လောင်းကစားဂိမ်း
Vol. 47 Ch. 645
ထန်ရှု တဲအတွင်းသို့ လျှောက်လာစဉ် ဆရာကြီးဟွမ်နှင့် တရုတ်ရိုးရာဝတ်စုံဝတ်ထားသော အဘိုးအိုသည် ဆိုဖာပေါ်တွင် ထိုင်ပြီး စကားလက်ဆုံကျနေသည်ကို တွေ့လိုက်ရသဖြင့် သူက ပြုံးပြီးပြောလိုက်သည်။ "ဆရာဟွမ် … ကျွန်တော် ကျောက်တွေ အများကြီး ဝယ်လာမိလို့ ဒီနေ့ ဆရာဟွမ်ကို ဒုက္ခပေးသလို ဖြစ်မှာကိုစိုးမိပါတယ်။ ဒီနေ့လည်ခင်းမှာ ဒါတွေအားလုံး ဆရာဟွမ် လုပ်နိုင်ပါ့မလားလို့ တွေးမိသွားတယ်။”
ဆရာဟွမ်က ချက်ချင်းထရပ်ပြီး ထန်ရှုနောက်ကနေ ပါလာသည့် လှည်းခြောက်စီးကို ကြည့်ကာ အားတင်းပြုံးလိုက်ရင်း
"အချိန်ပိုမလုပ်ရင်တော့ ငါ ပြီးမှာမဟုတ်ဘူး။"
“အဆင်ပြေပါတယ်။ ခင်ဗျား အကောင်းဆုံး လုပ်ရုံပါပဲ။ မပြီးနိုင်ရင် မနက်ဖြန်ထိ ကျွန်တော်တို့ ဆက်လုပ်ကြတာပေါ့။" ထန်ရှုက ပြောလိုက်သည်။
ဆရာဟွမ်က တုံ့ပြန်စကားဆိုပြီး လှည်းတွန်းသူ ခြောက်ဦးကို နှုတ်ဆက်လိုက်ကာ ကျောက်တုံးများကို အနီးနားရှိ ကျောက်ဖြတ်သွေးစက်သို့ ရွှေ့ခိုင်းလိုက်သည်။
ကျောက်တုံးများ ရွှေ့ပြောင်းနေချိန်တွင် သူ၏အမူအရာသည် ရုတ်တရက် လေးစားသော အမူအရာသို့ ပြောင်းလဲသွားပြီး ဆိုင်အတွင်းသို့ ဝင်လာသော ချူယွမ်နှင့် ရွှယ်ယုအား လျင်မြန်စွာ ကြိုဆိုလိုက်သည်။
“ဧကရာဇ်ဥယျာဉ်ရဲ့သခင်လေးကို အရိုအသေပြုပါတယ်။ (ဧကရာဇ်ဥယျာဉ်ရဲ့သခင်လေးကို အရိုအသေပြုပါတယ်။)"
တရုတ်ရိုးရာဝတ်စုံဝတ်ထားသည့် အဘိုးအိုကလည်း တစ်ပြိုင်နက်တည်း လေးလေးစားစား နှုတ်ဆက်သည်။
"ကျေးဇူးပြုပြီး ထုံးတမ်းစဉ်လာတွေ လုပ်မနေပါနဲ့ အကြီးအကဲဥယျာဉ်မှူးတို့။"
ချူယွမ်က ပေါ့ပေါ့ပါးပါး ပြုံးကာ ပြောလိုက်သည်။
"ကျောက်စိမ်းအလှမယ်နဲ့တွေ့ပြီး မစ္စတာထန်က စီနီယာဟွမ်ရဲ့တဲကို ငှားထားတယ်ဆိုတာ သိလိုက်ရလို့ သူတို့အနောက်က လိုက်လာတာပါ။ စကားမစပ် … တွေ့ရတာ အရမ်းဝမ်းသာပါတယ် မစ္စတာထန်။"
"တွေ့ရတာ အရမ်းဝမ်းသာပါတယ် မစ္စတာချူ။" ထန်ရှုကလည်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"မစ္စတာထန်က ငါ့ကို သိနေတာလား။" ချူယွမ်က အံ့အားသင့်စွာ မေးလိုက်သည်။
“ရှန်ဟိုင်းက ဧကရာဇ်ဥယျာဉ်ရဲ့ အမွေဆက်ခံသူ၊ ဧကရာဇ်ရောင်ဝါအုပ်စုပိုင်ရှင်နဲ့ ဧကရာဇ် စိမ်းလန်းစိုပြည် အပန်းဖြေဥယျာဉ်ကို တည်ထောင်သူ။ ခင်ဗျားလို ကျော်ကြားပြီး သြဇာကြီးတဲ့သူမျိုးကိုမှ ကျွန်တော် မသိရင် ကျွန်တော်က အသိဉာဏ်ပညာ အကန့်အသတ် ရှိနေတဲ့ လူ့ဗာလတစ်ယောက် ဖြစ်သွားမှာပေါ့ မဟုတ်ပေဘူးလား။"
ထန်ရှု၏တုံ့ပြန်စကားကြောင့် ချူယွမ်၏ရင်ထဲတွင် သူ့အပေါ် သတိထားမှုသည် များစွာတိုးလာသည်။ တစ်ဖက်လူက သူ့အကြောင်း တော်တော်များများ သိပြီး သူက တစ်ဖက်လူအကြောင်း ဘာမှ မသိချေ။ သည်ကဲ့သို့သော ခံစားချက်တစ်ခုသည် လွန်စွာ ဆိုးလှသည်။ ချုယွမ်သည် ဤခံစားချက်ကို မကြိုက်သော်လည်း သူ၏အလွန်မြင့်မားသော ဉာဏ်ရည်ဉာဏ်သွေးကြောင့် ဣန္ဒြေမပျက်စေရဘဲ “မစ္စတာထန်က နောက်နေပြန်ပြီဗျာ။ စကားမစပ် … မစ္စတာထန်က ဘယ်နယ်ပယ်မှာ ပါဝင်တယ်ဆိုတာ သိလို့ရနိုင်မလား။”
"ကျွန်တော်က ကျောင်းသားတစ်ယောက်ပါပဲဗျာ။" ထန်ရှုက ဖြေသည်။
တွန်းလှည်းများပေါ်မှ ချထားသော ကျောက်တုံးများကို ညွှန်ပြကာ ချူယွမ်က အသာပြုံးလိုက်ရင်း “ကျောက်စိမ်းအရိုင်းများစွာကို ဝယ်နိုင်တဲ့ ကျောင်းသားတစ်ယောက် … ဒီလိုကျောင်းသားမျိုးက အရမ်းရှားတယ် မဟုတ်ဘူးလား။”
"ကျွန်တော့်အကြောင်းကို မေးချင်တယ်ဆိုရင် ကွေ့ဝိုက်ပြီး ပြောမနေပါနဲ့ မစ္စတာချူ။" ထန်ရှုက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"ကျွန်တော်က ဦးနှောက်စားတာတွေ ဖြေရှင်းရတာ မကြိုက်တဲ့အတွက် သိချင်တာရှိရင် တိုက်ရိုက် မေးလို့ရပါတယ်။"
ချူယွမ်က သူ၏မျက်ခုံးများကို ပင့်ပြီးပြောသည်။ "မစ္စတာထန်က ပွင့်ပွင့်လင်းလင်းသမားမို့ လိုရင်းကို ပြောလိုက်တော့မယ်။ ငါ မင်းအကြောင်းကို အရမ်း သိချင်သလို မစ္စတာထန်ရဲ့ နောက်ခံကိုလည်း သိချင်နေမိတယ်။ အနာဂတ်မှာ ငါတို့တွေက သူငယ်ချင်းကောင်းတွေ ဖြစ်ကောင်းဖြစ်လာနိုင်တယ်လေ။”
“သူငယ်ချင်း ဖြစ်နိုင်လား မဖြစ်နိုင်လားတော့ ကျွန်တော် အဲ့ဒါကို မသိဘူး။ ဒါပေမယ့် ခင်ဗျား ဒီကို ရောက်လာတာက ကျွန်တော် ဒီနေရာကို လာရတဲ့ ရည်ရွယ်ချက်ကို ထိခိုက်သွားစေတယ်ဗျ။ ကျွန်တော့်ကို တွန်းလှည်း ကူတွန်းပေးနေခဲ့တဲ့ ဒီကျောက်စိမ်းအလှမယ်က ခင်ဗျားနဲ့စကားပြောဖို့ လိုအပ်လို့ အပျင်းကြီးသွားတယ်။ အဲ့ဒါကြောင့် ခင်ဗျားရဲ့ ချမ်းသာမှုနဲ့ဂုဏ်ပုဒ်အရ ကျွန်တော့်ကို နစ်နာကြေး တစ်ခုခု မပေးသင့်ဘူးလား မစ္စတာချူ။"
ထန်ရှုက ရယ်ရယ်မောမော ပြောလိုက်သည်။
"မစ္စတာထန် ငါ့ကို တောင်းဆိုတဲ့ နစ်နာကြေးက ဘယ်လောက်လဲ။"
ချူယွမ်က အပြုံးသဲ့သဲ့ဖြင့် မေးလိုက်သည်။
"ကောင်းပြီ။ ကျွန်တော်က စိတ်ကျေနပ်လွယ်တဲ့ လူတစ်ယောက်ပါ။" ထန်ရှုက တုံ့ပြန်လိုက်သည်။
ချူယွမ်က တခဏလောက် စဉ်းစားလိုက်ပြီး လှည့်ကာ သူ့နောက်က တွန်းလှည်းနှစ်စီးကို ညွှန်ပြပြီး
"မစ္စတာထန်က ကျောက်အရိုင်းတုံးကို လောင်းကစားရတာ သဘာကျတယ်ဆိုတော့ ငါက မင်းကို ကျောက်တုံးတွေနဲ့ ပေးရင်ရော ဘယ်လိုလဲ။"
ထိုသို့ပြောပြီးနောက် ထန်ရှု၏အဖြေကိုပင် မစောင့်ဘဲ လက်ကို တိုက်ရိုက်ဖြန့်ကာ ပြောလိုက်သည်။
"ကျေးဇူးပြုပြီး…"
ထန်ရှုက လျော်ကြေးတောင်းလိုက်သည်မှာ ဟာသ ပြောလိုက်သည့်သဘောသာ ဖြစ်သည်။ ထိုစကားကို ချူယွမ်က အလေးအနက် ထားလိမ့်မည်ဟု သူ မထင်ထားမိချေ။ အထူးသဖြင့် ချူယွမ်၏ မျက်လုံးများသည် အထူးလေးနက်နေဟန် ရှိသောကြောင့် နောက်ပြောင်နေခြင်းမဟုတ်သည်ကို ချူယွမ်၏မျက်နှာထက်တွင် မြင်နိုင်ပေသည်။
"မစ္စတာချူက ဒါကို ဘယ်လောက်တောင် အလေးအနက်ထားတယ်ဆိုတာ မြင်လိုက်ရတော့ ငြင်းလိုက်တာထက်စာရင် ယဉ်ယဉ်ကျေးကျေး လက်ခံလိုက်တာက ပိုမကောင်းပေဘူးလားဗျာ။" ထိုစကားကို ပြောပြီးနောက် ထန်ရှုသည် ပထမလှည်းဆီသို့ တန်းသွားကာ သူ၏စိတ်ဝိညာဉ်အာရုံကို ထုတ်ဖော်ပြီး သူ၏လက်ချောင်းများဖြင့် အပေါ်ဆုံးကျောက်တုံး ခုနစ်တုံး သို့မဟုတ် ရှစ်တုံးကို ထိလိုက်သည်။ ခဏအကြာတွင် သူ၏မျက်လုံးထဲတွင် ပုံမှန်မဟုတ်သော တောက်ပမှုတစ်ခု ဖျတ်ကနဲ ပေါ်လာပြီး လက်သီးဆုပ်အရွယ် ကျောက်အရိုင်း တစ်တုံးကို ကောက်ယူကာ သူပိုင်ဆိုင်သော ကျောက်တုံးပုံထဲသို့ ပစ်ချလိုက်သည်။
"ဆရာဟွမ်ကို ဒုက္ခပေးမိပြီ။" ထန်ရှုက ပြောသည်။
ဆရာဟွမ်သည် ချူယွမ်ကို လျင်မြန်စွာ ကြည့်လိုက်ပြီး အပြုံးဖြင့် ခေါင်းညိတ်ကာ
"ငါ အခု လုပ်လိုက်ပါမယ်။"
"ခဏလေး စောင့်ပါ အကြီးအကဲဟွမ်။" ချူယွမ်က သူ့လက်ကို မြှောက်ကာ ဟန့်တားလိုက်သည်။
"မစ္စတာထန် … ငါတို့ ဒီနေ့ ဒီမှာဆုံတွေ့ဖို့ ကံကြမ္မာက ဖန်လာသလို စိတ်ဝင်စားတဲ့ အကြောင်းအရာကလည်း တူညီကြတော့ ငါတို့၂ယောက် အလောင်းအစားလေး တစ်ခုလောက် လုပ်ကြမလား။"
"ဘယ်လို အလောင်းအစားမျိုးလဲဗျ။" ထန်ရှုက ပြန်မေးသည်။
"မင်းလည်း ကျောက်တုံးတွေ အများကြီး ရွေးခဲ့သလို ငါရောပဲ ရွေးခဲ့တယ်။ ဒီအထဲက ကျောက်တုံးသုံးတုံးစီ ယူပြီး ဆရာဟွမ်ကို ဖြတ်ခိုင်းလိုက်ရင်ရော။ ကျောက်တုံးတွေကနေ ထွက်လာတဲ့တန်ဖိုး များတဲ့လူက အနိုင်ရမယ်။”
ထန်ရှုက ရယ်လိုက်ပြီး
"ခင်ဗျား တကယ်ကြီး အလောင်းအစား လုပ်ချင်နေတာလား။"
"ဟုတ်တယ်။" ချူယွမ်က တည့်တိုးပင် ပြောသည်။ "နောက်ပြီး ငါတို့အလောင်းအစားနဲ့ပတ်သက်ပြီး လောင်းကြေးတချို့လည်း ရှိသင့်တယ်လို့ ငါ ထင်တယ်။"
"ကောင်းပါပြီ။ ဒါဆို လောင်းကြေးကို ခင်ဗျား ဆုံးဖြတ်ပါ။" ထန်ရှုက တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်ဖြေသည်။
ရွှယ်ယုကို စိုက်ကြည့်ပြီးနောက် ချူယွမ်က ပြောလိုက်သည်။
"ကောင်းပြီ။ အနိုင်ရတဲ့သူက ကျောက်စိမ်းအလှမယ်ကို ညစာစားဖို့ ဖိတ်ခေါ်ခွင့်ရမယ်။ ကျောက်စိမ်းအလှမယ် … မင်း ငါတို့နှစ်ယောက်ကို မျက်နှာသာပေးမယ်မလား။"
ရွှယ်ယု၏မျက်လုံးများထဲတွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်လာပြီး သူမ၏အကြည့်များသည် ထို၂ယောက်အား အပြန်ပြန်အလှန်လှန် ကြည့်နေခဲ့သည်။ ချူယွမ်သည် ထိုသို့သော လောင်းကြေးကို အဆိုပြုလိမ့်မည်ဟု သူမ၏စိတ်ထဲတွင် မထင်ထားခဲ့သော်လည်း သူမနှင့် ညစာအတူစားလိုသည့် အခွင့်အရေး ရရန် ကြိုးစားနေသော သူ၏ရည်ရွယ်ချက်အား သူမ သတိပြုမိပြီး တစ်ချိန်တည်းမှာပင် ထန်ရှုနှင့် ဓားချင်းပြိုင်ခုတ်သည့်အလား ကစားပွဲအား အနိုင်ရလိုနေသည့်သဘောထားကိုပါ ရိပ်မိသွားသည်။ "ဒါက ကျွန်မရဲ့ပျော်ရွှင်မှုပဲ ဖြစ်ပါလိမ့်မယ်။"
စိတ်ခံစားချက်ပိုင်းဆိုင်ရာတွင် ထန်ရှု၏ဉာဏ်ရည်သည် သာမန်မျှသာ ရှိသော်လည်း သူ၏လွန်စွာ မြင့်မားလှသော အသိဉာဏ်ပညာဖြင့် ချူယွမ်၏ ရည်ရွယ်ချက်အမှန်ကို ချက်ချင်း ရိပ်မိနိုင်သောကြောင့် သူက ခေါင်းညိတ်လိုက်ကာ
"ကောင်းပြီလေ။ ကျွန်တော် သဘောတူတယ်။"
ချူယွမ်သည် စကားအပို ထပ်မပြောတော့ဘဲ သူ၏လှည်းဆီသို့ လျှောက်သွားသည်။ ကျောက်တုံးများကို ချရန် လှည်းတွန်းသူကို အမိန့်ပေးလိုက်ပြီး နှစ်မိနစ်ခန့် သေချာစွာ ကြည့်ပြီးနောက် ကျောက်တုံးသုံးတုံးကို ရွေးယူလိုက်သည်။
"ဒီကျောက်တုံးသုံးတုံးကို ငါ သုံးမယ်။" ချူယွမ်က ပြောလိုက်သည်။
"ဒီနေရာမှာ ငါ့ကျောက်တုံးတွေ အများကြီး ရှိတယ်။" ထန်ရှုက ခေါင်းတစ်ချက်ညိတ်ပြရင်း
"ဆရာဟွမ် … ခင်ဗျား အဆင်ပြေတဲ့သုံးတုံးကို ယူလိုက်ပါ။"
ဆရာဟွမ်က အူတူတူ ဖြစ်သွားပြီး ချူယွမ်က မျက်မှောင်ကြုတ်လိုက်မိသည်။
…ကျောက်တုံးသုံးတုံးကို ကြုံသလို ယူခိုင်းလိုက်တာလား။ ထန်ရှုရဲ့ အဓိပ္ပာယ်က ဘာလဲ။ သူ့ကို အထင်သေးနေတာလား ဒါမှမဟုတ် သူကိုယ်တိုင် ရွေးဝယ်ထားတဲ့ ကျောက်တုံးအားလုံးကို ယုံကြည်နေတာလား။…
ဆရာဟွမ်က သူ့အား မေးမြန်းသော အကြည့်ဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသောကြောင့် ချူယွမ်က ချက်ချင်း ခေါင်းညိတ်လိုက်သည်။
ကျောက်တုံးပုံကို ကြည့်လိုက်ပြီးနောက် ဆရာဟွမ်သည် ချူယွမ် ရွေးချယ်ထားသည့် ကျောက်နှင့် အရွယ်အစားအားလုံး တူညီလုနီးပါး ရှိသော ကျောက်တုံး သုံးတုံးကို ကောက်ယူလိုက်သည်။ ထို့နောက် သူက ထန်ရှုဘက် လှည့်ပြီး ပြကာ မေးသည်။
"နတ်ဆေးသမားတော်ထန် … ဒီသုံးတုံးဆိုရင်ရော ဘယ်လိုလဲ။"
"အဆင်ပြေပါတယ်။" ထန်ရှုက မထူးခြားလေဟန် အပြုံးဖြင့် ပြောသည်။
ချူယွမ်၏အမူအရာသည် ရုတ်တရက် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ “နတ်ဆေးသမားတော်ထန်” ဟူသော ခေါ်သံသည် သူ၏စိတ်ထဲတွင် ပဲ့တင်ထပ်နေသည်။ ထို့ကြောင့် ချက်ချင်းဆိုသလိုပင် သူ၏လက်ကိုင်ဖုန်းကို ထုတ်လိုက်ပြီး သတင်းအချက်အလက်တချို့ကို ရှာဖတ်လိုက်သည်။ ဖတ်ပြီးသွားသည်နှင့် သူ၏အမူအရာသည် ချက်ချင်းပင် ပိုမိုသတိထားသောအသွင် ဖြစ်လာသည်။ ထန်ရှု မည်သူမည်ဝါ ဖြစ်သည်ကို နောက်ဆုံးတွင် သိရှိသွားသည့်အခါ သူ၏အတွင်းစိတ်တွင် နောင်တရလာသလို ဖြစ်လာခဲ့ရသည်။
…ကြယ်တာရာတရုတ်တိုင်းရင်းဆေးရုံမှ နတ်ဆေးသမားတော်လေး၊ ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစု၏ နောက်ကွယ်မှ သူဌေးကြီး၊ လွန်ခဲ့သော တစ်နှစ်ခွဲခန့်က စတင်တွေ့ရှိခဲ့သော ပေကျင်းထန်မိသားစု၏ အမျိုးအနွယ်ဖြစ်သလို ထန်မိသားစု၏အထူးချွန်ဆုံး ဂျူနီယာ ဖြစ်သည်။ ဂီတ၊ ပန်းချီအနုပညာကို ကျွမ်းကျင်ပြီး ဆေးလောကတွင် ခေတ်အဆက်ဆက် တုနှိုင်းမယှဉ်နိုင်သော ပါရမီရှင်တစ်ဦး ဖြစ်သည်။ ထိုသူသည် အလွန်သိုသိုသိပ်သိပ်နေတတ်သော စိတ်ထားရှိပြီး အကြိမ်ပေါင်းများစွာ မတော်တဆ အဖြစ်အပျက်များစွာကြောင့် နာမည်ဂုဏ်သတင်း တက်လာခဲ့ခြင်းဖြစ်သည်။…
ဤမျှလောက်သော အချိန်တိုလေးအတွင်းမှာပင် ချူယွမ်သည် သူ၏အကြောင်းအချက်အလက်များကို စေ့ငုံစွာ သိရှိသွားခဲ့ပြီကို ထန်ရှုကိုယ်တိုင်ပင် မသိခဲ့ပေ။ ထန်ရှုသည် ချီတုံချတုံဖြစ်နေဟန် ရှိသည့် ဆရာဟွမ်ကို ကြည့်ကာ အပြုံးဖြင့်
"ဆရာဟွမ် … မစ္စတာချူပိုင်တဲ့ ကျောက်တုံးတွေကို အရင် ဖြတ်လိုက်ပါ။ ဒီအလောင်းအစားက သူ့ရဲ့စိတ်ကူးဖြစ်တာမို့ သူ့ရဲ့အမြင်ကိုလည်း ကျွန်တော် ကြည့်ချင်ပါတယ်။”
ဆရာဟွမ်က ခေါင်းညိတ်တုံ့ပြန်လိုက်သည်။ ဆရာဟွမ်၏ကျောက်ဖြတ်နည်းစနစ်သည် မှတ်သားစရာ ကောင်းပြီး ပထမကျောက်အရိုင်းတုံးကို လျင်မြန်စွာ အကွက်ဖော်ဖြတ်တောက်ကာ အတွင်းမှ ကျောက်စိမ်းတုံးကို ဖော်ထုတ်နိုင်ပေသည်။ ၎င်းကို သေချာစွာ အကွက်ဖော်သွေးပြီးနောက်တွင် လက်မအရွယ် ကျောက်စိမ်းတုံးတစ်တုံးနှင့် လက်သည်းခွံအရွယ် ကျောက်စိမ်းတုံးတစ်ဒါဇင်ကို ရလာခဲ့သည်။
"မဆိုးပါဘူး။" ဘေးတွင် ရပ်နေသော ထန်ရှုက ချီးကျူးလိုက်သည်။
တစ်ဖက်တွင် ရပ်နေသော ရွှယ်ယုသည် အံ့သြဟန်မပြချေ။ အဘယ်ကြောင့်ဆိုသော် ချူယွမ်သည် ကျောက်စိမ်းနှင့်ကျောက်အရိုင်းတုံးတွင် အသိပညာဗဟုသုတရှိပြီး ကျောက်လောင်းကစားခြင်းတွင် ထူးထူးခြားခြား ကောင်းမွန်သည်ကို သူမ သိထားသောကြောင့် ဖြစ်သည်။ ချူယွမ် ဧကရာဇ်ဥယျာဉ်မှ ထွက်ခွာသွားခဲ့ပြီး နောက်ပိုင်း သူရရှိသော စည်းစိမ်ဥစ္စာများသည် ကျောက်စိမ်းအရိုင်းတုံးများပေါ်တွင် အလောင်းအစား လုပ်ခြင်းမှ ရလာခြင်းဖြစ်သည်။
ဆရာဟွမ်သည် ထုတ်ယူခဲ့သော ကျောက်စိမ်းများကို ဘေးတွင် ချလိုက်ပြီး ဒုတိယကျောက်တုံးကို ဆက်လက်ဖြတ်တောက်လိုက်သည်။ ဝမ်းနည်းစရာမှာ ထိုကျောက်တုံးကို ဖြတ်ပြီးနောက်တွင် အစိမ်းရောင်အရောင်အသွေးကို မြင်တွေ့ရသော်လည်း ၎င်းသည် ကြယ်အပိုင်းအစများလောက်သာ ရပြီး ထိုကျောက်အရိုင်းတုံးကို ဝယ်ယူရန် သုံးစွဲသည့် ငွေကြေးစုစုပေါင်းတန်ဖိုးကိုပင် မရခဲ့ပေ။
တတိယတစ်တုံး။
ဆရာဟွမ်သည် ကျောက်အရိုင်းတုံးအစွန်းကို ဖြတ်လိုက်သောအခါတွင် ကျယ်ပြန့်နက်ရှိုင်းသော အစိမ်းရင့်ရောင် ဂျေဒိုက်ကျောက်စိမ်းသားတစ်ခုကို ရှင်းလင်းစွာ မြင်ရသည်။ အကွက်ဖော်ဖြတ်တောက်ကာ ပွတ်တိုက်ဖယ်ရှားပြီးနောက်တွင် လက်သီးဆုပ်အရွယ် ဂျေဒိုက်ကျောက်စိမ်းတုံးတစ်တုံးကို သေချာစွာ ထုတ်ယူနိုင်ခဲ့သည်။
“ဒီဂျေဒိုက်ကျောက်စိမ်းတုံးရဲ့ စုစုပေါင်းတန်ဖိုးက အနည်းဆုံး ယွမ်မီလီယံ၅၀ပဲ။”
ဆရာဟွမ်သည် ကျောက်စိမ်းတုံးများကို ဖြတ်တောက်ရာတွင် ကောင်းစွာ ကျွမ်းကျင်ရုံသာမက နက်ဖရိုက်ကျောက်စိမ်းနှင့် ဂျေဒိုက်ကျောက်စိမ်းများ၏ တန်ဖိုးကို ပိုင်းဖြတ်ရာတွင်လည်း ဗဟုသုတ ရှိသူဖြစ်သည်။ ဗန်းပေါ်တင်ပြီးနောက် သူ မအောင့်နိုင်ဘဲ အော်ပြောလိုက်သည်။
ဆရာဟွမ်၏မှတ်ချက်ကို ကြားပြီးနောက် ရလဒ်သည် သူ့အား ကျေနပ်စေသောကြောင့် ချူယွမ်၏ မျက်နှာထက်တွင် ပေါ့ပါးသော အပြုံးတစ်ခု ပေါ်လာသည်။ သူ ယူလိုက်သော ကျောက်တုံးသုံးတုံး အနက် ဒုတိယတစ်တုံးမှာ အတန်ငယ် စိတ်ကျေနပ်ဖွယ် မရှိသော်လည်း ကျန်နှစ်တုံးမှာ အလောင်းအစားအတွက် အထောက်အကူဖြစ်ပေလိမ့်မည်။ ရောင်းချမည်ဆိုပါက အဆိုပါ ကျောက်စိမ်းအရိုင်းတုံးများမှ ထုတ်ယူသည့် ကျောက်စိမ်းနှင့် ဂျေဒိုက်ကျောက်စိမ်းများသည် ယွမ် မီလီယံ ၆၀ မှ မီလီယံ ၇၀အထိ တန်ဖိုးရှိသည်။
"မစ္စတာထန်ရဲ့ကျောက်အရိုင်းတုံးတွေကို ဖြတ်ဖို့ အလှည့်ပဲ မဟုတ်လား အကြီးအကဲဟွမ်။"
ဆရာဟွမ်၏မျက်လုံးများတွင် အနည်းငယ် ရှုပ်ထွေးနေသော အရိပ်အယောင် ထင်ဟပ်နေသည်။ သူက စိတ်အနှောက်အယှက်ကင်းပြီး သက်တောင့်သက်သာရှိဟန်ဖြစ်နေသည့် ထန်ရှုကို ကြည့်ကာ
"ငါ အခုစလုပ်တော့ရမှာလား မစ္စတာထန်။"
"စလုပ်ပါ။" ထန်ရှုက ပြုံးပြီး ဖြေသည်။
ဆရာဟွမ်က ခေါင်းညိတ်ပြပြီး မဖြတ်မီ ဘောလုံးအရွယ်အစားရှိ ကျောက်စိမ်းအရိုင်းတုံးအား ကြိမ်ဖန်များစွာ ဂရုတစိုက် ကြည့်လိုက်သည်။ မိနစ်အနည်းငယ်အကြာ ကျောက်တုံးတစ်ဝက်နီးပါး ဖြတ်တောက်ပြီးသောအခါတွင် နို့နှစ်ဖြူရောင်ရှိသော ကျောက်စိမ်းတစ်လုံး ထွက်ပေါ်လာသည်။
"ကျောက်စိမ်းဖြူလား…"
ဆရာဟွမ်က အံ့အားသင့်သွားပြီး ကျွမ်းကျင်စွာ ပွတ်တိုက်ဖယ်ရှားလိုက်သည်။ ဖြတ်တောက်ခြင်း ပြီးသောအခါတွင် အခွံမာသီးအရွယ် ကျောက်စိမ်းဖြူ နှစ်တုံးနှင့် သစ်စေ့ကျောက်စိမ်းဒါဇင်ပေါင်းများစွာကို ထုတ်ယူနိုင်ခဲ့သည်။
ထိုအချိန်တွင် ရွှယ်ယု၏မျက်နှာပေါ်တွင်လည်း အံ့အားသင့်နေသော အမူအရာတစ်ခု ပေါ်လာသည်။ သူမသည် ထန်ရှု၏တည်ငြိမ်နေသော မျက်နှာအား အကဲခတ်ရင်း ရုတ်တရက် သူမ၏စိတ်နှလုံးအတွင်း၌ ပုံမှန်မဟုတ်သော ခံစားချက်အချို့ ပေါက်ဖွားလာသည်။ ယနေ့ လောင်းကစားသည် အနည်းငယ် ရယ်စရာကောင်းပြီး စိတ်ဝင်စားစရာ ကောင်းမည်ဟု သူမ ဖျတ်ခနဲ ခံစားမိသည်။
ချူယွမ်၏မျက်နှာပေါ်ရှိ အမူအရာမှာ မပြောင်းလဲဘဲ ရှိနေသော်လည်း စိတ်အတွင်း၌ လျှို့ဝှက်စွာ မချိပြုံး ပြုံးနေရပြီဖြစ်သည်။ ထန်ရှု၏ကံကြမ္မာက ကျောက်စိမ်းဖြူအား ပထမဆုံး ကျောက်အရိုင်းတုံးထဲကပင် ထုတ်ယူနိုင်လောက်အောင် ကောင်းနေလိမ့်မည်ဟု သူ မထင်ထားခဲ့မိပါချေ။ ကျောက်တန်ဖိုးက သူ ရထားခဲ့သည်လောက် မကောင်းသည့်တိုင် သည်ဟာသည် ပထကျောက်တုံးပဲ ရှိပါသေးသည်။ မဖြတ်ရသေးသော ကျောက်တုံးနှစ်တုံး ကျန်သေးသည်။
"ဆက်လုပ်ပါ။" ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးကာ ပြောလိုက်သည်။
ဆရာဟွမ်က ခေါင်းညိတ်ပြပြီး ဒုတိယကျောက်တုံးကို ကောက်ယူကာ ဖြတ်လိုက်သည်။
"အနီရောင်လား။" ဆရာဟွမ် ဖြတ်တောက်နေရင်း ကျောက်အရိုင်းတုံးမှ အနီရောင်အရိပ်အယောင်များကို တွေ့လိုက်ရသည်။ ၎င်းကို သန့်ရှင်းရေး စတင်လုပ်လိုက်ပြီး အကွက်ဖော် လှီးဖြတ်လိုက်သောအခါတွင် တောက်ပသော အနီရောင် ကျောက်စိမ်းသည် လူတိုင်း မြင်စေရန် ပေါ်ထွက်လာခဲ့သည်။
"ဒါက သွေးကျောက်စိမ်း … အရည်အသွေး အကောင်းဆုံး သွေးကျောက်စိမ်းပဲ" ဆရာဟွမ်၏ အသံသည် အနည်းငယ် တုန်ရီသွားသည်။ သွေးကျောက်စိမ်းသည် အလွန်တန်ဖိုးရှိသော အရာဖြစ်ပြီး အရည်အသွေးအကောင်းဆုံး သွေးကျောက်စိမ်းသည် ပိုက်ဆံရှိလျှင်ပင် ဝယ်ရခက်သော ရှားပါးသည့် အဖိုးတန်ပစ္စည်းတစ်ခု ဖြစ်ကြောင်း သိထားရမည်ဖြစ်သည်။ ဥပမာအားဖြင့် ချူယွမ်၏ခါးတွင်ဆွဲထားသည့် သွေးကျောက်စိမ်းကို ထွင်းထုထားသောကျောက်စိမ်းအဆင်တန်ဆာ၏ တန်ဖိုးသည် လွန်စွာ မြင့်မားပေသည်။
ရွှယ်ယုသည် အံ့အားသင့်စွာဖြင့် ထန်ရှု၏ တည်ငြိမ်နေသော အမူအရာကို ကြည့်လိုက်သည်။ ထန်ရှု ဝယ်ယူလာခဲ့သည့် ဒုတိယကျောက်တုံးတွင် သွေးကျောက်စိမ်းပင် ပါဝင်လာပြီး အရည်အသွေး အကောင်းဆုံး သွေးကျောက်စိမ်းဖြစ်လိမ့်မည်ဟု သူမ မထင်ခဲ့မိပေ။
တစ်ခုခု ထူးဆန်းနေသလိုပဲ။
ထန်ရှု၏တည်ငြိမ်နေသော အမူအရာကို ကြည့်နေရင်း သူမ၏စိတ်နှလုံးသားထဲတွင် ထူးဆန်းသော ခံစားမှုများ ဖြစ်ပေါ်နေသည်။ တတိယကျောက်တုံးကို မဖြတ်တောက်ရသေးသည့်တိုင် ထန်ရှု အနိုင်ရသွားကြောင်း သူမ သိပေသည်။
အဆိုပါသွေးကျောက်စိမ်း၏တန်ဖိုးသည် ချူယွမ် ရရှိထားသော နက်ဖရိုက်ကျောက်စိမ်းနှင့် ဂျေဒိုက် ကျောက်စိမ်း၏စုစုပေါင်းတန်ဖိုးထက် သာလွန်နေပါသည်။
***