလိုက်သည်။

"ဒီကျားသစ်ကို ဒီတောတောင်ပေါ်ကနေ နှစ်နာရီအတွင်း မသယ်နိုင်ရင် နောက်ပိုင်း မင်းတို့ကို ပိုပြီး ရက်စက်ကြမ်းကြုတ်တဲ့ နည်းတွေနဲ့ လေ့ကျင့်ပေးမယ်လို့ ငါ ကတိပေးတယ်။ စွမ်းအားရှိခြင်းရဲ့အရသာနဲ့ ရင်ဖိုခြင်းကို မခံစားသေးခင် မင်းတို့ အရင်အသက်ရှင်ရတာထက် သေရတာက သာလွန်ကောင်းတယ်ဆိုပြီး ခံစားလာရလိမ့်မယ်။”

အသက်ရှင်နေစဉ် သေလုမျောပါး ခံစားရတဲ့ အရသာ…

စိတ်ဝိညာဉ်စမ်းချောင်းထဲတွင် သူတို့ဝင်စိမ်စဉ်တုန်းက ထိုအရသာအား မြည်းစမ်းခဲ့ရပြီး အကျိုးကျေးဇူးများစွာ ရရှိခဲ့သော်လည်း ထိုကဲ့သို့သော ခံစားမှုမျိုးကို ဒုတိယအကြိမ် ထပ်မမြည်းစမ်းချင်ကြပေ။ ထို့ကြောင့် သုံးယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ကျားသစ်သားရဲကို အမြန်မလိုက်ပြီး တောင်အပြင်ဘက်ဆီသို့ အရှိန်အပြည့်ဖြင့် ပြေးထွက်လိုက်ကြတော့သည်။

***

All Chapters