ရုတ်တရက် အဖြစ်အပျက်
Vol. 46 Ch. 637
သူတို့မိသားစုအခြေအနေ တိုးတက်လာသည်နှင့်အမျှ စုလင်းယွမ်က သူ့သားကို အမြဲတမ်း တစ်ခုခု ပေးချင်နေခဲ့သည်။ အခြားသူများက သတိမမူမိရင်တောင် သည်နှစ်များတစ်လျှောက် သူတို့သားအမိ၂ယောက်အတူ ဖြတ်သန်းခဲ့ရသော ဝမ်းနည်းပူဆွေးမှုများ၊ ခက်ခဲကြမ်းတမ်းသည့် နေ့ရက်များသည် သူမအတွက် ရှင်းရှင်းလင်းလင်း သိသာထင်ရှားစေသည်။
ထန်ရှုသည် စုလင်းယွမ်၏ပခုံးများကို ညင်သာပွေ့ဖက်ကာ အပြုံးဖြင့်
"ကျေးဇူးတင်ပါတယ် အမေ။ အမေ ကျွန်တော့်ကို တစ်ပြားမှ မပေးရင်တောင် အမေနဲ့ နှစ်သစ်ကို နှစ်တိုင်းကျင်းပနိုင်သရွေ့ ကျွန်တော် အရမ်းပျော်ပြီး ကျေနပ်နေပါပြီ။"
"ငအလေး…" စုလင်းယွမ်က ထန်ရှု၏ခေါင်းကို ဖွဖွလေး ပုတ်ကာ ပြုံးလိုက်ပြီး
“အထဲကို ဝင်ကြရအောင်။ အပြင်မှာ နှင်းတွေကျနေပြီ။"
လက်ရှိထန်မိသားစုတွင် ယခင်ကနှင့် မတူသော စိတ်ပိုင်းဆိုင်ရာ စိတ်ဓာတ်ကြံ့ခိုင်မှု ရှိနေခဲ့ပြီဖြစ်သည်။ အတိတ်တုန်းကတော့ သူတို့ကို ဝန်ထုပ်ဝန်ပိုးဖြစ်စေသော အထုံးအဖွဲ့ ရှိနေခဲ့သည်။ အမြဲသတိရှိမှု၊ တင်းကျပ်မှုတို့အပြင် ယောင်မိသားစု၏ ခြိမ်းခြောက်မှုကို အမြဲ သတိထားနေခဲ့ရသည်မှာ သူတို့၏ပေါ့ဆမှုကြောင့် အဖြစ်အပျက်တစ်ခု အချိန်မရွေး ဖြစ်ပေါ်လာမှာကို စိုးရိမ်သောကြောင့်ပင်။ သို့သော်လည်း ယခုအချိန်တွင် ယောင်မိသားစုသည် အတိတ်၏အရာတစ်ခုဖြစ်သွားခဲ့ပြီး တစ်ချိန်က အရိပ်မည်းသည် ပြိုလဲသွားကာ ထန်မိသားစုဝင်များအားလုံး သက်ပြင်းချနိုင်ခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ဤနှစ်များတစ်လျှောက်လုံး ယောင်မိသားစု၏ခြိမ်းခြောက်မှုကြောင့် ထန်မိသားစုဝင်များအား လေးလေးနက်နက် နားလည်သဘောပေါက်စေခဲ့သည့် တစ်ခုတည်းသော အချက်မှာ မိသားစုတစ်ခုလုံးသည် ကြီးမားပြီး အာဏာ ရှိရန်၊ တစ်စိတ်တစ်ဝမ်းတည်း ရှိကြရန်နှင့် အတူတကွ စည်းလုံးညီညွတ်စွာ ဆောင်ရွက်ကြရန်ဖြစ်သည်။ ထန်မိသားစုအား အနာဂတ်တွင် ပိုမိုအားကောင်းလာစေရန်အတွက် စည်းလုံးကြရန် လိုအပ်သည်။
အားလုံးအတွက် တစ်ယောက် … တစ်ယောက်အတွက် အားလုံးဆိုသည့်စကား လက်ကိုင်ထားရမည်။ တစ်ယောက် ကျရှုံးပါက အားလုံး ညှိုးနွမ်းသကဲ့သို့ တစ်ယောက်၏ဂုဏ်ကျက်သရေသည် လူတိုင်းအတွက် ဂုဏ်ရှိခြင်းပင် ဖြစ်တော့သည်။
ထန်မိသားစုသည် ယောင်မိသားစုကို ဖျက်ဆီးခဲ့သော်လည်း ယခုထိ သူတို့ အနားယူနိုင်မည်ဟု မဆိုလိုပေ။ မြို့တော်တွင် ထင်ရှားသော မိသားစုများစွာ ရှိခဲ့ပြီး ဘုန်းတန်ခိုးအာဏာတောက်ပခြင်းသည် အမြဲတမ်း ရှုပ်ထွေးလျက် ရှိသည်။ လက်ရှိအချိန်တွင် ထန်မိသားစုကို ခြိမ်းခြောက်နိုင်သည့် အင်အားကြီးမားသော မိသားစု အနည်းငယ် ရှိနေဆဲဖြစ်ပြီး အင်အား မည်မျှက သိုသိုသိပ်သိပ်ဖြင့် အမှောင်ထဲတွင် ပုန်းအောင်းနေကြသည်ကို မသိနိုင်ပေ။ ထို့ကြောင့် ထန်မိသားစုမှ အဖွဲ့ဝင်များသည် ယောင်မိသားစု မရှိတော့ခြင်းကြောင့် စိတ်သက်သာရာ ရသော်လည်း ၎င်းတို့သည် သတိကို မလစ်ဟင်းစေရဘဲ နိုးနိုးကြားကြား ရှိနေခဲ့ကြသည်။
ထန်ရှုကိုယ်တိုင်က လက်ရှိထန်မိသားစုအခြေအနေနှင့် ပတ်သက်ပြီး အလွန် ကျေနပ်ပေသည်။ ကြယ်တာရာသို့ မပြန်မီ သူသည် ပေကျင်းတွင် မိဘများနှင့်အတူ သုံးရက် နေခဲ့သည်။ ဤသုံးရက်အတွင်း သူတို့မိသားစု၃ယောက်သည် ကြယ်တာရာတွင် နှစ်သစ်ကူးပွဲ မကျင်းပဖြစ်ကြသော်လည်း မုချင်းဖျင်သည်လည်း သူတို့ မလာခင် အိမ်ကို ကြိုပြန်ခဲ့ပြီး ပြောစရာ မရှိလောက်အောင် နှစ်သစ်ကူးလက်ဆောင်များစွာကို သူတို့ ပြင်ဆင်ထားကြသည်။ ထို့ကြောင့် မိသားစု၃ယောက်သည် နွေးထွေးသော ခံစားချက်များဖြင့် တောင်တံခါးအိမ်ရာသို့ ပြန်လာခဲ့ကြသည်။
တစ်နေ့တာ၏အလင်းရောင်သည် ကုန်ဆုံးသွားပြီး နေဝင်ဖျိုးဖျအချိန်သို့ ရောက်ရှိလာခဲ့ပြီသည်။ မိသားစုတတွေ ညစာစားရန် ပြင်ဆင်နေချိန်တွင် ထန်ရှုထံသို့ ခန်းရှ ဖုန်းဆက်လာခဲ့သည်။ ထိုဖုန်းခေါ်ဆိုမှု ပြီးဆုံးပြီးနောက်တွင် ထန်ရှု၏မျက်နှာထက်ရှိ ပျော်ရွှင်နေသောအမူအရာများ ပျောက်ကွယ်သွားကာ လူသတ်လိုစိတ်ပြင်းထန်သည့် အမူအရာက အစားထိုးလာခဲ့သည်။
"အဖေ … အမေ … ကျွန်တော် လုပ်စရာတစ်ခု ရှိလို့ အပြင်ထွက်ရတော့မယ်။" ထန်ရှုက ထကာ သူ့ကုတ်အင်္ကျီကို ကိုင်လိုက်သည်။
ထန်ယွင်သဲ့က အံ့အားသင့်သွားပြီး
"အဖေတို့နဲ့ ညစာမစားနိုင်လောက်အောင် ကိစ္စက အရမ်းအရေးကြီးတာလား။"
"ဒါက တကယ်ကို အရေးပေါ်အခြေအနေပါ။ ကျွန်တော့်ကုမ္ပဏီရဲ့ ထိပ်တန်းအမှုဆောင်တစ်ယောက် ကားမတော်တဆမှုတစ်ခု ကြုံခဲ့ရတာကြောင့် သူ့အခြေအနေကို လိုက်ကြည့်ဖို့ လိုပါတယ်။”ထန်ရှုက ရှင်းပြသည်။
“ဒါဆို လမ်းမှာ ဂရုစိုက်ပါ ငါ့သား။” ထန်ယွင်သဲ့က ခေါင်းညိတ်ပြီး
"တစ်ခုခု ဖြစ်ခဲ့ရင် အဖေ့ကို ခေါ်လိုက်ပါ။"
ထန်ရှု ဖခင်ဖြစ်သူအား တုံ့ပြန်ဖြေပြီးနောက် အိမ်မှ အမြန်ထွက်ခွာပြီး ကြယ်တာရာ တရုတ်တိုင်းရင်းဆေးရုံသို့ အမြန်မောင်းနှင်သွားခဲ့သည်။ ဆေးရုံ၏ခွဲစိတ်ခန်းသို့ရောက်သောအခါ စင်္ကြန်လမ်းတွင် ခန်းနားသောထန် စီးပွားရေးလုပ်ငန်းစုမှ လုံခြုံရေးအစောင့်များစွာကို တွေ့ရှိခဲ့သည်။ ၎င်းတို့ထဲမှ အချို့မှာ ခန်းရှ၏ ကိုယ်ပိုင်ကိုယ်ရံတော်များဖြစ်သည်။ သူတို့သည် ခွဲစိတ်ခန်းဝင်ပေါက်တွင် လေးနက်သောအမူအရာဖြင့် ရပ်ကာ အနီးနားရှိ အခြေအနေများကို သတိဖြင့် စောင့်ကြည့်နေခဲ့ကြသည်။
"ခန်းရှ … သူ့အခြေအနေ ဘယ်လိုလဲ။" ထန်ရှုက လျှောက်လာပြီး မေးလိုက်သည်။
ထန်ရှုကို မြင်သောအခါ ခန်းရှက ခါးသီးသော အမူအရာဖြင့် ချက်ချင်း ဖြေလာသည်။ "သူ့ဒဏ်ရာတွေက အရမ်းပြင်းထန်တယ်။ သူက စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတာကို ငါ သတိထားမိသလို ဆရာဝန်က သူ့ကို ကယ်တင်နိုင်ခြေက နည်းတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားဖို့ ပြောထားတယ်။”
"ထိုက်ချန်ကို ကာကွယ်ဖို့ တာဝန်ရှိတဲ့ သက်တော်စောင့်နှစ်ယောက်ကိုရော။ တွေ့ကြပြီလား။" ထန်ရှုက လေးနက်သော အသံဖြင့် မေးလိုက်သည်။
"ဟင့်အင်း … မတွေ့သေးဘူး။" ခန်းရှက ခေါင်းခါလိုက်သည်။
“သတင်းရတဲ့အချိန်မှာ ငါ ဒီလူတွေနဲ့ ချက်ချင်း အဲ့ဒီနေရာကို ပြေးတယ်။ အဲ့ဒါကို စုံစမ်းဖို့ လူတွေကို လွှတ်ထားပြီးသားပေမယ့် ပြန်တော့မလာသေးဘူး။ အဲ့ဒီ၂ယောက်ရဲ့ဖုန်းတွေကိုလည်း ဆက်သွယ်မရတဲ့အတွက် အဆက်အသွယ် ပြတ်နေတယ်။ သူတို့မိသားစုကို ဆက်သွယ်ထားပြီး သူတို့ ဘယ်ကိုသွားလဲဆိုတာ မသိကြဘူး။”
ထန်ရှု၏မျက်လုံးများထဲတွင် အေးစက်သော အရိပ်အယောက်တစ်ခု လင်းလက်လာသည်။ ထိုက်ချန် ဖြစ်ပွားခဲ့တဲ့ ကားမတော်တဆမှုသည် သေချာပေါက် မတော်တဆမှုတစ်ခုဟု အကဲဖြတ်ဖို့ လွယ်စေရန် အချိန်အတော်ကြာအောင် ပြင်ဆင်ထားခဲ့သော ကြိုတင်ကြံစည်ထားသည့် လုပ်ကြံသတ်ဖြတ်မှု ဖြစ်နိုင်ပေသည်။ သူ သိသလောက် ထိုက်ချန်ထံတွင် နှစ်ဆိုင်းခွဲပြီး အလုပ်လုပ်သည့် သက်တော်စောင့် လေးယောက် ရှိပေသည်။ ၎င်းတို့လေးဦးအား ထာဝရခန်းမမှ ကျွမ်းကျင်ပညာရှင်များက လေ့ကျင့်သင်ကြားပေးထားပြီး သာမန်လူငါးဦးသည် ၎င်းတို့နှင့် ဆန့်ကျင်ဘက်ဖြစ်နိုင်မည်မဟုတ်ပေ။ အရေးကြီးဆုံးအချက်မှာ အဆိုပါ ပျောက်ဆုံးနေသော သက်တော်စောင့်နှစ်ဦးသည် လွန်စွာ ပရော်ဖက်ရှင်နယ်ကျသော အလုပ်ကျင့်ဝတ်များ ရှိပြီး ၎င်းတို့၏ဖုန်းများကို အချိန်တိုင်း ဆောင်ထားသည်။ ယခု သူတို့ ပျောက်ဆုံးသွားပြီး ၎င်းတို့၏ဖုန်းအား ဆက်သွယ်၍ မရတော့သည်မှာ အဓိပ္ပါယ် တစ်ခုတည်းသာ ရှိတော့သည် - သူတို့သည် ကံဆိုးမိုးမှောင်ကျသော မတော်တဆမှုတစ်ခုနှင့် ရင်ဆိုင်ခဲ့ရခြင်းပင်တည်း။
"မကြာသေးမီက ကုမ္ပဏီမှာ ထူးထူးခြားခြား အခြေအနေ တစ်ခုခု ဖြစ်ခဲ့သေးလား။ ဒါမှမဟုတ် ထိုက်ချန် ကြုံတွေ့ခဲ့ရတဲ့ ပြဿနာတချို့ ရှိခဲ့လား။" ထန်ရှုက ပြောသည်။
“မနှစ်တုန်းကတော့ ထိုက်ချန်က တစ်ခါ ပြောဖူးတယ်။ လူတစ်ယောက်က သူ့ကို ဆက်သွယ်ပြီး နတ်ဘုရားဝတ်ရည်ဝိုင်အမြောက်အမြားကို သီးသန့် ဝယ်လိုတယ်လို့ ပြောတယ်။ နင်သိတဲ့အတိုင်း ထိုက်ချန်က ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုရဲ့ ဝိုင်လုပ်ငန်းဒါရိုက်တာဖြစ်တော့ နောက်တံခါးကို ဖွင့်ခိုင်းပြီး နတ်ဘုရားဝတ်ရည်ဝိုင်ကို သီးသန့်ဝယ်ဖို့အတွက် သူ့ကို တွေ့ချင်တဲ့သူတွေက အများကြီးပဲလေ။ အဲ့ဒါကြောင့် အစတုန်းကတော့ ငါ အလေးအနက်မထားပေမယ့် အဲ့ဒီလူက မှာယူချင်တဲ့ အရေအတွက်က တော်တော် များတယ်လို့ ခံစားရတယ်။ ထိုက်ချန်က အဲ့ဒီလူရဲ့ တောင်းဆိုမှုကို ငြင်းဆိုခဲ့တော့ တစ်ဖက်လူက သူ့ကို ခြိမ်းခြောက်လာတယ်။”
"အဲ့ဒီလူက ဘယ်သူလဲ။" ထန်ရှုက မေးလိုက်သည်။
"သူက တောင်ပိုင်းဒေသက လာတာ။ ကွမ်းယန်ပြည်နယ်က အီလက်ထရွန်းနစ် အသုံးအဆောင်ပစ္စည်းလုပ်ငန်းပိုင်ရှင်ချန်တဲ့။ လွန်ခဲ့တဲ့ နာရီဝက်လောက်က ချန်မျိုးရိုးလူရဲ့ အသေးစိတ် အချက်အလက်တွေကို စုံစမ်းစစ်ဆေးဖို့ လူတချို့ကို ငါ တာဝန်ပေးထားပြီးပြီ။ ဒါပေမယ့် အခုထိ ရလဒ် မထွက်သေးဘူး။"
“ဒါဆို သတင်းကို စောင့်ကြတာပေါ့။ ကိုယ် သူ့အခြေအနေကို ဝင်ကြည့်လိုက်ဦးမယ်။"
ထန်ရှု ခေါင်းညိတ်ကာ စကားဆိုသည်။
ထိုသို့ ပြောပြီးသည်နှင့် ထန်ရှုသည် ခွဲစိတ်ခန်းထဲသို့ ဝင်လာသည်။ လက်ရှိတွင် ထိုက်ချန်အား ခွဲစိတ်ခန်း ဝတ်စုံဝတ်ထားသည့် ဆရာဝန်ခုနစ်ဦးက ခွဲစိတ်နေသည်ကို တွေ့ခဲ့သည်။ ခွဲစိတ်ဆရာဝန်ကြီး၏ လက်များသည် သွေးများဖြင့် ဖုံးလွှမ်းနေသည်။
"နင့်ကို ဘယ်သူက အထဲကို ဝင်ခွင့်ပြုလိုက်တာလဲ။ မြန်မြန် ထွက်သွားစမ်း။"
ဆေးရုံသို့ ပြောင်းရွှေ့လာခါစ ဖြစ်သော ဆရာဝန်မ တစ်ဦးသည် မျက်ခုံးများတွန့်ချိုးကာ ပြစ်တင်ကြိမ်းမောင်းလိုက်သည်။ ချက်ချင်းပင် ခွဲစိတ်ခန်းထဲက တခြားဆရာဝန်များသည် ထန်ရှုအား လှည့်ကြည့်လာသည်။
ထန်ရှုက ခွဲစိတ်ဆရာဝန်ကြီးကို ကြည့်ရင်း မေးသည်။
“သူ့အခြေအနေ ဘယ်လိုနေလဲ။”
ခွဲစိတ်ဆရာဝန်ကြီးက ထန်ရှုကို မြင်သောအခါ သူ၏မျက်လုံးများသည် ချက်ချင်း တောက်ပလာပြီး အလျင်စလို ပြောလာခဲ့သည်။
“လူနာရဲ့ဒဏ်ရာက အရမ်းပြင်းထန်တယ်။ ငါတို့တွေ အတွင်းပိုင်းသွေးယိုခြင်းကို ရပ်တန့်ထားနိုင်ပေမယ့် သူ့ရဲ့နံရိုးလေးချောင်း ကျိုးသွားရတဲ့အထဲ တစ်ချောင်းက အဆုတ်ကို ထိုးဖောက်နေတယ်။ နောက်ပြီး ဦးခေါင်းဒဏ်ရာက ပြင်းတဲ့အပြင့် ဦးခေါင်းခွံအရိုးတွေကလည်း အက်နေပြီ။ နောက်ပိုင်း ဦးနှောက်နဲ့အာရုံကြောအထူးကုဆရာဝန်ရဲ့အကူအညီ လိုလိမ့်မယ်။”
"ဆရာဝန်ကြီးလုပ်နေတဲ့ အရာတွေကို တတ်နိုင်သမျှ မြန်မြန် ကိုင်တွယ်ပြီး ကျွန်တော့်ကို တာဝန်ယူခွင့်ပေးပါ။" ထန်ရှုက ပြောလိုက်သည်။
"နားလည်ပြီ။" ခွဲစိတ်ဆရာဝန်ကြီးက လေးစားစွာ ပြန်ပြောလိုက်သည်။
အသစ်ပြောင်းလာသော ဆရာဝန်မသည် အံသြသွားရသည်။ ထန်ရှုကို သူမ မသိသလို ဆေးရုံမှာလည်း မမြင်ဖူးချေ။ ခွဲစိတ်ဆရာဝန်ကြီးက ထန်ရှု၏စကားအား မည်သည့်အတွက်ကြောင့် နားထောင်ခဲ့သည်ကို သူမ တကယ်ကို နားမလည်ခဲ့ပေ။ ကျန်သောဆရာဝန်များသည်လည်း လေးစားသော အမူအရာများ ရှိနေကြသည်။
ဆယ်မိနစ်ကြာသော် ထန်ရှုသည် ဆေးကုသပေးခဲ့သည်။ ဒဏ်ရာများကို ချုပ်ပြီးသွားကတည်းက ထန်ရှု၏ကုသပေးသောအလုပ်က ပိုမိုလွယ်ကူလာခဲ့သည်။ သုံးနာရီကြာသည်ထိ အထူးဂရုစိုက်ကာ ကုသပေးပြီးနောက် နောက်ဆုံးတွင် သူသည် စုတ်ပြတ်သတ်နေသော ထိုက်ချန်အား သေမင်းနှုတ်ခမ်းဝမှ ပြန်လည်ဆွဲခေါ်နိုင်ခဲ့သည်။
သို့သော် သူပြသခဲ့သည့် ဆေးဘက်ဆိုင်ရာ နည်းပညာများသည် မယုံနိုင်လောက်အောင်၊ မတွေးတတ်လောက်အောင် ဖြစ်ရသောကြောင့် အခန်းတွင်းရှိ ဆရာဝန်များအားလုံးသည် ၎င်းပညာအား မဆုပ်ကိုင်နိုင်ခဲ့ပေ။ သို့သော်လည်း “သူ့အသက်အန္တရာယ် မရှိတော့ပေမယ့် နောက်ဆက်တွဲ ကုသမှုကိုတော့ စနစ်တကျ လုပ်ဆောင်ရမယ်”ဟူသော စကားသံကြားလိုက်သောအခါမှ ခွဲစိတ်ခန်းရှိ ဆရာဝန်များအားလုံးသည် လေးနက်သော အမူအရာအပြည့်ဖြင့် အသိများ ပြန်ဝင်လာကြသည်။
"ကျေးဇူးတင်ပါတယ် နတ်ဆေးသမားတော်ထန်။ မင်း ဒီကို အချိန်မီရောက်လာတာ ကံကောင်းသွားတယ်။ ရိုးရိုးသားသားပြောရရင် ငါသာ ခွဲစိတ်မှုလုပ်တဲ့သူဆိုရင် သူ့ကို ကယ်တင်နိုင်ခြေက ၂၀%ပဲ ရှိတယ်။” ခွဲစိတ်ဆရာဝန်ကြီးမှ လေးစားစွာဖြင့် ချီးကျူးစကားဆိုသည်။
ထန်ရှုက စကားတစ်ခွန်းမှ မပြောဘဲ ခေါင်းညိတ်လိုက်သည်။ ကုသမှုသုံးနာရီအတွင်း သူ့၏စိတ်စွမ်းအင်များစွာ ကုန်သွားသောကြောင့် စကားအနည်းငယ်သာ ပြောပြီး ခွဲစိတ်ခန်းထဲက ထွက်လာခဲ့သည်။
“သူ…သူက နတ်ဆေးသမားတော်ထန်လား။” ထန်ရှုအား အစောပိုင်းက ပြစ်တင်ကြိမ်းမောင်းခဲ့သည် ဆရာဝန်မ ရေရွတ်ရင်း သူမ၏မျက်နှာထက်တွင် မယုံနိုင်သော အမူအရာတစ်ခု ပေါ်လာသည်။
“ဒါပေါ့။” ခွဲစိတ်ဆရာဝန်ကြီးသည် သူမကို စိုက်ကြည့်ကာ ပြုံးပြုံးရွှင်ရွှင် ပြောလိုက်သည်။
“သူက နတ်ဆေးသမားတော်ထန်ပါ။ ကုသရခက်တဲ့ ရောဂါတွေ အများကြီးကို ကုသပေးခဲ့တဲ့ နတ်ဆေးသမားတစ်ယောက်ပေါ့ … သူ လူနာတွေကို ထိတွေ့လိုက်ရင် ရောဂါတွေ ပျောက်သွားပြီး အသက်ပြန်ရှင်လာသလားပဲ။”
“ကျွန်မ စောနက သူ့ကို ဆက်ဆံမိလိုက်တာ…” ဆရာဝန်မ၏ နှုတ်ခမ်းများသည် အကြိမ်အနည်းငယ် တုန်ရီသွားပြီး အနည်းငယ် ဂနာမငြိမ် ဖြစ်နေဟန် ရသည်။
"စိတ်မပူပါနဲ့။" ခွဲစိတ်ဆရာဝန်ကြီးက သူမအား အပြုံးဖြင့် နှစ်သိမ့်ပေးသည်။ “နတ်ဆေးသမားတော်ထန်က အမြင်ကျယ်ပြီး ကြင်နာတတ်တဲ့ နှလုံးသားရှိတာမို့ ငါတို့တွေရဲ့အဆင့်ထိ ဘယ်တော့မှ သူ့ကိုယ်သူ အရောက်ခံမှာ မဟုတ်ဘူး။ မင်းတို့အားလုံး ခွဲစိတ်ခန်းထဲသို့ တစ်စုံတစ်ဦးကို အပြေးအလွှား ဝင်ရောက်တာကို တားမြစ်ဖို့ ကြိုးစားခဲ့တာ ကောင်းတယ်။ ထို့ထက်ပို၍ ကောင်းတာက မင်းက နတ်ဆေးသမားတော်ထန်ကို လုံးဝမသိတဲ့အတွက် မင်း လုပ်သင့်လုပ်ထိုက်တာကို လုပ်လိုက်တာပါပဲ။ ကောင်းပြီ … အဲ့ဒါကို သိပ်ပြီး မစဉ်းစားပါနဲ့။ လူနာအတွက် ကုသမှုအပြီး ကောင်းမွန်စွာ ပြီးအောင် လုပ်ရမယ်လို့ပဲ သူ ပြောခဲ့တာမဟုတ်လား။”
ထန်ရှု ခွဲစိတ်ခန်းထဲက ထွက်လာချိန်တွင် ခန်းရှသည် တစ်ခုခုကို စိတ်ထဲမှာ စွဲနေသည့်အလား ဝင်ပေါက်အပြင်တွင် စောင့်နေသည်ကို သူ တွေ့လိုက်ရသည်။ အနီးပတ်ဝန်းကျင်တွင် သူ့လူတွေချည်းပဲမို့ ထန်ရှုက တိုက်ရိုက်မေးလိုက်သည်။ "စုံစမ်းမှုက ဘယ်လိုနေလဲ။"
“မြို့ပြင်က မြစ်တစ်စင်းထဲမှာ သက်တော်စောင့်နှစ်ယောက်ရဲ့ အလောင်းတွေကို ငါတို့ တွေ့ခဲ့တယ်။ သူတို့သေဆုံးတာက အသွားတုံးတဲ့ လက်နက်တွေနဲ့ ပြင်းထန်စွာ အရိုက်ခံလိုက်ရတာ ဖြစ်နိုင်တယ်။ ဒီသတင်းက ရဲတွေဆီက ရပြီး ကိုင်တွယ်ဖြေရှင်းဖို့ တစ်ယောက်ယောက်ကို လွှတ်ထားတယ်။ နောက်ပြီး ချန်စီးပွားရေးသမားကို ငါတို့ ရှာမတွေ့ခဲ့ဘူး။ ကွမ်းယန်ပြည်နယ်မှာ သူ့ကို စုံစမ်းစစ်ဆေးဖို့ ထာဝရခန်းမထဲက လူတချို့ကို ငါ တာဝန်ပေးထားပေမယ့် လေထဲမှာ သူ ပျောက်ကွယ်သွားသလိုမျိုး အဲ့ဒီနေရာကနေ ဘာသတင်းမှ ခြေရာကောက်လို့ မရခဲ့ဘူး။”
ထန်ရှုသည် သူ၏လက်ကိုင်ဖုန်းကို ယူကာ ဖုန်းခေါ်ဆိုမှုများစွာ ပြုလုပ်ခဲ့သည်။ သူသည် ချန်အမည်ရသော စီးပွားရေးသမားကို ရှာရမည်။ သူနှင့် မတွေ့မိအောင် ထိုလူ နေခြင်းသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ သူ ရှာတွေ့ခဲ့ပါက ထိုသူအား အလွန် နာကျင်ခံစားသွားရစေမည့် အဖိုးအခကို သူ ပေးဆောင်ခိုင်းမည်ဖြစ်သည်။
ထိုက်ချန်နှင့်ပတ်သက်၍ သည်ကတုံးပြောင်ပြောင်လူကို ထန်ရှု သဘောကျသည်။ ထိုက်ချန်သည် တခြားဒေသကနေ ကြယ်တာရာတွင် အလုပ်လုပ်ရန် ထန်ရှုကိုယ်တိုင် ခေါ်လာခဲ့သူဖြစ်သည်။ ယခု ထိုလူသည် ဤမျှကြီးမားသော မတော်တဆမှုတစ်ခုနှင့် ကြုံတွေ့လိုက်ရသောကြောင့် သူ့အတွက် ဆုံးဖြတ်ပေးရမည့် တာဝန်သည် ထန်ရှုတွင် ရှိပေသည်။
"သူဌေး … ငါ သံသယ ရှိတာက ..." ခန်းရှက တုံ့ဆိုင်းသွားသည်။
ထန်ရှု၏အမူအရာ ပြောင်းသွားပြီး မေးလိုက်သည်။ "ဘာသံသယ ရှိလို့လဲ။"
"တကယ်လို့ ဒီဟာက ချန်စီးပွားရေးသမားသာ လုပ်ခဲ့တယ်ဆိုရင် ဒီအဖြစ်အပျက်က မရိုးရှင်းဘူးလို့ ငါ သံသယဖြစ်မိတယ်။" ခန်းရှက စကားဆက်လိုက်သည်။
ထန်ရှု၏မျက်လုံးများ ကျဉ်းမြောင်းသွားကာ
"မင်းဆိုလိုတာက ဒီလူ ထိုက်ချန်ကို အရင်ရှာတာက သူ့ရည်ရွယ်ချက်အမှန်ကို ဖုံးကွယ်ဖို့ပေါ့။ နတ်ဘုရားဝတ်ရည်ဝိုင်ရဲ့ထုတ်လုပ်နည်းဖော်မြူလာကိုသူ လိုချင်နေတယ်လို့ ခံစားမိနေတာလား။”
"အမှန်ပဲ။" ခန်းရှ ခေါင်းညိတ်လိုက်သည်။
"သတင်းစောင့်ကြရအောင်။" ထန်ရှုက ပြောလိုက်သည်။ "အဲ့ဒီလူကို ကိုယ် ရှာတွေ့လို့ကတော့ သူ့ဆီကနေ အရာအားလုံးကို ညှစ်ထုတ်ရယူပြီး သူ့ရဲ့ တကယ့်ရည်ရွယ်ချက် ထွက်လာအောင် လုပ်နိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကုမ္ပဏီရဲ့ လုံခြုံရေးအစောင့်တွေရော မင်းရဲ့သက်တော်စောင့်တွေကိုရော ဆေးရုံကနေ ပြန်သွားဖို့ ညွှန်ကြားလိုက်။ ကိုယ်တို့ကုမ္ပဏီက ကျွမ်းကျင်သူအချို့ကို ဒီနေရာကို လျှို့ဝှက်လာဖို့ တာဝန်ပေးလိုက်ပါ။ ထိုက်ချန်ရဲ့အသက်ကို ကိုယ် ကယ်တင်ခဲ့ပြီးပြီဆိုပေမယ့် သူ့ကို ထပ်ပြီး ဒဏ်ရာ မရစေရဘူး။"
"နားလည်ပြီ။" ခန်းရှက ခေါင်းညိတ်ပြသည်။
ခန်းရှသည် သူမ၏သက်တော်စောင့်များ၊ ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစု၏ လုံခြုံရေးအစောင့်များနှင့်အတူ ထွက်ခွာသွားချိန်တွင် ထန်ရှုသည် ထိုက်ချန်အား အရေးပေါ်ကြပ်မတ်ကုသခန်း (ICU) သို့ ကိုယ်တိုင် စောင့်ကြပ်ခေါ်ဆောင်ပေးခဲ့သည်။ သူသည် အလျင်စလို မထွက်သွားဘဲ သတင်းကို စောင့်ရင်း အခန်းအပြင်ဘက်တွင် နေခဲ့သည်။
ညဘက်တွင် ထန်မင်းထံမှ ဖုန်းဝင်လာပြီး ချန်စီးပွားရေးသမားရှိရာ တည်နေရာကို သူမ တွေ့ရှိကြောင်း ထန်ရှုဆီသို့ အကြောင်းကြားလာသည်။
ထိုလူသည် အပြာရောင်မြို့တွင် ရှိနေခဲ့သည်။
ဖုန်းချပြီးနောက် ထန်ရှုသည် တခဏတွေးတောနေပြီးမှ ရှောင်မင်ကျန်းဆီသို့ ဖုန်းဆက်လိုက်သည်။ ရှောင်မင်ကျန်းသည် အပြာရောင်မြို့တွင် ရှိနေဆဲဖြစ်သည်ကို သူ သိသောကြောင့် ချန်အမည်ရှိသော ထိုစီးပွားရေးသမားကို ဖမ်းဆီးရန် ချက်ချင်း အကူအညီတောင်းခဲ့သည်။
“အကိုရှောင် … ဒီလူနဲ့ ပတ်သက်တဲ့ အချက်အလက်ကို ကျွန်တော် ပို့ပေးလိုက်မယ်။ ဒီအလုပ်ကို အစ်ကို့ဆီ ကျွန်တော် ယုံယုံကြည်ကြည် လွှဲအပ်လိုက်ပြီ။"
***