ငါ့အမှတ်အသား ချန်ပေးမယ်
Vol. 102 Ch. 1422
ဆဋ္ဌမပါရာဂွန် စကားပြောလိုက်သည်နှင့်တစ်ပြိုင်နက် အအေးဓာတ်က အရပ်လေးမျက်နှာသို့ ဖြာထွက်သွားသည်။ ၎င်းက ရေခဲပြင်များ မဖြစ်ပေါ်လာစေသော်လည်း နေရာရွှေ့ပြောင်းနေသည့်ဧရိယာကို ပြင်ပနှင့် ခွဲခြားလိုက်၏။ ထိုအဟန့်အတား၏နောက်တွင် မန်ဟို့လက်အောက်ငယ်သား အနှစ်သာရ ၈ ခုပါရာဂွန်မှာ အံ့အားသင့်သွားသည်။ စောစောက သူတို့ ရှေ့ဆက်သွားနိုင်ခဲ့သော်လည်း ယခုတော့ တွန်းထုတ်ခံနေရလေပြီ။
တွန်းကန်အားတစ်ရပ်က သူတို့ကို ဆုပ်ကိုင်ထားပြီး သူတို့အရှေ့တိုးသွားဖို့ ကြိုးစားလျှင် နောက်ပြန်ဆွဲနေသည့်အလားပင်။ ရလဒ်အနေဖြင့် သူတို့မှာ စုတ်ဖြဲခံနေရသလို ခံစားနေကြရ၏။
သူတို့၏ဝိညာဉ်များမှာ ခန္ဓာကိုယ်နှင့် ကွဲကွာတော့မည့်ပုံရပြီး ဝဲကြီးတစ်ဝဲက သူတို့ကို တိုက်စားနေသည့်အလား ထင်ရသည်။ တဝုန်းဝုန်းမြည်သံများ ဆူညံလာကာ သူတို့ပါးစပ်မှ သွေးများပန်းထွက်သွားလေသည်။ ရှင်းယွဲ့၏မျက်လုံးများက အေးစက်လာပြီး စုရီကမူ ဒေါသထွက်သွားဟန်ဖြင့် မာန်သွင်းဟိန်းဟောက်ကာ ရှေ့တိုးသွားဖို့ ကြိုးစားသည်။
ဤနှစ်ယောက်သည် မာနကြီးသောအမျိုးသမီးဖြစ်၍ နဝမပါရာဂွန်၏ရှေ့မှောက်တွင် သိက္ခာအကျမခံနိုင်ပေ။ မန်ဟိုကိုယ်တိုင်သာ သူတို့ကို ယခုလိုအပြစ်ပေးပါက လက်ခံနိုင်သေးသော်လည်း နဝမပါရာဂွန်မဟုတ်သည့် လူတစ်ယောက်၏လုပ်ရပ်ကိုတော့ လက်မခံနိုင်သည်သာ။
“တယ်မာန်တက်နေတာပဲ” ဆဋ္ဌမပါရာဂွန်က အေးစက်စက်နှာမှုတ်ရင်း ပြောကာ ညာလက်ကို မြှောက်လိုက်သည်။ သို့သော် ထိုအခိုက်အတန့်တွင် နဝမပလ္လင်ထက်ရှိ မန်ဟို့ထံမှ ကြောက်စရာကောင်းလောက်အောင် အေးစက်သော အသတ်အဖြတ်စိတ်ဆန္ဒတစ်ခု ထွက်ပေါ်လာသည်။
“သူတို့က ငါ့လူတွေ” သူက ရှေ့သို့လျှောက်သွားရင်း ပြောသည်။ သူ၏ခြေတစ်လှမ်းတိုင်းက မိုးကြိုးပစ်ချလိုက်သကဲ့သို့ အသံများ ဟိန်းထွက်လာစေ၏။ တစ်ချိန်တည်းမှာပင် သူ့ခေါင်းမှ ပြင်းထန်သောအားတစ်ရပ် ထွက်လာကာ တဟူးဟူးလည်နေသော ဝဲတစ်ဝဲအသွင်ပြောင်းသွားသည်။
အရောင်အဝါများ ပြိုးပြက်လက်လျက် လေပြင်းများ တဝေါဝေါ တိုက်ခိုက်လာသည့်အခိုက်အတန့်မှာပင် သူက ဆဋ္ဌမပါရာဂွန်အရှေ့တွင် ပေါ်လာပြီး လက်သီးတစ်လုံး ပစ်သွင်းလိုက်၏။
ဤဆဋ္ဌမပါရာဂွန်နှင့် ရင်ဆိုင်ဖို့ မည်သည့်နတ်ဘုရားစွမ်းရည်ကိုမှ သူ မလိုအပ်ပေ။ မန်ဟို့လက်သီးက တစ်ဝက်ဂြိုဟ်၏ ကြယ်တာရာကောင်းကင်ကို တုန်ရီလာစေသော တွင်းနက်ကြီးတစ်တွင်းအလားပင်။ မြေပြင်များလည်း တဝုန်းဝုန်းတုန်လှုပ်လာသည်။ ဤလက်သီးကို ဤကြယ်တာရာကောင်းကင်၏စွမ်းအားမှ ထောက်ပံ့ပေးထားသကဲ့သို့ ဖြစ်နေ၏။
ဆဋ္ဌမပါရာဂွန်၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး သူက လာနေသော လက်သီးကို သူ့ညာလက်ဖြင့် ဆုံစေလိုက်သည်။
ဘုန်းးးးးးးးးးးးးးးးးးး
လက်သီးကျရောက်သွားသည့်အချိန် မန်ဟိုက ဆဋ္ဌမပလ္လင်ကို နင်းကာ မလှုပ်မယှက် ရပ်နေသည်။ ဆဋ္ဌမပါရာဂွန်မှာတော့ လေမုန်တိုင်းကြီး၏အလယ်တွင် ရပ်နေခဲ့သည့်အလားပင်။ သူ့ဆံပင်နှင့်အဝတ်အစားများမှာ ဖွာလန်ကြဲဖရိုဖရဲဖြစ်နေပြီး သူ့မှာ သိသိသာသာ တုန်ရီနေတော့သည်။
ဘုန်းခနဲမြည်သံကြီး ဆက်လက်ပဲ့တင်ထပ်နေစဉ် ဆဋ္ဌမပါရာဂွန်က သွေးတစ်ပွက်အန်၍ သူ့ကိုယ်သူမထိန်းနိုင်တော့ဘဲ ယိုင်သွားသည်။ မီတာသုံးဆယ်ခန့်ရောက်သောအခါ အန်လုဆဲဆဲ သွေးတစ်လုပ်ကို ပြန်မြိုချလိုက်နိုင်၏။ ထို့နောက် သူက အရုပ်ဆိုးနေသောမျက်နှာထားဖြင့် ခေါင်းမော့ပြီး ဒေါသတကြီးအော်ဟစ်ရင်း လက်နှစ်ဖက်လုံးကို ဖြန့်ကားလိုက်သည်။ အနှစ်သာရစွမ်းအားတစ်ရပ်က ဝုန်းခနဲ ဖြစ်ပေါ်လာသည်။ မည်သည့်အရာကိုမဆို ပိုင်းဖြတ်နိုင်ဟန်တူသော ဧရာမဓားကြီးတစ်လက် ပေါ်လာ၏။
“အဘိုးကိုး” သူက အော်ဟစ်သည်။ “သေချင်နေလား” ကျန်ပါရာဂွန်များက အဖြစ်အပျက်ကို စောင့်ကြည့်ရင်း မျက်လုံးများ ထူးဆန်စွာ တောက်ပနေသည်။ စောစောက မန်ဟို့လက်သီးချက်သည် ရင်သပ်ရှုမောဖွယ်ကောင်းခဲ့သည့်တိုင် တစ်ယောက်မှ ဝင်ဖြန်မဖြေကြပေ။ ဂိုဏ်းချုပ်ကမူ မျက်မှောင်ကြုတ်၍ ဆဋ္ဌမပါရာဂွန်ကို မနှစ်မြို့စွာ လှမ်းကြည့်နေသည်။
ဆဋ္ဌမပါရာဂွန် စကားထပ်ပြောလိုက်လျှင်ချင်း မန်ဟိုက ညာလက်ကို ဝှေ့ယမ်းကာ ဧရာမအားကြီးတစ်ရပ် လိမ့်ထွက်သွားသည်။ လေမုန်တိုင်းတစ်လုံးက နေရာရွှေ့ပြောင်းခြင်းစွမ်းအားကြောင့် ဖြစ်ပေါ်လာခဲ့သော ဥမင်တွင် အပေါက်တစ်ပေါက် ဖောက်လိုက်၏။ ထိုအပေါက်က သူ၏လက်အောက်ငယ်သားများကို ဝင်လာခွင့်ပြုလိုက်သည်။
ရှင်းယွဲ့နှင့် စုရီမှာ လွန်စွာတုန်လှုပ်သွား၏။ စုရီအတွက်မူ မန်ဟို နဂါးနက်နှင့်တိုက်ပွဲတုန်းက မည်သို့တိုက်ခိုက်ခဲ့သည်ကို မြင်ဖူးခဲ့၍ အတန်ငယ်တော်သေးလေသည်။
ရှင်းယွဲ့မှာတော့ မန်ဟို တိုက်ခိုက်သည်ကို ပထမဆုံးမြင်ဖူးခြင်းဖြစ်၍ တုန်လှုပ်အံ့ဩသွား၏။ သူ၏ကြောက်မက်ဖွယ်လက်သီးက တစ်လောကလုံးကို ဖျက်စီးနိုင်ပုံပေါ်ရာ သူမအား ရင်သပ်ရှုမောရစေတော့သည်။
သူက သူတို့ဝင်လာအောင် တွင်းနက်ကို ထမင်းစားရေသောက်ပမာ ဖွင့်ပေးခဲ့သယောင်ပင်။ အမျိုးသမီးနှစ်ယောက်လုံးမှာ ပင့်သက်သာ ရှိုက်လိုက်ရ၏။ သူတို့က မဆိုင်းမဝပျံဝင်လာကာ မန်ဟိုဘေးတွင် ပေါ်လာကြသည်။
“ဂါဝရပြုပါတယ် ပါရာဂွန်၊ ကျွန်မတို့ နောက်ကျသွားပါတယ်” သူတို့က လက်ယှက်အရိုအသေပေးရင်း ပြောသည်။
“မင်းတို့နောက်ကျတယ်၊ နောက်မကျဘူးဆိုတာ ငါ ပဲ ဆုံးဖြတ်မှာ” သူက အေးစက်စက် ပြောသည်။ ထို့နောက် ရှေ့တစ်လှမ်းလျှောက်ကာ ဆဋ္ဌမပါရာဂွန်၏အရှေ့တည့်တည့်တွင် ပေါ်လာ၏။ “မင်းနဲ့ ဘာမှမဆိုင်ဘူး ဆဋ္ဌမပါရာဂွန်။ ငါ့လက်အောက်ငယ်သားတွေကို အပြစ်ပေးဖို့ မင်းကို ငါလိုအပ်တယ် ထင်လား။ ငါက မင်းအကူအညီကို လိုအပ်နေတဲ့ပုံပေါ်လား။ မင်းကိုယ်မင်း ဘယ်သူထင်နေလဲ ဟမ်။ ဒီနေ့ ဒီနေရာမှာ မင်းမှတ်လောက်သားလောက်အောင် မင်းကိုယ်ပေါ်မှာ အမှတ်အသားလေး ချန်ထားပေးဦးမှနဲ့တူတယ်”
မန်ဟို စကားပြောနေစဉ် ဆဋ္ဌမပါရာဂွန်၏မျက်လုံးများက သတ်ဖြတ်လိုစိတ်တို့ဖြင့် မီးဝင်းဝင်းတောက်လာသည်။ သူက လက်နှစ်ဖက်လုံးဝှေ့ယမ်းရင်း အနှစ်သာရစွမ်းအားကို ထုတ်လွှတ်လိုက်ရာ ဧရာမခေါင်းနက်ကြီးတစ်ခေါင်း ပေါ်လာ၏။
နှစ်ယောက်သား ချတော့မည်ကို မြင်လျှင် ရှန့်ကွမ်းဟုန်က ကြားဝင်လိုက်သည်။ သူနှင့်အတူ ကျန်ပါရာဂွန်သုံးဦးလည်း မန်ဟိုနှင့် ဆဋ္ဌမပါရာဂွန်အကြား၌ ရပ်လိုက်ကြသည်။
“အဘိုးကိုး ဒီတိုင်းထားပေးလိုက်ပါဗျာ”
“အဘိုးခြောက် မှားတဲ့လူက မင်းကွ”
“ဒီတိုင်းမေ့လိုက်ကြပါတော့။ ငါတို့ သင်္ချိုင်းဂူကို သွားရဦးမှာလေ။ အခုနှစ်ယောက်လုံး စိတ်လျှော့ကြတော့။ စွမ်းအားတွေ ဒီလောက်ပေါနေရင်လည်း သင်္ချိုင်းဂူထဲရောက်မှ ထုတ်သုံးကြ”
ဆဋ္ဌမပါရာဂွန်၏မျက်လုံးများတွင် မုန်းတီးမှုတို့ ပြည့်နှက်နေပြီး ကျန်ပါရာဂွန်ဖြန်ဖြေပေးနေသည့်တိုင် သူက လက်ချောင်းနှစ်ချောင်းဖြင့် ညွှန်ကာ ခေါင်းနက်ကြီးအား မန်ဟို့ထံ ပြေးဝင်သွားစေသည်။
ရှန့်ကွမ်းဟုန်တို့၏အမူအရာများ ရိပ်ခနဲဖြစ်သွားသော်လည်း သူတို့ ဘာမှမလုပ်နိုင်ခင် မန်ဟိုက ရုတ်တရက် ရှေ့တစ်လှမ်းလှမ်းလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း မိုးပြာရောင်သိမ်းငှက်တစ်ကောင် ပေါ်လာပြီးနောက် ခေါင်းနက်ကြီးကို ဝင်တိုက်လိုက်၏။
ခေါင်းနက်ကြီးမှာ ဘန်းခနဲ ပြိုကွဲသွားတော့သည်။ ထို့နောက် မိုးပြာရောင်သိမ်းငှက်အသွင်ဖြင့် မန်ဟိုက ဆဋ္ဌမပါရာဂွန်ထံ တန်းတန်းမတ်မတ် ပြေးဝင်လာသော အလင်းတန်းတစ်တန်း ဖြစ်လာသည်။
ဆဋ္ဌမပါရာဂွန်၏မျက်နှာ ပျက်ယွင်းသွားပြီး သူ နောက်ဆုတ်တော့မည့်အချိန်မှာပင် အလင်းတန်းထံမှ လက်သီးတစ်လုံးက သူ့ရင်ဘတ်ကို ဝင်တိုက်သွားသည်။
ဆဋ္ဌမပါရာဂွန်မှာ တစ်ချိန်လုံးသွေးအန်လျက် ပလ္လင်ပေါ်မှ ပြုတ်ကျသွားလေသည်။ သူ တုံ့ပင်မတုံ့ပြန်နိုင်ခင် အစိမ်းရောင်အလင်း တောက်ပသွားပြီး မန်ဟိုက နောက်လက်သီးတစ်လုံး ပစ်သွင်းလျက် သူ့အပေါ် ရောက်လာပြန်၏။
ထို့နောက် သုံးချက်၊ လေးချက် ၊ ငါးချက်
ဆဋ္ဌမပါရာဂွန်မှာ အုန်းခနဲ အုန်းခနဲ တွန်းထုတ်ခံနေရသည်။ သူ့ရင်ဘတ်မှာ ချိုင့်ဝင်နေပြီး သူ၏အော်သံကြီးက စူးစူးဝါးဝါး ဆူညံနေ၏။ သူ၏လက်အောက်ခံ အနှစ်သာရ ၈ ခု ပါရာဂွန်သုံးယောက်မှာ ချီတုံချတုံဖြစ်နေသော်လည်း မန်ဟို့ကို တားဖို့ ပျံထွက်သွားရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။
သို့သော် စုရီနှင့် ရှင်းယွဲ့က သူတို့လမ်းကို ပိတ်လိုက်သည်။
“ရာရာစစ” နှစ်ဖက် မဆုံနိုင်ခင် မန်ဟိုက မိုးပြာရောင်အလင်းတန်းထဲမှ အေးစက်စက် နှာမှုတ်လိုက်သည်။ ထို့နောက် သူသည် လူပုံစံဖြင့် ပြန်ပေါ်လာပြီး အင်္ကျီလက်စခါလိုက်ရာ နတ်မီးတောက်အနှစ်သာရက ဆဋ္ဌမပါရာဂွန်၏လက်အောက်ငယ်သားသုံးယောက်ထံ ဟုန်းခနဲ ရိုက်ခတ်လိုက်၏။ သူတို့မှာ မျက်နှာပျက်သွားသော်လည်း မရှောင်နိုင်လိုက်၍ သွေးအန်လျက် မီတာသုံးထောင်အကွာသို့ လွင့်ထွက်သွားကြလေသည်။
ဆဋ္ဌမပါရာဂွန်မှာတော့ လုံးလုံးလျားလျား တုန်လှုပ်နေသည်။ မန်ဟိုက ဤမျှအင်အားကြီးမားလိမ့်မည်ဟု သူ မည်သို့ထင်ထားခဲ့မည်နည်း။
သူ့မှာ ရက်ရက်စက်စက် အထိုးခံနေရ၍ ပြန်တိုက်ခိုက်ဖို့ အခွင့်အရေးပင်မရဘဲ နောက်ဆုတ်နေရလေသည်။
ယခုတွင် သူ့မှာ နောင်တရလာပြီး မန်ဟို့ကို စမ်းသပ်ဖို့ မကြိုးစားခဲ့လျှင် ကောင်းမည်ဟု တွေးနေတော့သည်။
“လခွမ်း” မန်ဟိုက အနားရောက်လာပြန်သဖြင့် ဆဋ္ဌမပါရာဂွန်မှာ နတ်ဘုရားစွမ်းရည်များ ထုတ်လွှတ်လိုက်သော်လည်း ချက်ချင်း ဖျက်စီးခံလိုက်ရလေသည်။ ထို့နောက် မှော်ပစ္စည်းများလည်း ကြာကြာမခံလိုက်ချေ။
ကျန်ပါရာဂွန်များက လေးနက်သောမျက်လုံးများဖြင့် အဖြစ်အပျက်ကို စောင့်ကြည့်နေကြသည်။ ယခုတွင် မန်ဟို မည်မျှအစွမ်းထက်သလဲ သူတို့နားလည်စပြုလာလေပြီ။
ယင်းကလည်း မန်ဟို ဖြစ်စေချင်သောအရာပင်။
သူ မည်မျှအစွမ်းထက်လဲ သူတို့အားလုံး သိစေရမည်။
သူ ညာလက်ကို ထပ်မြှောက်လိုက်စဉ် သူ၏မျက်လုံးများက သွေးအေးစွာလဲ့သွားသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် အာကာသစွမ်းအား တဖြည်းဖြည်း စုဝေးလာသည်ကို ခံစားရနိုင်၏။ ၎င်းက အဋ္ဌမမန္တန်၏ အာကာသအနှစ်သာရမှတစ်ပါး အခြားမဟုတ်ပေ။
ဂိုဏ်းချုပ်သည် ဖြစ်ပျက်နေသောအရာကို မြင်လျှင် သူငယ်အိမ်များ ကျဉ်းမြောင်းသွား၏။ သူက ရှေ့တစ်လှမ်းလှမ်း၍ အင်္ကျီလက်စခါလိုက်သည်။
“တော်သင့်ပြီ။ မင်း ဘယ်အထိသွားဖို့ စိတ်ကူးထားတာလဲ”
ဂိုဏ်းချုပ်သည် အနှစ်သာရ ၉ ခုအဆင့်၏အထွတ်အထိပ်တွင် ဖြစ်သည့်အတွက် သူ၏လက်ဝှေ့ယမ်းမှုက မန်ဟိုနှင့် ဆဋ္ဌမပါရာဂွန်ကို လူခွဲပေးလိုက်သော မယုံကြည်နိုင်ဖွယ်အားတစ်ရပ် ဖြစ်ပေါ်လာ၏။
ဆဋ္ဌမပါရာဂွန်မှာ အသက်ရှူပေါက်ရသွားသဖြင့် စိတ်သက်သာရာရသွားသည်။ သူက မန်ဟို့ကို သတ်ဖြတ်ချင်နေသောမျက်လုံးများဖြင့် လှမ်းကြည့်လိုက်သည်။
သူ့အတွက် ကံဆိုးစွာနှင့် မန်ဟို့ကို လျှော့တွက်ထားမိသေးလေသည်။
“ငါပြောခဲ့သလို မင်းကိုယ်ပေါ်မှာ ငါ့အမှတ်အသား ချန်ထားဖို့ လိုတယ်” မန်ဟို၏အေးစက်စက်အသံ ပဲ့တင်ထပ်နေစဉ်မှာပင် တာအိုမျက်လုံးသည် သူ့နဖူးပေါ်၌ ဖွင့်လာပြီး အဆုံးမဲ့စိတ်ဆန္ဒတစ်ခု ပေါ်ထွက်လာ၏။ ကြယ်တာရာကောင်းကင်တစ်ခုလုံး တုန်ခါလာပြီး စိတ်အားလုံး ချာချာလည်ကုန်ကြသည်။
ထိုအခိုက်အတန့်တွင် တာအိုမျက်လုံး၏စွမ်းအားက ဂိုဏ်းချုပ်မှ ယခုလေးတင် ထုတ်လွှတ်လိုက်သော နတ်ဘုရားစွမ်းရည်ကို မန်ဟို့အရှေ့၌ ရပ်တန့်သွားစေသည်။ ထို့နောက် မန်ဟိုသည် ယခင်ထက်များစွာ လျင်မြန်သောနှုန်းဖြင့် တဟုန်ထိုးထွက်သွား၏။
မျက်တစ်မှိတ်အတွင်း သူကား ဆဋ္ဌမပါရာဂွန်၏အရှေ့တည့်တည့်သို့ ရောက်သွားလေပြီ။ ဆဋ္ဌမပါရာဂွန်မှာ မျက်လုံးများပြာသွားပြီး နောက်ဆုတ်ချင်သော်လည်း သူ့ခြေထောက်များက နွံထဲနစ်နေသလို လေးလံနေသည်။ အံ့ဩထိတ်လန့်မှုက သူ၏မျက်လုံးများတွင် ဖြတ်ပြေးသွားသည်။
ဂိုဏ်းချုပ်လည်း မျက်နှာပျက်သွားပြီး လှမ်းအော်သည်။ “အဘိုးကိုး ... မင်းလက်ဖယ်လိုက်စမ်း”
သူက ရှေ့တစ်လှမ်းလှမ်း၍ မန်ဟို့ဘေးတွင် ပေါ်လာကာ အင်္ကျီလက်စခါလိုက်သည်။ ထိုလှုပ်ရှားမှုက မန်ဟို့ခြေနှင့်လက်ကို တားလိုက်ပြီး တွန်းထုတ်ခံရတော့မည့်အချိန် မန်ဟိုက မထီမဲ့မြင်ပြုံးသည်။ သူ့အရှိန်အဝါက ပြောင်းလဲသွားပြီး အရိုင်းဆန်သောအငွေ့အသက်သည် သူ့ထံမှ ထွက်လာ၏။ သူ၏လက်နှစ်ဖက်လုံး၊ ခြေနှစ်ချောင်းလုံး မလှုပ်နိုင်သော်လည်း ခေါင်းကတော့ လှုပ်နိုင်သေးသည်။
သူက လည်ကို ဆန့်၍ ဆဋ္ဌမပါရာဂွန်၏လည်မြိုကို ရက်ရက်စက်စက် ကိုက်ဖြဲလိုက်သည်။ သွေးတို့ရွှဲနေသောအသားတုံးကြီးက သူ့ပါးစပ်တွင် ပါလာ၏။
ဆဋ္ဌမပါရာဂွန်၏လည်ပင်းမှာ သွေးများပန်းထွက်နေပြီး သူ့မှာ ကြောက်လန့်တကြား အော်ဟစ်နေသည်။ သူသည် လည်ပင်းပေါ် လက်ဖြင့်အုပ်၍ နောက်ဆုတ်သွား၏။ ယခုတွင် သူ့မျက်လုံးထဲ၌ အသတ်အဖြတ်စိတ်ဆန္ဒသာမက ထိတ်လန့်မှုလည်း ရှိနေချေပြီ။
သူ့ဘဝတစ်လျှောက်လုံး တိုက်ခိုက်ခဲ့ဖူးသောလူများအနက် ဤလူက အရက်စက်ဆုံးဖြစ်ပေသည်။ သူ၏လည်ပင်းကို အမှန်တကယ် ကိုက်ဖြတ်ရဲခဲ့၏။ သူစဉ်းစားရသရွေ့ ဤနဝမပါရာဂွန်ကား စိတ်မှန်ပုံမရပေ။
မန်ဟိုက အသားတုံးကို အေးအေးဆေးဆေး ဝါးကာ မြိုချပြီးနောက် ပြောသည်။ “အဲဒါ ငါ့အမှတ်အသားပဲ”
ထို့နောက် သူက ပါးစပ်မှသွေးများကို သုတ်၍ နဝမပလ္လင်ဆီ ပြန်လျှောက်သွားသည်။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာ သူ့ကို ကြည့်ရင်း တုန်လှုပ်နေကြသည်။ စုရီနှင့် ရှင်းယွဲ့ပင်လျှင် အသက်ပြင်းပြင်းရှူနေရ၏။
ယနေ့ မန်ဟို ပြသခဲ့သော ရက်စက်ကြမ်းကြုတ်မှုကို သူတို့ ဘယ်တော့မှ မေ့နိုင်တော့မည်မဟုတ်ပေ။
“ဒီလူကို ... ဘယ်တော့မှ ရန်မစသင့်ဘူး”
“ရူးနေပြီ။ သူက တကယ်ရူးနေတာပဲ ...” ပါရာဂွန်များမှာ မန်ဟို့ကို ရှိန်ကုန်ကြသည်။
ဂိုဏ်းချုပ်၏မျက်နှာမှာ အတိုင်းထက်အလွန် မသာမယာဖြစ်နေပြီး အံ့ဩခြင်းလှိုင်းလုံးများက သူ့စိတ်ကို ဝင်တိုက်နေလေသည်။ သူသည် မန်ဟို့ကို စိုက်ကြည့်ပြီးနောက် ဆဋ္ဌမပါရာဂွန်ကို စိတ်ဆိုးမာန်ဆိုး လှည့်ကြည့်လိုက်၏။ နောက်ဆုံးတော့ မျက်နှာထားတင်းတင်းဖြင့် ပထမပလ္လင်ဆီ ပြန်သွားသည်။
ဆဋ္ဌမပါရာဂွန်လည်း မန်ဟို့ကို ကြောက်လန့်စွာ ကြည့်ရင်း မျက်နှာဖြူဖပ်ဖြူလျော်နှင့် သူ့ပလ္လင်ထံ တိတ်တိတ်ဆိတ်ဆိတ် ပြန်လာသည်။
ကျင့်ကြံအဆင့်မြင့်မားသူများကို သူ မကြောက်ပေ။ အရူးများကိုတော့ သူ ကြောက်၏။ မန်ဟိုက သူ ဆုံတွေ့ခဲ့ဖူးသော အနှစ်သာရ ၉ ခုကျင့်ကြံသူများအနက စိတ်မနှံ့ဆုံးလူဖြစ်လေသည်။
မန်ဟိုက ဘာမှမဖြစ်ခဲ့သည့်အလား လက်နှစ်ဖက်နောက်ပစ်လျက် အေးအေးလူလူ ရပ်နေသည်။ သူ့အနောက်ရှိ စုရီနှင့် ရှင်းယွဲ့က သူ့ကို လေးစားရိုသေစွာ ကြည့်နေကြ၏။
တခဏကြာသော် နေရာရွှေ့ပြောင်းစွမ်းအား ထုတ်လွှတ်ခံလိုက်ရ၍ အလင်းတန်းတစ်တန်းက ဝုန်းခနဲ လေပေါ် ထိုးတက်သွားသည်။ ထို့နောက် သူတို့အားလုံး ပျောက်ကွယ်သွားကြလေပြီ။