← Chapters

လှုပ်ရှားခြင်း

Vol. 47 Ch. 650

လှုပ်ရှားခြင်း

Vol. 47 Ch. 650

သို့သော် ထိုအမျိုးသမီးသည် ခြိမ်းခြောက်စကားကြောင့် တုန်လှုပ်ခြင်းမရှိပေ။ တုပ်နှောင်ခံထားရပြီး ကြမ်းပြင်ပေါ်တွင် ဆိုးဆိုးရွားရွား အော်ဟစ်လူးလိမ့်နေရသော ချန်းချိန်ကို သူမ ကြည့်လိုက်သည်။ မိနစ်ဝက်အကြာတွင် သူမသည် ထန်ရှုကို လှည့်ကြည့်လိုက်ပြီး ထူးဆန်းသော အပြုံးတစ်ခု ပြုံးပြလာသည်။

“ငါ အရှုံးပေးတယ်။” အမျိုးသမီး၏အသံမှာ အတန်ငယ် အက်ရှရှ ဖြစ်နေသည်။

ထန်ရှုသည် တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရသဖြင့် မျက်မှောင်ကြုတ်သွားသည်။ အကြောင်းရင်းကို သူ မသိနိုင်သေးမီမှာပင် မိုအားဝူသည် ရှေ့သို့ တက်၍ အမျိုးသမီး၏ပါးကို တင်းတင်းကြပ်ကြပ် ဖိကာ ပါးစပ်ဖွင့်အောင် လုပ်လိုက်သည်။ သူမ၏ပါးစပ်မှ အနံ့အသက်ဆိုးတစ်ခု ထွက်လာသဖြင့် မိုအားဝူ၏မျက်နှာ သိသိသာသာ ပျက်သွားသည်။ သူက ချက်ချင်းပင် သူမကို မြှောက်ပြီး ဇောက်ထိုးထားကာ ဗိုက်ကို ဖိပေးလိုက်သည်။

အဟွတ်…

အမျိုးသမီးသည် ချောင်းဆိုးလိုက်ရာ သွေးများ ပါလာပြီး ထိုသွေးမှာ မည်းနက်နေသော သွေးများ ဖြစ်သည်။

နောက်ဆုံးတော့ သည်အမျိုးသမီးသည် အဆိပ်သောက်ကာ ကိုယ့်ကိုယ်ကိုယ် သတ်သေသည်ကို ထန်ရှု သိလိုက်ရသည်။ ၎င်းတို့၏သွားများအတွင်း အဆိပ်ရှိသော ဆေးများကို ဝှက်ထားသူများနှင့် ယခင်က မရေမတွက်နိုင်အောင် အကြိမ်ပေါင်းများစွာ သူ ကြုံတွေ့ခဲ့ဖူးသည်။ သို့သော် သူသည် တရုတ်ဆေးပညာ တတ်ကျွမ်းသူဖြစ်သည်ကို သိပြီးနောက်တွင်တောင် ထိုအမျိုးသမီးသည် သူ့ကိုယ်သူ သတ်သေသော နည်းလမ်းကို ကျင့်သုံးမည်ဟု သူ တစ်ခါမှ မထင်ထားခဲ့ပေ။ သူသည် ထိုအမျိုးသမီး၏ အခြေအနေကို လျင်မြန်စွာ စစ်ဆေးကြည့်ရာ သူမ အသုံးပြုခဲ့သော အဆိပ်သည် လွန်စွာ ပြင်းကြောင်း တွေ့ရှိခဲ့သည့်အပြင် သူမ ပထမဆုံး သောက်သည့် အချိန်သည် အနည်းငယ် ကြာသွားခဲ့ပြီး အဆိပ်သည် သူမ၏ကိုယ်တွင်းအင်္ဂါများကို ထိခိုက်သွားခဲ့ပြီဖြစ်သည်။ အင်မော်တယ် အဆိပ်ဖြေဆေး မရှိပါက သူမကို ကယ်တင်ရန် မဖြစ်နိုင်တော့ပေ။

…ရွှတ်…

ဓားမြှောင်တစ်ချောင်းသည် ထိုအမျိုးသမီး၏ လည်ပင်းအား ပိုင်းဖြတ်သွားသည်။ ထန်ရှုသည် သူမအား အဆိပ်ကြောင့် သေဆုံးရသည့်ဝေဒနာမှ တားဆီးရန် ဆုံးဖြတ်ခဲ့ပြီး စောစောစီးစီး လောကအရာများမှ လွတ်မြောက်စေရန်၊ ဝဒေနာမှ တစ်ခါတည်း လွတ်မြောက်သွားစေရန် အမြန်သေအောင် သတ်ပေးလိုက်ခြင်းဖြစ်သည်။

"သူ့ကို ပြန်ထခိုင်းလိုက်။" ထန်ရှုက ကုလားထိုင်ပေါ်မှ ပြန်ထိုင်ပြီး ဒွာရခြောက်ပေါက်မှ သွေးများ စီးကျနေသော ချန်းချိန်ကို ကြည့်လိုက်သည်။

"ငါ ပြောပါ့မယ်။" အသည်းခိုက်အောင် နာကျင်နေသော အော်ဟစ်သံနှင့်အတူ ချန်းချိန်သည် နောက်ဆုံးတွင် အရှုံးပေးလာသည်။

"အင်း … မင်းအရှုံးပေးတာက အရမ်းမြန်မနေဘူးလား။" ထန်ရှု ခပ်သဲ့သဲ့ ပြုံးလိုက်သည်။

"မင်း သိပါတယ် … ဒီအသေးအမွှားလေးနဲ့ စာရင် ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းတွေ ငါ့မှာ အများကြီး ကျန်နေသေးတယ်ဆိုတာ။ နို့မဟုတ်ရင် နာရီအနည်းငယ်ကြာအောင် မင်း ဘယ်လို ခံနိုင်ရည်ရှိမှာလဲ။ စိတ်မပူပါနဲ့ … မင်းကို အသက်မသေအောင် ကာကွယ်ပေးထားပြီး နာကျင်မှုကို ငါ သေချာပေါက် နှစ်ဆ ပေးနိုင်တယ်။"

"ကောင်းပါပြီ … ငါ ပြောပါမယ်။"

ထိုကဲ့သို့ လူမဆန်သော ဝေဒနာကို ခံရပြီးနောက် ချန်းချိန်၏ကြောက်ရွံ့မှုသည် အကန့်အသတ်ထိတိုင် ရောက်ရှိသွားခဲ့သည်။ နှိပ်စက်ညှဉ်းပန်းမှု အမျိုးအစားပေါင်း မြောက်မြားစွာကို သူ တွေ့မြင်ခဲ့ဖူးပြီး သူကိုယ်တိုင်လည်း ယခင်က အများအပြား လုပ်ဆောင်ခဲ့ကာ လူများစွာထံမှ သတင်းအချက်အလက်များ ထုတ်ယူရန် အမျိုးမျိုးသော ညှဉ်းပန်းနှိပ်စက်မှု ကိရိယာများကို ကျွမ်းကျင်စွာ အသုံးချခဲ့သည်။ သို့သော် “ကြွက်သားများ တွန့်လိမ်ခြင်းနှင့် အရိုးများ ကျွံခြင်း” ဟူသော ဤနည်းလမ်းသည် နှိပ်စက်ခံရသူများအတွက် အလွန်ကြောက်စရာကောင်းလောက်အောင် နာကျင်စေမည်ဟု သူ မထင်ထားခဲ့ပေ။

ထန်ရှု ခေါင်းညိတ်ပြလိုက်သောကြောင့် မိုအားဝူက ချန်းချိန်အား သူ့အရှေ့သို့ ခေါ်ဆောင်လာသည်။ ထို့နောက် ထန်ရှုသည် ကြွက်သားများ တွန့်လိမ်ပြီး အရိုးများကျွံခြင်းဝေဒနာမှ သက်သာအောင် ထိုသူအား လုပ်ပေးလိုက်သည်။ မြေပြင်ပေါ်တွင် ခွေးသေကောင်ပမာ လဲလျောင်းကာ ပင်ပန်းကြီးစွာ အသက်ရှူနေသော ချန်းချိန်ကို ကြည့်ကာ သူက သရော်လိုက်သည်။

"မင်း သိသမျှကို ပြောပါ။ နို့မဟုတ်ရင် သေခြင်းတရားက အသက်ရှင်ရတာထက် အများကြီးသာလွန်တဲ့ ဒီခံစားချက်ကို အချိန်ကြာကြီး မြည်းစမ်းရလိမ့်မယ်။ မင်း အရာအားလုံးကို မပြောရင် မင်းရဲ့မိသားစုကိုရှာဖို့ လိုအပ်သမျှ နည်းလမ်းတွေကို သုံးပြီး ချန်မျိုးရိုးကောင်ကို ရှာရလိမ့်မယ်။ ပဋိပက္ခတွေကို ဖြေရှင်းတိုင်း တတိယလူ ဘယ်တော့မှ မပါဝင်စေရဘူးဆိုတဲ့ သောက်ရူးစကားမျိုးကို ငါ ဘယ်တော့မှ မယုံကြည်ဘူး။ မင်း ငါ့ကို စိတ်ဆိုးအောင် လုပ်ထားပြီးနေပြီမို့ မင်းနဲ့ မင်းမိသားစုကို တူညီတဲ့ကံကြမ္မာဖြစ်အောင် ငါ လုပ်မယ်။ သေတာက အသက်ရှင်တာထက် အများကြီး သာလွန်တယ်ဆိုတဲ့ အရသာကို မင်းတို့အားလုံး ခံစားရမယ်။”

ဒါက သိသိသာသာကို ဗြောင်ခြိမ်းခြောက်လိုက်ခြင်းပင်။

ထန်ရှု၏ခြိမ်းခြောက်စကားကို ကြားလိုက်သောအခါ ချန်းချိန်၏စိတ်နှလုံးသည် ရေခဲတွင်းထဲသို့ ကျသွားသည့်အလား အေးစက်တုန်ရီသွားရပြီး သည်အချိန်တွင် ထန်ရှုသည် လူသားမဟုတ်ဘဲ ငရဲကိုးထပ်ကို အုပ်စိုးသော နတ်ဆိုးအလား သူ ထင်မှတ်သွားမိသည်။

နှစ်မိနစ်ကြာပြီးနောက်တွင် သူ၏အခြေအနေသည် ပိုမိုကောင်းမွန်လာပြီး ထန်ရှုကို မော့ကြည့်လိုက်ရင်း "မင်းက ဘာသိချင်တာလဲ။"

"မင်းသိသမျှ ငါ့ကို ပြော။" ထန်ရှု အေးစက်စွာ ပြောလိုက်သည်။

"ငါ ပြောတာကို မင်း နားလည်တယ်မလား။"

“မင်းရဲ့ ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုက ထုတ်ကုန်နည်းပညာကို ရယူချင်သူက ချန်ရှင်းဝမ်ပါ။ သူက ငါ့သူဌေးဖြစ်ပြီး ငါ့ခန့်မှန်းချက်မှန်ရင် မင်း သူ့အကြောင်း အသေးစိတ် အချက်အလက်တွေကို အခု ရပြီးလောက်ပါပြီ။ ငါတို့ရဲ့အစီအစဉ်က အလွန် ရှင်းပါတယ်။ နတ်ဘုရားဝတ်ရည်ဝိုင်ထုတ်လုပ်တဲ့ ဝိုင်စက်ရုံဒါရိုက်တာက ဝိုင်ချက်နည်းကို မရောင်းချင်ဘူး။ ဒါကြောင့် ဝိုင်စက်ရုံရဲ့ ဒုဒါရိုက်တာကို သိမ်းသွင်းပြီး ဒါရိုက်တာကို ဖယ်ရှားနိုင်အောင် သူ့ကို သတ်ဖို့ ကြံစည်ကြိုးစားခဲ့တာ။ ပြီးရင် ဒုဒါရိုက်တာကို အစားထိုးမယ်ပေါ့။ နောက်ပြီး ဝိုင်စက်ရုံတာဝန်ခံကို လုပ်ကြံတာက မင်းကုမ္ပဏီရဲ့ တခြားထုတ်ကုန်နည်းပညာတွေကိုပါ အလစ်လုယူဖို့ ရည်ရွယ်ထားတဲ့ နည်းဗျူဟာကွဲတစ်ခုပဲ…”

“ဒါဆို အခု ချန်ရှင်းဝမ်က ဘယ်မှာလဲ။" ချန်းချိန်၏ ဝန်ခံချက်ကို နားထောင်ပြီးနောက် ထန်ရှုက အေးစက်စက် အမူအရာဖြင့် မေးလိုက်သည်။

"သူက အပြာရောင်မြို့က အိမ်တော်ဝန်ဥယျာဉ် အိမ်ရာမှာ ရှိတယ်။"

ထန်ရှုက မိုအားဝူဆီသို့ ခေါင်းလှည့်ပြီး

"ချန်ရှင်းဝမ်တို့ကို ဖမ်းဖို့ အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပါ။ မှတ်ထားပါ။ ငါ သူ့ကို အသက်ရှင်လျက် လိုချင်တယ်။"

“ဟင့်အင်း … အဲ့ဒါ အသုံးမဝင်လောက်ဘူး။" ချန်းချိန်က ခေါင်းယမ်းကာ ဝင်ပြောလိုက်သည်။

“ချန်ရှင်းဝမ်က ခြောက်နာရီတစ်ခါ ငါတို့ကို ဆက်သွယ်တယ်။ ပြီးတော့ ဒီကငါတို့ရဲ့လုံခြုံရေးကို သူ သံသယဝင်ရင် ချက်ချင်း နေရာရွှေ့သွားလိမ့်မယ်။ အခု သူ ငါတို့ကို နောက်ထပ်ဆက်သွယ်ဖို့ တစ်နာရီခွဲလောက်ပဲ လိုတော့တယ်။"

"မင်း အသက်မရှင်ချင်တော့ဘူးလား။" ထန်ရှုက ခနဲ့လိုက်သည်။

"ငါ ရှင်ချင်တာပေါ့။" ချန်းချိန် မချိပြုံး ပြုံးလိုက်သည်။ “ဒါပေမယ့် သူက ငါ့ကို အပြည့်အဝ မယုံကြည်ဘူး။ သူ အပြည့်အဝယုံကြည်တဲ့သူက ဒီအမျိုးသမီးပဲ။ ဒါပေမယ့် အခု သူ သေသွားပြီ။ ငါတို့ရဲ့ နောက်လာမယ့် အဆက်အသွယ်မှာ သူ သေချာပေါက် သိလိမ့်မယ်။”

တစ်နာရီခွဲပဲ ကျန်တော့တာလား…

ထန်ရှု၏အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ သူက ချန်းချိန်ကို လေးလေးနက်နက် စိုက်ကြည့်ရင်း ချက်ချင်း မေးလိုက်သည်။

"တကယ်လို့ ချန်ရှင်းဝမ်က မင်းဆီ ဖုန်းဆက်လာရင် မင်း တစ်နာရီလောက် အချိန်ဆွဲပေးနိုင်မလား။"

ချန်းချိန် တွေကနဲ ဖြစ်သွားသည်။ သူက မျက်မှောင်ကုပ်လိုက်ရင်း

“တစ်နာရီလောက်က အတော် ခက်လိမ့်မယ်။ ချန်ရှင်းဝမ်က သဘာဝအားဖြင့် သံသယစိတ် လွန်ကဲတဲ့ လူတစ်ယောက်ပဲ။ နာရီဝက်လောက်ဆိုရင်တော့ ပြဿနာ မရှိလောက်ဘူး။"

"ရတယ်။ နာရီဝက်လောက်ဆို နာရီဝက်လောက်ပေါ့။” ထန်ရှု မဆိုင်းမတွ ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက်တွင် သူသည် သူ့ဒေါ်လေးထန်မင်းဆီ ဖုန်းဆက်ကာ

“ဒေါ်လေး … ကြယ်တာရာက စစ်တပ်စခန်းမှာ စစ်ရဟတ်ယာဉ်တစ်စင်း ရှိလား။”

“ဟုတ်တယ်။ အချို့ ရှိတယ်” ထန်မင်းက တခဏမျှ စဉ်းစားပြီးနောက် ပြန်ပြောသည်။

"ဒေါ်လေးက အဲ့ဒါတွေကို သုံးခွင့်ရှိလား။ ကျွန်တော် ကြယ်တာရာက လူအချို့ကို အပြာရောင်မြို့ဆီ ချက်ချင်းပို့ဖို့ လိုနေလို့။ ကျွန်တော့်မှာ နှစ်နာရီလောက်ပဲ အချိန်ရတော့တာမို့ အရေးကြီးနေလို့ပါ။” ထန်ရှုက ပြောလိုက်သည်။

ထန်မင်းက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး “အဲ့ဒါအတွက်တော့ ဒေါ်လေးမှာ အခွင့်အာဏာမရှိဘူး။ ဒါပေမယ့် ရှုအာရဲ့တတိယအဘိုးက လုပ်နိုင်တယ်။ ဒေါ်လေး သူ့ဆီ ချက်ချင်း ဖုန်းဆက်လိုက်မယ်။"

"ဟုတ် ဒေါ်လေး ကျေးဇူးပါ။" ထန်ရှုက ပြန်ပြောသည်။

နှစ်မိနစ်လောက်ကြာသောအခါ သူထံသို့ တတိယအဘိုးဖြစ်သူ ထန်ကောရှင်း ဖုန်းဆက်လာသည်။

"ရှုအာ … မင်းလေးက ရှုအာရဲ့တောင်းဆိုမှုအကြောင်း ပြောပြတယ်။ ကြယ်တာရာမြို့ စစ်စခန်းမှာ လုပ်စရာရှိတာတွေကို ငါ ချက်ချင်း စီစဉ်ပေးမှာမို့ မင်းရဲ့လူတွေကို အခုပဲ လွှတ်လိုက်။ စစ်သုံးရဟတ်ယာဉ်ကို မင်း အချိန်မရွေး သုံးလို့ရမယ်လို့ ငါ အာမခံတယ်။”

“ဟုတ်ကဲ့ တတိယအဘိုး။ အဘိုးကို ဒုက္ခပေးသလို ဖြစ်မိတဲ့အတွက် တောင်းပန်ပါတယ်။" ထန်ရှုက ပြောပြီး ဖုန်းချလိုက်သည်။ ထို့နောက် သူက မိုအားဝူကို ကြည့်ကာ လေးနက်သောလေသံဖြင့်

"မင်း ငါတို့လူတွေကို ကြယ်တာရာမြို့ စစ်စခန်းဆီ ချက်ချင်း ခေါ်သွားလိုက်။ မင်းတို့ကို စောင့်နေတဲ့ စစ်သုံးရဟတ်ယာဉ်တစ်စင်း ရှိလိမ့်မယ်။ ပစ်မှတ် ရှိတဲ့နေရာကို အပြေးသွားပြီး အဲ့ဒီချန်မျိုးရိုးကောင်ကို ဖမ်းမိဖို့ သေချာပါစေ။”

“လိုက်နာလျက်ပါ…” မိုအားဝူက တလေးတစား ပြန်ပြောပြီး ထာဝရခန်းမမှ ကျွမ်းကျင်သူအချို့ကို ချက်ချင်း စုစည်းကာ ထွက်ခွာသွားတော့သည်။

သည်အချိန်တွင် ချန်းချိန်သည် ထိုင်နေပြီဖြစ်သည်။ ထန်ရှု၏ဖုန်းခေါ်ဆိုမှုအပြင် မိုအားဝူနှင့် ပြောဆိုနေသည့် အကြောင်းအရာအားလုံးကို သူ ရှင်းရှင်းလင်းလင်း ကြားနေရသည်။ ထန်ရှုသည် ကြယ်တာရာစစ်စခန်းမှ စစ်ရဟတ်ယာဉ်ကို ဖုန်းခေါ်ဆိုရုံဖြင့် အသုံးပြုနိုင်မည်ဟု သူ မထင်ထားခဲ့သောကြောင့် ထိုအရာများကို သူ ကြားလိုက်ရသောအခါ ရင်ထဲတွင် လှိုင်းထန်ကာ ဗြောင်းဆန်သွားတော့သည်။

တစ်နာရီ ကြာပြီးနောက် ထန်ရှုနှင့် ခန်းရှသည် လုံစားသောက်ခန်းမတွင် ပေါ်လာသည်။ ထာဝရခန်းမမှ ကျွမ်းကျင်သူများမှလွဲ၍ ခမ်းနားသော ထန် စီးပွားရေးလုပ်ငန်းစု၏ကျန်လုံခြုံရေးတပ်ဖွဲ့များသည် တန်းထွက်ခွာသွားကြသည်။ ချန်းချိန်၏လက်အောက်ခံ လူများအားလုံးအား သတ်ပစ်ကာ ထိုသူတို့၏ အလောင်းများကို သဲလွန်စမကျန်အောင် ဖျက်ဆီးပစ်လိုက်ပြီး ချန်းချိန်တစ်ယောက်တည်းကိုသာ ချန်ရစ်ထားခဲ့သည်။

လုံစားသောက်ခန်းမ၏စီးပွားရေးအခန်းတွင် ထန်ရှုသည် ပြတင်းပေါက်ရှေ့တွင် လက်ပိုက်ရပ်နေရင်း မြို့အပြင်ဘက်ရှိ လူစည်ကားသော မြင်ကွင်းကို ကြည့်ရှုနေဟန် ရှိသော်လည်း တကယ်တမ်းတွင် ထိုမြင်ကွင်းကို ကြည့်ရှုအပန်းဖြေရန် အာရုံမရသေးပါချေ။ ချန်ဟုခေါ်သော ထိုလူသည် အမှောင်ထဲတွင် ပုန်းအောင်းနေသော သားရဲကြီးနှင့် တူသည်။ ထိုလူကို သူ မကြောက်သော်ငြား သူ့ကုမ္ပဏီ၏ ထုတ်ကုန် အချက်အလက်များ ခိုးယူခံရမည်ကိုတော့ သူ စိုးရိမ်သည်။ ထို့ကြောင့် သူသည် ပုန်းကွယ်နေသော အန္တရာယ်အားလုံးကို စောစီးစွာ ချေမှုန်းထားရပေမည်။

“စိတ်မပူပါနဲ့။ ငါတို့ သူတို့ကို သေချာပေါက် ဖြေရှင်းနိုင်မှာပါ။"

ဥပဒေကို ချိုးဖောက်ပြီး လူတွေကို သတ်ပစ်ရန်ဟူသော အတွေးများသည် ခန်းရှ၏စိတ်ထဲတွင် ယခင်က မရှိခဲ့သော်ငြား ထန်ရှုထံတွင် အလုပ်စဝင်ကတည်းက အချို့သောကိစ္စရပ်များအား ထန်ရှုသည် သတ်ဖြတ်ခြင်းဖြင့် ဖြေရှင်းရသည်ကို အကြိမ်ကြိမ် မြင်ဖူးပြီးသောကြောင့် သူမ၏လက်ဖြင့် ကိုယ်တိုင် မသတ်ရသည့်တိုင် သတ်ဖြတ်ခြင်းတွင် ခန်းရှတစ်ယောက် အထုံရနေပြီဖြစ်တော့သည်။

ထန်ရှုက စကားတစ်လုံးမှ မဆိုဘဲ ခေါင်းညိတ်ပြသည်။ ထို့နောက် သူ ရုတ်တရက် တစ်ခုခုကို သတိရသွားဟန်ဖြင့်

"ဒီချန်မျိုးရိုးကောင်ကို ဖြေရှင်းနိုင်ရင် မင်းနဲ့ အင်ဒီ့ကို ကိုယ့်မွေးရပ်မြေကို ခေါ်သွားဖို့ ရည်ရွယ်ထားတယ်။"

"ဟင် … နင့်မွေးရပ်မြေမှာ ငါတို့ကို ဘာလုပ်စေချင်တာလဲ။" ခန်းရှက အံ့အားသင့်စွာ မေးလိုက်သည်။

“ကိုယ့်မွေးရပ်မြေက တောင်တန်းရဲ့အနောက်ဘက် ကျောက်တုံးအစီအရင်ထဲမှာ ကမ္ဘာမြေသွေးကြောရဲ့ စိတ်ဝိညာဉ်စမ်းချောင်းကို တွေ့ခဲ့တယ်။ အဲ့ဒီစိတ်ဝိညာဉ်စမ်းချောင်းထဲ ဝင်ပြီး ကျင့်ကြံလိုက်မယ်ဆိုရင် မင်းရဲ့ကျင့်ကြံမှုက လျင်လျင်မြန်မြန်နဲ့ အဆင့်တစ်ခု ဒါမှမဟုတ် နှစ်ခု မြှင့်တက်သွားလိမ့်မယ်။ လက်ရှိအခြေအနေက ကိုယ်တို့ကို ရန်သူတွေက မျက်စိကျပြီး အမှောင်ထဲကနေ ချောင်းမြောင်းနေချိန်မှာ ကိုယ်တွေက အလင်းထဲမှာ ထင်းထင်းလင်းလင်း ဖြစ်နေတယ်။ မင်းနဲ့ အင်ဒီက ကိုယ့်လူတွေမို့ မင်းတို့ရဲ့ဘေးကင်းမှုကို ငါ အာမခံမှု ရှိစေချင်တယ်။ ကိုယ်ရံတော်တွေရှိတာက ပြင်ပအကာအကွယ်ကလွဲပြီး ဘာမှမဟုတ်ဘူး။ မင်းမှာ ပိုကြောက်စရာကောင်းတဲ့ ခွန်အားတွေရှိမှ ကိုယ် တကယ် စိတ်ချမ်းသာပြီး စိတ်ချလက်ချရှိနိုင်လိမ့်မယ်။" ထန်ရှုမှ ရှင်းပြသည်။

ခန်းရှသည် စိတ်ထဲ နွေးထွေးသွားရပြီး ထန်ရှု၏ လက်မောင်းကို ဖက်လိုက်ကာ

"ငါ သိပြီ။ နင့်ရဲ့မွေးရပ်မြေကို သွားရမယ်ဆိုတော့ ငါ လက်ဆောင်တွေ ပြင်ထားရဦးမလား။ အဘွားကရော အဲ့ဒီမှာ နေသေးတယ်မဟုတ်လား။"

"လက်ဆောင်ပြင်ဖို့ မလိုပါဘူးကွာ။" ထန်ရှု ခေါင်းယမ်းလိုက်သည်။

“ကြယ်တာရာမှာ အရေးတကြီး လုပ်စရာတွေ ရှိနေတုန်းမို့လို့ စုမိသားစုရွာကို မဝင်တော့ဘူး။ ကိုယ်တို့ အဲ့ဒီကို ရောက်ရင် မင်းတို့ကို တောင်ဆီ တန်းခေါ်သွားမယ်။ မင်းတို့လေးတွေ ကျင့်ကြံမှု ပြီးသွားရင်တော့ ကိုယ် ချက်ချင်း ပြန်လာဖို့ ရည်ရွယ်တယ်။"

"အဲ့ဒီမှာ ကျင့်ကြံဖို့ ဘယ်လောက်ကြာမလဲ။" ခန်းရှက မေးလိုက်သည်။

"ငါ မသွားခင် ကုမ္ပဏီက ကိစ္စတွေကို ကြိုပြီး စီစဉ်ထားရမယ်လေ။"

ထန်ရှုက ခဏလောက် စဉ်းစားပြီး ဖြေသည်။

"လေးရက်လောက်ပေါ့။"

****

အပြာရောင်မြို့ အိမ်တော်ဝန်ဥယျာဉ်ဂေဟာ…

ချန်ရှင်းဝမ်သည် သတိကြီးစွာရှိနေသော အကြည့်ဖြင့် ဖုန်းကို ချလိုက်သည်။ ချန်းချိန်နှင့် တခြားသူများကို အပြင်လွှတ်လိုက်ကတည်းက သူ၏ဖုန်းကို သူအယုံကြည်ရဆုံး အမျိုးသမီးက မဖြေသည်မှာ ဒါ ပထမဦးဆုံးအကြိမ် ဖြစ်သည်။ ချန်းချိန်က သူမ ရေချိုးနေသည်ဟု ပြောသောကြောင့် သူ့အတွက် ပိုစိတ်လှုပ်ရှားကာ သံသယပိုကြီးလာရသည်။ သူ ဖုန်းခေါ်လေ့ ရှိသည့်အချိန်ကို သူမ သိထားပြီး သည်အချိန်ကျမှ ရေချိုးနေခြင်းသည်လည်း သူမ၏ပုံစံ မဟုတ်သည်မှာ အမှန်ပင်။

... တစ်ခုခု အမှားအယွင်း ဖြစ်သွားသလား။

ချန်ရှင်းဝမ် ခဏလောက် စဉ်းစားပြီး ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်သည်။ သူ့နောက်က လူနှစ်ယောက်ကို လှည့်ကြည့်လိုက်ကာ

"ဒီအခန်းကနေ ထွက်ပြီး အနီးနားက လူတွေကို ထိန်းချုပ်ဖို့ နည်းလမ်းတစ်ခု ရှာလိုက်။"

"နားလည်ပြီ။"

လူလတ်ပိုင်းနှစ်ယောက်က ပြန်ဖြေပြီး ချက်ချင်း ထွက်သွားသည်။ မိနစ်အနည်းငယ် ကြာပြီးနောက် သူတို့ထဲက တစ်ယောက်က ပြန်ရောက်လာကာ "ဘေးအခန်းက မိသားစု၃ယောက်ကို ငါတို့ထိန်းချုပ်မှုအောက်မှာ ထားလိုက်တယ် သူဌေး။"

"အိုခေ…။" ချန်ရှင်းဝမ်က ပြန်ပြောပြီး အခန်းထဲမှ ချက်ချင်း ထွက်သွားသည်။ ဘေးအခန်းသို့ သူ ရောက်လာသောအခါ အံ့အားသင့်နေသော အမူအရာများဖြင့် မိသားစုသုံးယောက်အား ကြိုးတုပ်ထားသည်ကို သူ တွေ့လိုက်ရသည်။ ထို့နောက် သူက

“ဒီအဆောက်အဦးရဲ့အနီးတစ်ဝိုက်က လှုပ်ရှားမှုအားလုံးကို စောင့်ကြည့်ဖို့ ငါတို့လူတွေကို အကြောင်းကြားထား။ လူစိမ်းတွေ ချဉ်းကပ်လာရင် အမြန်ဆုံး သတင်းပို့ခိုင်း။”

***

All Chapters