← Chapters

နဂါးသင်္ချိုင်းတံခါးဖွင့်ခြင်း

Vol. 39 Ch. 549

နဂါးသင်္ချိုင်းတံခါးဖွင့်ခြင်း

Vol. 39 Ch. 549

အခန်း (၅၄၉) နဂါးသင်္ချိုင်းတံခါးဖွင့်ခြင်း

ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သူ၏လက်များကို ဖြန့်ကားလိုက်ပြီး ‘မြောက်ပိုင်းသမုဒ္ဒရာနတ်ဘုရားလှံရှည်’ ဖြင့် လင်ချန်းချန်ဆီသို့ ထိုးစိုက်ချလိုက်သည်။

ရှားလော်ဂိုဏ်းချုပ် ‘ဖုန်းကျင်းရှန်’ ၏ ကျောရိုးဖြင့် ပြုလုပ်ထားသောလှံရှည်က ယာယီမျှသာအသုံးပြုနိုင်လေရာ ယခုအခါ အသုံးပြုနိုင်ခြင်း မရှိတော့ပေ။

သို့ပေသိ လက်သီးသိုင်းနှင့် လှံရှည်ပညာပေါင်းစပ်အသုံးပြုခြင်းကလည်း ကြီးကျယ်ခမ်းနားသော တန်ခိုးစွမ်းအားနှင့် ပြင်းထန်သည့်တိုက်ခိုက်မှု ထွက်ပေါ်လာစမြဲပင်။

လင်ချန်းချန်က ပုံရိပ်ယောင်မိစ္ဆာသိုင်းပညာကို ကျင့်ကြံထားလေရာ ထိပ်တိုက်ရင်ဆိုင်ခြင်းတွင် အားသာချက် မရှိပေ။ ယခု အားနည်းသောအချိန်ကာလရောက်ရှိနေသည်ဖြစ်ရာ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ တိုက်ခိုက်မှုကို ခံနိုင်ရည် မရှိပေ။

လှံရှည်ဝှေ့ယမ်းလိုက်သည့်အခါ အနက်ရောင်ပုံရိပ်တစ်ခုနှင့်ဆင်တူသည့် လင်ချန်းချန်၏ ခန္ဓာကိုယ်သည် ရေကဲ့သို့ ကွဲထွက်သွားသည့်အလား ထင်မှတ်ရသည်။

သူက တုံ့ဆိုင်းမနေဘဲ အနက်ရောင်ပုံရိပ်ယောင်များဖန်ဆင်းလျှက် ဝင်္ကပါပင်လယ်အတွင်းပိုင်း နက်ရှိုင်းရာသို့ ပြေးလွှားထွက်ခွာသွားသည်။

ရန်ကျောက်ကဲ မျက်လုံးများ မှေးစင်းလိုက်ချိန် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ရပ်တန့်ခြင်းမရှိဘဲ လင်ချန်းချန်နောက်သို့ လိုက်ပါသွားသည်။

အမြန်နှုန်းတစ်ခုတည်းတွင် နှိုင်းယှဉ်ပါက လင်ချန်းချန်သည် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို မမီနိုင်ပေ။ ထို့ကြောင့် ထွက်ပြေးသည့်တိုင် နောက်ကအမီလိုက်လာသည်ကိုတော့ ရှောင်တိမ်းရန် မဖြစ်နိုင်ပေ။

သို့ပေသိ လင်ချန်းချန်တွင် ထူးခြားသော ရတနာပစ္စည်းတစ်ခု ရှိပုံရသည်။

ရန်ကျောက်ကဲနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား သူ့အနားရောက်လာချိန်တွင် သူ့လက်ထဲတွင် အလင်းရောင်များ လင်းထိန်သွားသည်။

ရန်ကျောက်ကဲ အာရုံစူးစိုက်ကြည့်လိုက်သည့်အခါ ထိုအရာက စက်ဝန်းတစ်ခုဖြစ်ကြောင်း တွေ့ရ၏။

ထိုစက်ဝန်းက နဂါးမျက်လုံးတစ်လုံးနှင့်ဆင်တူသည်။ အလင်းရောင်များလင်းလက်သွားတိုင်း ပတ်ဝန်းကျင်တွင် မြူခိုးများ ပိုမိုထူထပ်လာပြီး နဂါးအစစ်အသွင် ထွက်ပေါ်လာကာ ရှန်ကျောက်ကဲကို ဟန့်တားရာတွင် အကူအညီပေးလေသည်။

ပန်းချီဆရာတစ်ယောက်က ဆန်းကျယ်သောမျက်လုံးတစ်လုံး နဂါးတစ်ကောင်တွင် ရေးဆွဲတပ်ဆင်ပေးထားသကဲ့သို့ ဖြစ်၏။

နဂါးမျက်လုံးမှ အလင်းရောင်များတောက်ပလာလေ ပတ်ဝန်းကျင်မြူခိုးများထဲမှ နဂါးအစစ်စွမ်းအားများက ပိုမိုအားကောင်းလာလေ ဖြစ်သည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားလက်ချက်ဖြင့် အလင်းရောင်များ ပျောက်ကွယ်သွားသည့်တိုင် ထိုအရာက မြူခိုးများအကြား ပြန်လည်ဖြစ်တည်လာသည်ပင်။ လင်ချန်းချန်လက်ထဲမှ နဂါးမျက်လုံး ပြန်လည်တောက်ပလာသည်နှင့် ပတ်ဝန်းကျင်တွင် မြူခိုးများ နောက်တစ်ကြိမ် ထူထပ်လာပြန်၏။

ထိုသို့ဖြင့် ၎င်းရတနာပစ္စည်းအကူအညီဖြင့် လင်ချန်းချန်သည် ဝင်္ကပါပင်လယ်အစွန်းသို့ ထွက်ပြေးသွားခဲ့သည်။

သမုဒ္ဒရာကမ္ဘာတွင် သိုင်းသူတော်စင်များသည်ပင် ဤနေရာသို့ အလွန်သတိထား လာရောက်ကြရပြီး အတွင်းပိုင်းသို့ တော်ရုံဖြင့် ဝင်ရောက်ကြခြင်း မရှိပေ။

သို့သော် ရန်ကျောက်ကဲကတော့ တုံ့ဆိုင်းမနေဘဲ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့်အတူ လင်ချန်းချန်နောက် လိုက်ပါသွားပြီး လူသူမရှိသော အန္တရယ်နယ်မြေအတွင်း ခြေချခဲ့သည်။

အတွင်းပိုင်းရောက်လာလေ မြူခိုးများပိုမိုထူထပ်လာသလို နဂါးအစစ် ချီစွမ်းအားများကလည်း ပိုမိုများပြားလာကြောင်း အာရုံခံမိသည်။

ရန်ကျောက်ကဲ ခဏမျှစဉ်းစားလိုက်ပြီးနောက် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ပင်လယ်ရေအောက်သို့ ထိုးစင်းသွားကာ ပင်လယ်ပြင်ကို နှစ်ပိုင်းခွဲချလိုက်သည်။

ထိုအခါ ပင်လယ်အောက်ခြေတွင် ချောက်နက်ကြီးတစ်ခု ထွက်ပေါ်လာပြီး ထိုချောက်နက်ကြီးထဲ ဝင်ရောက်ပျောက်ကွယ်သွားသော လင်ချန်းချန်၏ပုံရိပ်ကို တွေ့မြင်ရသည်။

သို့သော်လည်း ရန်ကျောက်ကဲနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လင်ချန်းချန်အပေါ် အကြည့်တစ်ချက်မလွှဲဘဲ သူ့အနောက်သို့ လိုက်သွားကြ၏။

လင်ချန်းချန်က ရန်ကျောက်ကဲကို လှည့်ကြည့်လာပြီး လက်ဝါးရိုက်ချက်တစ်ချက် ထုတ်ဖော်လိုက်သည်။ သို့သော် သူက ရန်ကျောက်ကဲကို တိုက်ခိုက်ခြင်း မဟုတ်ဘဲ ချောက်နက်ကြီးနံရံများ တုန်လှုပ်သွားစေရန် လက်ဝါးဖြင့် ရိုက်ချလိုက်ခြင်းသာပင်။

လက်ဝါးရိုက်ချက်ထိမှန်ခံရသည်နှင့် နက်ရှိုင်းသောချောက်နက်ကြီးအတွင်းမှ မိစ္ဆာနဂါးများနှင့်ဆင်တူသော အနက်ရောင်ချီစွမ်းအားအမြောက်အမြား ထွက်ပေါ်လာပြီး ရန်ကျောက်ကဲနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားဆီသို့ ဝင်ရောက်လာသည်။

ထိုအနက်ရောင်ချီများကို တစ်ချက်ကြည့်လိုက်သည်နှင့် အလွန်ပြင်းထန်သော အသက်ဓာတ်စွမ်းအားများက မရဏချီစွမ်းအားများအဖြစ် ပြောင်းလဲသွားခြင်း ဖြစ်ကြောင်း ရန်ကျောက်ကဲ သိလိုက်သည်။ အသက်ဓာတ်စွမ်းအားက အလွန်တရာ တက်ကြွအားကောင်းပြီး အစွမ်းထက်လွန်းသော်လည်း မရဏစွမ်းအားကတော့ အလွန်တရာ လေးလံပြီး လူတစ်ယောက်ကို အသက်ရှူကကျပ်လုနီးပါး ဖြစ်စေသည်။

ကြီးကျယ်ခမ်းနားလှသော မရဏချီစွမ်းအားများက ဤနေရာသို့ရောက်ရှိလာသော သက်ရှိများအားလုံးကို ဝါးမျိုပစ်ချင်ဟန်ရှိပြီး သေခြင်းတရားသို့ ပို့ဆောင်ပေးချင်နေသည်။

ရန်ကျောက်ကဲက...

“ဒီနေရာက တကယ် အန္တရယ်များတဲ့နေရာပဲ ၊ လူ အနည်းအပါးပဲ စွန့်စားဝင်ရောက်ကြတာ မအံ့သြတော့ပါဘူး”

ယခင်က ဝင်္ကပါပင်လယ်တွင် လူပေါင်းများစွာ ပျောက်ဆုံးခြင်း ၊ သေဆုံးခြင်းများဖြစ်ပေါ်ရသည့်အကြောင်းရင်းကို မည်သူမှ ရှင်းမပြနိုင်ခဲ့ကြပေ။ ယခုတော့ ရန်ကျောက်ကဲ သဘောပေါက်သွားပြီ ဖြစ်သည်။

ဤ အလွန်တရာ လေးလံကြောက်မက်ဖွယ်ဖြစ်သော မရဏချီများသည် နဂါးသင်္ချိုင်းမြေမှ ထွက်ပေါ်လာခြင်း ဖြစ်ဟန်တူ၏။

နဂါးဆိုသည်က မွေးဖွားလာကတည်းကပင် အလွန်ပြင်းထန်မြင့်မားသော သွေးစွမ်းအားနှင့် ချီစွမ်းအားများကို ပိုင်ဆိုင်ထားကြပြီး ငယ်ရွယ်ကြသည့်တိုင် အလွန်အစွမ်းထက်သော ရုပ်ခန္ဓာနှင့် အသက်ဓာတ်စွမ်းအားကို ပိုင်ဆိုင်ထားသည်။

နဂါးတစ်ကောင်သေဆုံးသွားလျှင်ပင် မရဏချီစွမ်းအားများ အလွန်အမင်း ထွက်ပေါ်လာမည်ဖြစ်လေရာ နဂါးသင်္ချိုင်းဆိုလျှင်တော့ ပြောစရာအကြောင်း မရှိတော့ပေ။

ဤနေရာသို့ရောက်လာပြီးနောက် မူလက အားပျော့နေသော လင်ချန်းချန်သည် ရေထဲရောက်သွားသော ငါးတစ်ကောင်ပမာ တဖြည်းဖြည်း ပြန်လည်အားပြည့်လာ၏။ ဤသို့ဖြစ်ရသည်မှာ ပုံရိပ်ယောင်မိစ္ဆာပညာက သက်ရှိသတ္တဝါများ၏ ဝိညာဉ်စွမ်းအားအနှစ်သာရများကို ခိုးယူကျင့်ကြံရာတွင် ကျွမ်းကျင်သောကြောင့်ဖြစ်ကြောင်း ရန်ကျောက်ကဲ သိရှိခဲ့သည်။

ဤနေရာမှ ချီစွမ်းအားများက အလွန်တရာ ထူထပ်သိပ်သည်းသော မရဏချီစွမ်းအားများဖြစ်သည့်တိုင် အသက်ဓာတ်စွမ်းအားများမှ ပြောင်းလဲသွားခဲ့သော မရဏချီဖြစ်၏။ ထို့ကြောင့် မရဏချီကို သူ၏ခန္ဓာကိုယ်ထဲ စုပ်ယူခြင်းဖြင့် လင်ချန်းချန်၏စွမ်းအား မြင့်မားလာစေနိုင်သည်။

ရန်ကျောက်ကဲက မျက်နှာပျက်သွားခြင်းမရှိဘဲ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သူ၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ပြီး မိစ္ဆာနဂါးများနှင့်ဆင်တူသော အနက်ရောင်ချီများကိုဖြတ်တောက်ကာ လင်ချန်းချန်ဆီသို့ အရှိန်အဟုန်ဖြင့် တိုက်ခိုက်လိုက်သည်။

လင်ချန်းချန် နောက်သို့လှည့်ကြည့်လိုက်ပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ လက်သီးချက်ကို လက်ဝါးရိုက်ချက်ဖြင့် ထိပ်တိုက်ရင်ဆိုင်လိုက်၏။

သိုင်းသူတော်စင်နှစ်ယောက် ထိပ်တိုက်တွေ့သည့်အခါ အလွန်ပြင်းထန်သော စွမ်းအားစီးကြောင်းများက ပတ်ဝန်းကျင်တစ်ခုလုံးသို့ လွှမ်းခြုံသွားပြီး ချောက်နက်ကြီးထဲတွင် ဗလာနယ်တစ်ခု ဖြစ်ပေါ်လာကာ အနက်ရောင်ချီစွမ်းအားများကို ပျက်ပြယ်သွားစေသည်။

နှစ်ဖက်လုံးမှ အလွန်အမင်းပြင်းထန်သောစွမ်းအားများ ထွက်ပေါ်လာပြီး ပုံရိပ်ယောင်မိစ္ဆာသိုင်းပညာက မြောက်ပိုင်းသမုဒ္ဒရာလှံရှည်နှင့် အပြင်းအထန် ရင်ဆိုင်မိသည်။

ကျောက်စိမ်းသားပမာ ဖြူစင်သော မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ညာဘက်လက်သည် ချက်ခြင်းပင် တောက်ပမှုကင်းမဲ့သွားပြီး ရေဓာတ်ဆုံးရှုံးသွားကာ အလောင်းကောင်တစ်ကောင်၏လက်တစ်ဖက်ပမာ ခြောက်သွေ့ပိန်ချုံးသွားသည်။

လင်ချန်းချန်၏ ညာဘက်လက်သည်လည်း မြောက်ပိုင်းသမုဒ္ဒရာနတ်ဘုရားလှံရှည်၏ စွမ်းအားကိုတွန်းလှန်ရန်ကြိုးစားရင်း ပေါက်ကွဲထွက်သွားသည်။

တိုက်ကွက်တစ်ကွက်တည်း ရင်ဆိုင်ခြင်းကပင် ပြင်းထန်သောစွမ်းအားများ ဖြစ်ပေါ်လာစေသည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး နက်ရှိုင်းသောသိုင်းပညာအသုံးပြုပြီး အစစ်အမှန်သိုင်းစွမ်းကို လှည့်ပတ်လိုက်ရာ ခြောက်သွေ့သွားသော ညာဘက်လက်က ချက်ချင်းပင် အသွေးအသားများ ပြန်လည်ပြည့်ဝလာသည်။

ဒါကိုမြင်တော့ လင်ချန်းချန်က ကြုံးဝါးသံတစ်ချက်ပြုလိုက်ပြီး ချောက်နက်ကြီးအတွင်းသို့ ပြန်လှည့်ထွက်ပြေးသွားသည်။ ရန်ကျောက်ကဲနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကလည်း ရပ်မနေဘဲ သူ့နောက်သို့ ဆက်လက် လိုက်ပါသွား၏။

နှစ်ဦးနှစ်ဖက် အကြိမ်ကြိမ်ထိပ်တိုက်တွေ့ပြီးနောက် ချောက်နက်အတွင်းပိုင်းရောက်လာသည်နှင့်အမျှ ပတ်ဝန်းကျင်မှ မရဏချီများသည်လည်း ပိုမိုထူထပ်လာသည်။ အသက်အန္တရယ်ရှိသဖြင့် လင်ချန်းချန်မှာ ထိုချီစွမ်းအားများကို ပေါ့ပေါ့တန်တန် မစုပ်ယူဝံ့တော့ပေ။

လင်ချန်းချန်က ခြေလှမ်းများကို ရုတ်တရက် ရပ်တန့်လိုက်သည်။

ထို့နောက် သူ့လက်တစ်ဖက်ကို မြှောက်လိုက်ရာ အနက်ရောင်ချီများကြားတွင် အလင်းရောင်များ တောက်ပလာ၏။

နဂါးမျက်လုံးမှလွဲပြီး အခြားမဟုတ်ပေ။

ရန်ကျောက်ကဲစိတ်ထဲ အေးစိမ့်မှုကို ခံစားလိုက်ရချိန် အနက်ရောင်ချီများ အပြင်းအထန်စုစည်းပြီး ထိုနဂါးမျက်လုံးဆီသို့ ပေါင်းစပ်သွားကာ ရှည်လျားကြီးမားသော အနက်ရောင်နဂါးကြီးတစ်ကောင်အသွင်သို့ ပြောင်းလဲသွားသည်။

အနက်ရောင်နဂါးကြီးက မျက်လုံးတစ်ဖက်တည်းသာ ရှိသော်လည်း တကယ့် နဂါးအစစ်တစ်ကောင် ပြန်လည်ရှင်သန် အသက်ဝင်လာသည့်အလားပင်။

ကြောက်မက်ဖွယ်ရာစွမ်းအားနှင့် အခွင့်အာဏာက မိုးမြေတစ်ခွင်လွှမ်းခြုံလာပြီး စိတ်နှလုံးကို တုန်လှုပ်စေသည်။ နဂါးကိုးကောင်လက်ချောင်းကို ကိုင်ဆောင်ထားသော နျန်ချန်ထက် စွမ်းအားနိမ့်ကျခြင်း မရှိပေ။

သို့ပေသိ ကြောက်မက်ဖွယ်ရာအကောင်းဆုံးအရာက ရောက်လာခြင်း မရှိသေးပေ။

လင်ချန်းချန်က လက်များကို အဆက်မပြတ် ဝှေ့ယမ်းလိုက်ရာ နောက်ထပ် နဂါးမျက်လုံး (၈)လုံးထွက်ပေါ်လာပြီး ချောက်နက်ကြီးအတွင်းမှ မရဏချီများကို ဆွဲယူကာ ကြီးမားသော အနက်ရောင်နဂါးကြီး (၈)ကောင်အဖြစ်သို့ ပြောင်းလဲသွား၏။

မျက်လုံးတစ်ဖက်တည်းရှိသော အနက်ရောင်နဂါးကြီး (၉)ကောင်က ကျယ်လောင်စွာ ကြုံးဝါးသံများ ပြုလုပ်လိုက်ပြီး ချောက်နက်ကြီးတစ်ခုလုံးကို ချိတ်ပိတ်ထားလိုက်သည်။ ရန်ကျောက်ကဲ ၊ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် လင်ချန်းချန်တို့အားလုံးကို စွမ်းအားမြင့်မားသော နဂါးကြီး (၉)ကောင်က ပိတ်ဆို့ထား၏။

ထိုခဏတွင် သူ၏အသက်ဓာတ်စွမ်းအားများ ရုတ်တရက် ပျောက်ကွယ်သွားသည့်အလား ရန်ကျောက်ကဲ ခံစားလိုက်ရသည်။

သေသေချာချာလေ့လာလိုက်တော့ အနက်ရောင်နဂါးကိုးကောင်၏ ခန္ဓာကိုယ်တစ်ဝက်က ချောက်နက်ကြီးအောက်ခြေတွင် နစ်မြုပ်နေပြီး နဂါးအမြီးများက တစ်စုံတစ်ခုနှင့် ချိတ်ဆက်နေဟန်ရှိသည်။

ချောက်နက်ကြီးအောက်ခြေမှ အလင်းရောင်တစ်ချက်တောက်ပလာချိန် ပိတ်ထားသော မုခ်ဦးတံခါးတစ်ချပ်ကို တွေ့ရ၏။အနက်ရောင်နဂါးကိုးကောင်၏ အမြီးများက ထိုမုခ်ဦးတံခါးကို အမြီးဖြင့်ချည်နှောင်လျှက် ဆွဲဖွင့်ရန် ကြိုးစားနေကြသည်။

၎င်းမုခ်ဦးတံခါးကို ဖွင့်ရန်အတွက် ရန်ကျောက်ကဲ ၊ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် လင်ချန်းချန်တို့၏ အသက်ဓာတ်စွမ်းအားအနှစ်သာရများကို စုပ်ယူရပေမည်။

“ဒါက ယာဇ်ပူဇော်တာလား...”

ရန်ကျောက်ကဲ လင်ချန်းချန်ကို လှမ်းကြည့်လိုက်သည်။

တစ်ဖက်လူက ပုံရိပ်ယောင်မိစ္ဆာသိုင်းပညာကို အမြင့်ဆုံးအဆင့်အသုံးပြုထားသဖြင့် ဤကမ္ဘာပေါ်တွင် မရှိတော့သည့်အလား အရိပအယောင်တစ်ခုပမာသာ တွေ့မြင်ရသည်။

မျက်လုံးတစ်ဖက်တည်းရှိသော အနက်ရောင်နဂါးကိုးကောင်က လင်ချန်းချန်ကို အရေးမစိုက်တော့ဘဲ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် ရန်ကျောက်ကဲတို့ထံမှ အသက်ဓာတ်စွမ်းအားအနှစ်သာရများကို ဝါးမျိုရန် အာရုံစိုက်နေသည်။

အထူးသဖြင့် အလွန်အားကောင်းသော အသက်ဓာတ်စွမ်းအားများရှိနေသော သိုင်းသူတော်စင်တစ်ယောက်ဖြစ်သည့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အနက်ရောင်နဂါးကြီးများ၏ အဓိကပစ်မှတ်ဖြစ်လာခဲ့သည်။

ထင်ယောင်ထင်မှား အနက်ရောင်အရိပ်တစ်ခုပမာ ပြောင်းလဲထားသော လင်ချန်းချန်၏အသံက အရပ်မျက်နှာအသီးသီးမှ ပဲ့တင်ထပ် ထွက်ပေါ်လာသည်။

“ဒဏ္ဍာရီလာ နဂါးသင်္ချိုင်းတံခါးကိုဖွင့်ဖို့... အသက်ဓာတ်စွမ်းအားတွေအများကြီး လိုအပ်တာမို့လို့ သိုင်းသူတော်စင်တစ်ယောက် စတေးခံရလိမ့်မယ် ၊ ငါကိုယ်တိုင်တော့ စတေးမခံနိုင်ဘူး... ၊ ဒီတော့ ငါ့နောက်လိုက်လာမယ့် ဉာဏ်ကောင်းတဲ့သူတစ်ယောက်ယောက်ကို စောင့်နေတာ ၊ ကျောက်ကျုန်း ၊ လင်ရှီး ဒါမှမဟုတ် မင်းလည်း ဖြစ်နိုင်တယ်လေ”

ရန်ကျောက်ကဲက...

“အရမ်းယဉ်ကျေးမနေစမ်းနဲ့ ၊ မင်းပြောသလိုပဲ... ငါလည်းတစ်ယောက်တည်းဆိုရင် ဒီနဂါးသင်္ချိုင်းတံခါးကို ဖွင့်နိုင်မှာ မဟုတ်ဘူး”

All Chapters