အခြားသူများ၏အရှေ့တွင် လျင်မြန်စွာ အကွက်ရွှေ့ခြင်းဖြင့် လုပ်ဆောင်ရန် အခွင့်အလမ်း ရှိလာ
Vol. 46 Ch. 641
လူလတ်ပိုင်းအမျိုးသားသည် ထန်ရှုအား ပထမဆုံး တွေ့သောအခါ မြင်ဖူးနေသည်ဟု မည်သည့်အတွက်ကြောင့် ခံစားရသည်ကို ရုတ်တရက် သဘောပေါက်သွားသည်။ သို့သော် သူ ၁၀၀% မသေချာသေးသည့်အတွက် မျှော်လင့်ချက်အကြည့်ဖြင့် မေးသည်။
"ကြယ်တာရာတရုတ်တိုင်းရင်းဆေးရုံမှာ ထန်ရှုလို့ ခေါ်တဲ့ နတ်ဆေးသမားတော်လေးတစ်ယောက် ရှိတယ်ဆိုတာ ငါသိတယ်။ မင်းက အဲ့ဒီသမားတော်လေးလား။”
"ခင်ဗျားက ကျွန်တော့်နာမည်ကိုတောင် သိတဲ့အထိ ကျွန်တော် ဒီလောက် နာမည်ကြီးလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ ဟုတ်ပါတယ် … ကျွန်တော်ပါပဲ။"
သက်လတ်ပိုင်း အမျိုးသားက စိတ်လှုပ်ရှားစွာဖြင့် သူ့လက်များကို ပွတ်နေရင်း စကားဆိုလာသည်။ "တကယ်ပဲ … မင်းက တကယ်ပဲ နတ်ဆေးသမားတော်ထန်။ အား … ငါ အရမ်း ကံကောင်းတာပဲ။ ငါ ဒီနေရာကို လာခဲ့ပြီး မင်းနဲ့ ကြီးမားတဲ့ စီးပွားရေးလုပ်ဆောင်ချက်တစ်ခု လုပ်နိုင်ခဲ့တယ်။"
ထန်ရှုက ပြုံးလိုက်ပြီး အပျော်သဘောဖြင့် မေးလိုက်သည်။
"ခင်ဗျားက ဒါကို ကံကောင်းတယ်လို့ ခံစားမိတယ်ဆိုရင် ကျွန်တော့်ကို ဒီထက်ပိုပြီး ဈေးလျှော့ပေးနိုင်မလား။"
“အယ်…” သက်လတ်ပိုင်း အမျိုးသား၏ မျက်နှာပေါ်ရှိအပြုံးသည် ချက်ချင်း အေးခဲသွားသည်။ သူက အသက်မပါစွာ ရယ်မောလိုက်ပြီး
“အခုတော့ ကျော်သွားပရစေ။ နောက်တခေါက်ပေါ့ ဟုတ်ပြီလား။ နောက်တစ်ခေါက် ထပ်ပြီး အရောင်းအဝယ် လုပ်တဲ့အခါ ပိုပြီးကောင်းတဲ့ဈေးကို ငါ လုပ်ပေးပါ့မယ်။"
"သဘောတူတယ်။" ထန်ရှုက ပြုံးပြီး ခေါင်းညိတ်သည်။
"မင်း ကျောက်စိမ်းတွေ အများကြီးဝယ်လိုက်ပြီဆိုတော့ မင်း ကျောက်တုံးလောင်းကစားမလုပ်တော့ဘူးလား ထန်ရှု…" လုံကျန့်ယုက မေးလိုက်သည်။
"ဘာလို့ မလုပ်ရမှာလဲ။" ထန်ရှု ရယ်မောလိုက်သည်။ “ပျော်စရာတွေရှိနေတာ ဘာလို့ မပါရမလဲ။ နောက်ပြီး ကံကောင်းရင် ဒီနေ့သုံးခဲ့သမျှကို ငါ ပြန်ရနိုင်မယ် မဟုတ်ဘူးလား။"
သူ့အဖြေကြောင့် လုံကျန့်ယု ရယ်ရမလို ငိုရမလို ဖြစ်သွားရပြီး
"မင်းသာ အဲ့ဒီလောက် ကံကောင်းမယ်ဆိုရင် ဘာလို့ စီးပွားရေးလုပ်ဖို့ လိုမလဲ။ နေ့တိုင်း ကျောက်တုံးလောင်းကစားလုပ်တာနဲ့ကို မင်းက စူပါသူဌေးဖြစ်လာနေပြီမဟုတ်ဘူးလား"
"ဘာပဲဖြစ်ဖြစ် ငါ လျှောက်ကြည့်နေတုန်း မင်း သူတို့တွေ ကားပေါ် ပစ္စည်းတင်တာ ကူကြည့်ပေးလို့ရမလား။" ထန်ရှုက ပြုံးပြီး မေးလိုက်သည်။
လုံကျန့်ယု တခဏလောက် စဉ်းစားလိုက်ပြီး "အဆင်ပြေပါတယ်။ ဒါပေမယ့် မင်း ကျောက်စိမ်းထည်တွေ ထွင်းပြီးရင် ငါ့ကို ကျောက်စိမ်း ပစ္စည်းအပိုင်းအစလေးအချို့ ပေးဖို့ သတိရပေး … အိုကေလား။”
"ပြဿနာမရှိပါဘူး။" ထန်ရှုက ပြုံးပြီး ကတိပေးလိုက်ကာ ထန်ရှောင်ဝမ်၏လက်ကို ဆွဲပြီး ထွက်လာသည်။ လုံကျန့်ယု ကူညီပေးနေသောကြောင့် သက်လတ်ပိုင်းအမျိုးသားက သူ့အနောက်တွင် လှည့်စားမှုများ ပြုလုပ်သွားမည်ကို မကြောက်ရတော့ချေ။
"အမ်…" နာရီဝက်အကြာ သွားအပြီးတွင် ထန်ရှုသည် တဲတစ်လုံးတွင် အသိမိတ်ဆွေတစ်ဦးကို မြင်လိုက်ရပြီး ထိုသူသည် ဤနေရာတွင် တွေ့ဆုံရန် မမျှော်လင့်ထားသော မြောင်ဝမ်တန် ဖြစ်လေသည်။
မြောင်ဝမ်တန်ဆီသို့ သွားခါနီးတွင် ထန်ရှောင်ဝမ်သည် ရုတ်တရက် သူ၏အရှိန်ကို ရပ်လိုက်ပြီး ထန်ရှု၏လက်များကို အားစိုက်ဆွဲလိုက်သည်။
"ဘာ ထူးလို့လဲ။" ထန်ရှုက လှည့်မေးလိုက်သည်။
ထန်ရှောင်ဝမ်၏မျက်ခုံးလေးများ တွန့်ချိုးနေသည်။ သူက ခေါင်းကိုလှည့်ကာ မီတာအနည်းငယ်အကွာက နေရာကို ညွှန်ပြပြီး
“အဲ့ဒီမှာ တစ်ခုခုရှိပုံရတယ် ဆရာသခင်။ အဲ့ဒါက ... နှလုံးခုန်သံလို ဒါမှမဟုတ် တစ်ခုခုလိုပါပဲ။"
ဘာရီး…
ထန်ရှုက တွေဝစွော စိုက်ကြည့်ပြီး ထန်ရှောင်ဝမ်၏ လက်ချောင်းလေး ပြရာနောက်သို့ လိုက်ကြည့်မိသည်။ သူ၏အကြည့်များသည် ကြမ်းပြင်ပေါ်တွင် အမြင့် နှစ်မီတာ၊ အကျယ်တစ်မီတာ ရှိသော စတုဂံပုံသဏ္ဍာန် ကျောက်တုံးကြီးတစ်ခုပေါ် ချက်ချင်း ကျရောက်သွားသည်။ ကျောက်တုံး၏ အပေါ်ယံအလွှာသည် အတန်ငယ် စိမ်းနေသည်။ သူ့အကြည့်များသည် ကျောက်တုံးအောက်ခြေက ဈေးနှုန်းပေါ် ရောက်သွားသည့်အခါတွင် သူ၏အမူအရာသည် ထူးဆန်းသွားတော့သည်။ ထိုကျောက်စိမ်းတုံး၏တန်ဖိုးအား ယွမ် ၁၂မီလီယံဟု ရေးထားသည်။
"အဲ့ဒီကို တစ်ချက်သွားကြည့်ရအောင်။"
ထန်ရှောင်ဝမ်၏လက်ကို ဆွဲကာ ထိုကျောက်တုံးကြီး၏အရှေ့သို့ ခေါ်သွားလိုက်ပြီး ထန်ရှုသည် ထိုကျောက်တုံးကို ထိကာ သူ၏စိတ်ဝိညာဉ်အာရုံကို ထုတ်ဖော်လိုက်သည်။ သူ့အား ထိတ်လန့်စေသည့်အရာမှာ ကျောက်တုံးအတွင်း၌ တစ်စုံတစ်ခု ခုန်နေသည်ကို ခံစားလိုက်ရခြင်းဖြစ်သည်။ ထန်ရှောင်ဝမ် ပြောသည့်အတိုင်း သည်အရာသည် နှလုံးခုန်သံအလားပင်။
ဤအရာသည် ဘာဖြစ်ပါသနည်း။
ထန်ရှု တခဏမျှ တုံ့ဆိုင်းသွားသည်။ ထို့နောက် သူသည် ကျောက်စိမ်းအရိုင်းတုံးထဲသို့ သူ၏ မူလဖရိုဖရဲစွမ်းအားကို ချက်ချင်းထုတ်လွှတ်လိုက်သည်။ သူ၏စွမ်းအားသည် ကျောက်တုံးအတွင်းပိုင်းသို့ စိမ့်ဝင်သွားပြီးနောက် အတွင်းပိုင်းမှ စုပ်ယူအားကို ခံစားလိုက်ရသည်။ ၎င်းသည် အားမကောင်းသော်လည်း ထိုကျောက်စိမ်းအရိုင်းတုံးထဲသို့ စိမ့်ဝင်နေသော သူ၏မူလဖရိုဖရဲစွမ်းအားကို စုပ်ယူသွားဆဲဖြစ်သည်။
"ဒီထဲမှာ ထူးခြားတာ တစ်ခုခုတော့ ရှိနေတယ်။"
ထန်ရှု၏အမူအရာ ပြောင်းလဲသွားပြီး သူ၏လက်ကို ပြန်ယူကာ ထန်ရှောင်ဝမ်၏အရှေ့တွင် ထိုင်လိုက်ပြီး ပဟေဠိ ဖြစ်နေသော အမူအရာဖြင့်
"အဲ့ဒါက ဘာများလဲ ရှောင်ဝမ်။ အထဲမှာ တစ်ခုခု နှလုံးခုန်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ဘယ်လို သိနိုင်လဲဆိုတာကို အသေးစိတ် ဆရာသခင်ကို ရှင်းပြလို့ရမလား။”
“ကျွန်တော်လည်း မသိဘူး။” ထန်ရှောင်ဝမ် ခေါင်းယမ်းလိုက်သည်။
“ဒါက ခံစားပြီးသိတာတစ်ခုပဲ။ အဲ့ဒီမှာ ဘယ်သူမှ မရှိဘူးလို့ ခံစားရပေမယ့် တစ်ခုခုတော့ ခုန်နေတယ်။ သူ့ရဲ့ခုန်နှုန်းက ကျွန်တော့်နှလုံးခုန်နှုန်းလောက် မြန်မယ်ထင်တယ်။”
ဒါက သိမြင်နိုင်စွမ်း တစ်မျိုးလား။…
ထန်ရှုသည် လက်ရှိထန်ရှောင်ဝမ်ကဲ့သို့သော အခြေအနေမျိုးကို တစ်ခါမျှ မမြင်ဖူးပါ။ အချိန်အတော်ကြာ ဆင်ခြင်ပြီးမှ သူသည် ဝန်ထမ်းကို ခေါ်ပြီး
“ဒီကျောက်စိမ်းရဲ့ ကြမ်းခင်းဈေးက ဘယ်လောက်လဲ။”
“ကျွန်တော်တို့ ဒီနေရာမှာ ရှိနေတဲ့ ကျောက်စိမ်းတွေ အားလုံးရဲ့အပေါ်မှာ ဈေးနှုန်းတွေ ပါပြီးသားပါ။” ဝန်ထမ်းက အပြုံးဖြင့် ပြန်ဖြေသည် “ဒီကျောက်စိမ်းကို ဝယ်ချင်ရင် ယွမ် ၁၂ မီလီယံနဲ့ ရနိုင်ပါတယ်။”
"ဒါဆို အဆုံးသတ်လိုက်ကြတာပေါ့။" ထန်ရှု ခေါင်းညိတ်လိုက်သည်။
"မင်းတို့ ဘဏ်အကောင့်နံပါတ် ပေးပါ။ ငါ ငွေလွှဲပေးမယ်။"
ဝန်ထမ်းသည် အံ့သြသော အမူအရာ ဖြစ်သွားကာ သူ့မျက်နှာထက်တွင် ချက်ချင်းပင် အံ့အားသင့်သော အကြည့်ဖြစ်လာသည်။ သူက အပြုံးဖြင့် ခေါင်းညိတ်တုန့်ပြန်ပြီးနောက်
“မင်းက တကယ်ထက်မြက်တဲ့အမြင် ရှိတာပဲ လူကြီးမင်း။ လူတော်တော်များများက ဒီကျောက်တုံးကို မျက်စိကျခဲ့ကြပေမယ့် ဘယ်သူကမှ ဒီကျောက်စိမ်းရိုင်းတုံးကို ဝယ်ဖို့ စိတ်မဝင်စားကြဘူး။ ကျေးဇူးပြုပြီး ငါ့နောက်ကို လိုက်ခဲ့ပါ … အထဲမှာ ဝယ်ယူမှုအတွက် စနစ်တကျ ဆောင်ရွက်ကြရအောင်။"
“နေဦး…” အနီးနား ခုနစ်မီတာကျော်အကွာမှ ဆံပင်ဖြူအဘိုးကြီးတစ်ဦး ရုတ်တရက် ရောက်လာသည်။ သူ၏မျက်လုံးများတွင် တောက်လောင်နေသည့် အကြည့်များ ရှိနေပြီး နက်ဖရိုက် ကျောက်စိမ်းနှင့် ပြုလုပ်တန်ဆာဆင်ထားသော လက်မတွင် ဝတ်ထားသည့် လက်စွပ်ကို ညင်သာစွာ တယုတယ ပွတ်သပ်နေသည်။
ထန်ရှုနှင့်ဝန်ထမ်းက တစ်ချိန်တည်းမှာ ရပ်လိုက်ပြီး အဘိုးအိုကို ကြည့်လိုက်သည်။
အဘိုးအိုက သူ၏မျက်လုံးများကို ကျဉ်းမြောင်းစွာ ထားကာ ပေါ့ပေါ့ပါးပါး အပြုံးဖြင့်
“ညီလေး … မင်း ဒီကျောက်စိမ်းအရိုင်းတုံးကို ဒီအဘိုးကြီးကို ပေးလို့ရမလား။ ငါ မင်းကို အရှုံးမခံခိုင်းပါဘူး မင်း စိတ်ချပါ။ ယွမ် ၁၅မီလီယံထက် မကျော်လွန်ရင် မင်း ရွေးတဲ့ကျောက်တန်ဖိုးကို ငါ ပေးပါ့မယ်။"
"ကျွန်တော် မလိုပါဘူး။ ကျွန်တော် ပိုက်ဆံမပြတ်ပါဘူး ခင်ဗျာ။” ထန် ရှု ခေါင်းယမ်းလိုက်သည်။
"၅၀ မီလီယံ…။" အဘိုးကြီးက ထပ်ပြောသည်။
"စီနီယာ … ကျေးဇူးပြုပြီး ပိုက်ဆံတွေ သုံးပြီး ကျွန်တော့်ကို ခေါင်းမူးအောင် လုပ်ဖို့ မစဉ်းစားပါနဲ့။" ထန်ရှုက ပြုံးလိုက်သည်။
"ကျွန်တော့်ကို ယွမ် ၁၀၀မီလီယံ ပေးရင်တောင် ကျွန်တော် မျက်စိကျနေတဲ့အရာကို ဘယ်တော့မှ လက်မလျှော့ပါဘူးဗျာ။"
အဘိုးအိုသည် သူ၏အိတ်ကပ်ထဲမှ စီးပွားရေးနာမည် ကတ်ပြားတစ်ကတ်ကို ယူကာ ထန်ရှုထံ လှမ်းပေးလိုက်ရင်း
“လူငယ် … ငါ့ကိုယ်ငါ မိတ်ဆက်ပါရစေ။ ငါ့နာမည်က ထျန်းကျင်းနန်။ တရုတ်ကျောက်စိမ်းအသင်းရဲ့ ဒုတိယဥက္ကဋ္ဌပါ။ ငါလည်း ကျောက်စိမ်းပန်းပုဆရာပါ။ ငါ့ကို ဒီကျောက်စိမ်း ပိုင်ဆိုင်ခွင့် ပေးမယ်ဆိုရင် ငါတို့နိုင်ငံရဲ့ ကျောက်စိမ်းအသင်းနဲ့ မိတ်ဆက်ပေးနိုင်ပြီး နောက်ပိုင်းမှာ အခမဲ့ ကျောက်စိမ်းပစ္စည်းတစ်ခု ထုနိုင်အောင်လည်း ကူညီပေးနိုင်ပါတယ်။ ဘယ်လိုလဲ။"
"ခင်ဗျားက ဒုဥက္ကဌထျန်းပေါ့။" ထန်ရှု ပြုံးလိုက်သည်။
"ကျွန်တော် မေးပါရစေ … ခင်ဗျားရဲ့ထွင်းထုကျွမ်းကျင်မှုက တကယ်ကောင်းလား။"
ထျန်းကျင်းနန်က ယုံကြည်မှုရှိသော အမူအရာဖြင့်၊ ကိုယ့်ကိုယ်ကိုယ် စိတ်ချသော လေသံဖြင့် ပြန်ဖြေသည်။ "ငါက အကောင်းဆုံးတွေထဲက တစ်ယောက်လို့ မပြောဝံ့ပေမယ့် ငါ့ထက် ပိုကျွမ်းကျင်တဲ့လူ တရုတ်နိုင်ငံမှာ အများကြီး မရှိဘူး။ တစ်ချိန်က တစ်စုံတစ်ယောက်က ငါ့ကို ယွမ် ၅မီလီယံ ပေးခဲ့ပြီး ပစ္စည်းတစ်ခုကို ထုလုပ်ပေးဖို့ မျှော်လင့်ခဲ့ပေမယ့် ငါ သူ့ကို ငြင်းခဲ့တယ်။ အမှန်တော့ ဒီကျောက်စိမ်းကို ငါ အရင်က ကြည့်ဖူးတယ်။ ဒါပေမယ့် အစောပိုင်းက ကျောက်စိမ်းတွေ ငါ အများကြီး ဝယ်ထားပြီးသားမို့ ငွေအလုံအလောက် မကျန်တော့တာနဲ့ ပိုက်ဆံပိုပို့လိုက်ဖို့ ငါ့သားဆီ ဖုန်းဆက်ထားတယ်။ သိပ်မကြာခင်မှာဘဲ ညီငယ်လေးက ဒါကို ယူသွားလိမ့်မယ်လို့ ငါ မမျှော်လင့်ထားမိဘူး။"
“ကျွန်တော် တကယ် စိတ်မကောင်းပါဘူး။ ကျွန်တော် ခင်ဗျားကို စာနာနိုင်ပေမယ့် ခင်ဗျားရဲ့တောင်းဆိုမှုကို မလိုက်လျောနိုင်ပါဘူး။" ထန်ရှုက ပြုံးပြီး ပြောသည်။
ထျန်းကျင်းနန်သည် မျက်မှောင်ကြုပ်သွားသည်။ သူ ပြန်ပြောပြီးပါက တုံ့ပြန်မှုတစ်ခု ပြန်ရလိမ့်မည်ဟု သူ အနည်းငယ် မျှော်လင့်ထားခဲ့သည့်တိုင် သည်လူငယ်က သူ့ကို မပေးချင်နေဆဲဖြစ်သည်။ သည်အခြေအနေက သူ့အား အတန်ငယ် ဒေါသထွက်စေသည်။ သို့သော်လည်း ချုပ်တည်းမှုကောင်းသူတစ်ဦးပီပီ ဒေါသထွက်နေသော်လည်း ချက်ချင်း မပေါက်ကွဲဘဲ ထပ်ပြောလိုက်သည်။
“ညီလေး … မင်း ကြိုက်တဲ့အခြေအနေကို ပြောလိုက်ကွာ။ ငါ လက်ခံနိုင်သရွေ့တော့ သေချာပေါက် လုပ်ပေးသွားမှာပါ။”
“ကျွန်တော့်မှာ ကမ်းလှမ်းဖို့ ဘာအခြေအနေမှ မရှိပါဘူး။” ထန်ရှု ခေါင်းခါပြသည်။
နောက်ဆုံးတွင် ထျန်းကျင်းနန် သည်းမခံနိုင်တော့ဘဲ “လူငယ် … မင်းက ဒီကျောက်စိမ်းကို လောင်းကစားဖို့ စိတ်ကူးနဲ့ ဝယ်နေတာ မဟုတ်လား။ ဒါဆို မင်းကို ငါ အခုဒီမှာ ၅၀မီလီယံ ပေးလိုက်ရင်ရော မင်း ငါ့ကို ဒီကျောက်ရိုင်းတုံးလေး ပေးနိုင်မလား။"
ထန်ရှုက သူ့ကို ပြန်ပြောမနေတော့ဘဲ ဝန်ထမ်းကို ခေါ်ကာ ဆိုင်အနောက်သို့ ဝင်သွားတော့သည်။
"ဘာတွေဖြစ်နေလဲ ဒုဥက္ကဌထျန်း…။"
လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ယောက် ရောက်လာပြီး တစ်ယောက်က ထျန်းကျင်းနန်၏ ဒေါသထွက်နေသော အမူအရာကို တွေ့သဖြင့် ချက်ချင်း မေးလိုက်သည်။
"ငါ ကျောက်စိမ်းတုံးတစ်တုံးကို မျက်စိကျမိပေမယ့် တခြားတစ်ယောက်ယောက်က မထင်မှတ်ပဲ ငါ့ကို ရိုက်ချသွားတယ်။" ထျန်းကျင်းနန်က ကသိကအောက် ဖြစ်နေသော အပြုံးဖြင့် ဖြေသည်။
“ငါ သူ့ကို အဲ့ဒီကျောက် စွန့်လွှတ်ဖို့ ၅၀ မီလီယံ ကမ်းလှမ်းခဲ့တာတောင် ငါ့ကို လျစ်လျူရှုသွားတယ်။”
"ဘယ်သူက ခင်ဗျားကို မျက်နှာသာမပေးဘဲနဲ့တောင် ဒီလောက် မာနကြီးနိုင်တာလဲ ဒုဥက္ကဌထျန်း…" ထိုလူက တအံ့တသြ မေးလာသည်။
"ကိစ္စမရှိပါဘူး … ဟူး…" ထျန်းကျင်းနန် ကူကယ်ရာမဲ့သော အမူအရာဖြင့် သက်ပြင်းချလိုက်သည်။
"သူက ငါ့ကို မပေးချင်ဘူးဆိုတော့ ငါ လက်လျှော့လိုက်ပြီ။ တကယ်တမ်းပြောရရင် အဲဒီကျောက်စိမ်းအရိုင်းတုံးထဲမှာ အရည်အသွေးကောင်းတဲ့ ကျောက်စိမ်းတွေ အများကြီးရှိ၊ မရှိ မသေချာဘူး။ အပြင်ဘက်က အပေါ်ယံအလွှာက နည်းနည်းစိမ်းနေနိုင်ပေမယ့် အတွင်းမှာ တခြားဘာမှ မရှိတာလည်း ဖြစ်နိုင်တယ်။”
“ဒါအမှန်ပဲ…။”
ထိုလူနှစ်ယောက်ကလည်း သဘောတူကြောင်း ပြသရင်း တပြိုင်နက် ခေါင်းညိတ်ကြသည်။
ဆယ်မိနစ်လောက်ကြာသောအခါ ထန်ရှုနှင့် ထန်ရှောင်ဟန်က ဆိုင်အတွင်းထဲကနေ ထွက်လာသည်။ ထို့နောက် အခုထိ မထွက်ခွာသွားသေးသော ထျန်းကျင်းနန်ကို တွေ့လိုက်သဖြင့် စိတ်အတွင်းထဲမှ တိတ်တဆိတ် ပြုံးလိုက်သည်။ သို့သော်လည်း အဘိုးအိုသည် စကားအလွန်အကျွံ မပြောသောကြောင့် ဆိုးရွားသော ခံစားချက်မျိုး မရှိခဲ့ပေ။
ဝန်ထမ်း၏အကူအညီဖြင့် ကျောက်စိမ်းများကို သယ်ဆောင်ပေးရန် တာဝန်ရှိသည့် ပြပွဲခန်းမမှ အလုပ်သမားများသည် ကြမ်းပြင်တွန်းလှည်းကို ယူလာကာ ထန်ရှု၏ ကျောက်စိမ်းကို တင်ရန် ကူညီပေးခဲ့ကြပြီး ထန်ရှုက ထိုသူများကို ကျောက်စိမ်းပစ္စည်းများ ဝယ်ခဲ့သည့် ပထမ တဲဆီသို့ ဦးဆောင်ခေါ်လာခဲ့သည်။
"အိုး … မင်း အခုပဲ ကျောက်စိမ်းအရိုင်းတုံးတစ်တုံးကို ဝယ်လိုက်တာလား နတ်ဆေးသမားတော်ထန်။ ဒီကျောက်တုံးက ကြည့်ကောင်းပြီး အပေါ်ယံမှာ အစိမ်းရောင်လေးတွေ ရှိနေတယ်။ အထဲမှာ ကျောက်စိမ်း ရှိလောက်တယ် မဟုတ်လား။” လူလတ်ပိုင်းအရွယ် အမျိုးသားက လှည်းပေါ်ရှိ ကျောက်စိမ်းအရိုင်းတုံးကို ကြည့်ရှုပြီးနောက် ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်ကာ မှတ်ချက်ပေးသည်။
"ဘယ်သူ သိနိုင်မလဲ။" ထန်ရှုက ပြန်ပြောသည်။ “ဒီကျောက်တုံးထဲမှာ ကျောက်စိမ်း ဒါမှမဟုတ် နက်ဖရိုက်တွေ ပါလာမယ်လို့ ထင်မိလို့ အခုပဲ ဝယ်လိုက်တာ။”
"မင်း အဲ့ဒီအတွက် ဘယ်လောက်သုံးခဲ့လဲ။" သက်လတ်ပိုင်း အမျိုးသားက စပ်စုသော အမူအရာဖြင့် မေးသည်။
"၁၂မီလီယံ…" ထန်ရှုက ပြုံးပြီးဖြေသည်။
"မင်းက တကယ်ချမ်းသာတဲ့ သူဌေးတစ်ယောက်ပဲ နတ်ဆေးသမားတော်ထန်။" လူလတ်ပိုင်းအရွယ် အမျိုးသားက လက်မထောင်ပြရင်း ပြောလိုက်သည်။ “ဒီကျောက်တုံးအပေါ် အလောင်းအစားလုပ်ဖို့ မင်းက ၁၀မီလီယံကျော်ကို ပေါ့ပေါ့ပါးပါးပဲ ဖြုန်းနိုင်တယ်။ မင်းရဲ့ရဲရင့်မှုက တကယ်ကို ချီးကျူးစရာပဲ။”
"ကျွန်တော်က ကြုံသလို ကစားတာဆိုတော့ အများကြီး မဝယ်ဖြစ်ပါဘူး။" ထန်ရှု ပြုံးလိုက်သည်။ "ဘာပဲဖြစ်ဖြစ် အစ်ကိုကြီး။ ဒီပစ္စည်းကို ကျွန်တော့်နေရာဆီ အတူပို့ပေးဖို့ ခင်ဗျားကို ဒုက္ခပေးရတော့မယ်။"
“ရပါတယ် … ကိစ္စမရှိဘူး။” လူလတ်ပိုင်းအရွယ် အမျိုးသားက ပြုံးကာပြောသည်။
ရုတ်တရက် တဲအပြင်ဘက်မှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
“မြှင့် … မြှင့် … အလောင်းအစားကို မြှင့်ပါ။"
ချက်ခြင်းပင် တဲအတွင်းမှ ဧည့်သည်များနှင့် အပြင်က လူအများအပြားသည် အသံလာရာဆီသို့ ပြေးသွားကြသည်။ လူတစ်ယောက်သည် ကျောက်စိမ်းအရိုင်းတုံးပေါ်တွင် အလောင်းအစား လုပ်နိုင်ပြီး ကျောက်တုံးကို မဖြတ်မီ အလောင်းအစားတစ်ခု ပြုလုပ်နိုင်သည်။ ဝယ်ယူသူများ အဆင်ပြေစေရန်အတွက် ဧည့်သည်များသည် ၎င်းတို့ ဝယ်ယူပြီးပါက ကျောက်စိမ်းအရိုင်းတုံးများကို ဖြတ်တောက်နိုင်ပြီး ၎င်းတို့ အလောင်းအစားများ၏ ရလဒ်များကို နေရာတွင် ချက်ချင်း ကြည့်ရှုနိုင်သည်။
လုံကျန့်ယုက စိတ်ဝင်တစားရှိပုံရပြီး ပြောလိုက်သည်။
"အဲ့ဒါ တစ်ချက်လောက် သွားကြည့်ကြရင်ရော…"
ထန်ရှု တခဏ စဉ်းစားကာခေါင်းညိတ်ပြီး
"ဒါဆို သွားကြည့်ကြရအောင်။ ဧည့်သည်တချို့ အလောင်းအစားလုပ်တာကို ငါ မြင်ဖူးပေမယ့် ဘယ်သူမှ ဒီလို မလှုံ့ဆော်နိုင်ဘူး။”
သက်လတ်ပိုင်း အမျိုးသားသည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သူသည် သူ၏ဝန်ထမ်းများအား အမိန့်ပေး မှာကြားခဲ့ပြီး သူတို့၏အနောက်မှ လိုက်လာခဲ့သည်။
“နတ်ဆေးသမားတော်ထန် … ငါတို့မိသားစု ဘယ်လို ချမ်းသာခဲ့လဲဆိုတာ မင်း သိလား။ အဲ့ဒါက ကျောက်စိမ်းအရိုင်းတုံးပေါ်တွင် အလောင်းအစား လုပ်တာကနေ စခဲ့တာပဲ။ ငါ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်လောက်က တောင်ပိုင်းဒေသရဲ့ တစ်နေရာကို ယွမ်ငွေ ၂၀,၀၀နဲ့ သွားခဲ့ပေမယ့် အဲ့ဒီမှာ ဒီလိုလောင်းကစားကို မတော်တဆ တွေ့မိပြီး အပျော်သဘောနဲ့တောင် ဝင်ပါခဲ့သေးတယ်။ ကျောက်ရိုင်းတုံးတစ်တုံးဝယ်ဖို့ ယွမ် ၁ဝဝဝကျော်ပဲ သုံးခဲ့ရပေမယ့် အံ့သြဖို့ကောင်းတာက အဲဒီတုန်းက ရခဲ့တဲ့အမြတ်တွေက အဆပေါင်း ထောင်နဲ့ချီ ပိုများတယ်။ တိုတိုပြောရရင် ယွမ်မီလီယံ ဆယ်နဲ့ချီပြီး ရခဲ့လို့ အဲ့ဒီတုန်းက နေ့ချင်းညချင်း ငါ ချမ်းသာလာတယ်လို့ ပြောလို့ရတယ်။”
(မြန်မာဘာသာပြန်သူ၏အမှာ - ကျောက်စိမ်းအရိုင်းတုံးပေါ်တွင် အလောင်းအစား ပြုလုပ်ခြင်းဆိုသည်မှာ ကျောက်စိမ်းအရိုင်းတစ်တုံး ဝယ်ယူပြီး အတွင်းတွင် ကျောက်စိမ်းမည်မျှပါသည်ကို ကံစမ်းရသော အလောင်းအစားတစ်မျိုး ဖြစ်သည်။ လှည့်ကွက်များမပါဘဲ ပုံမှန်အတိုင်းဆိုပါက ထိုအရိုင်းတုံးကို အနေအထားမှန်စွာ၊ ကျွမ်းကျင်စွာဖြင့် ဖြတ်တောက်မှုများ ပြုလုပ်လိုက်လျှင် ဝယ်ယူသူ၏ကံပေါ်မူတည်ပြီး ထိုအရိုင်းတုံးအတွင်း၌ အရည်အသွေးကောင်းသော အဖိုးတန်ကျောက်စိမ်းအား တစ်တုံး သို့မဟုတ် တစ်တုံးထက် ပိုတွေ့နိုင်သကဲ့သို့ အပေါ်ယံတွင်သာ ကျောက်စိမ်းစတွေ့ရပြီး အထဲတွင် အရည်အသွေးမကောင်းသော၊ ဘာမှ မပါသော အရိုင်းတုံးများကိုလည်း တွေ့နိုင်သည်။)
***