တစ္ဆေမြို့တော်
Vol. 102 Ch. 1423
အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်ထဲတွင် အင်မတန်လျှို့ဝှက်ဆန်းကြယ်သော နေရာတချို့ ရှိသည်။ ဥပမာ အစိမ်းရောင်ခေါင်းတလားဝဲ။ ထိုကဲ့သို့နေရာများတွင် အာကာပြင်ကျယ်စကြဝဠာ၏ မှော်ဥပေဒများ ကွဲပြားသည့်အတွက် အနှစ်သာရ ၉ ခုအဆင့်ပညာရှင်များပင် ဝင်ရောက်ဖို့ ခက်ခဲလေသည်။
မန်ဟိုသည် စစချင်းတုန်းက မသိခဲ့သော်လည်း ထိုကဲ့သို့နေရာများမှာ တန်ခိုးရှင်အဆင့်ကျင့်ကြံသူများ ဖန်ဆင်းခဲ့သော နေရာများဖြစ်ကြောင်း နောက်ပိုင်းသိလာခဲ့၏။
တန်ခိုးအဆင့်တက်ခဲ့သူများသာလျှင် အနှစ်သာရ ၉ ခုအဆင့်ပါရာဂွန်အတွက် အခက်တွေ့စေနိုင်သော နေရာများကို ဖန်ဆင်းနိုင်သည်။ ထိုမျှသာမက ထိုကဲ့သို့နေရာများသည် အာကာပြင်ကျယ်စကြဝဠာတွင် ရှားပါး၏။
ထိုနေရာတချို့မှာ အာကာပြင်ကျယ်အဖွဲ့အစည်းနှင့် သက်ဆိုင်ပုံပေါ်သည်။ တချို့ကတော့ အင်မော်တယ်နတ်ဘုရားကမ္ဘာနှင့် ဆက်နွှယ်နေသည်။ ကျန်နေရာများကိုတော့ နတ်ဆိုးလောကက ပိုင်လိမ့်မည်။ ကြည့်ရသရွေ့ .... တန်ခိုးရှင်တစ်ဦးကို မွေးထုတ်ပေးနိုင်ခဲ့သည့် အင်အားစုတိုင်း ထိုကဲ့သို့နေရာများနှင့် ပတ်သက်နေသယောင်ပင်။
ထိုနေရာတချို့သည် လူအသိများသော်လည်း တချို့ကတော့ လျှို့ဝှက်ချက်အဖြစ် ထိန်းသိမ်းခံထားရသည်။ လူသိသွားလျှင်လည်း တခြားအင်အားစုများအပေါ် သက်ရောက်မှုမရှိလောက်သည့်တိုင် မည်သို့ဆိုစေ လျှို့ဝှက်ခံထားရလေသည်။
အာကာပြင်ကျယ်ဂိုဏ်းချုပ်၏ သင်္ချိုင်းဗိမာန်ကလည်း ထိုကဲ့သို့လျှို့ဝှက်နေရာတစ်နေရာ ဖြစ်သည်။
သင်္ချိုင်း၏တည်နေရာအတိအကျကိုလည်း မသိရသည့်အပြင် ဝင်နိုင်သည့် တစ်ခုတည်းသောနည်းလမ်းကတော့ အာကာပြင်ကျယ်ကျောင်းတော်၏ တစ်ဂြိုဟ်ဂြိုဟ်ပေါ်က ပလ္လင်ကိုးဆူမှတစ်ဆင့်ပင်။
အတိတ်တုန်းက သင်္ချိုင်းဗိမာန်သည် အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်ထဲတွင် တည်ပင်မတည်ရှိဟု အတော်များများ ယူဆခဲ့ကြ၏။ ၎င်းက ကောင်းကင်ဘုံတာအိုမရှိသော တခြားကမ္ဘာထဲက နေရာတစ်ရာဟုလည်း ဆိုကြသည်။
ထိုကဲ့သို့နေရာများတွင် ကောင်းကင်ဘုံတာအို မတည်ရှိသည့်အကြောင်းရင်းမှာ မှော်အတတ်များ ပရမ်းပတာ ဖြစ်နေသည့်အတွက်ပင်။ တစ်ခါတရံ မှော်အစွမ်းတချို့ကို သုံးပင်သုံးမရပေ။ ဥပမာ အာကာပြင်ကျယ်ကျောင်းတော်၏အရှိန်အဝါနှင့် လိုက်လျောညီထွေမဖြစ်သော နေရာများဖြစ်သည်။
မန်ဟိုသည် အခြားသူများနှင့်အတူ ပေါ်လာပြီး ဘေးဘီဝဲယာကို ကြည့်လိုက်ရာ ကြယ်တာရာကောင်းကင်တစ်ခုကို မြင်လိုက်ရ၏။
၎င်းက အာကာပြင်ကျယ်စကြဝဠာထဲတွင် မင်းမူနေသော မြူများကင်းစင်နေသည့် ကြယ်တာရာကောင်းကင်အစစ်တစ်ခု ဖြစ်သည်။
သူတို့အရှေ့တွင် မြေထုကြီးကိုးခု ပျံဝဲနေ၏။ သေချာကြည့်လျှင် ထိုမြေထုများကို ဆက်သွယ်ပေးထားသော တံ့တားရှိကြောင်း မြင်ရလိမ့်မည်။ သို့သော် တံတားများက မငြိမ်။ အဆက်မပြတ် လှုပ်ရမ်းနေ၏။
လွင့်မျောနေသော ဥက္ကာခဲများက မြေထုကိုးခုကို ဝန်းရံထားသည်။ ရံဖန်ရံခါ ၎င်းတို့သည် အန္တရာယ်များသော ထူးထူးဆန်းဆန်းအငွေ့အသက်များကို ထုတ်လွှတ်တတ်၏။
မည်သည့်လမ်းကိုမှ မမြင်ရပေ။
“အခု ငါတို့ ရောက်လာပြီဆိုတော့ အချိန်သိပ်မရဘူး” ဂိုဏ်းချုပ်က ပြောသည်။ “တစ်လပဲ အချိန်ရမယ်။ ငါ့နောက် လိုက်ခဲ့ကြ။ လမ်းမပျောက်အောင် ဂရုစိုက်။ မြင်ရသမျှအရာတိုင်းနဲ့ မထိတွေ့နဲ့။ ပန်းချီပဲဖြစ်ဖြစ် ၊ လူတစ်ယောက်ပဲဖြစ်ဖြစ် ဘာကိုမှ မထိနဲ့။ ထိလိုက်ရင် အနှစ်သာရ ၉ ခုအဆင့် မင်းတို့တွေတောင် အသက်ထွက်သွားနိုင်တယ်” သူက လူတိုင်းကို နောက်ဆုံးတစ်ချက်ကြည့်ပြီးနောက် ကြယ်တာရာကောင်းကင်ပေါ် ပျံတက်လိုက်သည်။
ကျန်ရှိသူတိုင်း အရင်ကတည်း ရောက်ခဲ့ဖူးသည့်အလား လိုက်သွားကြသည်။ မန်ဟိုတစ်ယောက်တည်းသာ အခြားသူများထက် သတိပိုရှိနေပုံပေါ်၏။
သူ့လက်အောက်ခံပါရာဂွန်နှစ်ယောက်ကလည်း ပတ်ဝန်းကျင်ကို သတိကြီးကြီး ကြည့်ရှုရင်း သူ့နောက်မှလိုက်လာသည်။
မကြာမီ သူတို့အုပ်စုကား ဥက္ကာခဲများအကြား ပျံသန်းနေလေပြီ။ ဂိုဏ်းချုပ်သည် မည်သည့်တားမြစ်မန္တန်ကိုမှ မကြုံတွေ့ရစေသော ခရီးအတတ်တစ်မျိုးကို တတ်မြောက်ထားဟန်တူ၏။ လွင့်မျောနေသော ဥက္ကာခဲတစ်ခဲမှ သူတို့လမ်းကြောင်းထဲ ဝင်မလာခဲ့ပေ။ သို့သော် ရလဒ်အနေဖြင့် ဂိုဏ်းချုပ်၏မျက်နှာမှာ အတန်ငယ်ဖြူဖျော့လာသည်။ သူ၏မျက်လုံးများသည် နိမိတ်အလင်းဖြင့် တောက်ပနေ၏။ သိသာသာပင် ယခုလိုဦးဆောင်နေဖို့ကား လွယ်ကူသောအရာတော့ မဟုတ်ပေ။
အချိန်တွေ ကုန်လွန်လာသည်။ လေးနာရီကြာသော် အရှေ့ရှိ အနှစ်သာရ ၈ ခုပါရာဂွန်တစ်ယောက် ရုတ်တရက် ရပ်၍ အံ့ဩမယုံနိုင်သော အမူအရာဖြင့် ဘေးကို လှည့်ကြည့်လိုက်သည်ကို မန်ဟို သတိထားမိလိုက်သည်။
ဤလူသည် ဖနောင့်တစ်ချက်ဖြင့် အာကာပြင်ကျယ်စကြဝဠာကို လှုပ်ခါနေစေနိုင်ပြီး မည်သည့်ကမ္ဘာတွင်မဆို၊ မည်သည့်လောကတွင်မဆို အဆင့်မြင့်သောဖြစ်တည်မှုအဖြစ် သတ်မှတ်၍ရ၏။ သို့ထိတိုင် ဤနေရာ၏အန္တရာယ်များအကြောင်း မည်သူမှ သူ့ကို သတိမပေးနိုင်ခင် သူ့ခန္ဓာကိုယ်က ပူဖောင်းကြီးလို ဖောင်းလာသည်။
သူ၏အရိုးများ၊ အသားများနှင့် သူ၏အရာအားလုံး အရည်ပျော်လာပြီးနောက် အစအနမကျန် ပျောက်ကွယ်သွားတော့သည်။ သူ့ဝိညာဉ်ပင် ထွက်ပြေးရန် အခွင့်အရေးမရခဲ့ပေ။ သူကား ... အော်ပင်မအော်နိုင်ဘဲ သေသွားခဲ့လေပြီ။
ကျန်ခဲ့သည့် တစ်ခုတည်းသောအရာမှာ ကြယ်တာရာကောင်းကင်ထဲ လွင့်မျောသွားသည့် သူ၏ပျော့တိပျော့ပြဲ အရေခွံကြီးသာ။
မန်ဟိုမှာ ချောက်ချားသွားပြီး ကျန်ရှိသူတိုင်းလည်း ခေါင်းနပန်းကြီးလာကြသည်။ မည်သူမှစကားမပြောကြပေ။ အရေခွံကြီး လွင့်မျောသွားသည်ကို သူတို့ ကြည့်နေစဉ် ရယ်သံတစ်သံ ကြားလိုက်ရ၏။ ထိုအချိန်မှ အရေခွံကြီးက ပြုံးနေသည်ကို သူတို့ သတိထားမိလိုက်ကြလေသည်။
“အသက်ရှင်ချင်ရင် ဟိုကြည့်သည်ကြည့် လျှောက်မကြည့်နဲ့” ဂိုဏ်းချုပ်က ပြောသည်။ “အရှေ့ကလူကိုပဲ သေချာကြည့်။ ငါတို့ ဒီလမ်းအတိုင်း သုံးရက်သွားရမှာ။ အကုန်လုံးအဆင်ပြေရင် ဒီဧရိယာကို ဖြတ်ကျော်ပြီး ပထမဂိုဏ်းချုပ်သင်္ချိုင်းရဲ့ ပထမမြေထုကို ရောက်နိုင်မယ်” ထို့နောက် သူက ရှေ့ဆက်သွားသည်။
မန်ဟိုက ဘာမှမပြောသော်လည်း မျက်လုံးတောက်ပနေသည်။ ထို့နောက် သူသည် အရှေ့ရှိ ကျင့်ကြံသူကိုသာ ကြည့်ရင်း ရှေ့ဆက်လိုက်သွား၏။
ဤသို့ဖြင့် တစ်ရက်ကြာသော် သူတို့ ဤဧရိယာ၏ ခုနစ်ဆယ်ရာခိုင်နှုန်းအထိ ခရီးနှင်ခဲ့ပြီးပြီဖြစ်၍ ပထမမြေထုသို့ မကြာမီ ရောက်တော့မည်ဟု မန်ဟို သုံးသပ်နိုင်လိုက်သည်။
ခရီးစဉ်က ကြောက်စရာကောင်းသော်လည်း အန္တရာယ်တော့မများပေ။ သို့သော် အနှစ်သာရ ၈ ခုပါရာဂွန်နောက်တစ်ယောက် သေသွားခဲ့သည်။ သူက အရေပြားကြီးဖြစ်မသွားဘဲ ရုတ်တရက် ပုပ်သိုးလာခဲ့ခြင်းဖြစ်သည်။
စစချင်း ထိုလူမှာ သတိမထားမိပေ။ သူ့နောက်ကလူ အလန့်တကြား အော်တော့မှ အနှစ်သာရ ၈ ခုပါရာဂွန်သည် သူ့ကိုယ်သူ ငုံကြည့်လိုက်သောအခါ သူ၏မျက်လုံးများက မျက်လုံးအိမ်ထဲမှ ကျွတ်ကျသွားလေသည်။ လူတိုင်းကြည့်နေစဉ်မှာပင် သူသည် အရည်ပျော်၍ အောက်ထဲကျသွား၏။
မန်ဟိုမှာ ပို၍သတိကြီးလာတော့သည်။ ပတ်ဝန်းကျင်ရှိ ဥက္ကာခဲများက မှိတ်တုတ်မှိတ်တုတ် လက်သွားတတ်သော်လည်း အရာအားလုံးက သုဿန်တစပြင်ပမာ တိတ်ဆိတ်နေသည်။
ဂိုဏ်းချုပ်သည် ဖြည်းဖြည်းချင်း ရွေ့လျားလာခဲ့ရင်းနောက်ဆုံး ဆက်မလှုပ်ရှားခင် တွက်ချက်ကြည့်ရမည့်နေရာသို့ ရောက်လာသည်။ အတန်ကြာအကဲခတ်ပြီးနောက် ဂိုဏ်းချုပ်၏ နိမိတ်အဖတ်အတတ်နှင့် တွက်ချက်ပုံမှာ ဥက္ကာခဲများရွေ့လျားပုံနှင့် ပတ်သက်နေကြောင်း မန်ဟို ကောက်ချက်ချလိုက်နိုင်သည်။
သူ ထိုကိစ္စကို တွေးနေသည့်အချိန်မှာပင် သူ့နောက်ရှိ စုရီထံမှ အလန့်တကြားအော်သံ ကြားလိုက်ရသည်။ မန်ဟို ချာခနဲ လှည့်ကြည့်လိုက်ရာတွင် မိန်းမလှလေးရှင်းယွဲ့က ငေးကြောင်နေသောအမူအရာဖြင့် ဘေးကို ခေါင်းလှည့်ကြည့်ရင်း မမြင်ရသည့်ဂ္ဂိုလ်တစ်ယောက်ကို စကားပြောလိုက်ပုံပေါ်၏။
ထို့နောက် သူမအမူအရာက ရိပ်ခနဲ ဖြစ်သွားပြီးနောက် သူမက ဝမ်းသာနေသည့်အလား ခေါင်းညိတ်လိုက်သည်။
ခေါင်းညိတ်လိုက်သည်နှင့် သူမခန္ဓာကိုယ်သည် စတင်ခြောက်ကပ်လာ၏။ မန်ဟိုက မျက်မှောင်ကြုတ်၍ သူမနဖူးကို လှမ်းထိလိုက်သည်။
သူမတစ်ကိုယ်လုံး တုန်ရီသွားပြီး ခြောက်ကပ်ခြင်းဖြစ်စဉ်က နှေးကွေးသွားသော်လည်း မရပ်တန့်ပေ။
စုရီမှာ ပျာနေပြီး ကူညီပေးဖို့ မှော်အစွမ်းတချို့ ထုတ်လွှတ်ရန်ပြင်လိုက်စဉ်မှာပဲ သူမအမူအရာလည်း ငေးကြောင်သွားသည်။ သူမသည် ဘေးကို မယုံကြည်နိုင်စွာ ကြည့်ပြီးနောက် တစ်စုံတစ်ခုကို ဆုပ်ကိုင်ဖို့အလား လက်လှမ်းလိုက်၏။ ထို့နောက် သူမလည်း ခြောက်ကပ်လာတော့သည်။
မန်ဟိုမျက်မှောင်ပိုကြုတ်သွားသည်။ သူက တာအိုမျက်လုံးကို ကမန်းကတန်းဖွင့်ကာ သူ၏အရှိန်အဝါကို ပတ်ဝန်းကျင်သို့ ဖြန့်ကျက်လိုက်၏။
တစ်ချိန်တည်းမှာပင် ဂိုဏ်းချုပ်နှင့် ကျန်ပါရာဂွန်များက ဖြစ်ပျက်နေသောအရာကို လှည့်ကြည့်ကြသည်။ ဂိုဏ်းချုပ် မျက်နှာပျက်သွားပြီး တခဏတွန့်ဆုတ်နေပြီးနောက် သူက အံတင်းတင်းကြိတ်၍ မန်ဟို့ထံ ပြန်လာသည်။ ကျန်ပါရာဂွန်များလည်း တွန့််ဆုတ်နေကြသော်လည်း ဂိုဏ်းချုပ် ချဉ်းကပ်သွားသည်ကို မြင်လျှင် သူတို့လည်း လိုက်လာကြ၏။
သို့သော် တစ်ယောက်မှ အနားကပ်မလာနိုင်ခင် မန်ဟိုက ရုတ်တရက် လက်မြှောက်ကာ ပြောသည်။ “နောက်ဆုတ်ကြ။ ငါ ဖြေရှင်းနိုင်တယ်”
သူ၏အမူအရာက လေးနက်ခက်ထန်နေပြီး သူ စကားပြောလိုက်သည့်အချိန်မှာပင် အသတ်အဖြတ်အရှိန်အဝါတစ်ခုက သူထံမှ ဖြာထွက်လာကာ လေမုန်တိုင်းတစ်လုံး လျင်မြန်စွာ ဖြစ်လာသည်။
ဂိုဏ်းချုပ်နှင့် ကျန်ပါရာဂွန်များသည် သတ်ရဖြတ်ရခြင်းနှင့် မစိမ်းသော်လည်း မန်ဟို၏အသတ်အဖြတ်အရှိန်အဝါကို မြင်လျှင် မျက်လုံးများ မှေးကျဉ်းသွားကြသည်။ အထူးသဖြင့် ဆဋ္ဌမပါရာဂွန်မှာ ပင့်သက်ရှိုက်မိလိုက်၏။
မန်ဟို၏အသတ်အဖြတ်အရှိန်အဝါမှာ သာမန်လူများ ယှဉ်ပင်မယှဉ်နိုင်လောက်အောင် အားကောင်းလှလေသည်။ ဤပါရာဂွန်အုပ်စုပင်လျှင် ခြေဖျားပင်မမှီ။
“သူ လူဘယ်နှစ်ယောက်တောင် သတ်ခဲ့တာပါလိမ့်...”
“ဒီလောက်အများကြီး သတ်ခဲ့တဲ့ လူတစ်ယောက်ကို တစ်ခါမှ မမြင်ခဲ့ဖူးဘူး”
“ဒီနဝမပါရာဂွန်က လူမိုက်လား ဘာလား....” အနှစ်သာရ ၉ ခုပါရာဂွန်များရော ၊ အနှစ်သာရ ၈ ခုပါရာဂွန်များပါ လုံးလုံးလျားလျား တုန်လှုပ်ကုန်ကြသည်။
“ဆိုတော့” ဂိုဏ်းချုပ်က တွေးသည်။ “သူက ... တကယ် မန်ဟိုပဲ” မန်ဟို့ကို ဝန်းရံနေသော အသတ်အဖြတ်အရှိန်အဝါတွင် အော်ဟစ်နေသောဝိညာဉ်များ ပါဝင်နေသည့်အလားပင်။
လွန်ခဲ့သောအခိုက်အတန့်က ......
မန်ဟိုသည် တတိယမျက်လုံးဖြင့် ဘေးဘီဝဲယာကြည့်လိုက်သည့်အခါ မတူညီသောကမ္ဘာတစ်ခုကို မြင်လိုက်ရသဖြင့် မျက်နှာအမူအရာ လွန်စွာလေးနက်သွား၏။
ဤကြယ်တာရာကောင်းကင်၏ ဟင်းလင်းပြင်ထဲတွင် ဧရာမမြို့ကြီးတစ်မြို့ ရှိနေသည်။ သူတို့ပတ်ပတ်လည်ရှိ ဥက္ကာခဲများမှာ တကယ်တမ် ထိုမြို့၏ အဆောက်အအုံဖြစ်ပြီး နေရာတစ်နေရာလုံးမှာ မျက်မှောက်ခေတ်တွင် တည်ပင်မတည်ရှိသကဲ့သို့ လွန်စွာရှေးဆန်လျက်ရှိသည်။
မန်ဟို့ကို ပို၍ပင် တုန်လှုပ်သွားစေသည်က... မထင်မှတ်ဖွယ်ကောင်းစွာနှင့် သူတို့ကို မရေမတွက်နိုင်သောအရိပ်များက ဝိုင်းထားလေသည်။ ယောက်ျားမိန်းမ၊ ကလေးလူကြီးအကုန်စုံပြီး အားလုံးက ကျင့်ကြံသူများ ဖြစ်ကြ၏။ သူတို့သည် နေရာအနှံ့တွင် ရှိပြီး အများစုက ဟိုဟိုသည်သည် လမ်းလျှောက်နေကြသော်လည်း တချို့ကမူ မန်ဟိုတို့ကို စပ်စပ်စုစု လှည့်ကြည့်တတ်လေသည်။
အရိပ်များက ဝါးနေသလို ၊ မျက်နှာများလည်း ဖြူဆုပ်နေရာ ခန္ဓာကိုယ်တွင်လည်း အသက်ဓာတ်တို့ ကင်းမဲ့နေသည်။ အမှန်တွင် တစ်နေရာလုံးပြည့်နေသည်မှာ .... အဆုံးမဲ့သောသေခြင်းအငွေ့အသက်များပင် ဖြစ်၏။
ရှင်းယွဲ့ဘေးတွင် သူမ၏အဝတ်စကို ဆွဲရင်း ပြုံးပြနေကြသော မိန်းကလေးတချို့ ရပ်နေသည်။ သူတို့က သူမကိုလည်း သူတို့လိုဖြစ်လာစေချင်သည့်အလားပင်။ စုရီ၏အခြေအနေလည်း အလားတူဖြစ်သည်။
မန်ဟို့ကို ဆွဲဖို့ ကြိုးစားနေသော အရိပ်များပင် ရှိသည်။
ဤနေရာသည် .... တစ္ဆေမြို့တစ်မြို့ ဖြစ်ကြောင်း သဘောပေါက်လိုက်သဖြင့် မန်ဟို အသက်ပြင်းပြင်းရှူမိလိုက်တော့၏။
သူ၏ကျင့်ကြံခြင်းအဆင့်အရ ဤအရိပ်အားလုံးက တစ္ဆေများဖြစ်ကြောင်း သူ ပြောနိုင်သည်။ သူတို့ကား များပြားလွန်းသဖြင့် ရေတွက်၍ပင်မရပေ။
မန်ဟို တတိယမျက်လုံးကို ဖွင့်၍ ဘေးဘီဝဲယာကို ကြည့်ပြီး တခဏကြာသော် တစ်မြို့လုံးရှိ တစ္ဆေအားလုံးက လုပ်နေသောအရာများကို ရပ်ကာ သူ့ကို လှည့်ကြည့်ကြသည်။ မရေမတွက်နိုင်သောမျက်လုံးများ မန်ဟို့အပေါ် ကျရောက်သွားသည့်အခါ ၎င်းတို့သည် ထူးဆန်းစွာ တောက်ပလာကြ၏။ ထို့နောက် အကုန်လုံး အသံမဲ့သောအော်သံများကို ထုတ်လွှတ်ကာ မန်ဟို့ဆီ သွေးရူးသွေးတန်း ပြေးဝင်လာကြတော့သည်။
ယခုလိုတစ္ဆေပေါင်းများစွာဖြင့် အဝိုင်းခံလိုက်ရခြင်းက မန်ဟို့ကို ကျိန်စာတိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရစေသည်။ သူ၏အသက်ဓာတ်မှာ အားနည်းလာပြီး သေခြင်းအရှိန်အဝါက သူ့ကို ဝါးမြိုဖို့ အုပ်မိုးနေ၏။
ယင်းက သူ၏အသတ်အဖြတ်အရှိန်အဝါက အရပ်လေးမျက်နှာသို့ ဖြာထွက်သွားသော အခိုက်အတန့်ပင် ဖြစ်သည်။