← Chapters

များပြားလှသော အရင်းအနှီး

Vol. 46 Ch. 640

များပြားလှသော အရင်းအနှီး

Vol. 46 Ch. 640

ကြယ်တာရာကုန်စည်ပြပွဲစင်တာ…

အနက်ရောင်လုံခြုံရေးယူနီဖောင်း ဝတ်ထားသော လုံခြုံရေး အစောင့်များသည် လူ ၁၀၀ကျော် ရှိသော ထိုနေရာအား လုံခြုံရေး ယူထားသည်။ ကျောက်လောင်းကစားတွင် ပါဝင်ရန်လာရောက်သော ဧည့်သည်များသည် မရေတွက်နိုင်လောက်အောင် အလွန်များသည်။ ထန်ရှုသည် ထန်ရှောင်ဟန်ကို လက်ဆွဲလျက် ခန်းမထဲသို့ ဝင်လာရင်း အကြည့်တစ်ချက်ဖြင့် အကဲခတ်လိုက်ရာ ဤနေရာတွင် အနည်းဆုံး လူနှစ်ထောင်ခန့် ရှိမည်ဟု ခန့်မှန်းရပြီး အလွန် စည်ကားသက်ဝင်နေပေသည်။

"ဒီနေရာမှာ လူတွေ ဘယ်လိုဖြစ်ပြီး အများကြီး ရှိနေတာလဲ။" ထန်ရှုက အနည်းငယ် မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်သည်။

“ကျောက်အရိုင်းတုံးလောင်းကစားကို အပြာရောင်မြို့မှာ ကျင်းပဖို့ပဲ။ ဒါပေမယ့် ကြယ်တာရာမှာရှိတဲ့ ချမ်းသာပြီး အင်အားကြီးတဲ့ သူဌေးကြီးတချို့က ဆက်ဆံရေးနဲ့ နည်းလမ်းမျိုးစုံကို သုံးလိုက်လို့ ဒီကျောက်အရိုင်းတုံးလောင်းကစားပွဲက ငါတို့မြို့ကို ပြောင်းရွှေ့လာတာ။ ဒါကြောင့် ကျောက်စိမ်းကို  သဘောကျတဲ့ နိုင်ငံတစ်ဝှမ်းက သူဌေးတွေအားလုံး ကြယ်တာရာကို ရောက်နေကြတာလေ။ ငါတို့မြို့က ဟိုတယ်တွေအကြောင်းရော မင်း ကြားပြီးသွားပြီလား။ ကြယ်တာရာက ဟိုတယ်တွေအားလုံး အခု ဧည့်သည်တွေ အပြည့်ပဲ။” လုံကျန့်ယုက ရယ်မောကာ ပြောပြသည်။

“အဲ့ဒီဒေသခံ သန်းကြွယ်သူဌေးတွေက ကျောက်စိမ်းတွေ ဘယ်လောက်တောင် ရခဲ့လို့ နိုင်ငံအနှံ့က ချမ်းသာတဲ့သူတွေကို ဘယ်လိုတောင် ဆွဲဆောင်နိုင်တာလဲ။” ထန်ရှု အံ့အားသင့်စွာ မေးလိုက်သည်။

“အဒါက အရေအတွက်အများကြီးပဲ၊ ငါ မင်းကို ပြောပြမယ်။” လုံကျန့်ယုက တီးတိုးဆိုလာသည်။ “တောင်ပိုင်းဒေသကထွက်တဲ့ ကျောက်စိမ်းတစ်ဝက်ကို သူတို့ ဆွဲလာတယ်လို့ ကြားတယ်။ နောက်ပြီး ကျောက်စိမ်းလုပ်ငန်းကို ပိုင်ဆိုင်တဲ့ လုပ်ငန်းရှင်အချို့ကလည်း သတင်းကြားထားလို့ ကျောက်အရိုင်းတုံးတစ်သုတ်စီ ယူလာပြီး လာရောင်းကြတာ။ တိုတိုပြောရရင် မင်းမှာ ရှိတဲ့ ပိုက်ဆံတွေကို ဒီနေ့ အကုန်သုံးနိုင်တယ်။"

ထန်ရှု၏မျက်လုံးများ အရောင်လက်သွားပြီး ယခုအချိန်တွင် သူ့တွင် ကျောက်အရိုင်းတုံးနှင့် ကျောက်စိမ်းပစ္စည်းများ အနည်းငယ်သာ ရှိသည်ကို ပြန်သတိရကာ လုံကျန့်ယု၏ပြန်ပြောပြမှုကို ကြားလိုက်ရသည့်အချိန်တွင် ဤလောင်းကစားပွဲသည် သူ့အတွက် ပြင်ဆင်ထားသည့်အလား ခံစားမိတော့သည်။

ထန်ရှုသည် ပြပွဲစင်တာအတွင်းသို့ ဝင်ရောက်လာသော လူစီးကြောင်းနှင့်အတူ လိုက်ပါသွားရင်း ယာယီ ဆောက်လုပ်ထားသော တဲရုံအတွင်း၌ ကျောက်စိမ်းအမြောက်အမြား စုပုံနေသည်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ပြီး ဈေးနှုန်းတစ်ခုစီ ပြထားသော ကျောက်စိမ်းအပုံတိုင်းတွင် ဝန်ထမ်းတစ်ဦးစီရှိသည်ကို တွေ့ရသည်။

အချို့ကျောက်များသည် ယွမ်ငွေရာဂဏန်း ပေါက်ဈေးရှိပြီး အချို့မှာ ယွမ်ထောင်ဂဏန်း ပေါက်ဈေးရှိကြရာ အချို့ကျောက်များမှာမူ ယွမ်သိန်းအနည်းငယ် ပေါက်ဈေးရှိသည်။ ထန်ရှုအား အံ့သြတကြီး ဖြစ်စေခဲ့သည်ကတော့ ယွမ်၁၀မီလီယံ ကျော်သော ကျောက်ရိုင်းတုံးများပင်။ သည်အချင်းအရာများသည် အပြင်ဘက်က တဲရုံလေးတွင် ကြုံသလို မြင်လိုက်ရသော မြင်ကွင်းတစ်ခုမျှသာ ဖြစ်ပြီး သူ ပတ်ပတ်လည်ကြည့်လိုက်ရာတွင် ထိုကဲ့သို့တဲရုံပေါင်း အနည်းဆုံး ဒါဇင်ချီကာ ရှိသေးသည်။

"ကျန့်ယု … မင်းလည်း ကစားဖို့ အစီအစဉ်ရှိလား။" ထန်ရှုက လုံကျန့်ယုကို လှည့်ကြည့်ကာ ပြုံးရင်း မေးသည်။

"ငါက ဆင်းရဲသားလေးတစ်ယောက်ပါ ကိုယ့်လူ။" လုံကျန့်ယု ခေါင်းယမ်းပြသည်။

"မင်း ငါ့ကို ယွမ်သိန်းချီပြီး ထုတ်စေချင်ရင် ငါ အဆင်ပြေနေသေးပေမယ့် ငါ့ကို တစ်မီလီယံ ထုတ်ခိုင်းရင်တော့ ငါ ပိုက်ဆံပြတ်သွားလိမ့်မယ်။ ငါ တကယ်ငမွဲလေး ဖြစ်နေတာ ကိုယ့်လူရေ။"

"အင်း … သေလိုက်လေ…။" ထန်ရှု ဆဲပေးလိုက်သည်။ "မင်းသာ ဆင်းရဲတဲ့လူဆိုရင် နေရောင်အောက်က ဘယ်သူ့ကိုမှ ချမ်းသာတဲ့သူလို့ ခေါ်မရတော့ဘူး။ သနားစရာပုံစံလုပ်မနေစမ်းပါနဲ့ဗျာ။ ပိုက်ဆံအများကြီး ရှိရဲ့သားနဲ့ လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံဖို့ ဘာကြောင့် အနှောက်အယှက် ဖြစ်နေတာလဲ။ နောက်ပြီး မင်းက ငါ့ရဲ့ ဆောက်လုပ်ရေး စီမံကိန်းတွေကို စီမံခန့်ခွဲနေတဲ့သူ မဟုတ်လား။ မင်း တကယ် အရင်းအနှီးကို မလှည့်နိုင်ဘူးဆိုလို့ရှိရင် မင်း အဲ့ဒါကို ဒီအချိန်အခါမှာ သုံးတာ အဆင်ပြေနိုင်သေးတယ် မဟုတ်ဘူးလား။"

"ဟင့်အင်း … အဲ့ဒါကို လုပ်မှာမဟုတ်ဘူး။" လုံကျန့်ယုက ပြင်းပြင်းထန်ထန် ငြင်းလိုက်သည်။

“မင်းရဲ့စီမံကိန်းတွေကနေ ငါ ရလာတာကို နဂါးကိုးကျွန်းကို ပြန်တည်ဆောက်ဖို့ သုံးနေတာ။ စီမံကိန်းပြီးရင်သာ အကျိုးအမြတ်ကို သုံးနိုင်မယ်။ မပြီးခင် အခုသုံးဖို့ဆိုတာကတော့ ဟင့်အင်းအကြီးကြီးပဲ။”

"ဒါဆို မင်းပြောသလိုပဲပေါ့။" ထန်ရှု ခေါင်းယမ်းလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့ကိစ္စတွေကို ငါ ဝင်မရှုပ်ပါဘူး။ မင်းမှာလည်း ကိုယ့်နည်းလမ်းနဲ့ကိုယ် ရှိနေတာပဲလေ။"

သွားနေသော လူရေစီးကြောင်းအတိုင်း ရှေ့သို့ ဆက်လျှောက်လာရင်း ထန်ရှု၏အကြည့်များသည် တဲအိမ်များထဲက ကျောက်စိမ်းရိုင်းတုံးများကို ဝေ့ဝဲကြည့်သွားခဲ့သည်။ တဲအိမ်ပေါင်းများစွာကို ကြည့်ရှုလာပြီးနောက် နောက်ဆုံးတွင် သူသည် ကျောက်စိမ်းပစ္စည်းများ ရောင်းချသည့် တဲတစ်လုံး၏အရှေ့တွင် ရပ်လိုက်သည်။ ကျောက်စိမ်းအရိုင်းတုံးများသည်လည်း ဤတဲအတွင်း ပြည့်နှက်နေသော်လည်း အများစုမှာ ကျောက်စိမ်းပစ္စည်းများ ဖြစ်သည်။ သို့သော်လည်း ကျောက်စိမ်းများကို ပုံထားသော ကျောက်စိမ်းအရိုင်းတုံးများဆီမှ ထုတ်ယူခဲ့သည်မှာ ထင်ရှားပေသည်။

"အရည်အသွေးက သာမန်ပဲ။" အချိန်အတော်ကြာ အကဲခတ်ပြီးနောက် ထန်ရှု၏စိတ်ထဲတွင် ကိုယ့်ဘာသာ ဆုံးဖြတ်လိုက်သည်။

"လူကြီးမင်းတို့နှစ်ယောက် ပစ္စည်းဝယ်ဖို့လို့လား။ ငါ့ကျောက်စိမ်းတွေက အရည်အသွေးကောင်းတယ်။” ဗိုက်ပူပူ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က သူတို့နှစ်ယောက်အား ပြုံးပြုံးရွှင်ရွှင်ဖြင့် မေးလာသည်။ သူ့နောက်မှာတော့ ဝတ်စုံပြည့်ဝတ်ဆင်ထားသော လူရွယ်လေးယောက်သည် ခန်းမထဲရှိ ဧည့်သည်များကို စောင့်ကြည့်အကဲခတ်နေခဲ့သည်။

ထန်ရှုက ထန်ရှောင်ဝမ်၏လက်ကို ကိုင်ထားရင်း အထဲကို ဝင်သွားပြီးမှပဲ အပြုံးဖြင့် ပြန်ပြောသည်။

"ငါတို့ အရင် တစ်ချက် ကြည့်ဦးမယ်။ ကောင်းတာ တွေ့ရင် ဝယ်ဖြစ်မယ်။”

လူလတ်ပိုင်းအရွယ်၏အပြုံးသည် ချက်ချင်းပင် ပိုမို တောက်ပလာကာ သူ့ရင်ဘတ်ကို ပုတ်ပြရင်း “ညီငယ်နှစ်ယောက် … ဒီက ငါ့ကျောက်စိမ်းတွေက သေချာပေါက် အရည်အသွေးကောင်းတယ်။ ငါ့မှာ ကျောက်စိမ်းပစ္စည်းတွေ၊ နက်ဖရိုက်ကျောက်စိမ်းနဲ့ ဂျေဒိုက်ကျောက်စိမ်းတွေရှိတယ်။ ပြီးတော့ အဲ့ဒီကျောက်စိမ်းတွေက လုံးဝသင့်တင့်တဲ့ဈေးနှုန်းနဲ့ ရောင်းချပေးနေတယ်ဆိုတာ စိတ်ချနိုင်တယ်။”

(မြန်မာဘာသာပြန်သူ၏အမှာ- ဂျေဒိုက်ကျောက်စိမ်းသည် ပုံဆောင်ခဲကလေးများဖြင့် ဖွဲ့စည်းထားသည်။ မျက်နှာပြင်တွင် ချိုင့်ခွက်ကလေးများ၊ အဖုအထစ်ကလေးများနှင့် ပြည့်နေသည်။ ဂျေဒိုက်ကျောက်စိမ်းတွင် ခရမ်း၊ အနက်၊ အညို၊ အနီ၊ လိမ္မော်၊ အဝါ၊ အဖြူ၊ နို့နှစ်ရောင်နှင့် အစိမ်းရောင် အမျိုးမျိုးရှိသည်။ ဂျေဒိုက်ကျောက်စိမ်း အပေါ်ယံအခွံအကာများအား ဖဲ့ထုတ်လိုက်သည့်အခါမှ အစိမ်းရောင် ကျောက်ကြောများဖြင့် ပေါင်းစပ်ထားသည့် ကျောက်စိမ်း၏ အတွင်းပိုင်းကို မြင်ရသည်။ နက်ဖရိုက်ကျောက်စိမ်းသည် အမျှင်ကလေးများဖြင့် ဖွဲ့စည်းထားသည်။ နက်ဖရိုက်ကျောက်စိမ်း၌ သစ်ရွက်စိမ်းရောင် အမျိုးမျိုး၊ မီးခိုးနှင့် အစိမ်းရောင်အမျိုးမျိုးရှိသည်။ မြန်မာနိုင်ငံမှ ထွက်သော ဂျေဒိုက်ကျောက်စိမ်းသည် နက်ဖရိုက်ကျောက်စိမ်းထက် ပိုမိုကောင်းမွန်ပြီး ပိုမိုရှားပါးသော အမျိုးအစား ဖြစ်ပေသည်။)

ကျောက်စိမ်းပစ္စည်းများနှင့် ၎င်းတို့ပေါ်တွင် တပ်ထားသော ဈေးနှုန်းများကို ကြည့်ရှုနေရင်း ထန်ရှုက စိတ်ထဲတွင် ပြုံးလိုက်သည်။ ဤနေရာမှ ကျောက်စိမ်းပစ္စည်းများအား ဈေးနှုန်းကြီးမြင့်စွာ တပ်ထားသည်။ ယခုအချိန်တွင် သူသည် ငွေမရှားပါးသော်လည်း ထိုကဲ့သို့ ကျောက်စိမ်းများစွာအား ထိုကဲ့သို့သော ဈေးနှုန်းဖြင့်သာ ဝယ်ရပါက ငွေအမြောက်အမြား ကုန်ကျမည် ဖြစ်သောကြောင့် သူ့အား သွေးများ စီးကျလာစေလိမ့်မည်။

ဆယ်မိနစ်လောက်ကြာပြီးနောက် ထန်ရှုက တခြားဧည့်သည်များကို နှုတ်ဆက်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားကို လှည့်ကြည့်ကာ ခေါ်လိုက်ပြီး

“ခင်ဗျားမှာရှိတဲ့ ကျောက်စိမ်းတွေအားလုံးကို ကျွန်တော် ကြည့်ပြီးသွားပေမယ့် ဈေးက အရမ်းဈေးကြီးတယ်၊ အများစုက သာမန်အရည်အသွေးလောက်ပဲရှိတယ်။ ဆိုတော့ ဒီလိုလုပ်ပါ။ ဒီမှာ ရှိတဲ့ ကျောက်စိမ်းပစ္စည်းအားလုံးအတွက် သင့်တင့်တဲ့ ဈေးနဲ့ပေးရင် ကျွန်တော် အကုန်လုံးယူလိုက်မယ်။”

"ဘာ။" ဗိုက်ပူပူ လူလတ်ပိုင်းအရွယ် အမျိုးသားသည် ထိတ်လန့်သွားပြီး ထန်ရှုအား မယုံကြည်သည့် အမူအရာဖြင့် ကြည့်ကာ

"ပြောပါဦး ညီငယ်။ မင်းက ငါ့ကို နောက်နေတာလား။ ဒီနေရာမှာ ငါ ရထားတဲ့ ကျောက်စိမ်းတန်ချိန်အားလုံးက ၁.၈ဘီလီယံထက် မနည်း…”

ထန်ရှုက သူ့စကားကို ကြားဖြတ်ဖို့ လက်ကို မြှောက်လိုက်ပြီး

"ကျွန်တော် ခင်ဗျားကို နောက်နေတာ မဟုတ်ဘူး။ အဖိုးတန်ကျောက်တွေနဲ့ ကျောက်စိမ်းတွေ အများကြီးဝယ်ဖို့ လိုတယ်။ ဒီမှာက အသင့်လုပ်ပြီးသားတွေ ရှိမယ်။ ဈေးနှုန်းကို အဆင်ပြေရင် လုပ်ငန်းသဘောတူညီချက်ကို တန်းလုပ်နိုင်တယ်။”

လူလတ်ပိုင်းအရွယ် ထိုအမျိုးသားသည် ထန်ရှုအား အလေးအနက်ထားကာ ကြည့်ရင်း အကြိမ်အနည်းငယ် အကဲခတ်လိုက်သည်။ ထို့နောက် သူသည် ရုတ်တရက် မျက်ခုံးတွန့်သွားကာ

“ညီလေး … ငါ မင်းကို ဘယ်နေရာမှာ တွေ့ဖူးပါလိမ့်။ မင်းကို အရမ်းသိနေသလို ငါ ခံစားနေရတယ်။"

ထန်ရှုက

"ဒါ ကျွန်တော်တို့ရဲ့ ပထမဆုံးအကြိမ် တွေ့ဆုံမှု ဖြစ်တယ်ဆိုတာ အာမခံပါတယ်။ ကျွန်တော့်မျက်နှာက လူတွေကြားထဲမှာ မြင်နေကြပုံစံမျိုး ဖြစ်တာမို့ နည်းနည်းရင်းနှီးသလို ခံစားရတာနေမယ်။"

လူလတ်ပိုင်းအရွယ်က စကားမပြောဘဲ ခေါင်းညိတ်သည်။ ဘေးဘီဝဲယာကို ဦးစွာ လှည့်ကြည့်ပြီးနောက် လေးနက်သော လေသံဖြင့် “ဒီမှာရှိနေတဲ့ ကျောက်စိမ်းပစ္စည်းတွေ တကယ်ဝယ်ရင် ၁၀% လျှော့ပေးမယ်။”

"၄၀% ကျွန်တော် လိုချင်တယ်။" ထန်ရှု ခေါင်းယမ်းလိုက်သည်။

“အဲ့ဒီလောက် နှိမ်ပြီးတော့ ဈေးမဆစ်နဲ့လေ လူငယ်လေး။” ထိုသက်လတ်ပိုင်း အမျိုးသားက ကျယ်လောင်စွာ အော်လိုက်သည်။

"၄၀% လျှော့ပေးရမှာလား။ ၄၀% လျှော့ဈေးနဲ့သာ ရောင်းရင် ငါ တော်တော်ရှုံးနေပြီ။ မင်း အလေးအနက်ထားပြီး မဝယ်ရင် ငါ မေ့လိုက်တာ ပိုကောင်းမယ်။”

"ဒါဆိုရင်တော့ ကြည့်ရတာ ကျွန်တော်တို့မှာ စီးပွားရေး သဘောတူညီချက် မရနိုင်ဘူး ထင်တယ်။" ထန်ရှုက ခေါင်းခါလိုက်သည်။

“ဒါပေမယ့် အရေးမကြီးပါဘူး။ ခင်ဗျား လက်မခံချင်ရင် တခြားနေရာကို ကျွန်တော် သွားကြည့်မယ်။"

ထန်ရှု ထွက်ခွာရန် ကြံစည်နေသည်ကို တွေ့သောအခါ သက်လတ်ပိုင်း အမျိုးသားက

“၁၅% … ၁၅%ဆို ဘယ်လိုလဲ။ ဒါက ငါတတ်နိုင်တာပဲ။”

“၄၀%...” ထန်ရှုက ခေါင်းယမ်းနေဆဲဖြစ်သည်။

ထိုသို့ပြောပြီးနောက် ထန်ရှုသည် ထန်ရှောင်ဝမ်၏ လက်ကို ဆွဲလိုက်ပြီး လုံကျန့်ယုနှင့်အတူ အပြင်ဘက်သို့ လျှောက်သွားတော့သည်။

ကျောက်စိမ်းရောင်းသော သက်လတ်ပိုင်း အမျိုးသား၏ အမူအရာမှာ အဆက်မပြတ် ပြောင်းလဲနေသည်။ ထန်ရှု၏ကျောကို ကြည့်ကာ ခေါ်လိုက်ချင်သော်လည်း သူ ဝယ်ယူခဲ့သော ကျောက်စိမ်းသည် ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူခဲ့ရသည်မဟုတ်ပေ။ ထန်ရှုအား ၄၀%လျှော့ဈေးဖြင့် ရောင်းလိုက်မယ်ဆိုပါက အမြတ်မရရုံတင်မကဘဲ အရှုံးပင် ပေါ်သွားမယ်ဖြစ်သည်။ ၃၀% လျှော့ဈေးဖြင့် ရောင်းရင်ပင် ရှုံးနိုင်ပါသေးသည်။

၂၀%လျှော့ဈေးသည် သူ၏နောက်ဆုံး ရောင်းပေးနိုင်သော ဈေးဖြစ်သည်။

ထန်ရှုနှင့် လုံကျန့်ယုသည် တဲလေးမှ အပြင်သို့ လှမ်းထွက်လိုက်စဉ်တွင် ထိုလူလတ်ပိုင်းအရွယ် အမျိုးသားက ၎င်းတို့ကို ကျော်တက်ကာ

“၂၀%ဆိုရင်ရော ညီငယ်က ဘယ်လိုလဲ။ မင်း သဘောတူနိုင်လျှင် ငါတို့ သဘောတူညီချက်တစ်ခု ရရှိမယ်။ ဒါပေမယ့် မင်း မတူဘူးဆိုရင် အခြားတဲမှာ သွားကြည့်လို့ရတယ်။"

ထန်ရှု၏ခြေလှမ်းများ ရပ်သွားပြီး တဲထဲရှိ ကျောက်စိမ်းတုံးများကို ပြန်လည်စစ်ဆေးလိုက်ပြီး "ဒီမှာရှိတဲ့ ကျောက်စိမ်းအားလုံးရဲ့ စုစုပေါင်း ခန့်မှန်းငွေက ဘယ်လောက်လဲ။"

“လျှော့ဈေးမတိုင်ခင်က စုစုပေါင်း ယွမ် ၆၄၅ မီလီယံ။ ရှေ့ပိုင်းက တစ်ချို့ရောင်းထားသေးတော့ ကျန်တာ ယွမ် ၆၁၀ လောက်ရှိမယ်။”သက်လတ်ပိုင်း အမျိုးသားက ပြန်ပြောသည်။

"ဒါဆို ကျွန်တော်တို့ အလုပ်ဖြစ်ပြီ။" ထန်ရှု တခဏ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။

"လျှော့ဈေးနဲ့ ဈေးနှုန်းကို တွက်ချက်ပြီးမှ ဒီမှာရှိတဲ့ ကျောက်စိမ်းပစ္စည်းတွေအားလုံးကို ကျွန်တော် ပေးမယ့်လိပ်စာကို ပို့ပေးပါ။"

လူလတ်ပိုင်းအမျိုးသားသည် လိုက်လျောစွာဖြင့် ကျန်ကျောက်စိမ်းများ၏စုစုပေါင်းဈေးနှုန်းကို လျင်မြန်စွာ တွက်ချက်ပေးသည်။ အချိန်အတော်ကြာ တွက်ချက်ပြီးနောက် ပြေစာကိုယူကာ ထန်ရှုထံလာပြီး “ယွမ် ၄၈၅.၃၂ မီလီယံ ကျသင့်မယ်။ ညီငယ်က အရမ်းတည့်တိုးကျတဲ့အတွက် စုစုပေါင်း ယွမ် ၄၈၅ မီလီယံနဲ့ပဲ ထားပေးမယ်။ မင်းသတ်မှတ်ထားတဲ့ လိပ်စာကို ပို့ပေးချင်တယ်ဆိုရင်တော့ ကြိုတင်ငွေ ၈၅မီလီယံ ကြိုတင်ပေးရမှာဖြစ်တဲ့အပြင် လိပ်စာက ရွှမ်းချင်ပြည်နယ်ပြင်ပက မဖြစ်ရဘူး။ ကျန်တာက ပစ္စည်းပို့တဲ့အခါမှ စာရင်းရှင်းပေးလို့ရတယ်။”

"ဒီလောက် ဒုက္ခခံစရာ မလိုဘူး။ ခင်ဗျားရဲ့လူတွေကို ကျောက်စိမ်းပစ္စည်းတွေအားလုံး ကားပေါ်တင်ခိုင်းပြီး ကျွန်တော်နဲ့အတူတူ လိုက်လာခဲ့ပါ။ ကျွန်တော့်နေရာက ဒီနေရာနဲ့မဝေးဘဲ ကြယ်တာရာမြို့ပြရပ်ကွက်မှာ တည်ရှိတယ်။ ကုန်ပစ္စည်းတွေ ကျွန်တော့်နေရာ ရောက်တဲ့အခါ ငွေတစ်ခါတည်း ပေးချေလိုက်ပါ့မယ်။"

လူလတ်ပိုင်းအမျိုးသားက ချက်ချင်း ခေါင်းညိတ်ပြီး “ကိစ္စမရှိပါဘူး … ငါ အခုပဲ စီစဉ်လိုက်မယ်။"

တဲထောင့်စွန်းက ရာချီသောကျောက်ရိုင်းတုံးများစွာကို ကြည့်ရင်း ထန်ရှုက အပြုံးဖြင့်

"ဒီကျောက်ရိုင်းတုံးတွေအားလုံးကိုရော ကျွန်တော့်ဆီ ရောင်းပေးချင်လား။ တစ်ခုစီအတွက် ယွမ် ၁၅ သန်း ပေးမယ်လေ။ ယွမ်ငွေ မီလီယံ ၅၀၀လောက်နဲ့ ကျွန်တော် အဲ့ဒါတွေ အကုန်လုံးကို ယူသွားလို့ရလား။”

“အဲဒီကျောက်စိမ်းတစ်ခုစီရဲ့ ဈေးက ၃၀မီလီယံ ပါ ငါ့ညီရယ်။” လူလတ်ပိုင်းအမျိုးသားက မချိပြုံး ပြုံးသည်။

"ငါ မင်းကို ၂၀%လျှော့ပေးရင်တောင် ယွမ်၂၅မီလီယံလောက်ပဲ ရသေးတယ်။ မင်း ... မင်း တကယ် ရက်စက်လွန်းတယ်။"

“အနာဂတ်မှာ ခင်ဗျားဆီက ကျောက်စိမ်း ပစ္စည်းကုန်ကြမ်းဝယ်ရင် ဘယ်လိုလဲ။ ဒီပစ္စည်းတွေထက် အရည်အသွေး မဆိုးသရွေ့ ခင်ဗျား ပေးစွမ်းနိုင်သလောက် ကျွန်တော် ဝယ်မယ်။ ဘယ်လိုလဲ။" ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။

လူလတ်ပိုင်းအရွယ်အမျိုးသားက ခဏလောက် တွေဝစွော စိုက်ကြည့်ပြီးနောက် အံ့အားသင့်သွားသည့် အမူအရာဖြင့်

“တကယ်ပြောတာလား။”

"တကယ်ပါ။" ထန်ရှု ရယ်မောလိုက်သည်။

"ဒါပေမယ့် ခင်ဗျား မတအားကြီးတော့ မလုပ်လာနဲ့ဦး။  တစ်နှစ်ကို ယွမ်ဘီလီယံချီတန်တဲ့ ကျောက်စိမ်းပစ္စည်းတွေကို ဘီလီယံနဲ့ချီပြီး ပို့ပေးရင် ကျွန်တော် မတတ်နိုင်ဘူး။"

လူလတ်ပိုင်းအမျိုးသားသည် စိတ်လှုပ်ရှားနေ၏။ ထန်ရှု၏ဖော်ပြပါစကားများသည် ကျိုးကြောင်းဆီလျော်မှု ရှိသည့်တိုင် ယွမ်မီလီယံ ၅၀၀ဖိုး ကျောက်စိမ်းများ ဝယ်ယူနိုင်သူသည် အလွန်ချမ်းသာသောကြောင့် နောင်တွင် သူ၏ကျောက်စိမ်းကျောက်များကို ထပ်မံဝယ်ယူနိုင်စေရန်အတွက် ယွမ် သန်းချီဆုံးရှုံးသွားရင်တောင် ပြန်လည်ရရှိမည်ဖြစ်သည်။ ထိုသို့ တွေးပြီး သူက အလျင်အမြန် ပြောလိုက်သည်။

ထန်ရှု၏နံဘေးတွင် ရပ်နေပြီး သူတို့နှစ်ဦး ပျော်ရွှင်စွာ သဘောတူညီလိုက်သည်ကို မြင်သော လုံကျန့်ယုက ရုတ်တရက် ဝင်ပြောလာသည်။

"မင်း အရမ်းကြီး လွန်ကဲလွန်းနေတာ မဟုတ်လား ထန်ရှု။ မင်း ကျောက်စိမ်းလုပ်ငန်း မလုပ်သေးတာတောင် ရုတ်တရက် ယွမ် မီလီယံ ၅၀၀ဖိုး ကျောက်စိမ်းကို ဝယ်လိုက်တယ်။ ဘာအတွက် သုံးမှာလဲ။"

"အင်း … နောက်အားလပ်ချိန်ရတိုင်း ကျောက်စိမ်းထည်တစ်သုတ်လောက် လုပ်မလားလို့ ပြောရတော့မှာပဲ။"  ထန်ရှုက ပြုံးပြသည်။

လုံကျန့်ယု ချက်ချင်း နားလည်သွားသည်။ ထန်ရှုသည် ကျွန်းပေါ်တွင် တည်ဆောက်ထားသော ရဲတိုက်ကြီးတစ်ခု ပါရှိသည့် နဂါးကိုးကောင်ကျွန်းကို ပိုင်ဆိုင်ကြောင်း သူ သိထားပြီး ပြန်လည်တည်ဆောက်မှုအပြီးတွင် အိမ်များ ပိုမိုတည်ဆောက်နိုင်ဖွယ်ရှိသည်။ ထိုအချိန်တွင် နဂါးကိုးကောင်ကျွန်းရှိ အသုံးအဆောင်များအားလုံးကို ကျောက်စိမ်းဖြင့် ပြုလုပ်ထားမည်ဆိုပါက ၎င်းသည် အလွန်ပဏာတင့်နေပြီး ဂန္ထဝင်ဆန်နေမည်ဖြစ်သည်။ သို့သော် ကျောက်စိမ်းထည်များ ထွင်းထုခြင်းအတွက် ငွေများစွာ အကုန်အကျခံခြင်းသည် ... ဤနည်းသည် လွန်ကဲလွန်းပြီး မိမိကိုယ်ပိုင်ငွေအား မီးရှို့လိုက်သည်နှင့် အတူတူပင် မဟုတ်ပေလော။

ထိုအချိန်တွင် သက်လတ်ပိုင်း အမျိုးသားသည် အံ့အားသင့်သွားသည်။

ထန်ရှု … သူက ကြယ်တာရာ တရုတ်တိုင်းရင်းဆေးရုံက နတ်ဆေးသမားတော်လေး ထန်ရှု ဖြစ်နိုင်ပါသလား။

***

All Chapters