← Chapters

ကြောက်ခမန်းလိလိ အရည်အချင်းရှိသော လူ

Vol. 46 Ch. 642

ကြောက်ခမန်းလိလိ အရည်အချင်းရှိသော လူ

Vol. 46 Ch. 642

ထန်ရှုသည် ထိုသက်လတ်ပိုင်း အမျိုးသား၏ မျက်နှာအသွင်အပြင်ကို အချိန်ပေးကာ အကဲခတ်လိုက်သည်။ အမှန်ပင် ထိုသူသည် ကောင်းကင်ဘုံမှ ကံကောင်းခြင်း၏ မွေးရာပါ မျက်နှာအသွင်အပြင် ရှိသည်။ သူသည် စူပါသူဌေး မဖြစ်လာသော်လည်း အသားတင် ဘီလျံတစ်ထောင်ကျော် ရှိခြင်းသည် ပြဿနာတစ်ခု မဟုတ်ပေ။

စုန့်ဟောင်…။ ထိုအမည်သည် လူလတ်ပိုင်းအမျိုးသား၏ အမည်ဖြစ်ပြီး ဘဝတိုးတက်ရန်အတွက် မြောင်ဒေသမှ ထွက်ခွာလာသော မြောင်လူမျိုး ဖြစ်သည်။ သူသည် အလွန်ထက်မြက်ပြီး သာမန်ထက်သာလွန်သော အမြင်ရှိသူ ဖြစ်သည်။ သူ၏ဇာတ်လမ်းမှတဆင့် သူသည် လွန်ခဲ့သော ဆယ်နှစ်ကျော်က တစ်ညတည်းဖြင့် ယွမ်မီလီယံဆယ်နှင့်ချီ၍ ချမ်းသာကြောင်း ထန်ရှု သိလိုက်ရသည်။

သို့သော် ထိုလူသည် စည်းစိမ်ဥစ္စာများ ရုတ်တရက် ချမ်းသာလာခြင်းကြောင့် အလှည့်စားမခံရရုံသာမက နောက်ပိုင်းတွင် ကျောက်စိမ်းဈေးကွက်မှ ပေးဆောင်သည့် အံ့သြဖွယ်အမြတ်အစွန်းများကိုပင် သိရှိလာခဲ့သည်။ ထိုသူသည် ကျောက်စိမ်းနှင့် ပတ်သက်သည့် အရာအားလုံးကို စတင်လေ့လာခဲ့ပြီး ကျွမ်းကျင်သူများကို အဆက်မပြတ် တိုင်ပင်ကာ  အဓိကကျောက်စိမ်းရောင်းဝယ်ရေးဈေးကွက်တွင် ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်တည်ရှိနေရင်း ကျောက်စိမ်းတူးဖော်သည့်တွင်း၌ပင် အကြိမ်ကြိမ် လုပ်ကိုင်ခဲ့သည်။ ထိုအသိပညာအားလုံးကို နှစ်အတော်ကြာအောင် စုဆောင်းပြီးနောက်တွင် ဝင်ပေါက်အချို့ကို သိရှိလာခဲ့ပြီး စီးပွားရေးတွင် အလယ်အလတ်သမားအဖြစ် စတင်ပါဝင်ခဲ့သလို သူဆုပ်ကိုင်ထားသော အသိပညာနှင့် သူ၏နှုတ်ရေးကြွယ်ဝမှုတို့ကို အသုံးပြု၍ ဝယ်သူတစ်ယောက်အဖြစ်လည်း စတင်ခဲ့သည်။ ထို့နောက်တွင် သူသည် စည်းစိမ်ဥစ္စာကို တဖြည်းဖြည်း စုဆောင်းခဲ့လာရာ လက်ရှိတွင် အသားတင်တန်ဖိုး တစ်ဘီလီယံကျော် စုဆောင်းနိုင်ခဲ့ပြီဖြစ်တော့သည်။

“နတ်ဆေးသမားတော်ထန် … ကျောက်တုံးပေါ် ကံစမ်းတာက မင်းရဲ့မျက်လုံး၊ အမြင်အာရုံတွေနဲ့ ဆိုင်တယ်။ ကံတရားဆိုတာက အဲ့ဒီဟာအတွက်ဆိုရင် သေးငယ်သော အစိတ်အပိုင်းတစ်ခုအတွက်ပဲ သက်ဆိုင်တယ်။ ဒီရေပြင်က အရမ်းနက်တယ်။ မင်း အဲ့ဒီအပေါ်မှာ ဆုပ်ကိုင်ထားတာ မရှိရင် အဆောတလျင် လောင်းကြေးထပ်ဖို့ မလုပ်တာ ပိုကောင်းတယ်။” လူလတ်ပိုင်းအရွယ် အမျိုးသားက တီးတိုးပြောသည်။

"မစိုးရိမ်ပါနဲ့။" ထန်ရှု ရယ်မောလိုက်သည်။ “ကျွန်တော်က တခြားသူတွေရဲ့ စည်းစိမ်ဥစ္စာကို မနာလို အားကျတဲ့လူ မဟုတ်ပါဘူး။ ဒီပြပွဲကို လာရတဲ့ အဓိကရည်ရွယ်ချက်ကလည်း ကျောက်စိမ်းဝယ်ဖို့ပါ။ ဒီနေရာမှာ ခင်ဗျားဆီက တစ်ချို့ကို ကျွန်တော် ဝယ်ထားပြီးပြီဆိုတော့ ပိုက်ဆံအများကြီး မဖြုန်းတော့ဘူး။ ဒါပေါ့ … ဈေးနှုန်းက သိပ်မမြင့်ဘူးဆိုရင်တော့ ကျွန်တော် အဲ့ဒါကို ဝယ်ပြီး အလောင်းအစားကံ စမ်းရသေးတာပေါ့။”

ထန်ရှုသည် ငွေကြေးမပြတ်ကြောင်း စုန့်ဟောင် ကောင်းကောင်း သိပေသည်။ ထိုသူသည် သူ၏ ထူးချွန်ထက်မြက်သော ဆေးပညာကျွမ်းကျင်မှုဖြင့် ငွေအမြောက်အမြားရှာနိုင်သည့် ထင်ရှားကျော်ကြားသော နတ်ဆေးသမားတော်လေး ဖြစ်သည်။

ယခုခေတ်တွင် ခေါင်းမကိုက်သောသူ မည်သူ ရှိပါသနည်း။ ထို့ထက်ပိုပါက ထိုစူပါချမ်းသာသူများသည် ကုသ၍မရသော ရောဂါများရှိပါက ထိုသူ၏ဆေးကုသမှုခံယူရန်အတွက် ငွေအမြောက်အမြားသုံးစွဲရန် ဆန္ဒရှိနေပေလိမ့်မည်။

ခဏအကြာတွင် လူအုပ်ကြီးသည် တဲနှစ်လုံး သီးခြားတည်ရှိသောနေရာသို့ ရောက်ရှိလာသည်။ တဲတွင် ကျောက်စိမ်းအရိုင်းတုံး မြောက်မြားစွာ ရှိရုံသာမက ကျောက်အရိုင်းတုံး ဖြတ်တောက်သည့် စက်တစ်ခုလည်း ပါရှိသည်။ ရာနှင့်ချီသောလူများသည် ထိုအနီးနားတွင် စုဝေးနေကြပြီး ထိုသူတို့၏ အကြည့်များသည် ယခုအခါ အပြာရောင်ဝတ်စုံနှင့် ကျောက်တုံးဖြတ်ကျွမ်းကျင်သူအား စိုက်ကြည့်နေကြသည်။ အတိအကျ ပြောရမည်ဆိုပါက ထိုသူတို့၏မျက်လုံးများသည် ထိုကျွမ်းကျင်ပညာရှင်၏ သယ်ဆောင်လာသော ဘောလုံးအရွယ်အစားရှိ ကျောက်တုံးအား စိုက်ကြည့်နေကြသည်။

“လူရွယ်လေး … မင်း ဒီကျောက်တုံးကို စုစုပေါင်း ယွမ် ၂,၀၀၀နဲ့ ဝယ်ခဲ့တယ်။ အခု ဖြတ်လိုက်တဲ့အချိန် အတွင်းထဲမှာ စိမ်းနေတယ်ဆိုတော့ ကျောက်အောင်တယ်လို့ ပြောလို့ရတယ်။ ဒီကျောက်ကို ငါ မင်းကို ယွမ် ၂မီလီယံ ပေးရင် ဘယ်လိုလဲ။”

ကျောက်တုံးပညာရှင်အနီးတွင် အဝတ်အစားကောင်းမွန်စွာ ဝတ်ဆင်ထားသော လူလတ်ပိုင်းတစ်ဦးက အရှေ့မှ လူငယ်အား လှမ်းကြည့်ကာ သူ၏ကမ်းလှမ်းချက်ကို ထုတ်ပြောလိုက်သည်။

"ငါက ၃မီလီယံ ပေးမယ်။ (၅ မီလီယံ..။)"

ဝတ်ကောင်းစားလှ ဝတ်ဆင်ထားသော သက်လတ်ပိုင်းအမျိုးသား၏စကားသံ ဆုံးသွားသည်နှင့်  အသံနှစ်ခုသည် တစ်ပြိုင်နက်နီးပါး ထွက်ပေါ်လာသည်။ ၅မီလီယံ ပေးသည့်သည့်သူသည် သာမာန်ပုံဟန် ရှိသော်လည်း အထက်တန်းစားအော်ရာ လွှင့်ထုတ်နေသည့် လူရွယ်တစ်ယောက် ဖြစ်သည်။ သူသည် အသက် ၂၆-၂၇ ဝန်းကျင်ရှိပုံရပြီး လူရွယ်တစ်ဦးနှင့် အမျိုးသမီးလေးတစ်ဦး အဖော်လိုက်ပါလာသည်။

စိတ်လှုပ်ရှားနေသော ကျောက်ပိုင်ရှင်လူရွယ်သည် အလွန်ပျော်နေဟန်ရပြီး လေလံဆွဲသူက သူ၏စကားအား ပြန်ရုတ်သိမ်းမည်ကို စိုးရိမ်သည့်ဟန်ဖြင့် ချက်ချင်း ပြောလိုက်သည်။

“၅ မီလီယံနဲ့ရောင်းမယ်။ အခု ကျွန်တော့်ဆီ ပိုက်ဆံလွှဲပေးရင် ခင်ဗျားကို ဒီကျောက်တုံး ရောင်းလိုက်မယ်။"

ယွမ် ၅မီလီယံ ကမ်းလှမ်းသော လူငယ်သည် ကျေနပ်စွာ ခေါင်းညိတ်သည်။ သူ့ဘေးနားရှိ အမျိုးသမီးလေးကို ခေါင်းညိတ်ပြလိုက်ရာ ယွမ် ၅မီလီယံအား ကျောက်ပိုင်ရှင်ပေးထားသည့် ဘဏ်အကောင့်သို့ အမြန် လွှဲပေးလိုက်သည်။

"ဒီကျောက်တုံးကို အကွက်ဖော်ချင်လား။" ကျောက်ဖြတ်ကျွမ်းကျင်ပညာရှင်က မေးလိုက်သည်။

“လုပ်ပါ။” ကျောက်ဝယ်လိုက်သည့် လူရွယ်က မဆိုင်းမတွ ဖြေသည်။

ကျောက်ဖြတ်ကျွမ်းကျင်ပညာရှင်က စကားတစ်ခွန်းမှ မဆိုတော့ဘဲ ခေါင်းညိတ်ပြပြီး သူ့လက်ထဲရှိ ကျောက်အရိုင်းတုံးအား သေသေချာချာ အကွက်ဖော် ဖြတ်တောက်သည်။ သူ၏လှုပ်ရှားမှုများနှင့်အတူ ကျောက်တုံးပေါ်ရှိ အစိမ်းရင့်ရောင်သည် ပို၍ပို၍ မြင်သာလာပြီး မိနစ်အနည်းငယ်ကြာသော် ကျောက်တုံးပေါ်တွင် လက်ဖဝါးအရွယ် အစိမ်းရင့်ရောင်သည် လူတိုင်း၏မျက်စိရှေ့တွင် ပေါ်လာခဲ့လေသည်။

“နေပါဦး…။”

လူအုပ်ကြားမှ ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာပြီး လူနှစ်ယောက်နှင့်အတူ ထျန်းကျင်းနန်သည် ရှေ့သို့ လျင်မြန်စွာ တိုးဝှေ့ထွက်လာသည်။ သူ၏အကြည့်များသည် ကျောက်ဝယ်လိုက်သော လူရွယ်ကို ကျရောက်သွားပြီး အပြုံးဖြင့်

“လူရွယ် … ဒီကျောက်တုံးကို ငါ့ဆီရောင်းရင်ရော ဘယ်လိုလဲ။ မင်းက ၅မီလီယံ အကုန်အကျ ခံထားရတော့ ငါ မင်းဆီက ယွမ် ၁၀မီလီယံနဲ့ ဝယ်ချင်ပါတယ်။"

“ကျွန်တော် တောင်းပန်ပါတယ်။ ဒါပေမယ့် ကျွန်တော် ပိုက်ဆံမလိုပါဘူး။” လူရွယ်က အပြုံးဖြင့် ပြောသည်။

ထျန်းကျင်းနန်၏အသက်ရှုသံများ မှားသွားရသည်။ ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် သူက ထပ်ပြီး ကမ်းလှမ်းလိုက်သည်။

“၂၀ မီလီယံ။ မင်း ဒီကျောက်ကို ငါ့ဆီ ရောင်းမယ်ဆိုရင် ယွမ် ၂၀မီလီယံ ပေးမယ်။"

လူရွယ်၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသော်လည်း သူက ခေါင်းယမ်းပြပြီး “တောင်းပန်ပါတယ်ဗျာ။ ကျွန်တော်က ကျောက်ပေါ်မှာ အလောင်းအစားလုပ်ရတာကိုပဲ စိတ်ဝင်စားလို့ပါ။ ကျောက်အရိုင်းတုံးတွေကို ဖြတ်ပြီး အကွက်ဖော်တာကို ကျွန်တော် စောင့်ကြည့်ရတာ တကယ်ကို နှစ်သက်တာမို့ ကြီးကြီးမားမား ဝင်ငွေရမလား ဆုံးရှုံးမလားဆိုတာ ကျွန်တော့်အတွက် အရေးမကြီးပါဘူး။ ကျောက်ဖြတ်ဆရာ … ဆက်လုပ်ပါဗျာ။”

ထျန်းကျင်းနန်သည် ကူကယ်ရာမဲ့သော အမူအရာဖြင့် ခေါင်းယမ်းလိုက်မိသည်။ သည်နှစ်တော့ သူ တကယ် ကံမကောင်းဘူးဟု ခံစားလာရသည်။ သူ အစောပိုင်းက မျက်စိကျနေသည့် ကျောက်အရိုင်းတုံးအား တစ်စုံတစ်ဦးမှ သူ့အား မျက်နှာသာမပေးဘဲ ဝယ်ယူသွားခဲ့ပြီး ယခုကျောက်အရိုင်းတုံးတွင်လည်း အရည်အသွေးကောင်းမွန်သော ကျောက်စိမ်းများ ပါဝင်နေနိုင်သည်ကို သူ တွေ့ရှိသော်လည်း တစ်ဖက်မှ ထပ်မံရောင်းချရန် ဆန္ဒမရှိခဲ့ပေ။

လူအုပ်ကြားတွင် ထန်ရှုက စကားမပြောဘဲ ရပ်နေသည်။ သူသည် ကျောက်ရိုင်းတုံးကို သူ၏စိတ်ဝိညာဉ်အာရုံဖြင့် လျှို့ဝှက်စွာ ဖုံးအုပ်စစ်ဆေးလိုက်ပြီး ထိုလူရွယ်၏ ကံကောင်းခြင်းအတွက် တိတ်တဆိတ် သူ့ဘာသာသူ ဝမ်းနည်းနေမိသည်။ ထိုလူရွယ် ဝယ်လိုက်သော ကျောက်စိမ်းတုံးအတွင်းတွင် ဂျေဒိုက်ကျောက်စိမ်း ပါဝင်ပြီး ၎င်းသည် ဧကရာဇ်စိမ်းဂျေဒိုက်ကျောက်စိမ်း အမျိုးအစားလည်း ဖြစ်သောကြောင့် ထုတ်ယူပြီးပါက ၎င်း၏တန်ဖိုးသည် အနည်းဆုံး ဂဏန်းကိုးလုံး ဖြစ်သွားပေလိမ့်မည်။

"သွားကြရအောင်။" ထန်ရှုက ပြုံးလိုက်ပြီး လုံကျန့်ယုကို ဆွဲခေါ်သည်။

လုံကျန့်ယု ချီတုံချတုံ ဖြစ်နေသည်။ စုန့်ဟောင်သည်လည်း ထန်ရှု၏အနောက်သို့ လိုက်သွားကြောင်း သိလိုက်သဖြင့် မချိပြုံး ပြုံးလိုက်မိ ပြုံးလိုက်သည်။ သူက ကျောက်စိမ်းတုံးကို အရင်ဝယ်သည့် လူရွယ်ကို တစ်ချက် စူးစူးစိုက်စိုက် ကြည့်လိုက်ပြီး ထန်ရှု၏အနောက်သို့ လိုက်သွားတော့သည်။

"မင်း ဘာလို့ ငါ့ကို ပြန်ဆွဲခေါ်လာတာလဲ ထန်ရှု။" လုံကျန့်ယုက မေးသည်။

"ဒီပွဲကြီးပွဲကောင်းကို ငါတို့ ကြည့်လို့မပြီးသေးဘူးလေ။"

“တစ်စုံတစ်ယောက်က လောင်းကစားမှာ ရှုံးသွားတဲ့အခါ သူတို့ရဲ့ကံမကောင်းမှုအပေါ် ကျေကျေနပ်နပ် စောင့်ကြည့်နေတာက မကောင်းတဲ့အကျင့်စရိုက်ပဲ။ လောင်းကစားရာမှာပါ ငါတို့က သူတို့ကို အနိုင်ယူလိုက်ရင် ငါတို့အပေါ် သူတို့ရဲ့ မနာလိုငြူစူမှုတွေက ပိုတိုးလာလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် အဲ့ဒါက ကောင်းတဲ့ကိစ္စမှ မဟုတ်တာ … ဒုက္ခလို့တောင် ပြောလို့ရမယ်။ အဲ့ဒါကြောင့် ဆွဲခေါ်လာတာကို ဘာလို့ စိတ်အနှောင့်အယှက် ဖြစ်နေရတာလဲ။" ထန်ရှက ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။

"မင်းကတော့ ဆန့်ကျင်ဘက်အရည်အသွေး ပေါင်းစပ်ထားတဲ့ တကယ့်ကောင်ပဲ ကိုယ့်လူ။" လုံကျန့်ယု ထန်ရှု၏စကားကို ကြားသောအခါတွင် ငိုရခက် ရယ်ရခက် ဖြစ်သွားရပြီး

“ပြသနာ မရှိပါဘူး။ မင်း မကြည့်ချင်ဘူးဆိုရင် ငါတို့လည်း ကြည့်မှာမဟုတ်ဘူး။ ဒါနဲ့ မင်း ကစားချင်သေးလား။ မကစားတော့ရင် ဒီကျောက်စိမ်းတွေကို ပြန်ပို့ဖို့ အချိန် ယူလိုက်ကြစို့။”

"ဒီနေ့အဖို့တော့ တော်လောက်ပြီ။" ထန်ရှုက ခေါင်းယမ်းကာ ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။

နာရီအနည်းငယ်ကြာသော် ကွန်တိန်နာကားတစ်စီးသည် ကျောက်စိမ်းများနှင့် ကျောက်အရိုင်းတုံးများအားလုံးကို တောင်တံခါးအိမ်ရာမြို့သို့ ပို့ဆောင်ပြီး ခြံဝင်းအတွင်း၌ ချပေးပြီးနောက် ထန်ရှုမှ စုန့်ဟောင်အား ငွေလွှဲပေးကာ ပြန်လွှတ်လိုက်လေသည်။

"ထန်ရှု … မင်း ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ။" အတန်ငယ် ပျင်းနေပုံရသော လုံကျန့်ယုက မေးလိုက်သည်။

"အိမ်မှာ အနားယူပြီး ရှောင်ဟန့်ကို အိမ်အနေအထားနဲ့ ရင်းနှီးမှုရှိအောင် လေ့ကျင့်ပေးပြီးရင် နေ့လည်ခင်းမှာ ပြပွဲစင်တာကို ထပ်သွားမယ်။" ထန်ရှုက ပြန်ပြောသည်။

"မင်း ပြပွဲစင်တာကို ထပ်သွားဦးမလို့လား။" လုံကျန့်ယုက အံ့သြစွာ မေးလိုက်သည်။

"ငါက ဘာမှ လုပ်စရာမရှိဘူးဆိုတော့ နောက်တစ်ခေါက် ပျော်စရာလေးတွေ ရှာဖို့ သွားလိုက်ဦးမယ်။" ထန်ရှုက ပခုံးတွန့်ပြရင်း ပြောလိုက်သည်။

"မင်းကရော။ ဒီနေ့ မင်းရဲ့ အစီအစဉ်က ဘာလဲ။"

"ငါ အိမ်ကို အရင်ပြန်မယ်။ နောက်ပြီး နောက်နှစ်ရက်လောက်ကြာမှ နဂါးကိုးကောင်ကျွန်းကို သွားရမှာဆိုတော့ ငါ မသွားခင် ကြယ်တာရာက အလုပ်တွေကို လိုက်ကြည့်ဖို့ လိုသေးတယ်။ အာ ဟုတ်သားပဲ။ မင်း ဒီနေ့ ကျောက်ဝယ်သွားတဲ့လူရွယ်နဲ့ဆုံမိရင် သူ့ကို မဆန့်ကျင်မိအောင် မင်း သတိရှိနေရမယ်။ အဲ့ဒီငနဲက နတ်ဆိုးလိုပဲ အသိပညာ မြင့်မားတယ်။”

ထန်ရှု တစ်စက္ကန့်မျှ မင်သက်သွားပြီး အထက်တန်းစား မြင့်မြတ်သောအော်ရာကို ပေးစွမ်းသော လူရွယ်၏ အသွင်အပြင်သည် သူ့ခေါင်းထဲတွင် ပေါ်လာပြီးတော့ သူ ချက်ချင်း မေးလိုက်သည်။

"အဲ့ဒီလူက ဘယ်သူလဲ။"

“သူက ရှန်ဟိုင်းမြို့က ဧကရာဇ်ဥယျာဉ်ရဲ့ အမွေဆက်ခံသူဖြစ်တဲ့ ချူယွမ်၊ ဧကရာဇ်ရောင်ဝါအုပ်စုရဲ့ ပိုင်ရှင်နဲ့ ဧကရာဇ်စိမ်းလန်းစိုပြည်နေရာကို တည်ထောင်သူလည်း ဖြစ်တယ်။”လုံကျန့်ယုမှ ဖြေသည်။

ထန်ရှုသည် မျက်မှောင်အနည်းငယ် ကြုပ်မိသွားသည်။ "ဧကရာဇ်" ဟူသောအမည်သည် သူ့အတွက် တစ်နည်းနည်းဖြင့် ရင်းနှီးပြီး တစ်နေရာရာတွင် ကြားဖူးသလို ဖြစ်နေသည့်တိုင် မည်သည့်နေရာမှာမှ မမှတ်မိချေ။

"သူက အတော်ကြံရည်ဖန်ရည်ကောင်းသလား။"

လုံကျန့်ယုက မိနစ်ဝက်လောက် ငြိမ်သက်နေပြီးမှ “သူက ဉာဏ်ရည်ထက်မြက်တာထက် ပိုတော်တယ်။ သူက ရိုးရိုးရှင်းရှင်းပြောရရင် ... နတ်ဆိုးတစ်ကောင်လို အရည်အချင်းရှိတဲ့ လူတစ်ယောက်ပဲ။ သူပိုင်ဆိုင်တဲ့ စည်းစိမ်ဥစ္စာဟာ နိုင်ငံတွင်း ထင်ရှားတဲ့ မိသားစုတိုင်းနဲ့ ယှဉ်နိုင်ပြီး သူ့နောက်မှာ လူတွေရဲ့ဆံပင်ကို ထောင်မတ်သွားစေအောင် လုပ်နိုင်တဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေ ရှိတယ်။ သူ့ရဲ့ သြဇာလွှမ်းမိုးမှုက စီးပွားရေးလောကထဲမပြောနဲ့ စစ်တပ်တွင်းမှာတောင် အကန့်အသတ် မရှိဘူး…”

ထန်ရှု၏အမူအရာ ပြောင်းလဲသွားပြီး လှိုင်းထန်သော လှိုင်းလုံးများက သူ့နှလုံးသားထဲသို့ တိုးဝင်လာသည်။ ထန်နှင့် ယောင်မိသားစုများကဲ့သို့ တိုင်းပြည်တွင် ထင်ရှားကျော်ကြားသော မိသားစုများ ရှိနေကြောင်း သူ ကောင်းစွာ သိရှိထားသည်။ ၎င်းတို့တွင် ခိုင်မာသော အမွေအနှစ်များနှင့် နက်ရှိုင်းသော ရင်းမြစ်များ ရှိပြီး ကြီးမားသော စည်းစိမ်ဥစ္စာများ နှင့်အတူ တည်ထောင်ထားကြခြင်းဖြစ်သည်။ ထိုမိသားစုများ လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့များသည်လည်း လွန်စွာ အားကောင်းသည်။ သို့တိုင် ချူယွမ်သည် ထိုအစစ်အမှန်ထင်ရှားကျော်ကြားသော မိသားစုများနှင့် နှိုင်းယှဉ်နိုင်ပေရာ ၎င်း၏ဇစ်မြစ်သည် မည်သည်ဖြစ်ပါသနည်း။

လုံကျန့်ယုကို လေးလေးနက်နက် စိုက်ကြည့်ရင်း ထန်ရှုက

"မင်း သူ့ကို ကောင်းကောင်း သိပုံရတယ်လို့ ငါ ဘာကြောင့် ခံစားနေရတာလဲ။"

"မင်း မှားနေပြီ။ သူ့အကြောင်း ငါ သိထားတာက မပြောပလောက်ပါဘူး။” လုံကျန့်ယု ခေါင်းယမ်းလိုက်သည်။

“အသွင်အပြင်တွေက လှည့်စားလို့ရနိုင်ပေမယ့် ပင်လယ်ရဲ့အတိမ်အနက်က တိုင်းတာလို့မရဘူး။ ဧကရာဇ်ဥယျာဉ်က နှစ်ပေါင်းရာနဲ့ချီ တည်ရှိနေခဲ့ပြီး စစ်ပွဲရဲ့ရုန်းရင်းဆန်ခတ်အချိန်တွေမှာ အဓိက မိသားစုလေးခုတောင်မှ ၎င်းကြောင့် အကြီးအကျယ် ထိခိုက်သွားသေးတယ်။ ဂျပန်ဆန့်ကျင်ရေး စစ်ပွဲကာလမှာကျတော့ တော်လှန်ရေးသူရဲကောင်းတွေ ဖြစ်သွားကြတဲ့ ဧကရာဇ်ဥယျာဉ်က ထူးချွန်ထက်မြက်ပြီး အရည်အချင်းရှိတဲ့သူ ဘယ်လောက်တောင် ရှိတာကို ထည့်သွင်းရေတွက်ဖို့ မနိုင်အောင်ကို အရမ်းများပြားလွန်းတယ်။ ဧကရာဇ်ဥယျာဉ်ရဲ့လူတွေအားလုံး တော်လှန်ရေးစစ်ပွဲ ပြီးဆုံးသွားတော့ ရာထူးမှထွက်ပြီး အလွှာပေါင်းစုံကနေ ပျောက်ကွယ်သွားသော်လည်း ဧကရာဇ်ဥယျာဉ်က အမြဲတမ်း ဧကရာဇ်ဥယျာဉ် ဖြစ်တာမို့ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် အာဏာရှိလာသူတွေအတွက် အမြဲတမ်း ကြောက်ရွံ့မှုနဲ့ သတိဝီရိယထားရမှုရဲ့ အရင်းအမြစ် ဖြစ်လာတယ်။ ချူယွမ်အကြောင်းကို ငါသိတာက သိပ်မများပေမယ့် … ဧကရာဇ်ဥယျာဉ်အကြောင်းတော့ ငါ အရမ်းသိတယ်။”

တခဏအတွင်း ထန်ရှုသည် လုံကျန့်ယု၏ ရှင်းလင်းချက်နောက်ကွယ်မှ အဓိပ္ပါယ်ကို သဘောပေါက်သွားဟန်ရသည်။ သူက တိတ်ဆိတ်စွာ ခေါင်းညိတ်ပြပြီး

“ငါ သိပြီ။ ဒါဆို မင်း လုပ်စရာရှိတာတွေကို သွားလုပ်ပါ။ နဂါးကိုးကောင်ကျွန်းကို မင်း မသွားခင် အတူတူ ဆုံကြပေါ့။ ငါလည်း ဒီတလော ကြယ်တာရာမှာ ရှိနေဦးမှာပါ။”

ထန်ရှု၏စကားကို လိုက်နာပြီး လုံကျန့်ယု ပြန်သွားခဲ့လေသည်။ တကယ်တော့ ထန်ရှုကို သူရှင်းပြခဲ့သည့်စကားများသည် သိပ်အများကြီး မဟုတ်ပေ။ သို့သော်လည်း ထိုစကားများသည် ထန်ရှုအပေါ်သာမက သူ့ကိုယ်၌တွင်လည်း သက်ရောက်မှု ရှိခဲ့သည်။ မူလက သူသည် ဤ "ချူယွမ်" အမည်ကို မဖော်ပြလိုပေ။ အကြောင်းမှာ ချူယွမ်သည် အမှန်တကယ်တွင် သူ၏ပန်းတိုင်၊ ရည်မှန်းချက်နှင့် သူ တစ်သက်လုံး ကြိုးပမ်းခဲ့သည့် အရာတစ်ခု ဖြစ်သောကြောင့်ပင်တည်း။

ခြံဝင်းထဲတွင်…

ဂူရင်သည် စူးစမ်းလိုဟန်ဖြင့် သူမ၏ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေသော ထန်ရှောင်ဝမ်အား အကဲခတ်နေသည်။ သူနှင့် စကားပြောချင်သော်လည်း ထန်ရှောင်ဝမ်သည် ပေါင်းသင်းရန် မလွယ်ကူသော လူတစ်ယောက်ဖြစ်မည်ကို စိုးရိမ်နေသည်။

လုံကျန့်ယု ထွက်သွားပြီးနောက် နောက်ဆုံးတွင် ထန်ရှု၏အကြည့်များသည် ထန်ရှောင်ဝမ်အပေါ် ကျရောက်လာသည်။ သူက လှည့်ပြီး ဂူရင်ကို လက်ယပ်ခေါ်လိုက်ကာ

“ရင်ရင် လာ … ဆရာသခင် မင်းတို့ကို မိတ်ဆက်ပေးမယ်။ သူ့နာမည်က ထန်ရှောင်ဝမ်။  မင်း သူ့ကို ဂျူနီယာမောင်လေး ဒါမှမဟုတ် ရှောင်ဟန်လို့ ခေါ်နိုင်တယ်။"

ဂူရင်က ရှေ့ကို တိုးလာသည်။ သူမက ချစ်ခင်လေးစားစွာ ခေါင်းညိတ်တုံ့ပြန်ပြီးနောက် သူမလက်ကို ထန်ရှောင်ဝမ်ထံသို့ လှမ်းပေးလိုက်သည်။ သို့သော် ထန် ရှောင်ဝမ်၏မျက်လုံးမမြင်နိုင်မှန်း သူမ သိလိုက်ချိန်တွင် သူ၏လက်ကို ချက်ချင်း ဆွဲကိုင်လိုက်ပြီး

"မင်္ဂလာပါ ဂျူနီယာမောင်လေး။ ငါက မင်းရဲ့စီနီယာအစ်မ ဂူရင်ပါ။ ငါက မင်းထက် အသက်ကြီးလောက်တယ်။ ဒါပေမယ့် တစ်နှစ်လောက်ပဲ ကြီးတာပါ။"

ထန်ရှောင်ဝမ်က ရုတ်တရက် ပြုံးပြီး

"ဟိုင်း … စီနီယာအစ်မ။ ငါတို့က နောက်ဆို မိသားစုတစ်ခု ဖြစ်မှာလား။"

ဂူရင်သည် ထန်ရှုကို မော့ကြည့်လိုက်သည်။ ထန်ရှုက သူမအား အသာခေါင်းညိတ်ပြသည်ကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် ပြုံးပြုံးရွှင်ရွှင်ဖြင့်

“ငါတို့တွေ နောက်ဆို မိသားစုတစ်ခု ဖြစ်တော့မယ် ဂျူနီယာမောင်လေး။ တစ်ရက်တာ ဆရာသခင် ဖြစ်သွားရင် တစ်သက်တာ သူက ငါတို့ရဲ့ဖခင် ဖြစ်တယ်လို့ ဆိုလိုတယ်။ ငါတို့အားလုံးက ဆရာသခင်ရဲ့သားသမီးတွေပါ။”

" တစ်ရက်တာ ဆရာသခင် ဖြစ်သွားရင် တစ်သက်တာ ဖခင် ဖြစ်တယ်။"

ထန်ရှောင်ဝမ်သည် စိတ်ထဲမှ ထိုစာကြောင်းကို အကြိမ်ဒါဇင်မျှ တိတ်တဆိတ် ရွတ်ဆိုသည်။ ထို့နောက်တွင်တော့ သူက ခိုင်မာစွာ ခေါင်းညိတ်ပြီး

“ငါ အရမ်းပျော်တယ်။ ငါ့မှာ မိသားစုဝင်တွေ ရှိလာပြီ။ အခုဆို နှစ်ယောက်ရှိသွားပြီ။"

"နင် ပြောတာတွေ မမှန်ဘူး မောင်လေး။" ဂူရင်က ပြုံးပြီး ပြောလိုက်သည်။

“မိသားစုဝင် နှစ်ယောက်ပဲမကဘူး … အနာဂတ်မှာ နင့်မှာ မိသားစုဝင်တွေ အများကြီးရှိလာလိမ့်မယ်။"

***

All Chapters