← Chapters

သူရဲကောင်းကြီးများ

Vol. 46 Ch. 634

သူရဲကောင်းကြီးများ

Vol. 46 Ch. 634

သစ်တောပြုန်းနေသောတောင်ကို ဖြတ်သွားရခြင်းသည် ထန်ရှုအတွက် လွန်စွာ လွယ်ကူပြီး ကျားသစ်သားရဲအသေကို သယ်ဆောင်လာသော ၎င်းတို့သုံးဦး၏အနောက်မှ နီးကပ်စွာ လိုက်သွားခဲ့သည်။ တစ်နာရီကျော်လောက် လမ်းပေါ်တွင် အမြန်လျှောက်လာပြီးနောက် တောင်တန်း၏ အပြင်ဘက်ကျဆုံး တောင်ထိပ်ကို မြင်နေရပြီဖြစ်သည်။ ထိုအခိုက်အတန့်တွင် ထန်ရှုသည် တောင်တန်း၏လမ်းတစ်ဝက်နေရာတွင် လင်းထိန်နေသော မီးရောင်များစွာကို ကောင်းစွာ မြင်လိုက်ရသည်။

"ရပ်လိုက်ဦး။" ထန်ရှု အရှိန်တင်လိုက်ပြီး ထိုသုံးယောက်ရှေ့တွင် လမ်းပိတ်လိုက်သည်။

"ဘာဖြစ်လို့လဲ။" စုပမ်က အံ့အားသင့်စွာ ကြည့်ကာ မေးလိုက်သည်။

"ငါတို့လေးယောက်က တောင်တန်းတွေထဲဝင်သွားတာ နှစ်ရက်ရှိပြီ။ ငါ့ကားက တောင်ခြေမှာ ရပ်ထားတုန်းပဲ။" ထန်ရှုက ဆက်ပြောပြသည်။

“ဟိုဘက်ခြမ်းက တောင်တန်းတစ်ဝက်လောက်မှာ မီးရောင်တွေ အများကြီးတွေ့လို့ ငါတို့တွေ တောင်ပေါ်ကို စွန့်စားခန်းထွက်လာတယ်ဆိုတာ ရွာသားတွေက မှန်းဆပြီးသားဖြစ်နေလောက်ပြီ။ အဲ့ဒီမီးရောင်တွေက ငါတို့ကို လာရှာတဲ့ ရွာသူရွာသားတွေဆီက ဖြစ်ရမယ်။ ဘယ်လိုအကြောင်းနဲ့ပဲဖြစ်ဖြစ် ငါ သင်ပေးတဲ့ ကျင့်ကြံနည်းစနစ်အကြောင်း ဘယ်သူ့ကိုမှ ပြောလို့မရဘူးဆိုတာ သတိထားပေးပါ။ အခုအချိန်မှာ မင်းတို့အားလုံးက သာမန်လူတစ်ယောက်ရဲ့ စွမ်းရည်ထက် အဆပေါင်းများစွာ ကျော်လွန်နေပြီဖြစ်လို့ အရေးကြီးတဲ့အခိုက်အတန့်မှာ နောက်ဆုံးနည်းလမ်းအဖြစ် အသုံးပြုတာကလွဲရင် အဲ့ဒါကို သူတို့တွေရှေ့မှာ ဘယ်တော့မှ ထုတ်မပြရဘူး။”

"ကောင်းပြီ။ (နားလည်ပြီ။)"

သုံးယောက်သား ခေါင်းညိတ်သည်။

"ဒီကျားသစ်သားရဲက မင်းတို့အားလုံး သတ်တာနော်။ ငါနဲ့ဘာမှမဆိုင်ဘူး။ နောက်ပြီး မင်းတို့အားလုံးက ဒဏ်ရာကိုယ်စီ ရထားကြတာမို့ ဒီလှုပ်ရှားမှုကို မင်းတို့ လုပ်တာလို့ ပြနေသလိုဖြစ်တယ်။ ငါ သိုသိုသိပ်သိပ်ပဲ နေချင်တာမို့ အကျိုးကျေးဇူးကို မင်းတို့အားလုံး ယူလို့ရတယ်။" ထန်ရှုက ထပ်ပြောလိုက်သည်

"ဒါပေမယ့် ထန်ရှု … အဲဒါက မမှန်ဘူး မဟုတ်လား။" စုချွမ်က တုံ့ဆိုင်းစွာ ပြောမိသည်။

"အဲ့ဒါက ဘာမမှန်တာရှိလို့လဲ။ ငါတော့ ဘာမှ မမှားဘူးလို့ ထင်တယ်။” ထန်ရှုက သူ၏လက်ကို ဝှေ့ယမ်းလိုက်ရင်း

“အပြင်လူတွေက မင်းတို့ကို မေးတိုင်း အဲ့ဒီလို ရှင်းပြပါ။ နောက်ပြီး ကျောက်တုံးအစီအရင်နဲ့ စိတ်ဝိညာဉ်စမ်းချောင်းအကြောင်း လုံး၀ ပြောလို့မရဘူး။ ဒီကျားသစ်သားရဲကို ငါတို့ရှာတာ နှစ်ရက် ကြာတယ်လို့ သူတို့ကို ပြောပါ။ နို့မဟုတ်ရင် ငါ့လမ်းညွှန်ချက်မပါဘဲ အဲ့ဒီကျောက်တုံးအစီအရင်ထဲကို မတော်တဆဝင်မိသွားရင် သာမန်လူတစ်ယောက်က သေသွားလိမ့်မယ်။”

"နားလည်ပြီ။"

ထိုအချိန်တွင် စုပမ်တို့သုံးယောက်၏အကြည့်များသည် ထန်ရှုအပေါ် ယခင်ကနှင့် လုံးဝမတူတော့ပေ။ ဤမျှကြီးမားသော အကျိုးကျေးဇူးအတွက် ထန်ရှုသည် အမှန်တကယ်ပင် သူတို့ဆီကိုသာ တွန်းပို့ပေးခဲ့ပြီး သူ့ကိုယ်သူ အနည်းငယ်မျှပင် မဖော်ပြချင်ခဲ့ပေ။ ထိုသို့သော စိတ်နေသဘောထားကြောင့် သူတို့၏ လေးစားမှုသည် အမှန်တကယ် တိုးပွားလာခဲ့တော့သည်။

ယခုအချိန်တွင် စုရှန်ဖေး၏နှလုံးသားထဲတွင် ထန်ရှုအပေါ် လေးစားမှုများ တဖွားဖွား ပေါ်ပေါက်နေခဲ့သည်။ သူသည် လွန်ခဲ့သော တစ်နှစ်ခွဲခန့်က ထန်ရှု၏အခြေအနေအား ရုတ်တရက် သတိရပြီး ယခုနှင့် နှိုင်းယှဉ်ခဲ့သည်။ ထန်ရှုသည် ထိုကားမတော်တဆမှု ဖြစ်ပြီးနောက် အမှန်တကယ် ဉာဏ်ရည်ထိခိုက်ခဲ့ခြင်းမဟုတ်ဘဲ သိုသိုသိပ်သိပ် နေလိုသဖြင့် ရူးချင်ဟန်ဆောင်ခဲ့သည်ဟုပင် ခံစားမိသည်။ ထန်ရှုသည် သူ့တွင်ရှိသော ရည်မှန်းချက်အချို့ကို ပြီးမြောက်အောင်မြင်ရန် ပင်ပန်းခက်ခဲမှုများကို ကြံ့ကြံ့ခံကာ ကြိုးစားခဲ့ရပြီး ထိုအချိန်က အရာအားလုံးကို လျှို့ဝှက်စွာ ပြင်ဆင်နေတာ ဖြစ်ပေလိမ့်မည်။

၎င်းသည် အကြီးအကျယ် အံ့သြဖို့ ကောင်းသော်လည်း ကြောက်မက်ဖွယ်လည်း ကောင်းပေသည်။

စုရှန်ဖေးသည် ထန်ရှုအပေါ် ချစ်ခင်လေးစားမှု တိုးလာသကဲ့သို့ တစ်ချိန်တည်းမှာပင် သူ၏နှလုံးသားထဲတွင် ကြောက်ရွံ့ထိတ်လန့်မှု တိုးလာခဲ့သည်။

ထိုကဲ့သို့ ငယ်ရွယ်နုပျိုသောအရွယ်တွင် နှိမ့်နှိမ့်ချချ နေဖို့ရန် အံ့သြဖွယ်ကောင်းသော စိတ်ပိုင်းဆိုင်ရာ ခွန်အား လိုအပ်မည်ဖြစ်သည်။ ဒီကောင် … ဒီကောင်က အတော် ကြောက်ဖို့ကောင်းတာပဲ။ စုရှန်ဖေး၏အမူအရာ ဖြူဖျော့သွားသည်။ သူသည် ထန်ရှုကို ခိုးကြည့်လိုက်ပြီး ချက်ချင်း ပြန်လှည့်လိုက်ကာ သူ၏နှလုံးသားထဲတွင် တိုးလာနေသော အကြောက်တရားများကို ဖိနှိပ်လိုက်သည်။

သူတို့လေးဦးသည် ၎င်းတို့၏ခရီးကို ပြန်လည်စတင်လိုက်ချိန်တွင် သူတို့အား လက်ရှိ ရှာဖွေနေသော ရွာသားများအပြင် ပြည်သူ့လုံခြုံရေးဗျူရိုမှ ရဲများနှင့် မီးသတ်သမားများကို မိနစ်၂၀ကြာသောအခါ တွေ့လိုက်ရသည်။

"သူတို့က ဒီမှာပဲ…"

ကျေနပ်အံ့သြသွားသော အော်သံတစ်ခုက တောင်တန်းတွေဆီ ချက်ချင်းပဲ့တင်ထပ်သွားသည်။

ချက်ခြင်းပင် လူ ၁၀၀-၂၀၀ လောက် သူတို့ဆီ ဝိုင်းအုံလာကြသည်။ ထို၄ဦးကို ကြည့်ရှုသူတိုင်းသည် ကျေနပ်အံ့သြသော၊ မယုံကြည်နိုင်သော အမူအရာများအား တူညီစွာ ဖြစ်ပေါ်နေကြသည်။ ထို၄ယောက်သည် ဘေးကင်းလုံခြုံရုံသာမက စုပမ်တို့အဖွဲ့သည် ကျားသစ်သားရဲသေအား သယ်လာသည်ကို တွေ့ရသောအခါတွင် ထိုလူအုပ်သည် အံ့အားသင့်ခဲ့ကြပြီး မယုံကြည်နိုင်ဖြစ်ခဲ့ရသည်။

"ထန်ရှု၊ စုပမ်၊ စုချွမ်နဲ့ စုရှန်ဖေး မင်းတို့ … မင်းတို့အားလုံး တကယ့်ကို သောက်ကျိုးနည်း ဒုက္ခပေးတဲ့ကောင်တွေပဲ။"

စုရှန်ကျင်းသည် ရှေ့သို့ တိုးလာသည်။ ကျားသစ်အသေကို ထိုအဖွဲ့က သယ်ဆောင်လာသည်ကို မြင်သော်လည်း စိတ်ဆိုးမာန်ဆိုး ပြစ်တင်ကြိမ်းမောင်းနေခဲ့သေးသည်။

"ကျွန်တော်တို့က ဒုက္ခပေးတဲ့ကောင်တွေ ဘယ်လိုများ ဖြစ်ပါ့မလဲ ဦးလေးရှန်ကျင်း…။" စုချွမ်က ပြုံးလိုက်ရင်း “ဒီကျားသစ်က အရမ်းစက်ဆုပ်ရွံရှာလွန်းလို့ သတ်ဖို့ တောင်ပေါ်ကို စွန့်စားထွက်ခဲ့ကြတာပါ။ အဲ့ဒါက ကိုယ့်ကျေးရွာသူကျေးရွာသားတွေရဲ့ လုံခြုံရေးကို ကာကွယ်ပေးဖို့ မဟုတ်ဘူးလား။ ဒီကျားသစ်ကို ကြည့်ပါဦး … ကျွန်တော်တို့ လုပ်ခဲ့တာ။ ကျွန်တော်တို့ တကယ်သတ်ခဲ့တာပါ။"

စုရှန်ကျင်းသည် ကျားသစ်သားရဲသေကို စူးစူးစိုက်စိုက် ကြည့်လိုက်သော်လည်း စိတ်မပြေသေးဆဲဖြစ်ပြီး

“ကျားသစ်ကို သတ်ဖို့ တောင်ပေါ်ကို စွန့်စားသွားချင်တယ်ဆိုပေမယ့် မသွားခင် တစ်စုံတစ်ယောက်ကို ပြောပြသင့်တယ်မဟုတ်လား။ ရွာသားတော်တော်များများက ဒီတောင်တန်းအတွင်းထဲကို ပြီးခဲ့တဲ့နှစ်ရက်ကတည်းက ရှာနေရတာ မင်းတို့သိလား။ ဒီည မင်းတို့ ပေါ်မလာသေးရင် ငါတို့တွေက တောနက်နက်ထဲကို သွားကြတော့မှာ။ အားလုံးက မင်းတို့ကောင်တွေကို စိတ်ပူနေတာ မင်းတို့ သိရဲ့လား။"

ထန်ရှုက ရှေ့ကို တက်လာပြီး ပြုံးပြုံးရွှင်ရွှင်ဖြင့်

"ဒါက ကျွန်တော်တို့ရဲ့အမှားပါ ဦးလေးရှန်ကျင်း။ ဒီလောက်ကြာမယ်လို့လည်း ကျွန်တော်တို့ မမျှော်လင့်ထားဘူး။ တောင်ပေါ်ကို စွန့်စားပြီး လိုက်ရှာဖို့ စိတ်ကူးတုန်းက မတွေ့ရင် ပြန်သွားဖို့ စီစဉ်ထားတာ။ ဒါပေမဲ့ ဒီကျားသစ်ကို တွေ့ခဲ့လိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ … ကျွန်တော်တို့တွေ သူ့ကို နောက်ယောင်ခံပြီးတော့ တိုက်ခိုက်လိုက်ရတာပဲ။ ကျွန်တော်တို့ အဲ့ဒီကောင်ကြီးကို သတ်ဖို့ ထောင်ချောက်အချို့ တပ်ဆင်ရတာကို နှစ်ရက် ကြာခဲ့တယ် ဦးလေးရ။ သူတို့ သုံးယောက်ကိုလည်း တစ်ချက် ကြည့်ပါဦး။ သူတို့အားလုံးက ကျားသစ်ကို နီးနီးကပ်ကပ် တိုက်ပွဲဝင်ခဲ့ကြပြီး သတ်နိုင်ခဲ့တယ်။”

စုရှန်ကျင်းသည် သူတို့၏ဒဏ်ရာများအပြင် သွေးများဖြင့် စွန်းထင်းနေသော အဝတ်အစားများကို မြင်လိုက်ရသည့်အတွက် စိုးရိမ်သောအမူအရာဖြင့် အလျင်စလို မေးလိုက်သည်။

“မင်းတို့ဒဏ်ရာက ဘယ်လိုလဲ။ အဆင်ပြေရဲ့လား။"

"ကျွန်တော်တို့ အဆင်ပြေပါတယ်။" စုပမ်က ခေါင်းယမ်းပြလိုက်ရင်း

"ထန်ရှုက သွေးထွက်ရပ်အောင် လုပ်ပေးပြီး ကျွန်တော်တို့ကို ပတ်တီးစည်းပေးထားပြီးသားပါ။"

စုရှန်ကျင်း စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်ပြီး စကားဆက်မပြောဘဲ ခေါင်းညိတ်လိုက်သည်။

ကျောက်တုန်ဟဲသည် သူ့အနီးနားရှိ ရဲများနှင့်အတူ ထန်ရှုတို့လေးယောက်အဖွဲ့ဆီသို့ ရောက်လာသည်။ သူသည် သေဆုံးနေသော နွားအရွယ် ကျားသစ်ကို ကြည့်လိုက်ပြီးနောက် သူ၏အကြည့်အား ထို၄ယောက်အား စူးစိုက်ကြည့်ကာ

“မင်းတို့လေးယောက်က တကယ်တော်တယ်။ မင်းတို့ တောင်ပေါ်ကို မဆင်မခြင် တာဝန်မဲ့စွာနဲ့ စွန့်စားဖို့ တက်သွားပေမယ့် ဒဏ်ရာလေးပဲ ရပြီး နောက်ဆုံးတော့ ဒီအကောင်ကြီးကို သတ်ပစ်လိုက်နိုင်တာပဲ။ ဒါနဲ့ ငါက ခရိုင်ပြည်သူ့လုံခြုံရေးဗျူရိုရဲ့အကြီးအကဲ ကျောက်တုန်ဟဲပါ။ ပြည်သူတွေကို ခြိမ်းခြောက်နေတဲ့ ဒီသတ္တဝါကြီးကို ဖယ်ရှားပေးတဲ့အတွက် ပြည်သူ့ကိုယ်စား ငါက ကျေးဇူးတင်ပါတယ်။”

"ခင်ဗျားက သိပ်သဘောကောင်းတာပဲ အကြီးအကဲကျောက်။ ဒါက ကျွန်တော်တို့ လုပ်သင့်တဲ့ အရာပါ။” ထန်ရှုက ပြုံးကာ တုံ့ပြန်လိုက်သည်။

ထန်ရှုကို စိုက်ကြည့်ရင်း ကျောက်တုန်ဟဲက ပြန်ပြုံးပြပြီး

"မင်းက ထန်ရှုလား။ နာမည်ကျော် နတ်ဆေးသမားတော်လေး ထန်ရှုပေါ့။ မင်းက တကယ့်ကို ရဲရင့်ပြီး သတ္တိရှိတာပဲ။ တကယ့်ကို အလားအလာရှိတဲ့ လူငယ်လေး။”

ထန်ရှုက အလာပသလာပအနည်းငယ် ပြောလိုက်ပြီး တခြားလူများကို ကြည့်ကာ အပြုံးဖြင့်

"ရွာသားတွေ အားလုံးကို စိတ်ပူအောင်လုပ်ပြီး ကျွန်တော်တို့ကို ရှာဖို့ တောင်ပေါ်ကို တက်လာခိုင်းမိတဲ့အတွက် တကယ်ကို စိတ်မကောင်းပါဘူး။ ကျွန်တော်တို့တတွေ နှစ်သစ်ကို ကြိုဆိုတော့မယ့်ဆဲဆဲအချိန် ညီအစ်ကိုပမ်တို့က ဒီကျားသစ်ကို သတ်လိုက်ကြပြီမို့ နှစ်သစ်ကူးပြီးတာနဲ့ လူတိုင်း စိတ်သက်သာရာရနိုင်ပါပြီ။ ကျွန်တော် ပြန်သွားပြီးတော့ ခရိုင်မြို့ရဲ့အကောင်းဆုံး စားသောက်ဆိုင်က ဟင်းပွဲတွေ မှာပေးလိုက်မယ် ခင်ဗျားတို့အတူစုဝေးပြီး စားကြတာပေါ့။ နှစ်သစ်ကူးနေ့မို့ နှစ်သစ်ကူးပွဲကို အတူတကွ ကျင်းပကြမယ်။”

"ဟူးရေး … ကောင်းတယ်ဟေ့…"

စုကျေးရွာမှ ရွာသားများသည် တောက်ပသော အပြုံးမျက်နှာများဖြင့် လက်ခုပ်တီးလိုက်ကြသည်။

စကားစမြည် ပြောပြီးနောက် လူတိုင်း အပြန်ခရီး စကြသည်။ စုပမ်၊ စုချွမ်နှင့် စုရှန်ဖေးတို့သည် အလွန်စိတ်လှုပ်ရှားနေသည်။ မည်သို့ပင်ဖြစ်စေ အပြန်ခရီးတွင် ထိုကျားသစ်သားရဲသေအား သူတို့ နောက်တစ်ကြိမ် ပြန်မရန် မလိုအပ်တော့ပေ။

စုမိသားစုကျေးရွာကို ပြန်သည့်အခါ ထန်ရှုက သူ့ကားဖြင့် ထိုသုံးယောက်ကိုပါ ခေါ်သွားလိုက်သည်။ ထို့နောက် သူ့အဘွားအိမ်တွင် ကားကိုရပ်ပြီးနောက် ကျားသစ်သေကို ရွှေ့ရန် ထိုသုံးဦးကို ပြောခဲ့သည်။ သူတို့၄ယောက် ခြံထဲသို့ မဝင်ရသေးသော်လည်း ထန်ယွင်သဲ့၊ စုလင်းယွမ်၊ ကျန်းရှီ၊ ချန်ဟွေ့ရင်၊ မုချင်းဖျင်၊ စုရန်နင်းနှင့် အခြားသူများသည် ပြေးထွက်လာကြသည်။

"ရှုအာ…"

"သား…"

စုလင်းယွမ်နှင့် ချန်ဟွေ့ရင်တို့သည် သူတို့၏သားများ ဖြစ်ကြသော ထန်ရှုနှင့် စုပမ်တို့ဆီ ပြေးလာကြသည်။

အပြေးလာနေသော သူ့အမေကို ကြည့်ရင်း ထန်ရှုက ဆီးကြိုပွေ့ဖက်လိုက်ပြီး

"ကျွန်တော် အဆင်ပြေပါတယ် အမေ။ ကျွန်တော်တို့ အဆင်ပြေပါတယ်။ လူပေါင်းများစွာကိုသတ်ခဲ့တဲ့ ဒီကျားသစ်ကိုသတ်ဖို့ ကျွန်တော်တို့ တောင်ပေါ် တက်ခဲ့ကြတယ်။ ကျွန်တော်တို့ အခု ပြန်ရောက်လာပြီလေ အမေ။ အမေ စိတ်မပူနဲ့တော့နော်။"

စုလင်းယွမ်က မျက်ရည်များ စီးကျလျက် ထန်ရှု၏လက်မောင်းကို ဖျတ်ကနဲ ရိုက်လိုက်ပြီး ဒေါသတကြီးဖြင့်

"ဆန်နီ့ရဲ့အစွမ်းအစကို ထုတ်ပြချင်လာအောင် ဘယ်သူကများ လုပ်ခဲ့တာလဲ ဟမ်။ မပြောကောင်းမဆိုကောင်း လေးယောက်လုံး တစ်ခုခုဖြစ်သွားရင် အမေတို့တွေ ဘာလုပ်ကြရမှာလဲ။”

ကျန်းရှီကလည်း ထပ်ပြောလိုက်သည်။

"မှန်တယ် … ရှုအာ။ တောင်တန်းတွေက အန္တရာယ်တွေ အပြည့်ပဲ။ မင်းတို့တွေ အဲ့ဒီကို သွားတာ နှစ်ရက်ကြာပြီမို့ မကောင်းတာတွေ ဖြစ်မှာကို ငါတို့ စိုးရိမ်တယ်။ နောင် ဒီလို မိုက်မိုက်ကန်းကန်း ဘယ်တော့မှ မလုပ်ရဘူး။”

ထန်ရှုက တိတ်ဆိတ်စွာ ပြုံးပြပြီး လူတိုင်း၏ စိတ်ခံစားချက်များကို တည်ငြိမ်စေရန် နှစ်သိမ့်ပေးသည့် စကားများစွာကို ပြောပေးခဲ့သည်။ မူလက ထန်ယွင်သဲ့နှင့် စုလင်းယွမ်တို့သည် ကျန်းရှီနှင့်အတူ နှစ်သစ်ကူးကျင်းပရန် ကြယ်တာရာသို့ ခေါ်ဆောင်ရန် စီစဉ်ခဲ့သော်လည်း သည်အဖြစ်အပျက်သည် သူတို့အား စုမိသားစုကျေးရွာသို့ ပြန်လည်ရောက်ရှိလာစေသဖြင့် အားလုံးက ဤနေရာတွင် နှစ်သစ်ကူးပွဲတော်ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။

ချက်ခြင်းပင် ထန်ရှုက စုပမ်တို့သုံးယောက်၏ ဒဏ်ရာများကို ပြသရန် ခရိုင်ဆေးရုံကို ခေါ်သွားမည်ဟူသော အကြောင်းပြချက်ပေးကာ လေးယောက်သား ခရိုင်မြို့သို့ ကားဖြင့် ထွက်လာကြသည်။ ခရိုင်မြို့သို့ ရောက်သောအခါ အကြီးဆုံးစားသောက်ဆိုင်သို့ သွားပြီး ဒါဇင်နှင့်ချီသော အစားအသောက်များနှင့် ဝိုင်များစွာကို မှာယူခဲ့ကာ စုမိသားစုကျေးရွာသို့ ပို့ဆောင်ပေးရန် စားသောက်ဆိုင်ကို ကျသင့်ငွေနှစ်ဆပေးလိုက်သည်။

ထို့နောက် ထန်ရှုသည် ၎င်းတို့၏ဒဏ်ရာများကို ချုပ်နှောင်ပြီး ပတ်တီးပြန်လည်စီးရန် ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ ထို့နောက် မီးရှူးမီးပန်းများနှင့် ဗြောက်အိုးများ ရောင်းချသည့် အနီးနားရှိ စတိုးဆိုင်တစ်ဆိုင်ဆီသို့သွားပြီး စုမိသားစုကျေးရွာသို့ မီးရှူးမီးပန်းလှည်းတစ်စီးစာ ပို့ဆောင်ပေးရန် စတိုးဆိုင်ပိုင်ရှင်ထံ မှာယူလိုက်သေးသည်။

စုမိသားစုကျေးရွာ၏ တည်နေရာသည် ပထဝီအနေအထားအရ ဝေးကွာသော်လည်း ရွာသို့ သွားသောလမ်းမှာ အတော်လေးကျယ်သည်။ ရွာသားများ၏ အကူအညီဖြင့် အနီးနားကျေးရွာများမှ စားပွဲဝိုင်းများ အများအပြားကို ငှားရမ်းကာ ရွာဝင်ပေါက် လမ်းမကြီးတလျှောက်တွင် ခင်းကျင်းသည်။ ထို့အပြင် ပိုမိုစိတ်လှုပ်ရှားနေသည့် ရွာသားအများအပြားသည် လျှပ်စစ်ကြိုးများကို သွယ်တန်းကာ မီးလုံးများကို အပြင်ဘက်တွင် ထွန်းထားကြသည်။ စုကျေးရွာအထက်မှ ကြည့်လိုက်ပါက စုမိသားစုကျေးရွာ၏နေရာအများစုသည် အလင်းရောင် ကောင်းစွာရပြီး လင်းထိန်နေပေမည်။

ယခင်က ဤကဲ့သို့ တက်ကြွပြီး အလုပ်များသော နှစ်သစ်ကူး ပွဲတော်ကို တစ်ခါမှ မကျင်းပဖူးသေးသော  ဂူရင်သည် စိတ်လှုပ်ရှားစွာ ပြေးလွှားနေပြီး သူမထက် အသက်ကြီးသော စုမိသားစုကျေးရွာမှ ကလေးတစ်စုနှင့်ပင် ဆော့ကစားခဲ့ရုံသာမက သူ့ထက်ငယ်သော ကလေးများနှင့်ပါ ကစားခဲ့သည်။

ခရိုင်မြို့၏ အကြီးဆုံးစားသောက်ဆိုင်မှ အစားအသောက်နှင့် ဝိုင်များကို စားပွဲများဆီသို့ ပေးပို့လာရာ ရွာသားများသည် ဝမ်းသာအားရဖြင့် ဝိုင်းအော်ကြပြီး စားပွဲဝိုင်းများတွင် စားသောက်ကာ စကားစမြည်ပြောဆိုကြသည်။ ချစ်ရသူကို ဆုံးရှုံးလိုက်ရသည့် မိသားစုနှစ်စုပင် ပြုံးလာကြသည်။ သို့သော်လည်း လူတိုင်းကို စိတ်လှုပ်ရှားစေသည့်အရာမှာ ခရိုင်ပြည်သူ့လုံခြုံရေးဗျူရို အကြီးအကဲ ကျောက်တုန်ဟဲက သူ့မိသားစုဝင်အားလုံးကို စုကျေးရွာ၏လူများနှင့်အတူ စုရုံးရန် ခေါ်ဆောင်လာခြင်း ဖြစ်သည်။ သူ့မိသားစုဝင်အားလုံးကို ထန်ယွင်သဲ့၊ စုလင်းယွမ်တို့နှင့်အတူတူ တစ်စားပွဲတည်းတွင် ထိုင်ခိုင်းသည်။

ထို့အပြင် နှစ်သစ်ကူးနေ့တွင် စုမိသားစုကျေးရွာ၌ ဖြစ်ပွားသည့် အဖြစ်အပျက်ကို အနီးနားရှိ ကျေးရွာများဆီသို့ သတင်းပေးခဲ့သည်။ အနီးနားရှိ ရွာပေါင်းများစွာမှ လူအချို့လည်း လာရောက် ပါဝင်ဆင်နွှဲကြသည်။ စုမိသားစုကျေးရွာနှင့် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးရှိသည့် ကျေးရွာအသီးသီးမှ ရွာသူကြီးများလည်း ရောက်ရှိလာကြပြီး ရလဒ်အနေဖြင့် စားပွဲအများအပြား ထပ်မံထည့်သွင်းခဲ့ရသည်။

ည ၁၂:၀၀ တိတိ…

နှစ်သစ်ကူးအချိန်အခါသမယတွင် မီးရှူးမီးပန်းများဖြင့် ကောင်းကင်ယံကို အလှဆင်ကြပြီး ဗြောက်အိုးများအား စည်ကားစွာ ဖောက်ကြသည်။

စုကျေးရွာမှ ရွာသားများအတွက် ဤညသည် မေ့မရနိုင်သော အဖြစ်အပျက်တစ်ခု ဖြစ်လာခဲ့သည်။ နှစ်သစ်ကူးပွဲတော်ကို ခမ်းနားစွာ ကျင်းပသည့် မြင်ကွင်းကို နောင်တွင် နှစ်စဉ် ကျင်းပတော့မည်ဖြစ်သည်။ ယခု အသစ် ဖွဲ့စည်းထားသော ဓလေ့သည် နောင်တွင် စုမိသားစုကျေးရွာ၏ အရေးအကြီးဆုံး ဓလေ့ဖြစ်လာခဲ့ပြီး ယခင်က သူတို့စိတ်ထဲတွင် ဘယ်တော့မှ မရှိခဲ့သော အရာ ဖြစ်သည်။

ထန်ရှု၊ စုပမ်၊ စုချွမ်နှင့် စုရှန်ဖေးတို့ လူငယ်လေးယောက်သည် စုမိသားစုကျေးရွာ၏ သူရဲကောင်းကြီးများ ဖြစ်လာကြပြီး ၎င်းတို့၏ ကြီးမားသော ဆောင်ရွက်မှုကြောင့် ပတ်ဝန်းကျင်ရှိ အနီးနားရွာများတွင်ပါ ကျော်ကြားလာခဲ့ကြသည်။

ရွှင်မြူးသက်ဝင်သော မြင်ကွင်းသည် နံနက်အစောပိုင်း ၁နာရီအထိ ကြာမြင့်ခဲ့သည်။

နောက်နေ့မနက် အရုဏ်မိုးသောက် အလင်းရောက်သည်နှင့် ထန်ရှု၊ စုရှန်ဖေး၊ စုရန်နင်းနှင့် ဂူရင်တို့ကို ကျန်းရှီက သူတို့အိပ်ရာကနေ ခေါ်ထုတ်လိုက်သည်။ မနက်စောစောတွင် ဖက်ထုပ်စားခြင်းနှင့် မီးရှူးမီးပန်းများ ဖောက်သည့် ဓလေ့အား လုပ်ဆောင်ရန်အတွက် ဖြစ်သည်။ ထိုဓလေ့သည် ရွာသားတိုင်း၏ နှလုံးသားထဲတွင် အမြစ်တွယ်နေသည့်ဓလေ့ ဖြစ်သည်။

" ရှန်ဖေး … မီးရှူးမီးပန်းတွေ ယူပြီး ဖောက်လိုက်ပါ။"

ထန်ရှုသည် ခြံဝင်းအတွင်းရှိ ရေတွင်းတစ်ခုအနီးတွင် ရပ်နေသည်။ သူသည် အေးစက်သောရေအေးဖြင့် မျက်နှာသစ်လိုက်ပြီး မျက်နှာသစ်ပြီးသွားသော စုရှန်ဖေးအား အော်ပြောလိုက်ခြင်းဖြစ်သည်။

***

All Chapters