← Chapters

လွှမ်းမိုးသောစွမ်းအား

Vol. 47 Ch. 649

လွှမ်းမိုးသောစွမ်းအား

Vol. 47 Ch. 649

ကြယ်တာရာမြို့၏ မြစ်ဟောင်းလမ်းဒေသရှိ အိမ်ရာအဆောက်အဦးသည် မဖွံ့ဖြိုးသေးသဖြင့် မြို့သူမြို့သားများအတွက် မဖွင့်လှစ်ရသေးသော်လည်း လမ်းပန်းဆက်သွယ်ရေးမှာလည်း လမ်းသွယ်များ၊ လမ်းမြောင်များဖြင့် လမ်းကြောင်းပေါင်းစုံမှ တိုးချဲ့နေပြီ ဖြစ်သည်။ ထိုနေရာနှင့် မရင်းနှီးမကျွမ်းဝင်ပါက လမ်းပျောက်ရန် လွယ်ကူပေသည်။

ဘာဒီးန်လမ်းသွယ်…

အခန်းတံခါးနံပါတ် ၀၁၉၆၆ အပြင်ဘက်တွင် လူရွယ်နှစ်ဦးသည် တံခါးနားတွင် ထိုင်ကာ စကားပြောနေကြသော်လည်း သူတို့၏စူးရှသော မျက်လုံးများက လမ်းဘေးဘက်သို့ ရံဖန်ရံခါ လှည့်ပတ်ကြည့်နေကြသည်။ တစ်စုံတစ်ယောက် ဖြတ်သွားတိုင်း မီးရောင်မှိန်မှိန်အောက်တွင် လမ်းကို သူတို့ ဂရုတစိုက် ကြည့်ရှုကြသည်။

“ယန်ကြီး … မကောင်းတာ တစ်ခုခု ဖြစ်တော့မယ်လို့ ငါ ခံစားနေရတယ်။” လူရွယ်တစ်ယောက်က ရုတ်တရက် အသံတိုးတိုးဖြင့် ပြောလိုက်သည်။

ယန်ကြီးဟု အခေါ်ခံလိုက်ရသော လူရွယ်၏အမူအရာ အနည်းငယ် ပြောင်းလဲသွားကာ အနီးတဝိုက်ကို သတိကြီးစွာ ကြည့်လိုက်ပြီး

“ဟေး … ငါ့ကို ဒီလိုမျိုး မခြောက်ပါနဲ့။ ငါတို့ နောက်ဆုံး အကြိမ် မြစ်ကမ်းဘေးမှာ အလောင်းတွေကိစ္စ ဆောင်ရွက်ဖို့ ကွမ်းယန်ပြည်နယ်ကို ရောက်ခဲ့တုန်းကလည်း မင်း ဒီလို ခံစားချက်မျိုး ဖြစ်လာတော့ ရဲတွေ အဲ့ဒီနေရာကို အပြေးအလွှား ရောက်လာတယ်လေ။ မင်းတို့တွေက မြစ်ထဲကို ခုန်ချထွက်ပြေးနိုင်ပေမယ့် မှဲ့နက်ကတော့ ပွဲချင်းပြီး သေသွားတယ်။ ငါတို့အဖွဲ့က မင်းကို အလိုလို ထိုးထွင်းသိမြင်မှု ရှိတယ်လို့ ပြောကြတာ မင်းအသိပဲ။"

"မင်းကို ခြောက်ဖို့ ငါတကယ် မရည်ရွယ်ပါဘူး။ ဒီလို ကြိုတင်ခံစားနေရမှုမျိုးက ကွမ်းယန်ပြည်နယ်တုန်းက ခံစားခဲ့ရတာမျိုးနဲ့ ဆင်တူနေတယ်။" အခြားလူရွယ်က မချိပြုံးလိုက်သည်။

ယန်ကြီးသည် မျက်မှောင်ကြုတ်ကာ တွေးတောနေသည်။ စီးကရက်ဖင်စီခံအား သူ့ခြေထောက်ရှေ့တွင် ပစ်ချလိုက်ပြီး

"မင်း ဒီမှာ ဆက်ကြည့်ထား။ ငါ အစ်ကိုချန်းကို အထဲဝင်ပြီး စကားပြောလိုက်ဦးမယ်။ သူ ယုံရင်တော့ ငါတို့ ဒီနေရာက ချက်ချင်း ထွက်သွားမှာ သေချာတယ်။”

"ကောင်းပြီ။" ဟေးဇီက ထပ်မပြောဘဲ ခေါင်းညိတ်သည်။

သူတို့နှင့်နှစ်ကီလိုမီတာအကွာမှ ခြောက်ထပ်တိုက်ကြီးထဲတွင် ခန်းရှသည် အဝေးကြည့်မှန်ပြောင်းကို ကိုင်ပြီး ၀၁၉၆၆နံပါတ်အခန်းကို စောင့်ကြည့်နေသည်။ သူမ၏ဘေးတွင် သက်တော်စောင့်နှစ်ယောက်လည်း ရပ်နေသည်။ သူတို့ထဲမှတစ်ယောက်က အဝေးကြည့်မှန်ပြောင်း ကိုင်ထားရင်း

“အကြီးအကဲခန်း … အဲ့ဒီအဆောက်အဦးထဲမှာ မန်နေဂျာဆီ ရောက်လာတဲ့ ခြောက်ယောက်အပြင် အဲ့ဒီလူနှစ်ယောက်ကလည်း အဲဒီမှာပဲ နေကြတယ်။”

ခန်းရှက မှန်ပြောင်းကို ချလိုက်ပြီး သူမ၏နာရီကို ကြည့်လိုက်ကာ

"သူဌေး … အဲ့ဒီကို ရောက်ဖို့ ဘယ်လောက်ကြာနိုင်လဲ။"

"သူဌေးက ပစ်မှတ်ရဲ့ ခြံဝင်းနဲ့ တစ်ကီလိုမီတာလောက်ပဲ ဝေးတဲ့နေရာကို ခုလေးတင် ရောက်လာပြီ။ နောက်ပြီး သူဌေးနဲ့အတူ ကျင်းမန်ကျွန်းရုံးချုပ်က ထာဝရခန်းမရဲ့ လူတချို့ ပါလာတယ်နဲ့တူတယ်။ အဲ့ဒီခြံဝင်းနဲ့ အနီးတစ်ဝိုက်မှာ ငါတို့လူခြောက်ယောက်ကို ငါ မြင်နေရတယ်။"

ခန်းရှ၏မျက်လုံးများ အရောင်လက်သွားပြီး ချက်ချင်းပင်

"အဲ့ဒီနေရာကို ငါတို့ သွားရအောင်။"

သက်တော်စောင့်က မှန်ပြောင်းကို ကိုင်ကာ အားတင်းပြုံးလိုက်ရင်း

"အကြီးအကဲခန်း … ငါ့ရဲ့တွက်ချက်မှု မှားသွားတယ်။ သူဌေးနဲ့ တခြားသူတွေက အဲ့ဒီနေရာကို ဝင်နေပြီ။ တစ်ချက် ကြည့်လိုက်ပါဦး ..."

ခန်းရှသည် သူမ၏မှန်ပြောင်းကို အလျင်အမြန် ပင့်တင်လိုက်သည်။ ထိုမှန်ပြောင်းမှတဆင့် ခြံဝင်းတစ်ဝိုက်တွင် လူတစ်ဒါဇင်ကျော် ရှိနေသည်ကို သူမ တွေ့ရှိခဲ့သည်။ ၎င်းတို့ထဲမှ အချို့သည် ကြယ်တာရာတွင် ခေတ္တနေသော ထာဝရခန်းမ၏ ကျွမ်းကျင်သူများ ဖြစ်သည်။ ထိုသူတို့အထဲမှ ရှစ်ဦးကို သူမ မသိပေ။ သို့သော် အဆောက်အဦး၏ ဘယ်၊ ညာနှင့် အနောက်ဘက်ဆီကနေ အမိုးသို့ လွယ်လွယ်ကူကူ တက်နိုင်သောကြောင့် ထိုသူများသည် အလွန်ကျွမ်းကျင်ပြီး ကြံ့ခိုင်သည့်ဟန် ရှိပေသည်။

"သူတို့ လှုပ်ရှားတော့မယ်။" ခန်းရှ ရေရွတ်လိုက်သည်။

သူမ၏ မှန်းဆချက် မှန်ကန်ခဲ့သည်။

ထန်ရှုသည် ခြံဝင်းအဝင်ဝသို့ ရောက်သည်နှင့် ထိုလူများကို ဖမ်းရန် အမိန့်ထုတ်သည်။ လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး ချဉ်းကပ်လာပြီး ရုတ်တရက် သူ၏လည်ပင်းသို့ ဓားမြှောင်ထက်ထက်တင်လိုက်ချိန်တွင် ဆေးလိပ်သောက်ပြီး တံခါးကို စောင့်နေသော ဟေးဇီသည် သူ့ခါးမှ သေနတ်ကို ထုတ်ပြီး ကိုင်ဆောင်ရန် အချိန်ပင် မရလိုက်ပေ။

ဘန်း...

ထန်ရှုသည် ဟေးဇီကို တစ်ချက်သာ ကြည့်ကာ လျစ်လျူရှုလိုက်ပြီး တံခါးကို တွန်းဖွင့်လျက် အထဲကို တန်းဝင်သွားခဲ့သည်။ ခြံဝင်းအတွင်းရှိ လူနှစ်ဦးကို ကျွမ်းကျင်ပညာရှင်လေးယောက်က ဖမ်းထားပြီး ပါးစပ်ကို ပိတ်ဆို့ထားကာ လည်ပင်းထက်တွင်လည်း ထက်မြသော ဓားမြှောင်များ တင်ထားသည်။

အဆောက်အဦးအတွင်းတွင် ချန်းချိန်သည် ယန်ကြီး၏ အစီရင်ခံချက်ကို နားထောင်နေသည်။ သူသည် မျက်မှောင်ကြုတ်ကာ တိတ်ဆိတ်နေရင်း သူတို့ ထွက်ခွာသွားသင့်လားဟု တွေးတောနေမိသည်။ ထိုစဉ် ခြံဝင်းတံခါးမှ အသံများကို ရုတ်တရက် ကြားလိုက်ရသဖြင့် သူ ပထမဆုံး လုပ်ခဲ့သည့်အရာမှာ ပစ္စေတိုကို ခါးမှဆွဲထုတ်လိုက်ပြီး သတိရှိသော အမူအရာဖြင့် အပြင်ဘက်သို့ ကြည့်ရန် ပြတင်းပေါက်ဆီသို့ အပြေးသွားခြင်းပင် ဖြစ်တော့သည်။

"ပြသနာပဲ။"

အပြင်ဘက်မှ မြင်ကွင်းကို မြင်လိုက်ရသည့်အခါ သူ၏မျက်နှာသည် ချက်ချင်းပင် နွမ်းဖျော့သွားခဲ့သည်။

"တိုက်ပွဲဝင်ဖို့ အဆင်သင့်ပြင်ပြီး အခြေအနေ ပေးတာနဲ့ အမြန်ထွက်ပြေးဖို့ စွန့်စားရလိမ့်မယ်။"

ချန်းချိန်က အခန်းတွင်းရှိ အခြားလေးယောက်ကို ကြည့်ပြီး သုန်မှုန်သော အမူအရာဖြင့် ပြောလိုက်သည်။

ဆေးလိပ်သောက်နေကြသော ထို၄ယောက်ထဲမှ တစ်ဦးတည်းသော အမျိုးသမီးက သူမ၏ ဘယ်လက်သူကြွယ်မှ လက်စွပ်ကို ပွတ်သပ်နေသည်။ သူမ၏မျက်လုံးများက အေးစက်စက်ဟန်ပန် ရှိနေပြီး ကြီးစွာသော သတ်ဖြတ်လိုစိတ်များ ပေါ်ထွက်နေသည်။ သူမသည် လုပ်ကြံသတ်ဖြတ်သောသူတစ်ယောက် မဟုတ်သော်လည်း လူသတ်မှုများစွာကို ကျူးလွန်ခဲ့ဖူးသောသူ ဖြစ်သည်။ ထိုလုပ်ကြံသတ်ဖြတ်သူများထက် သူမက များစွာ သာလွန်သည်ဟု ခံစားနေမိသည်။

“တစ်ဖက်အဖွဲ့က ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုက လူတွေ ဖြစ်နိုင်တယ်။ အဲ့ဒီကုမ္ပဏီရဲ့ လုံခြုံရေးတပ်ဖွဲ့တွေအင်အားကို ငါ မသိပေမယ့် သူတို့ထဲက လူတချို့ ဒီကို ရောက်လာတာတော့ သေချာတယ်။ နို့မဟုတ်ရင် အပြင်ဘက်မှာ အတော်ကြီးမားတဲ့ လှုပ်ရှားမှုတွေ ဖန်တီးသွားလိမ့်မယ်။ ဒါကြောင့် ငါတို့မှာ အစွမ်းကုန် တိုက်ကြမယ်။ သတ်နိုင်သမျှ သတ်ပြီးတာနဲ့ လွတ်မြောက်ဖို့ အခွင့်အလမ်း ရှာကြရမှာပဲ။” ထိုအမျိုးသမီးက တည်ငြိမ်စွာ ပြောလိုက်သည်။

ချန်းချိန်၏မျက်ခုံးများ တွန့်ချိုးသွားပြီး သူမကို စိုက်ကြည့်ရင်း တိတ်ဆိတ်စွာ ခေါင်းညိတ်သည်။

"ငါတို့အားလုံးမှာ သေနတ်တွေ ရှိတယ်။ သူတို့တွေ ငါတို့ကို ဝိုင်းထားတယ်ဆိုပေမယ့် ငါတို့လို သေနတ်တွေ အများကြီးရှိမယ် မထင်ဘူး။ ဒါကြောင့် သူတို့ကို ကြောက်နေဖို့ မလိုဘူး။ သူတို့ကို မပစ်ခင် ငါ့အမိန့်ကို စောင့်။"

ယန်ကြီးကလည်း သူ့သေနတ်ကို ဆွဲထုတ်လိုက်သည်။ သူတို့အဖွဲ့ သည်ဒေသသို့ လာသောအခါ အဖွဲ့ဝင်အားလုံးနီးပါး သေနတ်တစ်လက်စီ ယူလာကြသည်။ ယန်ကြီးသည် တံခါးဆီကို သွားကာ ဖြည်းညှင်းစွာ တွန်းဖွင့်ပြီး သေနတ်ပြောင်းဖြင့် ချိန်လိုက်သည်။

"ယန်ကြီး … ဟေးဇီရဲ့လည်ပင်းအပေါ် ဓားမြှောင်တင်ထားတဲ့ လူကို ပစ်လိုက်။ မင်းရဲ့ လက်ရည်က ငါတို့ထဲမှာ အကောင်းဆုံးဆိုတော့ အဲ့ဒီလူကို သေနတ်တစ်ချက်တည်းနဲ့ သတ်နိုင်ဖို့ သေချာတယ်။" ချန်းချိန်က အမိန့်ပေးလိုက်သည်။

"နားလည်ပြီ။"

ယန်ကြီး၏မျက်လုံးများတွင် သွေးဆာနေသော အကြည့်တစ်ချက် ပေါ်လာသည်။ သူသည် ဟေးဇီ၏လည်ပင်းအပေါ် ဓားမြှောင်တင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားကို သူ့သေနတ်ဖြင့် ချိန်ရွယ်လိုက်ပြီး တိတ်တဆိတ် ရေတွက်ကာ သေနတ်ခလုတ်ကို တစ်ခါတည်း ဆွဲချလိုက်သည်။

ဒိုင်း…

သေနတ်သံတစ်ချက် ကြားလိုက်ရပြီး ကျည်ဆံသည် တံခါးပေါက်အဟကြားမှ ဖြတ်ကာ ထိုလူဆီသို့ ဦးတည်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ထိုလူ၏အမူအရာမှာ ပြောင်းလဲသွားပြီး ဟေးဇီ၏ခန္ဓာကိုယ်အား အားဖြင့်ရွှေ့လိုက်ကာ သူ့အား ကျည်ဆန်မထိအောင် လုပ်လိုက်သည်။

ထန်ရှုသည် ရှေ့ဆုံးတွင် ရပ်နေသည်။ သူသည် ကျည်ဆန်၏ပစ်မှတ် မဟုတ်ကြောင်း သိရှိပြီးနောက် ချက်ချင်းအော်ဟစ်လိုက်သည်။

"အခုပဲ လှုပ်ရှားကြတော့။ အချို့ကို အသက်ရှင်လျက် ထားခဲ့။"

ခွမ်း…ခွမ်း…

အခန်းဘေးနှစ်ဘက်ရှိ ပြတင်းပေါက်များ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားကာ အခန်းထဲသို့ ဝိညာဉ်အလား ပုံရိပ်နှစ်ခု ဝင်ရောက်လာသည်။ ထိုသူတို့၏ လှုပ်ရှားမှုသည် လွန်စွာ မြန်ဆန်လွန်းသဖြင့် ချန်းချိန်တို့ငါးယောက်အဖွဲ့သည် အလင်းတန်း လက်သွားသည်ကိုသာ မြင်တွေ့လိုက်ရပြီး သူတို့၏လက်ထဲမှ သေနတ်များသည် ဖျတ်ကနဲ အလုခံလိုက်ရသည်။ သူတို့၏ဝိညာဉ်များ ခန္ဓာကိုယ်များဆီမှ ခွာလုနီးနီး ဖြစ်သွားစေခဲ့သော အရာမှာ ထိုအခိုက်အတန့်တွင် သူတို့၏လက်များနှင့် လက်ကောက်ဝတ်များ ချက်ချင်း ကျိုးကြေသွားသောကြောင့်ပင် ဖြစ်တော့သည်။

"အသက်မသေချင်ရင် မလှုပ်နဲ့။"

ချန်းချိန်တို့ထံမှ လုယူသွားသော သေနတ်များဖြင့် ထိုလူနှစ်ဦးက သူတို့၄ဦးအား ချိန်ရွယ်ထားသည်။ သူတို့ သေနတ်ဖြင့် မချိန်ထားသော လူတစ်ဦးမှာမူ လည်ပင်းကို လိမ်ချိုးခံလိုက်ရသဖြင့် ကြမ်းပြင်ပေါ်သို့ ဖြည်းဖြည်းချင်း လဲကျသွားသည်။

ချန်းချိန်၏ရင်ထဲတွင် ကြောက်ရွံ့နေသည့်တိုင် အပေါ်ယံတွင် တည်ငြိမ်နေစေရန် ထိန်းသိမ်းထားသည်။ သူသည် ထိုသို့ပြောလာသူ လူလတ်ပိုင်းအမျိုးသားကို စိုက်ကြည့်ရင်း

“မင်း ဘယ်သူလဲ။ တစ်စုံတစ်ယောက်ရဲ့ အိမ်ထဲကို ချိုးဖောက်ဝင်ရောက်လာရင် ဥပဒေကို ချိုးဖောက်တာပဲ ဆိုတာ မင်း သိလား။"

"အဲ့ဒီလိုလား။" ထန်ရှု အခန်းထဲကို ဝင်လာရင်း သရော်လိုက်သည်။ သူ၏အကြည့်များသည် ထိုလူအားလုံးကို သိမ်းကျုံးကြည့်လိုက်ပြီး နောက်ဆုံးတွင် ချန်းချိန်အား စိုက်ကြည့်ကာ

"ဥပဒေကို ချိုးဖောက်တာတဲ့လား ဟမ့်။ ဥပဒေကို ချိုးဖောက်ထားတဲ့ လူဆိုးတချို့က ငါ့ကို ဥပဒေ ချိုးဖောက်တဲ့အကြောင်း မမျှော်လင့်ဘဲ ပြောနေကြတာပဲ။ မင်းက ရယ်စရာကောင်းတယ်လို့ မထင်မိဘူးလား။"

“မင်းက ဘယ်သူလဲ။” ချန်းချိန်က စိတ်လေးလံနေသော အသံဖြင့် မေးသည်။

သူ့အကြည့်အောက်တွင် ထန်ရှုသည် အနီးနားက ကုလားထိုင်သို့ သွားကာ ထိုင်ချလိုက်သည်။ သူက စီးကရက်တစ်လိပ်ကို မီးညှိဖွာရှိုက်ကာ မီးခိုးကွင်းတချို့ကို မှုတ်ထုတ်လိုက်ပြီး

"မင်းက ငါ့ပစ္စည်းတွေကို လောဘကြီးတဲ့ မျက်လုံးတွေနဲ့ ကြည့်ပြီးတော့ ငါ ဘယ်သူလဲလို့ မေးနေသေးတယ်ပေါ့။ မင်းက မှတ်ဉာဏ်မကောင်းလို့လား ဒါမှမဟုတ် ဘာလားကွ။ မင်းက အရူးတစ်မျိုးပဲလား။”

ချန်းချိန်၏အမူအရာသည် အကြီးအကျယ် ပျက်သွားသည်။ ထန်ရှုအား မယုံနိုင်လောက်သော အမူအရာဖြင့် ကြည့်နေစဉ် သူ၏အသက်ရှူသံများ မြန်လာကာ တီးတိုးရွတ်မိသည်။

"မင်းက ထန်ရှုလား။ ခမ်းနားသော ထန် လုပ်ငန်းစုရဲ့ သူဌေးကြီးလား။"

"အိုးဟိုးဟိုး … မင်းမှာ ငါ့အကြောင်း အသေးစိတ် အချက်အလက်တွေ ရှိပုံပဲနော်။" ထန်ရှုက လှောင်ပြောင်လိုက်ပြီး

"မှန်တယ်။ ငါက ထန်ရှု။ ခမ်းနားသောထန် လုပ်ငန်းစုရဲ့ ပိုင်ရှင် အစစ်အမှန်ပဲ။"

ထန်ရှုကိုယ်တိုင် ရောက်လာပြီဖြစ်သောကြောင့် ချန်းချိန်၏လွတ်မြောက်ခွင့် မျှော်လင့်ချက်သည် ပြိုကွဲသွားတော့သည်။ မုန်တိုင်းများနှင့် လှိုင်းလုံးများစွာကို ဖြတ်သန်းဖူးသော အတွေ့အကြုံရှိသူပီပီ ဤနေရာနှင့် ဤအချိန်တွင် တစ်ဖက်လူ ရှိနေခြင်းသည် သူ၏သေဆုံးနိုင်ဖွယ် မြင့်မားကြောင်း သဘာဝကျစွာ သူ သိပေသည်။

"အောင်နိုင်သူတွေက ဘုရင်တွေဖြစ်ပြီး အရှုံးသမားတွေက အမြဲတမ်း မှားကြတယ်ဆိုပဲ။ မင်းလက်ထဲကို ငါ ရောက်သွားပြီဆိုမှတော့ ငါတို့ကို မင်း ခုတ်ချင်ခုတ်၊ သတ်ချင်သတ် ငါ ဂရုမစိုက်ဘူး။ မင်း ကြိုက်သလို လုပ်။" ချန်းချိန် အသက်ပြင်းပြင်းရှူပြီး သူ့နဖူးကို လက်ဖြင့် ထိရင်း သူတို့အဖွဲ့၏တစ်ဦးတည်းသော အမျိုးသမီးအား မျက်လုံးဖြင့် အချက်ပြလိုက်သည်။

ထိုအချက်ပေးမှုကို တိတိပပ သဘောပေါက်သွားသော အမျိုးသမီးက ထန်ရှုဆီသို့ ချက်ချင်း ပြေးဝင်လာခဲ့သည်။ ထန်ရှု၏အနောက်တွင် ရှိနေသော မိုအားဝူက သူမအား ဟန့်တားရန် ထန်ရှု၏အရှေ့သို့ ချက်ချင်း ရွေ့လျားလိုက်ပြီး သူမ၏ဝမ်းဗိုက်ကို ပြင်းထန်စွာ ကန်လိုက်သဖြင့် အမျိုးသမီးသည် လွင့်စင်ကာ ဦးစိုက်ဂျွမ်းပြန်ပြုတ်ကျပြီး သွေးအန်လိုက်ရသည်။ ချက်ချင်းပင် မိုအားဝူသည် ချန်းချိန်၏ရှေ့သို့ ပြေးသွားပြီး ပြင်းထန်သော လက်သီးတစ်ချက် ထိုးနှက်ကာ လဲကျသွားစေသည်။

"သူတို့ကို ကြိုးချည်လိုက်။" ထန်ရှု အေးစက်စွာ အမိန့်ပေးလိုက်သည်။

၁၂မိနစ်ကြာသွားပြီးနောက် စောင့်ကြည့်အစောင့်အဖြစ် ဆောင်ရွက်နေသော လူနှစ်ဦးကိုလည်း ခေါ်ဆောင်လာခဲ့ပြီး စုစုပေါင်း ရန်သူခုနစ်ဦးကို ကြိုးဖြင့် ချည်နှောင်ထားသည်။

“အကောင်းဆုံး လုပ်ပြီးသွားခဲ့တာပဲ သူဌေး…။” ခန်းရှသည် ရလဒ်အတွက် လွန်စွာ ပျော်ရွှင်နေသည်။ ထန်ရှု၏တိုက်ခိုက်ရေးစွမ်းရည် မည်မျှ အစွမ်းထက်သည်ကို သူမ ကောင်းစွာ သိရှိသည့်တိုင် သူ ဒဏ်ရာ ရရှိသွားမည်ကို သူမ စိုးရိမ်နေဆဲ ဖြစ်သည်။ ထန်ရှုတစ်ယောက် ဘေးမသီရန်မခသည်ကို မြင်ရတော့မှ သူမ စိတ်သက်သာရာ ရကာ ချက်ချင်းပင် အသံထွက်၍ ချီးမွမ်းတော့သည်။

ထန်ရှုက ခပ်ဖျော့ဖျော့အပြုံးဖြင့် တုံ့ပြန်ကာ

"ကိုယ့်ခန့်မှန်းချက် မှန်ရင် မန်နေဂျာဟဲဒေါင်ဆီ အလည်လာတဲ့ ယောက်ျားနဲ့ မိန်းမကလွဲရင် ကျန်တဲ့သူတွေက အသေးအမွှားလေးတွေ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခန်းရှ အပြင်ထွက်ပြီး စောင့်ပါ။ ကိုယ် သိလိုတာတွေအတွက် သူတို့ကို ညှဉ်းပန်းနှိပ်စက်ပြီး မေးရဦးမှာမို့။”

ခန်းရှသည် တခဏမျှ တုံ့ဆိုင်းသွားပြီး ခေါင်းညိတ်ကာ လှည့်ထွက်သွားသည်။

တံခါးပိတ်သွားသည်နှင့် ထန်ရှုက မိုအားဝူအား ချန်းချိန်ကို နှိုးခိုင်းလိုက်ပြီး

"မင်းက ငါ့ကို စုံစမ်းထားပြီးပြီဆိုတော့ ငါ့ရဲ့ဂုဏ်ပုဒ်တစ်ခုက ကြယ်တာ တရုတ်တိုင်းရင်းဆေးရုံရဲ့ နတ်ဆေးသမားတော်လေးဆိုတာကိုလည်း မင်း သေချာသိပြီးသားဖြစ်မှာပါ။  နတ်ဆေးသမားတော်တစ်ယောက်အနေနဲ့ သေမင်းတံခါးကနေ လူတွေကို ငါ ပြန်ခေါ်နိုင်သလို သေမင်းတံတားပေါ်မှာလည်း လူတွေကို  ချိတ်ဆွဲထားနိုင်တယ်။ ဒါကြောင့် မင်းကို ဓားတစ်ထောင်နဲ့ခုတ်ပိုင်းရင်တောင် မင်းကို ရှင်အောင် လုပ်ထားဖို့ ငါ အာမခံနိုင်သေးတယ်ဆိုတာ မင်း သိရမယ်။ မင်းကိုယ်မင်း သတ်သေချင်တာတောင် သေခွင့်မရဘဲ နှစ်ရက်သုံးရက် ကြာတဲ့အထိ မင်းအသက်ကို ငါ ထိန်းထားနိုင်သေးတယ်။"

"ငါ ကြယ်တာရာကို လာရဲတယ်ဆိုမှတော့ သေဖို့ ပြင်ထားပြီးသားကွ။" ချန်းချိန်က ရယ်မောလိုက်ရင်း “ညှဉ်းပန်းနှိပ်စက်မှုကို ငါ ဘယ်တုန်းကမှ မကြောက်ခဲ့ဘူး။ မင်း စွမ်းနိုင်ရင် လုပ်လိုက်လေ။ ငါ့မျက်ခုံးတွေ တွန့်သွားရင် ငါ ယောကျာ်း မဟုတ်တော့ဘူး။"

"ဒါဆို မင်းကို ကြွက်သားတွေ တွန့်လိမ်ပြီး အရိုးတွေ ကျွံနေတဲ့ ခံစားချက်ကို အရင်ပေးမြည်းရတာပေါ့။" ထန်ရှုက ရယ်မောလိုက်သည်။

"သေခြင်းတရားက အသက်ရှင်နေရတာထက် ပိုကောင်းတယ်ဆိုတဲ့အရသာကို မင်းကို ငါ မြည်းစမ်းခိုင်းလိုက်မယ်။"

ထိုသို့ပြောပြီးနောက် သူသည် ချန်းချိန်၏ခန္ဓာကိုယ်အနှံ့ ထိန်းချုပ်ထားသော ခွန်အားတစ်ခုဖြင့် ဆက်တိုက် ရိုက်ပုတ်လိုက်သည်။ ဆယ်စက္ကန့်ကျော်ကြာသည့်အခါ ရပ်လိုက်ပြီး နောက်ပြန်ဆုတ်ကာ ကုလားထိုင်တွင် ထိုင်လိုက်သည်။ အခြားတစ်ဖက်တွင် ရှိနေသော အမျိုးသမီးသည် တုန်လှုပ်နေလျက်ရှိသည်။

အာားးးး….

ချန်းချိန်၏ပါးစပ်မှ နှလုံးတုန်လောက်သည့်အသံတစ်ခု ထွက်ပေါ်လာသည်။ ကြွက်သားများ တွန့်လိမ်ခြင်းနှင့် အရိုးများ ကျွံခြင်းကြောင့် ဖြစ်ပေါ်လာသော နာကျင်မှုသည် သူ့ဘဝတစ်လျှောက်လုံးတွင် အနာကျင်ဆုံး ခံစားမှု ဖြစ်လာခဲ့ပေသည်။

ထန်ရှုသည် ချန်းချိန်တို့အဖွဲ့မှ တစ်ယောက်တည်းသော အမျိုးသမီးကို ကြည့်ပြီး ခံစားချက်မဲ့စွာဖြင့် ခနဲ့လိုက်သည်။

"ကောင်းပြီ … ကြွက်သားတွေ တွန့်လိမ်ပြီး အရိုးတွေ ကျွံသွားအောင်ကို ငါ့ရဲ့ ဆက်ဆံမှုက ကြီးကြီးမားမား အကျိုးသက်ရောက်ပုံရတယ်။ မင်းလည်း စမ်းချင်ရင်လည်း ငါ လုပ်ပေးလို့ရတယ်နော်။"

***

All Chapters