← Chapters

ကျားမတန်းတူညီမျှမှု

Vol. 46 Ch. 644

ကျားမတန်းတူညီမျှမှု

Vol. 46 Ch. 644

အစောပိုင်းက ထန်ရှုသည် အတွင်းအပြင်ရှိ တဲများကို လှည့်ပတ်နေပြီး သူ ဝယ်ယူလိုသော ကျောက်တုံးများကို မှတ်သားထားပြီးဖြစ်သည်။ သို့သော် ထပ်မံလေ့လာကြည့်ပြီးနောက် ထိုကျောက်များ၏ ဈေးနှုန်းသည် ညှိနှိုင်းရမည် မဟုတ်ကြောင်း သူ သိရှိလာခဲ့သည်။ သူ ကြိုက်လျှင် ထိုဈေးနှုန်းဖြင့် ဝယ်နိုင်ပြီး ထိုဈေးနှုန်းကို သဘောမတူပါက အခြားနေရာသို့ သွားနိုင်သည်။ သို့သော် ကျောက်စိမ်းမှ ထုဆစ်ထားသော ကျောက်စိမ်းပစ္စည်းများအတွက်ကိုမူ ဈေးဆစ်နိုင်ပေသည်။

"ဟိုင်း သူဌေး … ကျွန်တော် ဒီကျောက်နှစ်တုံး လိုချင်တယ်။"

ထန်ရှုသည် အနီးနားရှိတဲသို့ ရောက်ပြီးနောက်တွင် သူ စစ်ဆေးခဲ့သော ကျောက်အရိုင်းတုံးနှစ်တုံးကို ညွှန်ပြပြီး ပြောလိုက်သည်။ အဆိုပါကျောက်အရိုင်းတုံးနှစ်တုံး၏ စုစုပေါင်းဈေးနှုန်းမှာ ယွမ် ၂၈၀၀၀ ဖြစ်သည်။ သူ့ဘဏ်ကတ်ဖြင့် ငွေပေးချေပြီးနောက် လှည်းတွန်းသူကို ရှာကာ ထိုကျောက်တုံးနှစ်တုံးကို လှည်းပေါ်သို့ တင်လိုက်သည်။

"မစ္စတာထန်။” ရွှယ်ယုသည် ကြာပန်းနှင့်တူသော ခြေလှမ်းများအတိုင်း ထန်ရှု၏အရှေ့သို့ အေးအေးသက်သာ လျှောက်လာသည်။ သူမက ပေါ့ပါးစွာ ပြုံးလိုက်ပြီး

"ရှင် ကျောက်အရိုင်းတုံးတွေပေါ် လောင်းကစားတာကို ကြိုက်တာလား။"

ထိုသို့ပြောရင်း လှည်းပေါ်သို့ ဝေ့ဝိုက်ကြည့်လိုက်သည်။

ထန်ရှုသည် ထိုအမျိုးသမီးနှင့် အဆက်အသွယ် မလုပ်ချင်ပေ။ အဘယ့်ကြောင့်ဆိုသော် သူ ရှာတွေ့ထားသော ဒါဇင်နှင့်ချီသော ကျောက်စိမ်းများတွင် အရည်အသွေးကောင်းမွန်သော နက်ဖရိုက်ကျောက်စိမ်းများနှင့် ဂျေဒိုက်ကျောက်စိမ်းများ ပါရှိသည်။ ထို့အပြင် သူသည် ဆရာဟွမ်ကို ကျောက်တုံးများကို ဖြတ်ခွင့်ပေးရန် ဆုံးဖြတ်ထားပေရာ ထိုနက်ဖရိုက်ကျောက်စိမ်းများနှင့် ဂျေဒိုက်ကျောက်စိမ်းများ ထွက်ပေါ်လာသည်နှင့် သူ၏ဂုဏ်ပုဒ်သည် ထိုထူးခြားဆန်းပြားသော အမျိုးသမီး၏သံသယဝင်စရာ ဖြစ်လာပေလိမ့်မည်။

"ငါက ကြုံသလို လောင်းကစားတာပါ။" ထန်ရှုက အားမထုတ်လေဟန် ပေါ့တိပေါ့ဆပုံစံဖြင့် ပြန်ဖြေသည်။

"ကျွန်မလည်း ကျောက်ခဲပေါ်မှာ လောင်းကစားချင်တာလေ။ ဒါကြောင့် ဒီနေရာကို လာပြီး ကစားရတာ တန်ပါတယ်။" ရွှယ်ယုက ပြုံးလျက်ပြောသည်။

"ဒါနဲ့ … ရှင် စိတ်မရှိဘူးဆိုရင် ကျောက်တုံးတွေကို ရွေးဖို့ ကျွန်မ အဖော်လိုက်ခဲ့လို့ရမလား မစ္စတာထန်…။"

ထန်ရှုက မျက်မှောင်ကြုတ်ကာ ခဏလောက်စဉ်းစားပြီး “တောင်းပန်ပါတယ်ဗျာ။ အစောပိုင်းကတည်းက ကျွန်တော် ကျောက်ကောင်းလေးတွေ ရွေးပြီးပြီမို့ တဲတစ်ခုစီမှာ အကြာကြီးမနေတော့ဘူး။ တကယ်လို့ မစ္စရွှယ် ကျောက်အရိုင်းတုံးတွေ ရွေးလိုရင် ကျေးဇူးပြုပြီး မင်းစိတ်ကြိုက်ပဲ လုပ်ပါ။”

ထိုသို့ပြောပြီးနောက် ရွှယ်ယုအား စကားပြောခွင့် မပေးတော့ဘဲ နောက်တဲတစ်လုံးဆီသို့ တန်းသွားခဲ့သည်။ သည်ဟာကို ရှောင်လွှဲလျှင် စိတ်အနှောက်အယှက်ဖြစ်စရာ ပြဿနာများကို သူ ရှောင်ရှားနိုင်သည်။ ထို့ထက်ပိုသည်မှာ သူ အသုံးပြုသည့် အထူးနည်းလမ်းကို မည်သူကိုမှ လေ့လာခွင့်မပြုနိုင်ပေ။ သဘာဝအားဖြင့် သိသူနည်းလေ ပိုကောင်းလေဖြစ်သည်။

ရွှယ်ယု ကျောက်ရုပ်ဖြစ်သွားသည်။ သူမအား သည်ကဲ့သို့ ပေါ့တီးပေါ့ဆပုံစံမျိုးဖြင့် စကားပြောသော လူမျိုးအား သူမ တစ်ခါမှ မကြုံဖူးပေ။ သူမက သည်ကဲ့သို့ ယဉ်ယဉ်ကျေးကျေး တောင်းဆိုသည်ကို ပြတ်ပြတ်သားသား ငြင်းဆိုသွားခဲ့သည်။ သူ ... သူ … သူမကို စကားပြန်ပြောခွင့်တောင် လုံးဝမပေးသွားခဲ့တာလား။

ရွှယ်ယုသည် ငယ်စဉ်ကလေးဘဝမှ ယခုအချိန်အထိ လူများစွာနှင့်တွေ့ဆုံပြီး အရာများစွာကို တွေ့ကြုံခဲ့ရသော်လည်း သူမကို တစ်ကြိမ်တစ်ခါမျှ ငြင်းပယ်ခြင်းမရှိခဲ့ဘဲ ထိုကဲ့သို့ ငြင်းဆန်လိုသော စိတ်သဘောထားဖြင့် သူမကို ငြင်းဆန်သူအား တစ်ကြိမ်မျှ မတွေ့ဖူးခဲ့ချေ။

သေချာတာကတော့ သူက တစ်ခုခုတော့ ထူးဆန်းနေသည်။

ရွှယ်ယုသည် သူမ၏စိတ်နှလုံးသားအား ခက်ခက်ခဲခဲ အရာကို ပြုလုပ်ရန် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်လိုက်သည်။ ထိုပြင်းထန်သော အော်ရာသည် သူမအား စိုးရွံ့စေသောကြောင့် သူမသည် ထန်ရှု၏အနောက်သို့ လိုက်သွားခဲ့သည်။ ထန်ရှုက သူမအား သူ၏အနောက်သို့ မလိုက်ခိုင်းသော်လည်း သူမသည် ထန်ရှု၏ကျောက်အရိုင်းတုံးပေါ်တွင် လောင်းကစားသည့်နည်းများကို မြင်လိုပြီး နားလည်ချင်သည်။

အခြားတဲတစ်ခုထဲသို့ ဝင်သွားသော ထန်ရှုသည် သူ၏အနောက်သို့ ရွှယ်ယု လိုက်နေကြောင်းကို  သတိပြုမိပြီးဖြစ်သည်။ ထိုအမျိုးသမီးသည် ခံစားချက် မရှိသောသူဟု သူ စိတ်အနှောင့်အယှက် ဖြစ်သည့်တိုင် သူမက သူ့အား ထပ်ပြီး စကားမပြောလာသဖြင့် တိုက်ရိုက် မောင်းမထုတ်နိုင်ခဲ့ချေ။ ကျောက်အမြောက်အမြား ဝယ်ယူရန် ယွမ် ၁.၆မီလီယံ သုံးလိုက်ပြီးနောက် ထန်ရှုသည် လှည်းတွန်းသူအား ဦးဆောင်ခေါ်သွားခဲ့သည်။

ရွှယ်ယုသည် ထန်ရှုနှင့် ခုနစ်မီတာကျော် အကွာအဝေးကို ထိန်းသိမ်းထားခဲ့သည်။ ထန်ရှု၏ဝယ်ယူမှုများတွင် သူမ ဝင်ရောက်စွက်ဖက်ခြင်း မပြုသည့်အပြင် စကားများစွာလည်း မပြောခဲ့ပေ။ ထန်ရှုနှင့် ကျောက်တုံးများကိုသာ အပြန်ပြန် အလှန်လှန် ကြည့်နေရင်း သူမ၏မျက်ဝန်းနက်နက်လေးများတွင် စူးစမ်းလိုစိတ်တစ်ခု ရှိနေခဲ့လေသည်။

တစ်နာရီနီးပါးကြာသောအခါ ထန်ရှုသည် လှည်းတွန်းသူ ခြောက်ဦးကို ငှားရမ်းခဲ့ပြီး ဒါဇင်များစွာသော ကျောက်အရိုင်းတုံးများကို ဝယ်ယူရန် ယွမ်ငွေ ၄၂မီလီယံကျော် သုံးစွဲခဲ့သော်လည်း အဆိုပါကျောက်တုံးများအနက် အကြီးဆုံးမှာ ယွမ် ၂၈မီလီယံဖြစ်ပြီး အလေးချိန် ၂၀၀မှ ၃၀၀ ကီလိုဂရမ်ရှိ ကျောက်တုံးအချို့ အပြည့်တင်ထားသည့် လှည်းငယ်တစ်စီး ဖြစ်လာသည်။

"တစ်နာရီနီးပါးလောက် ငါ့နောက်ကို လိုက်နေရတာ မပင်ပန်းသေးဘူးလား မစ္စ ရွှယ်။"  ထန်ရှုသည် နောက်ဆုံးတွင် ရပ်လိုက်ပြီး ရွှယ်ယုအား စိတ်ကသိကအောက်ဖြစ်သည့်အမူအရာဖြင့် ကြည့်လိုက်သည်။

ထန်ရှု စိတ်ဆိုးနေသည်ကို မမြင်နိုင်သည့်အလား ရွှယ်ယုက ပြုံးပြီး ပြောသည်။

" ရှင့်အကြောင်းကို အရမ်းသိချင်နေရုံပါ မစ္စတာထန်။ ရှင့်ကို ပိုပိုပြီး သိချင်လာမိတယ်။ နောက်ပြီး ရှင် ကျောက်တုံးတွေကို ရွေးတဲ့ပုံစံက အရမ်း ပေါ့ပေါ့ပါးပါးပဲနော်။ ကျွန်မ အဲ့ဒါကို သိပ်သဘောကျတာပဲ။"

ထန်ရှုက ထူးမခြားနားအသွင်ဖြင့် "မင်းပြောခဲ့တဲ့စကားတွေကြောင့် ငါ ဂုဏ်ယူရမယ်လို့ မင်း ထင်နေတာလား။"

"အင်း … ပြောဖို့မလိုလောက်အောင် ရှင် ရွေးလိုက်တဲ့ ကျောက်တွေမှာ နက်ဖရိုက်ကျောက်စိမ်းလား ဒါမှမဟုတ် ဂျေဒိုက်ကျောက်စိမ်းတွေ ပါနေတာလားဆိုတာ ကျွန်မကို ကြည့်ခွင့်ပြုရုံလေးပါ။" ရွှယ်ယုက ခေါင်းယမ်းကာ ပြောလိုက်သည်။

ထန်ရှုက ခဏလောက်စဉ်းစားပြီး မေးလိုက်သည်။ "အခု ငါ မင်းကို ထွက်သွားခိုင်းရင် မင်း ထွက်သွားမှာလား။"

"ကျွန်မ ထွက်သွားပြီး ဆရာဟွမ်နဲ့ သွားစကားပြောနေမယ်။" ရွှယ်ယုက ခေါင်းတစ်ချက်ညိတ်ကာ ဖြေသည်။

"လိုရင်းပဲ ပြောလိုက်ရအောင်။ မင်း တကယ် ဘာလိုချင်နေတာလဲ။" ထန်ရှုက မေးလိုက်သည်။

"ကျွန်မ တကယ်ပဲ ရှင့်အကြောင်း ပိုသိချင်နေရုံလေးပါ။ တခြားရည်ရွယ်ချက် မရှိပါဘူး။”

ရွှယ်ယုက ပြောသည်။

"ရှင်က ကြယ်တာရာ တရုတ်တိုင်းရင်းဆေးရုံက နတ်ဆေးသမားတော်လေးထန်ဆိုတာကို ဆရာဟွမ်ဆီက ကြားရတယ်။ ရှင့်လို ငယ်ရွယ်သူ တစ်ယောက်က တရုတ်ဆေးပညာနယ်ပယ်မှာ ဒီလိုကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေ ရရှိလာတယ်ဆိုကတည်းက ရှင်က ထူးခြားတဲ့ လူတစ်ဦးဖြစ်တာကို ပြနေတာပဲ။ ရှင်က ကျွန်မလို ထူးခြားတဲ့ လူပုံစံမျိုး ဖြစ်နိုင်တယ်။”

ထန်ရှု၏မျက်ခုံးများ ပြေသွားကာ ခပ်ဖျော့ဖျော့အပြုံးဖြင့် မေးလိုက်သည်။

“ဒါဆို မင်းက ဘယ်လိုလူမျိုးလဲ။ ဘယ်က လာတာလဲ။”

တခဏကြာတွင် ရွှယ်ယု၏မျက်နှာထက်တွင် ချီတုံချတုံ အကြည့်တစ်ချက် ပေါ်လာပြီး သူမ၏လက်ကို ညင်သာစွာ မြှောက်ကာ လက်ဟန်အမူအရာတစ်ချို့အား ဆက်တိုက်လုပ်ပြသည်။ ထို့နောက် သူမက

“ကျွန်မ အခုလုပ်ပြသွားတဲ့ ဒီလက်ဟန်အမူအယာတွေကို ရှင် နားလည်နိုင်ရင် ကျွန်မ ဘယ်သူလဲ … ဘယ်ကလာတယ်ဆိုတာ ရှင် သိပါလိမ့်မယ်။”

ထန်ရှုသည် ရွှယ်ယု ပြသသွားသော လက်ဟန်အမူအရာများကို လုံးဝ မသိသောကြောင့် အူကြောင်ကြောင် စိုက်ကြည့်နေမိသည်။ ထိုအကြောင်းကို သူ တွေးမိပြီးနောက် သူက သတိကြီးမှုအား ဖြေလျော့လိုက်ပြီး

“မင်းပြတဲ့ အမူအရာတွေကို ငါ နားမလည်လို့ ငါတို့က မင်း ထင်နေတဲ့လူမျိုး မဟုတ်တာ ဖြစ်နိုင်တယ်။ မင်း ဘယ်ကလာတယ်ဆိုတာလည်း ငါ ခန့်မှန်းလို့ မရဘူး။ မင်းက ငါ့နောက်ကို လိုက်ချင်ပြီး ငါကလည်း မင်းကို မောင်းထုတ်လို့မရဘူး။ မင်း လိုက်ချင်ရင်လည်း လိုက်။ ဒါပေမယ့်…”

ရွှယ်ယု၏မျက်ဝန်းများထဲတွင် မျှော်လင့်ချက် ပျက်ပြားသွားသော အမူအရာအချို့ရှိသော်လည်း ထန်ရှုက  သူ့နောက်သို့ လိုက်ရန် ခွင့်ပြုကြောင်း ကြားပြီးနောက် သူမက မေးလိုက်သေးသည်။ "ဒါပေမယ့် ဘာဖြစ်လဲ။"

“ယောက်ျားနဲ့မိန်းမ တန်းတူညီမျှတဲ့ လူ့အဖွဲ့အစည်းမှာ ဒီတွန်းလှည်းမောင်းသမားတွေ ဒီလောက် ခက်ခက်ခဲခဲ လုပ်နေရတာကို ကြည့်နေရတာ မင်း ရှက်မနေဘူးလား။ ဒီလှည်းမောင်းသူကို ကြည့်ပါဦး။ အလေးချိန် ၂၀၀ - ၃၀၀ကီလိုဂရမ် ရှိသော တွန်းလှည်းကို တွန်းနေရတာ။ တော်တော် ပင်ပန်းနေပြီ မဟုတ်ဘူးလား။"

ရွှယ်ယုသည် လုံးဝကို ကျောက်ရုပ်ပမာ ဖြစ်သွားပြီး ထန်ရှုအား မယုံကြည်နိုင်စွာ စိုက်ကြည့်နေသည်။ သူမ ပါးစပ်ကို ဟထားသော်လည်း မည်သည့်စကားကို ဆိုရမှန်းပင် လုံးဝ မသိတော့ပေ။ သူ ... သူက သူမကို ဒီလှည်းမောင်းသူအား ကူတွန်းစေချင်နေတာလား။

ထန်ရှု၏မျက်နှာသည် အေးစက်နေဟန်ရသည်။ သူက စိတ်မရှည်သော အမူအရာဖြင့် လက်ကိုဝှေ့ယမ်းပြီး “ငါ့နောက်လိုက်ချင်ရင် လှည်းကူတွန်းပါ။ နို့မဟုတ်ရင် ကျေးဇူးပြုပြီး ထွက်သွားပေးပါ။ ငါက ဆရာဟွမ်ဆီ မသွားလည်း ကျောက်တုံးတွေကို ဖြတ်လို့ရတယ်။ ဒါပေမယ့် အလုပ်မရှိ အားအားယားယားတွေ ငါ့နောက်ကို မလိုက်ချင်စေဘူး။”

သူ့စကားသံ ဆုံးသွားသည်နှင့် ချာကနဲ လှည့်ကာ တန်းထွက်သွားတော့သည်။

ပါးစပ်အာစေးမိကာ ကျောက်ရုပ်ပမာဖြစ်နေသော ရွှယ်ယုသည် ဆယ်မီတာကျော်အကွာထိ လမ်းလျှောက်သွားသော ထန်ရှုကို ကြည့်နေပြီးမှ အသိပြန်ဝင်လာခဲ့သည်။ သူမသည် ငိုရမလို ရယ်ရမလို အမူအရာဖြင့် ခေါင်းယမ်းလိုက်မိသည်။

လှည်းမောင်းသူသည် တွန်းလှည်းကို အားသွန်ခွန်စိုက် တွန်းနေသည်ကို ကြည့်ပြီးနောက် သူမသည် အမြန်အမီလိုက်ကာ လှည်းကူတွန်းလိုက်သည်။

ဆယ်မီတာအကွာမှ လမ်းဆုံတွင်…

သာလွန်မြင့်မြတ်သော အငွေ့အသက်ကို ပေးစွမ်းနိုင်သော သာမန်ပုံစံဖြင့် ချူယွမ်သည် လူရွယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့နှင့်အတူ အခြားလမ်းမှ ထွက်လာသည်။ သူတို့၏အနောက်တွင် ကျောက်တုံးများ တင်ဆောင်ထားသည့် တွန်းလှည်းနှစ်စီးကို လူနှစ်ဦးက မနှေးလွန်း မမြန်လွန်းသော အရှိန်ဖြင့် တွန်းလာသည်။

အမ်…

ဘယ်ဘက်ခြမ်းရှိ တွန်းလှည်းတန်းကို တွေ့လိုက်သောအခါ ချူယွမ်၏ခြေလှမ်းသည် ရုတ်တရက် ရပ်တန့်သွားသည်။ နောက်ဆုံးတွင် သူ၏အကြည့်များသည် ကုတ်အင်္ကျီရှည်နှင့် အဝါနုရောင် ပုဝါကို ဆင်မြန်းထားသော အမျိုးသမီးတစ်ဦးဆီ ရောက်သွားသည်။

အံ့သြတုန်လှုပ်ကာ တွေးရခက်သွားသည်။

ချုယွမ်သည် နာမည်ကျော် ကျောက်စိမ်းအလှမယ် ရွှယ်ယုသည် တစ်နေ့တွင် လှည်းတွန်းသူကို ကူညီပေးလိမ့်မည်ဟု အိပ်မက်ထဲတွင် တစ်ခါမျှ မမျှော်လင့်ထားဖူးပေ။

သူမ ... မည်သည့်အချိန်ကတည်းက သူမကိုယ်တိုင် တစ်ခုခု လုပ်ဖို့ လိုသွားတာလဲ။

"သူဌေး … သူမက ကျောက်စိမ်းအလှမယ်။" ချူယွမ်၏အနောက်မှ လူငယ်သည် မယုံနိုင်သော အမူအရာဖြင့် လေသံနှိမ့်ကာ ပြောလိုက်သည်။

“ငါလည်း သူမကို တွေ့ပါတယ်။” ချူယွမ်က ခေါင်းညိတ်ပြသည်။

လက်ရှိတွင် ထန်ရှုသည် ချူယွမ်နှင့် သူ၏အနောက် မှ လူငယ်နှင့် အမျိုးသမီးတို့ကိုသာမက တွန်းလာသော  တွန်းလှည်းနှစ်စီးကိုပါ မြင်ပြီးဖြစ်သည်။ သူ၏အကြည့်များသည် တွန်းလှည်းနှစ်စင်းကို ဝေ့ဝိုက်ကြည့်ရင်း လုံကျန့်ယုက သူ့ကို ပြောခဲ့သည့် စကားလုံးများကို မှတ်မိနေသည်။ ရှန်ဟိုင်း၏ ဧကရာဇ်ဥယျာဉ်၏ ဆက်ခံသူ ချူယွမ်၊ ဧကရာဇ်ရောင်ဝါအုပ်စုပိုင်ရှင်နှင့် ဧကရာဇ်အပန်းဖြေ စိမ်းလန်းဥယျာဉ်ကို တည်ထောင်သူ ချူယွမ်။

"သူနဲ့ ရွှယ်ယုက တစ်လမ်းတည်းသွားတဲ့သူတွေ ဖြစ်ကောင်းဖြစ်နိုင်တယ်။"

ထန်ရှုက သူ၏အနောက်က တွန်းလှည်းကို တွန်းကူပေးနေသည့် ရွှယ်ယုကို တစ်ချက် စောင်းငဲ့ကြည့်လိုက်သည်။ သူက ချက်ချင်းပင် တည်ငြိမ်သောအကြည့်ကို ထားလိုက်ပြီး  ရှေ့ကို ဆက်လျှောက်လာသည်။ ချူယွမ်ကို ကျော်ဖြတ်လိုက်စဉ် ချူယွမ်၏ခါးတွင် ချိတ်ဆွဲထားသည့် နီမြန်းသော ကျောက်စိမ်းအဆင်တန်ဆာကို သူ့မျက်လုံးများက မြင်သွားခဲ့သည်။ ထိုပစ္စည်းသည် အလွန်အဖိုးတန် သန့်စင်သော သွေးကျောက်စိမ်းဖြင့်ပြုလုပ်ထားသည်။ သွေးကျောက်စိမ်းဖြင့် ပြုလုပ်ထားသော မည်သည့်အဆင်တန်ဆာမဆို အဖိုးမဖြတ်နိုင်သော ရတနာတစ်ခု ဖြစ်သည်။

အနောက်တွင် ကျောက်စိမ်းအလှမယ်သည် ချူယွမ်တို့အဖွဲ့ကို တွေ့သောအခါ သူမ၏မျက်ခုံးလေးများ ပင့်တက်သွားရသည်။ သူမက တွန်းလှည်းကို လွှတ်လိုက်ကာ ချူယွမ်၏အရှေ့တွင် လာရပ်လိုက်ပြီး လေသံတိုးဖျော့စွာဖြင့် "ဧကရာဇ်ဥယျာဉ်ရဲ့ သခင်လေးကို ဂါရဝပြုပါတယ်။"

ချူယွမ်က ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ပြုံးလိုက်ရင်း တွန်းလှည်းခြောက်စီးကို တစ်ချက်ကြည့်လိုက်ကာ "ငါတို့နောက်ဆုံးတွေ့ခဲ့တာ နှစ်နှစ်ရှိသွားပြီမလား ကျောက်စိမ်းအလှမယ်။ အရင် ရှန်ဟိုင်းကနေ ငါ ထွက်လာပြီးတော့ ကြယ်တာရာမှာ မင်းနဲ့တွေ့မယ်လို့ မမျှော်လင့်ထားဘူး။ မင်းက ဒီကို ကျောက်တုံး လောင်းကစားဖို့ လာတာလား။”

"နင် နားလည်မှုလွဲနေပြီ ချူယွမ်။" ရွှယ်ယုက ပြောသည်။

“ဒီကျောက်တုံးတွေက ငါ ဝယ်ထားတာ မဟုတ်ဘူး။ ဒါပေမယ့် ငါ့အရှေ့က မစ္စတာထန် ဝယ်ထားတာ။ ငါက သူ့ကို ကူညီနေရုံပါ။"

မစ္စတာထန်…

ချူယွမ်၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာသည်။ သူသည် ရွှယ်ယု၏အကြည့်နောက်ကို လိုက်ကြည့်လိုက်ရာ ထန်ရှု၏နောက်ကျောကို မြင်သောအခါ သူ၏မျက်လုံးအစုံ ကျဉ်းမြောင်းသွားရသည်။ ထို့နောက် သူက မျက်ခုံးတွန့်ချိုးလိုက်ပြီး

“အဲ့ဒီမစ္စတာထန်က ဘယ်သူလဲ။”

ရှေ့ကို ညွှန်ပြရင်း ရွှယ်ယုက ရှေ့ကို ပြန်လျှောက်လိုက်ကာ

"သူက ဆေးပညာမှာ အရမ်းနက်ရှိုင်းပြီး စိတ်ဝင်စားဖို့ ကောင်းတဲ့လူတစ်ယောက်ပဲ။"

အရမ်း စိတ်ဝင်စားဖို့ကောင်းတဲ့လူလား…

ချူယွမ်က သူ့မျက်ခုံးကို အနည်းငယ် တွန့်ချိုးလိုက်ကာ သူ့နှလုံးသားထဲတွင် နိုးကြားသော သတိတရား ပေါ်လာသည်။ သူသည် ရွှယ်ယုကို နှစ်သက်ပြီး ဧကရာဇ်ဥယျာဉ်ရှိ လူများအားလုံး သူမအပေါ် ထားရှိသော သူ၏ခံစားချက်ကို သိကြသည်။ ရွှယ်ယု၏သွင်ပြင်အား သူ တစ်ခါမျှမမြင်ဖူးသော်လည်း ဤအမျိုးသမီး၏ အေးတိအေးစက်နိုင်သော သဘာဝသည် ကျောက်စိမ်းများပိုင်ဆိုင်သည့် ဇာတ်ကောင်ကဲ့သို့ပင် သူမအောက်ရှိ နူးညံ့သိမ်မွေ့မှုနှင့် နွေးထွေးမှုကို ဖုံးကွယ်ထားပေမည်။

သူသည် ဂုဏ်ယူဝံ့ကြွားသူဖြစ်ပြီး သူ၏စစ်မှန်သော စွမ်းရည်များကြောင့် ဧကရာဇ်ဥယျာဉ်တွင် ထူးချွန်ထက်မြက်သော ရွယ်တူရာပေါင်းများစွာကို အနိုင်ယူခဲ့ပြီး နောက်ဆုံးတွင် ဧကရာဇ်ဥယျာဉ်၏ ဆက်ခံသူအဖြစ် ပထမဆုံးဖြစ်လာခဲ့သည်။ သူသည် မရေတွက်နိုင်သော မိန်းကလေးများစွာနှင့် တွေ့ဆုံဖူးသော်လည်း ရွှယ်ယုကသာ သူ့ကို ဆွဲဆောင်နိုင်ခဲ့သည်။ ယခု သူမသည် အခြားလူငယ်တစ်ဦးကို မထင်မှတ်ဘဲ စိတ်ဝင်စားနေသည်ကို တွေ့လိုက်ရသောကြောင့် ထိုသူအား သူ သတိထားလိုက်မိသည်။

"မင်း ငါတို့ကို မိတ်ဆက်ပေးမလား။"

၎င်းသည် ပေါ့ပေါ့ပါးပါး စုံစမ်းမှုတစ်ခုဟု ထင်ရသော်လည်း ချူယွမ်၏မျက်လုံးများသည် ရွှယ်ယုကို လုံးဝ စိုက်ကြည့်နေသည်။ “မျက်လုံးများသည် စိတ်ဝိညာဉ်၏ပြတင်းပေါက်” ဖြစ်သည်ဟု သူ ယုံကြည်ထားပေရာ သူမ၏မျက်လုံးများထဲတွင် သတင်းအချက်အလက်များကို သူ ပိုမိုမြင်ချင်ခဲ့သည်။

ရွှယ်ယုက တခဏ တုံ့ဆိုင်းသွားပြီးမှ တုံ့ပြန်လာသည်။ “မစ္စတာထန်မှာ ထူးဆန်းတဲ့ စိတ်ထားရှိတယ်။ ငါ နင့်ကို သူနဲ့တွေ့ဖို့ အပြေးခေါ်သွားရင် သူ စိတ်ဆိုးပြီး ငါတို့ကို ဘုကလန့်တိုက်မှာကိုစိုးမိတယ်။ အမှန်တော့ ငါက သူ့နောက်ကို မျက်နှာ အရေထူထူထားပြီး လိုက်နေတာ။ ဘာလို့ဆိုတော့ သူက သူ့နောက်ကို လိုက်နေတဲ့ ငပျင်းတွေကို မကြိုက်ဘူးလို့ ပြောတဲ့အတွက် ငါ တွန်းလှည်းကို ကူတွန်းလိုက်ရုံပါပဲ။”

ချူယွမ်၏မျက်လုံးများ မှေးစင်းသွားကာ သည်ပြောပြချက်က သူ့အား ဤမစ္စတာထန်ကို စိတ်ဝင်တစား ရှိစေခဲ့သည်။ ရွှယ်ယုကို မြင်သော သာမန်လူငယ်တစ်ယောက်အတွက် သူမ၏သွင်ပြင်ကို ရှင်းရှင်းလင်းလင်း မမြင်ရသည့်တိုင် သူမ၏ခန္ဓာကိုယ်ပုံသဏ္ဍာန်၊ အမူအရာနှင့် လှပသောမျက်လုံးများသည် သွားရည်ကျစေလောက်အောင် ဆွဲဆောင်နိုင်ပေသည်။ သို့တိုင် ဒီမစ္စတာထန် … ခက်ခက်ခဲခဲ ကစားရမည့်ပုံပဲ။ သူ တကယ်ပဲ ရွှယ်ယုကို လုံးဝ စိတ်မဝင်စားခဲ့တာလား။

"ဒါဆို မင်း အခု ဘယ်ကို သွားနေတာလဲ။" ချူယွမ်က မေးသည်။

"ဆရာဟွမ်ရဲ့နေရာကိုလေ။ သူ့တဲကို မစ္စတာထန်က ငှားထားပြီးပြီ။” ရွှယ်ယုက ဖြေသည်။

***

All Chapters