ခုန်းတောက် အလည်ရောက်လာခြင်း
Vol. 40 Ch. 543
ဝမ်ပေါင်လဲ့မှာ မမလေး၏ အသံအား ကြားလိုက်ရသောအခါ သူမအား ဆက်၍ ဖားယားနေလိုက်တော့သည်။ နောက်ဆုံးတွင် သူသည် သူ၏ ဝိညာဉ်အာရုံခံနိုင်စွမ်းများအား တိုးတက်အောင်လုပ်လိုသည့် အကြောင်းကို ပြောပြလိုက်၏။ မမလေးမှာ သူ၏စကားကို ကြားလိုက်ရသောအခါ အတွေးများထဲ၌ နစ်မျောသွားတော့သည်။ ထို့နောက် ထိုကဲ့သို့ တိုးတက်လာအောင် လုပ်နိုင်သည့် နည်းလမ်းများရှိကြောင်း ပြန်ဖြေလိုက်၏။ သို့သော် ထိုနည်းလမ်းများမှာ ကိုယ်ကာယစွမ်းအား အမြောက်အမြား စိုက်ထုတ်ရသော နည်းလမ်းများ ဖြစ်ပေသည်။
ထို့ကြောင့် သူမသည် ဝမ်ပေါင်လဲ့အား ထိုနည်းလမ်းများ အသုံးမပြုရန် တိုက်တွန်းလိုက်ပြီး အခြားနည်းလမ်းတစ်ခုအား အကြံပေးလိုက်၏။
" နင်က ကျယ်ပြန်တာအိုနန်းတော်ထဲမှာရှိတဲ့ အာရုံငါးပါး နယ်မြေထဲက အမြင်အာရုံ အမွေအနှစ်နယ်မြေတစ်ခုဖြစ်တဲ့ အဆုံးမဲ့ပညာရပ်မျက်လုံးဆီကို ရောက်ဖူးပြီးသားလေ။ နင် ဓားကိုယ်ထည်ပိုင်းထဲ နောက်တစ်ခါသွားတဲ့ အချိန်ကျရင် အကြားအာရုံနယ်မြေကို ရှာတွေ့နိုင်ဖို့ ငါ ကူရှာပေးမယ်။ အဲဒီနယ်မြေထဲက အသံတာအိုကို ပထမဆုံးအကြိမ်အဖြစ် ကြားလိုက်ရရင် ကိုယ့်ရဲ့ ဝိညာဥ်အာရုံခံနိုင်စွမ်းတွေ တိုးတက်လာတယ်လို့ လူတွေပြောဖူးတာ ငါ မှတ်မိတယ် "
" အကြားအာရုံနယ်မြေ ဟုတ်လား " ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲ၌ မျှော်လင့်ချက်ရောင်ခြည်များဖြင့် ဝင်းလက်တောက်ပလာတော့သည်။ သို့သော် ဓားကိုယ်ထည်ပိုင်းမှာ အလွန်အင်မတန်မှ အန္တရာယ်များသော နေရာတစ်ခု မဟုတ်ပါလော။ ဝမ်ပေါင်လဲ့မှာ မမလေး၏ အကူအညီအား ရရှိထားလျှင်တောင် ထိုနေရာသို့ နောက်ထပ်တစ်ကြိမ်ထပ်၍ မသွားခင် ကြိုတင်ပြင်ဆင်မှုများ လုံလုံလောက်လောက် လုပ်ထားရန် လိုအပ်ကြောင်း မှတ်ယူထားသည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် အရင်ဆုံး သူ၏ ကျင့်ကြံခြင်းအဆင့်အား တိုးတက်လာအောင်လေ့ကျင့်ရန် ဆုံးဖြတ်လိုက်၏။ သူ နောက်ဆုံးအကြိမ်တုန်းက ရရှိခဲ့သည့် ပစ္စည်းများအားလုံး ကုန်သွားသောအခါမှသာ ဓားကိုယ်ထည်ပိုင်းဆီသို့ နောက်ထပ်တစ်ကြိမ်ထပ်၍ သွားမည် ဖြစ်သည်။ ထို့ကြောင့် သူသည် ဝိညာဉ်အာရုံခံနိုင်စွမ်းနှင့် ပတ်သတ်သည့် ကိစ္စရပ်များအား မေ့ပျောက်ထားလိုက်ပြီးနောက် ထာဝရလျှပ်စီး အသွင်ပြောင်းပညာရပ်နှင့် နတ်ဘုရားဧကရာဇ်ချပ်ဝတ်တန်ဆာ အမွေအနှစ်တို့အား လေ့ကျင့်နိုင်ရန်သာ အာရုံစိုက်ထားလိုက်တော့သည်။
သူသည် အဋ္ဌမအဆင့် ဓမ္မလက်နက်များ ဖန်တီးသန့်စင်ရာ၌ အောင်မြင်မှုမရရှိသေးပါသော်လည်း နောက်ဆုံးခရီးစဉ်တုန်းက ကျိုးပဲ့ပျက်စီးနေသည့် နဝမအဆင့် ဓမ္မလက်နက် လှံတစ်ချောင်းအား ရှာတွေ့ခဲ့သည်မဟုတ်ပါလော။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ၎င်းအား တစ်ခဏမျှ လေ့လာကြည့်လိုက်ပြီးနောက် ၎င်းအား တစ်စိတ်တစ်ပိုင်းအထိ ပြန်လည်ပြုပြင်နိုင်မည်ဖြစ်ကြောင်း သိလိုက်ရ၏။ သူ၏ လက်ရှိ ဝိညာဉ်အာရုံခံနိုင်စွမ်းများမှာ အဆင့်နိမ့်နေသေးသောကြောင့် သူသည် ၎င်းအား အကောင်းပတိအတိုင်း ပြန်ဖြစ်အောင်တော့ ပြုပြင်နိုင်ဦးမည်မဟုတ်ပေ။ သို့သော် သူ၏ လက်ရှိ အစွမ်းအစနှင့်ဆိုလျှင် ၎င်းအား ပြုပြင်ပြီးပါက ထိုလှံကြီးအား အဋ္ဌမအဆင့် ဓမ္မလက်နက်တစ်ခုအဖြစ် အသုံးပြုနိုင်သွားမည်ဖြစ်သည်။
" နတ်ဘုရားလက်နက် ဖန်တီးသန့်စင်တဲ့နည်းလည်း ရှိနေသေးတယ်... လောလောဆယ်တော့ အဲအကြောင်း ခဏမေ့ထားလိုက်ပါ့မယ်။ ငါ အဋ္ဌမအဆင့် ဓမ္မလက်နက်တစ်ခုကို ဖန်တီးသန့်စင်ပြီးတဲ့ အချိန်မှ အဲဒီအကြောင်းကို ပြန်လေ့လာတာပေါ့ " ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏ စိတ်အား တည်ငြိမ်အောင်လုပ်လိုက်၏။ ထို့နောင် သူသည် ဆက်လက်လေ့ကျင့်ကာ လှံကြီးအား စတင် ပြုပြင်နေလိုက်တော့သည်။
ထိုသို့ဖြစ် နှစ်ပတ်တိတိ ကုန်ဆုံးသွားပြီး ဝမ်ပေါင်လဲ့နှင့် အခြားပြည်ထောင်စုပျိုးပင်များ ကျယ်ပြန့်တာအိုနန်းတော်ဆီသို့ ရောက်လာခဲ့သည်မှာ တစ်နှစ်နီးပါး ကြာမြင့်သွားပြီဖြစ်သည်။
ပြည်ထောင်စုကြီးနှင့် ဖုန့်ချိုးရန်တို့၏ ကြားမှ သဘောတူညီချက်အရဆိုလျှင် တစ်နှစ်ကုန်သွားချိန်တွင် ပြည်ထောင်စုကြီးဆီမှ ကျင့်ကြံသူ နောက်ထပ်တစ်ဖွဲ့မှာ ကျယ်ပြန့်တာအိုနန်းတော်ဆီသို့ ရောက်ရှိလာကြမည်ဖြစ်သည်။
ပြီးခဲ့သည့် နှစ်အတွင်းတွင် ဝမ်ပေါင်လဲ့အပါအဝင် ပြည်ထောင်စုပျိုးပင် ပထမအသုတ်မှာ ကျင့်ကြံခြင်းအပိုင်း၌ သိသိသာသာ တိုးတက်လာခဲ့၏။ ကျောက်ယမုန့်မှာမှာ အမြုတေအဆင့်သို့ ရောက်နေပြီဖြစ်ပြီး ကျိုးရိဖန်းမှာ အခြေတည်ထိပ်ဆုံးအဆင့်တွင် ရှိနေပြီဖြစ်သည်။ အခြားသူများမှာလည်း ထိုတစ်နှစ်အတွင်းတွင် အတွေ့အကြုံ အမြောက်အမြား ရရှိခဲ့ကြပြီး ကျင့်ကြံခြင်းအဆင့်များ တိုးတက်သွားခဲ့ကြ၏။ ခုန်းတောက်လည်း ရှိနေသေးသည်။
ဝမ်ပေါင်လဲ့၊ ကျောက်ယမုန့်နှင့် ကျိုးရိဖန်းတို့သုံးယောက် ဓားကိုယ်ထည်ပိုင်းဆီသို့ ထွက်ခွာသွားခဲ့သည့် အချိန်တုန်းက ခုန်းတောက်မှာ အခြားအဖွဲ့တစ်ဖွဲ့နှင့် တာဝန်တစ်ခု ထမ်းဆောင်နေခဲ့ရသောကြောင့် အဝေးသို့ရောက်နေခဲ့ရသဖြင့် သူတို့နှင့် မပူးပေါင်းနိုင်ခဲ့ပေ။ ထို့ကြောင့် သူသည် အဆုံးမဲ့ပညာရပ် မျက်လုံးနယ်မြေထဲ၌ အမွေအနှစ်များ မရယူနိုင်ခဲ့ချေ။ သို့သော် သူသည် အခြား အထူးအခွင့်အရေးတစ်ခုအား ရရှိခဲ့ပေသည်။ ၎င်းမှာ ကျောက်ယမုန့်နှင့် ကျိုးရိဖန်းတို့နှစ်ယောက် အဆုံးမဲ့ပညာရပ် မျက်လုံးနယ်မြေထဲ၌ ရရှိခဲ့သည့်အရာများနှင့် မယှဥ်နိုင်ပါသော်လည်း သူသည်လည်း အခြေတည်ထိပ်ဆုံးအဆင့်သို့ တက်လှမ်းသွားနိုင်ခဲ့၏။ လက်ရှိတွင် သူသည် အမြုတေအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းမျှသာ လိုတော့သည်။
ထိုခြေလှမ်းအား လှမ်းနိုင်ရန်မှာ အလွန်အင်မတန်မှ ခက်ခဲသည်ဟု ဆိုနိုင်သလို အလွန်အင်မတန်မှ လွယ်ကူရိုးရှင်းသည်ဟုလည်း ဆိုနိုင်ပေသည်။ အရာအားလုံးမှာ သူသည် မည်ကဲ့သို့ ဖောက်ထွက်ရန် ကြံရွယ်ထားသနည်းဆိုသည့် မေးခွန်းပေါ်တွင် မူတည်နေ၏။ သို့သော် ထိုကဲ့သို့သော ကိစ္စများနှင့် ပတ်သက်လာလျှင် လောနေ၍မဖြစ်ကြောင်း သိထား၏။ သို့သော်ငြားလည်း သူသည် ဝမ်ပေါင်လဲ့ဆီသို့ ရောက်ရှိလာဆဲပင်။
သို့သော် သူ ထိုသို့ရောက်လာရသည့် ကိစ္စမှာ သူ၏ ကျင့်ကြံခြင်းအဆင့်ဖောက်ထွက်မှုနှင့် မသက်ဆိုင်ပေ။ သူသည် အခြားကိစ္စတစ်ခုနှင့် ပတ်သက်၍ ဝမ်ပေါင်လဲ့၏ အကူအညီကို လိုအပ်နေခြင်းဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ခုန်းတောက်အား ဝမ်းသာအားရ လက်ခံကြိုဆိုလိုက်၏။ သူသည် တံခါးပိတ်ကျင့်စဉ်ထဲမှ ထွက်လာပြီး သူ၏ ဂူဗိမာန်ထဲတွင် ထိုင်ကာ ခုန်းတောက်အား စိုက်ကြည့်နေလိုက်၏။ ခုန်းတောက်မှာ သူတို့ ပြည်ထောင်စုထဲတွင် ရှိခဲ့စဉ်တုန်းကနှင့် လုံးဝမတူတော့ပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ အရောင်လက်သွားရ၏။
လက်ရှိ ပြည်ထောင်စုပျိုးပင်များထဲတွင် သူပြီးလျှင် ခုန်းတောက်မှာ ကျယ်ပြန့်တာအိုနန်းတော်ထဲ၌ အအောင်မြင်ဆုံး ဖြစ်နိုင်မည့် လူတစ်ယောက်ဖြစ်ကြောင်း ဝမ်ပေါင်လဲ့က သိထားပြီးသားဖြစ်သည်။ ခုန်းတောက်မှာ သားရဲပင်လယ်ထဲတွင် ဖွားမြင်လာခဲ့သည့် လူတစ်ယောက်မဟုတ်ပါလော။ ထို့ကြောင့် သူ့အား သားရဲကြီးတစ်ကောင်အဖြစ် အတိုင်းအတာတစ်ခုအထိ သတ်မှတ်၍ရပေသည်။
သူသည် ငယ်ရွယ်နုနယ်သော ကလေးဘဝကတည်းက အင်္ဂါဂြိုဟ်ပေါ်တွင် တစ်ယောက်တည်း ရှင်သန်ခဲ့ရသည်ဖြစ်သည်။ ထို အတွေ့အကြုံများကြောင့် ခုန်းတောက်မှာ ကိုယ့်အားကိုယ်ကိုးကာ အန္တရာယ်များကြား ရှင်သန်နေထိုင်ရာ၌ ကျွမ်းကျင်နေပြီဖြစ်သည်။ သူသည် ပြည်ထောင်စုကြီးထဲတွင် ရှိခဲ့စဉ်တုန်းက သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်နေသည့် သွေးဆာနေသော အငွေ့အသက်များကို ချုပ်တည်းခဲ့ပါသော်လည်း ကျယ်ပြန့်တာအိုနန်းတော်ထဲတွင်မူ ၎င်းတို့အား အစွမ်းကုန် ထုတ်လွှတ်ထား၏။ ထို့ကြောင့် တာအိုဝတ်ရုံများဆင်မြန်းထားသော ခုန်းတောက်မှာ ဓားအိမ်ထဲမှ ထုတ်ထားသည့် အသွားထက် ဓားတစ်လက်ကဲ့သို့ ဖြစ်နေတော့သည်။
သူ၏ ပတ်ပတ်လည်တွင် ရှိနေသော ရက်စက်ကြမ်းကြုတ်မှု အငွေ့အသက်များကြောင့် ကျယ်ပြန့်တာအိုနန်းတော်မှ ကျင့်ကြံသူများမှာ သူ့အား လွယ်လွယ်နှင့် ရန်မစရဲခဲ့ကြပေ။ သူသည် လူပေါင်းများစွာကို သတ်ဖြတ်ဖူးခဲ့သည့် လူတစ်ယောက် ဖြစ်ကြောင်း သူတို့က အာရုံခံမိနေ၏။
သူနှင့် စိတ်တူကိုယ်တူရှိသော အခြားသူများမှာမူ သူနှင့် ခင်မင်ရင်းနှီးလာကြ၏။ သူသည် သူတို့နှင့်ပေါင်း၍ တာဝန်တစ်ခုအား အဖွဲ့လိုက် ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။ ဤနှစ်ထဲတွင် ခုန်းတောက်မှာ သိုသိုသိပ်သိပ်သာ နေခဲ့၏။ သို့သော် သူသည် ကျယ်ပြန့်တာအိုနန်းတော်ထဲတွင် မဟာမိတ်များ ဖွဲ့ပြီးထားပြီ ဖြစ်သလို ကိုယ်ပိုင်အချိတ်အဆက်များကိုလည်း ပိုင်ဆိုင်ထားပြီဖြစ်သည်။
သူသည် ထိုအသိုင်းအဝိုင်းထဲမှ လူတိုင်းအား သူ၏ မိတ်ဆွေရင်းများအဖြစ် သတ်မှတ်၍မရကြောင်း နားလည်ထား၏။ သူ အစွမ်းထက်နေချိန်တွင် ကိစ္စမရှိပါသော်လည်း အားအင်ချည့်နဲ့သည့် အရိပ်အယောင်တစ်ခုခုသာ ပြမိလိုက်ပါက ချက်ချင်း သုတ်သင်ရှင်းလင်းခံလိုက်ရမည်သာဖြစ်သည်။
သူသည်လည်း ကျယ်ပြန့်တာအိုနန်းတော်ထဲ၌ ထိုကဲ့သို့သောအရာများ လုပ်ခဲ့ဖူးသည် မဟုတ်ပါလော။
ယခုတွင် သူသည် ဝမ်ပေါင်လဲ့၏ ရှေ့တွင် ထိုင်နေ၏။ သူ၏ အမူအရာမှာ အေးတိအေးစက် ဖြစ်နေသည့်ပုံ ပေါ်ပါသော်လည်း သူသည် ယခင်ကထက်ပို၍ အေးအေးဆေးဆေး ဖြစ်နေပြီး သူ၏မျက်ဝန်းများမှာလည်း အေးစက်နေခြင်း မရှိတော့ပေ။ သူသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် ဆိုလိုက်၏။
" ပေါင်လဲ့။ ငါ မင်းဆီက အကူအညီ လိုလို့ "
ဝမ်ပေါင်လဲ့မှာ ထိုစကားကို ကြားလိုက်ရသောအခါ အမူအရာ တည်ကြည်သွား၏။ သူသည် ခုန်းတောက်အား မေးခွန်းများ မေးမြန်းမနေဘဲ ခေါင်းညိတ်ကာ အကူအညီပေးရန် သဘောတူလိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာ စဉ်းစားတွေတောနေခြင်း မရှိရုံသာမက သူ့အား မေးခွန်းပင်မမေးဘဲ အကူအညီပေးရန် သဘောတူလိုက်သည်ကို မြင်လိုက်ရသဖြင့် ခုန်းတောက်မှာ ပြုံးမိသွား၏။ ထို့နောက် သူသည် တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် လေသံတိုးတိုးဖြင့် ဆိုလိုက်တော့သည် " ငါ ငါရဲ့တာဝန်တွေကို ထမ်းဆောင်ခဲ့တုန်းက မင်းငါ့ကို ငှားပေးထားတဲ့ ဝိညာဉ်လှေကို သုံးခဲ့တာ။ ငါ အဲလို တာဝန်တွေ ထမ်းဆောင်နေတုန်း မီးပင်လယ်ကြီးရဲ့ အောက်မှာ ရှိနေတဲ့ လျှို့ဝှက်ဂူဗိမာန်တစ်လုံးကို မတော်တဆ ရှာတွေ့ခဲ့တာကွ။ အဲဒီ ဂူဗိမာန်က အကောင်းအတိုင် ရှိနေသေးပေမဲ့ အချုပ်အနှောင်တစ်ခုရဲ့ ကာကွယ်မှုအောက်မှာ ရောက်နေတာ။ အဲဒီဂူဗိမာန်ကြီး ရှိနေတဲ့နေရာက တော်တော်ကို ထူးဆန်းတာမလို ငါကလွဲပြီးတော့ တခြားဘယ်သူကမှ အဲဒီဂူဗိမာန်ကြီးကို ရှာမတွေ့သေးဘူး "
" လောလောဆယ်တော့ ငါ အဲဒီဂူဗိမာန်ကြီးကို လူမသိအောင် တိတ်တ်ိတ်လေး စောင့်ကြည့်နေတယ်။ လွန်ခဲ့တဲ့လအနည်းငယ်အတွင်းမှာ ဘာမှ မပြောင်းလဲသွားခဲ့ဘူးဆိုတော့ ဒီဂူကြီးကို တခြား ဘယ်သူမှ ရှာမတွေ့သေးတာ သေချာပါတယ် "
" ငါက အဲဒီ အချုပ်အနှောင်ကြီးကို ကျော်ဖြတ်ဖို့ ကြိုးစားခဲ့ပေမဲ့ တစ်ယောက်တည်းအားနဲ့ မရဘူးဖြစ်နေတာ။ ပေါင်လဲ့ ငါတို့နှစ်ယောက်သာ ပူးပေါင်းလိုက်မယ်ဆိုရင် ပိုပြီးတော့ အောင်မြင်နိုင်ခြေရှိတယ်။ မင်းရဲ့ ကျင့်ကြံခြင်းအဆင့် ငါ့ထက် မြင့်နေတာမလို့ အဲဒီနေရာမှာ ရှာတွေ့လို့ရသမျှ ပစ္စည်းတွေကို .... "
" တစ်ယောက်တစ်ဝက်စီ ခွဲယူမယ် " ဝမ်ပေါင်လဲ့မှာ သူ၏လက်ကို ဝှေ့ယမ်းကာ ဆိုလိုက်၏။ ခုန်းတောက်မှာ သူ့အား ခွဲတမ်းအများကြီးပေးရန် ဆန္ဒရှိနေသည်ကို ဝမ်ပေါင်လဲ့က သိထား၏။ အကယ်၍ အခြားတစ်ယောက်ယောက်သာ ဆိုပါက သူသည် ဘာမှပြောနေမည် မဟုတ်ပါသော်လည်း ခုန်းတောက်မှာ သူ၏ ညီအစ်ကိုတစ်ယောက် ဖြစ်နေသည်မဟုတ်ပါလော။ သူသည် ခွဲတမ်းပိုရသင့်သည်မှာ မှန်ပါသော်လည်း လက်မခံနိုင်ပေ။
ထိုအခါ ခုန်းတောက်မှာ ဝမ်ပေါင်လဲ့အားကြည့်ရင်း ခေါင်းယမ်းကာ ရယ်မောလိုက်တော့သည်။ သူ၏ နှလုံးသားထဲတွင်လည်း နွေးထွေးမှုများဖြင့် ပြည့်နှက်သွားရ၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့နှင် စကားကတ်ပြောမနေတော့ဘဲ ထိုဂူဗိမာန်ကြီးနှင့် ပတ်သတ်၍ သူ သိထားသမျှ အရာအားလုံးကို ပြောပြလိုက်တော့သည်။ သူတို့နှစ်ယောက်မှာ ဆွေးနွေးလိုက်ကြပြီးနောက် လေးဖင့်နေ၍ မဖြစ်ကြောင်း ဆုံးဖြတ်လိုက်၏။ ထို့ကြောင့် သူတို့မှာ ဝမ်ပေါင်လဲ့၏ ဂူဗိမာန်ထဲမှ ချက်ချင်း ထွက်လာပြီး မှောင်ရီပျိုးစပြုနေသော ကောင်းကင်ကြီးယံအောက်တွင် အဝေးသို့ ထွက်ခွာသွားကြတော့သည်။
ဝမ်ပေါင်လဲ့နှင့် ခုန်းတောက်တို့မှာ သူတို့၏ ဝိညာဉ်လှေများအား မီးပင်လယ်ကြီး၏ အောက်၌ အရှိန်အဟုန်ဖြင့် စီးနင်းနေကြ၏။ ထိုသို့ဖြင့် ခုန်းတောက်မှာ ရှေ့မှဦးဆောင်ရင်း သူတို့၏ ခရီးပန်းတိုင်ဆီသို့ တဖြည်းဖြည်းနှင့် ချဉ်းကပ်လာကြတော့သည်။ နောက်ဆုံးတွင် နှစ်နာရီတိတိ ကြာမြင့်သွားပြီးနောက် သူတို့မှာ မီးပင်လယ်ကြီး၏ အောက်တွင်ရှိနေသော အပျက်အစီးများဆီသို့ ရောက်ရှိလာတော့သည်။
ထိုနေရာတွင် အားကောင်းသော ပေါက်ကွဲမှုများ ဖြစ်ပေါ်နေသောကြောင့် ပင်လယ်ကြမ်းပြင်ကြီးပေါ်တွင် အက်ကွဲကြောင်း မြောက်မြားစွာဖြင့် ပြည့်နှက်နေ၏။ ဤနေရာမှာ မီးပင်လယ်ကြီး၏ ဖုံးလွှမ်းခြင်းကို ခံခဲ့ရခြင်းဖြစ်ပေသည်။ ၎င်းမှာ အစွမ်းထက်ကျင့်ကြံသူများ တိုက်ခိုက်ခဲ့ကြသည့် စစ်မြေပြင်ကြီးတစ်ခု ဖြစ်ခဲ့ရပေမည်။ ထို့ကြောင့် ထိုနယ်မြေအား ရှေးဟောင်းစစ်မြေပြင်တစ်ခုပင် ခေါ်ဆိုသတ်မှတ်နိုင်ပေသည်။ ထိုနေရာတွင် နေရာအနှံ့ ပြန့်ကျဲနေကြသည့် အရိုးစုများသာ ရှိနေကြသည်။ ၎င်းတို့ အများစုမှာ အခြားလူများ၏ ရှာဖွေခြင်းကို ခံထားရပြီး ဖြစ်ပေသည်။ ၎င်းတို့ဆီတွင် ကျန်ရစ်နေခဲ့သည့် ပစ္စည်းများမှာမူ တန်ဖိုးမရှိပေ။
" ဒီနေရာပဲ ပေါင်လဲ့ရေ။ ငါနဲ့လိုက်ခဲ့ " ခုန်းတောက်မှာ ဝိညာဉ်လှေထဲမှနေ၍ အသံလွှင့်အကြောင်းကြားစာတစ်စောင် ပေးပို့လိုက်ပြီးနောက် သူ၏လှေအား ရှေ့သို့ မောင်းနှင်သွားလိုက်ပြီး ထိုစစ်မြေပြင်ကြီးအား တစ်ပတ်ပြီးတစ်ပတ် ပတ်နေလိုက်တော့သည်။ ထို့နောက် သူသည် ပင်လယ်ကြမ်းခင်းပေါ်ရှိ မရေမတွက်နိုင်လောက်အောင် များပြားပြီး အရွယ်အစားမျိုးစုံရှိနေကြသော အက်ကွဲကြောင်းများထဲမှ အက်ကွဲကြောင်းတစ်ခုအား ရှာတွေ့သွားသဖြင့် ထိုအက်ကွဲကြောင်းထဲသို့ တိုးဝင်သွားလိုက်တော့သည်။ ဝမ်ပေါင်လဲ့မှာလည်း သူ၏နောက်မှ ထပ်ချပ်မကွာလိုက်လာ၏။ ခုန်းတောက်၏ ဝိညာဉ်လှေမှာ ရှေ့သို့ အချိန်အနည်းငယ်ခန့် ဆက်၍ ရွေ့လျားသွားလိုက်ပြီးနောက် ခုန်းတောက်မှာ လှေအပြင်ဘက်သို့ ထွက်လာတော့သည်။ သူသည် ချစ်ချစ်တောက်ပူနေသော အပူချိန်များနှင့် မီးမြှိုက်ခံနေရသကဲ့သို့ ဖြစ်နေသည့် ဝေဒနာများအား အောင့်အည်းသည်းခံလိုက်ပြီးနောက် သူ၏ လက်ဖဝါးတစ်ဖက်အား သူ၏ဘေးတွေရှိနေသော နံရံပေါ်သို့ ချက်ချင်း တင်လိုက်တော့သည်။
ထိုအခါ ထိုနံရံကြီးမှာ တွန့်လိမ်ပုံပျက်သွားပြီး ၎င်းပေါ်၌ အက်ကွဲကြောင်းများ စတင်ပေါ်ပေါက်လာတော့သည်။ ထို့နောက် ခုန်းတောက်မှာ သူ၏ ဝိညာဉ်လှေကလေးထဲသို့ အလောတကြီး ပြန်ဝင်သွားပြီးနောက် ထိုအက်ကွဲကြောင်းအတိုင်း ရှေ့သို့ဆက်လက်မောင်းနှင်သွားလိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာ ခုန်းတောက်တစ်ယောက် နံရံကြီးထဲ၌ အက်ကွဲကြောင်းများ အဆက်မပြတ် ပေါ်ထွက်လာအောင် လုပ်နေသည်ကို ကြည့်ရင်း အံ့ဩတုန်လှုပ်နေရတော့သည်။ ထို အက်ကွဲကြောင်းများမှာ သူတို့ အတွင်းထဲသို့ ဝင်ပြီးသွားပါက တဖြည်းဖြည်းနှင့် ပြန်ပိတ်သွားကြသည်သာဖြစ်သည်။
" သူ ဘယ်လိုလုပ်ပြီး ဒီနေရာကို ရှာတွေ့ခဲ့တာလဲ " ဝမ်ပေါင်လဲ့မှာ သူ၏နောက်မှ လိုက်လာရင်း အထူးတဆန်းဖြစ်နေသည့် မျက်နှာအမူအရာအဖြစ် ရေရွတ်လိုက်၏။ ခဏအကြာတွင် သူတို့မှာ ထို စစ်မြေပြင်အပျက်အစီးကြီး၏ အတွင်းပိုင်းထဲအထိ ရောက်ရှိသွားကြပြီးနောက် ဂူတစ်လုံးထဲသို့ ရောက်သွားကြတော့သည်။
ထိုဂူကြီးထဲတွင် မီးပင်လယ်ကြီး မရှိပေ။ သူတို့နှစ်ယောက်၏ ပတ်ပတ်လည်တွင် အရာအားလုံးမှာ အမှောင်အတိပြီးနေ၏။ သူတို့၏ ရှေ့တွင်ရှိနေသော နံရံပေါ်တွင်မူ ဧရာမ ကျောက်တံခါးကြီးတစ်ချပ်ရှိနေ၏။
ထိုကျောက်တံခါးကြီး၏ ဘေးတွင် ကျောက်သားများဖြင့် ထုဆစ်ထားသည့် လင်းနို့ ရုပ်ထုကြီးနှစ်ခု ရှိနေသည်။ ၎င်းတို့ထဲမှ တစ်ခုမှာ ခေါင်းပြတ်နေပြီဖြစ်ပြီး အခြားတစ်ခုမှာ ရင်ဘတ်ပေါ်တွင်ရှိနေသော ဧရာမအက်ကွဲကြောင်းကြီး တစ်ခုမှလွဲ၍ အကောင်းပတိအတိုင်း ကျန်ရှိနေဆဲပင်။ ၎င်းမှာ ကျောက်တံခါးကြီး၏ ဘေးတွင် မလှုပ်မယှက် ရှိနေ၏။
" ဒီနေရာပဲ။ ငါ ငရဲမီးကြွက်တစ်ကောင်ကို လိုက်ဖမ်းနေတုန်း ဒီနေရာကြီးကို ရှာတွေ့ခဲ့တာ။ ဒီနေရာက အရင်တုန်းက ငရဲမီးကြွက်တွေ အများကြီးရဲ့ အသိုက်တစ်ခု ဖြစ်နေခဲ့တာ " ခုန်းတောက်မှာ ဝမ်ပေါင်လဲ့ တွေးတောနေသည့်အရာများကို သတိထားမိသွားဟန် ရှိသောကြောင့် ထိုနေရာအား မည်သို့မည်ဖုံ ရှာတွေ့ခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြလိုက်၏။ ထို့နောက် သူသည် ဧရာမကျောက်တံခါးကြီးအား လက်ညှိုးထိုးပြလိုက်သည်။
" အဲဒီ တံခါးပေါ်မှာ အချုပ်အနှောင်တစ်ခု ရှိတယ်။ ငါ ကြိုးစားကြည့်ခဲ့သလောက်ဆိုရင်တော့ ဒီတံခါးကြီးကို တွန်းဖွင့်နိုင်ဖို့အတွက် အား အများကြီးသုံးဖို့လိုတယ်။ အဲဒီတံခါးပေါက်ကို တွန်းဖွင့်တာ အသက်ရှူကြိမ် ဆယ်ကြိမ်အထက် ကြာသွားရင် ရုပ်ထုကြီးက အသက်ဝင်လာပြီးတော့ အဲဒီနေရာမှာ ရှိနေတဲ့ ကျူးကျော်သူတွေကို တိုက်ခိုက်တော့တာပဲ "
" အဲဒီ ရုပ်ထုကြီး အရင်တုန်းက ဘယ်လောက်အထိ အစွမ်းထက်ခဲ့သလဲဆိုတာကိုတော့ ငါသေချာမသိဘူး။ ဒါပေမဲ့ လက်ရှိမှာဆိုရင် အဲဒီရုပ်ထုကြီးက နှောင်းပိုင်း အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်လောက်ကို အစွမ်းထက်တယ်။ အရင်တစ်ခေါက်တုန်းကဆိုရင် ငါ အဲဒီ ရုပ်ထုကြီးကို အသက်ဝင်လာအောင် မတော်တဆ လုပ်မိခဲ့လို့ ငါ့ရဲ့ ခေါင်းကိုင်ဖခင်ပေးထားတဲ့ အသက်ကယ်ရတနာကိုသုံးပြီး လွတ်အောင် ထွက်ပြေးလာခဲ့ရတာ " ခုန်းတောက်မှာ ထိုသို့ရှင်းပြကာ အသက်ပြင်းပြင်းရှူလိုက်ပြီး ဝမ်ပေါင်လဲ့အား စိုက်ကြည့်လိုက်၏။ သူ၏ မျက်ဝန်းများထဲတွင် မျှော်လင့်ချက်ရောင်ခြည်များ သန်းနေပြီ ဖြစ်သည်။
" ကဲ။ ငါတို့တွေ ဘာလုပ်သင့်သလဲ "