စိတ်သစ် လူသစ်စတင်မှု
Vol. 46 Ch. 635
"နားလည်ပြီ။"
စုရှန်ဖေးသည် မီးရှူးမီးပန်းများယူရန် အိမ်ထဲသို့ ပျော်ရွှင်စွာ ပြေးဝင်ယူလိုက်ပြီး ခြံဝင်းဆီသို့ ပြန်ပြေးလာသည်။ သို့သော် ဤအချင်းအရာက မီးဖိုချောင်မှ ထွက်လာသော စုရန်နင်းကို အံ့အားသင့်သွားစေသည်။ ထန်ရှုနှင့်အတူရှိစဉ် စုရှန်ဖေး မည်ကဲ့သို့ ပြုမူသည်ကို သူမ မြင်ထားပြီး သူမ၏မောင်လေးစုရှန်ဖေးသည် ထန်ရှုနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိကြောင်းကို သူမ ပြောနိုင်သော်လည်း ထန်ရှု၏စကားကို ဤအတိုင်းအတာအထိ အမှန်တကယ် နားထောင်လိမ့်မည်ဟု သူမစိတ်ထဲ ဘယ်သောအခါမှ မထင်ထားခဲ့ပေ။
ထန်ရှုသည် ယခုအချိန်တွင် သြဇာကြီးသူတစ်ယောက် ဖြစ်နေပြီကို စုရန်နင်း ကောင်းစွာ သိပေသည်။ သူသည် အလွန်ထင်ရှားသည့် ခမ်းနားသော ထန် စီးပွားရေးလုပ်ငန်းစုကို တည်ထောင်ခဲ့ရုံသာမက ပေကျင်းမှ နာမည်ကြီးထန်မိသားစု၏ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။ ထန်ရှု နှင့် သူမတို့မိသားစုက မည်ကဲ့သို့ ဆက်ဆံရေးမျိုး ရှိသည်ကို သူမ၏မောင်လေး စုရှန်ဖေး သိနေသည့်တိုင် ထိုကဲ့သို့ ပြုမူနေနိုင်အားသည်။
ရွှီး…ဖုန်း…ဖုန်း…
မီးရှူးမီးပန်းများဖောက်သံများ ထွက်ပေါ်လာပြီး အလုပ်ရှုပ်နေကြသော စုလင်းယွမ်နှင့် ကျန်းရှီတို့သည် ဖက်ထုပ်များ စတင်လုပ်ကြသည်။ မီးရှူးမီးပန်းများ ပစ်လွှတ်ကာ ဖောက်နေကြသောအချိန်ကို ယူ၍ စုရန်နင်းသည် စုရှန်ဖေး၏ဘေးသို့ ရောက်လာပြီး “မောင်လေး … နင်က ထန်ရှုရဲ့စကားကို သိပ်နာခံတဲ့ပုံပဲနော်။”
စုရှန်ဖေးက ပြုံးလိုက်ပြီး
“သဘာဝအတိုင်းပါပဲ။ သူက ကျွန်တော့်ကို အဲ့ဒီလို လုပ်နိုင်စွမ်းရှိလို့ သူ့စကားကို ကျွန်တော် နားထောင်ရမယ်။”
“ဒါပေမယ့် ငါတို့အဖေနဲ့အမေက…” စုရန်နင်းက ဒေါသတကြီး သတိပေးလိုက်သည်။
ထိုစကားကို ကြားသောအခါ စုရှန်ဖေး ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည်။ ထို့နောက် သူက မီးဖိုချောင်ရှိ ထန်ရှုကို ကြည့်ကာ တီးတိုးပြောလိုက်သည်။
"မမ … ငါ နင့်ကို အရင်မပြောခဲ့မိတာ ငါ့အမှားပါ။ ထန်ရှုက ကြယ်တာရာကလူတချို့ဆီ ဖုန်းဆက်ပြီးတော့ အဖေနဲ့အမေကို အာမခံနဲ့လွှတ်ပေးဖို့ နည်းလမ်း ရှာခိုင်းထားတယ်။ အာ ဟုတ်သားပဲ။ စောစောက ကျွန်တော် အိပ်ရာက နိုးလာတော့ အဖေနဲ့အမေက ဒီကို လာတဲ့လမ်းပေါ် ရောက်နေပြီလို့ သူ ပြောတယ်။ သူတို့ ဒီကို နှစ်နာရီလောက်မကြာဘဲ ရောက်လာလိမ့်မယ်။”
"ဘယ်လို…။"
စုရန်နင်းသည် စုရှန်ဖေးကို မယုံနိုင်စွာ ကြည့်မိလိုက်သည်။ ဤပြောပြချက်သည် သူမအတွက် မိုးခြိမ်းသံအလားပင်။
"မမ … နင် ထန်ရှုကို စိတ်ဆိုးနေသေးတာ ကျွန်တော် သိပါတယ်။ ကျွန်တော်တို့ကို ဒီလို အဆုံးသတ်စေတာ သူကြောင့်လို့ မမ ထင်လား။ ဒါပေမယ့် အဲဒီတုန်းက ဒေါ်လေးကို ကျွန်တော်တို့တတွေ ဘယ်လို ဆက်ဆံခဲ့လဲ ဆိုတာ စဉ်းစားကြည့်ဖူးလား။ ဟုတ်ပါတယ် … အဲ့ဒီတုန်းက ကျွန်တော်တို့မိသားစုက တကယ် ချမ်းသာခဲ့တော့ ဒေါ်လေးက ကျွန်တော်တို့မိသားစုဆီက ပိုက်ဆံခဏခဏချေးပြီး သူ့ကို ပြုစုပျိုးထောင်ရင်း ဘဝကို ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော်တို့က သူတို့ကို ဘာလုပ်ခဲ့ကြလဲ … မောက်မောက်မာမာ ရှုံ့ချပြီး မထီလေးစား ဆက်ဆံခဲ့ရုံတင်မကဘူး သူတို့ဘဝကို ခက်ခဲအောင်တောင် လုပ်ခဲ့ကြသူတွေပါ။ ထန်ရှုကိုလည်း ထိခိုက်နာကျင်စေပြီး သူ့ကို ထောင်ထဲထည့်ထားလုနီးပါး ဖြစ်အောင် လုပ်ခဲ့ကြတာ မှတ်မိသေးလား။
“ကဲ အခု ကြည့်ပါဦး မမ … အရာရာက ဘယ်လိုတွေတောင် ပြောင်းလဲသွားတယ်ဆိုတာကို။ ထန်ရှုက အခုဆို ဟိုအရင်ကျွန်တော်တို့ ချမ်းသာတာထက် အဆတစ်ရာကျော် ချမ်းသာနေပြီလေ။ ဒါပေမယ့် သူ ကျွန်တော်တို့ကို အခု ဘယ်လို ပြုမူဆက်ဆံပေးလဲ။ ကျွန်တော်တို့ သူတို့နဲ့ နီးစပ်နေသရွေ့တော့ သူနဲ့ဒေါ်လေးက ကျွန်တော်တို့ကို မထီလေးစားပြုမှာ မဟုတ်သလို ကျွန်တော်တို့ဘဝတွေကိုလည်း ခက်ခဲစေမှာ မဟုတ်ဘူး။ အဖေက ကိုယ့်ကိုယ်ကိုသတ်သေဖို့ ကြိုးစားလို့ ဆေးရုံတင်ရတဲ့အချိန်က သူ ဘာကြောင့် အဲ့ဒီလို လုပ်ခဲ့တာလဲ သိလား။ ထန်ရှုနဲ့ ဒေါ်လေးကို ကောင်းကောင်း မဆက်ဆံခဲ့မိတဲ့အတွက် သူ နောင်တရနေတာကြောင့်ပဲ။”
ထိုနေရာသို့ သူ၏စကားအရောက်တွင် စုရှန်ဖေးသည် သူ့အိတ်ကပ်ထဲမှ စီးကရက်တစ်လိပ်ကို တိတ်ဆိတ်စွာ ထုတ်ယူကာ မီးညှိပြီးနောက် အားရပါးရ ဖွာရှိုက်လိုက်ပြီး ခါးသီးသောအပြုံးဖြင့် ထပ်ပြောလိုက်သည်။
“မမသိလား … အဲ့ဒါက ကျွန်တော်တို့မိသားစုမှာ ပြဿနာ ရှိတယ်ဆိုတာ နားလည်လာစေတယ်။ အဲ့ဒီနှစ်တွေတစ်လျှောက်လုံး ပြဿနာဖြစ်စေခဲ့တာ ကျွန်တော်တို့တတွေပဲ။ မမ အကြောင်းပြချက်ရော သိချင်လား။"
"ဘာအကြောင်းကြောင့်လဲ။" စုရန်နင်းက မေးလိုက်သည်။
“ကျွန်တော် စုမိသားစုရွာကို ပြန်ရောက်လာတုန်းက ကျွန်တော်တို့ မိသားစု ဒေဝါလီခံရပြီး အဖေနဲ့အမေ ထောင်ကျတာကို လူတွေ မသိကြသေးဘူး။ ဒါပေမယ့် ကျွန်တော့်ကို ကြည့်တဲ့အကြည့်တွေက ရွံရှာမုန်းတီးမှုတွေနဲ့ အပြည့်ပဲ။ ကျွန်တော့်ကို အထင်တောင် သေးနေကြသေးတယ်။ ဒါပေမယ့် သူတို့ ဘာကြောင့် ဒီလို လုပ်တာလဲ။ ကျွန်တော်တို့လုပ်ခဲ့တဲ့ အရာတွေကြောင့်၊ ကျွန်တော်တို့ရဲ့ဇစ်မြစ်ကို ကျွန်တော်တို့တွေ မေ့နေခဲ့လို့ မဟုတ်ပေဘူးလား။
"ငါတို့ရဲ့ဇစ်မြစ်တွေ…" စုရန်နင်း၏ နှလုံးသားလေးအား ပြင်းထန်စွာ ရိုက်ခတ်သွားသည်ကို ခံစားလိုက်ရပြီး အရိုးထဲမှ နာကျင်မှုတစ်ခုပင် ဖြစ်ပေါ်လာရသည်။
မှန်ပေသည်။ သူမ၏ဇစ်မြစ်သည် စုမိသားစုကျေးရွာ ဖြစ်သည်။ သူ့မိသားစုက တစ်ချိန်က ပိုင်ဆိုင်မှု မီလီယံချီ ပိုင်ဆိုင်ထားခဲ့ရင်တောင်မှ မည်သည့်အကြောင်းနည်း။ သင်တို့ဘိုးဘွားတွေ ရှိသောနေရာကို သင်တို့ မေ့ထားလို့ ရပါ၏လော။ တချို့လူများက ဘိုးဘွားများကို မေ့သွားခဲ့ကြသည်။ ထိုသို့သော လူများ၏မိသားစုများသည် မည်သို့ တွေ့ကြုံခဲ့ပါသနည်း။
စုရှန်ဖေးက စုရန်နင်း၏ပခုံးကို ညင်သာစွာ ပွေ့ဖက်လိုက်ပြီး သက်ပြင်းချလျက်
"အတိတ်မှာ ကျွန်တော်တို့ မှားခဲ့တာမို့ ကျွန်တော်တို့ မှားနေခဲ့တယ်ဆိုတာကို ဝန်ခံရမှာပဲ။ ထန်ရှုနဲ့ ဒေါ်လေးကို ဆက်ဆံခဲ့ပုံတွေနဲ့ စုမိသားစုကျေးရွာက လူတွေအပေါ် ကျွန်တော်တို့ ထားခဲ့တဲ့ သဘောထား။ ကိုယ့်အမှားကို ဝန်ခံပြီး ကိုယ့်ကိုကိုယ် ပြုပြင်ပြောင်းလဲတာဟာ အကြီးမားဆုံး ကောင်းကျိုးလုပ်တာလို့ လူတွေက ဆိုကြတယ်။ မနေ့ညကပဲ သူတို့ ကျွန်တော့်အပေါ်ထားတဲ့ သဘောထားတွေ ပြောင်းလဲသွားတာကို တကယ် ခံစားရတယ်။ စုချွမ်ကလည်း မနေ့ညက မူးပြီး တစ်ခုခုပြောခဲ့တယ်။ သူ ဘာပြောလဲ မမ သိချင်လား။"
"သူ ဘာပြောခဲ့တာလဲ။" စုရန်နင်း၏မျက်နှာသည် အတန်ငယ် ဖြူဖျော့နေရင်း လေသံတိုးတိုးဖြင့် မေးလိုက်သည်။
"ရွာနီးနားချင်း ဝမ်ရွာလေးကို မမ သိတယ်မဟုတ်လား။" စုရှန်ဖေးက မေးလိုက်သည်။
“ကျွန်တော်တို့ ငယ်ငယ်တုန်းက အဲဒီနေရာမှာ ကြီးပြင်းခဲ့တယ်။ စုချွမ်နဲ့အတူ သောက်ပြီး သူ မူးသွားတော့ ပြောလာခဲ့တယ်။ ကျွန်တော်တို့တွေက ဘိုးဘွားတွေကို အသိအမှတ်ပြုရမယ်၊ မိသားစုဝင်တွေကို မြတ်နိုးတန်ဖိုးထားပြီး ဒီရွာမှာရှိတဲ့ ရွာသူရွာသားတွေအားလုံးနဲ့ စည်းစည်းလုံးလုံး နေရမယ်ဆိုပြီး သူ ပြောတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့အားလုံးက တူညီတဲ့ မျိုးရိုးနာမည်ဖြစ်တဲ့ စုဆိုတာကို ယူထားတယ် —ကျွန်တော်တို့အားလုံးရဲ့ အထက်မျိုးဆက်များစွာအထိ တူညီတဲ့ဘိုးဘေးတွေနဲ့ မိသားစုတစ်စုလုံး ရှိနေတဲ့အတွက်ကြောင့်ပဲ။
"ဝမ်ရွာလေးက ဝမ်ရှင်းကဲအကြောင်း မမ ကြားဖူးတယ် မဟုတ်လား။ အဲ့ဒီအချိန်တုန်းက သူက ပေါင်းသင်းဆက်ဆံရေး ကောင်းတော့ မြို့တက်ပြီး ကိုယ်ပိုင်စီးပွားရေးတစ်ခု တည်ထောင်စီးပွားရှာပြီးတော့ သူတို့တစ်မိသားစုလုံး ကျိကျိတက် ချမ်းသာလာခဲ့တာပဲ။ ရွာကို ပြန်ရောက်တိုင်း သူလုပ်သမျှက တခြားသူတွေရှေ့မှာ ကြွားဝါပြီး ခေါင်းမော့ရင်ကော့နေတာတဲ့။ အဲ့ဒီတော့ နောက်ဆုံး ဘာဖြစ်သွားလဲ။ ပြီးခဲ့တဲ့နှစ်နှစ်လောက်က ဝမ်ရှင်းကဲရဲ့အဖေက ဝမ်ရွာလေးမှာပဲ ကွယ်လွန်သွားတယ်။ အသုဘနေ့မှာ သူ့ရဲ့ဈာပနအခမ်းအနားကို ရွာသူရွာသားတစ်ယောက်မှ လာမကူညီကြတဲ့အပြင် သူ့ရဲ့ရုပ်အလောင်းကို သယ်ပေးတဲ့သူတောင် မရှိခဲ့ဘူး။ ရွာသားတွေနဲ့သူတို့ရဲ့ ဆက်ဆံရေးက အရမ်းဆိုးနေခဲ့တဲ့အတွက်ကြောင့်တဲ့။ နောက်တော့ ဘာဖြစ်သွားလဲ မမ သိချင်လား။ ရွာသူကြီးဖြစ်တဲ့ သူ့ဦးလေးက သူ့ကို ခေါ်သွားပြီး ရွာသူရွာသားတွေကို တစ်အိမ်တက်တစ်အိမ်ဆင်း အရိုအသေပေး တောင်းပန်ခိုင်းရတယ်။ အဲ့ဒီတော့မှ ခေါင်းတလားကို သယ်ပြီး အဘိုးကြီးရဲ့ရုပ်အလောင်းကို သူ့ကိုသင်္ဂြိုဟ်မယ့်နေရာကို သယ်ပို့ပေးကြတာ။”
စုရန်နင်း နားလည်သွားပြီးနောက် သူမ၏မျက်နှာပေါ်တွင် ဝမ်းနည်းနေသည့် အမူအရာ ပေါ်လာခဲ့ကာ အချိန်အတော်ကြာ တိတ်ဆိတ်သွားခဲ့သည်။ ထို့အပြင် သူမ၏မောင်လေးသည် ကြီးပြင်းလာခဲ့ပြီဖြစ်ပြီး ယခင်က သူတို့မိသားစု၏မသန့်ရှင်းသောငွေ၏ စွမ်းအားကို အားကိုးအားထားသည့် ယခင်ကလို ကလေး မဟုတ်သည်ကိုလည်း သူမ ရိပ်မိနားလည်လာခဲ့သည်။
"ငါ နားလည်ပြီမောင်လေး။" စုရန်နင်းသည် စုရှန်ဖေးကို ပွေ့ဖက်လိုက်ပြီး ပြန်လွှတ်ပေးလိုက်ကာ မီးဖိုချောင်ထဲသို့ လျှောက်သွားတော့သည်။
နှစ်နာရီကြာပြီးနောက်…
စုကျေးရွာ၏အပြင်ဘက်တွင် ရဲကားတစ်စီး ရပ်လာခဲ့ပြီး တံခါးပွင့်လာကာ စုရှန်းဝမ်နှင့် ကျန်းမေ့ယွမ်တို့ ကားထဲက ထွက်လာသည်။ သူတို့နှင့်အတူ ရဲအရာရှိ ယူနီဖောင်းဝတ်ထားသော လူလတ်ပိုင်းတစ်ယောက်ပါ ထွက်လာသည်။
“ကျေးဇူးအများကြီးတင်ပါတယ် အရာရှိဟူ။ ကျွန်တော်တို့ကို ဒီနေရာကို ကိုယ်တိုင်ကိုယ်ကျ ပြန်ပို့တဲ့အတွက် ကျေးဇူးတင်ပါတယ်။” စုရှန်းဝမ်က ထိုသက်လတ်ပိုင်း ရဲအရာရှိအား လက်ဆွဲနှုတ်ဆက်ကာ ကျေးဇူးတင်သော အမူအရာဖြင့် ပြောလိုက်သည်။
"အားမနာပါနဲ့ဗျာ။ ဒါက ကျွန်တော် လုပ်သင့်တဲ့အရာပါ။” လူလတ်ပိုင်း ရဲအရာရှိက ပြုံးပြရင်း
"နောက်ပြီး မစ္စတာလုံနဲ့ မစ္စတာချန်းတို့ဆီကိုလည်း ကျွန်တော့်ရဲ့သတိရမှုတွေကို ကျေးဇူးပြုပြီး ပြောပေးပါဦး။"
"သေချာတာပေါ့ … ကျွန်တော် ပြောပေးမှာပါဗျာ။"
လုံဟန်ဝမ်နှင့် ချန်းကျီကျုံးတို့သည် သူတို့ဇနီးမောင်နှံ နှစ်ယောက်အား ထောင်မှ လွတ်အောင် လုပ်ပေးသူများ ဖြစ်ကြောင်းကို စုရှန်းဝမ်က သိသော်လည်း ထိုသူနှစ်ဦးနှင့် သူတို့သည် မည်သို့မျှ ခင်မင်ရင်းနှီးခြင်း မရှိပေ။ အဓိက သူ ကျေးဇူးတင်ရမည်မှာ ထန်ရှု ဖြစ်သည့်တိုင် ထိုရဲအရာရှိ၏စကားအတိုင်း သံယောင်လိုက်ကာ ပြန်ဖြေပေးဆဲဖြစ်သည်။
ရဲကား ထွက်ခွာသွားပြီးနောက် စုရှန်းဝမ်သည် ထိုင်ချလိုက်ပြီး ခရီးဆောင်အိတ်ကို မြေပြင်ပေါ်တွင် ချဖွင့်လိုက်ကာ စီးကရက်တောင့်နှစ်တောင့်ကို ထုတ်ယူလိုက်သည်။ သူသည် ၎င်းတို့ကို ဖွင့်၍ ကုတ်အင်္ကျီရှည်၏အိတ်များထဲသို့ စီးကရက်ဗူး အမြောက်အမြားထည့်ကာ ကျန်ရှိသည်ကို အိတ်ထဲသို့ ပြန်ထည့်လိုက်သည်။ ထို့နောက် ကျန်းမေ့ယွမ်အား လှည့်ကြည့်ကာ
"မင်းကို သတိမပေးဘူးဆိုပြီး ငါ့ကို အပြစ်မတင်နဲ့နော်။ စုကျေးရွာက ငါ့မိသားစုဖြစ်ပြီး ငါ့အမေက အဲ့ဒီမှာ နေသလို ငါကလည်း အဲ့ဒီနေရာကနေ လာတာပါ။ အတိတ်မှာ ငါတို့ရဲ့အမှားတွေ ရှိခဲ့တာမို့ ငါ့ခြေလှမ်းအတိုင်း လိုက်ပြီး ငါ ဘယ်လို စကားပြောလဲဆိုတာကို ကြည့်ပြီး အဲ့ဒီအတိုင်း လိုက်နာဖို့နဲ့ ငါတို့မှာရှိတဲ့ အရာအားလုံးအတွက် မင်း ကျေနပ်မှုရှိဖို့ ငါ ဆန္ဒရှိတယ်။ ဒါက မင်း ငါတို့ရဲ့ နေ့ရက်တွေကို ဖြတ်ကျော်ပြီး အတူတူ နေထိုင်မယ်ဆိုရင်ပေါ့။"
" ရှန်းဝမ် … ကျွန်မမှာ စိတ်သဘောထား မကောင်းတာတွေ ရှိခဲ့ဖူးတာကို ကျွန်မ သိပါတယ်။ ကျွန်မရဲ့အမှားကို ကျွန်မ နားလည်နေပါပြီ။" ကျန်းမေ့ယွမ်က အားတင်းပြုံးလိုက်သည်။ “ကျေးဇူးပြုပြီး စိတ်မပူပါနဲ့။ အခုချိန်ကစပြီး ကျွန်မ ဘယ်သူ့ကိုမှ အထင်မသေးတော့ပါဘူး။”
စုရှန်းဝမ်က ခေါင်းညိတ်တုန့်ပြန်ပြီးနောက် ခရီးဆောင်အိတ်ကို ကောက်ယူကာ ရွာထဲသို့ လျှောက်သွားလိုက်သည်။ ရွာထဲကို စဝင်ချိန်တွင် ရွာသူရွာသား တော်တော်များများက စောစောထပြီး အသက်ကြီးသောသူများအား တစ်အိမ်တက်ဆင်း နှစ်သစ်ကူး အလည်သွားရောက်ပေးကြသည်ကို သူ မြင်လိုက်ရသည်။
“အစ်ကိုတကျူ … ကျင်းရှီ …”
သူတို့ဆီသို့ လျှောက်သွားကာ စုရှန်းဝမ်က ပြုံးပြုံးရွှင်ရွှင်ဖြင့် သူတို့ကို နှုတ်ဆက်လိုက်ပြီး အိတ်ကပ်ထဲမှ စီးကရက်ဗူးကို ထုတ်ကာ လူတိုင်းကို လက်ဆောင်ပေးလိုက်သည်။
သူတို့သည် စုရှန်းဝမ်အား လုံးဝမကြည့်၊ လုံးဝမတုံ့ပြန်ဘဲ လျစ်လျူရှုထားခဲ့ကြသည်။ သို့သော် သူ၏နွေးထွေးသော သဘောထားကို မြင်လိုက်သောအခါတွင် သူတို့သည် စိတ်ထဲတွင် အံ့သြသွားကြသော်လည်း ခေါင်းညိတ်ပြဆဲဖြစ်ပြီး သူပေးလာသော စီးကရက်ဗူးကို ယူလိုက်ကြသည်။
"မင်း ပြန်လာပြီပေါ့။" စုတကျူ ခေါင်းညိတ်လိုက်သည်။
စုရှန်းဝမ်က ဂရုတစိုက် ပြုံးပြပြီး
“အရင်တုန်းက ကျွန်တော် မှားခဲ့တာတွေ ရှိပါတယ် အစ်ကိုတကျူ။ ကျွန်တော်က နည်းနည်း ချမ်းသာလာတော့ မျိုးရိုးနာမည်ရဲ့ အဓိပ္ပါယ်ကို မေ့သွားခဲ့မိတယ်။ စိတ်မပူပါနဲ့ … ကျွန်တော်ကိုယ်တိုင် အမှားတွေ ပြင်ပြီး အသစ်က ပြန်စတော့မှာပါ။ စုကျေးရွာက ကျွန်တော့်မိသားစုဖြစ်ပြီး ဒီမှာ ရှိတဲ့လူအားလုံးက ကျွန်တော့်ရဲ့ဆွေမျိုးတွေပါပဲ။”
စုတကျူ နှင့် ကျန်သောသူများ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး စုတကျူက ကျေနပ်စွာ ပြုံးလိုက်သည်။
"သိပ်ကောင်းတယ်။ တစ်ယောက်ယောက်က ကိုယ့်အမှားကို နားလည်ဖို့ဆိုတာ ဘယ်တော့မှ မလွယ်ကူဘူး။ မင်းရဲ့သားက တော်ပါတယ်ကွာ … သူက လူလားမြောက်နေပြီ။ ဘာပဲဖြစ်ဖြစ် မင်း အချိန်ရရင် ငါ့နေရာကို လာခဲ့ဦး … မင်းရဲ့မရီးကို ဟင်းပွဲအချို့ ချက်ပေးဖို့ပြောပြီး ငါတို့ အတူသောက်ကြတာပေါ့။"
ငါ့သားဟုတ်လား…
စုရှန်းဝမ် တခဏလောက် အံ့အားသင့်သွားသော်လည်း၊ မျက်နှာထက်တွင် အပြုံးတစ်ခု ဆင်မြန်းကာ ပြန်ဖြေလိုက်သည်။
များမကြာမီ သူသည် စုတကျူတို့အား နှုတ်ဆက်စကား ဆိုကာ ရွာထဲသို့ ဝင်လာခဲ့ပြီး ရွာသားအများအပြားနှင့် တွေ့ဆုံနှုတ်ဆက်ချိန်တိုင်း ရပ်တန့်ကာ လူတိုင်းအတွက် စီးကရက်ဗူးများ ပေးကာ ဆေးလိပ်သောက်ရင်း စကားစမြည်ပြောကြသည်။ ရွာသားတိုင်းက သူ့သားစုရှန်ဖေးအား ကျေးဇူးတင်လေးစားသော အမူအရာအပြည့်ဖြင့် အမြဲပြောဆိုနေကြသည်ကို မြင်ရကြားရသောအခါ ပဟေဠိ ဖြစ်လာခဲ့သည်။ အကြောင်းပြချက်ကို သူ မေးကြည့်ချင်သော်လည်း သူသည် နောက်ထပ်လူများနှင့် တွေ့ဆုံကာ အဆက်မပြတ် နှုတ်ဆက်နေရသောကြောင့် ထိုအကြောင်းကို မေးရန် အခွင့်အရေး မရရှိခဲ့ပေ။
နာရီဝက်ကျော်ကြာပြီးနောက် စုရှန်းဝမ်နှင့် ကျန်းမေ့ယွမ်တို့ ဇနီးမောင်နှံသည် သူ့မိဘများနေထိုင်ရာ ခြံဝင်းအဝင်ပေါက်သို့ ရောက်လာသည်။ ခြံအပြင်တွင် ရပ်ထားသော ဆာ့ဖ်ကားကို မြင်သည့်အခါ သူ၏ခြေလှမ်းများ ရပ်တန့်သွားပြီး သူ့မိန်းမကို ကြည့်ကာ ပြောလိုက်သည်။
“အခုတစ်ခေါက် ရွာသူရွာသားတွေက ငါတို့ကို ဆက်ဆံတာက အရင်တုန်းက ငါတို့ ဒီနေရာကို ပြန်လာတဲ့အခြေအနေနဲ့ မတူဘူးဆိုတာ မင်း သဘောပေါက်ပြီလား။”
ကျန်းမေ့ယွမ်က သူတို့လင်မယားအပေါ် ရွာသားများက စိတ်ရင်းအမှန်ဖြင့် ဆက်ဆံကြသည်ကို သိနိုင်သောကြောင့် တိတ်ဆိတ်စွာ ခေါင်းညိတ်ပြရင်း
“ဟုတ်တယ်။ သူတို့က ပိုပြီး ရင်းနှီးလာကြတယ်။ နောက်ဆုံးအကြိမ် ပြန်လာတုန်းက သူတို့က ကျွန်မတို့ကို ဂရုမစိုက်ဘူး။”
“အရင်က သူတို့ကို ငါတို့က နှိမ့်ချပြီး ဆက်ဆံခဲ့မိတယ်။ ဒါကြောင့် ငါတို့က ရွာမှာ နာမည်ပျက်ခဲ့တယ်။ ဘာပဲဖြစ်ဖြစ် သွားကြရအောင်။ အပြောင်းအလဲရဲ့ အကြောင်းရင်းကို မသိပေမယ့် ဒါကို တန်ဖိုးထားကြရမယ်။ ဘာပဲပြောပြော ဒီနေရာက ငါတို့မိသားစုရဲ့အိမ်ပဲ။” စုရှန်းဝမ်က ပြောလိုက်သည်။
"အင်း။" အဖြစ်အပျက်များစွာ ဆက်တိုက်ဖြစ်ပြီးနောက် ကျန်းမေ့ယွမ်တွင် ယခင်ကဲ့သို့ မာနကြီး မောက်မာသော အရိပ်အယောင်များ မရှိတော့ပေ။ သူမ၏ခရီးဆောင်အိတ်ကို ယူကာ စုရှန်းဝမ်၏အနောက်မှ ခြံဝင်းထဲသို့ လိုက်သွားသည်။
"အဖေ … အမေ…"
ခြံဝင်းထဲတွင် အကြာကြီး စောင့်နေခဲ့သည့် စုရှန်ဖေးနှင့် စုရန်နင်းတို့သည် သူတို့၏မိဘများကို တွေ့သောအခါ ထိုင်ခုံပေါ်ကနေ ခုန်ဆင်းက ပြေးထွက်လာကြသည်။
"ဖေးလေး … နင်းလေး…"
ကျန်းမေ့ယွမ်သည် သူ့ကလေးများကို တွေ့ပြီးနောက် မျက်ရည်များဝဲလာသည်။ သူမသည် ထိုမောင်နှမကို ပွေ့ဖက်ကာ လွှတ်ပေးရန် ဆန္ဒမရှိပေ။ စုရှန်းဝမ်သည် သားသမီးများကို ကြည့်လိုက်ပြီးနောက် ခြံဝင်းထဲတွင် ရှိနေသော ထန်ယွင်သဲ့နှင့် ထန်ရှုတို့ဆီ အကြည့်ရောက်သွားသည်။
သူသည် ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလာပြီးနောက် အမူအရာကင်းမဲ့နေသော ထန်ယွင်သဲ့၏ရှေ့တွင် ဒူးထောက်လိုက်ကာ
"ယောက်ဖ … ငါ တောင်းပန်ပါတယ်။"
ထန်ယွင်သဲ့သည် စိတ်ထဲတွင် သက်ပြင်းတစ်ချက် ချကာ စုရှန်းဝမ်ကို မြေပြင်မှ ဖြည်းညှင်းစွာ ထူမပေးလိုက်သည်။ သူက ခေါင်းယမ်းပြပြီး
“မင်း ငါ့ကို တောင်းပန်စရာ မလိုဘူး။ မင်း တောင်းပန်စကားပြောရမှာက မင်းညီမနဲ့ မင်းတူလေးကိုပဲ။”
စုရှန်းဝမ်က ထန်ရှုကို လှည့်ကြည့်လိုက်သည်။
ထန်ရှုက တည့်တိုးပြောလိုက်သည်။ "တောင်းပန်စရာ မလိုပါဘူး။ ကိုယ့်ကိုယ်ကို ပြုပြင်နိုင်ရင် ဦးလေးက ဆွေမျိုးဖြစ်နေတုန်းပါပဲ။ ဒါပေမယ့် ဦးလေး ကိုယ့်ကိုယ်ကိုယ် မပြောင်းလဲနိုင်ရင် ကောင်းကင်ကို သွားတဲ့လမ်းက ကျယ်ဝန်းတာမို့ ကျွန်တော်တို့တွေ ကိုယ့်လမ်းကိုယ် သွားရုံပဲ ရှိပါတယ်။”
စုရှန်းဝမ်က ခိုင်မာစွာ ခေါင်းညိတ်ပြပြီး "ငါ ပြောင်းလဲပြီးပါပြီ။"
ထိုအခိုက်တွင် အိမ်ထဲတွင်ရှိနေ၍ အပြင်ဘက်မှ အသံများကို ကြားလိုက်ရသော ကျန်းရှီသည် စုလင်းယွမ်၊ မုချင်းဖျင်တို့နှင့်အတူ ထွက်လာခဲ့သည်။ သူမ၏သား စုရှန်းဝမ်ကို တွေ့လိုက်ရသောအခါတွင် အံ့အားသင့်သွားခဲ့ပြီး နေရာတွင် ရပ်နေမိသည်။
***