အားနည်းနေတုန်းသတ်ရတာ အပြစ်မတင်နဲ့
Vol. 39 Ch. 550
အခန်း (၅၅၀) အားနည်းနေတုန်းသတ်ရတာ အပြစ်မတင်နဲ့
ချောက်နက်ကြီးထဲတွင် နဂါးဟိန်းသံများ အဆက်မပြတ်ထွက်ပေါ်နေပြီး ပတ်ဝန်းကျင်တစ်ခုလုံးက တုန်ခါနေသည်။ သို့သော် ထိုနဂါးဟိန်းသံများတွင် ကြီးကျယ်ခမ်းနားသော အခွင့်အာဏာနှင့် တန်ခိုးစွမ်းအားများ မရှိတော့ဘဲ ရက်စက်ကြမ်းတမ်းသော သတ်ဖြတ်လိုသည့်အငွေ့အမသက်များသာ ပြည့်နက်နေ၏။
မျက်လုံးတစ်ဖက်တည်းရှိသော အနက်ရောင်နဂါးကိုးကောင်က ပတ်ဝန်းကျင်ကို ပိတ်ဆို့ထားပြီး ချောက်နက်ထဲသို့ ဝင်ရောက်လာသော သက်ရှိများအားလုံးအသက်ပျောက်သွားစေရန် အသက်ဓာတ်စွမ်းအားများအားလုံးကို စုပ်ယူမျိုချနေသည်။
အလျား မိုင်ပေါင်းများစွာရှည်လျားသော နဂါးကြီးက ယခု ခန္ဓာကိုယ်ကို ဖြောင့်တန်းစွာဆန့်ထုတ်လိုက်သည်။ နဂါးအမြီးက မုခ်ဦးတွင်ချည်နှောင်လျှက် အောက်ဘက်မှ အပေါ်ဘက်သို့ အပြင်းအထန် ဝင်ရောက်လာသည်။
နဂါးကိုးကောင်ထွက်ပေါ်လာသည်နှင့် မုခ်ဦးတံခါးကြီးက အဆက်မပြတ် တုန်လှုပ်လာ၏။
တောက်ပမှုမရှိ မှောင်မှိုင်းနေသော မုခ်ဝတံခါးကြီးကို သေသေချာချာကြည့်လိုက်တော့ အဖြူရောင်အရိုးများဖြင့် တန်ဆာဆင်ထားပြီး ထိုအရိုးများအားလုံးက နဂါးအရိုးများသာပင်။
အသက်ဓာတ်စွမ်းအားအနှစ်သာရများကို စုပ်ယူခွင့်ရသည့်အခါ အသက်မရှိသော နဂါးသင်္ချိုင်းတံခါးက အသက်ဝင်လာပြီး တဖြည်းဖြည်းပွင့်ဟလာမည့် အရိပ်အယောင်များပြလာသည်။ သို့သော် ကြီးမားလှသော နဂါးသင်္ချိုင်းတံခါး အပြည့်အဝဖွင့်လှစ်လိုလျှင် အသက်ဓာတ်စွမ်းအားအနှစ်သာရများစွာ လိုအပ်သည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားထံမှ အသက်ဓာတ်စွမ်းအားအနှစ်သာရများ အဆက်မပြတ် စီးဆင်းထွက်နေသည်ကို ရန်ကျောက်ကဲ အာရုံခံမိ၏။
လင်ချန်းချန်က ချောက်နက်ကြီး၏ အမှောင်ထုအတွင်း အရိပ်တစ်ခုပမာ မှိန်ဖျော့ပျောက်ကွယ်သွားပြီး မည်သည့်နေရာရောက်သွားလဲ မသိနိုင်ပေ။
သူ့အသံက နေရာတိုင်းမှ ပဲ့တင်ထပ် ထွက်ပေါ်လာသည်။
“နဂါးသင်္ချိုင်းကိုဖွင့်ဖို့ ကြိုးစားတော့ ငါ့နောက်လိုက်လာမယ့် ခပ်ထက်ထက်လူတစ်ယောက်ရှိမယ်လို့ ယုံကြည်ထားခဲ့တယ် ၊ မင်းရဲ့ ဉာဏ်ထကမြက်မှုက ငါ့ဆန္ဒကိုဖြည့်ပေးတာပဲ ၊ အရင်ဆုံးရောက်လာတဲ့ သိုင်းသူတော်စင်က နဂါးသင်္ချိုင်းတံခါးဖွင့်ဖို့ ငါ့ကို ကူညီနိုင်မယ့်သူပဲ”
ပြောပြီးသည်နှင့် လင်ချန်းချန်က ပုံရိပ်ယောင်မိစ္ဆာသိုင်းပညာကို အမြင့်ဆုံးအဆင့်လှည့်ပတ်လိုက်ပြီး အနက်ရောင်နဂါးကိုးကောင်၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။
လင်ချန်းချန် သူ့ကိုစကားပြောနေခြင်းက ဦးတည်ရာမရှိ ပြောချင်ရာပြောနေခြင်းမဟုတ်ဘဲ သူ ဒေါသထွက်ပြီး တိုက်ခိုက်လာစေရန် စွပေးနေခြင်းဖြစ်ကြောင်း ရန်ကျောက်ကဲ သိရှိသည်။ သူနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား စိတ်မတည်မငြိမ်ဖြစ်သွားသည်နှင့် အနက်ရောင်နဂါးကြီးများ၏တိုက်ခိုက်မှုကိုခံရပြီး အသက်ပျောက်သွားပေမည်။
ရန်ကျောက်ကဲက စကားမဆိုဘဲ အေးစက်စွာ ပြုံးလိုက်သည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားအတွင်းမှ အသက်ဓာတ်စွမ်းအားများ အပြင်သို့စီးဆင်းထွက်မလာစေရန် တားဆီးလိုက်ပြီးနောက် လင်ချန်းချန်အသွင်ပြောင်းထားသည့် အနက်ရောင်ပုံရိပ်ရှိရာသို့ ခုန်ဝင်သွားသည်။
လင်ချန်းချန်က သိမ်မွေ့စွာဖြင့်...
“မင်းက မြောက်ပိုင်းသမုဒ္ဒရာသိုင်းသူတော်စင် ကျွမ်ခွန်းရဲ့ ရုပ်အလောင်းကို သန့်စင်ထားတယ် ၊ ဒါက ငါ့ကို အတော်လေး ခြိမ်းခြောက်နိုင်ပါတယ် ၊ ဒါပေမဲ့ မင်း ဘယ်လောက်အရည်အချင်းရှိရှိ ... ငါက အားနည်းနေတဲ့အခြေအနေဆိုရင်တောင်မှ မင်းလုပ်ချင်တိုင်းလုပ်ဖို့အတွက် အရမ်းစောလွန်းနေသေးတယ်”
ရန်ကျောက်ကဲက ခပ်ပေါ့ပေါ့ ရယ်မောရင်း...
“ဒါပေါ့... ခပ်တိမ်တိမ်တွေးရင်တော့ ဟုတ်တာပေါ့ ၊ မင်း ငါ့ကို ဒီလိုစွပေးတဲ့အတွက် ငါက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနဲ့ မင်းကို တိုက်ခိုက်လိမ့်မယ် ၊ အဲဒါဆိုရင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အသက်ဓာတ်စွမ်းအားတွေကို ထိန်းထားနိုင်မှာ မဟုတ်တော့ဘဲ နဂါးကိုးကောင် ကောင်းကင်မျိုချတဲ့ အခမ်းအနားနဲ့ ကြုံတွေ့ရပြီး ငါရော ငါ့ကိုယ်ပွားရော ခမ်းခြောက်ပျက်ဆီးသွားမှာပေါ့”
လင်ချန်းချန်က..
“မင်းက သာမန်လူငယ်တစ်ယောက်တော့ မဟုတ်ဘူးပဲ ၊ အကုန်လုံးကို နားလည်နေတယ် ၊ ဒါပေမဲ့ အဲဒီတော့ရော ဘာဖြစ်သေးလဲ ၊ မင်း ဒီအတိုင်းနေလည်း မင်းရဲ့အသက်ဓာတ်စွမ်းအားတွေက နဂါးကိုးကောင်အတွက် စတေးခံရမှာပဲ ၊ ငါက ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားပြီဆိုတော့ အန္တရယ်မရှိတော့ဘူး”
သူက ဆက်ပြောသည်။
“အချိန်တွေ ကြာလာတာနဲ့အမျှ မင်းရဲ့ သိုင်းသူတော်စင်ကိုယ်ပွားက ငါ့အတွက် နဂါးသင်္ချိုင်းတံခါးကိုဖွင့်ဖို့ ယာဇ်ပူဇော်ရာ ဖြစ်လာမှာပဲ ၊ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားရဲ့ အသက်ဓာတ်စွမ်းအားတွေကို နဂါးကိုးကောင်က မျိုချလိုက်တဲ့အခါ မင်းက မသေဘဲကျန်ရစ်ခဲ့ရင်တောင် ငါ့လက်ကလွတ်မှာ မဟုတ်ပါဘူး”
လင်ချန်းချန်လေသံက အလွန်တည်ငြိမ်နေပြီး ယုံကြည်မှု အပြည့်ရှိသည်။
“မင်း ငါ့နောက်လိုက်လာကတည်းက အရာအားလုံး ဆုံးခန်းတိုင်သွားပြီ...”
“ပင်လယ်ထဲဝင်လာတဲ့ နဂါးပေါင်းများစွာရဲ့ သင်္ချိုင်းမြေ ၊ ဒီနေရာက တကယ့်ကို ကြီးမားတဲ့အခွင့်အရေးကြီးတစ်ခုပဲ... ဒီနေရာမှာ နဂါးပေါင်း ဘယ်လောက်များများ မြှုပ်နှံထားလဲ မင်း သိလား ၊ (၁၀)ကောင်လား ၊ အကောင်တစ်ရာလား ၊ အဲဒီထက်ပိုများသလား...”
လင်ချန်းချန်က ဆက်ပြောသည်။
“ဒီနေ့ ဒီနေရာမှာ နဂါးသင်္ချိုင်းတံဖွင့်တဲ့နေရာမှာ ပါဝင်ရတာ မင်းဘဝတစ်ခုလုံးအတွက် ဂုဏ်ယူစရာဖြစ်နေပြီဆိုတာ ယုံလိုက်ပါ ၊ ဒီနေရာမှာ ဒီအဖြစ်အပျက်နဲ့အတူ မင်း အသက်ဆုံးရပေမယ့်လည်းပေါ့ကွာ...”
လင်ချန်းချန်၏ စကားများကြောင့် ရန်ကျောက်ကဲက ထိတ်လန့်သွားခြင်းမရှိသလို စိတ်အနှောက်အယှက် ဖြစ်သွားခြင်းလည်း မရှိပေ။ သူက နှုတ်ခမ်းထောင့်များတွန့်ကွေးလျှက် ခပ်ပါးပါးတစ်ချက် ပြုံးလိုက်သည်။
ရန်ကျောက်ကဲက...
“ဒါက ငါတို့နှစ်ယောက်လုံးအတွက် အတူတူပါပဲကွာ ၊ ဒီတော့ အတူတူ ပျော်ပျော်ကြီးနွှဲကြတာပေါ့”
သူက ဆက်ပြောသည်။
“ဟက်... မင်းက ငါ ဒေါသထွက်ပြီး တိုက်ခိုက်လာအောင် လှုံ့ဆော်ပေးနေတာ မဟုတ်လား ၊ ပြီးတော့ ဒီ နဂါးကိုးကောင် ကောင်းကင်မျိုချတဲ့အခမ်းအနားမှာ ငါ နာကျင်ခံစားရတာကို မင်းက စောင့်ကြည့်ချင်နေတယ်”
ရန်ကျောက်ကဲက အနက်ရောင်အရိပ်ရှိရာသို့ ချဉ်းကပ်လာပြီး လက်ဖဝါးကို မြှောက်လိုက်သည်။
“မင်းရဲ့ ဆန္ဒအတိုင်းပဲ... ငါ မင်းကို တိုက်ခိုက်မယ်...”
ရန်ကျောက်ကဲ သိုင်းကွက်ထုတ်ဖော်လိုက်သည်နှင့် သူ၏အသက်ဓာတ်စွမ်းအားများ ထွက်ပေါ်လာကာ မျက်လုံးတစ်ဖက် အနက်ရောင်နဂါးကိုးကောင်၏ ပစ်မှတ်ထားခြင်းကို ခံရသည်။
အသက်ဓာတ်စွမ်းအားများစုပ်ယူခံရသည့်အခါ ရန်ကျောက်ကဲ၏ တောက်ပစိုလဲ့နေသော အရေပြားများက မှောင်မှိုင်းသွားပြီး အနက်ရောင်ဆံနွယ်ရှည်များက မီးခိုးရောင်ပြောင်းလဲကာ ညှိုးနွမ်းသွားသည်။
သို့သော် ရန်ကျောက်ကဲက မျက်နှာတစ်ချက်မပျက်ဘဲ ညာဘက်လက်ကိုမြှောက်လိုက်သည်။ တစ်ခဏအတွင်း အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွားဟန်ပင်။
လင်ချန်းချန်၏ စိတ်ထဲတွင် အန္တရယ်အငွေ့အသက်တစ်ခု ရုတ်ချည်းထွက်ပေါ်လာသည်။
ရန်ကျောက်ကဲ၏ ညာဘက်လက်သီးက စည်းတံဆိပ်တစ်ခုပမာ လင်ချန်းချန်မှ အသွင်ပြောင်းထားသော အနက်ရောင်ပုံရိပ်ယောင်ဆီသို့ ဦးခေါင်းမှ အောက်ဘက်သို့ ဆင်းသက်လာသည်။
လင်ချန်းချန်၏စိတ်ထဲမှ အန္တရယ်အငွေ့အသက်ခံစားချက်က ပိုမိုကြီးထွားလာသည်။
ယုတ္တိကျကျဆိုရလျှင် ရန်ကျောက်ကဲသည် ကျင့်ကြံခြင်းအဆင့်တူသူများထက် စွမ်းအားပိုမိုများပြားသည် မှန်သော်လည်း သိုင်းသူတော်စင်တစ်ယောက်ဖြစ်သော လင်ချန်းချန်ကို ယှဉ်နိုင်မည် မဟုတ်ပေ။ ထို့ပြင် လင်ချန်းချန်က အားနည်းသည့်အခြေအနေကျရောက်နေသော်လည်း အခြားသူများ သူ့ကိုအန္တရယ်မပြုနိုင်ရန် မိမိကိုယ်ကိုယ်ကာကွယ်သည့် သိုင်းပညာကိုသာအသုံးပြုထားခြင်း ဖြစ်လေရာ ရန်ကျောက်ကဲအနေဖြင့် သူ့ကို ဘာမှလုပ်နိုင်မည် မဟုတ်ပေ။
သို့ပေသိ ယခုတော့ လင်ချန်းချန်မှာ ကြီးမားသောအကျပ်အတည်းတစ်ခုဖြင့် ထိပ်တိုက်တွေ့နေသကဲ့သို့ ခံစားနေရ၏။
ထိုခံစားချက်က ကမ္ဘာအဆုံးသတ်ပျက်ဆီးခြင်းတွင် မိုးမြေတစ်ခုလုံး ပြိုကွဲပျက်ဆီးသွားပြီး အရာအားလုံးက အပျက်တရားဘက်သို့ ဦးတည်နေသည်။ လင်ချန်းချန်မျက်လုံးထဲတွင် မိုးမြေတစ်ခွင် ပြိုကျလာပြီး အရာအရာက ကျွမ်းထိုးမှောက်ခုံ ဖရိုဖရဲ ဖြစ်လာသည်။
အရာအားလုံးက ပြောင်းပြန်လှည့်ပတ်နေသည့်အလားပင်။
များပြားလှစွာသော ဝိညာဉ်သင်္ကေတများက ရန်ကျောက်ကဲဦးခေါင်းထက် စုစုံသွားပြီး ကြီးမားသောဝိညာဉ်အစီအရင်ကြီးတစ်ခု ဖြစ်တည်လာကာ သူ၏လက်သီးဝိညာဉ်နှင့် ပေါင်းစပ်သွား၏။
လင်ချန်းချန် စူးစိုက်ကြည့်နေစဉ်မှာပင် ထိုလက်သီးသိုင်းဝိညာည်က သူဖန်ဆင်းထားသော အလင်းနှင့်အရိပ်များသာရှိသည့် ပုံရိပ်ယောင်ကမ္ဘာကို ဇောက်ထိုးပြောင်းပြန် လှည့်ပတ်သွားစေသည်။
စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်။
ရန်ကျောက်ကဲ၏လက်သီးသိုင်းဝိညာဉ်က တိုက်ခိုက်ခြင်းထက် ဆွဲငင်ခြင်းကို ပိုမိုအာရုံစိုက်ခဲ့သည်။ တစ်လောကလုံးကို ပြောင်းလဲသွားစေသော ‘စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်’ ၏ ကြီးကျယ်ခမ်းနားသော စွမ်းအားဆိုခြင်းထက် ထိုစည်းတံဆိပ်၏ လျှို့ဝှက်ဆန်းကျယ်မှု ၊ မိုးမြေကိုပြောင်းပြန်လှန် ပရမ်းပတာဖြစ်စေခြင်း အနှစ်သာရကို ထုတ်ဖော်ထားသည်။
လင်ချန်းချန်၏ ပုံရိပ်ယောင်မိစ္ဆာသိုင်းပညာက သဘာဝစွမ်းအားများကိုပြောင်းလဲပြီး ပြင်ပကမ္ဘာနှင့်ကင်းလွတ်သည့် ပုံရိပ်ယောင်ကမ္ဘာကို ဖန်ဆင်းခြင်းဖြစ်လေရာ အနက်ရောင်နဂါးကိုးကောင်၏ အန္တရယ်ကို ကောင်းစွာ ရှောင်တိမ်းတိုင်ခဲ့သည်။
ယခု ရန်ကျောက်ကဲ၏ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်က် ထိုသိုင်းပညာကို နှောက်ယှက်လိုက်သည့်အခါ လင်ချန်းချန်၏ ပုံရိပ်ယောင်ကမ္ဘာက တဖြည်းဖြည်းမှေးမှိန်သွားပြီး အလင်းရောင်များ တောက်ပလာသည်။ အစွန်းနှစ်ဖက် ပြောင်းပြန်လျည့်ပတ်သွားချိန် လင်ချန်းချန်၏ ရုပ်ပုံသည်လည်း ရှင်းလင်းစွာထွက်ပေါ်လာပြီး ပုံရိပ်ယောင်မှ အစစ်အမှန်သို့ ပြောင်းလဲသွား၏။
အနက်ရောင်အရိပ်များကြားတွင် လင်ချန်းချန်၏မျက်နှာက ပိုမိုထင်ရှားလာသည်။
ရန်ကျောက်ကဲက သူ၏ ပုံရိပ်ယောင်မိစ္ဆာသိုင်းပညာကို ဖြတ်ကျော်နိုင်မည်ဟု ထင်မထားသဖြင့် တစ်ချိန်လုံး တည်ငြိမ်နေခဲ့သော လင်ချန်းချန်သည် ယခုတော့ အလွန်တရာ တုန်လှုပ်နေပြီ ဖြစ်သည်။
လင်ချန်းချန်ကိုကြည့်ရင်း ရန်ကျောက်ကဲက ပြုံးလိုက်၏။
“မင်းက သိုင်းသူတော်စင်တစ်ယောက်ပဲလေ... ပုံရိပ်ယောင်မိစ္ဆာသိုင်းပညာကြောင့် အားနည်းတဲ့အခြေအနေကိုသာ ရောက်မနေရင် မင်းကို ဒီလောက်လွယ်လွယ်နဲ့ သတ်နိုင်မယ် မထင်ဘူး ၊ ဘာပဲဖြစ်ဖြစ်... ဒီဝင်္ကပါပင်လယ်ကိုလာဖို့ မင်းကိုယ်တိုင် ရွေးချယ်ခဲ့တာပဲလေ ၊ ခုလို အားနည်းနေချိန်မျိုးမှာ မင်းကို သတ်ခဲ့တဲ့အတွက် ငါ့ကိုအပြစ်မတင်နဲ့”
လင်ချန်းချန်မှာ ရန်ကျောက်ကဲ၏ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ် လွှမ်းမိုးမှုအောက်တွင် အလွန်တရာ ထိတ်လန့်လျှက် ရှိသည်။ သူ ဖန်ဆင်းထားသော ပုံရိပ်ယောင်ကမ္ဘာက အက်ကွဲသွားပြီး မူလပုံစံ တဖြည်းဖြည်း ပြန်ပေါ်လာသည်။
သူကျင့်ကြံခဲ့သော အမှောင်မိစ္ဆာချီစွမ်းအားအနှစ်သာရများက ချောက်နက်ကြီးအတွင်းမှ မရဏချီများနှင့် အတော်လေး ဆင်တူကာသဟဇာတဖြစ်၏။
ထို့ကြောင့် လင်ချန်းချန်ထံမှ အသက်ဓာတ်စွမ်းအားများထွက်ပေါ်လာသည့်အခါ အနက်ရောင်နဂါးကိုးကောင်ကို ပိုမိုဆွဲဆောင်ခဲ့သည်။ နဂါးကိုးကောင်၏ အဓိကပစ်မှတ်မှာ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားမဟုတ်တော့ဘဲ လင်ချန်းချန်ဆီသို့ ပြောင်းလဲသွား၏။
မိစ္ဆာသူတော်စင် ဒေါသချောင်းချောင်းထွက်လာပြီး ရှိသမျှစွမ်းအားကုန်သုံးကာ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကိုတွန်းလှန်ရန် ရန်ကျောက်ကဲကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
ရန်ကျောက်ကဲက သူ၏ လက်ဝါးရိုက်ချက်ကို မရှောင်တိမ်းခဲ့ပေ။ သူက စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကို ပြောင်းလဲခြင်းမရှိဘဲ အခြားလက်တစ်ဖက်မှ ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးကို ထုတ်ယူကာ လင်ချန်းချန်၏ လက်ဝါးရိုက်ချက်စွမ်းအားကို စုပ်ယူလိုက်၏။
လင်ချန်းချန် ရင်ထဲနင့်သွားချိန် သူ၏ တိုက်ခိုက်မှု ၊ တန်ခိုးစွမ်းအားများက မတည်မငြိမ်ဖြစ်လာပြီး နဂါးကိုးကောင်က သူ၏အသက်ဓာတ်စွမ်းအားများကို အဆက်မပြတ် စုပ်ယူသွားသည်။
ရန်ကျောက်ကဲက ရယ်မောရင်း...
“ဘယ်လိုလဲ မိစ္ဆာသူတော်စင်... ဒီပွဲကို အတူတူဆင်နွှဲကြရအောင်လား”