ရွှေသည် တန်ဖိုးတစ်ခု ရှိသည် ဆိုငြားသော်လည်း ကျောက်စိမ်းသည် တန်ဖိုးမဖြတ်နိုင်ချေ
Vol. 46 Ch. 639
မေ့မျောမှုနေရာမှ ပြန်လည်သတိရလာပြီးနောက် သူ့တွင် သားတစ်ယောက်ရှိကြောင်း သိလာရသော ထန်ယွင်သဲ့သည် သူ့သားနှင့်ပတ်သက်သည့် အခြေအနေကို သိရှိခဲ့ပေရာ ထန်ရှုအား ကလေးအဖြစ် ဘယ်တော့မှ မမှတ်ယူခဲ့ပေ။ ဆင်းရဲနွမ်းပါးသော မိသားစုများ၏ကလေးများသည် အိမ်ထောင်စုကို စီမံခန့်ခွဲနိုင်သည်ဟု ဆိုသည်။ သူ့သားနှင့် ဇနီးသည် ဤနှစ်များတစ်လျှောက် ခက်ခဲကြမ်းတမ်းသော ဘဝတစ်ခုကို ဖြတ်သန်းခဲ့ရသောကြောင့် သားဖြစ်သူတွင် အလွန်ရင့်ကျက်သော ပင်ကိုယ်စရိုက် ရှိကြောင်းကို သိရှိခဲ့သည်။
သူ့သားက မျက်မမြင်ကလေးတစ်ယောက်ကို မွေးစားလိုက်သည်ဟူသော သတင်းစကား ကြားလိုက်သည့်အခါ သူက မျက်မှောင်ကြုတ်ပြီး သူ၏အတွေးများကို ဖော်ပြလိုက်သည်။
"ရှုအာ … သားမှာ အချိန်နဲ့ အင်အားတွေ အများကြီး ရှိလား။ မျက်မမြင်ကလေးနဲ့ သာမန်ကလေးကို ပြုစုပျိုးထောင်တဲ့နေရာမှာ ကြီးမားတဲ့ ကွာခြားချက် ရှိတာကို သား သိတယ်မလား။”
"အဖေပြောတာကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် ဒီကလေးက အရမ်းထူးခြားတယ်။ မျက်စိမမြင်နိုင်ပေမယ့် သူ့စိတ်နှလုံးသားက မြင်နိုင်တယ်။ သာမန်လူတွေ မမြင်နိုင်တဲ့ အရာတွေကို သူ မြင်နိုင်တယ်။ ဒါက သူ့ကို မွေးစားပြီး ကျွန်တော့်တပည့်အဖြစ် ခေါ်သွားချင်ရတဲ့ အကြောင်းရင်းပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူက ပုံသွင်းလို့ရတယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော့်အမြင်တွေ မမှားဘူးဆိုတာ အဖေလည်း သိနေတာပဲ။ ရင်ရင့်ကိုပဲ ကြည့်လေ … သူက စံနမူနာကောင်းပဲ မဟုတ်လား။" ထန်ရှုက ရှင်းပြသည်။
"အိုး … ဟုတ်တာပေါ့။ ဆရာသခင် ပြောတာမှန်တယ်။ ရင်ရင်လည်း ဂျူနီယာမောင်လေး လိုချင်တယ်။"
ဂူရင်က ပြုံးကာ ပြောလိုက်သည်။
ထန်ယွင်သဲ့နှင့် စုလင်းယွမ်တို့ အကြည့်ချင်း ဖလှယ်မိကြပြီး တင်းမာနေသော ပတ်ဝန်းကျင် လေထုသည် ပြေလျော့သွားတော့သည်။ ထန်ရှုသည် သာမန်လူတစ်ယောက် မဟုတ်တော့ကြောင်း သူတို့နှစ်ယောက်လုံး သိကြသည်။ ထန်ရှုသည် မည်သည့်အချိန်က မည်သို့ ကျင့်ကြံသူတစ်ယောက် ဖြစ်လာသည်ကို သူတို့ သတိမမူမိကြသော်လည်း သူ၏စွမ်းရည်ကို သက်သေပြခဲ့ပြီး ထိုအကြောင်းကိုလည်း ရှင်းရှင်းလင်းလင်း သိခဲ့ကြပြီးဖြစ်သည်။ ထို့ကြောင့် သူတို့သည် ထိုကလေးမွေးစားမည့်အကြောင်းကို ဆက်မပြောကြတော့ပေ။
မုချင်းဖျင်က လေသံတိုးတိုးဖြင့် လာမေးသည်။
“ကလေးတွေအတွက် နေ့စဉ်အသုံးအဆောင်အချို့ သွားဝယ်မလို့။ နောက်ပြီး ရင်ရင့်ဘေးနားက အခန်းကိုလည်း သန့်ရှင်းရေး လုပ်လိုက်မယ်။ နင် ဘယ်လို သဘောရလဲ။"
"အဲ့ဒါ ကောင်းတယ်။" ထန်ရှု ပြုံးပြီး ခေါင်းညိတ်သည်။
မနက်စာစားပြီးနောက် ထန်ရှုသည် သူ့ကားဖြင့် ထွက်လာခဲ့သည်။ မူလက မျက်မမြင်လေးကို နှစ်သစ်ကူးမတိုင်မီ ခေါ်ယူရန် စီစဉ်ခဲ့သော်လည်း နောက်ပိုင်းတွင် လူမှုဖူလုံရေးဂေဟာမှ ဌာနမှူးက ထန်ရှုဆီ ဖုန်းဆက်ကာ မျက်မမြင်လေးအား လူမှုဖူလုံရေးဂေဟာတွင် သူ၏နောက်ဆုံးနှစ်သစ်ကို ကျင်းပရန် ဆန္ဒရှိသောကြောင့် ထိုနေ့အထိ နေထိုင်စေလိုကြောင်း တောင်းဆိုလာခဲ့သည်။ နှစ်သစ်ကူးပြီးသည့်နောက် သူသည် ပေကျင်းကို ဆက်လက်ထွက်ခွာသွားရသောကြောင့် ထိုကိစ္စသည် နှောင့်နှေးနေခြင်းဖြစ်သည်။
တောင်တံခါးအိမ်ရာ၏အဝင်ဝသို့ ထန်ရှုဆီမှ ဖုန်းဆက်ခြင်းကို ရထားသည့် လုံရွှဲ့ယောင်သည် ထိုနေရာ၌ စောစီးစွာ စောင့်ဆိုင်းနေပြီး သူမနှင့်အတူ ခရီးဆောင်အိတ်ကြီးနှစ်လုံးကို ယူဆောင်လာသည်။ သူမ၏အရှေ့တွင် ကားရပ်ပေးထားသော ထန်ရှုကို တွေ့သည့်အခါ သူမက ချက်ချင်း ကားပြတင်းပေါက်မှန်ကို ခေါက်လိုက်ပြီး
"ကားနောက်ဖုံး ဖွင့်ပေးဦး။ ကလေးတွေအတွက် ပစ္စည်းတွေဝယ်လာခဲ့တယ်။ အဆင်ပြေရင် ငါ အဲ့ဒါတွေကို ယူသွားလိုက်မလို့။"
ထန်ရှုသည် ကားနောက်ဖုံးကို ဖွင့်ပေးပြီး ခရီးဆောင်အိတ်ကြီးနှစ်လုံးကို ကားနောက်ဖုံးထဲသို့ ကူထည့်ရန် ကားပေါ်မှ ဆင်းလာခဲ့သည်။ ထို့နောက် သူက အပြုံးဖြင့်
“ဒီနေ့ခေတ်မှာ မင်းလို ကြင်နာနွေးထွေးတဲ့ နှလုံးသားရှိတဲ့ မိန်းမပျိုတွေ မရှိသလောက် ရှားနေပြီ။ မင်းရဲ့ဝင်ငွေအားလုံးနီးပါးကို ကြယ်ပြာလူမှုဖူလုံရေးဂေဟာရဲ့ကလေးတွေအတွက် သုံးစွဲခဲ့တာလားလို့တောင် သံသယဖြစ်မိတယ်။”
"ငါ့ကို မချီးမွှမ်းလို့ရမလား။ ငါ့ကို ရှက်အောင် နင်လုပ်နေတာပဲ။"
လုံ ရွှဲ့ယောင်က သိမ်မွေ့စွာ ပြုံးလိုက်သည်။
“နောက်ပြီး ငါ့လစာက အရမ်းများတယ်။ တစ်လကို ယွမ်ငွေသောင်းနဲ့ချီ ရနေတာမို့ လုပ်ပေးနိုင်နေတာပါ။”
ထန်ရှုက ပြုံးလိုက်ပြီး မည်သည့်စကားမှ မတုံ့ပြန်တောပေ။ လုံရွှဲ့ယောင်သည် အမှန်တကယ်ပင် လစာ အလွန်မြင့်မားသည်။ သူ သိသလောက်ဆိုပါက သူမသည် ကြယ်ပြာလူမှုဖူလုံရေးဂေဟာသို့ လစဉ် အကြိမ်ရေ အနည်းငယ် သွားရောက်လည်ပတ်ခဲ့ပြီး လက်ဆောင်များလည်း အကြိမ်ရေ ပမာဏအတန်ငယ် ပေးပို့သည်။ ဥပမာအားဖြင့် သူမနှင့်အတူ သွားသည့်အချိန်တုန်းက သူမသည် ယွမ်ငွေ ၂သောင်း-၃သောင်းဝန်းကျင် သုံးစွဲခဲ့ပေသည်။
လုံရွှဲ့ယောင်က ကားပေါ်တက်ပြီးနောက် ပြုံးပြုံးရွှင်ရွှင်ဖြင့်
"ထန်ရှု … နင် ဒါကို သိချင်နေတာလား။ လုံဟန်ဝမ်က ငါ့ဦးလေးဖြစ်တဲ့အပြင် သူက ချမ်းသာပြီး ကြွယ်ဝတဲ့သူဆိုတာ နင် သိပါတယ်။ ဒါကြောင့် ကြယ်ပြာလူမှုဖူလုံရေးဂေဟာကို ငွေရေးကြေးရေးအရ ပံ့ပိုးပေးဖို့ သူ့ကို ငါ ဘာလို့ မတောင်းဆိုတာလဲလို့ နင်မေးချင်တာလို့ ငါ ထင်တယ်။ ဘာကြောင့် ကြိုးစားအားထုတ်နေရတာလဲဆိုပြီး။"
ကားကို စတင်မောင်းလိုက်ရင်း ထန်ရှုက ခေါင်းညိတ်ပြီး "ဟုတ်တယ် … အဲ့ဒါကို အရမ်းသိချင်နေခဲ့တယ်။ ကျိုးကြောင်းဆီလျော်စွာ ပြောရရင် လုံမိသားစု ပိုင်ဆိုင်တဲ့ ချမ်းသာကြွယ်ဝမှုပုံးကနေ အထောက်အပံ့ တစ်စက်လောက်သာ ရလိုက်ရင် အပြာရောင်ကြယ် လူမှုဖူလုံရေးဂေဟာအတွက် အပြောင်းအလဲ ကြီးကြီးမားမားကို ပြုလုပ်နိုင်သလို သည်လိုအခက်အခဲမျိုးကို ထပ်ပြီး ဖြတ်သန်းစရာ မလိုတော့ဘူးလေ။"
“တကယ်တော့ ငါ့ဦးလေးမှာ သူ့ကိုယ်ပိုင် ပရဟိတဖောင်ဒေးရှင်း ရှိပြီး သူက ငါ့အတွက် နှစ်စဉ် ယွမ်ငွေသိန်းချီ ခွဲဝေပေးတဲ့အတွက် လူမှုဖူလုံရေးဂေဟာက ကလေးတွေအတွက် ငါ ပိုက်ဆံသုံးလို့ ရတယ်။ ဒါပေမယ့် အဲဒီ့ကလေးအများစုဟာ ခန္ဓာကိုယ်ကြံခိုင်မှု အားနည်းပြီး ကျန်းမာရေး မကောင်းကြဘူး။ သူတို့ထဲက ထက်ဝက်နီးပါးဟာ ဖျားနာကြတဲ့အတွက် ဆေးကုသမှုခံယူဖို့ တစ်နှစ်ကို ယွမ် ၂သိန်းကနေ ၃သိန်းအထိ သုံးစွဲခဲ့ရတာလေ။”
ထန်ရှုက စကားမပြောဘဲ ခေါင်းညိတ်ပြသော်လည်း အခြေအနေကို သူလည်း နားလည်သည်။ ကြယ်ပြာလူမှုဖူလုံရေးဂေဟာမှ ကလေးအများစုသည် အားနည်းခြင်း သို့မဟုတ် နေမကောင်းဖြစ်ခြင်းများ ရှိခဲ့ကြသည်။ မျက်မြင်လေးမှလွဲ၍ ထိုကလေးငယ်များအနက်မှ တစ်ဦးမှာ မွေးရာပါ နှလုံးရောဂါရှိ၍ နှစ်စဉ် ကုသမှုခံယူရန် လိုအပ်ပြီး ၎င်းသည် အလွန်ဈေးကြီးပါသည်။ ယမန်နှစ်က ထိုကလေး၏ခွဲစိတ်မှုကြီးတစ်ခုမှာ အနည်းဆုံး ယွမ် ၂၀၀,ဝဝဝ ကျော် ကုန်ကျခဲ့သည်။
သူတို့နှစ်ဦးသည် ကြယ်ပြာလူမှုဖူလုံရေးဂေဟာသို့ အမြန် ရောက်ရှိလာခဲ့သည်။ ထန်ရှုသည် မျက်မမြင်လေးနှင့်အတူ သူ့ပစ္စည်းများကို ကူညီထုပ်ပိုးရန် လိုက်ပါသွားခဲ့သည်။ ထို့နောက်တွင် သူသည် ကြယ်ပြာလူမှုဖူလုံရေးဂေဟာတွင် အချိန်များစွာ မဖြုန်းဘဲ မျက်မမြင်လေးကို ခေါ်သွားခဲ့ပြီး လုံရွှဲ့ယောင်သည် ထိုနေ့တွင် ဘာမှလုပ်စရာ မရှိသောကြောင့် သူမက ကျန်နေခဲ့သည်။
ဆာ့ဖ်ကားအတွင်းတွင် ဂန္တဝင်တေးဂီတသံ လွင့်ပျံ့နေပြီး မျက်မြင်လေးသည် ကားမောင်းသူ၏ဘေးထိုင်ခုံတွင် ထိုင်ကာ တည်ငြိမ်သောအမူအရာဖြင့် တေးဂီတကို နားထောင်နေသည်။ ကားလမ်းပေါ်တွင် ကီလိုမီတာအတော်ကြာ မောင်းနှင်ပြီးသောအခါ ထန်ရှုသည် မီးပွိုင့်လမ်းဆုံတစ်ခုတွင် ရပ်ကာ မီးနီပြောင်းလဲမည့်အချိန်ကို စောင့်ဆိုင်းနေရင်း စကားစလိုက်သည်။
“မင်းရဲ့မွေးစားဖို့ စာရွက်စာတမ်းတွေတော့ ပြေလည်သွားပြီ။ ဒါပေမယ့် မင်းနာမည်ကို ငါ မိသားစုစာရင်းမှာ မထည့်ရသေးဘူး။ မြို့ပြဆိုင်ရာဗျူရိုကို သွားပြီးတော့ မှတ်ပုံတင်စာရင်းမှာ မင်းနာမည်စာရင်းသွင်းပြီးရင် မင်းက ငါ့မိသားစုဝင် ဖြစ်သွားလိမ့်မယ်။”
“ကောင်းပါပြီ။” မျက်မမြင်လေးက ညင်သာစွာ ခေါင်းညိတ်လိုက်သည်။
"မင်းရဲ့မျိုးရိုးနာမည်က ထန်ဖြစ်ပြီး မင်းကို ထန်ရှောင်ဟန်လို့ နာမည်အသစ်ပေးမယ်။ မင်း ဘယ်လို သဘောရလဲ။" ထန်ရှုက နောက်တစ်ကြိမ် ထပ်ပြောသည်။
မျက်မမြင်လေးက ခဏလောက်စဉ်းစားပြီး အပြုံးဖြင့် မေးလိုက်သည်။
“နောင်ကျရင် ကျွန်တော်က ဘယ်လိုခေါ်ရမလဲ။”
"ငါတို့တွေ အိမ်ပြန်ရောက်ပြီးရင် ဆရာတပည့် အသိအမှတ်ပြုပွဲ အခမ်းအနား ကျင်းပမှာပါ။ မင်းက နောင်ကျရင် ငါ့ရဲ့ ငါးယောက်မြောက်တပည့် ဖြစ်လာလိမ့်မယ်။”
"နားလည်ပါပြီ။" မျက်မမြင်လေးက ခေါင်းညိတ်လိုက်သည်။
“ဒီနာမည်ကို နားထောင်ရတာ သဘောကျလိုက်တာ ဆရာသခင်။ ကျွန်တော် အရမ်းကြိုက်တယ်။"
“မင်း ကြိုက်ရင် ကောင်းတယ်။” ထန်ရှုက ပြုံးလိုက်သည်။
"ဒါနဲ့ ငါ မင်းကို ကတိပေးခဲ့တာကို မှတ်မိသေးလား။ အနာဂတ်မှာ မင်းမျက်လုံးတွေကို အလင်း ပြန်မြင်နိုင်အောင် ငါ လုပ်ပေးမယ်ဆိုတာလေ။ အချိန်အတိုင်းအတာတစ်ခု ရသွားရင် မင်းကို တစ်နေရာရာကို ခေါ်သွားမယ်။ အဲ့ဒီအခါကျရင် မင်းက ကျင့်ကြံမှုလမ်းကြောင်းအပေါ် တရားဝင် စတင်တော့မယ်။"
ကျင့်ကြံမှုလမ်းကြောင်း …။ ထိုစကားလုံးသည် မျက်မမြင်လေးအတွက် လုံးဝနားမလည်နိုင်သော ဝေါဟာရတစ်ခုဖြစ်သည်။ သို့တိုင် သူ့အနာဂတ်သည် မည်သည့်အခါမှ ထပ်တူ ထပ်မဖြစ်တော့ဘူးဟု စိတ်ထဲတွင် ပေါ့ပေါ့ပါးပါး ခံစားခဲ့လိုက်ရသည်။
မြို့ပြဆိုင်ရာဗျူရိုသည် ကြယ်တာရာ၏ မြစ်ဟောင်းခရိုင်တွင် တည်ရှိသည်။
ထန်ရှု ရောက်ရှိလာပြီးနောက် မျက်မမြင်လေး တဖြစ်လဲ ထန်ရှောင်ဝမ်နှင့်အတူ ဝင်ပေါက်တွင် လုံကျန့်ယုနှင့် တွေ့သည်။ သည်အချိန်တွင် လုံကျန့်ယုသည် ကုတ်အင်္ကျီရှည်ကို ဝတ်ထားသော်လည်း သူသည် ခြေထောက်များကို အဆက်မပြတ် လှုပ်ရှားကာ သူ၏လက်ဖဝါးများကို နွေးထွေးစေရန် အာငွေ့ပေးနေခဲ့သည်။
"ငါတို့ နောက်မကျပါဘူးနော် ကျန့်ယု။" ထန်ရှုက ထန်ရှောင်ဟန်၏လက်ကို ဆုပ်ကိုင်လိုက်ပြီး သူ့ဆီသို့ လျှောက်သွားသည်။
"အင်း … မင်း နောက်မကျပါဘူး။" လုံကျန့်ယုက ပြုံးပြီး ပြောလိုက်သည်။
"ဒါနဲ့ … သူက မင်း ငါ့ကို ပြောပြခဲ့တဲ့ မျက်မမြင်လေးလား။"
"သူ့နာမည်က ထန်ရှောင်ဝမ်ပါ။" ထန်ရှုက ပြန်လည်ပြင်ဆင်ပေးလိုက်သည်။
"ကောင်းပြီ … မွေးစားလက်မှတ်ကို မင်းနဲ့အတူ ယူလာခဲ့လား။" လုံကျန့်ယုက ခေါင်းညိတ်ပြရင်း မေးလိုက်ခြင်းဖြစ်သည်။
"သူ့နာမည်ကို မိသားစုစာရင်းမှာ မှတ်ပုံတင်ဖို့အတွက် အဲ့ဒီဟာနဲ့ မင်းရဲ့ အိုင်ဒီကတ် လိုလိမ့်မယ်။"
"လိုတာတွေအားလုံး ငါ ယူလာခဲ့ပြီ။ အထဲဝင်ကြရအောင်။" ထန်ရှုက ပြောသည်။
တရုတ်နိုင်ငံသည် လူတွေကြားက ရင်းနှီးမှုနှင့် မျက်နှာသာပေးဆက်ဆံရေးတို့ အရေးကြီးသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ “ဆွေမျိုးများ သို့မဟုတ် သူငယ်ချင်းများ ရာထူးအာဏာရှိလျှင် ထောက်ခံပေး၍ အရေးပါသော ရာထူးကို ထမ်းဆောင်နိုင်သည်။” ဟု ဆိုရိုးစကားတစ်ခုပင် ရှိသေးသည်။ လုံကျန့်ယုသည် မြို့ပြရေးရာဗျူရိုမှ အာဏာရှိသူတစ်ဦးနှင့် ရင်းနှီးစွာ ဆက်ဆံရေးရှိခဲ့ပြီး သူ ရောက်ရှိလာခြင်းအား ဗျူရို၏ ဒုတိယအာဏာရှိသူက အဖော်ပြုလိုက်ပေးခဲ့သည်။ ထို့ကြောင့် မိသားစု မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ လျင်မြန်စွာ ပြီးမြောက်သွားသည့်အပြင် တစ်ဖက်လူက လုံကျန့်ယုတို့အဖွဲ့အား သူ၏ရုံးခန်းသို့ ကတလေးတစား ဖိတ်ခေါ်ကာ ထိုနေရာတွင် ခဏနေစေခဲ့သည်။
မြို့ပြရေးရာဗျူရိုမှ ထွက်ခွာလာပြီးနောက် လုံကျန့်ယုက ထန်ရှောင်ဟန်ကို စိုက်ကြည့်ရင်း ချီတုံချတုံ အမူအရာဖြင့်
"ငါ မင်းကို ပျော်စရာကောင်းတဲ့ နေရာတစ်ခုဆီ ခေါ်သွားချင်ပေမယ့် အခုတော့ မင်း မသွားနိုင်လောက်ဘူးထင်တယ်။"
"ဘယ်လို ပျော်စရာနေရာလဲ။" ထန်ရှုက မေးလိုက်သည်။
“ချမ်းသာတဲ့လူတော်တော်များများက တောင်ပိုင်းဒေသက ကျောက်ရိုင်းတစ်သုတ် ရခဲ့ပြီး အခု ကြယ်တာရာကုန်စည်ရောင်းဝယ်ဖောက်ကားရေး စင်တာမှာ တရားဝင်ရောင်းချနေကြတယ်။ ရှင်းရှင်းပြောရရင် ဒါဟာ ကျောက်တုံးပေါ်က လောင်းကစားနည်းတစ်မျိုးပါပဲ။” လုံကျန့်ယုက ရှင်းပြသည်။
…ကျောက်တုံးပေါ်က လောင်းကစားနည်းလား…
ထန်ရှု၏အမူအရာ လှုပ်ရှားသွားပြီး သမ်းဝေနေသော ထန်ရှောင်ဝမ်ကို လှမ်းကြည့်လိုက်သည်။ သို့သော် သူ့စိတ်များ လှုပ်ရှားနေပြီး ကွန်ချက်ပစ်ကာ ရှာဖွေဖမ်းမိနေပြီဖြစ်သည်။ အစီအရင် တိကျစွာ ဖော်ဆောင်နိုင်စေရန်အတွက် အဖိုးတန် ကျောက်စိမ်းများနှင့် ကျောက်များ၊ အရည်အသွေးမြင့် အဖိုးတန်ကျောက်စိမ်းများနှင့် ကျောက်များ အများအပြား လိုအပ်နေပါသည်။ အနာဂတ်တွင် မှော်ပစ္စည်းများ ဖန်တီးရန် သို့မဟုတ် အစီအရင် ခင်းကျင်းရန် သို့မဟုတ် သိုလှောင်ပစ္စည်းများကို သန့်စင်ရန်အတွက်ပင်ဖြစ်စေ အဖိုးတန်ကျောက်စိမ်းနှင့် ကျောက်များသည် အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။
"ရှောင်ဝမ် … အိမ် အရင်မသွားသေးဘဲ ဆရာသခင်နဲ့ အပြင်ထွက်လည်ရင်ရော ဘယ်လိုလဲ။" ထန်ရှုက ထန်ရှောင်ဝမ်၏လက်ကို ကိုင်ကာ ပြုံးပြီး မေးလိုက်သည်။
"အိုခေ။"
ထက်မြက်သည့် အာရုံခံစားမှု ရှိသော ထန်ရှောင်ဝမ်သည် မည်သည့်အရာကိုမျှ မမြင်နိုင်သောကြောင့် သက်ဝင်လှုပ်ရှားနေသော နေရာများကို မကြိုက်သော်လည်း ထန်ရှု သွားလေရာနောက်သို့ လိုက်လိုစိတ် ရှိပေသည်။ သူ၏ဆရာသခင် ထန်ရှုသည် အနာဂတ်တွင် သူ၏ အရင်းနှီးဆုံး မိသားစုဝင်ဖြစ်လာလိမ့်မည်ဟု သူ ယုံကြည်ထားသောကြောင့် ဖြစ်လေသည်။
ထန်ရှု၏ကားပေါ်တက်ပြီးနောက် လုံကျန့်ယုသည် ယာဉ်မောင်းသူ၏ဘေးရှိ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ သူက နောက်ခုံတွင် အလိုက်သိစွာ ထိုင်နေသော ထန်ရှောင်ဝမ်ကို လှည့်ကြည့်လိုက်ပြီးနောက် ထန်ရှုကို ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် မင်းက ငါနဲ့လိုက်ချင်တယ်ဆိုတော့ ပိုက်ဆံအချို့ ပြင်ဆင်ထားပြီးပြီလား။ အဲ့ဒီသူဌေးတွေက အရည်အသွေးကောင်းတဲ့ ကျောက်စိမ်းအရိုင်းတုံးနဲ့ ကျောက်ရိုင်းတုံးတွေ အမြောက်အမြား ရှိနေတယ်လို့ ကြားတယ်။ မင်း ကစားချင်တယ်ဆိုရင်တော့ ငွေအမြောက်အမြား လိုလိမ့်မယ်။”
"အခု ငါ့လက်ထဲမှာ ပိုက်ဆံအချို့ရှိတယ်။" ထန်ရှု ခေါင်းညိတ်လိုက်သည်။ "အဲ့ဒီကျောက်စိမ်းအရိုင်းတုံးတွေနဲ့ ကျောက်ရိုင်းတုံးတွေမှာ ငါ ကျေနပ်စရာ တွေ့ရင် ဝယ်လိုက်မယ်။"
“ကျောက်စိမ်းအရိုင်းတုံးနဲ့ ကျောက်ရိုင်းတုံးတွေကို ကျေနပ်စရာတွေ့ရင် ဝယ်မယ်ဟုတ်လား။” လုံကျန့်ယုက ခေါင်းယမ်းပြီး ပြုံးကာပြောသည် "ကမ္ဘာပေါ်မှာ ဒီလောက် ကျေနပ်စရာကောင်းတဲ့ ကျောက်စိမ်းအရိုင်းတုံးနဲ့ ကျောက်ရိုင်းတုံးတွေ မရှိဘူး ကိုယ့်လူ။ ထွင်းဖောက်ကြည့်နိုင်တဲ့ အမြင်ရှိပြီး ကျောက်စိမ်းအရိုင်းတုံးတွေနဲ့ ကျောက်အရိုင်းတွေထဲမှာ အဖိုးတန်ကျောက်တွေကို ထင်ထင်ရှားရှား သိမြင်နိုင်တဲ့သူက ကမ္ဘာ့အချမ်းသာဆုံးသူ အလျင်အမြန် ဖြစ်လာမှာ သေချာတယ်။”
"မင်းကလည်း အပိုတွေ ပြောနေပြန်ပြီကွာ။" ထန်ရှု ပြုံးလိုက်သည်။
“ကမ္ဘာ့ထိပ်တန်းဘီလျံနာတွေအတွက် ယွမ်ငွေ ၁၀၀မီလီယံဆိုတာ ယူနစ်တစ်ခုကလွဲလို့ ဘာမှမဟုတ်ဘူး။ ကျောက်ရိုင်းတွေကို လောင်းကစားရုံနဲ့ ငါ ငွေ ဘယ်လောက် ရနိုင်မယ်လို့ မင်း ထင်လဲ။”
“အဖိုးတန်ကျောက်စိမ်းနဲ့ တခြားအဖိုးတန်ကျောက်တွေရဲ့ အကြောင်း ဂဃနဏ မသိရင် ဘာမှရဖို့ မလွယ်ဘူး သူငယ်ချင်း။” လုံကျန့်ယုက ပြောပြသည်။
“ငါ မင်းကို တစ်ခုပြောပြမယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က အဖိုးတန်ကျောက်စိမ်းနဲ့ ကျောက်မျက်ရတနာတွေအကြောင်း သေချာသိတဲ့ ကျွမ်းမျိုးရိုး လူရွယ်တစ်ဦးရှိခဲ့ဖူးတယ်။ သူက တောင်ပိုင်းနဲ့ အနောက်ဘက်ဒေသတွေဆီ ခရီးထွက်ပြီး အဲ့ဒီကျောက်တုံးတွေနဲ့ ကံကြမ္မာကို အလောင်းအစား လုပ်ဖို့ အာဖရိကအထိတောင် စွန့်စားပြီးသွားခဲ့တာကွ။ အဲ့ဒီအဖိုးတန် ကျောက်စိမ်းတွေနဲ့ ကျောက်မျက်တွေကို ဝယ်ပြီး သူ့ကျောက်စိမ်းလုပ်ငန်းအတွက် ပစ္စည်းတွေ သုံးတယ်။ မင်း ဘာသိလဲ။ သူက အဲ့ဒီကနေ ချမ်းသာသွားတယ်။ အနောက်ဘက်ဒေသက ကျောက်စိမ်းဘုရားလို့ ချီးမြှောက်ခံရတဲ့ လူတစ်ယောက် ရှိတယ်။ အဲ့ဒီလူက ခုနကကျွမ်းလို့ခေါ်တဲ့လူရွယ်ကို သိပ်ရိုသေလေးစားတာပေါ့။ အဲ့ဒီကောင်က အခုဆို အသားတင် ၁၀ဘီလီယံကျော် ချမ်းသာတယ်။ ငါ့စကားကို ရှင်းရှင်းလင်းလင်း နားထောင်နော်။ ငါ ပြောလိုက်တဲ့ ၁၀ဘီလီယံဆိုတာ ယူအက်စ်ဒေါ်လာကွ။”
ထန်ရှုက ခဏလောက်စဉ်းစားပြီး ဖြည်းညှင်းစွာ ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ရွှေက တကယ် တန်ဖိုးရှိတယ်ဆိုပေမယ့် ကျောက်စိမ်းက တကယ်ကို အဖိုးမဖြတ်နိုင်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အရည်အသွေးမြင့် ကျောက်စိမ်းအမြောက်အမြားကို အမှန်တကယ်ရရှိဖို့ တတ်နိုင်ရင် ငွေအမြောက်အမြားရရှိဖို့က အမှန်တကယ်ကို ဖြစ်နိုင်ချေရှိတယ်။ ငါ့မှာ ကျောက်စိမ်းလုပ်ငန်း လုပ်ဖို့အတွက် အချိန်သိပ်မရှိတာ နှမြောစရာပဲ။ နို့မဟုတ်ရင် ကျွမ်းလူရွယ်နဲ့ တွေ့ချင်ပါသေးတယ်။”
“ငါလည်း သူနဲ့လူချင်းတွေ့ချင်ပေမယ့် သူ့ကိုတွေ့ဖို့ ခက်တယ်။ သူကလည်း အရမ်းအလုပ်ရှုပ်တဲ့လူပဲ။" လုံကျန့်ယုက ပြုံးပြုံးရွှင်ရွှင် ပြောလိုက်သည်။ “ဒါပေမယ့် မင်းရဲ့ဂုဏ်ပုဒ်ကို ပေးလိုက်ရင် သူနဲ့တွေ့ဖို့ မင်းရဲ့တောင်းဆိုချက်ကို သူ လိုက်လျောလောက်တယ်။ ငါ မင်းကို ပြောမယ် ကိုယ့်လူ။ ဒီကောင်က ငါ့ရဲ့ စံပြလူသားပဲ။"
“ဟား…ဟား…ဟား…။” ထန်ရှု အားရပါးရ ရယ်မောလိုက်သည်။
"မင်း ဒီလောက်ဝေးဝေး သွားဖို့ မဖြစ်နိုင်ဘူး မဟုတ်ဘူးလား။ မင်းရဲ့လုံမိသားစုက သူ့လောက်မချမ်းသာပေမယ့် မင်း သူ့ကို မင်းရဲ့စံပြလူသားအဖြစ် ထားဖို့က ဒီလောက်အထိ မဖြစ်နိုင်ဘူး။”
"ဟေး … ငါ မင်းကို ပြောနေတာက ငွေရှာဖို့မဟုတ်ဘူး။" လုံကျန့်ယုက စူပုတ်ပုတ် ဖြစ်ပြီး ပြောလိုက်သည်။
"ဒါဆို မင်း ပြောနေတာက ဘယ်ရှုထောင့်ကလဲ။" ထန်ရှု အံ့သြသွားကာ မေးလိုက်သည်။
လုံကျန့်ယုက ပြုံးပြုံးရွှင်ရွှင် ပြောလိုက်သည်။
"ဒီကျွမ်းလူရွယ်ရဲ့ မိန်းကလေးတွေကို စီမံခန့်ခွဲတဲ့ နည်းစနစ်တွေက ပြီးပြည့်စုံတဲ့အထိ ရောက်နေပြီကွ။ မင်း ဘာသိလို့လဲ။ သူ ယူထားတဲ့ မိန်းမတွေ အများကြီးရှိပြီး သူတို့အချင်းချင်းလည်း သဟဇာတဖြစ်စွာ ပြောဆိုဆက်ဆံကြတယ်ဆိုပဲ။ ငါတို့နိုင်ငံက နိုင်ငံခြားတိုင်းပြည်တွေလို မဟုတ်ဘဲ ယောက်ျားတစ်ယောက် မိန်းမတစ်ယောက်ပဲ ယူခွင့်ရှိတယ်။ သူရဲ့အခြားမိန်းမတွေက ဥပဒေအရဆိုရင် တရားဝင်မယားအဆင့် မဟုတ်တာတောင် အဲ့ဒီအမျိုးသမီးတွေက သူနဲ့အတူရှိနေရရင်ပြီးရော သူ့အနောက်ကို လိုလိုလားလား လိုက်နေကြတာ။”
အာ…
ထန်ရှု အံ့အားသင့်သွားပြီး ချက်ချင်း လက်မထောင်ပြလိုက်ကာ ချီးကျူးလိုက်သည်။
“ဒီကောင်က အတော် အံ့သြဖို့ ကောင်းတာပဲ။”
***