ကျောက်စိမ်းအလှလေ
Vol. 46 Ch. 643
ကလေးနှစ်ယောက် ကောင်းမွန်စွာ ပေါင်းသင်းဆက်ဆံသည်ကို မြင်လိုက်ရသဖြင့် ထန်ရှု အတော် ကျေနပ်သွားရသည်။ ထန်ရှောင်ဝမ်အား မုချင်းဖျင်၏ဂရုစိုက်စောင့်မှုအောက်တွင် နေရန်ထားခဲ့ပြီး သူသည် မုချင်းဖျင်နှင့် ဂူရင်၏အရှေ့တွင် မည်သည့်အရာကိုမှ ဖုံးကွယ်ရန် မကြိုးစားဘဲ သူ၏သိုလှောင်လက်စွပ်ထဲသို့ ကျောက်စိမ်းနှင့်ကျောက်အရိုင်းတုံးများကို သိမ်းဆည်းခဲ့ပြီး ဒုတိယထပ်က စာကြည့်ခန်းဆီသို့ တစ်ယောက်တည်း တက်သွားခဲ့သည်။
ဧကရာဇ်ဥယျာဉ် … ဤအရာသည် အလွန်လျှို့ဝှက်ဆန်းကြယ်သော်လည်း အလွန်အကျူးကို သိုသိုသိပ်သိပ်နေသော တည်ရှိမှု ဖြစ်ပုံရသည်။ ယနေ့ခေတ် လူ့အဖွဲ့အစည်းတွင် လုံ့လဝီရိယနှင့် တည်ရှိမှုများ ကြီးမားလေ … ၎င်းတို့၏ လျှို့ဝှက်ချက်များကို ဖုံးကွယ်ထားရန် ခက်ခဲလေ ဖြစ်သည်။ အကယ်၍ ဧကရာဇ်ဥယျာဉ်တွင် အရည်အချင်းရှိသူများစွာ ရှိခဲ့ပါက ၎င်းသည် အမှန်တကယ်ပင် အံ့သြဖွယ်ကောင်းပြီး အင်အားကြီးလှသည်။
ဧကရာဇ်ဥယျာဉ်နှင့်ပတ်သက်သော အခြေအနေကို ပိုမိုသိရှိနားလည်စေရန် ထန်ရှုသည် ဂူရှောင်ရွှဲ့ဆီ ဖုန်းဆက်လိုက်သည်။ ဧကရာဇ်ဥယျာဉ်နှင့် ပတ်သက်သည့် အချက်အလက်အချို့ကို သူမ သိသော်လည်း သူမ သိသောအကြောင်းအရာမှာ သိပ်မများသောကြောင့် ထန်ရှု အံ့အားသင့်သွားသည်။ သို့သော်လည်း သူမသည် သူ့ကို အာရုံစိုက်ရမည့် အကြောင်းအရာတစ်ခုအား ပြောပြခဲ့သည်မှာ- ဧကရာဇ်ဥယျာဉ်သည် တရုတ်ထုံးတမ်း၃မျိုး (တရုတ်အနုပညာ၃မျိုး) အနက်မှ တစ်မျိုး ဖြစ်သော ထိုက်ရိ သို့မဟုတ် အဆုံးစွန်သော တစ်စုတစ်စည်းတည်း ဖြစ်ခြင်းကို ဖော်ပြရာတွင် စွမ်းအားကြီးသည်ဟုပင်။
ထိုအကြောင်းအရာနှင့်ပတ်သက်သည့် အချက်အလက်များကို အင်တာနက်တွင် ရှာဖွေကြည့်ရှုပြီးနောက် ထန်ရှုသည် ဤထုံးတမ်းသုံးမျိုးအကြောင်း အသေးစိတ် လေ့လာသိရှိခဲ့သည်။ ၎င်းတို့ မှာ ထိုက်ရိ (အဆုံးစွန်သော တစ်စုတစ်စည်းတည်း ဖြစ်ခြင်း), ချီမန် (ထူးဆန်းသော တံခါးများ)နှင့် လျိုရမ် (ဂမ္ဘီရအဆက်အနွယ်) တို့ဖြစ်သည်။ ဤသုံးမျိုးသည် ရှေးတရုတ်လူမျိုးများ၏ ဟောကိန်းထုတ်ခြင်း၊ နိမိတ်ဖတ်ခြင်းဆိုင်ရာ မဟာဝိဇ္ဇာသုံးပါးဖြစ်တော့သည်။ နိုင်ငံတော်နှင့် ထိုနိုင်ငံ၏နိုင်ငံရေးကို ခန့်မှန်းရန် ထိုက်ရိသည် ကောင်းကင်ဘုံဓာတ်ကြီးငါးပါးကို အာရုံစိုက်ကာ ဖော်ပြသည်။ လူ့အဖွဲ့အစည်း၏ စုပေါင်းအရေးကိစ္စများကို တိုင်းတာရန်အတွက် ချီမန်သည် ကမ္ဘာပေါ်ရှိ ဓာတ်ကြီးငါးပါးကို စူးစိုက်ဖော်ပြသည်။ လျိုရမ်သည် လူ့ဘ၀ လူ့အရေးကိစ္စများကို သန့်ရှင်းစင်ကြယ်စေရန်အတွက် လူသားဆိုင်ရာ ဓာတ်ကြီးငါးပါးပေါ်တွင် အာရုံစူးစိုက်ရပေသည်။
(မြန်မာဘာသာပြန်သူ၏အမှာ - တရုတ်ဓာတ်ကြီး၅ပါးမှာ ရေ၊မီး၊ သတ္တု၊ သစ်သားနှင့် မြေဖြစ်သည်။ နိမိတ်ဖတ်ခြင်း ပုံစံသုံးမျိုးအတွက် သုံးသော နိမိတ်ဖတ်ဆရာ၏ဘုတ်ပြားသည် သိသိသာသာ ကွဲပြားသည်။ ချီမန်အတွက် သုံးသောဘုတ်ပြားတွင် ၃×၃ မှော်စတုရန်းပုံ ပါရှိပြီး ထိုက်ရိဘုတ်ပြားမှာမူ အနည်းငယ် ပိုကြီးကာ စတုရန်း သို့မဟုတ် စက်ဝိုင်းအဖြစ် ရေးဆွဲနိုင်သည်။ လျိုရမ်ဘုတ်ပြားတွင် မြေကြီးဆိုင်ရာ တစ်ဆယ့်နှစ်ပါးအခွဲနှင့် စိတ်ဝိညာဉ်တစ်ဆယ့်နှစ်ပါးကို ခင်းကျင်းထားသော ကမ္ဘာမြေဝေ့နှင့် ကောင်းကင်ဘုံဝေ့အတွက် နေရာများ ပါဝင်သည်။)
လူ့အဖွဲ့အစည်းအတွင်း စုပေါင်းအရေးကိစ္စများကို တိုင်းတာရန်အတွက် ချီမန်ကို ကိုယ်စားပြုသော မှော်အတတ်ဂိုဏ်းသည် ကျယ်ကျယ်ပြန့်ပြန့် ကျော်ကြားခဲ့သော်လည်း နိုင်ငံနှင့် ထိုနိုင်ငံ၏နိုင်ငံရေးကို မှန်းဆရန် အန္တိမ စည်းလုံးညီညွတ်မှုဟူသည့် ထိုက်ရိကို ဖော်ပြသော ကြောက်မက်ဖွယ် ဧကရာဇ်ဥယျာဉ်သည် မြင်သာထင်ရှားသော ကျော်ကြားမှုမျိုး လုံးဝမရှိချေ။
အချိန်အတန်ကြာ လေ့လာပြီးနောက် ထန်ရှုသည် သူ၏ လက်တော့ပ်ကို ပိတ်လိုက်သည်။ သူ၏မျက်နှာပေါ်တွင် စဉ်းစားတွေဝေသော၊ ပြန်လှန်စဉ်းစားဆင်ခြင်သော အကြည့်များ ရှိနေသော်လည်း သူ၏စိတ်အတွင်း၌ ဧကရာဇ်ဥယျာဉ်အား သတိချပ်မိနေပြီဖြစ်သည်။ ချီမန်တွင် ၎င်းကို ကိုယ်စားပြုသည့် စွမ်းအားများစွာ ရှိပြီး ထိုက်ရိတွင် ဤတစ်ခုသာရှိသောကြောင့်ဖြစ်သည်။ တစ်နည်းဆိုရသော် ဧကရာဇ်ဥယျာဉ်သည် ချီမန်ကို ကိုယ်စားပြုသော စွမ်းအားအားလုံးကို အလဲထိုးနိုင်လောက်ပေသည်။ နှစ်ပေါင်းရာနှင့်ချီသည်ထက် ပို၍ပင်ရှည်လျားသော သမိုင်းကြောင်းနှင့်အတူ ဤအဖွဲ့အစည်း၏ အခြေခံအုတ်မြစ်နှင့် အမွေအနှစ်များသည် လွန်စွာ နက်ရှိုင်းလှမည်ဖြစ်ပြီး လက်ရှိအချိန်တွင် အလွန်ကြောက်စရာကောင်းသည့်အမှတ်အဖြစ် ရောက်ရှိနေဖွယ်ရှိသည်။
ငါ့ကို မစော်ကားလာရင် ငါလည်း သူတို့ကို တိုက်ခိုက်မှာ မဟုတ်ဘူး။ ဒါပေမယ့် သူတို့ ငါ့ကို တိုက်ခိုက်လာမယ်ဆိုရင်တော့ ငါ့ရဲ့တန်ပြန်တိုက်ခိုက်မှုကိုလည်း သူတို့ လက်ခံဖို့ အဆင်သင့်ဖြစ်နေရမယ်။ ဧကရာဇ်ဥယျာဉ်က ကြောက်ဖို့ကောင်းတယ်ဆိုပေမယ့် ငါကတော့ သူတို့ကို မကြောက်ဘူး။ တကယ်လို့ ဧကရာဇ်ဥယျာဉ်ရဲ့လူတွေက ငါနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရန် ရွေးချယ်မယ်ဆိုရင်တော့ သူတို့ကို ငါ ငြင်းမှာ မဟုတ်ဘူး။ သူတို့တွေ ဘယ်လိုပဲ အစွမ်းထက်ထက် ငါ့ကို ပြသနာရှာရဲရင် ကျိုးပဲ့ပြီး သွေးထွက်သံယို ဖြစ်စေမယ့် သင်ခန်းစာ ပေးပစ်လိုက်မယ်။
ထန်ရှုသည် စီးကရက်တစ်လိပ်ကို မီးညှိကာ အားရပါးရ ဖွာရှိုက်လိုက်သည်။ ထို့နောက် အချိန်ကိုကြည့်လိုက်ရာ နေမွန်းတည့်နေပြီဖြစ်သည်။
စီးကရက်သောက်ပြီးသည်နှင့် သူသည် ပထမထပ်ရှိ ထမင်းစားခန်းသို့ သွားခဲ့သည်။ သူ့မိဘများ မရောက်သေးသော်လည်း သူသည် နေ့လည်စာ အရင်စားလိုက်ပြီး အိမ်မှ မထွက်ခွာခင် ရှောင်ဟန်အား ဂရုစိုက်ရန် မုချင်းဖျင်ကို ညွှန်ကြားလိုက်သည်။
ကျောက်ရိုင်းတုံးပေါ်လောင်းကစားခြင်း။ သည်ဟာသည် သူ့အတွက် စိမ်းသက်မနေသည့် လှုပ်ရှားမှုတစ်ခုပင်။ သူသည် တစ်ချိန်က သူ၏အရည်အချင်းများကို အသုံးပြုပြီး လောင်းကစားခဲ့ဖူးပေရာ ငွေအများအပြား ရှာနိုင်ခဲ့သည်။ ယခု ဤကဲ့သို့ ငွေဝင်မည့် အခွင့်အရေးကို ကြုံလာရသောကြောင့် သူသည် ထိုအခွင့်အရေးအား လက်လွတ်မခံချင်ပေ။ ထို့ကြောင့် မွန်းလွဲ ၁ နာရီတွင် ကြယ်တာရာပြပွဲကျင်းပရာသို့ ပြန်လာခဲ့သည်။ ယခုအချိန်သည် နေ့လည်စာ စားချိန်ဖြစ်သောကြောင့် ကျင်းပသည့်နေရာရှိ လူအရေအတွက်သည် နံနက်ပိုင်းထက် ထက်ဝက်သာ ရှိတော့သည်။
ထန်ရှုသည် အတွင်းဘက်ရှိ တဲများကို တစ်ခေါက် လှည့်ပတ်ကြည့်လိုက်သည်။ ထို့နောက် သူသည် ကျောက်အရိုင်းတုံးများအား ကိုယ်တိုင်ကိုယ်ကျ ထိတွေ့ပြီး သူ၏စိတ်ဝိညာဉ်အာရုံဖြင့် အသုံးပြုဆန်းစစ်ခြင်းဖြင့် နောက်ဆုံးတွင် အရည်အသွေးကောင်းသော ကျောက်တုံး ရာပေါင်းများစွာကို ရှာတွေ့ခဲ့သောကြောင့် သူ လွန်စွာ ကျေနပ်နေခဲ့သည်။ ၎င်းတို့ထဲတွင် ထိပ်တန်း အရည်အသွေးရှိသော ကျောက်စိမ်းနှင့် ဂျေဒိုက်ကျောက်စိမ်းတုံး တစ်ဒါဇင်ကျော် ပါဝင်သည်။
"မင်းရဲ့လုပ်ငန်းက ဒီမှာ သိပ်မစည်သလိုပါလား သူဌေး။"
တဲအတွင်းသို့ ခြေလှမ်းကြဲကြဲဖြင့် ဝင်လာပြီးနောက် ထန်ရှုသည် ဤစတုရန်းမီတာ ရာနှင့်ချီသော တဲ၏ အတွင်းပိုင်းကို အကဲခတ်လိုက်သည်။ ကျောက်ဖြတ်စက်နှစ်ခုအပြင် တဲအတွင်းတွင် ဆံပင်ဖြူ အဘိုးကြီးနှစ်ယောက် ရှိသဖြင့် သူက ချက်ချင်း အပြုံးဖြင့် စကားစလိုက်သည်။
စာဖတ်မျက်မှန်တပ်ထားသည့် အဘိုးကြီးတစ်ယောက်က လက်ဖက်ရည်ပူတစ်ခွက်ကို ကိုင်ထားပြီး ပုံမှန်အတိုင်း လက်ဝှေ့ယမ်းပြသည်။ သူက ထမင်းဆိပ်တက်သောကြောင့် ပျင်းရိပျင်းတွဲလေသံဖြင့် “ဒီအချိန်က နေ့လည်စာစားချိန်မို့ ဒီနေရာမှာ မစည်ကားတာ သဘာဝကျတယ်။ ဒါနဲ့ မင်း ကျောက်တုံးတွေကို ဖြတ်ဖို့ ဒီကို လာတာလား ညီလေး။”
"ကျောက်တုံးက သေချာပေါက် ဖြတ်မှာပါ။ ဒါပေမယ့် ကျွန်တော် ဝယ်ဖို့ပြင်ထားတဲ့ ကျောက်အရိုင်းတုံး အရေအတွက်က တော်တော်များတယ်။" ထန်ရှုက ပြုံးလိုက်ပြီး
“ဒါကြောင့် ဒီတဲကို ဒီနေ့လည်မှာ ငှားဖို့ စိတ်ကူးထားတယ်။ စီနီယာတို့နှစ်ယောက် ကျေးဇူးပြုပြီး သင့်တော်တဲ့ဈေးနှုန်းကို ပြောပေးပါ။"
သူ့အနီးတွင် ရှိနေသော တရုတ်ရိုးရာဝတ်စုံဝတ်ထားသည့် လမ်းလျှောက်တုတ်နှင့် အခြားအဘိုးကြီးတစ်ဦးက လက်ကို ဝှေ့ယမ်းကာ ပြုံးပြုံးရွှင်ရွှင်ဖြင့်
“လူငယ်လေး မင်း မှားနေပြီ။ ငါက ကျောက်ဖြတ် ကျွမ်းကျင်ပညာရှင်တစ်ယောက် မဟုတ်ပါဘူး။ ငါက ကြယ်တာရာကို လာလည်တဲ့ သူ့သူငယ်ချင်းဟောင်းပါ။ သူနဲ့ နေ့လည်စာအတူ စားဖို့ ဒီကို လာခဲ့တာ။ အဖိုးကြီးဟွမ် … ဒီညီလေးက မင်းရဲ့တဲကို ငှားချင်နေတာ။ မင်း ပြောလိုက်ဦး။"
စာဖတ်မျက်မှန်တပ်ထားသော အဖိုးအိုက အပြုံးဖြင့် "ညီလေး … မင်းနာမည် ဘယ်လိုခေါ်လဲ။"
"ထန်ရှုပါ။" ထန်ရှုက ဖြေလိုက်သည်။
"အဘိုးကြီးဟွမ် … မင်း အဲ့ဒီနာမည်ကြီး နတ်ဆေးသမားတော်ကို ကြားဖူးတယ်မဟုတ်လား။" တရုတ်ရိုးရာဝတ်စုံဝတ်ထားသည့် အဘိုးအိုက အဘိုးအိုဟွမ်အား မေးလိုက်သည်။
“အဲ့ဒါက ငါ ဒီကိုလာရတာ ရည်ရွယ်ချက်တွေထဲက တစ်ခုလို့ဆိုနိုင်တယ်။ ကြယ်တာရာ တရုတ်တိုင်းရင်းဆေးရုံက အဲ့ဒီနတ်ဆေးသမားတော်လေးအကြောင်းကို မင်းနဲ့ပြောဖို့ရယ်၊ မင်းရဲ့ ခြေထောက်ကို ကုသဖို့ အဲ့ဒီသမားတော်လေးကို ဖိတ်ခေါ်ဖို့ အခွင့်အရေးကို မင်း ရှာလိုလားဆိုတာ သိချင်တာရယ်ကြောင့်ပဲ။”
စာဖတ်မျက်မှန်တပ်ထားသည့် အဖိုးအိုသည် အံ့အားသင့်နေဟန် ရှိသည်။ သူသည် ထရပ်ကာ ထန်ရှုကို လှမ်းကြည့်လိုက်ပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။
"အဲ့ဒီနတ်ဆေးသမားတော်လေးရဲ့နာမည်ကို ငါလည်း ကြားဖူးပါတယ်။ ဒါပေမယ့် ဒီညီငယ်လေးက သူလို့တော့ တကယ်ပဲ မထင်ခဲ့မိဘူး။”
ထန်ရှုသည် မျက်လုံးများကို အနည်းငယ် မှေးစင်းထားလိုက်သည်။ သူသည် အဘိုးအို၏ ခြေထောက်များကို အကဲခတ်ရာ ဘယ်ခြေထောက်တွင် ဖုံးကွယ်ထားသော ဒဏ်ရာများကို ထင်ရှားစွာ တွေ့ရှိခဲ့သည်။ သူ၏ဘယ်ဘက်ခြေထောက်သည် တော်တော်လေး နိမ့်နေပြီး လမ်းလျှောက်ရင် အနည်းငယ် ခြေထောက်ဆာနေမည်မှာ သေချာပေသည်။ ထန်ရှုက တခဏလောက် စဉ်းစားပြီးမှ
"စီနီယာရဲ့နာမည်ကို သိပါရစေ။"
စာဖတ်မျက်မှန်တပ်ထားသော အဘိုးအိုက ပြုံးပြီး
"မင်း ငါ့ကို ဆရာဟွမ်လို့ ခေါ်လို့ရတယ်။"
"စီနီယာရဲ့ဘယ်ဘက်ခြေထောက်ကိုပြလို့ရမလား။" ထန်ရှုက ခေါင်းညိတ်ပြပြီး မေးလိုက်သည်။
ဆရာဟွမ်၏မျက်လုံးများ အရောင်လက်လာပြီး ချက်ချင်း ခေါင်းညိတ်လိုက်သည်။ မိနစ်အနည်းငယ်ကြာ စစ်ဆေးပြီးနောက် ထန်ရှုသည် ဆရာဟွမ်၏ ဘယ်ဘက်ခြေထောက်တွင် အရိုးများစွာ ကွဲထွက်ကာ ကျိုးသွားခြင်းကြောင့် အကွေးအဆစ်နေရာများတွင် ဒဏ်ရာရခဲ့ကြောင်း သူ တွေ့ရသည်။ သူ၏လက်များကို ပြန်ရုပ်သိမ်းပြီးနောက် ထန်ရှုက "စီနီယာရဲ့ခြေထောက်အဆစ်အတွင်းပိုင်းဒဏ်ရာတွေကို ကျွန်တော် ကုသပေးနိုင်တယ်။"
ဆရာဟွမ်၏မျက်နှာပေါ်တွင် ပျော်ရွှင်သော အမူအရာကို မြင်လိုက်ရပြီး
"မင်းကို ဒုက္ခပေးမိပြီ နတ်ဆေးသမားတော်ထန်။ ဒါကြောင့် ဘယ်လောက်ကျကျ ငါ ပေးလိုစိတ် ရှိပါတယ်။"
"စီနီယာရဲ့ခြေထောက်က စီနီယာ့အတွက် အရေးကြီးလား။ အဲ့ဒီလို ခံစားရတယ်ဆိုရင် ဒီတဲကို ငှားပြီး ကျွန်တော့်ကို ကျောက်ကူဖြတ်ပေးရင်ရော ဘယ်လိုလဲ။” ထန်ရှုက မေးလိုက်သည်။
ဆရာဟွမ်သည် ထန်ရှု၏ရည်ရွယ်ချက်ကို ချက်ချင်း နားလည်ပြီး တုံ့ဆိုင်းခြင်းမရှိဘဲ ဖြေလိုက်သည်။
“ငွေဆိုတာ ငါတို့နဲ့ အမှန်တကယ် မသက်ဆိုင်တဲ့ လောကပိုင်ပစ္စည်းကလွဲပြီး ဘာမှ မဟုတ်တဲ့အရာပဲ။ နတ်ဆေးသမားတော်ထန် … မင်း ငါ့ခြေထောက်ကို တကယ်ကုပေးနိုင်ရင် ဒီတဲလေးကို ငှားပေးပြီး လုပ်အားခကိုလည်း အခမဲ့လုပ်ပေးလို့ရတယ်။"
"သဘောတူတယ်။" ထန်ရှုက ပြုံးပြီး တုံ့ပြန်သည်။ “ဒါနဲ့ စီနီယာတို့နှစ်ယောက် ဒီမှာ စကားပြောနေပါဦး။ ကျွန်တော် အကြိုက်ဝယ်မယ့် ကျောက်အရိုင်းတုံးတွေကို နောက်မှ လာပို့ခိုင်းလိုက်မယ်။"
“ကောင်းပြီ။” ဆရာဟွမ်က အမြန်ပြောလိုက်သည်။
ထိုအချိန်တွင် သေးသွယ်သော ပုံရိပ်တစ်ခုသည် တဲထဲသို့ လျှောက်လာသည်။ သူမသည် အဖြူရောင်ကုတ်အင်္ကျီရှည်နှင့် အဝါနုရောင်ပိုးပဝါကို ဝတ်ဆင်ထားသည်။ နက်မှောင်တောက်ပြောင်နေသော ဆံပင်ရှည်များ ဖြာကျနေပြီး သူမ၏မျက်နှာတွင် အထင်ရှားဆုံးအရာမှာ မျက်လုံးပေါ်ရုံ အဖြူရောင်အဝတ် ဖုံးအုပ်ထားပြီး သူမ၏မျက်နှာသွင်ပြင်ကို လူအများ မမြင်နိုင်အောင် တားဆီးထားခြင်းဖြစ်သည်။
ထန်ရှုသည် မျက်ခုံးပင့်လိုက်ပြီး သူ၏စိတ်ဝိညာဉ်အာရုံကို ချက်ချင်း ထုတ်လွှတ်လိုက်ရာ ထိုအမျိုးသမီး၏သွင်ပြင်ကို အလွယ်တကူ သူ မြင်နိုင်ခဲ့သည်။ ထိုအမျိုးသမီးသည် လွန်စွာ လှပသည်ကို တွေ့ရှိရသောကြောင့် ထန်ရှု တိတ်တဆိတ် လန့်သွားသည်။ သူမ၏အသက်သည် ၂၅နှစ် ဒါမှမဟုတ် ၂၆နှစ်ခန့် ရှိပြီဖြစ်ပြီး သူမ၏အလှတရားသည် ခန်းရှနှင့် မုဝမ်ရင်တို့ထက် လုံးဝ မနိမ့်ကျပါချေ။
အမ် … ထန်ရှုသည် သူ၏စိတ်ဝိညာဉ်အာရုံကို ထုတ်ဖော်လိုက်သည့်အခိုက်တွင် ထိုအမျိုးသမီးသည် ရုတ်တရက် ခြေလှမ်းတုန့်သွားကာ သူမ၏မျက်ဝန်းနက်နက်လေးများတွင် ရှုပ်ထွေးသွားသော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် သူမ၏အကြည့်များသည် ထန်ရှုဆီသို့ အလွန်လျင်မြန်စွာ ရောက်သွားခဲ့သည်။ သူ ထွက်သွားရန် ရည်ရွယ်နေသည်ကို သူမ မြင်လိုက်ရသည့်အခါ သူမက ချက်ချင်းပင် ပြောလိုက်သည်။
“ကျေးဇူးပြုပြီး ခဏနေပါဦး လူကြီးမင်း…”
ထန်ရှုက သူ၏ခြေလှမ်းများကို ရပ်လိုက်စဉ် ထိုအမျိုးသမီးသည့် သူ့ဆီ လျှောက်လာနေသည်ကို တွေ့လိုက်ရသဖြင့် ချက်ချင်းမေးလိုက်သည်။
“မင်း ငါ့ဆီက တစ်ခုခု လိုအပ်တာ ရှိလို့လား။”
အမျိုးသမီးက ခပ်ဖျော့ဖျော့ ပြုံးပြသည်။ ထိုအပြုံးသည် ထန်ရှုအား နွေဦးလေပြေကြားတွင် အေးမြသွားသည့်အလား ခံစားရစေသည်။ ထို့နောက် သူမ၏သာယာသော စကားသံ ထွက်ပေါ်လာခဲ့သည်။ “ကျွန်မနာမည် ရွှယ်ယုပါ လူကြီးမင်း။ ရှင် ကျွန်မကို မစ္စရွှယ် ဒါမှမဟုတ် အားယုလို့ ခေါ်နိုင်ပါတယ်။ ရှင့်နာမည်ရော သိခွင့်ရမလား လူကြီးမင်း။"
"ငါက ထန်ရှုပါ။" ထန်ရှုက တည်ငြိမ်သော အမူအရာဖြင့် ပြန်ပြောသည်။
ရွှယ်ယုက ညင်သာစွာ ခေါင်းညိတ်တုံ့ပြန်သည်။ သူမ၏မျက်ဝန်းများထဲတွင် ပုံမှန်မဟုတ်သော အရိပ်အယောင်တစ်ခု ပေါ်လာပြီး မေးလာသည်။ "မစ္စတာထန် … ကောင်းကင်ဘုံဂမ္ဘီရဉာဏ်ရဲ့ နိမိတ်ဖတ်ခြင်းပညာရပ်ကို သိပါသလားလို့ ကျွန်မ မေးပါရစေ။ နောက်ပြီး ဖုန်းရွှေရဲ့ နက်နဲတဲ့ ပညာရပ်ကို မတော်တဆ မင်း နားလည်ထားသလား။"
သူမ၏စုံစမ်းမေးမြန်းမှုကြောင့် ထန်ရှုသည် စိတ်အတွင်းတွင် တိတ်ဆိတ်စွာ နိုးနိုးကြားကြား ရှိနေခဲ့သော်လည်း အပေါ်ယံတွင် တည်ငြိမ်နေဆဲဖြစ်ပြီး "အဲ့ဒါကို ငါ မသိဘူး။ နားလည်း မလည်ပါဘူး။"
“ရှင့်မှာ ထူးခြားတဲ့ အော်ရာ ရှိတယ် မစ္စတာထန် — အဲ့ဒါက ပုံမှန်မဟုတ်ဘဲ အရမ်းထူးခြားနေတယ်။ ရှင့်ရဲ့ကံကြမ္မာကို ကျွန်မ မမြင်နိုင်သလို ရှင့်ရဲ့စိတ်ဝိညာဉ်ကိုလည်း ကျွန်မ ရှင်းရှင်းလင်းလင်း မမြင်ရဘူး။" ရွှယ်ယု သံသယရှိနေသောအမူအရာဖြင့် ပြန်ပြောသည်။
“ဘာ … (ဘယ်လို…)”
လန့်ဖျပ်သွားသော အသံနှစ်ခု တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။ ထိုအသံများသည် ဆရာဟွမ်နှင့် တရုတ်ရိုးရာဝတ်စုံဝတ်ထားသော အဘိုးအိုထံမှ ဖြစ်သည်။
ဆရာဟွမ်သည် ထန်ရှုအား ပုံမှန်မဟုတ်သော အမူအရာဖြင့် အကြိမ်အနည်းငယ် အကဲခတ်လိုက်မိပြီးနောက် သူ၏အကြည့်အား ရွှယ်ယုထံသို့ ပြောင်းပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"သူ့ကံကြမ္မာနဲ့ စိတ်ဝိညာဉ်ကို မမြင်နိုင်ဘူးလို့ မင်းပြောခဲ့တာတွေက အမှန်ပဲလား။"
"အမှန်ပါပဲ။" ရွှယ်ယုသည် ဆရာဟွမ်တို့နှစ်ယောက်ကို သိပုံရပြီး ခေါင်းညိတ်ကာ ညင်သာစွာ ပြန်ဖြေသည်။
"မဖြစ်နိုင်ဘူး။" ဆရာဟွမ်က ရေရွတ်သည်။
“မင်း သူ့ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တာ မဟုတ်ရင်။ အဲ့ဒါ ဖြစ်နိုင် …”
"အဲ့ဒါက တကယ်ဖြစ်နိုင်ချေပဲ။" ရွှယ်ယုက လေးနက်သောအမူအရာဖြင့် ခေါင်းညိတ်ပြောဆိုသည်။
ထန်ရှုက လူနှစ်ယောက်ကို ကြည့်ပြီး ခေါင်းယမ်းလိုက်ကာ
"မင်းတို့နှစ်ယောက် ဒီလိုအံ့အားသင့်နေတဲ့ စကားတွေ မပြောနဲ့။ ပြောစရာရှိရင် လွတ်လွတ်လပ်လပ်ပြောပါ။”
“ဘာမှ မဖြစ်ပါဘူး … ဘာမှ မဟုတ်ပါဘူး။” ရွှယ်ယုက ခေါင်းယမ်းရင်း
"ရှင့်ကို အနှောက်အယှက်ပေးမိသလို ဖြစ်သွားပါတယ် မစ္စတာထန်။ ကျေးဇူးပြုပြီး ကျွန်မတို့ကို ခွင့်လွှတ်ပါ။"
"မင်း … တချို့ကျောက်ပစ္စည်းတွေကို သွားဝယ်မှာ မဟုတ်လား နတ်ဆေးသမားတော်ထန်။" ဆရာဟွမ်က ခပ်မြန်မြန် သံယောက်လိုက်သည်။
"စောစောသွားပြီး စောစော ပြန်လာတာ အကောင်းဆုံးပဲ။"
ထန်ရှုက ခေါင်းညိတ်တုံ့ပြန်ပြီး လှည့်ထွက်သွားသည်။ တဲထဲမှ ထွက်လာသော်လည်း ထိုသုံးယောက်၏ မျက်လုံးများက သူ့အား စိုက်ကြည့်နေဆဲ ဖြစ်သည်ဟု ထန်ရှု ခံစားနိုင်ပေသည်။ ရွှယ်ယု၏စကားများမှတဆင့် ရှေ့ဖြစ်ကို သိနိုင်သည့် ထူးခြားသော လူသုံးဦးကို အမှတ်မထင် တွေ့ခဲ့ရပြီး ဆရာဟွမ်နှင့် ထိုတရုတ်ရိုးရာဝတ်စုံဝတ်ထားသော အဘိုးအိုတို့ ထိတ်လန့်တုန်လှုပ်သွားသည်ကို သူသိလိုက်ရသည်။ ထိုလူများသည် အခြားသူများ၏ ကံအကြောင်းနှင့် ကံကြမ္မာကို မြင်နိုင်ပြီး အခြားသူများ၏ စိတ်ဝိညာဉ် တည်ရှိမှုကို အကဲဖြတ်နိုင်ပေရာ ထို၃ယောက်သည် ထိုက်ရိ၊ ချီမန်၊ လျိုရမ် ဝိဇ္ဇာပညာရပ်သုံးပါးနှင့် ဆက်စပ်နေသည်မှာ သေချာပေသည်။ သို့သော် သူတို့ မည်သည့်ပညာရပ်ကို ပိုင်ဆိုင်ထားသည်ကို သူ မသိပါချေ။
တဲအတွင်းတွင်…
ထန်ရှု ပျောက်ကွယ်သွားသည်နှင့် ဆရာဟွမ်နှင့် တရုတ်ရိုးရာဝတ်စုံဝတ်ထားသော အဘိုးအိုတို့သည် ချက်ချင်း ဦးညွှတ်ကာ ရွှယ်ယုဆီသို့ လက်သီးဆုပ် အရိုအသေပေးလိုက်ကြသည်။ သူတို့နှစ်ယောက်၏အပြောအဆိုသည် လေးစားမှုအပြည့် ဖြစ်သည်။
“ကျောက်စိမ်းအလှမယ် … မင်းကို မကြိုဆိုမိတာ ငါတို့ တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး ငါတို့ ခွင့်လွှတ်ပါ။"
“ကျေးဇူးပြုပြီး ယဉ်ယဉ်ကျေးကျေး မလုပ်နေပါနဲ့ အကြီးအကဲတို့။” ရွှယ်ယုက သိမ်မွေ့စွာ ပြောလိုက်သည်။
“ကျွန်မက အရည်အသွေးကောင်းတဲ့ ကျောက်စိမ်းတွေကို ရှာဖို့ ဒီကိုလာတာပါ။ ဒါပေမယ့် ဒီမှာ အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ လူတစ်ယောက်နဲ့ ကြုံမိတဲ့ပုံပဲ။”
ဆရာဟွမ်နှင့် တရုတ်ရိုးရာဝတ်စုံဝတ်အဘိုးအိုတို့သည် အကြည့်ချင်းဖလှယ်လိုက်ကာ အားတင်းပြုံးလိုက်ပြီး ဆရာဟွမ်က စကားဆိုလာသည်။ “ကျောက်စိမ်းအလှမယ် … ဥယျာဉ်ရဲ့သခင်လေးလည်း ပြပွဲစင်တာကို လာလည်နေတယ်။ မင်း ရောက်လာတာကို မင်းကိုယ်စား ငါတို့ အကြောင်းကြားပေးရမလား။”
ရွှယ်ယု၏မျက်ခုံးနက်နက်လေးများ တွန့်ချိုးသွားကာ "သူက ဒီမှာ ဘာလာလုပ်နေတာလဲ။"
“မင်းလိုပဲ ကျောက်စိမ်းကောင်း လိုက်ရှာနေတာ။” ဆရာဟွမ်က ဖြေသည်။
“ကြည့်ရတာ ကျောက်စိမ်းတွေပေါ်က လမ်းညွှန်ချက်ကို သူလည်း ရိပ်မိပုံရတယ်။ ကျွန်မ သူ့ကို မတွေ့ခတာ နှစ်နှစ်လောက်ရှိပြီ။ သူ့အရည်အချင်းတွေက အများကြီး တိုးတက်လာတဲ့ပုံပဲ။ ဒါနဲ့ အဘိုးဟွမ် … ကျောက်တုံးတွေကို ဖြတ်ဖို့ ကျွန်မ ရှင့်ရဲ့အကူအညီ လိုတယ်။ ဒါကြောင့် ဒီနေ့ ရှင့်ရဲ့တဲကို တခြားဧည့်သည်တွေဆီ မငှားနဲ့တော့။"
ဆရာဟွမ် ထိတ်လန့်သွားပြီး ချက်ချင်းဆိုသလို ကူကယ်ရာမဲ့ မချိသောအမူအရာဖြင့်
“မင်းရဲ့ဆန္ဒကို ငါ မဖြည့်ဆည်းပေးနိုင်တော့ဘူး ကျောက်စိမ်းအလှမယ်။ ခုနလေးတင်ပဲ ထွက်သွားတဲ့ နတ်ဆေးသမားတော်လေးထန်ကို ငှားဖို့ သဘောတူလိုက်မိတယ်။"
"သူက ကျောက်တုံးတွေကို ဒီမှာ ဖြတ်ချင်နေတာလား။" ရွှယ်ယုက မေးသည်။
“ဟုတ်တယ်။” ဆရာဟွမ်က ခေါင်းညိတ်သည်။
ရွှယ်ယုက တခဏလောက် စဉ်းစားပြီး စူးစမ်းလာသည်။ "အဘိုးဟွမ်က သူ့ကို နတ်ဆေးသမားတော်လို့ ဘာကြောင့် ခေါ်တာလဲ။ အကြောင်းရင်းက ဘာလဲ။ သူက အလွန်ကျွမ်းကျင်တဲ့ တရုတ်တိုင်းရင်းဆေး ပညာရှင်တစ်ယောက်လား။”
တရုတ်ရိုးရာဝတ်စုံဝတ်ထားသည့် အဖိုးအိုက “ကျောက်စိမ်းအလှမယ် … ထန်ရှုက ကြယ်တာရာ တရုတ်တိုင်းရင်းဆေးရုံရဲ့နာမည်ကျော် နတ်ဆေးသမားတော်လေးပါ။ သူ့ရဲ့ဆေးပညာ ကျွမ်းကျင်မှုက အလွန်ကောင်းမွန်ပြီး တရုတ်တိုင်းရင်းဆေးနယ်ပယ်က ကျွမ်းကျင်တဲ့ စီနီယာသမားတော်များက သူ့ကို အထင်ကြီးလေးစားကြတယ်။ မြင့်မြတ်သမားတော် ကွေ့ကျန်းရှို့ရဲ့တိုက်ရိုက်တပည့်တောင်မှ သူ့ရဲ့ဆေးပညာကျွမ်းကျင်မှုက နတ်ဆေးသမားတော်ထန်ထက် အဆပေါင်းများစွာ နိမ့်ကျတယ်လို့ ကိုယ်တိုင် ပြောဖူးတယ်။”
ကျောက်စိမ်းအလှမယ်သည် အတန်ငယ် အံ့သြတုန်လှုပ်သွားဟန်ရသည်။ သူမက တစ်ချက် တွေးတောလိုက်ပြီး
“သူက ရှင့်ရဲ့တဲကို ငှားထားတယ်ဆိုမှတော့ ကျွန်မ ရှင့်ကို ဒုက္ခမပေးတော့ပါဘူး။ ဒါပေမယ့် သူက တော်တော်လေးကို ပုံမှန်မဟုတ်ဘဲ ...ထူးဆန်းတယ်။ ကောင်းကင်ဘုံကို ဟန့်တားပြီး သူ့ကံကြမ္မာကို ဖုံးကွယ်ထားနိုင်တဲ့ ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်သာ မဟုတ်ရင် ပြဿနာက သူကိုယ်တိုင်ပေါ် မှာပဲ ရှိနေလိမ့်မယ်။ ကောင်းပြီ … ရှင်တို့ လုပ်စရာ ရှိတာ လုပ်ကြပါ။ ကျွန်မ သူ့နောက်ကို လိုက်သွားဦးမယ်။”
***