← Chapters

စတင်လှုပ်ရှားပြီ

Vol. 47 Ch. 648

စတင်လှုပ်ရှားပြီ

Vol. 47 Ch. 648

ညစာစားပြီးနောက် ထန်ရှုသည် ဆရာဟွမ် တည်းခိုနေသော ဟိုတယ်သို့ အလျင်စလို မလာခဲ့ဘဲ မြစ်ဟောင်းလမ်းဒေသရှိ ဟိုတယ်ငယ်တစ်ခုသို့ ကားမောင်းသွားခဲ့သည်။ထာဝရခန်းမမှ ကျွမ်းကျင်သူ ဆယ်ဦးကို ဦးဆောင်လာသည့် မိုအားဝူသည် ဤဟိုတယ်ငယ်လေးတွင် တည်းခိုနေသည်။

"မင်း ပင်ပန်းသွားပြီ အားဝူ။"

မိုအားဝူကို မြင်လိုက်ချိန်တွင် နဂိုက သန်မာထွားကျိုင်းသော လူသည် ယခုအခါ ခမ်းနားထည်ဝါသော သံမျှော်စင်တစ်ခုလို ဖြစ်နေပြီး ထက်မြက်သော ကိုယ်ဟန်အမူအရာနှင့် ပြုံးနေသော မျက်နှာထားရှိသော ဆရာသခင်တစ်ဦး၏ သွင်ပြင်အမူအရာအလား ဖြစ်သည်။

ထန်ရှုကို တစ်ဖန်ပြန်တွေ့ရသဖြင့် မိုအားဝူ၏မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားမှုများ တောက်ပနေကာ

"သူဌေးနဲ့ အလုပ်အတူလုပ်ရတာ ငါ့အတွက် ဂုဏ်ယူစရာပါ။ ဒါက လုံး၀ မပင်ပန်းပါဘူး။"

"မင်းတို့အားလုံး ဒီညတော့ ဒီမှာနေလိုက်ဦး။ မနက်ဖြန် မင်းတို့ အခြေစိုက်နေထိုင်ဖို့ အိမ်တစ်လုံး ရှာပေးမယ်။ အားဝူ … မင်းကတော့ ငါ့အတွက် တစ်ချို့အရာတွေကို ပြီးအောင် လုပ်ပေးရလိမ့်မယ်။ ကျန်တဲ့သူတွေကတော့ အခြေစိုက်စခန်းမှာ နေရင်း အချိန်မရွေး လှုပ်ရှားဖို့ ငါ့အမိန့်တွေကို စောင့်ပါ။”

“နားလည်ပါပြီ။” မိုအားဝူနှင့် ထာဝရခန်းမ၏ ကျွမ်းကျင်သူများက လေးစားစွာ ပြန်ဖြေကြသည်။

ထန်ရှုသည် ထိုနေရာတွင် အကြာကြီးမနေဘဲ မိုအားဝူနှင့်အတူ ဆရာဟွမ်တည်းခိုရာ ဟိုတယ်သို့ ထွက်လာသည်။ သူ မမျှော်လင့်ထားသည့်အရာမှာ ထိုနေရာတွင် ဆရာဟွမ်နှင့်အတူ ရွှယ်ယု၊ ချူယွမ်တို့လည်း ရှိနေခြင်းပင်။

"မစ္စတာထန် … ငါ အနီးဝန်းကျင်ကို မေးကြည့်တော့ မင်းက နတ်ဆေးသမားတော်လေးတစ်ယောက်အဖြစ် ချီးကျူးခံရတာကို သိခဲ့ရတယ်။ အကြီးအကဲဟွမ်ရဲ့ ခြေထောက်ကို ဒီည ကုသပေးမယ်ဆိုတာကိုလည်း သိခဲ့တယ်။ ဒါကြောင့် မင်းရဲ့ ထူးချွန်တဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုကို ကြည့်ဖို့ ငါတို့ ဒီကို လာခဲ့တာပါ။ စိတ်မရှိဘူးဆိုရင် ကြည့်ခွင့်ပေးပါလား။” ချူယွမ်က ပြုံးပြီး ပြောလာသည်။

ရှေးဆိုရိုးစကားအတိုင်း လူကောင်းတစ်ယောက်သည် ပြုံးနေသောသူကို မရိုက်နှက်တတ်ပေ။ ခွေးအရေခွံ ပလာစတာကဲ့သို့ မခွာတမ်းကပ်နေသော ဤလူနှစ်ယောက်သည် ထန်ရှုအတွက် စိတ်အနှောက်အယှက် ဖြစ်စေသော်လည်း ထိုသူတို့ နှင့် ရန်ဖြစ်ရန် အကြောင်းမရှိပေ။ ထိုသူတို့အား ကောင်းသည် ဆိုးသည် တစ်လုံးတစ်ပါဒ မပြောဘဲ သူနှင့်အတူ အမြဲဆောင်ထားသော ငွေအပ်သေတ္တာကို ထုတ်လိုက်ရင်း

“မင်းတို့နှစ်ယောက် ဒီကိုရောက်လာပြီဆိုမှတော့ အကူအညီလည်း ပေးလို့ရတယ်။ ရေအချို့ ကျိုပေးထားပါ။ အပူချိန်မြင့်လေလေ ပိုကောင်းလေပဲ။ ဖြူစင်သန့်ရှင်းတဲ့ ပုဝါနှစ်ထည်ကိုလည်း ယူလာပေးပါဦး။”

ချူယွမ် အတန်ပင် ကူကယ်ရာမဲ့သွားရသည်။ သူ့တွင် ဂုဏ်သိက္ခာရှိပြီး ရိုသေလေးစားဖွယ် ဂုဏ်ပုဒ်ပါ ရှိသော်လည်း ထန်ရှု၏အစေခံသဖွယ် အမိန့်ပေး ခိုင်းစေခြင်းကို ခံရသည်။သူသည် ရွှယ်ယုကို လျင်မြန်စွာ ကြည့်လိုက်ရာ သူမသည် ထိုစကားများအတွက် ဘာမှမထူးခြားကြောင်း တွေ့လိုက်ရသဖြင့် ချက်ချင်းပင် အားတင်းပြုံးကာ ပြောလိုက်သည်။

"ကောင်းပြီ။ ငါ အခုပဲ လုပ်လိုက်မယ်။"

ထန်ရှုက ခေါင်းညိတ်တုံ့ပြန်ပြီးနောက် ဆရာဟွမ်အား ထိုင်ရန် အချက်ပြလိုက်သည်။ ထိုသူ၏ဘောင်းဘီအား လိပ်တင်လိုက်ပြီးနောက် ပေါင်အဆစ်နှင့် ဘယ်ဘက်ခြေထောက်ပေါ်ရှိ သွေးကြောအမှတ်သုံးခု ဖြစ်သော ရှီးရန်ကွမ်အမှတ်၊ ယင်းလင်ကွမ်အမှတ်နှင့် တုပီအမှတ်နေရာတစ်ဝိုက်အား သူ၏လက်ချောင်းများဖြင့် ပွတ်သတ်ဖိနှိပ်ပေးသည်။ တစ်ချိန်တည်းမှာပင် သူသည် ဘေးပတ်ဝန်းကျင်မှ သွေးကြောမှတ်များသို့ စိမ့်ဝင်စေရန် သူ၏လက်ချောင်းမှ တဆင့် မူလဖရိုဖရဲစွမ်းအားတစ်စကို ထုတ်လွှတ်ခဲ့သည်။

(မြန်မာဘာသာပြန်သူ၏အမှာ - ရှီးရန်ကွမ်အမှတ်= ဒူးဆစ်ပေါ်၊ ယင်းလင်ကွမ်အမှတ်= ဒူးဆစ်အောက်နှင့် တုပီအမှတ်= ဒူးဆစ်နေရာ တကောက်ကွေး)

"အဲ့ဒါ ခင်ဗျားအတွက် တော်တော်နာတာပဲမဟုတ်လား" ထန်ရှု မော့ကြည့်ကာ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

“ဟုတ်တယ်။ တိမ်ထူထပ်ပြီး မိုးရွာတဲ့နေ့တွေတိုင်း ငါ့ဒူးတွေ အရမ်းကိုက်တယ်။” ဆရာဟွမ်က ခါးသီးသော အပြုံးဖြင့် ပြောသည်။

"မိုးရာသီအကြောင်းကို ကျွန်တော် ပြောနေတာမဟုတ်ဘူး … ခင်ဗျား ဒူးဒဏ်ရာ ရလာရတဲ့ အကြောင်းရင်းကို ပြောတာ။ ခင်ဗျားရဲ့ခြေထောက်မှာ ဒဏ်ရာအမာရွတ်တွေအပြင် ခြေထောက်ကြွက်သားတွေပေါ်မှာ ပြတ်ရှဒဏ်ရာတွေ အများအပြားရှိနေတယ်။ တော်သေးတာက အရွတ်တွေကို မထိခိုက်သွားဘူး။ အရင်တုန်းက စစ်ကြောရေးမှာ တစ်ယောက်ယောက်က ခင်ဗျားကို ညှဉ်းပန်းနှိပ်စက်ခဲ့တာလား။"

ဆရာဟွမ်၏အမူအရာမှာ တုံ့ဆိုင်းသွားကာ မယုံနိုင်လောက်အောင် ဖြစ်နေပုံရပြီး ပြန်မေးလိုက်သည်။

“ခြေထောက်ကဒဏ်ရာတွေကိုကြည့်ပြီး တစ်ချိန်က ငါ နှိပ်စက်ခံခဲ့ရတယ်လို့ မင်း ပြောနိုင်တာလား။”

"ခင်ဗျားရဲ့လည်ပင်းနဲ့ နဖူးပေါ် မျက်ခုံးတွေပေါ်မှာ အမာရွတ်တွေ ရှိတယ်။ ဒါကြောင့် ခင်ဗျားရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းမှာလည်း အမာရွတ်တွေ အများကြီးရှိမယ်လို့ ကျွန်တော် ထင်တယ်။"

ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးရင်း ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ဆရာဟွမ်၏အမူအရာ လျော့ရဲရဲဖြစ်သွားသည်။ သူသည် အားတင်းပြုံးလိုက်ပြီး "အတိတ်က ငါ ကျူးလွန်ခဲ့တဲ့အမှုတွေကြောင့် လူတချို့က ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ပြီး အပြစ်ပေးတာကို ခံခဲ့ရတယ်။ အဲ့ဒါက အသေးအဖွဲအမှားတစ်ခုက လွဲပြီး ဘာမှမဟုတ်ပေမယ့် ငါ့ဘဝတစ်ခုလုံး ချည်နှောင်ခံထားရတယ်။ ကံကောင်းထောက်မပြီး … ငါ့အဖော် အချိန်မီ ရောက်လာလို့သာပေါ့။ နို့မဟုတ်ရင် ငါ့ခြေလက်လေးချောင်းမှာရှိတဲ့ ကြွက်သားတွေနဲ့ အရွတ်တွေက ဖြတ်တောက်ခံရလိမ့်မယ်။”

ထန်ရှုက ခေါင်းညိတ်ပြပြီး ဘာစကားမှ ပြန်မပြောပေ။

တံခါးဝတွင်…

ချူယွမ်သည် တံခါးအပြင်သို့ ထွက်ရုံရှိသေးစဉ် သူ၏မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး အခန်းအပြင်ဘက်တွင် စောင့်ကြပ်ပေးနေသော မိုအားဝူကို စိုက်ကြည့်မိသွားသည်။ ရုတ်တရက် အကြောထိအောင် အေးစိမ့်သွားသော ခံစားချက်တစ်ခု သူ့တွင် ဖြစ်ပေါ်လာပြီး ရုတ်ခြည်းပင် မိုအားဝူနှင့် အနည်းငယ်ဝေးသော အကွာအဝေးအထိ ခြေလှမ်းများ နောက်ဆုတ်လိုက်မိသည်။ ငယ်စဉ်ကတည်းက ဖြတ်သန်းခဲ့ရသော ဘဝ နှင့် ကြီးပြင်းကျက်စားခဲ့ရသော ပတ်ဝန်းကျင်အခြေအနေက သူ့အား အန္တရာယ်နှင့်ပတ်သက်လာပါက အလွန်အမင်း ခံစားသိရှိလွယ်စေသည်။သူသည် ငြိမ်သက်နေသော သားရဲရိုင်းကြီးတစ်ကောင်၏အနီးသို့ ရောက်ရှိနေပြီး ထိုသားရဲကြီး၏စိုက်ကြည့်ခြင်းကို ခံလိုက်ရသည့်အလား မိုအားဝူထံမှ နက်ရှိုင်းသော ခြိမ်းခြောက်နိုင်မှုကို ခံစားနေရတော့သည်။

"မင်းက ဘယ်သူလဲ။"

စက္ကန့်အနည်းငယ်ကြာ နှုတ်ဆိတ်နေပြီးနောက် ချူယွမ်က မိုအားဝူကို စိုက်ကြည့်ကာ သတိကြီးစွာဖြင့် မေးလိုက်သည်။

"ထန်ရှုက ငါ့ရဲ့သူဌေး…" မိုအားဝူက မျက်နှာသေဖြင့် ပြန်ဖြေသည်။

ချူယွမ် မျက်မှောင် အနည်းငယ် ကြုပ်သွားသည်။ သူသည် လျှို့ဝှက်စွာ မှန်းဆထားသော်လည်း မိုအားဝူထံမှ ကြားလိုက်ရချိန်တွင် စိတ်ထဲ၌ တုန်လှုပ်ခြောက်ခြားနေသေးသည်။ သူကိုယ်တိုင်လည်း ကိုယ်ခံပညာ ကျွမ်းကျင်သူဖြစ်ပြီး သာမန် ကြံ့ခိုင်သော လူရှစ်ယောက်မှ ဆယ်ယောက်အထိသည် သူနှင့် လုံးဝ ပြိုင်ဘက် မဖြစ်နိုင်ပေ။ ထို့ပြင် သူသည် သိုင်းပညာရှင် ၃ဦးမှ ၅ဦးအထိ အလွယ်တကူ လှဲသိပ်နိုင်စေသော ပုံမှန်မဟုတ်သည့် နည်းစနစ်များကိုလည်း ပိုင်ဆိုင်ထားသေးသည်။

သို့သော် မိုအားဝူ၏အရည်အချင်းသည် ထိုသိုင်းပညာရှင်များနှင့် လုံးဝမတူကြောင်းကို သူ ခံစားသိနိုင်သည်။ ဤလူတွင် သာမန်မဟုတ်သော နည်းစနစ်များ မရှိခဲ့ပါက သူသည် သိုင်းပညာလမ်းကြောင်းတွင် ထိုလူများထက် ကျော်လွန်၍ မြင့်မားသော အဆင့်သို့ ရောက်ရှိနေသောသူ ဖြစ်ပေလိမ့်မည်။

“ထန်ရှုက တကယ်ကို ကံကောင်းတာပဲ။” ချူယွမ်က ဖြည်းညှင်းစွာ ရေရွတ်လိုက်ပြီး လှည့်ကာ အမြန်ထွက်သွားတော့သည်။

ချူယွမ်တစ်ယောက် ရေနွေးပူပူ၊ သန့်စင်သော အဖြူရောင် ပုဝါနှစ်ထည်တို့နှင့်ပြန်ဝင်လာသောအခါ ထန်ရှုသည် ဆရာဟွမ်၏ခြေထောက်အား နှိပ်နယ်ပေးခြင်းကို ရပ်တန့်လိုက်သည်။ သူသည် ငွေအပ်များကို ထုတ်လိုက်ပြီး ဆရာဟွမ်၏ ဘယ်ဘက်ခြေထောက်ရှိ သက်ဆိုင်ရာ သွေးကြောမှတ်များတွင် ထိုးစိုက်လိုက်သည်။ ထို့နောက် သူ၏အိတ်ကပ်ထဲမှ ခွဲစိတ်ခန်းသုံး ဓားငယ်တစ်ချောင်းကို ထုတ်ကာ သူ ယူဆောင်လာသည့် အရက်ပြန်ဆွတ်ထားသော ဝါဂွမ်းဖြင့် သုတ်ကာ ပိုးသေချာသတ်လိုက်သည်။ ထို့နောက် ဆရာဟွမ်၏ ဒူးကြွက်သားများကို တိုက်ရိုက် ဖြတ်တောက်ပစ်လိုက်တော့သည်။

"အာ … အဲ့ဒါက မနာဘူးလား။" ဆရာဟွမ် အံ့အားသင့်နေသည်။ ထန်ရှုက ခွဲစိတ်ခန်းသုံး ဓားငယ်ကို သုံးလိမ့်မည်ဟု နည်းနည်းလေးမှ သူ မမျှော်လင့်ထားပေ။ ထန်ရှု သုံးရင်တောင် သူ့အတွက် ထုံဆေး လုံးဝအသုံးမပြုလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ ထို့ကြောင့် ခွဲစိတ်ခန်းသုံး ဓားငယ်ဖြင့် သူ၏ကြွက်သားများကို ဖြတ်လိုက်သောအခါ အတော် နာကျင်လိမ့်မည်ဟု သူ ထင်ထားခဲ့သော်လည်း နာကျင်မှုအား လုံးဝ မခံစားရပေ။

"ခင်ဗျားရဲ့အာရုံကြောတွေကို ငွေအပ်တွေနဲ့ ချိပ်ပိတ်ထားတယ်။ ခင်ဗျားရဲ့ခြေထောက်ကို အခုချက်ချင်း ဖြတ်လိုက်ရင်တောင် နာကျင်မှုကို ခံစားရမှာမဟုတ်ဘူး။" ထန်ရှုက ရှင်းပြသည်။

ဆရာဟွမ် ချက်ချင်းသဘောပေါက်ပြီး ထန်ရှုအား လေးစားစွာ ကြည့်လိုက်သည်။

ထန်ရှု ဖြတ်တောက်လိုက်သည့် ကြွက်သားသည် မကြီးမားသည့်တိုင် အလွန် နက်ရှိုင်းလေသည်။ ဆရာဟွမ်သည် ထိုအရာမှာ ဦးရေပြားထိပ်က အရိုးများအထိ ရောက်ရှိသွားသည်ဟု ခံစားရပေသည်။ ထန်ရှုသည် ကုသမှုအားလုံး ပြီးစီးသည့်အခါ ခန္ဓာကိုယ်သန့်စင်ဆေးရည် ပါရှိသော ကြွေပုလင်းအိုးလေးကို ထုတ်ကာ တစ်စက် လောင်းချလိုက်သည်။ ထို့နောက် ဒဏ်ရာများကို ချုပ်ရန် အပ်တစ်ချောင်း ထုတ်လိုက်သည်။

"အင်တုံထဲကို ရေနွေးထည့်ပြီး နှစ်မိနစ်လောက် ဒူးထောက်ပြီး ဒူးကို စိမ်လိုက်ဦး။" ထန်ရှုက ဒဏ်ရာကို ချုပ်ပေးပြီးနောက် ဆရာဟွမ်ကို ပြောလိုက်သည်။

အငွေ့တထောင်းထောင်း ထနေပြီး အပူချိန်မြင့်မားသော ရေနွေးပူပူကို ကြည့်ရင်း ဆရာဟွမ်၏မျက်နှာပေါ်တွင် ချီတုံချတုံ ဖြစ်နေသော အရိပ်အယောင်တစ်ခု ပေါ်လာကာ မေးလိုက်သည်။

"နတ်ဆေးသမားတော်ထန် … ငါ့ဒဏ်ရာက ခုလေးတင်မှ ချုပ်ပြီးတာဆိုတော့ ဒဏ်ရာကို ရေနွေးထဲ စိမ်လို့ အဆင်ပြေပါ့မလား…”

"ဟင့်အင်း … ဘာမှ မဖြစ်ပါဘူး။" ထန်ရှုက သူ့ကို ကြားဖြတ်လိုက်သည်။

ထိုစကားကိုကြားပြီးနောက် ဆရာဟွမ်က မချိပြုံး ပြုံးရင်း ရေနွေးထဲသို့ ဒူးတစ်ဖက်ထောက်ကာ ထည့်လိုက်သည်။ လုံးဝပူလောင်နာကျင်ခံစားရခြင်း မရှိသည့်အပြင် သူ၏ပေါင်ဆစ်များတွင် အေးမြသည့်ခံစားမှုကိုပင် ခံစားရသေးသည်။ သူ၏မျက်လုံးများသည် အံ့အားသင့်မှုကြောင့် ပြူးကျယ်နေပေသည်။ အေးမြသော ခံစားမှု ရပြီးနောက် ပြင်းထန်စွာ ယားယံလာသည်။ ထို့နောက် ပူနွေးသော ခံစားမှု ဖြစ်ပေါ်လာပြန်သည်။ ထိုခံစားမှု သုံးမျိုးသည် တစ်လှည့်စီ ပြောင်းလဲသွားပြီး ထူးခြားသော ခံစားမှုတစ်ခုသို့ တဖြည်းဖြည်း ပေါင်းစပ်သွားပေသည်။

တယ်လီဖုန်းမြည်သံ…

သည်အချိန်တွင် ဖုန်းမြည်သံတစ်ခု ထွက်ပေါ်လာသည်။

ထန်ရှုသည် သူ၏ဖုန်းကို ထုတ်ကြည့်ရာ ခန်းရှ ခေါ်ဆိုခြင်းဖြစ်သည်ကို တွေ့လိုက်ရသဖြင့် ဖုန်းလက်ခံပြီး

“ဘာကိစ္စ ဖြစ်လို့လဲ။”

“အမာရွတ်ဖယ်ရှားတဲ့ထုတ်ကုန်ကို ကြီးကြပ်ကွပ်ကဲရတဲ့ မန်နေဂျာဟဲအကြောင်းပါ။ လွန်ခဲ့တဲ့နာရီဝက်လောက်က သူ့အိမ်မှာ အနားယူနေတုန်း လူတချို့ သူ့အိမ်ကို ရုတ်တရက် အလည်ရောက်လာတယ်တဲ့။ အဲ့ဒီလူတွေက အမာရွတ်ဖယ်ရှားတဲ့ ခရင်မ်ဖော်မြူလာကိုရဖို့ သူ့ကို အကျပ်ကိုင်တာရော လာဘ်ထိုးတာရော လုပ်ခဲ့ကြတယ်။ လာတဲ့သူက ယောက်ျားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် စုစုပေါင်းနှစ်ယောက်လို့ သိရတယ်။ အမျိုးသားက လူလတ်ပိုင်းအရွယ် အမျိုးသား၊ အမျိုးသမီးကတော့ အတော် ငယ်သေးတယ်။”

ထန်ရှု၏အမူအရာ ပြောင်းသွားပြီး သူက လေးနက်သော လေသံဖြင့်

"အဲ့ဒီလူနှစ်ယောက်က အခု ဘယ်မှာလဲ။"

"သူတို့က မြစ်ဟောင်းလမ်းဒေသမှာရှိတဲ့ သာမန်လူနေအဆောက်အဦးတစ်ခုမှာ တည်းခိုနေကြတယ်။ မန်နေဂျာဟဲက အဲ့ဒီလူနှစ်ယောက်ကို သူ့အိမ်တံခါးဝမှာ ကြိုဆိုပြီးနောက် ငါ့ဆီ တိတ်တဆိတ် ဖုန်းဆက်လိုက်တာ။ ဒါကြောင့် သူတို့စကားဝိုင်းရဲ့ အကြောင်းအရာတွေကို ငါ ကြားနေရတယ်။ လူတချို့ကို မြစ်ဟောင်းလမ်းဒေသကို ငါ ပို့ပြီးပြီ။ ငါတို့လူတွေက သူတို့ကို စောင့်ကြည့်နေတယ်။”ခန်းရှက အကြောင်းစုံ ပြောပြသည်။

"တစ်ဖက်လူမှာ အဲ့ဒီလူနှစ်ယောက်ပဲ ရှိတာလား။" ထန်ရှုက မေးသည်။

“စုစုပေါင်း ၆ယောက် ရှိတယ်။ မန်နေဂျာဟဲရဲ့အိမ်ကို လာတဲ့ အမျိုးသားနဲ့ အမျိုးသမီးရယ်၊ လူနေအဆောက်အဦးရဲ့အောက်ထပ်မှာ ၂ယောက်ရယ်၊ မန်နေဂျာဟဲရဲ့အိမ်ရာအပြင်ဘက်က ၂ယောက်နဲ့ဆို ၆ယောက်။ သူတို့ အခု မြစ်ဟောင်းလမ်းဒေသက အဆောက်အဦးမှာ နေနေကြတယ်။” ခန်းရှက ဖြေသည်။

“ကိုယ့်ကို လိပ်စာအသေးစိတ် ရိုက်ပို့ပေးလိုက်ပါ။ အဲ့ဒီလူတွေကို အုပ်မိအောင် ကိုယ် လူတစ်ချို့ အဲ့ဒီကို လွှတ်လိုက်မယ်။ ကိုယ်လည်း သိပ်မကြာခင် အဲ့ဒီနေရာကို ရောက်မယ်။”

“နားလည်ပြီ။” ခန်းရှက တုံ့ပြန်ပြီး ဖုန်းချလိုက်သည်။

ခန်းရှဆီက လိပ်စာရပြီးနောက် ထန်ရှုသည် အပြင်ဘက်က မိုအားဝူအား ချက်ချင်းခေါ်လိုက်ပြီး  “ဒီလိပ်စာကို မှတ်ထားပြီးတော့ ငါတို့လူတွေဆီကို ချက်ချင်းအကြောင်းကြားလိုက်။ မှတ်ထားပါ သူတို့ထဲက တစ်ယောက်မှ လွတ်မသွားစေနဲ့။ ငါတို့လူတစ်ချို့လည်း အဲ့ဒီကို ရောက်နေတယ်။ သူတို့နဲ့လည်း ပဋိပက္ခ မဖြစ်ကြနဲ့ဦး။”

“နားလည်ပြီ။” မိုအားဝူက တုံ့ပြန်လိုက်ပြီး အမိန့်ပေးသည့်အတိုင်း လှုပ်ရှားတော့သည်။

ထန်ရှုက ဆရာဟွမ်အား ရေနွေးပူပူထဲ စိမ်ထားသော ဒူးကို ထုတ်ပြီး ဆိုဖာပေါ်မှာ ထိုင်ရန် အမူအရာ ပြလိုက်သည်။ ထိုသူ၏ဘယ်ဘက်ခြေထောက်က ငွေအပ်များကို ဆွဲထုတ်ပြီး ပြောလိုက်သည်။ “အရေးတကြီးကိစ္စ ရှိလို့ ကျွန်တော် သွားဖို့ လိုနေပြီ။ ကုသမှုကတော့ ပြီးသွားပြီ။ မနက်ဖြန်နဲ့ သဘက်ခါ နှစ်ရက်အတွင်း ဒီလိုမျိုးပဲ ဒူးကို နှစ်ကြိမ် သုံးကြိမ် စိမ်ပေးဖို့ လိုတယ်။ ရေရဲ့အပူချိန်က ၆၀-၇၀ ဒီဂရီ စင်တီဂရိတ်ထားတာ အကောင်းဆုံးပဲ။ ဒီရက်ပိုင်းတွင်း ခြေထောက်ကို သုံးပြီး ပြင်းပြင်းထန်ထန် လှုပ်ရှားမှုတွေ မလုပ်နဲ့ဦး။ ခင်ဗျားရဲ့အတွင်းပိုင်းဒဏ်ရာတွေက ရက်အတန်ငယ် ကြာသွားရင် လုံးဝ ပျောက်ကင်းသွားလိမ့်မယ်။"

“ငါ မှတ်ထားပါ့မယ်။” ဆရာဟွမ် ခေါင်းညိတ်သည်။

ထန်ရှုသည် ချူယွမ်နှင့် ရွှယ်ယုတို့ကို ကြည့်လိုက်ပြီး "ဒီနေ့တော့ မင်းတို့နှစ်ယောက်ကို ငါ အဖော်မလုပ်ပေးနိုင်တော့ဘူး။ မနက်ဖြန်ညနေ လုံစားသောက်ခန်းရဲ့ ဧည့်ကြိုခန်းမှာ မင်းတို့ကို စောင့်နေမယ် မမေ့နဲ့ဦး။"

ထိုစကားကို ပြောပြီးနောက် သူသည် မိုအားဝူနှင့် ချက်ချင်း ထွက်ခွာသွားတော့သည်။

အခန်းတွင်း….

ချူယွမ်က သူ့မေးစေ့ကို ကိုင်လိုက်ရင်း မျက်လုံးများ တလက်လက် တောက်နေကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။

"ကြည့်ရတာ သူပြောတဲ့စကားတွေအရ ဒီည သူ လှုပ်ရှားတော့မယ့်ပုံပဲ။ ဒါတင်မကဘူး သူ့လူတွေ အများကြီးလည်း ရှိနေတဲ့ပုံပဲ။"

ရွှယ်ယုက စိတ်ဝင်စားနေပုံပေါ်ပြီး

"ငါတို့ တစ်ချက် သွားကြည့်ကြမလား။ ပွဲက အတော် ကောင်းမယ့်ပုံပဲ။ ငါတို့လည်း ထန်ရှုအကြောင်း ပိုသိကောင်း သိနိုင်လိမ့်မယ်။"

"မေ့လိုက်ပါ။" ချူယွမ်က အားတင်းပြုံးကာ ခေါင်းခါလိုက်သည်။ "ငါတို့မှာ အရည်အချင်း နည်းနည်းရှိတယ်ဆိုပေမယ့် ထန်ရှုရဲ့လူတွေက ရှာမတွေ့လောက်ဘူးဆိုတာ အာမခံဖို့က ခက်တယ်။ သူနဲ့အတူပါလာတဲ့ ငနဲက ရက်စက်ခက်ထန်တဲ့ ဒိုင်နိုဆောသားရဲကောင်တစ်ကောင်လိုမျိုး ငါ့ကို ခံစားရစေတယ်။"

ရွှယ်ယုသည် စကားမဆိုဘဲ ခေါင်းညိတ်တုံ့ပြန်သည်။

တကယ်တော့ မိုအားဝူ အခန်းထဲ ဝင်လာကတည်းက သူမတွင်လည်း အလားတူ ခံစားချက်မျိုး ရှိခဲ့သည်။ သူမသည် မိုအားဝူကိုလည်း တိတ်တဆိတ် လေ့လာကြည့်ရာ သူ၏ကံကြမ္မာလမ်းကြောင်းမှာ ပုံမှန်မဟုတ်နေသည်ကို တွေ့လိုက်ရပြီး ၎င်းကို ကောက်ချက်ချရန်မှာ အလွန်ပင် ခက်ခဲလွန်းလှသည်။ သူမသည် မိုအားဝူ၏နောက်ခြောက်လအတွင်း ဖြစ်မည့် ကံကြမ္မာကိုတော့ မြင်နိုင်စွမ်း ရှိပါသေးသည်။ နောက်ခြောက်လတွင် ထိုလူသည် ကံကောင်းခြင်းများ ကြုံလာရမည်ဆိုတာ သေချာသည်။ သို့သော် သူ၏စိတ်ဝိညာဉ်ကို ရှင်းရှင်းလင်းလင်း မမြင်ရပါချေ။

ဒါအမှန်ပဲ။ အဲ့ဒါကငါ့ရဲ့မြင်နိုင်စွမ်းကို ကျော်လွန်နေပေမယ့် ငါ ခံစားနိုင်ပါသေးတယ်။ အဲ့ဒါက အရမ်း ... သန်မာတယ်။

ချူယွမ်သည် ပြတင်းပေါက်ဆီသို့ လျှောက်သွားပြီး မိနစ်အနည်းငယ် ကြာသည်ထိ မတ်တတ်ရပ်နေရင်း ထန်ရှုနှင့် မိုအားဝူတို့ ကားပေါ်သို့ အပြေးအလွှား တက်ကာ အလွန်မြန်သော အရှိန်ဖြင့် ထွက်သွားသည်ကို စောင့်ကြည့်နေခဲ့သည်။ ထို့နောက် သူသည် ချက်ချင်း လှည့်ကြည့်ကာ အပြုံးဖြင့်

“ငါ တကယ်ပဲ ထန်ရှုကို စိတ်ဝင်စားလာတယ်။ အနာဂတ်မှာ ငါ့ဘဝကြီးက ပျင်းစရာကောင်းတာမျိုး၊ အထီးကျန်တာမျိုး ဖြစ်မှာ မဟုတ်ဘူးလို့ ငါ ပြောနိုင်တယ်။"

"ဟုတ်တယ်။ သူက အရမ်းလျှို့ဝှက်ဆန်းကြယ်တယ်။ ပြီးတော့ ငါလည်း သူ့ကို အရမ်းစိတ်ဝင်စားတယ်။" ရွှယ်ယုက ထောက်ခံလိုက်သည်။

သူမ၏စကားကို ကြားသော် ချူယွမ်၏မျက်နှာပေါ်ရှိ အပြုံးသည် ချက်ချင်း အေးခဲသွားတော့သည်။ အမျိုးသမီးတစ်ယောက်အတွက် ယောက်ျားတစ်ယောက်အား စိတ်ဝင်စားလာသည်ဟု ဆိုခြင်းသည် နောက်ဆုံးတွင် သူမသည် ...

***

All Chapters