ငွေကို ရေလိုသုံးခြင်း
Vol. 47 Ch. 652
လောကတွင် ပြီးပြည့်စုံသောသူ၊ ပြီးပြည့်စုံသောအရာ ဟူ၍ မရှိပေ။ ချန်ရှင်းဝမ်၏ခိုင်မာသောသန္နိဋ္ဌာန်သည် မိနစ်ဝက်အတွင်း ပျက်စီးသွားခဲ့သည်။ သူသည် ချန်းချိန်လောက်ပင် ပိုမိုကြာကြာ မခံနိုင်ခဲ့ဘဲ သူ ဝန်ခံခဲ့သော အရာအားလုံးအား သူ၏ဘိုးဘေးများ၏ အမည်အောက်တွင် မျိုးဆက်ရှစ်ဆက်ထိ တိုင်တည်ပြီး ချန်းချိန်ထက်ပင် ပိုမိုအသေးစိတ်ဖော်ပြခဲ့သည်။
"မဟူရာကလပ် … ဗာရိုမိသားစု … ဗြူဖို့ …"
လက်ဖက်ရည်ပူပူတစ်ခွက်ကို ကိုင်ရင်း ခမ်းနားသော ကုတင်ဘေးတွင် ထိုင်လိုက်သော ထန်ရှု၏အကြည့်များသည် အိပ်ပျော်နေသော ခန်းရှအပေါ်သို့ ကျရောက်နေခဲ့သော်လည်း သူမအား အာရုံစိုက် ကြည့်နေဟန်မတူပေ။ မဟူရာကလပ်သည် သူ့အတွက် မစိမ်းသက်လှသလို ဤအဖွဲ့အစည်းကို စုံစမ်းစစ်ဆေးရန် ထာဝရခန်းမမှ လူအချို့ကိုပင် သူ စေလွှတ်ခဲ့ဖူးသဖြင့် သည်အဖွဲ့အစည်း၏ပန်းတိုင်ကို သူ သိပြီးသားဖြစ်သည်။ ဗာရိုမိသားစုသည် အမှောင်အဖွဲ့အစည်း၏အဖွဲ့ဝင်များထဲမှ တစ်ဦးဖြစ်ပြီး ထိုအဖွဲ့အစည်းတွင် စုစုပေါင်း မိသားစုဝင် ခြောက်ဦး ရှိသည်။ ဗြူဖို့သည် ၎င်းတို့ထဲမှ တစ်ဦးဖြစ်ကာ ထိုနေရာတွင် အလွန်သြဇာကြီးမားသူဖြစ်သည်။
ချန်ရှင်းဝမ်သည် လွန်ခဲ့သော အနှစ် ၂၀ ကတည်းက ဗြူဖို့အား သစ္စာစောင့်သိပြီး ထိုသူ၏ အရည်အချင်းရှိ လက်ပါးစေ ဖြစ်လာခဲ့သည်။ ဗြူဖို့သည် ခမ်းနားသောထန် လုပ်ငန်းစု၏ ထုတ်ကုန် ဖော်မြူလာများကို မျက်စိကျလာသောကြောင့် ၎င်းတို့ကို ကိုယ်တိုင်ကိုယ်ကျ ခိုးယူပေးရန် တရုတ်နိုင်ငံရှိ သူ၏ ကိုယ်စားလှယ်အဖြစ် ချန်ရှင်းဝမ်ကို အမိန့်ပေးခဲ့သည်။
ထန်ရှုသည် နိုင်ငံခြားသို့ ကိုယ်တိုင် သွားရန် အစီအစဉ် မရှိဘဲ ၎င်းအစား ထာဝရခန်းမအား ဗြူဖို့ကို လုပ်ကြံရန် အမိန့်ထုတ်ပြီး မည်သူလုပ်ခဲ့သည်ကို သဲလွန်စ မထားရန် အမိန့်ပေးထားသည်။
"ငါ အိပ်တာ ဘယ်လောက် ကြာသွားလဲ။" ခန်းရှ အိပ်ပျော်ရာမှ နိုးလာသည်။ ထန်ရှု ကုတင်ဘေးတွင် ထိုင်နေသည်ကို သူမ တွေ့လိုက်ရသောအခါ တောက်ပသော အပြုံးမျက်နှာဖြင့် မေးလိုက်သည်။
ထန်ရှု တွေးတောနေရာမှ အသိပြန်ဝင်လာသည်။ ထန်ရှု အချိန်ကို ကြည့်လိုက်ရင်း
“နေ့လည် ၁၂နာရီ ထိုးနေပြီ။ မင်း အိပ်နေတာ ကြာပြီမို့ ရေချိုးလိုက်ပါဦးလား … ပြီးရင် ကိုယ်တို့ ထမင်းသွားစားကြမယ်။"
အချိန်အတော်ကြာအောင် သူမ အိပ်ပျော်သွားသည်ကို သိလိုက်ရသဖြင့် ခန်းရှ အံ့သြသွားသည်။ သို့သော် သူမသည် မနေ့ညက ရလဒ်များအတွက် စိတ်ပူနေသောကြောင့် အလျင်အမြန် မေးလာသည်။ "ချန်ရှင်းဝမ်ဘက်က အခြေအနေ ဘယ်လိုလဲ။"
ထန်ရှုက ခေါင်းညိတ်ပြီး
"သူ သိသမျှကို ပြောပြတယ်။”
"သူ့ကို ဘယ်သူက ညွှန်ကြားတာတဲ့လဲ။" ခန်းရှက ထပ်မေးလိုက်သည်။
“ပြည်ပက အင်အားတစ်ခုပဲ။ ဒီကိစ္စရဲ့ နောက်ကွယ်က လူကို ဖယ်ရှားဖို့ ကိုယ့်လူတွေကို စေလွှတ်ထားတယ်။ ဒါကြောင့် ဒီကိစ္စက လောလောဆယ်မှာ ပြီးသွားပြီလို့ ပြောနိုင်တယ်။ ဒါ့ပေမယ့် ခမ်းနားသော ထန် စီးပွားရေးလုပ်ငန်းစုရဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို အားကောင်းအောင်လုပ်ဖို့တော့ လိုသေးတယ်။ နောင်ကျရင် လုံခြုံရေးတပ်ဖွဲ့အသစ်ဖွဲ့စည်းဖို့ တာဝန်ယူမယ့် တရားဝင်လုံခြုံရေးကုမ္ပဏီတစ်ခုကို မှတ်ပုံတင်လို့ရအောင် ထျဲကျုံးကွေ့အတွက် ငွေအချို့ ပေးရမယ်။ ဒီလုံခြုံရေးကုမ္ပဏီသာ လမ်းကြောင်းမှန်ပေါ် ရောက်သွားရင် ထန်လုပ်ငန်းစုရဲ့ လုံခြုံရေးဝန်ထမ်းအားလုံး အဲ့ဒီလုံခြုံရေးကုမ္ပဏီမှာ ကျယ်ကျယ်ပြန့်ပြန့် လေ့ကျင့်သင်ကြားဖို့ သွားရမယ်။”
ခန်းရှက ခေါင်းညိတ်ပြီး ထောက်ခံလိုက်သည်။ "ငါတို့လုပ်ငန်းက အနာဂတ်မှာ ပိုပိုပြီး ကြီးထွားလာလိမ့်မယ်။ ငါတို့ပိုင်ဆိုင်မှုတွေ လုံခြုံစေဖို့ လုံခြုံရေးဝန်ထမ်းတွေ အများကြီး ထားရှိတာက ရှောင်လွှဲလို့ မရနိုင်ဘူးလေ။ နင် ငါ့ကို လုပ်စေချင်တာ တစ်ခုခု ရှိရင် တိုက်ရိုက်ပြောပါ။"
“ကောင်းပြီ။ ရေသွားချိုးတော့။" ထန်ရှုက သူမ၏ပုခုံးကို ပုတ်ကာ အပြုံးဖြင့် ပြောလိုက်သည်။
နေ့လည်စာစားပြီးနောက် ခန်းရှ ထွက်ခွာသွားပြီး ထန်ရှုသည် မိုအားဝူကို တောင်နံရံရွာ ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ ခေါ်ဆောင်သွားခဲ့သည်။ ထိုနေရာတွင် သက်ဝင်လှုပ်ရှားနေသော မြင်ကွင်းကို ကြည့်ရှုပြီးနောက် သူသည် လုံမိသားစု၏ လုပ်ဆောင်နိုင်စွမ်းကို ကျေနပ်သွားသည်။ အချိန်အများကြီး မဖြုန်းလိုက်ရဘဲ တဲအတွင်းတွင် အလုပ်သမားအကြီးအကဲနှင့် တွေ့ဆုံနေသော လုံကျန့်ယုကို ရှာတွေ့ခဲ့သည်။
"မင်း ဒီကို ဘယ်လို ရောက်လာတာလဲ ထန်ရှု…" လုံကျန့်ယုသည် အစည်းအဝေးကို ခေတ္တ အဆုံးသတ်လိုက်ပြီး အပြုံးဖြင့် နှုတ်ဆက်သည်။
ထန်ရှုက သည်ကိုလာရသော သူ၏ရည်ရွယ်ချက်ကို ပြောပြလိုက်သည်။
“တောင်တံခါးအိမ်ရာကို မင်းတို့မိသားစုက ဆောက်လုပ်ပြီး အိမ်ခြံမြေစီမံခန့်ခွဲမှုကုမ္ပဏီမှတစ်ဆင့် မင်းတို့မိသားစုက စီမံခန့်ခွဲတယ်။ ငါ မေးချင်တာက အဲ့ဒီအိမ်ရာမှာရှိတဲ့ အိမ်တွေအားလုံး ရောင်းပြီးသွားပြီလား။ အိမ်တစ်လုံးလောက် ရောင်းဖို့ရှိသေးရင် ငါ ပေါက်ဈေးထက် ၁၀%ပိုပေးပြီး ဝယ်ချင်ပါတယ်။"
လုံကျန့်ယုက တခဏ စဉ်းစားလိုက်ပြီး မချိပြုံး ပြုံးရင်း "မင်း ဒီကိစ္စလေးကို မေးဖို့ တကယ်ပဲ ဒီကို ကိုယ်တိုင် လာခဲ့တာလား။ မင်း တကယ်ပဲ အဲ့လိုဆိုရင်တော့ မင်း စိတ်ပျက်သွားမှာစိုးရတယ် ကိုယ့်လူ။ တောင်တံခါးအိမ်ရာမှာ ရှိတဲ့ အိမ်တွေအားလုံးက ရောင်းကုန်သွားပြီ။ နောက်ပြီးတော့ အဲ့ဒီက အိမ်ခြံမြေ စီမံခန့်ခွဲမှုအကြောင်း ငါ မသိဘူး။ မင်း အဲ့ဒီအကြောင်းကို မေးချင်တာဆိုရင် ရွှဲ့ယောင်ကို မေးတာ ပိုကောင်းလိမ့်မယ်။"
ထန်ရှုက အနေရခက်သလို ပြုံးပြီး ခေါင်းယမ်းကာ လုံရွှယ်ယောင်ကို ဖုန်းဆက်လိုက်သည်။ သူ မမျှော်လင့်ထားသော အရာမှာ တောင်တံခါးအိမ်ရာတွင် လုံးချင်းအိမ်များကို ရောင်းရန်ပြင်နေကြသော အိမ်ပိုင်ရှင်များစွာ ရှိနေပြီး ထိုအထဲက တစ်ယောက်သည် ထန်ရှု၏အိမ်နီးနားချင်း ဖြစ်နေသည်။
"ကျွန်တော် အားလုံး လိုချင်တယ်။"
ထန်ရှုက လုံရွှယ်ယောင်အား ဖုန်းထဲတွင် ပြောလိုက်ပြီး တောင်တံခါးအိမ်ရာသို့ အမြန်ပြန်လာခဲ့သည်။ သူမနှင့်ဆုံတွေ့ပြီးနောက် ပိုင်ရှင်များနှင့်တွေ့ဆုံရန် ရက်ချိန်းယူသည်။ မူလက သူသည် ပေါက်ဈေးထက် ၁၀%ပိုပေးပြီး အိမ်ခြံမြေများကို ဝယ်ယူရန် ရည်ရွယ်ထားသော်လည်း ပိုင်ရှင်သုံးဦးမှ ပြောလာသည့် ဈေးနှုန်းမှာ ဈေးကွက်ပေါက်ဈေးထက်ပင် အနည်းငယ် နိမ့်ပေသည်။
ထို့နောက်တွင် ထန်ရှုသည် အိမ်နံပါတ် ၁၀၊ ၁၃နှင့် ၁၄တို့ကို ဝယ်ယူခဲ့သည်။ နောက်ဆုံးတွင် ထန်ရှုသည် အိမ်နံပါတ် ၁၁နှင့် ၁၂တို့ကိုလည်း မျက်စိကျနေခဲ့သည်။ ထိုအိမ်နှစ်လုံးကိုသာ ဝယ်ယူနိုင်မည်ဆိုပါက တောင်တံခါးအိမ်ရာ၏အတွင်းဘက်အကျဆုံးရှိ အိမ်များအားလုံးသည် သူ၏ပိုင်ဆိုင်မှုများ ဖြစ်လာပေလိမ့်မည်။
အိမ်ဝယ်ယူမှုအတွက် လုပ်ထုံးလုပ်နည်းအားလုံးနှင့် ငွေအပြည့်ပေးချေမှုများ လုပ်ဆောင်ပြီးနောက် ထန်ရှုသည် အိမ်ရာအုပ်ချုပ်ရေးအဖွဲ့မှ သူနှင့်အတူ ထွက်လာသော လုံရွှယ်ယောင်အား
“မင်းတို့ အိမ်ခြံမြေစီမံခန့်ခွဲမှုရုံးမှာ အိမ်နံပါတ် ၁၁နဲ့ ၁၂တို့ကို ဆက်သွယ်လို့ရမယ့် နံပါတ် ရှိတယ် မဟုတ်လား။ သူတို့နဲ့ ဆက်သွယ်ဖို့လည်း ကူညီပေးပါဦး။ ဒီနှစ်ရက်အတွင်း သူတို့ရဲ့အိမ်တွေကိုပါ ဝယ်ချင်ပါတယ်။”
ထန်ရှုသည် ဤကဲ့သို့ အသက်တစ်ရှိုက်အတွင်း အိမ်သုံးလုံး ဝယ်နေသည်ကို ကြည့်ပြီး လုံရွှယ်ယောင် အံ့သြနေရာမှ ထန်ရှုက အိမ်နံပါတ် ၁၁နှင့် ၁၂ကိုပါ မျက်စိကျနေသည်ဟု ပြောလာပြန်ရာ သူမ ချက်ချင်းပင် စကားမပြန်နိုင်ဖြစ်သွားရသည်။ လူတစ်ယောက်သည် လုံးချင်းအိမ်တစ်လုံးကို ဝယ်ယူနိုင်သည်က အံ့သြစရာကောင်းနေပြီး ချမ်းသာသောသူဟုပင် ပြောနိုင်သည်။ သို့သော် ထန်ရှုသည် အိမ်များကို အစုလိုက်အပြုံလိုက် ဝယ်ယူနေခြင်းဖြစ်သည်။
"ထန်ရှု … နင်က တောင်တံခါးအိမ်ရာမှာရှိတဲ့ လုံးချင်းအိမ်တွေ အကုန်လုံးကို တစ်လုံးတစ်ခဲတည်း ဝယ်မလို့လား ဒါမှမဟုတ် ဘာလားဟယ်။ အဲ့လိုသာဆိုရင် ငါတို့အိမ်ခြံမြေစီမံခန့်ခွဲမှုကုမ္ပဏီက ပိုင်ရှင်တစ်ဦးတည်းကို စီမံခန့်ခွဲပေးဖို့ပဲ တာဝန် ရှိတော့တာမို့ ငါတို့တွေ အလုပ်မှာ အတော်လေးကို သာတောင့်သာယာ ဖြစ်နေတော့မှာပဲ။” လုံရွှယ်ယောင်က အရွှန်းဖောက်လာသည်။
"ကံမကောင်းစွာပဲ ကျွန်တော့်မှာ ပိုက်ဆံ အလုံအလောက် မရှိတော့လို့။ နို့မို့ဆို အဲ့ဒီအကြံအစည် တကယ်ရှိနေတာ။" ထန်ရှုက သူ့နှာခေါင်းကို လက်ဖြင့် ထိလိုက်ရင်း အပြုံးဖြင့် ပြောလိုက်သည်။
"တောင်တံခါးဂိတ်အိမ်ရာက နေရာကောင်းတစ်ခုမှာ ရှိတာဆိုတော့ အဲ့ဒီနေရာတွေကို ရဲတိုက်ကြီးအဖြစ် ပြောင်းလဲပစ်နိုင်ရင် ပိုခမ်းနားပြီး ပိုစတိုင်ကျသွားမှာ မဟုတ်ဘူးလား။"
"နင့်မှာ အဲ့ဒီအကြံ တကယ် ရှိတာလား။" လုံရွှယ်ယောင်က ငိုရမလို ရယ်ရမလိုဖြစ်ကာ မေးလိုက်သည်။
"နောက်နေတာပါဗျာ။" ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။
“အဲ့ဒီလောက်ငွေတွေ အများကြီးရှိရင် တခြားနေရာမှာပဲ အရင်းအနှီး တန်းထည့်လိုက်မှာပေါ့။ ဒါနဲ့ အိမ်နံပါတ် ၁၁နဲ့ ၁၂ကိုတော့ တကယ် ဝယ်ချင်တာနော်။ အဲ့ဒါတော့ မင်းကို နောက်တာမဟုတ်ဘူး။ အဲ့ဒါလေး ကူညီပေးပါဦး။ အောင်မြင်သွားရင် မင်းကို တစ်ဝိုင်း ကျွေးပါမယ် အိုခေလား။"
“အိုခေ…” လုံရွှယ်ယောင် ခေါင်းညိတ်သည်။
မကြာခင်မှာပင် လုံရွှယ်ယောင်က တောင်တံခါးအိမ်ရာ၏ အိမ်နံပါတ် ၁၁နှင့် ၁၂ပိုင်ရှင်များကို ဆက်သွယ်ခဲ့ပြီး ထန်ရှုက အိမ်နှစ်လုံးကို သူတို့ဆီမှ ဝယ်ယူမည့်အကြောင်းအား ပြောပြခဲ့သည်။ ထန်ရှုက ပေါက်ဈေးထက် ၁၀% ပိုပေးကာ ဝယ်ယူလိုကြောင်း သိရှိသောအခါ အိမ်နံပါတ် ၁၂ပိုင်ရှင်က ဝမ်းသာအားရ တန်းသဘောတူခဲ့ပြီး အိမ်နံပါတ် ၁၁ပိုင်ရှင်က ချီတုံချတုံဖြစ်နေပြီးနောက် ကမ်းလှမ်းမှုကို နောက်ဆုံးတွင် ငြင်းဆိုခဲ့သည်။
တောင်တံခါးအိမ်ရာသို့ ပြန်ရောက်လာသော ထန်ရှုသည် အိမ်နံပါတ် ၁၁သို့ ကိုယ်တိုင်သွားရောက်ခဲ့ရာ ထိုနေရာတွင် နေထိုင်သောလူများသည် သက်ကြီးရွယ်အို ဇနီးမောင်နှံ ဖြစ်ကြောင်း သူ သိရှိခဲ့သည်။ ထို့နောက် ထန်ရှုက လာရောက်ရသည့် ရည်ရွယ်ချက်ကို ပြောပြခဲ့ပြီးနောက် ၎င်းတို့၏အိမ်ကို အပိုဈေးနှုန်း ၂၀%ဖြင့် ဝယ်ယူရန် သဘောတူခဲ့ပြီး ထိုသဘောတူညီချက်ကို လျှို့ဝှက်ထားရန် ထန်ရှုက တိုက်တွန်းခဲ့သည်။ နောက်ဆုံးတွင် ထန်ရှုသည် ၎င်းတို့အနားပတ်ဝန်းကျင်ရှိ အိမ်အားလုံးကို ဝယ်ယူခဲ့ကြောင်း အဆိုပါ ဇနီးမောင်နှံက သိရှိသွားခဲ့ပြီး နိုင်ငံရပ်ခြားတွင် နေထိုင်သော ၎င်းတို့၏သားများကို ဆက်သွယ်တိုင်ပင်ပြီးသောအခါ နောက်ဆုံးတွင် ထန်ရှုအား နေအိမ်ကို ရောင်းချရန် သဘောတူခဲ့သည်။
အရာအားလုံးကို မှန်ကန်စွာ အခြေကျသွားတော့မှသာ ထန်ရှု စိတ်သက်သာရာရသွားတော့သည်။
အဆိုပါအိမ်ငါးလုံးကို ဝယ်ယူရန်အတွက် ထန်ရှုသည် စုစုပေါင်း ယွမ်မီလီယံ ၄၉၀ကျော် သုံးစွဲခဲ့ရသည်။ မိုအားဝူနှင့် ထာဝရခန်းမမှ ကျွမ်းကျင်သူ ဆယ်ယောက်သည် ခေတ္တနေရန် ထိုအထဲမှ အိမ်တစ်လုံးကို ရွေးချယ်ခဲ့သည်။
****
ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစု၏ရုံးချုပ်တွင်…
ဖြူဖွေးသော အသားအရည်၊ ချစ်စရာကောင်းပြီး စွဲမက်စရာ မျက်နှာအလှပိုင်ရှင် အင်ဒီသည် အလွန်ပုံစံကျနလိုက်ဖက်လှသော လေကာအင်္ကျီရှည်နှင့် အဖြူရောင်လည်သာဖိနပ်ရှည်ကို ဝတ်ဆင်လျက် အထွေထွေမန်နေဂျာ၏ ရုံးခန်းသို့ ဝင်သွားခဲ့သည်။ စားပွဲတွင် ခန်းရှအား စာရွက်စာတမ်းများကို ဖတ်ရင်း လက်မှတ်များ ထိုးနေသည်ကိုတွေ့သည့်အခါ သူမက ရုတ်ခြည်းပင် ပြုံးလိုက်ပြီး
"အကြီးအကဲခန်း … ကျွန်မကို ခေါ်တာ ကိစ္စတစ်ခုခု ရှိလို့လား။"
ခန်းရှက သူမ၏လက်ထဲမှ စာရွက်စာတမ်းများကို ချလိုက်ပြီး ပြုံးပြုံးရွှင်ရွှင်ဖြင့်
"သူဌေးက ငါ့ဆီ ဖုန်းဆက်တယ်။ သူက ငါတို့ကို နာရီဝက်အတွင်း တောင်တံခါးအိမ်ရာကို သွားစေချင်တယ်။ ပြီးသွားရင် ငါတို့တွေ ကြယ်တာရာကနေ ထွက်ပြီး သူ့ရဲ့မွေးရပ်မြေဆီမှာ လေးရက်ကနေ ငါးရက်လောက် နေဖြစ်လိမ့်မယ်။ ဒါကြောင့် နာရီဝက်အတွင်း မထွက်ခွာခင် နင့်အလုပ်ကို ပထမဆုံး စီစဉ်ဖို့ အချိန်ကို ကောင်းကောင်း အသုံးချသင့်တယ်နော်။”
"သူဌေးရဲ့မွေးရပ်မြေကို သွားရမှာတဲ့လား။" အင်ဒီက ဇဝဇေဝါဖြစ်သွားသော အမူအရာဖြင့် မေးသည်။ "ကျွန်မတို့က အဲ့ဒီမှာ ဘာလုပ်ရမှာတဲ့လဲ။ သူဌေးကရော ကျွန်မတို့နှစ်ယောက်နဲ့ လိုက်လာမှာလား။"
ခန်းရှက အပြုံးဖြင့် ခေါင်းညိတ်ပြပြီး လျှို့လျှို့ဝှက်ဝှက် လေသံဖြင့်
"အင်း … အဲ့ဒါကိုတော့ အခု လျှို့ဝှက်ထားတယ်။ နင် အဲ့ဒီကို ရောက်တဲ့အခါ သိလာပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ငါတို့တွေရဲ့ အလုပ်အစီအစဉ်တွေကို မြန်မြန်လုပ်ကြတာပေါ့ ဟုတ်တယ်မလား။"
"ဘုရားသခင် … အကြီးအကဲခန်းက သိပ်ကို ဆန်းကြယ်လွန်းနေတယ်နော်။"
အင်ဒီက ရှုံ့မဲ့နေသည့်တိုင် စိတ်လှုပ်ရှားသောအမူအရာဖြင့် ပြောနေဆဲဖြစ်သည်။
"သူဌေးနဲ့ အပြင်အတူထွက်ပြီး လျှောက်သွားဖို့ အိပ်မက်မက်နေခဲ့ရတာ။ အခု ကျွန်မရဲ့အိပ်မက်တွေ တကယ်ဖြစ်လာပြီ။ ကောင်းပြီ။ အခု ကျွန်မရဲ့အလုပ်ကို စီစဉ်လိုက်မယ်။ ကျွန်မကို စောင့်ဦးနော်။"
"ဟုတ်ပါပြီ … ဟုတ်ပါပြီ။ ငါ စောင့်နေပါမယ်။" ခန်းရှက မထိန်းနိုင်ဘဲ ရယ်မောမိတော့သည်။
****
တောင်တံခါးအိမ်ရာတွင် ထန်ရှုသည် သူ၏အဝတ်အစားများကို ထုပ်ပိုးပြီးဖြစ်သည်။ အခန်းအပြင်ဘက်သို့ ထွက်လာချိန်တွင် ဂူရင်နှင့် ထန်ရှောင်ဟန်တို့သည် တံခါးအပြင်ဘက်တွင် ခရီးဆောင်အိတ်အသေးနှစ်လုံးကို သူတို့ခြေထောက်နားတွင် ချထားကာ ရပ်နေသည်ကို တွေ့လိုက်ရပြီး မုချင်းဖျင်က အပြုံးဖြင့် ပြောဆိုနေသည်။
"နင်တို့နှစ်ယောက် ဆရာသခင်နဲ့ အပြင်ထွက်တာ မဆိုးရဘူးနော်။ ဆရာ့စကားကို နားထောင်ရမယ်။”
"နားလည်ပါပြီ။ (ဟုတ်ကဲ့ပါ)။" ဂူရင်နှင့် ထန်ရှောင်ဟန်က ချစ်စရာကောင်းစွာ သံပြိုင် ပြန်ဖြေကြသည်။
"အိုခေ … သွားကြစို့ ကိုယ့်လူတို့။" ထန်ရှုက ပြုံးလိုက်သည်။
"အန်တီခန်းရှနဲ့ အန်တီအင်ဒီ မကြာခင် ရောက်လာတော့မယ်။"
ထန်ရှုက ကလေးနှစ်ယောက်ကို ခြံဝင်းထဲသို့ ခေါ်သွားစဉ်တွင် ခန်းရှနှင့် အင်ဒီတို့လည်း ရောက်လာကြသည်။ အင်ဒီသည် ထန်ရှုကို မြင်သော် အပျော်လွန်သွားခဲ့ရသလို ဂူရင်နှင့် ထန်ရှောင်ဟန်ကိုလည်း သူမသည် လွန်စွာ ချစ်ခင်ပြီး အလေးထားဂရုစိုက်ပေသည်။
ထန်ရှု၏လင်ရိုဗာကားသည် ခရိုင်မြို့အထိ အရှိန်အဟုန်ဖြင့် မောင်းနှင်လာပြီးနောက် စုန့်လျိုမြို့သို့ ဦးတည်သွားခဲ့သည်။ သူတို့ လမ်းလွှဲယူလိုက်သဖြင့် စုမိသားစုကျေးရွာကို ဖြတ်စရာမလိုတော့ဘဲ အခြားလမ်းကြောင်းမှတဆင့် စုမိသားစုကျေးရွာ၏ အနောက်ရှိ တောင်ခြေသို့ တိုက်ရိုက်ရောက်ရှိခဲ့သည်။
“အားဝူ … မင်းတို့ သုံးယောက် ဒီနေရာမှာ ကားကို စောင့်ပြီး နေခဲ့။ စားချင်တာ ရှိရင် တောင်ခြေ မြို့ထဲမှာ သွားဝယ်လို့ရတယ်။ ငါတို့ တောင်ပေါ်ကို လေးငါးရက်လောက် ခြေလျင်တက်ကြမယ်။” ကားပေါ်မှဆင်းပြီးနောက် ထန်ရှုသည် ၎င်းတို့အနောက်မှ ပါလာသော ကားဆီသို့ လက်ဝှေ့ယမ်းပြကာ ချဉ်းကပ်လာသော မိုအားဝူအား ပြောနေခြင်းဖြစ်သည်။
ထန်ရှုသည် သူ့အဖွဲ့ကို တောင်ပေါ်သို့ အမြန်ခေါ်သွားခဲ့သည်။ မျက်စိမမြင်ရသော ထန်ရှောင်ဟန်က တုံ့ဆိုင်းနေသောကြောင့် ထန်ရှုက သူ့အား ကုန်းပိုးကာ ခေါ်လာခဲ့သည်။ ထို့နောက် ညမမှောင်ခင် အစောပိုင်းက သူ နေခဲ့ဖူးသည့် ချိုင့်ဝှမ်းထဲရှိ ရေကန်ကမ်းစပ်သို့ ရောက်ရှိလာခဲ့သည်။
"သူဌေး … ကျွန်မကို ပြောပါဦး။ ဒီတောနက်ကြီးထဲ ခြေလျင်တောင်တက်ခရီး ထွက်ပြီး ကျွန်မတို့ကို ဘာလုပ်စေချင်နေတာလဲ။ အိုး … ကောင်းကင်ဘုံက ဘုရားသခင် … ငါသည် တောင်ပေါ်ကို တစ်ခါမှ မတက်ဖူး … သည်လိုအရပ်ကိုလည်း တစ်ခါမှ မရောက်ဖူးပါဟု ကျိန်ဆိုရဲပါတယ်ရှင်။”
ယခုအချိန်တွင် အင်ဒီ၏ရုပ်ပိုင်းဆိုင်ရာ ကြံခိုင်မှုသည် ခန်းရှထက် များစွာ ကောင်းမွန်သည့်တိုင် သူမသည် အနည်းငယ် ပင်ပန်းနွမ်းနယ်နေသေးသည်။
"ဒါက ကျင့်ကြံဖို့လေ။"
ခန်းရှက အင်ဒီ့အား အမှန်တရားကို ဖုံးကွယ်ထားသည်မှာ ရယ်စရာကောင်းပြီး ပျော်စရာကောင်းသည်ဟု မူလက ထန်ရှု ထင်မိသောကြောင့် သူလည်း ထိုဇာတ်လမ်းအတိုင်း လိုက်သရုပ်ဆောင်ပေးခဲ့ပြီး အင်ဒီ၏မေးခွန်းများကို အကြိမ်ပေါင်းများစွာ ရှောင်ခဲ့သည်။ သို့သော် သူတို့သည်နေရာသို့ ရောက်နေပြီမို့ သူ ထပ်မံ ဖုံးကွယ်မထားတော့ချေ။
"ဒီနေရာမှာ ကျင့်ကြံရမှာလား။" အင်ဒီက အံ့သြတကြီး ရေရွတ်လိုက်သည်။
“ကြယ်တာရာမှာလည်း ကျင့်ကြံလို့ မရဘူးလား။ ဘာကြောင့် ဒီနေရာကို လာပြီး ကျင့်ကြံရတာလဲ။"
ထန်ရှုက ကြယ်များ လင်းလက်နေသော ကောင်းကင်ယံကို လက်ညှိုးထိုးပြပြီး အပြုံးဖြင့်
“အခု သေသေချာချာလေး ခံစားကြည့်လိုက်။ ဒီနေရာနဲ့ ကြယ်တာရာကြား ကွာခြားချက်က ဘာလဲလို့။ ကျင့်ကြံမှုအခြေအနေမှာ အာရုံခံစားဖို့ သတိပြုထား။”
အင်ဒီသည် လုံးဝ စိတ်ရှုပ်သွားသော်လည်း ထန်ရှု၏ ညွှန်ကြားချက်ကို လိုက်နာဆဲဖြစ်ပြီး ကမ္ဘာ့စိတ်ဝိညာဉ်ချီကို စုပ်ယူရန်အတွက် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ အစစ်အမှန်အဆီအနှစ်ကို တိတ်တဆိတ် လှည့်ပတ်လိုက်သည်။
***